ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, February 23, 2013

ဘဝဗိသုကာလေး


**ပလက်ဖောင်းပေါ်က ဗိသုကာပညာရှင်လေး**


ဒီနေ့ ကျွန်မတို့ ကျောင်းမှာဆုပေးပွဲလုပ်ပါတယ်..
.။ဆုတက်ယူတဲ့
ကလေးလေးတွေကြည့်ပြီး ရင်မှာ ပီတိဖြစ်နေမိခဲ့ပါတယ်...။အတွေးထဲလည်း စကားတွေအများကြီးပြောနေခဲ့မိတယ်...။ဒီလိုနဲ့  ဆုပေးပွဲအပြီး ကျွန်မလည်းအိမ်ပြန်ခဲ့ပါတယ်...။အင်းဝကနေ တာဝန်လာကျတဲ့ ကျွန်မသူငယ်ချင်းမလေး မျက်နှာမကြည်လင်တာကြောင့် သူမစိတ်တစ်ခုခု
ညစ်နေပြီဆိုတာကျွန်မသိလိုက်ရပါတယ်..။မေးကြည့်မိတော့...ဆုပေးပွဲကိုလာကြတဲ့ ကျောင်းသားမိဘတွေကိုကြည့်ပြီးသူ့ ဇာတိမြေလေးကိုလွမ်းလာတာရယ်..သူ့ မိဘတွေကို လွမ်းလာတာရယ်ကြောင့်လို့  သိခဲ့ရပါတယ်..။ကျွန်မလည်းသူမစိတ်ပြေလက်ပျောက်ဖြစ်ဖို့ အတွက် ကျွန်မအိမ်ကို အလည်ခေါ်လာခဲ့ပါတယ်..။ဒီနေ့ တော့ ခါတိုင်းနေ့ များလို
ကျွန်မတစ်ယောက်တည်း အထီးမကျန်တော့ဘဲ ကျွန်မနောက်မှာ အဖော်သူငယ်ချင်းမလေးပါလာခဲ့ပါတယ်။ဒီ့အတွက်
ကျွန်မပျော်နေခဲ့မိတယ်..။ကျွန်မသူငယ်ချင်းမလေးကိုလည်း စိတ်ညစ်တာပျောက်စေချင်ခဲ့မိတယ်..။

သူမ စိတ်သက်သာရာရအောင် စကားတွေလျှောက်ပြောလာရင်း တစ်နေရာအရောက်လမ်းဘေးပလက်ဖောင်းတစ်ခုမှာ
ထိုင်ပြီး တစ်ခုခုကိုစိတ်ဝင်တစားလုပ်နေတဲ့ ကလေးလေးတစ်ယောက်ကို ကျွန်မ လှမ်းမြင်ခဲ့ပါတယ်..။အသေအချာကြည့်လိုက်တော့ အိမ်လေးတွေလုပ်ရောင်းတဲ့ဈေးသည်လေးတစ်ဦး..။ဆိုင်ကယ်ကို ဆက်မောင်းလာရင်း..ကျွန်မစိတ်ထဲ စောနကကလေးလေးရောင်းတဲ့ အိမ်လေးတွေအားပေးချင်လာမိတယ်..။ဈေးရောင်းမကောင်းမှာကိုလည်း စိုးရိမ်မိလာတယ်..။ကျွန်မတို့ မြန်မာကားတွေထဲကလို ဈေးရောင်းမကောင်းရင် အိမ်ကနေ ရိုက်နှက်မယ့် မိထွေးများရှိနေမလားဆိုပြီး
ကျွန်မတွေးမိတာနဲ့ တစ်ပြိုင်နက်...ကျွန်မဆိုင်ကယ်လေးကို ကလေးလေးရှိရာကို ပြန်လှည့်ခဲ့ပါတော့တယ်..။

ကလေးလေးနားအရောက် "သား အိမ်လေးတွေဘယ်လိုရောင်းလဲ"လို့  ကျွန်မမေးလိုက်ပါတယ်..။ကလေးလေးက"တစ်လုံးကို ငါးရာပါဆရာမ "လို့ ပြန်ဖြေပါတယ်..။ကျွန်မစိတ်ထဲ ကလေးလေးကို စကားပြောချင်စိတ်တွေပေါက်လာမိတာနဲ့ သိချင်တာလေးတွေ
မေးခဲ့မိပါတော့တယ်..။

"သားသားနာမည်ဘယ်လိုခေါ်လဲ"

"ဝေဖြိုးပါဆရာမ"

"သားသားကျောင်းတက်သေးလား"

"မတက်ဘူးဆရာမ "

"ဘယ်နှစ်တန်းနဲ့ ထွက်ခဲ့တာလဲသား"

"သားကျောင်းကိုလုံးဝကိုမနေခဲ့ရတာပါဆရာမ သားအမေက သားသုံးလသားမှာ ရောဂါနဲ့ သေသွားတာပါ...။သားကအဖေ
နဲ့ နေတာပါ...။သားတို့ ကဆင်းရဲတော့ ကျောင်းမနေနိုင်ပါဘူးဆရာမ.."

"သားအဖေက ဘာအလုပ်လုပ်တာလဲ"

"ခုအိမ်လေးတွေဆောက်တာပါဆရာမ သားက အဖေလုပ်ပေးတာလေးတွေကို လိုက်ရောင်းတာပါ.."

"ဟုတ်လား သားကြီးလာရင် ဘာလုပ်မယ်စိတ်ကူးလဲ"

"ဒီအလုပ်ပဲ လုပ်ရမှာပေါ့...။သားက ဒါပဲလုပ်တတ်တာလေ..။
သားကိုအဖေက အရမ်းချစ်တယ်ဆရာမရဲ့..။သားကို ဘယ်
တုန်းကမှစုတ်စုတ်ချာချာမထားခဲ့ဘူး..။သားစားချင်တာလည်းကျွေးတယ်သားမလိမ်မာတာရှိရင်တော့ ရိုက်တယ်"

စုတ်စုတ်ချာချာမထားဘူးဆိုတဲ့စကားလေးက ကျွန်မရင်ထဲ နင့်လို့ 
သွားခဲ့စေပါတယ်..။သားတစ်ယောက်ရဲ့ အဖေအပေါ်ထားတဲ့ စိတ်..
မိမိဘ၀အပေါ် စိတ်ပျက်အားငယ်ခြင်းမရှိတဲ့ကလေးရဲ့စိတ်..အဲဒီစိတ်က
ကျွန်မကို အသိတစ်ခုတိုးစေခဲ့မိတယ်လေ..။

"သား ခုလိုအလုပ်လုပ်ရတာ စိတ်ညစ်မိလား.."

"ဟင့်အင်း မညစ်ပါဘူးဆရာမ ...။အဖေကပြောတယ် ဘ၀ဆိုတာ ဒီလိုပဲတဲ့..။အလုပ်လုပ်ရမယ်တဲ့..။အလုပ်မလုပ်ရင်လူမဟုတ်ဘူးတဲ့..
ခွေးနဲ့ တူမှာတဲ့.."

ကလေးငယ်အဖြေတွေမှာ တန်ဖိုးမဖြတ်နိုင်တဲ့ ဖလော်တွေပါနေတာကို ကျွန်မသတိထားမိလာပါတယ်..။တစ်နယ်တစ်ကျေးမှ လာရောင်းရတာဖြစ်ကြောင်း အိမ်ငှားနေရကြောင်း အိမ်ငှားခဈေးအရမ်းကြီးတဲ့အကြောင်း..ရောင်းရငွေထဲက
အိမ်ငှားခကို မနည်းစုရကြောင်း...သူ့ အမေက သူတို့ သားအဖ
ဘုရားပွဲဈေး သွားရောင်းနေတုန်း အိမ်မှာ သေသွားခဲ့
ကြောင်း...အဖေပြောပြလို့ သိရတယ်လို့ ဆိုပါတယ်..။ကျွန်မ
မေးခွန်းတွေမေးနေစဉ်တစ်လျောက်လုံး ကလေးရဲ့..မျက်နှာကို
စေ့စေ့ကြည့်နေခဲ့ပါတယ်..။သူ့ မျက်ဝန်းထဲက အဖြေကိုရှာနေခဲ့ပါတယ်..။သူ့ ဘ၀သူ အားငယ်တဲ့အရိပ်အယောင်
ဘာတစ်ခုမှ မတွေ့ ရပါဘူး..။သူ့ စိတ်ထဲမှာသူ့ အဖေဆီကရတဲ့ပညာနဲ့ 
ကြီးလာရင်အသက်မွေးမယ်..အဖေကိုလုပ်ကျွေးမယ်ဆိုတာတွေကို မြင်နေရပါတယ်..။ကျွန်မ ကလေးလေးကို မချီးကျူးဘဲမနေနိုင်ပါဘူး..။သူ့ နေရာမှာ ကျွန်မဆိုရင်..သူလိုတွေးတတ်ပါ့မလားတောင်မသိပါဘူး...။ကျွန်မလည်း ကလေးလေးကို မုန့် ဖိုးလေးနှစ်ထောင်ပေးလိုက်ပါတယ်..။ကလေးက အစကမယူပါဘူး..။သူ့ အိမ်လေးကိုပဲဝယ်ပါတဲ့..။အလကားမယူရဘူးလို့ 
အဖေက မှာထားတယ်တဲ့လေ..။ကျွန်မအတင်းပေးတော့မှ ယူရှာပါတယ်..။အဲဒီမှာ ကလေးလေးက အိမ်ကလေးတစ်လုံး ကျွန်မကို လက်ဆောင်ပေးလာပါတယ်..။အဲဒီအိမ်ကလေးက ခုကျွန်မစာကြည့်စားပွဲပေါ်မှာ နေရာယူလို့ နေပါတော့တယ်..။

တကယ်တော့ဘ၀ဆိုတာကျွန်မတို့ ရွေးချယ်ခွင့်မရှိတဲ့အရာပါ..။ကျွန်မ
တို့ တွေ ရထားတဲ့ဘ၀ကို ဘာလို့ များ စိတ်ပျက်အားငယ်နေမလဲနော်..။
ရှင်သန်ခွင့်ရှိနေတဲ့အချိန်လေးမှာ..မိမိတို့ ရရှိထားတဲ့ဘ၀ဆိုတဲ့အပင်လေးကို ပိုးမထိုးအောင်..ရှင်သန်ကြီးထွားအောင် လုပ်ရမှာ ကျွန်မတို့ တာဝန်ပဲ
မဟုတ်ဘူးလားနော်..။ကလေးလေးကို နှုတ်ဆက်ပြီး ပြန်အလာမှာ
တော့ ကျွန်မသူငယ်ချင်းမျက်နှာက စိတ်ညစ်နေတဲ့ အရိပ်တွေ လုံးဝမရှိတော့တာကို ကျွန်မတွေ့ ခဲ့ရပါတယ်..။သူငယ်ချင်း
မလေး ဘယ်လိုနေရမယ်ဆိုတာကို ကောင်းကောင်းကြီး သဘောပေါက်သွားပြီထင်ပါတယ်..။

(မိမိဘ၀ကို အကောင်းဆုံးတည်ဆောက်နိုင်တဲ့ ဗိသုကာပညာရှင်များ
ဖြစ်ကြပါစေနော်)


ချစ်ခင်လေးစားလျှက်
ဆုဂျေ
7.2.2013

Friday, February 22, 2013

ကျေးဇူးတင်စကားလေးတော့ပြောပါ---


ကျေးဇူးတင်စကားလေးတော့ပြောပါ
☼☼☼☼☼********☼☼☼☼☼

အပန်းဖြေစခန်းက ပြန်လာတဲ့ ကားတစ်စီးဟာ လမ်းတစ်နေရာ ရွံ့အိုင်မှာ ရပ်သွားခဲ့တယ်။ ကားပေါ်က သားသားနားနား ဝတ်ဆင်ထားတဲ့လူတစ်ဦးက ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီး “ကျွန်တော့်ကားအောက်ထဲဝင်ပြီး ဘယ်သူ ဝက်အူကျပ်ပေးနိုင်မလဲလို့” အော်ဟစ် အကူအညီတောင်း လိုက်တယ်။ကားရဲ့ ဆီတိုင်ကီက ဝက်အူတစ်ချောင်း ချောင်နေပြီး ဆီတွေယိုနေခဲ့လို့ရပ်သွားတာဖြစ်တယ်။ ဓာတ်ဆီဆိုင်နဲ့ လည်း အတန်ငယ် အလှမ်းဝေးနေတာကြောင့်ကားပိုင်ရှင်ရဲ့စိတ်ဟာ အိုးဖုံးပူပေါ်က ပုရွက်ဆိတ်တွေလိုပဲ လှုပ်ရှားနေခဲ့တယ်။ ကားပိုင်ရှင်ဘေးက လှလှပပပြင်ထားတဲ့ အမျိုးသမီးတစ်ဦးက “ဆုငွေရှိရင် ကူတဲ့လူ ပေါ်လာလိမ့်မယ်” လို့ပြောတော့ ကားပိုင်ရှင်ဟာ တန်ဖိုးကြီး ငွေစက္ကူတစ်ရွက်ကို အလျှင် အမြန်ထုတ်ပြီး “ဝက်အူကျပ်ပေးတဲ့လူ ဒီပိုက်ဆံနဲ့ ထိုက်မယ်” လို့ ပြောလိုက်တယ်။
ဝိုင်းကြည့်နေတဲ့ လူတွေထဲက လူငယ်တစ်ဦး တစ်ချက်လှုပ်သွားတယ်။ ဒါပေမယ့် ဘေးလူတစ်ယောက်က “ပိုက်ဆံရှိသူတွေရဲ့ စကားကို မယုံနဲ့” ဆိုပြီးလှမ်းဆွဲလိုက်တယ်။ အဲဒီအချိန်မှာ ကလေးငယ်တစ်က ထွက်လာပြီး “ကျွန်တော် ကူမယ်” လို့ပြောလိုက်တယ်။ ကလေးငယ်က ကားအောက်ထဲဝင်ပြီး ဝက်အူကို ကျပ်ပေးလိုက်တယ်။ တစ်မိနစ်တောင် မကြာတဲ့အချိန်နဲ့ ကားအောက်က ထွက်ပြီး ကားပိုင်ရှင်ကို မျှော်လင့်ချက်မျက်လုံးနဲ့ ကြည့်နေခဲ့တယ်။ ကားပိုင်ရှင်က ကလေးငယ်ကို အခုနားက ငွေကိုလှမ်းပေးမယ်အလုပ်မှာ အမျိုးသမီးက “ဒီငွေကို ပေးမလို့လား? အကြွေတစ်ချို့ ပဲပေးလိုက်ပါ” လို့ ဝင်ဟန့်တယ်။ ကားပိုင်ရှင်က အမျိုးသမီးဆီက ငွေအကြွေကို ယူပြီး ကလေးကိုလှမ်းပေးလိုက်တယ်။
ကလေးက မယူဘဲ ခေါင်းခါပြတယ်။ ဝိုင်းကြည့်နေတဲ့ လူအုပ်ကြားက ဝေဖန်သံတစ်ချို့ထွက်လာတော့ ကားပိုင်ရှင်က အကြွေ တစ်ချို့ ထပ်ပေါင်းပြီး ကလေးကိုကမ်းပေး ပြန်တယ်။ ကလေးငယ်က ခေါင်းခါပြန်တော့ စိတ်ဆိုးပြီး “ဘာလဲ? မင်းကနည်းသေးတယ်လို့ ထင်လား? နည်းတယ်ထင်ရင် လုံးဝမပေးတော့ဘူးနော်” လို့ အော်လိုက် တယ်။
“နည်းတယ်ထင်လို့ မဟုတ်ပါဘူး။ ကျွန်တော့်ဆရာမက ပြောပါတယ်။ လူတွေကို ကူညီတာ အကျိုးအမြတ် ရဖို့အတွက် မဟုတ်ပါဘူး” လို့ ကလေးငယ်က ပြန်ပြောတော့ “ဒါဆို မင်းဘာဖြစ်လို့ မသွားသေးတာလဲ?” ကားပိုင်ရှင်က စိတ်ပျက်လက်ပျက် မေးပြန်တယ်။ “ခင်ဗျားဆီက ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းကို ကျွန်တော်စောင့်နေတာပါ” လို့ ကလေးက ပြန်ပြော လိုက်တယ်။

လူအချင်းချင်းကြားက အပြန်အလှန်နားလည်မှုဟာ တော်တော်လေး ကြောက်ဖို့ကောင်းမှန်း ဒီပုံပြင်က ပြော သွားခဲ့ပါတယ်။ တူညီတဲ့ အဖြစ်အပျက်တစ်ခုမှာ ကာယာကံရှင်ဖက်က ကြည့်ရင်တစ်မျိုး၊ တစ်ခြားလူဖက်က ကြည့်ရင်တစ်မျိုး စတဲ့ အမြင်မတူတာတွေ ရှိတတ်ကြတယ်။ ဘာသာစကားက လူတွေကြားမှာရှိတဲ့ လွဲမှားတဲ့ နားလည်မှုကိုအဆက်အသွယ်လုပ်ပေးခဲ့တယ်။ ဒါပေမယ့် ဘာသာစကားက လူတွေရဲ့ ကြားအထင်အမြင်လွဲမှားမှုကို တကယ်ဖြေရှင်းပေးနိုင်သလား? ဘာသာစကားနဲ့ လူတွေကြားမှာ မရှိသင့်တဲ့ အမှားတွေကို ကာကွယ်နိုင်ဖို့ လူတိုင်းမျှော်လင့်ခဲ့ကြသလား?
--~--~---------~--~----~------------~-------~--~----~


မှန်ကန်သောလူမျိုးရေးတရား


မှန်ကန်သော လူမျိုးရေးတရား
----- ----- ----- ----- -----

လူမျိုးရေးတရား ဆိုတာ ဘာလဲ။ ကိုယ့်အမျိုးကိုသာ ချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းတာ လူမျိုးရေး တရားလား။

မဟုတ်ဘူး။ ကိုယ့်အမျိုးကိုချစ်ယုံနဲ့ ဒီ့ပြင်လူမျိုးကို မုန်းဘို့မလိုဘူး။

သို့်သော် ကိုယ့်အမျိုးအကျိုးကို လာထိတဲ့ လူတွေကိုတော့ အတွင်းကလူ ဖြစ်ဖြစ် အပြင်ကလူ ဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမယ်။


ဒါက ငါတို့အမျိုးရဲ့ ရန်သူ အဖြစ်သာ နှိမ်နင်းခြင်းဖြစ်တယ်။ ဘယ်လူမျိုး ဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာ မဟုတ်ဘူး။


ရာဇဝင်ကိုကြည့်ရင် ကမ္ဘာ့လူမျိုး တွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာ တွေ့ရမှာပဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြမှာပေါ့။

ဒါပေမယ့် တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးရေးလို့ ထင်တာ တထစ်ချမှားတယ်။

ကျုပ်တို့ဟာ မဆိုင်တဲ့ တခြားလူမျိုးတွေကို မုန်းဘို့မလိုဘူး။


ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာပဲ ရှမ်းပဲ ကရင်ပဲ ချင်းပဲ စသဖြင့် ခွဲစရာမလိုဘူး။

ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။

ငါတို့ဟာ အမှန်နဲ့ အတု ၊ ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။


လူမျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပါတ်သတ်ပြီး ကျုပ်မှာချင်တာပဲ။

ဇာတိမာန် ကောင်းကောင်းထားတတ်အောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။

ဗမာတွေက လူဖျင်းတွေ လူပျင်းတွေ လူကြောက်တွေ လူပိုတွေ လူရိုင်းတွေ လူ့ဂွစာတွေ လူ့မတရားတွေ ၊ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။

ဗမာ တွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။

အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ ပတ်သတ်ပြီး မှာချင်တာပဲ။ ။


ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း



( ၁၉၄၄ မတ်လ ၁၃ ရက် ၊ မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်းပွဲ မိန့်ခွန်းမှ )

နှောင်းနောင်တ


 ကျွန်တော့်အမေဟာ သူများတွေရဲ့ အမေနဲ့မတူဘူး။ သူ့မှာ မျက်လုံးတစ်ဘက်ဘဲရှိတယ်….
အတော်ကို ရုပ်ဆိုးပါတယ်… သိပ်ကိုရှက်ဖို့လည်းကောင်းတယ်။ ဈေးဆိုင်လေး ခပ်သေးသေး
၊ စုတ်ပြတ်ပြတ်လေးမှာ အမေက ဟင်းသီး ဟင်းရွက်လေးတွေ ရောင်းတယ်..    ဒီလို
ဆင်းဆင်းရဲရဲ ဈေးရောင်းနေတဲ့ အမေ့ကို ကြည့်ပြီး ကျွန်တော် ရှက်တယ်။
အမေ့ကြောင့် လူတွေက ကျွန်တော်တို့ကို အထင်သေး ကြတယ်။ ဈေးသည်မရဲ့သားလို့လည်း
ကျွန်တော့်ကို ကဲ့ရဲ့ကြတယ်။သူများအမေတွေလို ချမ်းသာအောင် ဘာလို့မလုပ်သလဲဆိုတာ
အမေ့ကို ကျွန်တော် နားမလည်နိုင်ပါဘူး။ ဒါကြောင့် အမေ့ကို ကျွန်တော်မချစ်ဘူး..
မုန်းတယ်။

 ဒီနေ့ ကျွန်တော်တို့ကျောင်းမှာ အားကစား ပြိုင်ပွဲတွေ လုပ်တော့
ကျောင်းအုပ်ချုပ်သူတွေက ကျောင်းသား မိဘတွေကို ဖိတ်တယ်လေ။ ကျွန်တော်က အမေ့ကို
မလာစေချင်ဘူး။ အမေလာရင် ကျွန်တော် အရှက်ကွဲမယ်ဆိုတာ သိနေတယ်။ ဒါကြောင့်
အမေမလာပါစေနဲ့လို့ စိတ်ထဲက အခါခါ ဆုတောင်းမိတယ်။ ဒါပေမဲ့ ကျွန်တော်
ဆုတောင်းမပြည့်ပါဘူး။ အမေ  ကျောင်းကို ရောက်လာခဲ့တယ်။ ကျွန်တော် ဒေါသတွေ
အလိပ်လိုက်ထွက်မိတယ်။ အမေ ဘယ်လိုများ လုပ်လိုက်တာလဲ ..  လူတွေကြားမှာ
ကျွန်တော့်ကို သက်သက် အရှက် လာခွဲတာနဲ့ အတူတူဘဲ။ ရှက်စရာ ကောင်းလိုက်တာ..
အခုတော့ ကျွန်တော့်အမေဟာ ရုပ်ဆိုးဆိုးနဲ့ မျက်လုံးတစ်ဖက်ထဲ ရှိတဲ့သူဆိုတာ
ကျောင်းက သူငယ်ချင်းတွေ အကုန် သိကုန်ပြီ…သူငယ်ချင်းတွေ ကျွန်တော့်ကို
လှောင်သလိုလိုနဲ့ ဝိုင်းကြည့်တဲ့အခါ ကျွန်တော် မခံနိုင်တော့ဘူး ကျွန်တော်
အမေ့ကို ခါးခါးသီးသီး ကြည့်လိုက်မိတယ်။ ပြီးတော့ ကျောင်းထဲကနေ
ပြေးထွက်ခဲ့မိတော့တယ်။


 နောက်တစ်နေ့ ကျောင်းတက်တော့ အတန်းဖော်တွေက ကျွန်တော့ကို ၀ိုင်းပြီး စကြ
နောက်ကြတယ်။ "မင်းအမေက မျက်လုံး တစ်ဘက်တည်းရှိတယ်နော်၊ ရုပ်ကလည်းဆိုးလိုက်တာ "
တဲ့။ ဒီလိုပြောတာတွေ ကျွန်တော် မခံနိုင်ဘူး။ ဒေါသလဲထွက်၊ ရှက်လဲရှက်မိတယ်။
အမေ့ကို ကမ္ဘာမြေကြီးပေါ်ကနေ ပျောက်ကွယ် သွားပါစေလို့ကို ဆုတောင်းမိတယ်…
ကျွန်တော့်အမေက သူများအမေတွေလို ကြည့်ကောင်းတဲ့ရုပ်ရည်လဲ မရှိဘူး.. ပိုက်ဆံလဲ
မချမ်းသာဘူး..... မျက်လုံးတစ်ဖက်တည်းနဲ့ အတော့်ကိုကြည့်ရဆိုးတဲ့ ကျွန်တော်
အမေ့ကို အရမ်းမုန်းတယ်။ အိမ်ပြန်ရောက်တော့ ကျွန်တော် အမေ့အနားကိုသွားပြီး
အေးစက်မာကြောစွာနဲ့ မေးပစ်တယ်..


" အမေ.. အမေ့မျက်လုံးတစ်ဘက်က ဘယ်ရောက် သွားတာလဲ ..  အမေက သူများအမေတွေ လိုလဲ
မလှဘူး…. ရုပ်ကဆိုး. ဆင်းကလဲ ဆင်းရဲသေးတယ်…..အမေဟာ ကျွန်တော့ကို
အရှက်ခွဲဖို့သက်သက်များ အသက်ရှင်နေတာလား…  အမေဘာကြောင့် မြန်မြန်မသေတာလဲ"

အမေက ဘာမှကို ပြန်မပြောရှာပါဘူး။   ၀မ်းနည်းကြေကွဲနေတဲ့ မျက်နှာလေးနဲ့ တိတ်တိတ်
ဆိတ်ဆိတ်ဘဲ  လုပ်စရာရှိတာကို လုပ်နေခဲ့တယ်။ ကျွန်တော် အမေ့ကို အဲလို
ပြောလိုက်မိလို့ နည်းနည်းတော့ စိတ်မကောင်း ဖြစ်သွားမိတယ်… ဒီစကားက သိပ်ကို
ရက်စက်လွန်းရာကျသွားမယ်ဆိုတာ ကျွန်တော်သိပါတယ်..  ဒါပေမဲ့ တစ်ချိန်တည်းမှာဘဲ
အဲဒီလို ပြောလိုက်ရတာကိုလည်း ကျေနပ် သွားမိတယ်။ ကျွန်တော် တစ်ချိန်လုံး အမေ့ကို
အဲဒီစကားတွေ ပြောချင်နေခဲ့တာလေ။

အဲဒီည….      ကျွန်တော် တစ်ရေးနိုးလားတော့ ရေဆာတာနဲ့ ရေသောက်ဖို့ ထမင်းစား
ခန်းထဲကို  အသွား အခန်းထောင့်ကလေးမှာ ကုတ်ကုတ်လေးထိုင်ပြီး တိတ်တိတ်လေး
ငိုကြွေးနေတဲ့ အမေ့ကို ကျွန်တော် တွေ့လိုက်တယ်..   ကျွန်တော်
နိုးသွားမှာစိုးလို့ အသံမထွက်ရှာဘဲ တိုးတိုးလေး  ငိုနေတဲ့ အမေ။        အမေ့ကို
ကျွန်တော် တစ်ချက်ကြည့်ပြီး ထမင်းစားခန်းကနေ အမြန်ဆုံး ပြန်ထွက်လာခဲ့တယ်။ တကယ်တော့
နေ့လည်က အမေ့ကို ကျွန်တော်ပြောလိုက်မိတဲ့စကာြးေ
ကာင့် ကျွန်တော် ကိုယ်တိုင်လည်း
အသည်းနှလုံးထောင့် တစ်နေရာမှာလဲ တဆစ်ဆစ်နဲ့ ကိုက်ခဲ နေသလိုပါဘဲ။ ဒါပေမဲ့
အရုပ်ဆိုးလှတဲ့  မျက်လုံး တစ်ဖက်တည်းနဲ့ ငိုနေတဲ့အမေ့ကို ကျွန်တော် မုန်းတယ်။

ဒီတော့….  ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်မိတယ်….

*"ခုချိန်ကစပြီး ငါ့ခြေထောက်ပေါ်  ငါ ရပ်တည် နိုင်အောင် ကြိုးစား တော့မယ်…
ငါ့ဘ၀ကို အောင်မြင်အောင်လုပ်မယ်..ငါအမေ့ကို မုန်းတယ်..ပြီးတော့ ဒီ
စုတ်ပြတ်ဆိုးဝါး လှတဲ့ ဆင်းရဲခြင်းကို ငါမုန်းတယ်။ ဒီကနေ ငါ လွတ်အောင်
ရုန်းမယ်။   အမေ့ဆီကနေ…..  ပြီးတော့ ဆင်းရဲခြင်းဆီကနေ ငါ ရုန်းထွက်တော့မယ်။ "*

**
ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့အတူ အမေ့အိမ်ကနေ ထွက်လာပြီး ဆိုလ်းမြို့မှာ
ကျွန်တော် ပြင်းပြင်းထန်ထန် ကြိုးစားတယ်.. ကျွန်တော့်ဘ၀အတွက်၊
ရှေ့ခြေလှမ်းတွေအတွက်၊ ရည်မှန်းချက် အပြည့်နဲ့ပေါ့။ အထက်တန်းအောင်တော့
ဆိုလ်း တက္ကသိုလ်ကြီးမှာ ပညာသင်ခွင့် ရတယ်. ကျွန်တော် ကိုယ့်ကိုယ်ကို
ယုံကြည်ချက်တွေ ပိုပြီး ပြင်းထန် လာတယ်၊  ခိုင်မာလာတယ်။ ကျောင်းပြီးတော့
လှပချောမောတဲ့ အမျိုးသမီးလေးတစ်ယောက်နဲ့ ကျွန်တော် အိမ်ထောင်ပြုတယ်။
စီးပွားရေးလဲ အဆင်ပြေတော့ ကိုယ်ပိုင် အိမ်နဲ့ ဘာနဲ့ ဖြစ်လာတယ်။  သားသမီးတွေ
ရလာတယ်။   ခုတော့ ကျွန်တော့် ဘ၀မှာ  ပျော်ရွှင် သာယာတဲ့ အိမ်ထောင်နဲ့၊
အောင်မြင်တဲ့ လူတစ်ယောက်အဖြစ်  ရပ်တည်နေနိုင်ပြီ။  ဒီမှာနေရတာ ကျွန်တော်
သဘောကျတယ်။ ကျွန်တော်ဘ၀ရဲ့ အတိတ်၊ ရုပ်ဆိုးလှတဲ့ ကျွန်တော့်အမေအကြောင်း၊
ဆင်းရဲလွန်းတဲ့ ကျွန်တော့ငယ်ဘ၀  အဲဒါတွေကို သတိရစရာ ပြန်အမှတ်ရစရာ ဘာမှလဲ
မရှိတော့ဘူး။ အစဖော်ပေးမဲ့သူလည်း မရှိတော့ဘူး။ ကျွန်တော်ရဲ့ အတိတ်တွေ
အားလုံးကို မေ့ထားပြီး ခုလက်ရှိဘ၀မှာ ကျွန်တော် ပျော်နေပြီ။  ကျေနပ်နေပြီ။

ဒါပေမဲ့.. ဒါပေမဲ့ပေါ့.. ကျွန်တော် ဘ၀ကို အကျေနပ်ကြီး ကျေနပ်ပြီး
ပျော်ရွှင်နေတုန်းမှာ  လုံးဝ ဘယ်တုန်းကမှ မမျှော်လင့်ထားတဲ့ သူတစ်ယောက်
ကျွန်တော့်ရှေ့ကို ရောက်လာတယ်.. သူ့ကို ကျွန်တော် ရုတ်တရက်တော့ မမှတ်မိပါဘူး။
အတော်ကို အသက်ကြီးပြီး ပိန်ချုံးချိနဲ့နေတဲ့ အမျိုးသမီးတစ်ယောက်ပါ။
ဟောင်းနွမ်းဆွေးမြေ့နေတဲ့ အဝတ်အစားတွေက တော်တော်ကို နွမ်းရိလို့နေတယ်။ အဲဒီ
အဖွားကြီးကို ကျွန်တော် သေချာကြည့်လိုက်မိတော့

*"ဘုရားရေ..   အမေပါလား.."*
*အမေက ခုချိန်ထိ မျက်လုံးတစ်ဘက်ပျက်ကြီးနဲ့ရှိနေတုန်း။    ဘယ်လိုက ဘယ်လို
ကျွန်တော့ဆီရောက်လာတာလဲ။ ဆိုးလိုက်တာဗျာ*

**
ကောင်းကင်ကြီး တစ်ခုလုံး  ကျွန်တော့ရှေ့ကို ပြိုကျလာသလိုဘဲ….  အိမ်ရှေ့မှာ
ဆော့ကစားနေတဲ့ ကျွန်တော့သမီးလေးက မျက်လုံး တစ်ဖက်တည်းနဲ့ ရုပ်ဆိုးလှတဲ့ အမေ့ကို
မြင်တော့ လန့်အော်ပြီး အိမ်ထဲကို ပြေးဝင်သွားတယ်..  အိမ်ရှေ့မှာ ရပ်နေတဲ့
အမေ့ကိုတစ်လှည့်၊ လန့်ပြီး အိမ်ထဲပြေးဝင်သွားတဲ့ ကျွန်တော့်သမီးကို တစ်လှည့်
ကြည့်ရင်းနဲ့ ကျွန်တော့်ဒေါသတွေ ဒီရေလို တက်လာတယ်။

*"ခင်ဗျားဘယ်သူလဲ..  ဘာကြောင့် ဒီအိမ်ရှေ့မှာ လာရပ်နေတာလဲ။ ခင်ဗျားကို
ကျုပ်မသိပါလား ..  ကျုပ်သမီးလေး ခင်ဗျားရဲ့ ရုပ်ကြီးကို မြင်ပြီး လန့်သွားပြီ။
သွား…..   ခင်ဗျား ခုချက်ခြင်း ကျုပ်အိမ်ရှေ့က ထွက်သွား"*
*
*
ကျွန်တော် မသိဟန်ဆောင်ပြီး တကယ့်ကို  မမှတ်မိသလိုနဲ့ အမေ့ကို ပြောပစ်လိုက်တယ်..
အော်ငေါက်ပစ်လိုက်တယ်။

"အိုး ၀မ်းနည်းပါတယ်ရှင်…. ကျွန်မ အိမ်လိပ်စာမှားပြီး ၀င်လာမိတာပါ"…

အမေက တိုးတိုးတိတ်တိတ် တုန်ယင်နေတဲ့ လေသံလေးနဲ့ ပြန်ဖြေပြီး
ကျွန်တော့်မျက်စိရှေ့ကနေ တစ်ရွေ့ရွေ့နဲ့ ပျောက်ကွယ်သွားတယ်..
"တော်ပါသေးရဲ့..ဘုရား မ လို့..   အမေ ကျွန်တော့်ကို
မမှတ်မိဘူး..ကျွန်တော့်စိတ်တွေ အတော် သက်သာရာ ရသွားတယ်.. "   ကိုယ့်ကိုယ်ကို
ပြောမိတယ်.. "ငါနောက်ကို သတိထားစရာ မလိုတော့ဘူး…   ငါ့ဘ၀တစ်လျှောက်လုံး
ဒီအကြောင်းတွေ ထပ်ပေါ်လာတော့မှာ  မဟုတ်တော့ဘူး" အမေလှည့်မထွက်ခင်မှာ
မျက်လုံးထဲမှာ မျက်ရည်တွေ ရစ်ဝိုင်းနေတာကို သူတွေ့လိုက်မိသလိုလိုတော့ ရှိသား။
ဒါပေမဲ့ ကျွန်တော် အဲဒီအကြောင်းကို မစဉ်းစားချင်တော့ဘူး။ သာယာလှပ
အခြေကျနေပြီဖြစ်တဲ့ ကျွန်တော့်ဘဝထဲကို ဆင်းရဲပြီး ရုပ်ဆိုးလှတဲ့ အမေ့ကို
ခေါ်မသွင်းနိုင်တော့ဘူး။

တစ်နေ့ ကျွန်တော့်ဇာတိရွာကလေးက ငယ်ငယ်ကနေခဲ့တဲ့ကျောင်းကနေ ကျောင်းသားဟောင်းတွေ
ပြန်လည်တွေ့ဆုံပွဲ လုပ်မဲ့ ဖိတ်စာလေး ရောက်လာတယ်။ ကျွန်တော်ဒီမှာ ရှိနေတယ်ဆိုတာ
စီးပွားဖက်ဖြစ်နေတဲ့ ငယ်သူငယ်ချင်းဟောင်း တစ်ယောက်ကနေ သိသွားပြီး
ဖိတ်စာရောက်လာခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ အတိတ်အကြောင်းတွေ ပြန်လည် ခြေချမိမဲ့
အဲဒီနေရာကို ကျွန်တော်မသွားချင်ပါဘူး။ မသွားချင်ပေမဲ့ သူငယ်ချင်းမျက်နှာကြောင့်
ကျွန်တော် သွားရဦးမယ်။ ကျွန်တော့်မိန်းမကို အမှန်အတိုင်းမပြောဘဲ စီးပွားရေး
ကိစ္စနဲ့ ခရီးထွက်စရာ ရှိတယ်လို့ ကျွန်တော် လိမ်လိုက်တယ်။ ကျွန်တော့်ရဲ့
ဆင်းရဲတဲ့ငယ်ဘ၀အကြောင်း ကျွန်တော့်မိန်းမကို ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူးလေ။

မွေးရပ်မြေရောက်တော့ ကျွန်တော် တည်းခိုခန်းတစ်ခုမှာ တည်းပါတယ်။
ကျောင်းမှာပြုလုပ်တဲ့ တွေ့ဆုံပွဲပြီးတော့  ကျွန်တော် ငယ်ငယ်ကနေခဲ့တဲ့
အိမ်လေးကို သွားကြည့်ချင်စိတ်တွေ ပေါက်လာတယ်။ တကယ်တော့ အိမ်လို့သာ ခေါ်တာပါ..
အိမ်နဲ့တောင် မတူပါဘူး…  အမိုးအကာ မလုံတဲ့ တဲကုတ်လေးပါ…  စိတ်ထဲက ဘာရယ်မဟုတ်ဘဲ
စပ်စုချင်တဲ့စိတ်ကလေးနဲ့ အိမ်ကလေးက ဘယ်လိုများ ဖြစ်နေမှာပါလိမ့် လို့
တွေးမိပြီး ကြည့်ချင်တာနဲ့ ထွက်လာခဲ့တာပါ။ ကျွန်တော်ရောက်သွားတော့ အိမ်တံခါးက
သော့မခတ်ထားပါဘူး။ ကျွန်တော် တံခါးကို အသာတွန်းဖွင့်လိုက်တော့ တံခါးက
ပွင့်သွားခဲ့တယ်။ အဲ.. အဲဒီမှာ အဖွားအိုတစ်ယောက် အေးစက်စိုစွတ်နေတဲ့
မြေပြင်ပေါ်မှာ လဲကျနေတာ တွေ့လိုက်ရတယ်။   ဘယ်သူများဖြစ်မလဲ.
ကျွန်တော့်အမေဘဲပေါ့။ ဒါပေမဲ့ ကျွန်တော် မျက်ရည်ကျဖို့ မပြောနဲ့   ၀မ်းနည်းတဲ့
စိတ် နည်းနည်း လေးတောင်  မဖြစ်မိဘူး။ အမေမှန်းသိလိုက်ရလို့ အနားကို တိုးကပ်ပြီး
ငုံ့ကြည့်လိုက်တော့ အမေ့လက်ထဲမှာ စာရွက်ပိုင်းလေးတစ်ခု ဆုပ်ကိုင်ထားတာကို
တွေ့ရတယ်…  ဘာများဖြစ်မလဲလို့ ကျွန်တော်ယူကြည့်မိလိုက်တော့ အမေရဲ့ မပီမသ၊ မလှမပ
ပဲပင်ပေါက်လို လက်ရေး လေးတွေနဲ့ ရေးထားတဲ့ စာလေးတစ်စောင်..

*အမေချစ်တဲ့ သားလေးရေ…*

**
*အမေ မကျန်းမမာ ဖြစ်နေတာကြာပါပြီ။   အမေမသေခင် သားလေးဖတ်ဖို့ ဒီစာလေး
ရေးထားခဲ့ချင်လို့ပါ… အမေ နေရတော့မယ် မထင် ပါဘူးကွယ် ….
သားလေးရှိတဲ့ဆိုလ်းကိုလဲ နောက်တစ်ကြိမ် ဘယ်တော့မှ အမေရောက်နိုင်တော့မှာ
မဟုတ်ပါဘူး။   အမေ့ဆီ တစ်ခေါက်လောက် သားလေးကို လာလည် စေချင်လိုက်တာကွယ်။ အမေလေ
သားလေးကို အရမ်းလွမ်းလို့ပါ၊ တွေ့ချင်လွန်းလို့ပါ၊  ကျောင်းသား ဟောင်းတွေ
ပြန်လည်တွေ့ဆုံပွဲကို သားလေးလာမယ်ဆိုတာ သတင်းကြားမိတော့ အမေ ၀မ်းသာ လိုက်တာ..
ဒါပေမဲ့ သားလေးရဲ့ကျောင်းကို အမေမလာဖို့ ဆုံးဖြတ် ထားပါတယ်…  အဲဒါက
ငါ့သားအတွက်ပါကွယ်။ အမေလာရင် သားလေး သိမ်ငယ်မှာ အမေသိပါတယ်။ အမေ့မှာက
မျက်စိတစ်ဖက်ထဲ ရှိတာကိုး။ ဒီအတွက်နဲ့  သားကို အရှက်ရစေတာ အမေ
ဝမ်းနည်းပါတယ်သားရယ်။*

**
*ဘာကြောင့် အမေ့မှာ မျက်လုံးတစ်ဖက်ထဲ ရှိတယ်ဆိုတာ
အမေပြောပြပါ့မယ်သားရယ်…  အမှန်တော့ သားငယ်ငယ်တုန်းက  ဆော့ကစားရင်း
မတော်တဆဖြစ်ပြီး မျက်စိတစ်ဖက် ပျက်စီး သွားခဲ့တယ်။ မိခင် တစ်ယောက် အနေနဲ့
မျက်စိတစ်ဖက် မရှိတော့တဲ့ သားကို ဘယ်လိုလုပ် ကြည့်ရက်နိုင်ပါ့မလဲကွယ်။
သားကြီးလာရင် မျက်စိတစ်ဖက်တည်းနဲ့ လူတွေကြားမှာ ဘယ်လိုများ နေမလဲလို့
အမေတွေးကြည့်တိုင်း စိတ်ဆင်းရဲမိတယ်။ ယူကျုံးမရ ဖြစ်ရတယ်။ ကြီးလာရင် ငါ့သားလေး
ရှက်တော့မယ်ဆိုတာ အမေသိတယ်။ အမေက  အသက်ကြီးပြီ။  သားက လူ့ဘ၀ကို အရှည်ကြီး
လျှောက်လှမ်းရဦးမှာလေ…  ဒါကြောင့် အမေ့ရဲ့မျက်စိတစ်ဖက် သားကို ပေးလိုက်တာပါ။ *
*
*
*ငါ့သားလေး လောကကြီးကို အမေ့ရဲ့မျက်လုံးနဲ့ ကောင်းကောင်းမွန်မွန်
ပြန်မြင်လာနိုင်တဲ့ အတွက် သားကို ကြည့်ပြီး  အမေ၀မ်းသာမိတယ်။ ကျေနပ်မိတယ်။
အမေ့မှာ မျက်လုံးတစ်ဖက် သားကိုပေးလိုက်ရပေမဲ့ အဲဒီအတွက် အမေဘယ်တော့မှ
စိတ်မကောင်း မဖြစ် ပါဘူး။ ၀မ်းလဲ မနည်းခဲ့ဘူး၊    ငယ်ငယ်က အမေ့ကို သားလေး
စိတ်ဆိုးခဲ့ဖူးတယ်။ စိတ်ဆိုးပြီး အမေ့ကို ပြောခဲ့၊ ဆိုခဲ့တာတွေ  အမေ သားကို
ဘယ်တော့မှ ဗွေမယူခဲ့ပါဘူး။ ငါ့သားလေးငါ့ကို ချစ်လို့ပြောတာဘဲလို့
အမေတွေးခဲ့ပါတယ်..  အမေသားကို ချစ်တယ် သားရယ်၊ သားဟာ အမေ့ရဲ့ ဘ၀ ၊ အမေရဲ့
ကမ္ဘာပါကွယ်။*

**
စာကို ကိုင်ထားတဲ့ ကျွန်တော့လက်တွေ တစ်ဆတ်ဆတ် တုန်ရီလာသလို၊ ကျွန်တော့
ခြေထောက်တွေစာလည်း မြေပြင်ပေါ်မှာ ရပ်တည်နိုင်စွမ်း မရှိတော့ပါဘူး။
ကျွန်တော့်တစ်ကိုယ်လုံး အင်အားချည့်နှဲ့ကုန်ပါပြီ။ "အိုး..
ကျွန်တော့်အသည်းတွေကွဲပါပြီ။ အမေရယ် သားကိုခွင့်မလွှတ်ပါနဲ့၊ ဘယ်တော့မှ
သားမိုက်ကို ခွင့်မလွှတ်ပါနဲ့။"

ကျွန်တော် ရှိုက်ကြီးတငင် ငိုကြွေးနေမိပါပြီ။ ကျွန်တော် သိပ်မုန်းခဲ့တဲ့၊
မျက်လုံးတစ်ဖက်တည်းရှိခဲ့တဲ့ အမေဟာ ကျွန်တော့် အတွက် သူ့မျက်လုံးကို
စွန့်လွှတ်ခဲ့တယ် ဆိုတာ အမေသေမှ ကျွန်တော်သိလိုက်ရပါပြီ.. ကျွန်တော့်အတွက်
ပေးဆပ်အနစ်နာခံပြီး ချစ်သွားတဲ့ အမေ့ရဲ့မေတ္တာကို ဘယ်တုန်းကမှ မသိတတ် နားမလည်
တတ်ခဲ့တဲ့ ကျွန်တော် ၊ ဘယ်တုန်းကမှ မငိုခဲ့ဖူးတဲ့ ကျွန်တော် လူမိုက်ကြီး၊
ခုတော့ မဆုံးနိုင်တဲ့ မျက်ရည်တွေနဲ့ အမေ့အတွက် ငိုကြွေးနေမိပါပြီ။

 ကျွန်တော့်လို မိဘကျေးဇူး မသိတတ်တဲ့သား၊ မိဘစေတနာကို နားမလည်တဲ့ သားမျိုး၊
မိဘသေမှ နောင်တရတဲ့သားမျိုး ဘယ်တော့မှ မဖြစ်ကြပါ စေနဲ့ဗျာ။



အဆုံးမရှိသော အနန္တမေတ္တာရှင် မိခင်ကျေးဇူးကို အထူးအောက်မေ့သတိရလျှက် A Mother's
Sacrifice ( Unknown Author) ကို ရင်နင့်စွာ ဘာဘာပြန် ရေးဖွဲခဲ့ပါသည်။

သူတို့တွေနဲ့မတူချင်

ပင်လယ်ရေပြင်ကျယ်ကြီးနားရောက်တေ
ာ့ လေပြင်းမုန်တိုင်းတွေ ၊ သင်္ဘောပျက်တာတွေကိုလည်း မြင်ယောင်ကြည့်ဖြစ်နေတယ်။ သဘောင်္ပျက်လို့ ဖောင်တစ်ခုပေါ်ရောက်နေတဲ့ လူတစ်စုအကြောင်းကိုလည်း အမှတ်ရပါရဲ့ ။ မသေမပျောက်ဘဲ ဖောင်ပေါ်ရောက်တဲ့အတွက် ကံကောင်းတယ်လို့ ယူဆရမှာလား .. ။

ဖောင်ပေါ်မှာက လူခုနှစ်ဦး .. ။ အဲဒီခုနှစ်ဦးထဲက တစ်ဦးကတော့ ကံကောင်းလို့ ဖောင်ပေါ်ရောက်နေတယ်လို့ မြင်ပုံမရဘူး။ သူက တစ်လောကလုံးကို အမြဲပဲအဆိုးမြင်နေတတ်တဲ့ အဆိုးမြင်ဝါဒီ Pessimist ဖြစ်တယ်တဲ့။ လောကမှာ ကောင်းမြတ်ပါပေတယ်ဆိုတဲ့ အရာတွေဟာ တကယ်တော့ လူကို ဒုက္ခပိုရောက်အောင် ဆွဲဆောင်လှည့်စားနေတာတွေဖြစ်တယ်
။ ဒီတော့ .. ကောင်းမြတ်ပါပေတယ် ဆိုတာတွေဟာ တကယ်တော့ ကောင်းမြတ်တာတွေ မဟုတ်ဘူးလို့ သူကမြင်တယ်။ အခုလည်း သင်္ဘောပျက်ပြီး ဖောင်ပေါ်ရောက်နေတာဟာ ကံကောင်းလို့ ရောက်နေတာမဟုတ်ဘူး။ ဒုက္ခများများ လူမှာရောက်ဖို့အတွက် အချိန်ဆွဲထားတဲ့ သဘောပဲလို့ သူမြင်တယ်။

ဖောင်ပေါ်က နောက်တစ်ဦးကတော့ အတ္တဗဟိုပြုသမား Egocentric အတ္တဗဟိုပြုဝါဒီဖြစ်တယ်။ သူ့ရဲ့ လက်သုံးစကားကတော့ ဒီကနေ့မှာ ရနိုင်သမျှ ကာမဂုဏ်အာရုံတွေကို ခံစားသာယာပစ်လိုက်ဆိုတာပဲတဲ့။ အခုလို ဖောင်ပေါ်ရောက်နေတုန်းမှာလည်း သက်သက်သာသာလေး နေလို့ရရင် သက်သက်သာသာပဲ နေလိုက်မယ်လို့ သူက သဘောထားတယ်။ အတ္တသမားပီပီ ဖောင်ပေါ်မှာ သူ့အတွက် သက်သက်သာသာ နေလို့ရအောင် ၊ သူများတွေထက် နေရာကျယ်ကျယ်ရအောင် ၊ ထိုင်နိုင် အိပ်နိုင်အောင် ယူထားတယ်။

ဖောင်ပေါ်မှာ နောက်တစ်ဦးကတော့ အကောင်းမြင်သမား Optimist ဖြစ်တယ်။ သူက အကောင်းမြင်သမားပီပီ မိုးကုပ်စက်ဝိုင်းဆီ လှမ်းမျှော်ပြီး ကမ်းကိုမြင်ရတော့မှာပါလို့ ပြောနေတယ်။

ဖောင်ပေါ်က နောက်တစ်ဦးကတော့ စူးစမ်းလေ့လာရေးသမား Observer ဖြစ်တယ်။ စူးစမ်းလေ့လာရေးသမားပီပီ သူကတော့ ပင်လယ်ရဲ့ အနေအထား ၊ လှိုင်းလေတွေရဲ့ အတိုးအဆုတ် ၊ ဖောင်ပေါ်က လူတွေရဲ့ အပြုအမူ ၊ အစာငတ် ရေငတ်ဖြစ်နေကြပုံ ၊ ဖောင်ရဲ့ ပျက်စီးလုနီးနီး အခြေအနေ .. ဒါတွေကို မှတ်တမ်းတင်ဖို့ ကြိုးစားနေတယ်။

ဖောင်ပေါ်က နောက်တစ်ဦးကတော့ အများအကျိုး ဆောင်ရွက်တာကောင်းတယ်လို့ ယူဆတဲ့ ပရဟိတ၀ါဒီ Altruist ဖြစ်တယ်တဲ့ .. ။ ငါဟာ သူတစ်ပါးကို အကူအညီမပေးဘဲ မနေသင့်ဘူး။ သူတစ်ပါးအကျိုးကို ရွက်ဆောင်သင့်တယ်ဆိုတဲ့ အယူအဆ ခိုင်လုံဖို့အတွက် ဆင်ခြင်ဆင်လက်တွေကို သူကရှာနေတယ်တဲ့။

ဖောင်ပေါ်က နောက်တစ်ဦးကတော့ အဆိုးအကောင်းဟူသမျှကို ကြိတ်မှိတ်ပြီး ခံတတ်သူ Stoic ဖြစ်တယ်။ သူက ဘာကိုမှ မယုံကြည်ဘူး။ သူယုံကြည်တာက ပင်လယ်ထဲခုန်ချပြီး ဘ၀ကို မြန်မြန်အဆုံးစီရင်ပစ်လိုက်တော့
မယ် .. ဆိုတဲ့စိတ်ဖြစ်လာတိုင်း ခုန်မချဖြစ်အောင် အဆုံးမစီရင်ဖြစ်အောင် ငြင်းဆန်နေတဲ့ သူ့ရဲ့ ငြင်းဆန်ချက်ကိုတော့ မှန်တယ်လို့ ယုံကြည်နေတာတဲ့ .. ။

ဖောင်ပေါ်က နောက်ဆုံးတစ်ဦးကတော့ လောကကြီးအကြောင်း ဘာဆိုဘာမှမသိတဲ့ ကလေးငယ်ကလေးဖြစ်တယ်။ ဖောင်ရဲ့ မခိုင်ခံ့တော့တဲ့အဖြစ် ၊ ညအမှောင်ထု ဖုံးလွှမ်းလာတော့မယ့် အဖြစ်ကို စိုးရိမ်ရကောင်းမှန်းလည်းမသိ။ မုန်တိုင်းလာတော့မယ့် အတိတ်နိမိတ်တွေကိုလည်း ကလေးငယ်ဟာ ကြောက်ရကောင်းမှန်း မသိဘူး။ ကလေးငယ်အတွက်တော့ ဖောင်ပျက်ရင်လည်း ပျက်တဲ့အထဲပါမယ် ၊ ပင်လယ်ရေထဲကျမယ် ၊ ဒီအတွက် ကလေးငယ်ဟာ တွေးလည်းမတွေးတတ်ဘူး။ ဒီတော့ ကြောက်ရကောင်းမှန်းလည်း မသိဘူး။ စိုးရိမ်ထိတ်လန့်မှုလည်း မရှိဘူး။ အခြေအနေပေးရင်လည်း မိုးလင်းတဲ့အခါ ကမ်းခြေကို ဖောင်ဆိုက်မယ်။ ကလေးငယ်ဟာ ကမ်းပေါ်ရောက်မယ်။ ကလေးငယ်ရဲ့ ဘ၀ဟာ ၊ အခြေအနေတွေဟာ ဖန်တီးတဲ့အတိုင်း ဖြစ်မှာပဲ။

ဖောင်ပေါ်က လူခုနှစ်ဦးဟာ လောကမှာရှိတဲ့ လူတွေမှာ ဖြစ်တတ်တဲ့ သဘောထားခုနှစ်မျိုးကို ရည်ညွှန်းထားတာ ၊ လောကနဲ့ ဘ၀ကို အကောင်းမြင်တဲ့လူရှိတယ်။ အကောင်းမြင်ပေမယ့် လက်တွေ့မှာ ကောင်းတာ ၊ မှန်တာတွေကို မလုပ်နိုင်သူ မဖြစ်ဖို့လည်း လိုမှာပဲ။ လောနဲ့ဘ၀ကို အဆိုးဘက်က ကြည့်မြင်တဲ့လူလည်း ရှိတာပဲ။ အဆိုးမြင်ရာကနေပြီး စိတ်ဓာတ်တွေကျဆင်း ပြိုကွဲသွားသူမျိုး မဖြစ်ဖို့လည်း လိုလိမ့်မယ် .. ။ ပြီးတော့ လူ့လောကမှာ အတ္တဗဟိုပြုသမားတွေလည်း ရှိတယ်။ ဒီလူတွေကတော့ ဘယ်သူသေသေ ၊ ငါတေမာရင်ပြီးရော .. ဆိုတာလို သူတစ်ပါးတွေ ဘယ်လိုဒုက္ခတွေ ရောက်ရောက် ၊ ငါကောင်းစားချမ်းသာရင် ပြီးရောဆိုပြီး သဘောထားတယ်။ ဒီသဘောထားနဲ့ ကိုယ့်အကျိုး ကိုယ့်စီးပွားကိုပဲ ရှာရင်း လောကကြီးကို အရုပ်ဆိုးအောင် လုပ်ကြတယ်။

ပရသမားကတော့ အများအကျိုးသယ်ပိုးခြင်းဟာ ကောင်းတယ်လို့မြင်တယ်။ ဒါပေမယ့် ပရသမား အရေအတွက်ဟာ လူ့လောကမှာ အရေအတွက်အားဖြင့် သိပ်ကိုနည်းတယ်ဆိုတာ တွေ့နိုင်တယ်။

ဖောင်ပေါ်က ကလေးငယ်လို ဘာကိုမှ အလေးအနက်မသိသူ ၊ ဘာကိုမှ အလေးအနက်မထားသူ .. ဖြစ်သလို ကြုံသလို နေသူတွေလည်းရှိမယ်။ ဖြစ်ချိန်တန်ဖြစ် ၊ ပျက်ချိန်တန်ပျက် ၊ သူ့သဘော သူဆောင်သွားလိမ့်မယ်လို့ သဘောထားသူတွေလည်း ရှိမယ်။ အများကြီးရှိနေလိမ့်မယ်လို့ .. တွေးရင်း .. ဖောင်ပေါ်က လူအမျိုးအစား ခုနှစ်မျိုးထဲမှာ ငါ .. ဘယ်အမျိုးအစားမှာ ပါသလဲ .. လို့တွေးတယ်။ ဘယ်အမျိုးအစားထဲမှာမှ မပါချင်ဘူးလို့ စိတ်ထဲမှာ ပြောလည်းပြောလိုက်ရော .. ကျောက်ဆောင်ကို ရိုက်လိုက်တဲ့ လှိုင်းကနေ စင်လာတဲ့ ရေတွေက တစ်ကိုယ်လုံးကို တုပ်တုပ်နစ်အောင် ရွှဲစိုသွားတယ်။ ပြန်လှည့်ဆင်းသွားတဲ့ ပင်လယ်ရေရဲ့အသံဟာ တဟားဟားရယ်မောသွားသလိုပဲ … ။

နန္ဒာသိန်းဇံ ( အင်တာဗျူး ဂျာနယ် ၊ အမှတ်-၁၂၁ ၊ ၀၃-၀၄-၂၀၀၂ )

Thursday, February 21, 2013

ပြင်ဆင်ရမည့် အကျင့်များ


ဒီပုံပြင်ကို လူတိုင်းကြားဖူးမှာပါ။

တစ်ခါက အမေရိကန်သမတ္တ လင်ကွန်းဟာ သူ့ဆီမှာ တာဝန်လာ
ထမ်း ဆောင်မယ့် လူတစ်ဦးကို အင်တာဗျူးခဲ့တယ်။ အင်တာဗျူးပြီး အလုပ် မခန့်ခဲ့ပါဘူး။ လက်အောက် တစ်ယောက်က အလုပ်မခန့်တဲ့ အကြောင်းရင်းကို မေးတော့ လင်ကွန်းက “သူ့ရုပ်ကို ငါမကြိုက်လို့” လို့ ပြန်ဖြေခဲ့တယ်။ မေးတဲ့လူက “ မွေးရာပါ ရုပ်မလှတာ သူ့အမှားလား” လို့ ပြန်မေးခဲ့တယ်။ လင်ကွန်းက “ အနှစ်(၄၀) မတိုင်ခင် လူတစ်ယောက်ရဲ့ ရုပ်ရည်ဟာ မိဘတွေကပေးခဲ့တာ... အနှစ်(၄၀)နောက်ပိုင်းရဲ့ ရုပ်ရည်ဟာ ကိုယ့်ကိုယ်တိုင်က ပေးတာ... လူတစ်ယောက်ဟာ အနှစ်(၄၀) နောက်ပိုင်းမှာ ကိုယ့်ရုပ်ရှည်ကို ကိုယ်တာဝန်ယူနိုင်ရမယ်”

လူအများစုက အချိန်ကုန်ခံပြီး ဈေးဝယ်ထွက်ကြတယ်။ ငွေကြေးတွေ အကုန်အကျခံပြီး နာမည်ကြီးတံဆိပ် အ၀တ်အစားတွေကို ၀ယ်ပြီး ကိုယ်ပေါ်မှာ တန်ဆာဆင်ကြတယ်။ ဒါပေမယ့် တစ်ခါတလေမှာ အကျင့်စရိုက်နဲ့ စိတ်ဓာတ်တွေကို တန်ဆာဆင်ဖို့ မေ့နေတတ်ကြတယ်။ တစ်နည်းပြောရရင် လူတစ်ယောက်ရဲ့ ပြည့်ဝတဲ့ စိတ်နေ သဘောထားနဲ့ ကောင်းမြတ်တဲ့ အကျင့်စရိုက်ဟာ အကြည့်ခံတဲ့ အကောင်းဆုံး နာမည်ကြီး တံဆိပ်ဖြစ်တယ်။
စိတ်သဘောထား ပြည့်ဝတဲ့လူဟာ Chanel, Pierre Cardin, Gucci...တွေထက် ပိုလှ၊ ပိုအကြည့်ခံပါတယ်။ စိတ်သဘောထားပြည့်ဝအောင် လုပ်ဖို့ရာ ငွေကုန်ကြေးကျ ခံနေစရာ မလိုပါဘူး။ ကိုယ့်ရဲ့ ဒေါသကို ထိန်းမယ်။ မကောင်းတဲ့ အကျင့်တွေကို ပြုပြင်မယ်။ သန့်ရှင်းတဲ့ အတွေးတွေ တွေးမယ်။ တကယ်တော့ လူအများရဲ့ ကြည်ညိုလေးစားမှုကို အဖိုးတန် အ၀တ်အစား ၀တ်ထားမှ ရတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ အပြုအမူနဲ့ စိတ်နေ သဘောထားပဲဖြစ်တယ်။

အရှင်းဆုံး ဥပမာတစ်ခု ပေးရရင်တော့....
စိန်တွေ ပြိုးပြိုးပြက်ပြက် ၀တ်ထားတိုင်း လူတွေရဲ့ အချီးကျူးနဲ့ လေးစားမှုကို မခံရပါဘူး။


နိုင်းနိုင်းစနေ ဘာသာပြန်သည်။
original post from : http://www.youthwant.com.tw

*
*--


ခေါက်ဆွဲသုံးပွဲနှင့်ကြက်ဥကျော်

 

ခေါက်ဆွဲသုံးပွဲနှင့် ကြက်ဥကြော်


၎တန်းတက်နေတဲ့ သားက အိမ်မှာဆို ဘုရင်တစ်ဆူလိုပါပဲ။ တစ်အိမ်လုံးက ၀ိုင်းချစ်ကြတယ်။ သားက ကြက်ဥအရမ်းကြိုက်တယ်။ အထူးသဖြင့် ကြက်ဥကြော်ပေါ့။ တစ်နေ့မနက် ကျွန်မ ကြက်ဥခေါက်ဆွဲ နှစ်ပွဲလုပ်ပါတယ်။ ခေါက်ဆွဲတစ်ပွဲပေါ်မှာ ကြက်ဥတစ်လုံးတင်ပြီး ကျန်တစ်ပွဲက ကြက်ဥမပါဘူး။ ခေါက်ဆွဲကို စားပွဲပေါ်တင်ပြီး သားကို ကျွန်မမေးလိုက်တယ်။
“ သား....ဘယ်တစ်ပွဲစားမလဲ ? ”
“ကြက်ဥပါတဲ့တစ်ပွဲ မေမေ” သားက ကြက်ဥပါတဲ့ တစ်ပွဲကို လက်ညှိးထိုး ပြီးပြောတယ်။
“မေမေကို ကျွေးပါလား သား... ပုံပြင်တစ်ပုဒ်မှာ လေးနှစ်ပဲရှိသေးတဲ့ ကောင်လေး တစ်ယောက်က သစ်တော်သီးမျှသတဲ့။ သားက ဆယ်နှစ်တောင်ရှိနေပြီ မေမေကို ကြက်ဥမျှပါနော်”
“ကောင်လေးကကောင်လေး...သားကသား...မမျှနိုင်ပါဘူး”
“တကယ်မမျှဘူးပေါ့ ? ”
သားက ဆတ်ခနဲ ကြက်ဥကိုယူပြီး ပါးစပ်ထဲထည့်လိုက်တယ်။
“နောင်တမရဘူးလား သား” ကျွန်မမေးလိုက်ပြန်တယ်။
“မရပါဘူး” ကျန်ကြက်ဥကို ပါးစပ်ထဲ ထိုးထည့်ရင်း သားကပြောပါတယ်။
သားစားတာကို ကြည့်ပြီးမှ ကျွန်မခေါက်ဆွဲကို စစားဖို့ပြင်လိုက်တယ်။ ကျွန်မရဲ့ခေါက်ဆွဲမှာ ကြက်ဥကြော် နှစ်လုံး ဖွက်ထားတာကို သားမြင်အောင် ပြလိုက်ပြီး.. “သား...တပန်းသာချင်တဲ့လူဟာ ဘယ်တော့မှ အသာမရနိုင်ဘူးဆိုတာ မှတ်ထား နော်” ကြက်ဥကြော်စားနေတဲ့ ကျွန်မကို သားက ငိုမဲ့မဲ့နဲ့ ပြန်ကြည့်ပါတယ်။

ဒုတိယအကြိမ် ခေါက်ဆွဲချက်စားတော့ ပထမတစ်ခေါက်လိုပဲ တစ်ပွဲက ကြက်ဥကြော်ပါပြီး ကျန်တစ်ပွဲက မပါ ဘူး။
“သား...ဘယ်တစ်ပွဲစားမလဲ ?”
“လေးနှစ်သားကလေးတောင် သစ်တော်သီး မျှသေးတာပဲ..မေမေကို သားကြက်ဥ မျှပါတယ်” သားက ပြောပြောရီရီနဲ့ ကြက်ဥကြော်မပါတဲ့ တစ်ပွဲကို ရွေးလိုက်တယ်။
“နောင်တမရဘူးပေါ့ ?”
“မရဘူး မေမေ” သားက ပြောပြောဆိုဆို ခေါက်ဆွဲကို စစားပါတော့တယ်။ ခေါက်ဆွဲကုန်တဲ့အထိ ကြက်ဥကြော်ကို သူမတွေ့ခဲ့ပါဘူး။ ဥပါတဲ့ တစ်ပွဲရဲ့အောက်မှာ ကြက်ဥကြော် နောက်ထပ်တစ်လုံး ၀ှက်ထားတာကို သားမြင်အောင် ပြပြီး ..“သား...ကိုယ်အသာရအောင် လုပ်တဲ့လူဟာ တခါတလေမှာ နစ်နာတတ် တယ်ဆိုတာ မှတ်ထားနော်” ဒုတိယအကြိမ် သင်္ခန်းစာရလိုက်တော့ သားက မချိတင်ကဲနဲ့ သွားဖြီးပြပါတော့တယ်။

နောက်တစ်ခေါက် ခေါက်ဆွဲချက်ပြန်တော့ အရင်ပုံစံအတိုင်းပဲ တစ်ပွဲက ကြက်ဥပါပြီး နောက်တစ်ပွဲက မပါခဲ့ ပြန်ဘူး။
“ သား...ဒီနေ့ ဘယ်တစ်ပွဲစားမလဲ ? ”
“ မေမေဟာ လူကြီးပါ...မေမေ အရင်ရွေးပါ။ သားမေမေကို အရင်မျှပါတယ်”
“ဒါဆိုရင် မေမေ အားမနာတော့ဘူးနော်” ကြက်ဥကြော်ပါတဲ့ တစ်ပွဲကို ကျွန်မယူပြီး ပြောလိုက်တယ်။
သားက ဥမပါတဲ့ တစ်ပွဲကို စားနေခဲ့တယ်။ စားရင်းစားရင်း အောက်နားရောက်တော့ သူ့ခေါက်ဆွဲထဲမှာလည်း ကြက်ဥကြော် တစ်လုံးပါတာကို တွေ့လိုက်တယ်။
“သား....အသာမရချင်တဲ့လူဟာ နစ်နာမှုနည်းတယ်ဆိုတာ မှတ်ထားပါနော်”
သားက ကျွန်မအပြောကို သဘောတူကြောင်း ခေါင်းတစ်ဆတ်ဆတ် ညိတ်ပြတယ်။ ကျွန်မရဲ့အပြောကို အခုအချိန်မှာ သားဟာ သေချာသဘောပေါက်လိမ့်မယ် မထင်ဘူး။ ဒါပေမယ့် စကားသုံးခွန်းနဲ့ ခေါက်ဆွဲစား ခဲ့တာကိုတော့ သားတစ်သက် မေ့လိမ့်မယ် မထင်ဘူး။
 


နိုင်းနိုင်းစနေဘာသာပြန်သည်။

သိမ်းဆည်းမထားသင့်သည့်အရာများ

 
သိမ်းဆည်းမထားသင့်သည့်အရာများ
××××××××××××××××××××××××××××× 

တနေ့မှာ ဆရာက ဖန်ခွက်တစ်လုံးကို လက်မှာကိုင်ထားပြီး

'ဒီဖန်ခွက်က ဘယ်လောက်လေးမယ်ထင်သလဲ' လို့ ကျောင်းသားတွေကို မေးတယ်..

၅၀ဂရမ်၊ ၁၀၀ ဂရမ်အစရှိသဖြင့် အမျိုးမျိုးအဖြေတွေကို သူရတယ် .. ဆရာက ဆက်ပြောတယ် ..

'ဒီဖန်ခွက်ရဲ့ တကယ့် အလေးခ်ျိန်ကိုတော့ ဆရာမသိပါဘူး။

ဒါပေမဲ့ ဆရာမေးချင်တာ ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ ခဏလောက်
ကိုင်ထားရင်ဘာဖြစ်မလဲ ဆိုတာပဲ ..'

"ဘာမှမဖြစ်ဘူး" လို့ ကျောင်းသူတစ်ယောက်ကဖြေတော့

"တော်တော်ကြာကြာကိုင်ထားရင်ရော" လို့ ဆရာက ဆက်မေးတယ် ..

"လက်တွေညောင်းပြီး ထုံကျင်လာမယ်" လို့ ဖြေကြတယ် …

'ကောင်းပြီ ..တနေကုန်ကိုင်ထားရင်ရောကွာ' လို့

ဆရာမေးတော့ရွှတ်နောက်နောက်ကျောင်
းသားတစ်ယောက်က "ဆရာ့လက်ကြီး ထုံကျင်လာမယ်၊
ပြီးတော့ လက်မောင်းကိုက်လာမယ် ၊

ပြီးတော့ ဆရာ့ရဲ့ ကြွက်သားတွေအညောင်းမိ လေဖြတ်ပြီးဆေးရုံရောက်မယ်" လို့
ပြောတော့ တတန်းလုံး ၀ိုင်းရယ်ကြတယ် …

ဆရာက 'မင်းပြောတာမှန်တယ်

..ဒါဆိုရင် ဘာလို့ အဲ့လိုဖြစ်သွားတာလဲ..ငါကိုင်ထားတဲ့အချိန် အတွင်းမှာ
ဖန်ခွက်ရဲ့ အလေးချိန် ပိုတိုးလာလို့လား'

လို့ ဆက်မေးတော့

" မတိုးပါဘူး " လို့ တညီတညွှတ်တည်းဖြေကြတယ် …

' ဖန်ခွက်ရဲ့ အလေးချိန်ပြောင်းသွားတာလဲ မဟုတ်ပဲနဲ့ ..ဆရာက ဘာလို့
အဲ့လိုနာကျင်မှုဝေဒနာတွေ တိုးပြီး ခံစားရတာလဲ၊

အဲ့ဒီ ဝေဒနာတွေ သက်သာအောင် ဆရာဘာလုပ်ရမလဲ ' လို့မေးတော့
ကျောင်းသူတစ်ယောက်က " Put the Glass Down"

'ဖန်ခွက်ကို အောက်ပြန်ချထားလိုက်ပေါ့' လို့ ဖြေလိုက်ပါတယ် …

ဆရာက " သိပ်မှန်ပါတယ် ..မင်းတို့ ဘ၀မှာ ကြုံရတဲ့ ပြဿနာတွေကို
ခေါင်းထဲမှာခဏလောက်ထည့်ထားရင်

ဘာမှမဖြစ်သေးပါဘူး။ အကြာကြီး သိမ်းထားပြီးစဉ်းစားနေတဲ့အခါ ကြာလာတော့
မင်းတို့ကို စတင်ပြီး

နာကျင်မှုပေးလာမယ် ၊ ဝေဒနာဖြစ်စေလာမယ်။ ပြဿနာတွေကို ဖြေရှင်းရတာ ဘ၀ရဲ့ ရသ
တစိတ်တပိုင်းပါ။ "

" ဒါပေမဲ့ နေ့တနေ့ရဲ့ အဆုံးမှာတော့
တနေကုန်အဖြေရှာမရတဲ့အဲ့ဒီအကြောင်းတွေကို မေ့ထားခဲ့ပါ။ နောက်တနေ့အတွက်
ဒါတွေဆက်တွေးတောဖို့အားအင်တွေလိုပါတယ် … "

" လူသစ် စိတ်သစ်နဲ့ မနက်ဖြန်တွေကို ရင်ဆိုင်ဖို့ ဖန်ခွက်တွေကို
ခဏလောက်ပြန်ချထားခဲ့ပါ ..'" လို့ ဆရာက မှာလိုက်ပါတယ် .

သူငယ်ချင်းတို့ ရေ .. အကောင်းဆုံး ဥပမာလေးပါ ... ။ ဘ၀မှာ စိတ်ညစ်စရာတွေနဲ့ကြုံလာတိုင်း ဒီဥပမာလေး ကို နမူနာယူပြီး စဉ်းစားဆင်ခြင်နိုင်အောင်လို့ပါ



Ref>>>တောသာလေး

Wednesday, February 20, 2013

အပြစ်တင်မစောကြပါနဲ့

 


( Heart Canteen )
အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ယောက်နဲ့ နှစ်နှစ်သားအရွယ်ကလေးငယ် တစ်ယောက် ရွှေတိဂုံဘုရားပေါ် ဘုရားဖူးရောက်လာကြတယ် ။ ဘုရားဖူးအဖွဲ့တစ်ဖွဲ့နားအရောက် ကလေးလေးက အမျိုးသမီးငယ်ကို "မေမေ သားရေဆာတယ်" လို့ ပြောလိုက်တယ် ။

အဲ့ဒီ့မှာ ဘုရားဖူးအဖွဲ့ထဲက မိန်းမကြီးတစ်ယောက်က ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးအမေဖြစ်နေတဲ့ အမျိုးသမီးငယ်ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး

" ကြည့်ပါဦးအေ ... ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးအမေဖြစ်နေပြီ ... ဘယ်အရွယ်လောက်က အိမ်ထောင်ကျလဲ မသိဘူး ကလေးတောင် ပြေးတတ်နေပြီ ... မိမနိုင် ဖမနိုင် ခပ်ပျံပျံမိန်းကလေးပဲ ဖြစ်မှာပါ" လို့ မကြားတကြားလှမ်းပြောလိုက်ပါတယ် ။

နောက်မိန်းမကြီးတစ်ယောက်က ပထမတစ်ယောက်ပြောတာကို ထောက်ခံတဲ့အနေနဲ့ " ဟုတ်ပအေ ... ခုခေတ်မိန်းကလေးတွေများ ပြောကိုမပြောချင်ဘူး ... ငါတို့ခေတ်က မိန်းမတွေနဲ့ ကွာပ" လို့ ပြောလိုက်ပြန်တယ် ။

အဲ့ဒီ့စကားတွေကို ကြားသွားတဲ့ အမျိုးသမီးငယ်က မိန်းမကြီးတွေဘက် လှည့်ပြီး ရှိုက်သံနဲ့ " ဘာဖြစ်လို့ အဒေါ်တို့သမီးအရွယ်လောက်ရှိတဲ့ မိန်းကလေးတစ်ယောက်ကို အဲ့လိုဝိုင်းပြောနေကြတာလဲရှင် ... သမီးကို အပြစ်တင်နေကြတဲ့ အဒေါ်တို့ကရော လုံးဝအပြစ်ကင်းနေကြလို့လား ... အဒေါ်တို့ရဲ့ သမီးတွေ တူမတွေ ညီမငယ်တွေလည်း သမီးလိုမဖြစ်ပါစေနဲ့လို့ ဆုတောင်းခဲ့ပါတယ်" လို့ ၀မ်းနည်းပက်လက်နဲ့ သူ့သားလေးကိုချီပြီး အဲ့ဒီ့နေရာကနေ ပြေးထွက်သွားခဲ့ပါတယ် ။ မိန်းမကြီးတွေလည်း "ဒီ ကောင်မလေးတော့ အနာပေါ်တုတ်ကျသွားတာထင်တယ် တချိုးတည်းကို ပြေးသွားတော့တာပဲ" ဆိုပြီး ရယ်မောလိုက်ကြတယ် ။

အဲ့ဒီ့အဖြစ်အပျက်တွေကို မြင်လိုက်ကြားလိုက်တဲ့ လူကြီးတစ်ယောက် ဘုရားဖူးအဖွဲ့ကို " အဲ့ဒီ့မိန်းကလေးကို အရင်ကသိလို့လား?" လို့ မေးလိုက်ပါတယ် ။ " မသိပါဘူး" လို့ ပြန်လည်း ဖြေရော ... လူကြီးက

" အဲ့ဒီ့မိန်းကလေးက အရင်ကကျွန်တော်တို့မြို့လေးကပါ ... မိဘတွေကလည်း ကျိကျိတက်ချမ်းသာ ... ရုပ်ရည်လေးကလည်း လှ ... တစ်ဦးတည်းသော သမီးဆိုတော့ အရွယ်တောင် မရောက်သေးဘူး သားရှင်တွေဆို ၀ိုင်းဝိုင်းကိုလည်လို့ပေါ့ ... ကံဆိုးမိုးမှောင်ကျတယ် ဆိုမလား ... သူ့အသက် ၁၃ နှစ်လောက် သူတို့အိမ်ကို ဓါးပြ၀င်စီးတယ်လေ ... ဓါးပြတွေက အတွင်းပစ္စည်းအကုန်ယူတဲ့အပြင် သူ့အဖေအမေကိုသတ်သွားလေရဲ့ ... ထပ်ကံဆိုးချင်တော့ ဓါးပြတစ်ယောက်က ပုန်းနေတဲ့ သူ့ကိုပါ တွေ့သွားပြီး ... ကျန်တဲ့ဓါးပြတွေနဲ့အတူ မုဒိမ်းဝိုင်းကျင့်လိုက်ကျတယ်လေ ... အဲ့ဒီ့အဖြစ်အပျက်ဆိုးကြီးပြီးလို့ သုံးလလောက်ကြာတော့ သူ့မှာ ကိုယ်ဝန်ရှိလာတယ် ... နီးစပ်ရာ မြို့သူမြို့သားတွေက နင့်အသက်ငယ်ပါသေးတယ် ... တမြို့တနယ်ပြောင်းပြီး အပျိုလုပ်လို့ရပါတယ် ဆိုပြီး ဒီကိုယ်ဝန်ကိုမလွယ်ဖို့ ၀ိုင်းတားကြပါသေးတယ် ... သူမက သူကံဆိုးတာနဲ့ပဲ အပြစ်မရှိတဲ့ကလေးတစ်ယောက်ကို ဆက်ကံမဆိုးစေချင်ဘူးဆိုပြီး ဒီအရွယ်ထိရောက်အောင် အမေစိတ်နဲ့ ကျွေးခဲ့မွေးခဲ့တာပါ ... ခင်ဗျားတို့က အပေါ်ယံကြည့်ပြီး အခုလိုပြောလိုက်တော့ ကလေးမလေးခမျာ ဘယ်လောက်တောင် ၀မ်းနည်းရှာမလဲ " လို့ ပြောပြလိုက်ပါတယ် ။

မိန်းမကြီးတွေလည်း သူတို့အပြစ်သူတို့နောင်တရပြီး ရွှေရောင်တောက်နေတဲ့ အမျိုးသမီးငယ်ထွက်သွားတဲ့ဘက်ကို မျက်ရည်အ၀ိုင်းသားနဲ့ ငေးမျှော်ကြည့်နေမိပါတော့တယ် .....

ပိုးဟပ်ဖြူ.

( Heart Canteen )