ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, September 29, 2012

တန်ဘိုးရှိသောအသက်ရှင်သန်မှု

Posted: 27 Sep 2012 10:19 PM PDT

 
တန်ဖိုးရှိတဲ့အသက်တစ်ချောင်း

တစ်ခါတုန်းက ကောင်လေးတစ်ယောက်ဟာ မြစ်ထဲမှာ ရေကူးနေရင်း ရေနစ်သွားခဲ့တယ် ။ ဒီတော့ ရေပေါ်မှာ မြုပ်ချီပေါ်ချီဖြစ်နေပြီး “ ကယ်ကြပါ ” ဆိုပြီး အကူအညီတောင်းခံခဲ့တယ် ။ မြစ်ကမ်းနားကို ဖြတ်သွားတဲ့လူတစ်ယောက်က ကောင်လေးကိုတွေ့သွားပြီး မြစ်ထဲကို ခုန်ဆင်းလို့ ကောင်လေးရဲ့အသက်ကို အချိန်မှီကယ်ဆယ်လိုက်နိုင်ခဲ့တယ် ။

ပြီးတော့ အဲဒီလူက ကောင်းလေးသတိရတဲ့အခါ ထွက်သွားဖို့ပြင်တော့ကောင်လေးက လှမ်းပြောလိုက်တယ် ။

“ ကျေးဇူးတင်ပါတယ်ဗျာ ”
“ ဘာအတွက်လဲ ကောင်လေး ”

ကောင်လေးက ပြန်ဖြေတယ် ။ “ ကျွန်တော့်ဘ၀ ကိုကယ်ဆယ်ခဲ့တဲ့အတွက်ပါ ”

ဒီတော့ အဲဒီလူက ကောင်လေးရဲ့မျက်လုံးတွေကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်တယ် ။

“ ကောင်လေး .. မင်းအသက်ကြီးလာတဲ့အခါ မင်းရဲ့ဘ၀ဟာ ကယ်ဆယ်ဖို့ထိုက်တန်တဲ့ ဘ၀မျိုးဖြစ်အောင် ကြိုးစားပါ ”

-----------------------------------------------

သင်ရောစဉ်းစားဖူးလား .. သင့်ရဲ့ဘ၀ဟာ အကြပ်အတည်းဖြစ်နေတဲ့အချိန် သေရေးရှင်ရေးဖြစ်နေတဲ့အချိန်မှာ တကယ်ကယ်ဆယ်ဖို့ ထိုက်တန်ရဲ့လား ဆိုတဲ့အချက် ကိုပေါ့ ။ တကယ်တော့ အဲဒီလူက ကောင်လေးကို ဘ၀ကို တန်ဖိုးရှိရှိနေထိုင်ဖို့ကို မီးမောင်းထိုးပြသွားခြင်းဖြစ်ပါတယ် ။ လူတွေဟာ ကိုယ့်ဘ၀ကိုယ် တန်ဖိုးမရှိဘူး အသုံးမကျဘူးလို့ပဲ ထင်နေတတ်ကြတယ် ။

တကယ်တော့ သင်ပိုင်ဆိုင်ရတဲ့အသက်တစ်ချောင်းဟာ တန်ဖိုးရှိရှိ နေထိုင်ဖို့ ထိုက်တန်ပါတယ် ။ အချိန်တွေကို အကျိုးရှိရှိအသုံးချလို့ လူ့လောကမှာ တရားနဲ့ဓမ္မ ဆုံးမမှုတွေအောက် လွတ်လပ်ပျော်ရွှင်ပါ တန်ဖိုးရှိရှိနေထိုင်ရင်း ဘ၀ကို ဖြတ်သန်းလိုက်ပါ ။

သက်တန့်ချို
Is your Life Worth Saving? အားခံစားဘာသာပြန်သည် ။ 
Posted: 27 Sep 2012 10:15 PM PDT




စိန်မြေဧကပေါင်းများစွာ

တစ်ခါတုန်းက အာဖရိက မှာ လယ်သမားတစ်ယောက်ရှိတယ် ။ အဲဒီလယ်သမားဟာ လယ်ယာအလုပ်လုပ်ရင်း ပျော်ရွှင်ခြင်းနဲ့ ကျေနပ်ရောင့်ရဲခြင်းကို ပိုင်ဆိုင်ထားတယ် ။ သူဟာ ရောင့်ရဲမှုရှိတဲ့အတွက်ပျော်ရွှင်ရတယ် ။ အဲဒီလိုပဲ သူဟာပျော်ရွှင်မှုရှိတဲ့အတွက် ရောင့်ရဲတင်းတိမ်နိုင်တယ် ။

တစ်နေ့မှာတော့ ပညာရှိ အဖိုးအိုတစ်ဦးက လယ်သမားဆီရောက်လာပြီး စိန် တွေရဲ့ ကျော်ကြားမှု ဂုဏ်သရေရှိမှုနဲ့ စွမ်းအားတွေအကြောင်းကို ပြောတယ် ။

“ သင်ဟာ သင့်လက်မအရွယ်အစားလောက် စိန်တစ်လုံးကို ပိုင်ဆိုင်ရရင် သင့်မှာ ကိုယ်ပိုင်မြို့ တစ်ခုရှိလာလိမ့်မယ် သင်ဟာ သင့် လက်သီးဆုပ်အရွယ်အစားလောက်စိန်တစ်လုံးပိုင်ဆိုင်ရရင် သင့်မှာ ကိုယ်ပိုင်နိုင်ငံရှိလာလိမ့်မယ် ” အဲဒီလိုပြောပြီး ပညာရှိ အဖိုးအိုဟာ လယ်သမားဆီကနေ ထွက်ခွာသွားခဲ့တယ် ။

အဲဒီညမှာ လယ်သမားဟာ ကောင်းကောင်းအိပ်မပျော်နိုင်ခဲ့ဘူး ။ သူဟာ မပျော်ရွှင်တော့ဘူး ပြီးတော့ ရောင့်ရဲတင်းတိမ်ခြင်းတွေဟာလည်းသူ့ဆီကနေအဝေးကိုထွက်ပြေးသွားတော့တယ် ။ သူဟာ မရောင့်ရဲနိုင်တော့တဲ့အတွက် မပျော်ရွှင်တော့ဘူး ..အဲဒီလိုပဲ သူဟာ မပျော်ရွှင်တော့တဲ့အတွက် မရောင့်ရဲနိုင်တော့ဘူး ။

နောက်တစ်နေ့မနက်မှာ သူဟာ သူ့လယ်တွေကို အငှားချထားဖို့သဘောတူညီမှုလုပ်ခဲ့ပြီး သူ့မိသားစုကိုခေါ်ဆောင်လို့ စိန်တွေရှာဖို့သူဟာ ထွက်ခွာခဲ့တယ် ။ အာဖရိက နယ်ပယ်ဒေသ အားလုံးကို သူ လိုက်ရှာပါတယ် ဒါပေမယ့် သူ ရှာမတွေ့ခဲ့ဘူး ။ ဒီလိုနဲ့လယ်သမားဟာ ဥရောပဒေသတွေအထိပါရောက်လာပြီး ရှာပေမယ့် မတွေ့ခဲ့ပြန်ဘူး ။ သူ စပိန်နိုင်ငံကိုရောက်လာတဲ့အခါ သူ့မှာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော ငွေကြေး အခြေအနေရော အတော်လေးကို ချို့တဲ့နေခဲ့ပါပြီ ။

သူဟာ စိတ်ဓါတ်တွေအကြီးအကျယ် ကျပြီး သူ့ကိုယ်သူ မြစ်ထဲခုန်ဆင်းပြီး သတ်သေဖို့လောက်အထိ အတွေးတွေဝင်လာခဲ့တယ် ။ ဒီလိုနဲ့ သူဟာ သူ့နဂိုနေရာလေးကို ပြန်ရောက်လာတဲ့အချိန်မှာတော့ သူ့လယ်တွေကို အငှားလုပ်နေတဲ့သူဟာ လယ်တွေအလယ်ကနေ ဖြတ်စီးနေတဲ့စမ်းချောင်းလေးဆီကနေ ရေတွေကို ပုံးနဲ့ယူပြီး လယ်တွေကို ရေ လောင်းနေတာတွေ့လိုက်ရတယ် ။ အဲဒီအချိန်စမ်းချောင်းလေးကိုဖြတ်ပြီးတော့ နံနက်ခင်းရဲ့နေရောင်ဟာ ကျောက်တုံးတွေပေါ် ဖြာကျ နေလျှက်ရှိပြီး ရောင်စဉ်တွေဟာ သက်တံ တစ်စင်းလိုဖြစ်ပေါ်နေတာကိုတွေ့လိုက်ရတယ် ။

လယ်သမားက ဒီမြင်ကွင်းလေးဟာ အရမ်းကိုကြည်နူးဖို့ကောင်းတယ်လို့ တွေးလိုက်မိတယ် ။ ဒီလိုနဲ့လယ်သမားဟာ သက်တံလေးကျဆင်းနေတဲ့ ကျောက်တုံးလေးကို ကောက်ယူပြီး အိပ်ခန်းထဲမှာ ထည့်ထားလိုက်တယ် ။ နေ့လည်ရောက်လာတဲ့အခါ ပညာရှိအဖိုးအိုပြန်ရောက်လာပြီး အရောင်တောက်ပနေတဲ့ကျောက်တုံးလေးကိုတွေ့မြင်ခဲ့တယ် ။ သူက အငှားလယ်သမားကိုမေးလိုက်တယ် “ အရင်လယ်သမား Hafiz ပြန်ရောက်ပြီလား ” အငှားလယ်သမားကပြန်ဖြေတယ် “ ဟင့်အင်းမတွေ့မိပါဘူးဘာလို့မေးတာလဲ ”

အဖိုးအိုကပြန်ဖြေတယ် “ ဘာကြောင့်လည်းဆိုတော့ ဒါဟာ စိန်တစ်ပွင့်ပဲလေငါ လူတစ်ယောက်ကို မြင်လိုက်တဲ့အခါ အဲဒီလူကို အမြဲမှတ်မိနေတတ်တယ် ” အဲဒီအချိန်မှာ ပိုင်ရှင်လယ်သမားဟာ အိမ်ထဲကထွက်လာပြီး အဖိုးအိုကတွေ့သွားခဲ့တယ် ။ အဖိုးအိုက လယ်သမားကိုပြုံးပြလိုက်ပြီး “ မင်း စိန်တွေရှာတွေ့ခဲ့ပြီလား ” လယ်သမားက ဖြည်းညှင်းစွာ ခေါင်းခါလိုက်တယ် ။

အဖိုးအိုကပြုံးလိုက်ပြီး “ ဒါဟာ စိန်ပွင့်တွေလေ ” ကျောက်တုံးကို လက်ညှိုးထိုးပြလိုက်တယ် ။ အဲဒီအခါ ဘေးက ရပ်ကြည့်နေတဲ့အငှားလယ်သမားက ၀င်ပြောလိုက်တယ် “ ဟင့်အင်းမဖြစ်နိုင်ပါဘူးအဖိုး ဒီကျောက်တုံးက ကျွန်တော်စမ်းချောင်းထဲကနေ ဆယ်ထားတဲ့ကျောက်တုံးလေးပါ စိန်မဟုတ်ပါဘူး ” “ ကဲဒါဆိုလာ ငါပြမယ် ” ဆိုပြီး သူတို့ဟာစမ်းချောင်းလေးဆီထွက်ခွာသွားကြတယ် ။ ပြီးတော့ စမ်းချောင်းထဲက ကျောက်တုံးအနည်းငယ်ကို နမူနာအဖြစ်ယူပြီး စိန်အစစ်တွေဟုတ်မဟုတ် သုတေသနတွေလုပ်ခဲ့ကြတယ် ။

အံ့သြစရာ ကောင်းတဲ့ဖြစ်ရပ်က အဲဒီကျောက်တုံးလေးတွေဟာ စိန်ပွင့်တွေဖြစ်နေခဲ့တယ် ။ လယ်သမားဟာ ဒီလယ် ဧက တစ်ခုလုံးကို စိန်တွေနဲ့ ဖုံးအုပ်ထားတယ်ဆိုတာ နားလည်သွားတယ် ။ အဖိုးအိုက လယ်သမားကို ကြည့်ပြီး စကားတစ်ခွန်းပြောတယ် ။

“ သင်ဟာ စိန်တွေရှိရဲ့သားနဲ့ဘ၀ရဲ့ ပျော်ရွှင်မှုအစစ် ဘ၀ရဲ့အနှစ်သာရ သင်ပိုင်ဆိုင်ရတဲ့ တိုင်းပြည်လေးကို သင်မမြင်ရသေးပဲကိုး ” ဆိုပြီး ထွက်ခွာသွားပါတော့တယ် ။

---------------------------------------------

ကျွန်တော်တို့အားလုံး သင်အပါအ၀င် စိန်တွေခင်းတဲ့စိန်တွေပြည့်နေတဲ့မြေပြင်ဧကပေါင်းများစွာမှာ လမ်းလျှောက်နေကြတာပါ ။ အခွင့်အရေးနဲ့အခွင့်အလမ်းမှန်သမျှဟာ ကျွန်တော်တို့ခြေထောက်တွေအောက်မှာရှိကြတယ် ။ တကယ်တော့ ကျွန်တော်တို့ ဘယ်ကိုမှ ထူးထူးထွေထွေသွားနေစရာမလိုပါဘူး ကျွန်တော်တို့ လိုအပ်တာက အဲဒီသဘောတရားကိုနားလည်ထားဖို့ပဲ ။

“ တခြားဖက်မှာ မြင်ရတဲ့မြက်ခင်းပြင်တွေဟာ အမြဲစိမ်းလန်းနေလိမ့်မယ် ” ကျွန်တော်တို့ ဒီဖက်မှာ မြက်ခင်းတွေ စိမ်းလန်းအောင်လုပ်နေချိန်မှာ တခြားဖက်မှာလည်း တခြားသူတွေက မြက်ခင်းပြင်တွေကို စိမ်းလန်းအောင်လုပ်နေကြလိမ့်မယ် ။ သူတို့ဟာ ကျွန်တော်တို့နဲ့ အတူတကွပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် ပျော်ရွှင်ကြလိမ့်မယ် ။

လူတွေဟာ အခွင့်အရေးကို ဘယ်လို လက်ခံတတ်ရမယ်ဆိုတာ မသိခဲ့ကြဘူး သူတို့ဟာ အခွင့်အရေးက တံခါး လာခေါက်တဲ့အခါ ဆူဆူညံညံလုပ်ပြီး ပြန်လွှတ်တတ်ကြတယ် ။

တူညီတဲ့အခွင့်အရေးဆိုတာ ဘယ်တော့မှ နှစ်ခါတံခါးလာခေါက်လေ့မရှိဘူး ။ နောက်တစ်ကြိမ်ဆိုတာ ပိုကောင်းတာလည်းဖြစ်နိုင်သလို ပိုဆိုးတာလည်းဖြစ်နိုင်တယ် ဒါပေမယ့် ပထမတစ်ကြိမ်လောက်တော့ဘယ်တော့မှ တူညီမှာမဟုတ်တော့ဘူး ။

သက်တန့်ချို
Acres of Diamond အားခံစားဘာသာပြန်သည် ။

Friday, September 28, 2012

ဟာသများ



1.အခြေအနေ

ကမ်းခြေမှသူဌေးကအိမ်သို့ ဖုန်းဆက်နေသည်။

"ဟေ့ကောင်ကြီး....အိမ်မှာဘယ်လို အခြေအနေရှိလဲ..အေးဆေးပဲလား"



"ဟာ....မအေးဆေးဘူးဆရာ....ဆရာမွေးထားတဲ့..ကြက်တူရွေးကြီးသေသွားပြီ"

"ဟေ...မင်းဂရုစိုက်ပြီးအစာမကျွေးဘူးလားဟေ့ကောင်..."

"ကျွေးပါတယ်ဆရာရယ်..."

"အေး...ကျွေးရင်ပြီးရော....သေတာကသေသွားပြီ..ရှိစေတော့...ရှိစေတော့

ဒါနဲ့ ဘယ်လိုဖြစ်ပြီးသေသွားတာလဲ...အအေးမိတာလား"

"မဟုတ်ဘူးဆရာ....အဲဒီကောင်ကအသားအပုပ်တွေစားမိလို့သေသွားတာ"

"ဟင်!!!!ဘယ်ကအသားအပုပ်တွေတုန်းဟ..မင့်ဥစ္စာက"

"ဆ..ဆရာ...စိတ်မဆိုးရဘူးနော်..ပြီးတော့...ကျွန်တော့်ကိုအလုပ်မထုတ်ပါနဲ့နော်....."

"အေးပါ...မြန်မြန်ပြောစမ်းပါ..."

"ဟိုလေ....ဆရာမြင်းကြီး....အဲလေ...ဆရာ့မြင်းကြီးအသားအပုပ်တွေ....."

"ဘာ....ငါ့မြင်းကြီး...ဟုတ်လား.."

"ဟုတ်...ဟုတ်...သေသွားပြီဆရာ.."

"ဟေ!!!!...."

"သူကတော့ပင်ပန်းပြီးသေတာဆရာ"

"ဘာကွ...မြင်းကြီးကိုမင်းတို့လျှောက်စီးကြတာပေါ့ ဟုတ်လား.."

"မဟုတ်ဘူးဆရာ...ရေ...ရေသယ်ရလို့ပါ..."

"ဘာ!!!!...ရေ.........ဟုတ်လား....????.ဘာလုပ်ဖို့လဲဟင် ဘာလုပ်ဖို့လဲ"

"ဟို..ဟိုလေ....မီးလောင်လို့..."

"ဘာ!!!!!! မီးလောင်လို့ဟုတ်လား....ဘယ်သူ့အိမ်လဲ..ပြောစမ်းမြန်မြန်.."

"ဆရာ.အိမ်ပေါ့ဆရာရယ်"

"ဘာကွ...ဟေ့ကောင်....ဘယ်လိုဖြစ်တာလဲ ပြောစမ်းမြန်မြန်"

"ဖယောင်းတိုင်မီးကလောင်တာဆရာ..အသုဘရှိလို့ထွန်းထားတဲ့ဖယောင်းတိုင်က"

"...အ..အ...အသုဘ...ဘယ်..ဘယ်သူလဲဟင်"

"ဆရာ့အမေ...."

"ဘာကွ..ငါ့အမေသေပြီ...ဟုတ်လား...အမယ်လေး..ပြောစမ်း..ပြောစမ်း..ဘယ်လိုဖြစ်တာလဲ"

"ဒီလိုပါဆရာရယ်...အဲဒီနေ့ကပေါ့..ဘုရားခန်းထဲမှာ...လူရိပ်တစ်ရိပ်...ဖျတ်ခနဲမြင်တာနဲ့..ဟ..သူခိုးဟ..ဆိုပြီး..

.အနားမှာတွေ.တဲ့ဂေါက်ရိုက်တံနဲ့ ရိုက်ထည့်တာ..ဆရာ့အမေဖြစ်နေတယ်တခါတည်းပွဲချင်းပြီးသွားတယ်...ဆရာ.."

"ဘာ.ရှီးထဲမှပဲ..သောက်ရမ်းသောက်ရမ်းလုပ်ရလားဟ..

..အဲဒီဂေါက်ရိုက်တံကောက်သွားလို့ကတော့..မင်း...မင်း..သေပြီသာမှတ်...".....:)



2.အကျင့်ဆိုး

ဆရာဝန်၏ ဆေးခန်းတွင် ဖြစ်သည်၊
ဆရာဝန်က လူနာကို မေးသည်။
"အရက်သောက် သလား"
"မသောက်ပါဘူး"
"ဆေးလိပ်ကော သောက်သလား"
"ဟင့်အင်း"
"ဖဲကစား သလား"
"၀ါသနာ မပါဘူး"
"မိန်းမ လိုက်စားသလား"
"ဝေးဝေး ရှောင်ပါတယ်"
"ဒါဖြင့်ရင် ခင်ဗျားဆီမှာ ဘာအကျင့်ဆိုးမှ မရှိဘူးပေါ့"
"တစ်ခုတော့ရှိပါတယ်"
"ဘာလည်း"
"လိမ်တတ်တဲ့ အကျင့်ပါ"


3.ခေတ်သစ်ရိုမီယိုနဲ့ဂျူးလိယက်ဇာတ်လမ်း

( ဘန်းတောကီများသုံးထားသည်။)

ကောင်လေး တစ်ယောက် ရိုးပွဲသွားကဲရင်း ဖလန်းခဖလန်း ထ၍ လွန်စွာလန်းသော ကောင်မလေးတစ်ယောက်ကိုတွေ့၏။

ကောငါမလေးကလည်း ရုပ်ရှိ ရေလျှံ ။ ဘော်ဒီတောင့်ကာ ဒေါင်ကောင်းသလို ကောင်လေးကလည်း ဂိုက်ပေးကြမ်း၏။

တော်ကီညက်ကာကြူချက် က ၉ လောက်ရှိ သဖြင့် ကောင်မလေး ကြွေသွားသည်။

သို့သော် ကောင်မလေး မိဘ များက လော့အင် ၀င်ရန် ရီဂျစ်စတာ လုံဝ လက်မခံသဖြင့် ကောင်လေးက ကောင်မလေးကို တိတ်တိတ်လေး ဟပ်လိုက်၏။

သူ့အစ်ကို ၀မ်းခွဲက သိသဖြင့် ဒေါဖောင်းကာ ဖုသွားပီး ဒီကောင့်ကို ကင်မည်ဆိုကာ ဖေ့ဘွတ်ပေါ်တွင် တောနင်းရှာသည်။

နှစ်ဘက်တွေ့၍ အမှန်းတွယ် ကြရာ ကောင်မလေး အစ်ကို နားကား သွား သလို ကောင်လေးသူငယ်ချင်း တစ်ယောက် စမုံတုန်း သွား၏။

ပွဲကြမ်းနေချိန် ကြောက်လွန်း၍ မြောင်းထဲဝင်ခွေနေသော ကောင်လေးကို ရဲက မဆီမဆိုင် ဆွဲစေ့ မည်ဆိုသောကြောင့်

ကောင်လေးခမျာ အထက်မြန်မာပြည်ဘက် စတေးရှောင် သွားရသည်။

ကောင်မလေး က ကောင်လေးနောက် လိုက်ကပ် မည်ဆိုသော်လည်း အိမ်က ပါမစ်ပိတ်ထား သဖြင့် လမ်းကြောင်းရှာရတော့သည်။

ဆေးဆရာကြီးတစ်ဦးထံကို ဂါ ကာ နှစ်ရက်ခန့် အိပ်ပျော်စေသော ဆေး ကိုအောက်လမ်းမှ သွင်းလာခဲ့သည်။

ထိုဆေး ဆွဲ ပီးသွားသောအခါ မိဘများက ကောင်မလေးကို ကြွပီ အထင်နှင့် ဦးကျော်သူ လက်အပ်လိုက်တော့သည်။

ကောင်လေးမှာ အထက်မြန်မာပြည် ဖားကန့်ရောက်ရင်း သူများဆီမှ ကျော်လို့ရသော ကျောက်တစ်လုံး ပွင့်လာ သဖြင့် အထုပ်ပိုက် ကာပြန်လာ၏။

သို့သော် ကောင်မလေး ကိုတွေ့ချိန်တွင် ကောင်မလေး မှာ ခဲနေပီ ဖြစ်၏။

ကောင်လေးလဲ လေသွားကာ ညစ်တွန်းတွန်းပီး ကြွက်သတ်ဆေး ကို ပုလင်းလိုက်မြိုလိုက်ပီး တုံးကနဲ လဲကျသွား၏။

တို့နောက် ကောင်မလေးမှာ ဆေးပြယ်ပီး အက်တီဘိတ် ပြန် ဖြစ်လာကာ လဲနေသော ကောင်လေးကိုတွေ့ သဖြင့်

ဟပ် ထိသွားပီး မိမိ ကိုယ်ကို ဓားဖြင့် ရှော့ လိုက်ရာ ဓားမှာ သစ်စိမ်းချီုးချိုးသလို ကျိုးသွားသည်။

( ဓါးမှာ တရုတ်လုပ်ဖြစ်နေသဖြင့် )

ထို့အတူ ကောင်လေးမှာလဲ မသေပေ။

( သောက်သော ကြွက်သတ်ဆေး မှာ ဒိတ်လွန် တရုတ်ထုတ်ဖြစ်နေသဖြင့်။။။။သို့သော် မြိုချသော ပုလင်းကိုမူ ပြောင်းဖြင့်ထုတ်လိုက်ရသည်။)



4."ကိစ္စမရှိပါဘူး..."

မုတ်ဆိပ်မွေး ပါးသိုင်းမွေးရိတ်ဖို့ လူတစ်ယောက်
ဦးဗိုလ်ကေဆံပင်ညှပ်ဆိုင်ထဲ ဝင်လာပါတယ်။
သူ့အလှည့်ရောက်တော့ ဆံသဆရာဦးဗိုလ်ကေက
... သူမုတ်ဆိပ်မွေး၊ ပါးသိုင်းမွေးတွေကို စ,
ရိတ်ပါတယ်..
မုတ်ဆိပ်မွေး နဲ့ နုပ်ခမ်းမွေးကို ရိတ်တဲ့အခါ ပြသနာ မရှိပေမဲ့
ပါးသိုင်းမွေးရိတ်တော့ နဲနဲ ခက်နေတယ်။
သူ့ပါးကနဲနဲခွက်နေတာကိုး။
ဒါနဲ့ ဆံသဆရာက
သစ်သားနဲ့ လုပ်ထားနဲ့ အလုံးလေး တလုံးကိုပေးလိုက်ပြီး ပြောတယ်။

"ဒါလေးကို ခဏငုံထားလိုက်၊
ဒါမှ ပါးသိုင်းမွေး ရိတ်ရတာ အဆင်ပြေမယ်"

"အဲ...ဟုတ်တယ်ဗျ"
အဲဒီလူလည်း သဘောကျသွားတယ်၊
ဒီ ဆံသဆရာမဆိုးဘူး တော်တော်ဥာဏ်ပြေးသားဘဲ လို့
တွေးနေတယ်။
ညာဘက်ပါးကို ရိတ်တော့ ညာဘက်ပါးစောင်မှာ ငုံလိုက်၊
ဘယ်ဘက်ပါးကို ရိတ်တော့ ဘက်ဘက်ပါးစောင်မှာ ငုံလိုက်နဲ့
လုပ်နေရင်း ဆံသဆရာကို လှမ်းနောက်လိုက်တယ်။

"ခုလိုငုံထားတုန်း
ခင်ဗျားသစ်သားလုံးလေးကိုမျိုချမိရင်
ဘယ်လိုလုပ်မလဲ"

ဦးဗိုလ်ကေ ပြန်ပြောလိုက်တာက...
"ကိစ္စမရှိပါဘူးဗျာ။
နောက်နေ့ 'အီး' ပါရင် ပြန်ထွက်လာမှာဘဲ မဟုတ်လား၊
အဲဒီတော့မှရေဆေးပြီး ပြန်လာပေးပေါ့၊
တခြားသူတွေလဲ ဒီလိုဘဲ ပြန်လာပေးနေကျဘဲဟာ".......တဲ့

ဟိုက်....ငုံမိတာမှားပီ..




5.၀က်ဝံဖမ်းနည်း

လူငယ်မုဆိုးလေးက သူ့အဖေ မုဆိုးကြီးကို မေးတယ်။

"ဝက်ဝံကို ဘယ်လိုရအောင် လိုက်ရလည်း"

မုဆိုးကြီးက ....." အဖေလုပ်နေကြတော့ လှိုဏ်ဂူကြီးတစ်ခုတွေ့ရင် ဂူထဲကို ခဲပစ်ထည့်လိုက်တယ်...

တဝူးဝူး အသံကြားရင် အထဲမှာ ဝက်ဝံရှိလို့ပဲ... အဲလိုဝက်ဝံရှိတဲ့လှိုဏ်ဂူကိုတွေ့ပြီဆိုရင်

လှိုဏ်ဂူဝတည့်တည့်မှာနေရာယူပြီး သေနတ်နဲ့ပစ်လိုက် .. ဝက်ဝံမှန်မှာ သေချာတယ်..."

ရက်အနည်းငယ်ကြာတော့ ... လူငယ်မုဆိုးလေး ဆေးရုံရောက်နေတယ်ဆိုလို့

အဖေ မုဆိုးအံအားသင့်ပြီး ပတ်တီးအပြည့်နဲ့ သားမုဆိုးလေးကို ဘယ်လိုဖြစ်ရတာလည်းမေးတယ်။

လူငယ်မုဆိုးက ......

" ကျွန်တော် ဝက်ဝံ လိုက်သွားတာပါ... လှိုဏ်ဂူကြီးတစ်ခုတွေ့လို့ အဖေပြောသလို ခဲနဲ့ပစ်ထည့်လိုက်တာ..

... ဝူး.ဝူး.... အသံကြားတော့ လှိုဏ်ဂူဝတည့်တည့်မှာ နေရာယူ လိုက်တယ်..

. သေနတ်တောင် ကိုင်ချိန်မရလိုက်ဘူး ... လှိုဏ်ဂူ ထဲကနေ ရထားကြီးတစ်စင်း မောင်းထွက်လာခဲ့တယ်..."

တိန်..ရီမောပျော်ရွှင်ကြပါစေ...

Thursday, September 27, 2012

ကုဋေခြောက်ထောင်အိပ်မက်




မြန်မာစကားပြောနည်းမှာ ``ကောက်ပင်ရိပ်လှီး`` စကားပြောနည်းတစ်ခုပါတယ်။ ကိုယ်ပြောချင်တာကို ဒုတ်ထိုးအိုးပေါက်မပြောပဲ သွယ်ဝိုက် သိမ်းပိုက်ခြုံငုံပြီးမှ ကိုယ်ပြောချင်တာကိုပြောတာပါ။ အဲဒီလို စကားပြောနည်းက ဘယ်အခါမှာ သုံးရသလဲဆိုရင် ကိုယ့်စကားကို နားထောင်တဲ့သူက လျှက်တစ်ပြတ် အလွယ်နားလည်ပြီး အထင်လွဲစေနိုင်တဲ့အခါသုံးပါတယ်။ အထင်လွဲသွားပြီဆိုရင်တော့ ရွာလည်ပြီး တိုင်ပတ်သွားရင်  ပြန်ရှင်းပြဘို့က သိပ်ခက်သွားတတ်တယ်။ အခု ကျွန်တော်လည်း တိုင်ပတ်နိုင်တဲ့ အတွေးတစ်ခုကို တင်ပြချင်လို့ စကားကြောရှည်ပြီး နိဒါန်းပျိုးနေရတာပါ။
၁))
ကျွန်တော် က ဗုဒ္ဓဘာသာပါ။ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားဟာ ဘုရားအဖြစ်ကို မရောက်ခင် သိဒတ္ထမင်းသား ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်းသိပါတယ်။ အိမ်ရှေ့စံပါ။ တစ်ချိန်မှာ တိုင်းပြည်အုပ်ချုပ်မင်းလုပ်ဘို့ ဖခင်ကြီး အထူးမျှော်လင့်ထားတဲ့သူပါ။ ဒီတော့ လူသားတိုင်း အရမ်းတောင့်တ တဲ့ သက်ဦးဆံပိုင် ရှင်ဘုရင်ဘဝ၊ လိုတရ ပြီး လက်ညှိုးညွှန်ရာ ရေဖြစ်စေတဲ့ ဘဝကို စွန့်လွှတ်ပြီး ပဋိက္ခရာ ရှစ်ပါးလောက်နဲ့ တောထွက် တရားရှာပြီး ဗုဒ္ဓအဖြစ်ရောက်ရှိခဲ့တာပါ။ ကျွန်တော် ပြောလိုခြင်းက သိဒတ္ထမင်းသားဟာ ရွှေငွေ ကျောက်သံ ပတ္တမြား ၊ ရာထူး အာဏာ စည်းစိမ် ၊ စတာတွေကို မတွယ်ကပ် မငြိတွယ်ဘဲ သံသရာရဲ့ လွတ်မြောက်ရာကို ရှာဖွေခဲ့သလို ဒီ စည်းစိမ်ဥစ္စာ ရွှေငွေ ရတနာတွေကိုလည်း တရားကျင့်သူ တရားရှာသူတွေနဲ့ မအပ်စပ်တဲ့ ပစ္စည်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့် ယနေ့အချိန်ထိ ဝိနည်း အလွန်လိုက်နာတဲ့ ရဟန်းတွေဟာ ငွေကို ကိုယ်တိုင် ကိုင်စွဲမသုံးကြပါဘူး။ ရွှေငွေ ကျောက်သံပတ္တမြားကို စုဘို့ဆိုတာဝေးရောပေါ့။ စုရင်လည်း ဘုရားက အပြစ်တင် ကဲ့ရဲ့မှာပါပဲ။ ဒီတော့ ရွှေငွေ စတာတွေဟာ ဘုရားသားတော် ရဟန်းတို့နဲ့တောင် မအပ်စပ်ဘူး ဆိုရင် ဘုရားရှင် ကိုယ်တိုင်ဆိုရင်တော့ ပြောဘို့တောင် မလိုအပ်ပါဘူး။
၂))
ပြောချင်တာကို ပြောတော့မယ်။ လွန်ခဲ့တဲ့ လအနည်းငယ်လောက်က သတင်းစာမှာဖတ်မိတယ်။ ရွှေတိဂုံ စေတီတော်ကြီးကို လှုဒါန်းထားတဲ့ ငွေပမာဏဟာ အခု ဘဏ်ထဲမှာ ကုဋေခြောက်ထောင် ရှိပြီတဲ့။ ခောတ်အဆက်ဆက် ဘုရားမှာ ကပ်လှုထားတဲ့ ရွှေဆိုတာလည်း တန်ပေါင်းများစွာရှိတယ်။ ကျွန်တော်သိချင်တာက ဘုရားကို ရွှေငွေကျောက်သံပတ္တမြားတွေ လှုကောင်းရဲ့လား။ အဲဒီရွှေငွေကျောက်သံပတ္တမြားဆိုတာ လောကီလူသားတွေက တန်ဘိုးအဖြစ်သတ်မှတ်ထားတဲ့ ရုပ်ဝတ္ထုတွေပါ။ ပကတိတန်ဘိုးမရှိပါဘူး။ ဖဲရိုက်တဲ့အခါ ဖဲဝိုင်းမှာ အကြွေအခက်ခဲရှိရင် စက္ကူစတွေကို ငွေအဖြစ် သဘောတူ သတ်မှတ်ပြီး ပွဲမပြီးမချင်း ငွေအဖြစ်သတ်မှတ်သလိုပေါ့။ ကောင်းပြီ။ လှုဒါန်းသင့်တယ်ထား ။ အဲဒီငွေတွေကို ဘယ်လိုအကျိုးရှိအောင် အသုံးပြုမှ လှုသင့်တဲ့ အနေထားကိုရောက်မှာလဲ။ သေချာတာကတော့ ဘုရားသာ သက်ရှိထင်ရှားရှိရင် လုံးဝစုမှီးသိုလှောင်ထားတာကို လက်ခံတော်မူမှာ မဟုတ်ပါဘူး။ သာသနာပြုရာမှာ လိုအပ်သလို အသုံးပြုစေမှာပဲလို့ထင်မိပါတယ်။
၃))
အခု မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲဖြစ်ပေါ်နေပါပြီ။ အများတောင့်တနေတဲ့ ဒီမိုကရေစီစနစ်ပါပဲ။ ဒီစနစ်ကို လိုက်နာရင် လွတ်လပ်စွာ ပြောဆိုခွင့်။ လွတ်လပ်စွာ သသနာပြုခွင့် ။ လူ့အခွင့်အရေးတွေကို အပြည့်အဝပေးရပါတော့မယ်။ လစ်ဘရယ်ပေါ့။ သာသနာပြုတဲ့နေရာမှာ ယှဉ်ပြိုင်မှုတွေ မလွဲမသွေ ကြုံလာရမယ်။ ဒီအခါမှာ သာသနာပြုတဲ့သူတွေကို အထောက်အပံ့ပေးဘို့ လိုလာမယ်။ တောင်တန်းဒေသတွေ ၊ နိုင်ငံရပ်ခြားတွေမှာ သွားရောက်သာသနာပြုမယ့် သာသနာ့ဝန်ထမ်းရဟန်းတွေကို ဆွမ်း နဲ့နေထိုင်ဘို့ကျောင်းတွေ မပူပင်ရအောင် ထောက်ပံ့ပေးဘို့လိုသလို ထူးချွန်တဲ့သာသနာပြု ရဟန်းတွေကိုလည်း မွေးထုတ်ပေးရပါတော့မယ်။ အဲဒီလို သာသနာပြုရဟန်းတွေအတွက် မြတ်စွာဘုရားကို လှုဒါန်းထားတဲ့ ကုဋေခြောက်ထောင်ရဲ့ ဘဏ်တိုးငွေ ကို သုံးခွင့် ပြုသင့်တယ်လို့ ထင်မြင်ပါတယ်။
၎))
နောက်တစ်ခု။ ပရဟိတ။ အမြဲကြားနေရတာက ခရစ်ယံ ဘာသာဝင်တွေဟာ ပရဟိတ မှာ စွမ်းစွမ်းတမံ လုပ်ဆောင်ကြပါတယ်။ အချို့ ဓါတ်ခံနည်းတဲ့ ဗုဒ္ဓဘာသာဝင်တွေဆိုရင် သူတို့ကို ကူညီထောက်ပံ့ ပြုစုပျိုးထောင်ပေးတဲ့ ခရာစ်ယံဘာသာကို အားကိုးစွာ ဝင်ရောက်သွားကြပါတယ်။ ဓါတ်ခံနည်းတယ်ဆိုတာ ဗုဒ္ဓ ဝါဒကို သေချာမသိဘဲ မိရိုးဖလာ ဗုဒ္ဓဘာသာတွေအနေနဲ့ လက်ငင်း ကျေးဇူးတရားရှိတဲ့ ဘာသာကိုပြောင်းသွားတာ အပြစ်ပြောဖွယ်မရှိပါဘူး။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေကတော့ ပရဟိတထက် ဘုရားတည်ပြီး သာသနာပြုတဲ့ဘက်မှာပဲ အားသန်တတ်ကြပါတယ်။ ဒီလိုနဲ့ ဗုဒ္ဓဘာသာဝင် ကလေးငယ်အချို့ အခြားဘာသာဘက်ကို ရောက်သွားရပါတော့တယ်။ အခုတော့ ဗုဒ္ဓဘာသာ ပရဟိတကျောင်းတွေ အများကြီး ပေါ်ပေါက်လာပါပြီ။ ဒါပေမယ့် ပြည့်စုံတဲ့ ထောက်ပံ့မှုတော့ မရသေးပါဘူး။ ဖုတ်လှိုက် ဖုတ်လှိုက်နဲ့ ဆက်ပြီး ရှင်သန်နိုင်အောင် ရုန်းကန်နေကြရတုန်းပါပဲ။ ဒါဟာ ကိုယ်တိုင် ပရဟိတ လုပ်မှ သိရတာပါ။ ဒီတော့ အခမဲ့ ပညာသင်ကြားပေးတဲ့ ဘ/က ကျောင်းလို့ခေါ်တဲ့ ဘုန်းကြီးကျောင်းတွေကို ရော ဗုဒ္ဓမြတ်စွာဘုရားကို လှုဒါန်းထားတဲ့ ငွေတွေထဲက ဘဏ်တိုးကို ခွဲဝေ ပေးကမ်းစွန့်ကြဲရင်ရော သာသနာပြုရာမေ၇ာက်ဘူးလား။ သုံးသင့်တယ်လို့ မထင်ဘူးလား။
၅))
ဗုဒ္ဓက ဟောဖူးတယ်လို့ ကြားဖူးတယ်။ ဗုဒ္ဓဘာသာကို ဘယ်သူမှ ဖျက်လို့ မပျက်နိုင်ဘူး။ ဒါပေမယ့် ရဟန်းတော်များ ဖျက်ရင်တော့ ပျက်စရာအကြောင်းရှိတယ်တဲ့။ ဒါကို ဘာကိုပြောလိုတာလဲဆိုတော့ သာသနာဟာ ရဟန်းတွေရဲ့ သီလ သမာဓိ ပညာ ၊ အကျင့်သီလ အပေါ်မှာ အများကြီး မှီတည်သလို ဗုဒ္ဓတ၇ားတော်တွေကိုလည်း လိုရာပြုပြင်တာမျိုး မဖြစ်စေဘို့ အရေးကြီးပုံပါပဲ။ ဒီတော့ သာသနာပြု မဟုတ်ဘဲ အတုယောင် ရဟန်းများ အကျင့်သီလ မရှိတဲ့ ရဟန်းတုများအတွက်လည်း လာမယ့် ပွင့်လင်းမြင်သာမှုမှာ အခက်ခဲကြုံရမှာပါ။ ဟိုတလောကပဲ ချဲနံပါတ်ပေးတဲ့ ရဟန်းတု တစ်ယောက်ဟာ ဒကာမနဲ့ ဖက်နမ်းရှုတ်တဲ့ ဗီဒီယိုဖိုင်တစ်ခု တွေ့လိုက်၇ပါတယ်။ အခြားဘာသာက သာသနာကို ဖျက်ဆီးလိုလို့ အတုလုပ်တင်တယ်ဆိုရင်တောင် ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ တန်ပြန်ရှင်းပြတာမျိုး လုပ်ရပါမယ်။ မှန်နေရင်လည်း အာဏာသက်ရောက်တဲ့သူတွေက သာသနာသန့်ရှင်းအောင် အရေးယူရပါမယ်။
၆))
နောက်ဆုံးတစ်ခုပြောချင်ပါတယ်။ လာမယ့်နိုင်ငံအခင်းအကျင်းမှာ အမျိုးဘာသာ သသနာကို ချစ်တယ်ဆိုရင် အဘက်ဘက်က ကြိုတင်ပြင်ဆင်ကြရပါတော့မယ်။ အရင်က ဗလီတစ်လုံးဆောက်ဖို့ ခွင့်ပြုချက်ရဘို့မလွယ်ပါဘူး။ နောက်ဆိုရင်တော့ အကြောင်းမဲ့ တားလို့ရမှာမဟုတ်တော့ဘူး။ ဒါဆိုရင် ပြိုင်ဘက်အနေနဲ့သဘောထားကြည့်မယ်ဆိုရင် ပြိုင်ဘက်ဟာ အာဏာဆိုတဲ့ ကြိုးက လွတ်တော့မယ်။ ခရာစ်ယံဘာသာလည်း အလားတူပေါ့။ ကျွန်တော်တို့ ဗုဒ္ဓဘာသာက ဝါဒရေးမှာ အချိန်မရွေးပြိုင်ဘို့ ဝန်မလေးစရာဖြစ်ပေမယ့် လူမှုရေး မှာတော့ အတော်အားနည်းပါတယ်။ တစ်တိုင်းပြည်လုံး နီးပါး ဗုဒ္ဓဘာသာ ဖြစ်နေတာတောင် ပရဟိတ ဘုန်းကြီးကျောင်းတွေမှာ ရင်လေးနေရတုန်းပါပဲ။ တိုင်းတပါး အလှုရှင်ကို အားကိုးနေရတုန်းပါပဲ။ ဘုရားရှိရင်တော့ ဘုရားဆီက စွန့်ကြဲပေးဘို့ အလှုခံချင်ပေမယ့် ဘုရားက ပရိနိဗ္ဗာန်ပြု သွားပြီဆိုတော့ ဘုရားကို လှုထားတဲ့ ရွှေငွေ ဥစ္စာတွေက ဂေါပက လက်ထဲမှာဆိုတော့ သူတို့ သဘောတူမှ ရနိုင်မှာမို့ ဖြစ်နိုင်ရင် ဂေါပက လူကြီးမင်းများ စဉ်းစားပေးကြပါလို့။
ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)

Tuesday, September 25, 2012

ရီစရာ လေးများ



မရူးဖူး.......

စိတ်ကျန်းမာရေး ဆေးရုံတစ်ခုတွင်တယ်လီဖုန်းသံမြည်လာ ၍ တာဝန်ကျဆရာဝန်မှကိုင်လိုက်၏။

" ဟယ်လို ဒေါက်တာလား..။ဒီကမ္ဘာ ပြင်ပက.....


.. ဂြိုလ်သားတစ်ယောက် ကောင်းကင်ပေါ်က ဆင်းလာတာကို ကျနော့်အိမ်ပြူတင်းပေါက်ကနေ အခုပဲ မြင်လိုက်ရတယ်ခင်ဗျာ...ကူညီပါအုန်း "

"အာာာ... ခင်ဗျား...ဆေးရုံ ကို ဘာလို့ ဖုန်းဆက်တာလဲ ။သတင်းစာတိုက်...ဒါမှမဟုတ် မြန်မာ့ ရုပ်မြင်သံကြား ဌာန ကို ဆက်ပါလား..."

အဲဒီမှာ ဖုန်းဆက်သူပြောလိုက်ပုံက....

"ဒီမှာ.... ဒေါက်တာ...ကျနော်က ဦးနှောက်ချောင်နေတဲ့..အကောင်မဟုတ်ဖူးဗျ....။သူတို့ဆီကို ဖုန်းဆက်ရင်..ကျုပ်ကို...အရူးလို့ ထင်သွားမှာပေါ့..."...တဲ့

တိန်

ကုံမှမကြုံဖူးပဲဟာ.....

ခရီးသည် တစ်ယောက်....... taxi ကားငှားစီးလာ၏။

ရုတ်တရက် တစုံတခု မေးချင်လာသဖြင့် taxi ဒရိုင်ဘာ ပုခုန်း ကိုလှမ်း ပုတ်လိုက်သည်။

" အောင်မလေးဗျ " ဟု ဒရိုင်ဘာကြောက်လန့်တကြားအော်ကာ ကားလက်ကိုင် မထိမ်းနိုင် ပဲ ဖြစ်သွား၏။

ကားသည်ရှေ့တွင်ရပ်ထားသော bus ကား ကို ၀င်တိုက်မလိုဖြစ်သွား၏။

ထိုမှတဖန် လူသွားလမ်းပေါ်တက်သွား၏။

လူသွားလမ်းမှ ကွမ်းယာဆိုင်တွင် ကွမ်းဝယ်နေသည့်လူများအားတိုက်မလိုဖြစ်ပီး...ဆက်သွား၏။

နောက်ဆုံး...ကွမ်းယာဆိုင်နောက် ရှိ စတိုးဆိုင်ကြီးတဆိုင်၏ မှန် တံခါးရှေ့တည့်တည့် ၆ လက်မ အလိုခန့်တွင် ရပ်တန့်သွား၏။

မိနစ်အနဲငယ်မျှ taxi ကားပေါ်တွင် တိတ်ဆိတ်သွား၏။

ခဏ အကြာတွင် ခြောက်ကပ်သောအသံဖြင့် ဒရိုင်ဘာကပြောသည်။

" ဟေ့လူ။နောက်ကို ဒီလိုဘယ်တော့မှမလုပ်နဲ့သိလား။ကံကောင်းလို့ ကား တိုက် မှူ မဖြစ်တယ် "

" ကျနော်တောင်းပန်ပါတယ်။ပုခုန်းကိုအသာလေးပုတ်တာနဲ့ လန့်သွားမယ်လို့ဘယ်လိုမှမထင်မိလို့ပါဗျာ "

ခရီးသည်ကအထက်ပါအတိုင်း တောင်းပန်စကားဆိုသဖြင့် ဒရိုင်ဘာပြန်ပြောလိုက်ပုံက....

" တကယ်တော့ ခင်ဗျား အပြစ်မဟုတ်ပါဖူး။

ကျနော်က ဒီနေ့မှ taxi တက်မောင်းသူလေ....၂၅ နှစ်လုံးလုံး အသုဘယာဉ် ကိုပဲ မောင်းခဲ့တာမို့ပါ...."...တဲ့

တိန်

သရဲ

တခါက သရဲအလွန်ခြောက်သည်ဟုနံမည်ကြီးသောအိမ်သို့ပွဲစားတစ်ယောက်စုံစမ်းရန်သွားရောက်သည်။

အိမ်ရှေ့သို့ေ၇ာက်သောအခါ တံခါးခေါက်လိုက်သည်။

အထဲမှ အသက်ခပ် ကြီးကြီး အမျိုးသမီးတဦးထွက်လာသည်။

ပွဲစား ။ ။ကျနော် ဒီအိမ်ဝယ်ချင်လို့ပါ ဒါပေမဲ့ ဒီအိမ်ကသရဲ အရမ်းခြောက်တယ်ဆို ဟုတ်လား အန်တီ

အမျိုးသမီး။ ။အဲဒါတော့ အန်တီမသိဖူးကွဲ့ အန်တီကသေတာ နှစ် ၅၀ ရှိပီကွဲ့...

တိန်..ရီမောပျော်ရွှင်ပါစေ....


--
----------------------
နတ်မိမယ် (SSH)

Sunday, September 23, 2012

တွေးမိတွေးရာများ



ကျွန်တော် စဉ်းစားမိတာလေး တစ်ခုရှိတယ်ဗျ။  ဥပမာဆိုပါတော့ ခင်ဗျားမှာ အင်မတန် တန်ဘိုးကြီးတဲ့ သဘာဝ တွင်းထွက် ပတ္တမြား တစ်ပွင့်ရှိတယ်။ အဲဒီ ပတ္တမြားဟာ တန်ဘိုးမဖြတ်နိုင်အောင်ကို အရည်အသွေးကောင်းတယ်။ အရည်အသွေးကောင်းမှန်းလည်း သူများပြောလို့သိတာမဟုတ်ဘူး။ ခင်ဗျားကိုယ်တိုင် ပတ္တမြားနဲ့ ပါတ်သတ်တဲ့ အကြောင်းကို တတ်သိတဲ့ ၊ နားလည်တဲ့ အသိဥာဏ်အတတ်ပညာရှိလို့ သိထားတယ်။ တွင်းထွက် ပတ္တမြား အစစ် တန်ဘိုးမဖြတ်နိုင်တဲ့ ကျောက်တစ်ပွင့်မှန်း သံသယမရှိ လုံးဝ သိနားလည်နေတယ် ဆိုပါတော့---
          အဲဒီ ပတ္တမြား ကျောက်တစ်ပွင့်ကို အခြား တစ်စုံတစ်ယောက်သောသူက တန်ဘိုးမရှိပါဘူးကွာ-- တွင်းထွက်ကျောက်မဟုတ်ပါဘူး ချက်ကျောက်ကြီးပါကွာ--  အရောင်ဆိုးထားတဲ့ကျောက်အတုကြီးပါလို့ ပြောလာတယ်ဆိုရင် ခင်ဗျား ဘယ်လိုခံစားရမလဲ--  ဘယ်လိုတုန့်ပြန်မလဲ--
          ဒေါသတွေ တဟုန်းဟုန်းတောက်ပြီး  စိတ်ဆိုးမာန်ဆိုးနဲ့ ငြင်းခုန် တုန့်ပြန်မလား???
(ဒါမှမဟုတ်)
          ဒီလူ ပတ္တမြားနဲ့ပါတ်သတ်တဲ့ အသိဥာဏ် မရှိပဲ လျှောက်ပြောနေတယ်။ ဘာမှ အသိဥာဏ်မရှိပဲ လျှာချောင်တတ်တယ်။ သူကို ပြန်ရှင်းပြဘို့ သူ့မှာ နားလည်နိုင်တဲ့ အသိဥာဏ်တောင် ရှိမှာမဟုတ်လို့ လေကုန်ခံပြီး မပြောတော့ဘူး   လို့ ပြုံးပြုံးလေးနဲ့ တွေးပြီး ဒီလူကို အဖက်လုပ် စကားမပြောတော့ပဲ နေမလား??
          ကျွန်တော်ကတော့ ဒုတိယ အဖြေကို သဘောကျတယ်။ ဟုတ်တယ်  ဘာမှမသိတဲ့လူနဲ့ လေကုန်ခံငြင်းခုန်နေလို့ အလကားပဲ။ သူ ဘာပဲပြောပြော ပတ္တမြား အစစ်ဟာ သူ့ကြောင့် ပတ္တမြား အတုတော့ မဖြစ်သွားနိုင်ဘူးဆိုတာ သိထားတယ်လေ။
          ကျွန်တော်တို့ ဘာသာရေး အပေါ်မှာ လက်ခံယုံကြည်ထားတာလဲ အလားတူပါပဲ။ ကျွန်တော်တို့ မိရိုးဖလာမို့ ဗုဒ္ဓဘာသာကို လက်ခံထားတာမဟုတ်ပါဘူး။ သူများပြောလို့မဟုတ်ဘဲ ကိုယ်တိုင် နှစ်နှစ်ကာကာ သိထား ယုံကြည်ထား ကြည်ညိုထားတာ ဖြစ်လေတော့ ဒီဘာသာအပေါ် သူများတကာက ဝေဖန်ရှုတ်ချတာမျိုး ကြုံလာခဲ့ရင် ဒေါသတကြီး တုန့်ပြန်မှာ မဟုတ်ပါဘူး။ ခွေးဟောင်၍ တောင်မရွေ့ ဆိုတဲ့စကားပုံလိုပဲ ဗုဒ္ဓရဲ့ မွန်မြတ်တဲ့ တရားတော်တွေဟာ ဘယ်သူရဲ့ ဝေဖန်ဆန်းစစ်ချက်မဆို ခံနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ တနည်းပြောရရင် ဗုဒ္ဓတရားတော်တွေဟာ ဘရိန်းဝက်ခ်ျ(Brainwash) လုပ်ထားမှု မရှိဘူးလို့တောင်ပြောလို့ရပါတယ်။ သို့သော်လည်း ခောတ်ကာလ ကြာလာခဲ့ပြီဖြစ်တော့ အကာဖုန်းထားတဲ့ အစိတ်အပိုင်းတွေတော့ ရှိတာ သဘာဝပါ။ အခြားဘာသာဝင်တွေက လက်ညိုးထိုး အပြစ်ပြောတဲ့ အကြောင်းအရာတွေ အားလုံးဟာ ထူးဆန်းစွာပဲ ဗုဒ္ဓရဲ့ အနှစ်သာရ တရားမဟုတ်ပဲ ဗုဒ္ဓဘာသာကို ကြည်ညိုလွန်းတဲ့ နောက်လူတွေရဲ့ ကွန့်ထားတဲ့ အချက်တွေပဲဖြစ်နေလို့ပါပဲ။
          ကျွန်တော်ကတော့ ဗုဒ္ဓရဲ့ တရားတော်တွေကို အများကြီးတော့ လေ့လာဆည်းပူးထားခြင်းမရှိပါဘူး။ အဓိက ခံယူထားတာကတော့ ``ကံ  - ကံရဲ့ အကျိုးကို ယုံကြည်မှု`` တစ်ခုတည်းပါပဲ။ ကံ ဆိုတဲ့နေရာမှာ ပစ္စုပ္ပန် ကံ ရယ် ၊ အတိတ်ကံရယ် နှစ်မျိုးရှိပါမယ်။ နှစ်မျိုးလုံးကို ယုံကြည်မှုရှိပါတယ်။ သို့သော်လည်း ပစ္စုပ္ပန် ကံက အဓိက အကျိုးပေးတယ်လို့ယုံကြည်ပါတယ်။ ဥပမာ ကြံတစ်ချောင်းကို အရင်းက စစားရင် - အရင်းမှာ ရှိတဲ့ အရသာကိုပဲ ခံစားရမှာပါ  အရင်းက စစားပြီး အဖျားက အရသာကို ရရှိတယ်ဆိုတာမျိုးတော့ မယုံပါဘူး။ သို့သော်လည်း ရံဖန်ရံခါ အတိတ်ကံရဲ့ အကျိုးသက်ရောက်မှုလည်း ခံရတတ်တယ်လို့ ယုံကြည်ထားပါတယ်။ နာဂစ် မုန်တိုင်းကြောင့် သေဆုံးခဲ့ရတဲ့ လူ ပေါင်း များစွာဟာ အတိတ်ကံရဲ့ အကျိုးရလဒ်လို့ သတ်မှတ်ချင်ပါတယ်။ နောက်ပီး အတိတ်ကံရဲ့ အကျိုးလို့ ယုံကြည်မှုဟာ လက်ရှိပစ္စုပ္ပန် ရဲ့ ပူဆွေးသောကေ၇ာက်မှုကိုလည်း အထိုက်အလျှောက် သက်သာရာ ရစေပါတယ်။ အကျိုးများစေပါတယ်။ ကျွန်တော် တစ်ခါက ကားအက်ဆီးဒန့် ဖြစ်တော့ ကံကောင်းထောက်မစွာ အသက်မသေပေမယ့် ကျွန်တော့် ဘယ်ဘက် လက်မတစ်ချောင်းကတော့ အရင်းကနေ တိကနဲ လုံးဝ ပြတ်တောက်သွားပါတယ်။ အဲဒီလို လောကဓံခံရပေမယ့် အတိတ်ကံကို လက်ခံယုံကြည်ထားသူမို့ အကြွေး တစ်ခုကို ပေးဆပ်ပြီးလိုက်တဲ့ သူတစ်ယောက်လို လုံးဝတုန်လှုပ်မှု အားငယ်မှု စိတ်ပျက်မှု ခံစားချက်တွေ မရှိခဲ့ပါဘူး။ အတိတ်ကံရဲ့ အကျိုးပေးမှု မဟုတ်ဘူးဆိုရင်တောင် အဲဒီလို ယုံကြည်မှုကြောင့် လက်ငင်း စိတ်ချမ်းမြေ့ တဲ့အကျိုး(ဝါ)လောကဓံ တရားနဲ့ ကြုံတွေ့တဲ့အခါ မတုန်လှုပ်စေတဲ့ မင်္ဂလာတရား ကို ရစေလို့ အကျိုးမမဲ့ပါဘူး။ သို့သော်လည်း ဖြစ်သမျှ အတိတ်ကံပဲပုံချပြီး လက်တွေ့ ပစ္စုပ္ပန် ကံကို လျှစ်လျှူရှု့ တာကိုတော့ လက်မခံပါ။ ပြုသူအသစ် ဖြစ်သူအဟောင်း ဆိုတဲ့ ဆိုရိုးစကားကို လည်း လက်မခံပါ။ ကံကံရဲ့ အကျိုးဟာ လက်ငင်းဘဝမှာပဲ အကျိုးပေးပါတယ်။
          ဆိုရိုးစကား တစ်ခုရှိပါတယ်။ ``မကောင်းမှုဟူသည် ဆိတ်ကွယ်ရာ မရှိ`` တဲ့။ မှန်ပါတယ်။ ``ရာဇဝတ်ဘေး ပြေးမလွတ်`` ဆိုတဲ့ စကားလည်း ရှိပါတယ်။ မတူပါဘူး။ ရာဇဝတ်ဘေး ပြေးလွတ်ခဲ့တာတွေ အများကြီးပါ။ သို့သော်လည်း မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိဆိုတာကတော့ အကုသိုလ်ကံဆိုတာ ဘယ်သူမှ မသိပေမယ့်လည်း တူသောအကျိုးကိုတော့ ပေးမှာ မုချဧကန်ပါပဲ။ဒီလို ကံ ကံရဲ့အကျိုးကို ပြန်ပေးတဲ့နေရာမှာ အဲဒီ ကံကြမ္မာကို ထိမ်းကျောင်းချုပ်ကိုင်စီမံပေးတဲ့ အခြားသူတစ်ဦးမရှိဘူးလို့ ယုံကြည်ထား ပါတယ်။ ဥပမာ ယမမင်းကြီးတို့ ၊ ဖန်ဆင်းရှင်တို့  ကယ်တင်ရှင်တို့ စတာတွေပါ။ ကံ ကံရဲ့အကျိုးတရားဟာ သူ့အလိုလို အော်တိုဖြစ်နေတာပါ။ ဘာမှတ်တမ်းမှ မလိုသလို လွဲချော်မှု ဆိုတာလည်း စိုးစဉ်းမျှ မရှိလို့ယုံပါတယ်။ နောက်ပြီး ၃၁ ဘုံကို ယုံပါတယ်။ အနန္တ စင်္ကြာဝဋ္ဌာ နဲ့ နှိုင်းယှဉ်ရင် ကျွန်တော်တို့ကမ္ဘာရှိတဲ့ နေစင်္ကြာဝဋ္ဌာ ဟာ လေဟာနယ်ထဲက မြူမှုလောက်ပမာဏပဲ ရှိပါတယ် ။ အဲဒီ လောက်သေးငယ်တဲ့ နေစကြာင်္ဝဋ္ဌာထဲမှာတောင် သက်၇ှိ လူသားတွေ နေထိုင်တဲ့ ကမ္ဘာ ရှိတယ်ဆိုရင် အနန္တ စကြာင်္ဝဋ္ဌာကြီးမှာ သက်ရှိတွေ နေတဲ့ ဘုံဋ္ဌာနတွေ ရှိမှာပေါ့။ ဖြစ်နိုင်စွမ်းအင် နဲ့ သုံးသပ်ကြည့်တာပါ။ အဲဒီ သက်ရှိဘုံတွေမှာ ရှင်သန်ဘို့ လုံ့လ လုံးဝစိုက်ထုတ်စရာမလိုအောင် ပြည့်စုံတဲ့ သဘာဝ အရင်းမြစ်ရှိတဲ့ သက်၇ှိဘုံတွေကတော့ လူတွေပြောနေတဲ့ နတ်ပြည်ပေါ့။ ဒါမှမဟုတ် အသက်ရှင်နေထိုင်ဘို့ အလွန်ခက်ခဲကြမ်းတမ်းတဲ့ နိုင်ရာစား လောကဘုံကြီးမျိုးကြတော့ လူတွေပြောနေတဲ့ ငရဲဘုံပေါ့။ အဲဒီမှာ ငရဲထိမ်းတွေ မရှိဘူး။ အားကြီးတဲ့ သူက ငရဲထိမ်းလိုဖြစ်နေပြီး အားငယ်သူက အနိုင်ကျင့် သတ်ဖြတ်စားသောက်ခြင်းခံရသူက ငရဲသားပေါ့။
          ဒါဆိုရင်  သံသရာတစ်လျှောက် မိမိတို့ပြုလုပ်ခဲ့ပြီးတဲ့ ကံတွေကို လျှော်ဖွတ်သန့်စင်လို့ရလား။ ကျွန်တော့အမြင်တော့ရပါတယ်။ အကုသိုလ်ကို ကုသိုလ်နဲ့ လျှော်ဖွတ်ရမယ်။ သို့သော်လည်း သာမာန်အညစ်အကြေးကို တစ်ခါလျှော်ဖွတ်တာနဲ့ ပြောင်စင်ပေမယ့် စွန်းထင်းစွဲနေတဲ့ အညစ်အကြေးကျတော့ လွယ်လွယ်လျှော်ဖွတ်လို့မရသလိုပါပဲ။ အချို့ အကုသိုလ်တရားကျတော့ တန်ပြန် အကျိုးကို ပေးဆပ်ရစမြဲပါပဲ။ အခု အွန်လိုင်းမှာ မုန်းတီးရေး စာတွေဖတ်မိတိုင်း မပဋာရဲ့ ဆုတောင်းကို သတိရမိတယ်။ မပဋာဟာ အရင်ဘဝက သူ့အိမ်ကို ဓါးပြဝင်တိုက်ပြီး တစ်အိမ်လုံးကို သတ်ပစ်လိုက်တဲ့ ဓါပြတွေကို စိတ်နာပြီး နောင်ဘဝမှာ ဆုံတွေ.ရရင် အဲဒီ ဓါးပြတွေအားလုံး သူ့ရှေ့မှာ အသေဆိုးနဲ့သေရတာကို မြင်လိုပါ၏ လို့ ဆုတောင်းတယ်တဲ့။ ဆုပြည့်ပါတယ်။ အဲဒီဓါးပြတွေဟာ နောင်ဘဝမှာ သူ့ယောကျာင်္း ၊ သူ့သား နှစ်ယောက် ၊ သူ့မိဘ၊ သူ့ဆွေမျိုးတွေ အဖြစ် သူ့ရှေ့မှာပဲ အသီးသီး အသေဆိုးနဲ့ သေခဲ့ကြရတယ်။ ဒါကြောင့် အရမ်းမမုန်းပါနဲ့။ အရမ်းလည်းမချစ်ပါနဲ့။
          လောကမှာ ``ကံ ကံရဲ့အကျိုး``ကို ယုံကြည်ရင် ဗုဒ္ဓဘာသာ။ အခြား ဖန်ဆင်းရှင်နဲ့ တန်ခိုးရှင်ရဲ့ အလိုကျ စေစားရာဖြစ်နေရတယ်လို့ ယူဆရင် အခြားဘာသာ လို့များ ခွဲခြားလိုက်ရင် ဗုဒ္ဓရဲ့ တရားတွေကို ပေါ်တင် လက်မခံထားရင်တောင် တစ်ကမ္ဘာလုံးနီးပါး ကံ ကံရဲ့ အကျိုးတရားကိုတော့ ယုံကြည်နေကြမယ် လို့ ထင်ပါတယ်။ ပတ္တမြားမှန်ရင် နွံမနစ်ပါဘူး။ တရားမှန် အစမ်းသပ်ခံ အဝေဖန်ခံတဲ့ တရားတွေမို့ ကမ္ဘာမှာ သက်တမ်းအရှည်ဆုံး ဘာသာရေးတစ်ခုအဖြစ်နောက်ဆုံးအချိန်ထိ ကျန်ရစ်နေမယ်လို့ အပြည့်အဝ ယုံကြည်ပါ၍ ဗုဒ္ဓဘာသာကို ကွယ်ပျောက်မည်ကို လုံးဝ စိုးရွံ့မှု မရှိကြပဲ ယုံကြည်မှုအပြည့်ထားကြပါစေကြောင်း ကျွန်တော် တွေးမိတွေးရာ တင်ပြလိုက်ပါတယ်ခင်ဗျား။
(မှတ်ချက်။      ။ ကိုယ်ပိုင်တွေးမိတွေးရာများပါ ကျမ်းကိုးကျမ်းဆိုများနှင့်လွဲချော်ခဲ့သော ဆုံးမနိုင်ပါသည်)

ကိုစိုးနိုင် (မြန်မာ့အရုဏ်သစ်)

Friday, September 21, 2012

ဘီလုံးငှက်နှင့် လယ်သမား

ဘီလုံးငှက်နှင့်လယ်သမား

 

တစ်ခါတုန်းက ဘီလုံးငှက်တစ်ကောင်ဟာ သစ်တောထဲမှာသီချင်းဆိုနေခဲ့တယ် ။ အဲဒီအချိန်မှာ လယ်သ မားတစ် ဦးက သစ်သားပုံတစ်ပုံးကို လက်ထဲကိုင်လာတာတွေ့လိုက်တယ် ။ ဘီလုံးငှက်ဟာ သီချင်းဆို တာကိုရပ်ပြီး လယ်သမားကိုမေးလိုက်တယ် ။

“ ခင်ဗျားလက်ထဲက သစ်သားပုံက ဘာအတွက်လဲ ပြီးတော့ခင်ဗျားအခုဘယ်သွားမှာလဲ ”

လယ်သမားကပြန်ဖြေတယ် “ ဒီသစ်သားပုံးတွေထဲမှာ တီကောင်တွေထည့်ထား ပါတယ် ဈေးထဲ သွားရောင်းပြီး ငှက်မွှေးတောင်တွေဝယ်မလို့ပါ ”

ဘီလုံးငှက်က တစ်ချက်တွေးလိုက်ပြီးဆက်ပြောတယ် “ ဒါဆိုဒီလိုလုပ်ဗျာ ကျွန်တော့်မှာ ငှက်မွှေးတောင်တွေ အများကြီးရှိပါတယ် အခု ငှက်မွှေးတောင်တစ်ခုပေးလိုက်မယ် ကျွန်တော်စားဖို့ တီကောင် တွေပေးပါ ”

လယ်သမားက သဘောတူလိုက်ပြီး ဘီလုံးငှက်စားဖို့ တီကောင်တွေပေးလိုက်တယ် ။ ဘီလုံးငှက်ကလည်း တီကောင်တွေ စားပြီး သူ့ငှက်မွှေးတောင်တစ်ချောင်းပေးလိုက်တယ် ။ နောက်ရက်တွေမှာလည်း လယ်သမား က တောထဲ ဖြတ်သွားတဲ့အခါတိုင်း ဘီလုံးငှက်ဟာ ပထမဆုံးရက်အတိုင်းပဲ အစာထွက်မရှာပဲ လွယ်လွယ်ရတဲ့နည်းနဲ့သူ့အမွှေးအတောင်တွေနဲ့ တီကောင်တွေလဲလှယ်တဲ့အလုပ်ပဲလုပ်ခဲ့တယ် ။

ဒီလိုနဲ့တစ်ရက်မှာတော့ သူ့အမွှေးအတောင်တွေအကုန်လုံးပြောင်သွားတဲ့တစ်နေ့ရောက်လာခဲ့ရတယ် ။ ဘီလုံးငှက်ဟာ အဲဒီတစ်ရက်ပြီးတာနဲ့ သူ့မှာ ပျံသန်းစရာအမွှေးအတောင်တွေမရှိတော့ဘူး ။ ဒီလိုနဲ့တော ထဲမှာ သီချင်းသံလည်းတိတ်လို့ သူ . . သေဆုံးတဲ့ဘ၀ကိုရောက်ခဲ့ရတယ် ။

-----------------------------------------------

ပုံပြင်လေးက တိုတိုလေးပါပဲ ။ ဒါပေမယ့် ကျွန်တော်တို့ဟာ တခါတခါ ဘီလုံးငှက်လို လူစားမျိုးတွေဖြစ်ကြ တယ် ။ လွယ်လွယ်ရတဲ့နည်းကိုပဲ လိုက်နေကြတာများတယ် ။ Struggle ဆိုတဲ့ရုန်းကန် လှုပ်ရှားမှုရှိမှသာ ဘ၀ဟာ တိုးတက်အောင်မြင်နိုင်တယ် ။ လွယ်လွယ်နဲ့အချောင်လိုက်နေသမျှတော့ ကိုယ့်မှာရှိတဲ့ စွမ်းရည်တွေ ပါကျဆင်းပြီး ဘ၀ဟာ တစ်နေ့ မလှမပ ဆုံးရှုံးရမှာဖြစ်တယ် ။

“ အလွယ်နည်းလမ်းကိုလိုက်တဲ့သူတွေဟာ ကြမ်းတမ်းတဲ့ အဆုံးသတ်ကို ကြုံရလေ့ရှိတယ် ”

ဒါကြောင့် ဘယ်လိုအရာတွေကြုံတွေ့နေပါစေ အလွယ်နည်းကို လိုက်ပြီး ဖြစ်ကတတ် ဆန်းမလုပ်မိဖို့ အရေးကြီး တယ် ။ အလွယ်နည်းတွေဟာ အလုပ်တစ်ခု ကို မြန်မြန်ပြီးစေတာ မှန်ပေမယ့် ရေရှည် outcome မကောင်းတတ်ဘူး ဆိုတာ သတိပြုဖို့လိုပါတယ် ။

သက်တန့်ချို
The Easier Way May Actually Be the Tougher Way အားခံစားဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Posted: 20 Sep 2012 01:43 AM PDT
ဆိုခရေးတီးနှင့်လူငယ်

 

တစ်ခါတုန်းက လူငယ်တစ်ယောက်ဟာ ဆိုခရေးတီး ဆီသွားတယ် ။ “ ကျွန်တော် အောင်မြင်ခြင်း ရဲ့သော့ချက် ကို သိချင်ပါတယ် ” လို့မေးလိုက်တယ် ။ ဆိုခရေးတီးက လူငယ်ကို မနက်ဖြန်မ နက် မြစ်ကမ်းနားဘေးကို လာဖို့ပြောလိုက်တယ် ။

နောက်တစ်နေ့မနက်ရောက်တဲ့အခါ လူငယ်နဲ့ဆိုခရေးတီးဟာ မြစ်ကမ်းနားဘေးမှာ တွေ့ဆုံခဲ့တယ် ။ အောင်မြင်ခြင်း ရဲ့သော့ချက်ကိုသိချင်ရင် ငါနဲ့အတူ မြစ်ထဲကို ဆင်းရဲလားလို့မေးလိုက်တယ် ။ လူငယ်က လည်း“ ဆင်းရဲပါတယ် ” လို့ဖြေလိုက်တယ် ။

ဒီလိုနဲ့ မြစ်ထဲကို ဆိုကရေးတီးနဲ့လူငယ်က ဆင်းသွားကြတယ် ။ တဖြည်းဖြည်းရေက နက်သထက်နက် လာပြီး လည် ပင်းပေါ်ယုံလောက်အထိရောက်လာခဲ့တယ် ။ အဲဒီအချိန်မှာ ရုတ်တရက် ဆိုခရေးတီးက လူငယ်ကို ကိုင်ချုပ်လိုက်ပြီးခေါင်းကို ရေထဲ နှစ်ချလိုက်တယ် ။ လူငယ်က ကြောက် လန့်တကြား ရုန်းကန်ပါတယ် ။ ဒါပေမယ့် ဆိုခရေးတီးက ပိုသန်မာတဲ့အတွက် လူငယ်ဘယ် လိုမှရုန်းအောင်ဖြစ်နေ ခဲ့တယ် ။

အသက်ရှုမရဖြစ်ပြီး မျက်နှာတွေပြာနှမ်းလာတဲ့အချိန်ရောက်မှ ဆိုခရေးတီးကလူငယ်ကိုရေထဲက ဆွဲဖော် လိုက် တယ် ။ ဦးခေါင်းရေပေါ်ရောက်ရောက်ခြင်းလူငယ်က လေကို အသည်းအသန်ရှု လို့ မောပန်းနေ တယ် ။ ဆိုခရေးတီးက လူငယ်ကိုမေးလိုက်တယ် ။

“ ရေထဲမှာ ဦးခေါင်းနစ်နေတဲ့အချိန်တုန်းက မင်းအတောင့်တဆုံးအရာက ဘာလဲ ”
“ လေ ကိုရှုဖို့ပါ ” လို့ လူငယ်က ပြန်ဖြေတယ် ။

“ အောင်မြင်ခြင်းရဲ့သော့ချက်ဆိုတာ အဲဒါပါပဲ မင်းဟာ ရေထဲနစ်နေတဲ့အ ချိန်တုန်း က လေ ကို တောင့်တသလို ပြင်းပြတဲ့ဆန္ဒအာသီသမျိုး အောင်မြင်ခြင်းကို လိုချင်တယ်ဆိုရင် မင်းအောင်မြင်ပါပြီ ”

--------------------------------------------------------

စိတ်ဆန္ဒ တောင့်တမှုကို သာမန် ရည်မှန်းချက်မျိုးထားလို့ကတော့ အနှောက်အယှက် တခုခု ကြုံလာတာနဲပျက်ဆီးသွားမှာ အမှန်ပါပဲ ။ ရေနစ်နေတဲ့သူတစ်ယောက်အ ဖို့ လေကိုရှုဖို့ တောင့်တ သလို ပြင်းပြတဲ့လိုအပ်မှုမျိုးကို သင်လိုချင်တဲ့အရာဆီမှာ ထားကြည့်လိုက်ပါ ။ အဲဒီအရာဟာ သင့်လက် ထဲရောက်အောင် သင်စွမ်းဆောင်နိုင်ပါတယ် ။

အောင်မြင်ခြင်းရဲ့သော့ချက်ဟာ ပန်းတိုင်တစ်ခု ၊ ရည်မှန်းချက် ထားရှိယုံတင်မကပါဘူး ။ အဲဒီပန်းတိုင် အဲဒီရည်မှန်းချက်ကိုရအောင် မရရအောင် သွားမယ် မရရအောင် ဆွတ်ခူးမယ်မယ်ဆိုတဲ့ Maximum အမြင့်ဆုံး စိတ်ဆန္ဒကို ချပြီး တစိုက်မတ်မတ်ကြိုးစားဖို့လိုတယ် ။

သက်တန့်ချို
A KEY TO SUCCESS အား ခံစားဘာသာပြန်သည် ။ 

Monday, September 17, 2012

အတုံးဆုံးလူသား



တစ်ခါတုန်းကနိုင်ငံတစ်နိုင်ငံမှာအုပ်စိုးမင်းလုပ်နေသော ရှင်ဘုရင်ကြီးတစ်ပါးရှိခဲ့ပါတယ်

အဲဒီဘုရင်ကြီးအုပ်စိုးမင်းလုပ်တဲ့နိုင်ငံမှာစိတ်မနှံသူတစ်ဦးကဲ့သို့သွားလာနေထိုင်သော

သူတော်စင်တစ်ပါး ရှိခဲ့ပါတယ်တဲ့။

၎င်းသူတော်စင်ကြီးကနေစရာနေရာအတည်တစ်ကျမရှိဘဲသွားလာနေထိုင်ခဲ့တယ်

၎င်းပြင်ထိုသူတော်စင်ကြီးကဘုရင်ကြီးနဲ့လည်း အကျွမ်းတ၀င်ရှိတာကြောင့်

ဘုရင်ကြီးကသူ့ကိုအမြဲနောက်ပြောင်လေ့ရှိခဲ့တယ်။

သူတော်စင်ကြီးကတော့သူရူးတစ်ဦးပမာဝတ်စားဆင်ယင်သော်လည်း

အလွန်တရာမှတန်ဖိုးရှိတဲ့ဆုံးမစကားများကိုပြောဆိုလေ့ရှိတယ်။


ဒါကြောင့်ဘုရင်ကြီးကနန်းတွင်း ထဲအချိန်မရွေးဝင်ထွက်သွားလာနိုင်အောင်ခွင့်ပြုထားတယ်။

တစ်နေ့မှာတော့သူတော်စင်ကြီးနန်းတွင်းထဲရှိသခိုက်မှာ ဘုရင်ကြီးက

မောင်းချဓား တစ်ချောင်းကိုင်ဆောင်ထားချိန်ဖြစ်တယ်။

ဘုရင်ကသူတော်စင်ကြီးကိုနောက်ပြောင်လိုသောသဘောဖြင့်....

မောင်မင်းကိုစကားတစ်ခွန်းပြောမယ်..ဟုအစချီကာ

"ဤဇမ္ဘူတစ်ခွင်၌ မောင်မင်းထက်ပို၍အသိဥာဏ်တုံးသူတစ်ဦးတွေ့ခဲ့လျှင်

ဤဓားကိုလက်ဆောင်အဖြစ်ပေးလိုက်ပါ".. ဟုကျီစယ်၍ပေးလိုက်သည်။

သူတော်စင်ကလည်းကောင်းပါပြီဟုဆိုကာဓားအားသိမ်းဆည်းလိုက်သတဲ့..

ဘုရင်ကြီးပြောကြားလိုသောစကားမှာ

"အသင့်ထက်ဥာဏ်တုံးသူနောက်တစ်ယောက်မ ရှိပါ" ဟုပြောလိုခြင်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေသူတော်စင်ကြီးကတော့ထိုမောင်းချဓားကိုယူဆောင် ၍ထွက်ခွါသွား လေသည်။

ဤသို့ဖြင့်နှစ်ရှည်လများအတန်ကြာခဲ့ပြီး နောက်တစ်နေ့သောအခါဘုရင်ကြီးနေထိုင်မကောင်း

ဖြစ်သဖြင့်သူတော်စင်ကြီးမှ သွားရောက်၍သတင်းမေးရာ..ဘုရင်ကြီး၏ ကျန်းမာရေးမှာ

အလွန်ဆိုးရွား နေပြီးသမားတော်ကြီးများဖြင့်ကုသသော် လည်းသက်သာပျောက်ကင်းမှု့ မရှိပေ။

ထိုအခါသူတော်စင်ကြီးမှဘုရင်ကြီးအား...

"အိုအရှင်မင်းကြီး,အခြေအနေမည်သို့ရှိပါသနည်း"

ဟုလျှောက်တင်ရာဘုရင်ကြီးက "မကြာခင်ခရီးထွက်ရတော့မယ်"ဟုအဖြေပေးလေသည်။

သူတော်စင်မှ. "အဘယ်အရပ်သို့ထွက်မှာပါလဲ"ဟုမေးရာဘုရင်ကြီးက

"နောင်တမလွန်ခရီးစဉ်ဖြစ်ကြောင်း"ဖြေကြားသည်။

သူတော်စင်ကြီးမှ"ဘယ်နှစ်နှစ်ကြာမှာပါလဲ"ဟုထပ်မံ၍မေးရာဘုရင်ကြီးက

"ဒါဟာတမလွန်ရဲ့ခရီးစဉ်ဖြစ်တယ်၊

ထိုခရီးစဉ်ကိုသွားဖူးသည့် သူတိုင်းပြန်ရောက်လာသည့်အစဉ်အလာမရှိပါ" ဟုဖြေပြန်လေ၏။

တစ်ဖန်သုတော်စင်ကြီးမှ "ကောင်းပါပြီအရှင်မင်းကြီး၊ယခုပြန်မလာတော့ဘူးဆိုပါက-

ထိုခရီးစဉ်အတွက်ကြိုတင်ပြင်ဆင်မှု့ဘာတွေများလုပ်ထားပါသလဲ" ဟုမေးပြန်ရာ...

(မှတ်ချက်..ယခင်ဘုရင်ကြီး၏ခရီးစဉ်တိုင်းတွင်ခရီးမထွက်မီ အရင်ကြိုတင်ပြင်ဆင်မှု့ များနှင့်

စစ်တပ်များကိုကြိုတင်၍စေလွတ်ထားလေ့ရှိသည်)။

ဘုရင်ကြီးက"ဤ(တမလွန်)ခရီးစဉ်အတွက်မည်သည့်စစ်တပ်၊မည်သည့်ပစ္စည်း၊ပစ္စယမှကြိုတင်ပြီး

ပို့၍မရသလိုကိုယ်နဲ့ အတူသယ်ဆောင်သွား၍ လည်းမရပါ"ဟုဖြေလေ၏..

ထိုအခါသူတော်စင်က...

"အို....အရှင်မင်းကြီး"

"ကျွန်တော်မျိုးထံတွင်အရှင်မင်းကြီးအပ်နှံထားသည့်ပစ္စည်းတစ်ခုရှိပါသည်။

မင်းကြီးက ကျွန်တော်မျိုးထက်အသိဥာဏ်တုံးသူတွေ့ခဲ့လျှင် ပေးလိုက်ပါဟု"အမိန်ရှိခဲ့ဘူးပါသည်။

ကျွန်တော်မျိုး...ဥာဏ်အတုံးဆုံး သူကိုနေရာအနှံရှာဖွေသော်လည်း အရှင်မင်းကြီး

ထပ်ဥာဏ်တုံးသောသူ ရှာဖွေ၍မတွေ့ခဲ့ပါ။

အဘယ်ကြောင့်ဆိုသော်အရှင်မင်းကြီးသည် ဤမျှတိုတောင်းလှသောလူ့လောကီခရီးစဉ်အတွက်

ရက်,လ,များစွာကပင်ကြိုတင်ပြင်ဆင်မှု့များပြုလုပ်ခဲ့သည်ကို တွေ့မြင်ခဲ့ရပါသည်။

သို့သော် ယခုကဲ့သို့အလွန်ရှည်လျား၍ပြန်လမ်းမရှိသော (နောင်တမလွန်)ခရီးစဉ်အတွက်ကြိုတင်ပို့ဆောင်မှု့

ဘာတစ်ခုမျှမပြုလုပ်ထားသည်ကို တွေ့မြင်ရသောကြောင့်အရှင်မင်းကြီးထက် ပို၍အသိဥာဏ်တုံးသူ

အခြားတစ်ယောက်မှမ တွေ့ရှိပါ၍ အရှင်မင်းကြီးကျွန်တော်မျိုးအားအပ်နှံထားသောမောင်းချဓားအား

အရှင်မင်းကြီးထံပြန်လည်၍ အပ်နှံလိုက်ပါသည်ဟုပြောကြားလိုက်လေသတည်း။

ဤအဖြစ်ကိုကြည့်ခြင်းအားဖြင့်

သူလိုငါလိုစိတ်၊သူလိုငါလိုအတွေးအခေါ်မျိုး၊နဲ့မပြီးဘဲ သာမန်စိတ်သဘောထက်မြင့်မြတ်တဲ့၊

လူတစ်ယောက်ကို ရေရှည်ပေါင်းသင်းကြည့်မှသာလျှင်သေပျော်၊နေပျော်သောလူ့ဘောင်လောကကြီး

ဖြစ်ပါလိမ့်မယ်ဆိုတာနဲ့ မိမိတို့ရဲ့မိသားစုနှင့်မိမိကျင်လည်ရာ ၀န်းကျင်မှာဘုရင်ကြီးကဲ့သို့

လောကီ ကြီးကိုချည်းမလိုက်ဘဲ အရွယ်မရွေးမိမိယုံကြည်ကိုးကွယ်သောဘာသာတရားပေါ်မှာလည်း

အနည်းနဲ့အများကျင့်ကြံပွားများနိုင်ကြပါစေလို့ဆန္ဒပြုရင်း....

ညချစ်သူ