ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, January 26, 2013

ဂန္ဒဝင်အိပ်မက်(၃)


'ပွဲစားကြီးများဟိုတယ်'ရှေ့မှာရပ်ထားသော မော်တော်ကားများ၏ စုစုပေါင်းတန်ဖိုးကို တွက်ကြည့်လျှင်
ဆင်းရဲသားရပ်ကွက်တစ်ခုမှာ ရှိသော အိမ်ခြေစုစုပေါင်း တန်ဖိုးထက် အဆပေါင်းများစွာ သာလိမ့်မည်။
တခြားမကြည့်နဲ့။ မွေးနေ့ရှင် နစ်ကိုးကစ်မင်း စီးလာသော မာစီဒီးအက်စ်လယ်-၅၀၀ ရဲ့တန်ဖိုးကပဲ
အိမ်အလုံးတစ်ရာစာလောက်ရှိတာကိုး၂၀၀၂ ခုနှစ်ထုတ် အသစ်စက်စက် စပို့မိုဒယ် ကားလေ။
တွမ်ခရုစီးလာတဲ့ကားကတော့ လေဇူး-၄၃၀။ သူတို့ဇနီးမောင်နှံကားတစ်စီးစီနဲ့ သီးခြားစီလာတာကိုက
စိတ်ဝင်စားစရာကောင်းနေပြီ။ ဒီလိုဖြစ်အောင် တမင်ထွင်လိုက်တာလည်း ဖြစ်နိုင်သည်။

ဘရက်ပစ်က ဘီအမ်ဒဗလျူ-၇ စီးရီး။ နစ်ကလပ်ကေ့ခ်ျက လင်ခရူဇာ။ အင်ဂျလီနာဂျိုလီက
ကက်ဒီလက်၊ ဟိုဘက်မှာတော့ မင်းသားကြီး ကလင့်အိစ်ဝုဒ်ရဲ့ ရိုးစ်ရွိုက်ကားကြီးက
ခန့်ခန့်ညားညားရပ်လို့။ ဒီနေ့ညနေမှာတော့ ဟိုတယ်ရှေ့က ယာဉ်ရပ်နားရန်နေရာသည်
မော်တော်ယာဉ်ရောင်းဝယ်ရေးစခန်းအပေါ်ခွင်နှင့် တူနေလေသည်။

ဟိုတယ်၏ မြေညီထပ်ရှိ အထူးသီးသန့်ဆောင်ရှိ 'ပွဲကတော်ခန်းမ'မှာ မွေးနေ့ပွဲ ကျင်းပဖို့
ပြင်ဆင်ထားသည်။ အခန်းက လူလေးရာလောက်ဆံ့သော်လည်း လက်ရွေးစင်လူနှစ်ရာကိုသာ
ဖိတ်ကြားထားသည်။ ခန်းမထဲမှာ မီးဆိုင်းတွေ၊ ရောင်ပြေးတွေ၊ မီးပဒေသာတွေ၊ ရွှေငွေ
ပန်းစက္ကူတွေ၊ ပူဖောင်းတွေဆင်ယင်ထားခြင်းမရှိ။ ဒါတွေက ရိုးနေပြီ။ ထို့ကြောင့်
ရှင်းရှင်းလင်းလင်းပင် ပြင်ဆင်ထားသည်။ သို့ရာတွင် သေသေချာချာကြည့်လျှင်
ထူးခြားမှုကို တွေ့နိုင်သည်။

ခန်းမထဲမှာ မီးလုံးမီးချောင်း၊ ဆလိုက်မီးစသည်တို့တစ်ခုမှမရှိပါဘဲလျက် အလိုအလျောက်
လင်းနေခြင်းပင်ဖြစ်၏။ ပြီးတော့ နံရံမှာသုတ်ထားသော ဆေးရောင်များသည် ဆယ့်ငါးမိနစ်
တစ်ခါပြောင်းသွားတတ်သည်။ အပြာနု၊ မီးခိုးနု၊ အစိမ်းနု၊ အဝါနု စသည်ဖြင့်..။
ခုလိုဖြစ်အောင် အထူးသုတ်ဆေးတစ်မျိုးကို နိုင်ငံခြားက တကူးတကန့်မှာယူပြီး
အသုံးပြုထားရခြင်းဖြစ်၏။ ဒီပွဲအတွက်ကို တမင်အချိန်ကိုက် ပြုလုပ်ခဲ့ခြင်းလည်းဖြစ်၏။
ကုန်ကျစရိတ်ကို နစ်ကိုးကစ်မင်းက ကျခံပေးခဲ့သည်။

စင်မြင့်ပေါ်မှာတော့ လောလောဆယ် နာမည်အကျော်ကြားဆုံးဖြစ်နေသော 'အယ်လ်ကာလီ
တီးဝိုင်းအဖွဲ့'က ဧည့်ခံဖျော်ဖြေနေသည်။ စင်မြင့်၏နောက်ဘက် အပေါ်နားတွင် နံရံကပ်
ဒစ်ဂျစ်တယ်မှန်ပြားကြီး ကပ်ထားသည်။ နောက်ဆုံးပေါ် အယ်လ်စီဒီ တီဗီကြီးပင်ဖြစ်၏။
ဖန်ပြားဆိုသော်လည်း အော်ဂဲနစ်ဖိုင်ဘာ ဖန်မျှင်ဖြင့် ရက်လုပ်ထားသည်။ မလိုအပ်သည့်
အချိန်တွင် ကော်ဇောတစ်ချပ်လို လိပ်ပြီး အလွယ်တကူ သယ်ယူနိုင်သည်။ အရွယ်အစားက
ရုပ်ရှင်ပိတ်ကားနီးပါးလောက်ရှိ၏

တီဗီကြီးပေါ်တွင် N.K-21ဆိုသော စာလုံးသည် ဒီဇိုင်းပုံစံမျိုးစုံ၊ အရောင်မျိုးစုံ တစ်မျိုးပြီးတစ်မျိုး
ပြောင်းနေသည်။ နစ်ကိုးကစ်မင်း၊ နှစ်ဆယ့်တစ်နှစ်ဆိုသော အဓိပ္ပါယ်ပင်ဖြစ်၏။ တချို့ကတော့
ဒီမင်းသမီး အသက်နှစ်ဆယ့်တစ်နှစ်ဆိုတာ မဖြစ်နိုင်၊ အသက်ကို လျှော့ပြောခြင်းဖြစ်ရမည်ဟု
ဆိုကြသည်။ သူနှင့်ငယ်ငယ်က တစ်တန်းတည်း အတူနေခဲ့သော သူငယ်ချင်းတစ်ယောက်မှာ
အခု ဆရာဝန်ကတော်ဖြစ်နေပြီ။ ဒါကိုကြည့်ခြင်းဖြင့် နှစ်ဆယ့်တစ်နှစ်မကနိုင်ဟု
ထောက်ပြသူလည်း ရှိသည်။

ဘာပဲဖြစ်ဖြစ် သူက နှစ်ဆယ့်တစ်နှစ်ပါ ဆိုတော့လည်း နှစ်ဆယ့်တစ်နှစ်ပေါ့။ သူ့ကိုချစ်သော
ပရိသတ်ကတော့ ဆယ့်ရှစ်နှစ်ပါဆိုလည်း ယုံကြမှာပဲဖြစ်၏။ အသက်ကို တွက်စစ်နေရအောင်
သူက ဘောလုံးကန်မှာမှမဟုတ်ဘဲ။
ဖိတ်ကြားထားသော ဧည့်သည်တွေ တဖွဲဖွဲရောက်လာကြသည်။ တစ်ယောက်ဝင်လာတိုင်း
စာနယ်ဇင်းသမားတွေက ဓာတ်ပုံတစ်ဖျတ်ဖျတ်ရိုက်ကြသည်။ ပြီးတော့ ကက်ဆက်ရီကော်ဒါ
အသေးစားလေးတွေထိုးပြီး မေးခွန်းတွေမေးကြသည်။

ရုပ်ရှင်သရုပ်ဆောင်များ (အထူးသဖြင့် မင်းသမီးများ)သည် အကယ်ဒမီပေးပွဲရယ်၊ ခုလို
ပွဲမျိုးရယ်မှာသာ လူစုံအောင် တက်ရောက်ကြသဖြင့် တစ်ယောက်နှင့်တစ်ယောက်
အလှချင်းပြိုင်ဖို့ ကြိုးစားကြသည်။ ဒရူးဘယ်ရီမိုးသည် နတ်သမီးလေးတစ်ပါးလို
ဝတ်ဆင်လာသည်။ အင်္ကျီ၏ကျောဘက်မှာ တစ်ခုနှင့်တစ်ခု ယှက်ထားသလိုဖြစ်နေသော
အတောင်ပံတစ်စုံလိုဖြစ်အောင် ချုပ်ထားသည်။

မက်ဒေါနားသည် အစိမ်းရောင်ဝတ်စုံပေါ်တွင် ရွှေရောင်ပဝါကို လွှမ်းခြုံလာသည်။
သေသေချာချာကြည့်သောအခါ ရွှေရောင်မျှသာ မဟုတ်။ ရွှေအစစ်ကို နန်းဆွဲပြီး
ရက်လုပ်ထားခြင်းဖြစ်ကြောင်းတွေ့ကြရသည်။ မင်းသမီးတွေ အားလုံးလိုလိုပင်
လက်ဝတ်ရတနာတွေကို သူများထက်မလျော့အောင် ဆင်မြန်းလာကြသည်။
လူကိုယ်ကနေ စိန်တွေ၊ မြတွေ၊ ပတ္တမြားတွေ၊ နီလာတွေ သီးပွင့်နေသလားထင်ရ၏။

ဒီကြားထဲမှာ ဂျူလီယာရောဘတ်က ထူးခြားသည်။ သူကရတနာပစ္စည်း တစ်ခုတည်းသာ
ဆင်မြန်းလာသည်။ တစ်ခုဆိုလည်း ဆိုသလောက်ပါပဲ။ မီးခြစ်ဘူး တစ်ဝက်စာလောက်
ရှိသော နီလာတုံးကြီးကို မသွေးမဖြတ်ဘဲ အရိုင်းတုံးအတိုင်း ဖောက်ပြီး လည်မှာ
ဆွဲလာခဲ့ခြင်းဖြစ်၏။ ဘယ်လောက်တန်ဖိုးရှိမလဲဆိုတာ ကျောက်မျက်
ကျွမ်းကျင်သူတွေတောင် လွယ်လွယ်ခန့်မှန်းနိုင်မှာမဟုတ်
မင်းသားကြီးရော်ဘင်ဝီလျံသည် ပျော်တတ်နောက်တတ်သူဖြစ်၏။ မိတ်ကပ်လည်း
ကျွမ်းကျင်သည်။ အသံတုလည်းလုပ်တတ်သည်။ သူက ခါးကုန်းကြီးတစ်ယောက်လို
လုပ်ပြီးဝင်လာသည်။ သူ့ကို ဟိုတယ်က သန့်ရှင်းရေးအလုပ်သမားကြီးဟ
ထင်မိကြသေးသည်။ သူသည် ဂျူလီယာရောဘတ်နား ကပ်သွားပြီး
လည်မှာဆွဲလာသည့် နီလာအရိုင်းတုံးကြီးကို ကိုင်ကြည့်သည်။

ဂျူလီယာရောဘတ်မှာ ရုတ်တရက်မို့လန့်ပြီး အော်မိ၏။ အားလုံးက ထိတ်ထိတ်ပျာပျာ
ဝိုင်းကြည့်ကြသည်။ သူများတွေ ကြောင်ကြည့်နေတုန်း တွမ်မီလီဂျုံးက ပြေးလာပြီး
သူ့ကုပ်ကို လှမ်းဆွဲလိုက်သည်။ ထိုအခါကုန်းနေသော ခါးသည် ရုတ်တရက်
ဆန့်ထွက်သွားသဖြင့် တွမ်မီလီဂျုံး ကြောင်တောင်တောင်ဖြစ်သွား၏။

ရော်ဘင်ဝီလျံက နှုတ်ခမ်းမွေးအတုကို ဆွဲဖြုတ်ပြီး တဟားဟား
ရယ်လိုက်တော့မှ သူ့ကို မှတ်မိသွားကြပြီး အားလုံးပွဲကျသွားသည်။
စင်ဒီကရော့ဖို့ ဝင်လာသည်။ ကက်ဦးထုပ်ကလေးကို ဆောင်းလာ၏။ အပေါက်ဝမှာ
ရပ်ပြီး ကက်ဦးထုပ်ကို ချွတ်လိုက်သည်။ သူသည် သီလရှင်ဝတ်နေရာမှ မနေ့ကမှ
လူထွက်ခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် ခေါင်းတုံးနှင့်ဖြစ်၏။ ဦးပြည်းစိမ်းစိမ်းနဲ့မှ
ပိုတောင်လှနေသေးသည်။ စာနယ်ဇင်းသမားတွေ သူ့ဆီ ဝိုင်းအုံသွားပြန်သည်။

ရိုးရိုးကုပ်ကုပ်နေတတ်သော အကယ်ဒမီနှစ်ဆုရှင် တွမ်ဟင့်သည် နောက်နားက
ချောင်ကျသော စားပွဲတစ်လုံးမှာထိုင်နေသည်။ သူ့ကိုယ်သူ ပွဲကြည့်ပရိသတ်
တစ်ယောက်လို သဘောထားပြီး သူများတွေပျော်ပါးမြူးထူးနေတာကို ကြည့်နေသည်။
ခဏကြာတော့ ရစ်ချတ်ဂီယာရောက်လာပြီး ဝင်ထိုင်သည်။
"ဘယ်လိုလဲ တွမ်၊ ပျင်းနေပြီလားကွ"
ရစ်ချတ်ဂီယာက မေးသည်။ တွမ်ဟင့်က...
"အေးကွာ၊ ငါတို့ရုပ်ရှင်သမားတွေက အမြဲတမ်းလူတွေအများကြီးနဲ့ ရုတ်ရုတ်သဲသဲ
နေကြရတာဆိုတော့ ဒါမျိုးပွဲတွေကို ငြီးငွေ့နေပြီကွာ၊ နားအေးပါးအေးပဲ နေချင်တယ်"

"ဒါကြောင့်မင်းကိုငါပြောတာပေါ့၊ မင်းနဲ့ငါနဲ့ အတူတူပဉ္ဇင်းတက်ကြရအောင်ပါလို့"
"အဲဒီအခါကျတော့လည်း စူပါမင်းသားနှစ်ယောက် တစ်ပြိုင်တည်းပဉ္ဇင်းတက်တာ
သတင်းထူးပဲဆိုပြီး စာနယ်ဇင်းသမားတွေက လိုက်လာကြဦးမှာပဲ၊ မင်းသမီးတွေကလည်း
သိမ်ထွက်မှာ စောင့်လောင်းကြဦးမယ်၊ ဘုန်းကြီးဝတ်ကြီးနဲ့ အင်တာဗျူးအလုပ်ခံရရင်လည်း
ဒုက္ခ၊ မလွယ်ပါဘူးကွာ၊ မင်းသားလုပ်ရတာ လွတ်လပ်ခွင့်တွေ သိပ်ဆုံးရှုံးတာပဲ"
"ဒါတော့ မတတ်နိုင်ဘူးလေကွာ၊ ကျော်ကြားမှုကိုလိုချင်ရင် လွတ်လပ်ခွင့်ကို အဆုံးရှုံးခံရမှာပဲ"
"ငါက ထင်ပေါ်ကျော်ကြားတာကို လိုချင်တာမဟုတ်ဘူး၊ အနုပညာရှင်အဖြစ်ကိုပဲ လိုချင်တာ"

ရစ်ချတ်ဂီယာက သဲ့သဲ့ရယ်လိုက်ပြီး...
"မင်းပြောပုံက အရက်ပဲ သောက်ချင်တာ မူးချင်တာမဟုတ်ဘူး ဆိုတာမျိုးဖြစ်နေပြီ၊ အေးလေ...
ပြောသာပြောရတယ်၊ ငါလည်း တစ်ခါတစ်ခါတော့ ဒီဘဝကိုငြီးငွေ့လာတယ်၊ ငါတို့မင်းသား
မင်းသမီးတွေဟာ ဟန်ဆောင်ပန်ဆောင် အိုက်တင်တွေ လုပ်ရဖန်များလို့ တကယ့်
လက်တွေ့ဘဝမှာတောင် အဲဒီအကျင့်ကြီးတွေ ပါလာကြသလားမသိဘူး။ တစ်ခါတစ်လေ
တကယ်ဖြစ်နေတာလား၊ သရုပ်ဆောင်နေတာလားဆိုတာ ကိုယ့်ဟာကိုယ်တောင်
ခွဲခြားမရချင်ဘူး"

"ဟေ့ကောင်၊ နစ်ကိုးကို နှုတ်ဆက်ပြီးရင် ငါတို့နှစ်ယောက် စောစောစီးစီး အသာလျှိုပြီး
ပြန်လစ်ရအောင်ကွာ"
"ဘာလုပ်မလို့လဲ"
"အင်းလျားကန်ဘောင်ပေါ်မှာ လွတ်လွတ်လပ်လပ် သွားထိုင်ရင်းစကားပြောကြရအောင်ကွာ"
"ကောင်းသားပဲ၊ အမယ်၊ ဘာလဲ ဟေ့ကောင်၊ ဟိုရောက်ရင် အင်းလျားကန်ကြီးကိုငေးကြည့်ပြီး
ပွင့်ဦးသီချင်းဆိုဦးမှာမဟုတ်လား"
"အေးကွ၊ တက္ကသိုလ်အလွမ်းပြေဆိုပါတော့ကွာ"
"မာလာဆောင်က ကောင်မလေးကို မင်းခုထိမမေ့နိုင်သေးဘူးလား"
"ငယ်ချစ်ကိုးကွ"
"အနုပညာသမားဆိုရင် ဘဝအာမခံချက်ရှိမှာမဟုတ်ဘူး ဆိုပြီး သူကမင်းကို ခါထုတ်ပစ်ခဲ့တာ၊
ခုမှနောင်တရချင်ရနေမှာပဲနော်"

တွမ်ဟင့်က ဘာမှပြန်မပြောဘဲ ပြုံးနေသည်။ မျက်လုံးတွေထဲမှာတော့ ဆွေးရိပ်သန်းနေ၏။
ထိုစဉ်တွင် ပရိသတ်တွေ လှုပ်လှုပ်ရွရွဖြစ်သွားသောကြောင့် လှမ်းကြည့်မိကြသည်။ မာရယ်စထရိ
ဝင်လာခြင်းကြောင့်ဖြစ်၏။ သူသည် အဖြူရောင်ဝတ်စုံကိုသာ ရိုးရိုးလေး ဝတ်ထားသည်။ မျက်နှာကို
ဘာမှခြယ်သထားခြင်းမရှိ။ လက်ဝတ်ရတနာလည်း လုံးဝဝတ်စားခြင်းမရှိ။ နားကပ်ကလေးတောင်
ပန်မလာခဲ့။ ဒါကိုက ထူးခြားမှု။ မာရယ်စထရိတစ်ယောက်လုံးဖြစ်နေမှတော့ ဒါတွေလိုသေးလို့လား
ဆိုသောသဘောဟု ဆိုကောင်းဆိုနိုင်သည်။ ဟုတ်လည်းဟုတ်သည်။
သူ့မျက်နှာသည် မင်းသမီးတစ်ယောက်အနေနှင့်ဆိုလျှင် ချောမောလှပသည်မဆိုနိုင်။
ကိုယ်လုံးကိုယ်ပေါက်ကလည်း စွဲမက်စရာမရှိ။ ရှည်ရှည်ကိုင်းကိုင်း၊ မိန်းမမဆန်လှ။

သို့ရာတွင် သရုပ်ဆောင်ပညာမှာတော့ သူမတူအောင် ထူးချွန်သည်။ ထိပ်တန်း
မင်းသားတွေတောင် သူနဲ့တွဲပြီး ရိုက်ရတဲ့အခါ အတော်ကြိုးစားကြရသည်။
စာနယ်ဇင်းသမားတစ်ယောက်က သူ့ကိုမေးသည်။
"မင်းသမီး ဘာကားထပ်ရိုက်ဖို့ အစီအစဉ်ရှိသေးလဲ"
"ကျွန်မနဲ့ရိုက်ဖို့ကမ်းလှမ်းထားတာ ငါးကားလောက်ရှိတယ်၊ အဲဒီထဲက တစ်ကားပဲ
စိတ်တိုင်းကျတယ်၊ ဒီနှစ်တော့ ဒီတစ်ကားပဲ ရိုက်ဖြစ်တော့မယ်ထင်တယ်"
"ဘယ်မင်းသားနဲ့တွဲရမှာလဲ"
"ဒပ်စတင်ဟော့ဖ်မင်းနဲ့လေ"
"ဒပ်စတင်နဲ့ရိုက်ရမှာမို့ ဒီကားကို လက်ခံလိုက်တာလို့ကော ဆိုနိုင်သလား"
"သိပ်သေချာတာပေါ့၊ ဒပ်စတင်နဲ့ အလုပ်တွဲလုပ်ရတာ အဆင်ပြေတယ်၊ သူက
နားလည်မှုလည်းရှိတယ်၊ တစ်ယောက်နဲ့တစ်ယောက် မလျှော့တမ်း ပြိုင်ပြီး
သရုပ်ဆောင်ရတာ သိပ်ပျော်စရာကောင်းတယ်"

မာရယ်စထရိက ဒီအတိုင်းပဲ။ ဇာတ်ကားတွေ များများ လက်ခံလေ့မရှိ။ တစ်နှစ်လုံးမှ တစ်ကား
နှစ်ကားသာ ရိုက်လေ့ရှိ၏။ ရိုက်တဲ့ကားတိုင်းလည်း အကယ်ဒမီ ဆန်ခါတင် အဆင့်ဝင်သည်။
တကယ်ရခဲ့တာတော့ နှစ်ဆုရှိပြီ။
ခုချိန်မှာ စာနယ်ဇင်းဆရာတွေ စိတ်အဝင်စားဆုံး ပုဂ္ဂိုလ်ကတော့ တွမ်ခရုစ်ပင်ဖြစ်၏။ သူနှင့်
မွေးနေ့ရှင် နစ်ကိုးကစ်မင်းတို့၏ အိမ်ထောင်ရေးမှာ အဆင်မပြေ။ အက်သံကွဲသံ ထွက်နေသည်ဟု
သတင်းပြေးနေသည်။
ဒီပွဲမှာ တွမ်ခရုစ်က မွေးနေ့ရှင် သူ့ဇနီး ပွဲမထွက်လာခင် ဧည့်သည်တွေကို ဧည့်ခံပေးနေသည်။

သူတို့နှစ်ယောက်မှာ မင်းသား မင်းသမီးတွေပီပီ လူရှေ့သူရှေ့မှာတော့ ပိပိရိရိ ဟန်ဆောင်နိုင်
ကြသည်။ ဘာမှ ပြဿနာမရှိသည့်ပုံမျိုး။ အိမ်မှာဆိုလျှင်တော့ စကားတောင် ဟက်ဟက်ပက်ပက်
မပြောကြတော့။ တွမ်ခရုကလည်း သူ့စာဖတ်ခန်းထဲမှာ ခွဲအိပ်နေတာ နှစ်လသုံးလလောက်ရှိပြီ။
ငွေရေးကြေးရေးနှင့် ပိုင်ဆိုင်မှုတွေ ခွဲဝေဖို့ သဘောတူညီမှုမရသေးလို့သာ တရားဝင်
မဖြစ်သေးတာ၊ လမ်းခွဲဖို့က သေချာနေပြီဟု ဆိုသည်။

ထိုသတင်းမှာ သူတို့အိမ်က မာလီကိုယ်တိုင်က ပြောခဲ့ခြင်းဖြစ်၏။ ဒီိလိုကိစ္စမျိုးအတွက် စပယ်ရှယ်လစ်
ဖြစ်သော သတင်းဆောင်းပါးရှင်တစ်ဦးက အရက်ကြိုက်တတ်သော မာလီကို
မူးအောင်တိုက်ပြီး အစ်အောက်မေးရာမှသိခဲ့ရခြင်းဖြစ်၏။
ထို့ကြောင့် ဒီနေ့အဖို့ အဆိုပါသတင်း အကြောင်း ရနိုင်သလောက်နှိုက်ထုတ်ဖို့ စိတ်အား
ထက်သန်နေကြသည်။ တွမ်ခရုစ်နားမှာ စာနယ်ဇင်းဆရာတွေ ဝိုင်းပြီးဗျူးကြသည်။ အစပိုင်းတွင်
ဘာကားရိုက်နေသလဲ ဘာညာမေးရိုးမေးစဉ် မေးရာမှ တဖြည်းဖြည်း ကျုံးသွင်းဖို့ ကြိုးစားကြ၏။

တစ်ယောက်က...
"ဒါနဲ့ မင်းသားနဲ့ နစ်ကိုးတို့ဇနီးမောင်နှံ နှစ်ယောက်တွဲပြီး ရိုက်ဖို့အစီအစဉ်ရှိသေးလာ သိပါရစေ"
တွမ်ခရုစ်က...
"လင်မယားဆိုတာ အပြင်မှာသာ တွဲချင်တိုင်း တွဲလို့ရတာဗျ၊ ရုပ်ရှင်ထဲမှာ တွဲဖို့ကျတော့
ထုတ်လုပ်သူတွေက လာငှားမှဖြစ်တာကိုး"
ဟု လိမ်လိမ်မာမာ ရှောင်ပြီးဖြေသည်။ နောက်တစ်ယောက်က တစ်ဆင့်တက်လာပြန်သည်။

"မင်းသားက စာဖတ်တော်တော်ဝါသနာပါတယ်နော်"
"ဘာဖြစ်လို့လဲ"
"ဩော်...ခုတလော အိမ်မှာနေရင် စာဖတ်ခန်းထဲမှာပဲ အချိန်ကုန်တတ်တယ်လို့ သတင်းကြားရလို့ပါ"
"စာအုပ်ဆိုတာ အကောင်းဆုံးမိတ်ဆွေပဲလို့ ပညာရှိတွေ ပြောကြတယ်မဟုတ်လားဗျာ"
စိတ်မရှည်နိုင်သော လူငယ်စာနယ်ဇင်းသမားတစ်ဦးက အတင့်ရဲသော မေးခွန်းတစ်ခုကို
မေးလိုက်သည်။
"မင်းသားအနေနဲ့ မကြာခင်မှာ လူပျိုဘဝကို တစ်ကျော့ပြန်သွားလိမ့်မယ်လို့ ထင်ကြေး
ပေးနေကြတာကို ဘာများမှတ်ချက်ပေးလိုပါသလဲ"

တွမ်ခရုစ်က ရယ်လိုက်ပြီး....
"ဒီကိစ္စကို ကျွန်တော်ကိုယ်တိုင်တောင် မသိသေးဘဲနဲ့ ဆရာက ကြိုသိသလိုဖြစ်နေပါလား၊
ဧကန္တတော့ ဆရာက ဂမ္ဘီရပညာမှာ တော်တော်ပေါက်မြောက်နေပြီထင်တယ်၊ ယတြာလေး
ဘာလေး ချေလို့ရမယ်ဆိုရင်လည်း ညွှန်ကြားပေးပါဦးခင်ဗျာ...ဟဲ ဟဲ"
အရိပ်အမြွက်လောက်တော့ ပွင့်အန်ထွက်လာပြီဟု ယူဆကြသည်။ မင်းသားကလည်း
နောက်သလိုပြောင်သလိုလုပ်ရင်း ဝန်ခံတော့မလိုလို ငြင်းလိုက်တော့မလိုလို ဝေ့လည်လည်
ရှောင်ထွက်ဖို့ ကြိုးစားနေသည်။ ဝါရင့်ဆရာတစ်ယောက်က မေးခွန်းတစ်ခုကို ဖြတ်မေးလိုက်သည်။
"ဒါနဲ့ မင်းသားကဘာအတွက် ယတြာချေချင်တာလဲ"
တွမ်ခရုစ် မျက်ခုံးပင့်လိုက်သည်။ တစ်ချက်တွေ သွားပြီး တစ်စုံတစ်ခု ပြောမည်အပြု...
"ကြွရောက်လာကြတဲ့ အနုပညာရှင်မိတ်ဆွေများခင်ဗျား..."
အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပေးသော ရပ်ဆဲခရိုး၏ အသံထွက်ပေါ်လာသည်။ ပရိသတ်အားလုံး
စင်မြင့်ဆီသို့ အာရုံရောက်သွားကြ၏။ တွမ်ခရုစ်လည်း မသိမသာသက်ပြင်းချ၏။ 'အခမ်းအနား
စတော့မယ်၊ ခွင့်ပြုပါဦး' ဟုပြောပြီး စင်မြင့်ဆီလျှောက်သွားသည်။

"ခုချိန်ကစပြီး နစ်ကိုးကစ်မင်းရဲ့ နှစ်ဆယ့်တစ်နှစ်မြောက်မွေးနေ့မင်္ဂလာ အခမ်းအနား စတင်ကြောင်း၊
ကြေညာအပ်ပါတယ်ခင်ဗျား"
လက်ခုပ်သံတွေ ထွက်ပေါ်လာသည်။ ထို့နောက် မီးရောင်တွေမှိန်သွားသည်။ အကယ်ဒမီပေးပွဲမှာလို
ဆလိုက်မီးတွေက ဟိုဒီလျှောက်ထိုးရင်းရှာဖွေနသည်။ ပရိသတ်ကြီးသည် နစ်ကိုးကစ်မင်းဘယ်က
ပေါ်လာမလဲဟု စိတ်ဝင်စားစွာ ကြည့်ရှုနေကြသည်။
ဆလိုက်မီးမောင်းသည် စင်မြင့်နောက်နားရှိ ထွက်ပေါက်ဆီသို့ထိုးလိုက်သည်။ အပေါက်ဝမှာ
လူတစ်ယောက်ပေါ်လာသည်။ နစ်ကိုးကစ်မင်းမဟုတ်။ နစ်ကိုး၏ ပုံတူမျက်နှာဖုံးကို စွပ်ထားသော
လူတစ်ယောက်သာဖြစ်သည်။ ထိုသူက မျက်နှာဖုံးကို ဆွဲချွတ်လိုက်ရာ ဟာသမင်းသား
ဂျင်ကာရေးဖြစ်နေကြောင်းတွေ့ရသည်

ပရိသတ်ကြီး ပွဲကျသွား၏။ ဂျင်ကာရေးက ပြောင်စပ်စပ်လုပ်ပြလိုက်ပြီးမှ အပေါ်ကို
လက်ညှိုးထိုးပြသည်။ ဆလိုက်မီးသည် အပေါ်ကိုဖျတ်ခနဲရွှေ့လျားသွားသည်
မျက်နှာကြက်တစ်နေရာမှ အံဖုံးတစ်ခုပွင့်လာ၏။ အထဲက နစ်ကိုးကစ်မင်းထွက်ပေါ်လာသည်
သူသည် လက်နှစ်ဖက်ကိုဆန့်တန်းထားပြီး ငှက်တစ်ကောင်လိုလေထဲမှာ ဝေ့ဝိုက်လှည့်ပတ်
ပျံဝဲနေသည်။ ရုပ်ရှင်တွေထဲမှာ လုပ်သလို စက်သီးကြိုးနှင့် ဆွဲထားခြင်းမဟုတ်။ တကယ်ကို
လွတ်လွတ်လပ်လပ်ပျံဝဲနေခြင်းဖြစ်၏။
ပရိသတ်ကြီးမှာ ရင်သပ်ရှုမော အံ့ဩငေးမောနေကြသည်။
သူသည် ပဝါရှည်ကြီးကို တလွင့်လွင့်ဖြစ်အောင် ပျံဝဲပြနေလိုက်တာ ဇာမဏီငှက်တစ်ကောင်လား
ထင်ရ၏။ အတန်ကြာအောင် ပျံဝဲပြီးမှ စင်မြင့်ပေါ်သို့ ဖြည်းညင်းစွာဆင်းသက်လာသည်။ ပရိသတ်ကြီး၏
လက်ခုပ်ဩဘာသံမှာ ခန်းမတစ်ခုလုံးဟိန်းထွက်သွားသည်
ခုလိုလေထဲမှာ ပျံဝဲနိုင်အောင် ပဉ္စလက်အတတ်ပညာဖြင့် စီစဉ်ပေးခဲ့သော မျက်လှည့်ဝိဇ္ဇာ
ဒေးဗစ်ကော်ပါဖီးကတော့ မှောင်ရိပ်ကျသော တစ်နေရာမှ ပြုံးပြုံးကြီး စောင့်ကြည့်နေလေသည်။

* * * * *

ချက်ကော့သည် စာရေးဆရာမဖြစ်ခင်က ဆေးတက္ကသိုလ်ကျောင်းသားဖြစ်၏။ သူ့မိဘတွေက
နယ်မြို့တစ်မြို့မှာနေသည်။ ချမ်းချမ်းသာသာထဲကတော့မဟုတ်။ ချက်ကော့၏ ကျောင်းစရိတ်
အတွက် အတော်ကြိုးစားထောက်ပံ့နေရသည်။
ချက်ကော့က လွတ်လွတ်လပ်လပ်နေချင်သောကြောင့် ကျောင်းကအဆောင်မှာမနေဘဲ အပြင်ဆောင်မှာ
ငှားနေသည်။ ဒီမှာတွင်ပဲ သူ့ဘဝအချိုးအကွေ့ စတင်ပေါ်ပေါက်လာရခြင်းဖြစ်လေ၏။

သူငှားနေသော အဆောင်ပိုင်ရှင်သမီး အင်နာက တော်တော်လှသည်။ ထို့ကြောင့် ချက်ကော့က
စိတ်ဝင်စားမိသည်။ အင်နာကလည်း ဆေးကျောင်းသားဖြစ်သော ချက်ကော့ကို အထင်ကြီးသည်။
ထို့ကြောင့် သူတို့နှစ်ယောက်ချစ်သူများဖြစ်ခဲ့ကြသည်။
အင်နာတို့အဖေသိသွားသောအခါ သဘောမတူဘူးဆို၏။ အမှန်မှာ တကယ်သဘောမတူခြင်းတော့
မဟုတ်။ ဆေးကျောင်းသားတစ်ယောက်ကို သမက်ဖမ်းသည်ဟု အထင်ခံရမှာစိုးသောကြောင့်
သိက္ခာအရပြောခြင်းသာဖြစ်၏။

ဒါကိုချက်ကော့တို့က တကယ်ထင်မှတ်ပြီး ခိုးပြေးကြသည်။ ချက်ကော့တို့ အဖေကြီးသည် သားကို
ဆရာဝန်ဖြစ်စေချင်လွန်းသဖြင့် ခြစ်ခြုတ်ကုတ်ကပ်စုဆောင်းပြီး စရိတ်ထောက်ပံ့ခဲ့ရသည်။ ခုတော့ ဒင်းက
မိန်းမယူရကောင်းလားဟု ဒေါသဖြစ်ရာမှ နှလုံးထိခိုက်ပြီး ကွယ်လွန်ခဲ့ရသည်။ သူ့အမေကလည်း ဒင်းကြောင့်
ဖြစ်ရတယ်ဆိုပြီး အဆက်ဖြတ်ထားလိုက်သည်။
အင်နာတို့မိဘတွေကတော့ ပြန်ခေါ်ပြီး ကျောင်းဆက်ထားသည်။ သမီးဆရာဝန်ကတော်ဖြစ်ရေးကိုငဲ့ပြီး
သူတို့ဘက်က လျှော့ပေးလိုက်ရခြင်းဖြစ်၏။

တကယ်တော့ချက်ကော့သည် စာတော်လို့သာ ဆေးကျောင်းတက်နေရသော်လည်း ဆရာဝန်အလုပ်ကို
ဝါသနာပါသူမဟုတ်။ စာရေးဆရာဖြစ်ချင်သူ။ ထို့ကြောင့် စာပေသမားများရှိရာ မဂ္ဂဇင်းဂျာနယ်တိုက်များနှင်
သုံးဆယ့်သုံးလမ်းတစ်ဝိုက်မှာ ကျင်လည်ကျက်စားခဲ့သည်။ ဒီမှာတွင်ပဲ စာရေးဆရာပေါက်စဖြစ်သော
ဂေါ်ကီနှင့် အသိအကျွမ်းဖြစ်ရသည်။ ဂေါ်ကီ၏အားပေးကူညီမှုဖြင့် စာပေနယ်ထဲ ဝင်ဆံ့ပြီး
စာရေးဆရာဖြစ်လာ၏။ တစ်ဖက်မှာလည်း ကျောင်းပျက်ရက်တွေများပြီး စာမေးပွဲတဖုတ်ဖုတ်ကျသည်။
နောက်ဆုံးကျောင်းထွက်လိုက်ရသည်။ အင်နာတို့မိဘတွေကလည်း ဒီလောက်တော့ သဘောထား
မကြီးနိုင်တော့။ ထို့ကြောင့် သီးခြားအိမ်ငှားပြီး ကိုယ့်အားကိုယ်ကိုးကြပေတော့ဟု ဆိုလာသည်။

အင်နာသည် အတော်မကျေမနပ်ဖြစ်ရသည်။ သူသည်ချက်ကော့ကို အထင်ကြီးပြီးချစ်ခဲ့မိခြင်းဖြစ်၏။
တစ်နေ့တွင် ချက်ကော့က ဆရာဝန်ဖြစ်၊ သူကဆရာဝန်ကတော်ဖြစ်ပြီး သာယာအေးချမ်းသော
ဘဝဖြင့်မတောင့်မတ မကြောင့်မကြနေနိုင်လိမ့်မည်ဟု စိတ်ကူးယဉ်ခဲ့မိ၏။ခုတော့ ဆရာဝန်ကတော်
မဖြစ်ဘဲ စာရေးဆရာကတော်ဖြစ်နေရပြီ။ ချက်ကော့က စာရေးဆရာဆိုသော်လည်း လုံးချင်းဝတ္ထု
ရေးသူမဟုတ်။ ထို့ကြောင့် စာမူခလုံးခနဲ ခဲခနဲမရ။ သူက ဝတ္ထုတိုရေးသူသာဖြစ်သည်။ အလွန်ဆုံး
မဂ္ဂဇင်း ဝတ္ထုရှည်လောက်သာရေးဖြစ်သည်။ သူ့ဝတ္ထုတွေကလည်း စာပေဝေဖန်ရေးဆရာများနှင့်
စာဖတ်သက်ရင့်သူများသာ ကြိုက်နှစ်သက်သော ဘဝဆန်သည့် စာများဖြစ်သည်။
ထို့ကြောင့် ဝင်ငွေသိပ်မကောင်း။ ကလေးတွေလည်းရှိလာသဖြင့် ချက်ကော့၏ စာမူခမှာ
စားဝတ်နေရေးအတွက် လောက်ငအောင်ဖြည့်ဆည်းပေးနိုင်ခြင်းမရှိတော့။ ထို့ကြောင့် အင်နာသည်
ဈေးရောင်းပြီး အိမ်စရိတ်ရှာရလေတော့သည်။ သူ၏စိတ်ကူးယဉ်အိပ်မက်ကလေးမှာလည်
ကြေမွပျက်စီးခဲ့ရသည်။ သူမျှော်မှန်းခဲ့သော ဆရာဝန်ကတော်ဘဝနှင့် ယခုလက်ရှိဖြစ်နေသော
ဘဝမှာ လုံးဝတစ်ခြားစီဖြစ်၏။

ခုလိုဖြစ်ရတာ ဂေါ်ကီကြောင့်ဟု အင်နာယူဆသည်။ သူ့ယောက်ျားသည် ဂေါ်ကီနှင့် ပေါင်းမိလို့သာ
စာပေဘက် အားသန်သွားရခြင်းဖြစ်သည်။ ဂေါ်ကီမြှောက်ပေးလို့ဖြစ်ရတာဆိုပြီး အခဲမကျေနိုင်။
ထို့ကြောင့် ဂေါ်ကီအိမ်ကိုလာလျှင် ဆူဆောင့်ပြီး ရန်လုပ်တတ်သည်။ ဂေါ်ကီကလည်း ဂရုမစိုက်။
"ဒီမှာ ခင်ဗျားယောက်ျား စာရေးဆရာဖြစ်တာကို ဂုဏ်ယူစမ်းပါ။ ခင်ဗျားစဉ်းစားကြည့်၊
ရပ်ကွက်တစ်ခုမှာ ဆေးခန်းတစ်ခု ဆရာဝန်တစ်ယောက်တော့ အနည်းဆုံးရှိကြတာပဲ၊ ဒါပေမယ့်
ရပ်ကွက်တစ်ခုမှာ စာရေးဆရာတစ်ယောက်ရှိဖို့တော့ ခဲယဉ်းတယ်၊ ကဲ...မဟုတ်ဘူးလား၊
ကျုပ်ကိုတောင် ကျေးဇူးတင်သင့်တယ်"
ဟုဆိုတတ်သည်။


"ဩော်...ဟုတ်လား ကျေးဇူးရှင်ကြီးရယ်၊ ရှင့်လိုပြောကြေးဆိုရင် ကျုပ်တို့ရပ်ကွက်မှာ အိမ်သာတွင်း
တူးတဲ့သူ တစ်ယောက်မှမရှိလို့ အကြောင်းပေါ်လာရင် ဟိုကွင်းစပ်ထိ သွားခေါ်ရတယ်၊ ဒါတောင်
မအားသေးဘူးလုပ်နေလို့ အရက်တိုက်ပါမယ်ဆိုပြီးပင့်ရတယ်၊ ကဲ...အဲဒီလူက ရှင်တို့ထက်ပိုပြီး
တန်ဖိုးမရှိဘူးလား ရှားပါးသတ္တဝါကြီးရဲ့"ဟုအင်နာက ပြန်ပက်တတ်သည်။
ဒီအခါမျိုးမှာ ဂေါ်ကီကစိတ်မဆိုးတဲ့အပြင် အဲဒီအိမ်သာတွင်းတူးတဲ့သူတွေနဲ့ တွေ့ချင်တယ်ဆိုပြီး
ချက်ကော့ကို လိုက်ပို့ခိုင်းသည်။ ဟိုလူက အလုပ်သွားနေတယ်ဆိုတော့ မရရအောင် လိုက်ရှာသည်။
ပြီးတော့ အိမ်သာတွင်းတူးရာမှာ ဝင်ကူလုပ်ပေးသည်။ ညနေကျတော့ အရက်ဆိုင်ခေါ်သွားပြီး
အိမ်သာတွင်းတူးဘဝသမားအကြောင်းမေးမြန်းလေ့လာသည်။ ဒီနောက်မှာတော့ ဘဝသရုပ်ဖော်
ဝတ္ထုကောင်းတစ်ပုဒ်ရေးဖြစ်သွားလေသည်။

တစ်ခုရှိတာက ဂေါ်ကီသည် ချက်ကော့တို့အိမ်လာလည်လျှင် ဘီအီးတစ်လုံးနှင့် အမြည်းများ
ဝယ်လာတတ်သည်။ အင်နာနှင့်ကလေးတွေအတွက်လည်း ခေါက်ဆွဲကြော်တို့ ဝက်ခေါင်းသုပ်တို့
ဝယ်လာတတ်သည်။ တော်စတွိုင်းကိုပါ ခေါ်ပြီး သုံးယောက်သား သောက်ကြသည်။ ဂေါ်ကီမူးလာပြီဆို
'တောသားကြီး'သီချင်းကို အသံဩဩကြီးနှင့်ဆိုတတ်သည်။ ထို့ကြောင့် ဂေါ်ကီလာလျှင် ကလေးတွေက
ပျော်ကြသည်။

"တဲထလက်ကယ်နဲ့.... ဘဲကြက်သံနာခံပါလို့.... ကြီးရော့သလား.... ကိုင်းခုတ်ရာတွင်... ထာဝစဉ်
နေဝင်နေထွက်... အလုအယက် သူ့ထက်ငါလျှင်... လုပ်ငန်းတွင်အောင်..."ဟု ဂေါ်ကီက ဆွဲဆွဲငင်ငင်
ဆိုလိုက်သောအခါ တော်စတွိုင်းသည် ရွာကို ခဏပြန်ပို့ထားရသော ချစ်ဇနီးဆိုညာနှင့် သားသမီးတွေကို
ဖျတ်ခနဲ သတိရလွမ်းဆွတ်မိတတ်လေသည်။

တကယ်တော့ ချက်ကော့နှင့်စာလျှင် သူ့အိမ်ထောင်ရေးက ပို၍အဆင်ပြေသည်ဟု ဆိုရမည်။
သူ့ဇနီးကတောသူ။ ငယ်ငယ်တုန်းကတော့ ရွာမှာကွမ်းတောင်ကိုင်ပန်းတောင်ကိုင်စာရင်းဝင်ပေါ့။
တော်စတွိုင်းက သူကြီးသားဖြစ်၏။ သူ့အဖေက လယ်တွေယာတွေလည်း အတော်အသင့်ပိုင်သောကြောင့်
ချောင်ချောင်လည်လည်ရှိသည်။ တော်စတွိုင်းသည် မြို့ကျောင်းမှာလည်း သွားတက်ခွင့်ရခဲ့သည်။

ဒီလိုအရည်အချင်းတွေ ရှိသူဆိုတော့ ရွာမှာ အလှဆုံးဖြစ်သော ဆိုညာနှင့်သာထိုက်တန်သည်ဟု
အားလုံးက ယူဆကြသည်။ လူကြီးချင်းလည်းသဘောတူသည်။ လူငယ်ချင်းကလည်း အပြန်အလှန်
သံယောဇဉ်ရှိသည်။
သူတို့နှစ်ယောက်၏လက်ထပ်ပွဲသည် ရွာမှာတော့ အကြီးအကျယ်ဆုံးအဖြစ် ပြောစမှတ်ပြုရသည်။
တစ်ရွာလုံးမီးခိုးတိတ်ပဲ။ ကျွေးတာကလည်း ကြက်သားဟင်း၊ ဝက်သားဘီးကြော့ပတ်တုံးကြီးနှပ်ချက်၊
ငါးရံ့ခြောက်ထောင်းကြော်၊ သရက်သီးသုပ်၊ မယ်ဇလီဟင်းချို၊ ငါးပိကြော်။ ဒါတွင်မက မြို့ပေါ်က
တကူးတကန့်ဝယ်ယူခဲ့သော လိုင်းမကြူးဖျော်ရည်လည်း တိုက်သေးသည်။ အငြိမ့်တွေ ဆိုင်းဝိုင်းတွေ
နဲ့လည်း ဧည့်ခံသေးသည်။

လက်ဖွဲ့ငွေတွေ ပစ္စည်းတွေလည်း မနည်းမနောရသည်။ လယ်ပိုင်ရှင်တွေဆိုလျှင် လယ်ဧကလိုက် နွားအရှဉ်းလိုက်
လက်ဖွဲ့ကြသည်။ တော်စတွိုင်းသည် မြို့ကျောင်းမှာ နေခဲ့သဖြင် အမြင်ကျယ်လာသည်။ အထူးသဖြင့် သူ့ဆရာ၏
လမ်းညွှန်မှုကြောင့် စာအုပ်တွေဖတ်ခွင့်ရသည်။ စာပေကို ဝါသနာပါလာသည်။
မိဘလက်ငုတ်ဖြစ်သောလယ်ယာလုပ်ငန်းကို စိတ်မဝင်စား။ အဖေမရှိလျှင် ဆက်ခံရမည့်
သူကြီးရာထူးကိုလည်းမမက်မော။
သူက စာရေးဆရာသာဖြစ်ချင်သည်။ ထို့ကြောင့် မိဘတွေကွယ်လွန်သွားသောအခါ ရှိသမျှပိုင်သမျှ
ပစ္စည်းတွေ၊လယ်တွေ၊ နွားတွေကို ရောင်းတန်ရောင်း၊ ပေးတန်ပေး၊ လှူတန်လှူပြီး
မြို့ပေါ်တက်လာခဲ့သည်။ စာပေလောကထဲ ခြေစုံပစ်ဝင်ခဲ့သည်။

ဇနီးဖြစ်သူ ဆိုညာကလည်း ပါရမီဖြည့်ဖက်ပီသလှသည်။ တော်စတွိုင်း၏ ဆန္ဒကို
လိုက်လျောဖြည့်ဆည်းပေးခဲ့သည်။ စာပေနယ်မှာ ရုန်းကန်လှုပ်ရှားရင်း ရှိတာလေး
ကုန်သွားတော့လည်း မညည်းမညူဆက်လက်ရင်ဆိုင်သည်။
တော်စတွိုင်းရသည့် စာမူခနှင့် မလောက်မငဖြစ်လာသောအခါမှာလည်း ရွာကိုပြန်ပြီး
သူ့အမျိုးတွေဆီကဆန်ကလေး ပဲကလေးကအစ ငါးပိငါးခြောက်ကလေးကအစ သွားဆွဲလာပြီး
စားဝတ်နေရေးကို ကြံဖန်ဖြေရှင်းခဲ့သည်။
နောက်ဆုံးဘယ်လိုမှ ဆက်လက်ရပ်တည်ဖို့ မလွယ်တော့သောအခါကျမှ ကလေးတွေခေါ်ပြီး ရွာမှာ
ခဏပြန်ခိုခဲ့ခြင်းဖြစ်သည်။ ဆွေမျိုးတွေကလည်း ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားကြသည်။
တော်စတွိုင်းကိုလည်း အပြစ်မတင်ကြ။

တော်စတွိုင်းက စိတ်ရင်းကောင်းသူဖြစ်၏။ ရွာမှာနေခဲ့တုန်းက အပေးအကမ်းရက်ရောသည်။
သူမြို့ကိုတက်ခါနီးတော့ သူတို့ဆီမှာ အလုပ်လုပ်သော သူရင်းငှားတွေကို လယ်တစ်ကွက်ဆီ
အပိုင်ပေးခဲ့ဖူးသည်။ ထို့ကြောင့် တော်စတွိုင်းတို့နွမ်းပါးနေချိန်မှာ တစ်လှည့်တစ်ပြန်
စောင့်ရှောက်ကြခြင်းဖြစ်၏။
ဆွေမျိုးသားချင်းတွေကလည်း တော်စတွိုင်း ဆင်းရဲနေတာကို အထင်မသေးတဲ့အပြင် သူတို့ရွာက
နာမည်ကြီး စာရေးဆရာ ထွက်တယ်ဆိုပြီး ဂုဏ်တောင်ယူနေကြသေးသည်။

ဆွေမျိုးတွေမှာ ဘယ်လောက်ပဲကောင်းကောင်း ဆိုညာတို့ သားအမိတစ်တွေမှာ အားငယ်စိတ်
ဝင်မိမှာတော့ သေချာသည်။ တော်စတွိုင်းသည် အိမ်ထောင်ဦးစီးတစ်ယောက်အနေဖြင်
စားဝတ်နေရေး ပြေလည်အောင်မဖန်တီးပေးနိုင်သဖြင့် တာဝန်မကျေသလိုခံစားရသည်။
သူ့အပေါ်နားလည်လွန်းရှာသော ဆိုညာတို့သားအမိတွေကိုလည်း ဂရုဏာသက်မိ၏။
ခုရေးနေသည့် လုံးချင်းဝတ္ထုထုတ်ဝေဖို့ အဆင်ပြေခဲ့လျှင်တော့ ဆိုညာနှင့်ကလေးများကို ပြန်ခေါ်မည်။
လုံးချင်းဝတ္ထုဆိုတော့ စာမူခတစ်လုံးတစ်ခဲတည်းရနိုင်သည်။ ဒီငွေကလေးနဲ့ အိမ်ဆိုင်လေး
တစ်ဆိုင်တည်ထားနိုင်လျှင် အထိုက်အလျှောက် ပြေလည်နိုင်သည်ဟု စိတ်ကူးယဉ်နေမိသည်။

ဂေါ်ကီကတော့ 'တောသားကြီး'သီချင်းကို ခံစားမှုအပြည့်ပါသော အသံနှင့် ဟဲလို့ကောင်းတုန်း။
"မောင်ဂေါ်ကီ ပြောကြားမယ်၊ တောသားလည်း ဟုတ်နိုင်ပေါင်ခင်ရယ်၊ ထင်တာတွေ အကုန်လုံး
မှားကြမယ်၊ ရတနာသုံးပါးလည်း ကြည်ညိုတယ်၊ သံယောဇဉ်တွေခွေကာဝိုင်းတဲ့ ကာမဂုဏ်တိုင်းကို
အစဉ်ခွာမယ်၊ မြင်တာရယ်၊ ကြားတာရယ်၊ မွှေးတာရယ် အရသာရယ်... အတွေ့ဟူသမျှ ရှောင်ကာရှားမယ်၊
တစ်ကိုယ်တည်းပင် တောထွက်သွားမယ်၊ တောသားကြီးပေါ့ကွယ်..."

--------------------
မင်းလူ
--------------------

ဂန္ဒဝင်အိပ်မက်(၂)


ဘာပဲဖြစ်ဖြစ် ပင်ပန်းရကျိုးတော့နပ်သည်။ ထိုအခန်းကြောင့်ပင် ဂျူလီယာရောဘတ် အကယ်ဒမီရခဲ့လေသည်။
ထို့ကြောင့် မာလစ်နှင့်ဆိုလျှင် ရိုက်ချင်ကြသည်။ မင်းသားမင်းသမီးတွေက သူ့ကိုလေးလည်းလေးစားသည်။ ဖိန့်ဖိန့်တုန်အောင်လည်း ကြောက်ကြသည်။

တစ်နေ့နေ့ မာလစ်လိုဖြစ်အောင်ကြိုးစားရမည်ဟု အော်လီဗာစတုန်း တွေးနေတုန်း.....
လင်ကွန်းကွန်တီနင်တယ် ကားကြီးတစ်စင်း ရိုက်ကွင်းတည်ထားရာ ခြံဝင်းထဲဝင်လာသည်။ ရှုတင်မန်နေဂျာသည် မလိုအပ်ဘဲ မင်းသမီး၏ ကားနောက်မှပြေးလိုက်လာ၏။ မင်းသမီးကိတ်ဝင်းစလက် ရောက်လာပြီ။ မင်းသမီးသည်
ကားပေါ်မှာ ဆင်းပြီးစတုန်းဆီသို့ လျှောက်လာသည်။ အင်္ကျီလက်ပြတ်ဝတ်ထားသောကြောင့် လက်မောင်းကိုကောင်းစွာ မြင်နိုင်သည်။ သူ့ကိုယ်သူ လက်မောင်းလှကြောင်း သိထားသောကြောင့် လက်ပြတ်အင်္ကျီကို အမြဲလို ဝတ်လေ့ရှိခြင်းဖြစ်၏။ ပြီးတော့ ပေါင်တံကို တင်းခနဲ တင်းခနဲနေအောင် တစ်ဖြောင့်တည်းထား၍လျှောက်လာနေသည်။ စတုန်းတောင် ရင်ခုန်ချင်သလိုဖြစ်သွား၏။

"ပိုလီယို မရောက်သေးဘူး မဟုတ်လား"
ဟုမေးရင်း အနားမှာ လာရပ်သည်။ ပိုလီယိုဆိုသည်မှာ လီယိုနာဒိုကို နာမည်ပြောင်ဖြင့်ခေါ်ခြင်းဖြစ်၏။ သူ
နောက်ကျသည့်အပြစ်ကို ဖုံးကွယ်ရန် လီယိုနာဒိုကို အကာအကွယ်ယူလိုက်ခြင်းလည်းဖြစ်၏။ စတုန်းက ခေါင်းသာ ဆတ်ပြလိုက်သည်။
ကိတ်ဝင်းစလက်က...
"ကိတ်ကိတ်လည်း အစောကြီးကတည်းက ထွက်လာမလို့ပါပဲ၊ ပွဲစားတစ်ယောက် ရောက်လာပြီး စိန်လက်စွပ်တစ်ကွင်းလာပြလို့ ဈေးစကားပြောနေရတာနဲ့ အချိန်လင့်သွားတာ၊ ဝယ်တော့ဝယ်ဖြစ်သွားပါတယ်၊ ဒီမှာလေ...မလှဘူးလား"
ဆိုပြီး လက်ကို စတုန်း၏မျက်နှာနား ကပ်ပြသည်။
စိန်လက်စွပ်က ခဲသားရောင် ဖျပ်ဖျပ်လက်နေသည်။ စိန်လက်စွပ်ထက် ကိတ်ကိတ်ခေါ်
ကိတ်ဝင်းစလက်၏ကော့ပျံနေသော လက်ချောင်းကလေးတွေက ပိုတောင်လှသေးသည်ဟု ထင်မိ၏။

* * * * *

သွေးတွေက အင်္ကျီပေါ်ကို တောက်ခနဲ တောက်ခနဲကျနေသည်။ သွေးစွန်းသောကြောင့် အင်္ကျီပေကျံကုန်ပြီဟု
ပြောရမှာတော့ ခပ်ခက်ခက်ပဲ။ နဂိုကတည်းက အင်္ကျီပေါ်မှာ ဆေးရောင်မျိုးစုံစွန်းပေနှင့်ပြီးသားရှိနေသောကြောင့်
ဖြစ်သည်။ သွေးစက်များကြောင့် အနီရောင်တစ်မျိုး ထပ်တိုးလာသည်ဟု ပြောလျှင် ပိုသင့်တော်မည်ထင်သည်။
အင်္ကျီကလည်း မလျှော်မဖွပ်ဘဲဝတ်နေတာ ဘယ်လောက် ကြာပြီလဲမသိ။ ညစ်ထပ်ထပ်ဖြစ်ပြီး နဂိုကဘာအရောင်
ဆိုတာတောင် မသိနိုင်တော့။ ရေလည်း မှန်မှန်မချိုးဘူး ထင်ရဲ့။ သူ့ကိုယ်က ချဉ်စုတ်စုတ်အနံ့တွေ ထွက်နေ၏။
မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးတွေကလည်း ထူလပျစ်နဲ့။

ဘာပဲဖြစ်ဖြစ် ဒဏ်ရာကို အရင်ဆုံး ဆေးကြောသန့်စင်ပေးရမည်။ ဒီလောက် ညစ်ပေတဲ့လူတော်ရုံတန်ရုံသန့်ရှင်းလို့
မဖြစ်ဘူးဆိုပြီး ဂွမ်းခပ်ကြီးကြီးယူ၊ အရက်ပြန် ခပ်ရွှဲရွှဲဆွတ်ပြီး ဒဏ်ရာကို သုတ်သင်လိုက်သည်။
ဘယ်လောက်သတ္တိကောင်းတဲ့လူဖြစ်ဖြစ် အနာကို အရက်ပြန်ထိလျှင် အနည်းဆုံး တွန့်ခနဲတော့ ဖြစ်သွားတတ်ကြသည်။
ဒီပုဂ္ဂိုလ်ကတော့ ဒီလိုမဟုတ်။ သူ့ကို ရေမွှေးဆွတ်ပေးနေတယ်များ အောက်မေ့နေသလားမသိ။ ဒါတွင်မကသေး။
အရက်ပြန်နံ့ကိုရသောအခါ လျှာကိုသပ်ပြီး တံတွေးတောင်မျိုချလိုက်သေးသည်။
သူကားနာမည်ကျော် ပန်းချီဆရာကြီး ဗင်ဂိုးပင်ဖြစ်လေ၏။

သူက အရက်ကြိုက်တတ်သည်။ မူးလျှင်လည်း အတော်သွေးဆိုးသည်။ အသောက်လွန်သွားလျှင် အရူးတစ်ယောက်လို
ဖြစ်သွားပြီး လုပ်ချင်ရာလုပ်တတ်သည်ဟု နာမည်ထွက်သည်။
ထို့ကြောင့် ဆေးရုံဆေးခန်းတွေက သူ့ဆိုလျှင်လန့်ကြသည်။ တစ်ခါက ဘာမှမစားဘဲအရက်ချည်းလှိမ့်သောက်နေသဖြင့်
အစာအိမ်ထိခိုက်ပြီး ဆေးရုံတက်ရသည်။ နည်းနည်းသက်သာလို့ ထနိုင်ရုံရှိသေး၊ အလစ်ခိုးထွက်ပြီး သွားသွားသောက်သည်။
ဆရာဝန်ကြီးက ရိပ်မိသဖြင့် ဗင်ဂိုးကို အပြင်ထွက်ခွင့်လုံးဝမပေးရန် ဆေးရုံစောင့်ကို မှာထားသည်။

ဒီအခါကျပြန်တော့ တစ်မျိုးကြံသည်။ သူ့အရင်းနှီးဆုံးသူငယ်ချင်း ဂေါ်ဂင်က ညနေဘက်ထမင်းလာပို့သလိုလုပ်ရင်း
အရက်ဝယ်လာပေးသည်။ ဗင်ဂိုးက ဒါကိုဝှက်ထားပြီး ညကျမှ ခိုးသောက်သည်။ နောက်တော့ ဆေးရုံက ပေးတဲ့ဆေးတွေနဲ့
အရက်နဲ့ ဓာတ်မတည့်ဖြစ်ပြီး သတိလစ်သွားသဖြင့် ဆရာဝန်တွေမှာ အတော်ကြိုးစားပြီးကုရသည်။ ကံကောင်းလို့
မသေခဲ့ခြင်းဖြစ်၏။

ခုတစ်ခါတော့ နားရွက်မှာ ဒဏ်ရာရလာသောကြောင့် အေ-ဂျေခရိုနင်၏ဆေးခန်းကို ရောက်လာခြင်းဖြစ်၏။ ခရိုနင်သည်
ဆရာဝန်လည်းဖြစ်၊ စာရေးဆရာလည်း ဖြစ်သဖြင့် အနုပညာသမားတွေအပေါ်နားလည်မှုရှိသည်။ ဗင်ဂိုး၏ ပန်းချီအနုပညာ
ကိုလည်း အထင်ကြီးလေးစားသည်။
ခရိုနင်ခမျာ သိပ်တော့မစားသာလှပါ။ စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာ၊ ကာတွန်းဆရာ၊ အတော်များများ၏ ကျန်းမာရေးကိစ္စကို တာဝန်ယူကူညီဆောင်ရွက်ပေးနေရ၏။ ဒီလူတွေကလည်း သိတဲ့အတိုင်းပဲခပ်မွဲမွဲတွေသာများသဖြင့်
ဆေးကုခရဖို့နေနေသာသာ ဆေးဖိုးတွေတောင် သူကစိုက်ရသေးသည်။ သူ့ဝင်ငွေတစ်ဝက်လောက်က ဒီစရိတ်တွေနှင့်ပဲ ကုန်ရတတ်သည်။
ညနေကျလျှင် ချားလ်ဒစ်ကင်းကို ဆေးရုံလိုက်ပို့ရဦးမည်။ ဒစ်ကင်းက အသည်းနည်းနည်း ရောင်ချင်သလိုဖြစ်နေသဖြင့်
အာထရာဆောင်း ရိုက်ကြည့်ရမည်။ ဗင်ဂိုး၏နားရွက်က ဒဏ်ရာကိုဆေးကြောပြီး စစ်ဆေးကြည့်တော့ အဖျားပိုင်း
စုတ်ပြတ်သွားကြောင်းတွေ့ရ၏။ ဒဏ်ရာကိုချုပ်နေစဉ်မှာတောင် ဗင်ဂိုးက နားဖာချေးကလော်ခံသလို မှိန်းနေတာ
တွေ့ရသည်။
"မင်းတော်တော်ခက်တာပဲကွာ၊ နည်းနည်းလျှော့သောက်ပါလို့ပြောထားတာလည်းနားမထောင်ဘူး၊ မူးရင်လည်း သွေးဆိုးပြီး
ရန်ဖြစ်ချင်သေးတယ်၊ ဟိုတစ်ခါလဲ ဒါလီရဲ့ခေါင်းကို အရက်ပုလင်းနဲ့ရိုက်လို့ ကွဲသွားတာ ငါပဲချုပ်ပေးလိုက်ရတယ်၊ ကဲ...
အခုကော ဘယ်သူနဲ့ ဘာဖြစ်လာပြန်သလဲ"ဟု ခရိုနင်က ကရုဏာဒေါသော လေသံဖြင့် မေးလိုက်၏။

ဗင်ဂိုးနားရွက်ပြတ်သွားသည့် ကိစ္စနှင့်ပက်သက်ပြီး ကောလဟာလတွေ ထွက်ခဲ့သေးသည်။ ဗင်ဂိုးသည် လမ်းထိပ်
ကွမ်းယာဆိုင်က ကောင်မလေးကိုကြိုက်နေသည်။ ထို့ကြောင့် နေ့စဉ်ကွမ်းယာ သွားဝယ်စားသည်။ ကောင်မလေးက
သူ့ကိုမကြိုက်။ ဝယ်သူမို့ လိုက်လိုက်လျောလျော ဆက်ဆံနေရခြင်းသာဖြစ်၏။ ဗင်ဂိုးကိုနာမည်ကျော် ပန်းချီဆရာအဖြစ်
အထင်ကြီးသော်လည်း ပေပေတေတေနေတတ်ခြင်း၊ မူးလျှင်ရစ်တတ်ခြင်းတို့ကြောင့် သဘောမကျခြင်းဖြစ်၏။

ဗင်ဂိုးကတော့ နေ့စဉ် သွားမြဲသွားနေသည်။ တစ်ရက်မှာတော့ ဗင်ဂိုးက ခပ်ထွေထွေနှင့်.... "မင်းကသာလက်ခံမယ်ဆိုရင်
ငါ့ရင်ကိုခွဲ၊ နှလုံးသားကိုထုတ်ယူပြီး လက်ဆောင်ပေးလိုက်ချင်တယ်"ဟု ပြောသည်။ ကောင်မလေးက ရယ်သွမ်းသွေးပြီး....
"အမယ်လေး၊ ဒီလောက်ကြီးမလိုပါဘူး၊ နားရွက်ကလေး တစ်ဖက်လောက်ရရင်တော်ပါပြီ"ဟုနောက်လိုက်မိ၏။ ထိုအခါ
ဗင်ဂိုးက 'တကယ်လား'ဆိုပြီး သူ့နားရွက်တစ်ဖက်ကိုဖြတ်ပေးလိုက်ခြင်းဖြစ်သတဲ့။

နောက်မူကွဲတစ်မျိုးကတော့.....
ဗင်ဂိုးကြိုက်နေသော ကောင်မလေးမှာ ကွမ်းယာဆိုင်က မဟုတ်။ ဝက်ခေါင်းသုပ်ရောင်းသော ကောင်မလေးသာဖြစ်၏။
ဗင်ဂိုးက အရက်နဲ့မြည်းဖို့ ဝက်ခေါင်းသုပ်သွားသွားဝယ်ရင်း စိတ်ဝင်စားမိတာ။ တစ်ရက်မှာတော့ ဗင်ဂိုးရောက်လာပြီး....
"ဝက်ခေါင်းသုပ်တစ်ပွဲ ပါဆယ်လုပ်ပေးဟေ့၊ နားရွက်များများ ထည့်နော်"ဟုပြောသည်။
ကောင်မလေးက....
"နားရွက်ကုန်နေပြီ"
"ဟာ....ဝက်ခေါင်းသုပ်ထဲမှာ နားရွက်က အဓိကပဲဟာ၊ အရိုးနုလေးတွေက ထုတ်ထုတ် ထုတ်ထုတ်နဲ့သိပ်စားလို့
ကောင်းတာဟ၊ နားရွက်မပါတော့ အလကားပဲပေါ့"
"ဒီလောက်တောင် နားရွက်ကြိုက်ရင်လဲ ကိုယ့်နားရွက်ပဲ ကိုယ်ဖြတ်ထည့်လိုက်တော့"

နေ့တိုင်းလိုလို လာပြီး လူကို စူးစူးရဲရဲ ကြည့်တတ်သောကြောင့် ကောင်မလေးက မကျေနပ်တာကြာပြီ။ ထို့ကြောင့်
ခပ်ကောကောလေး ပြောလိုက်ခြင်းဖြစ်၏။
ဗင်ဂိုးက "အင်း...ကောင်းသားပဲ"ဟု ခပ်အေးအေးပြောရင်း ဝက်ခေါင်းလှီးသည့် ဓားကိုယူပြီး သူ့နားရွက်ကို
ဖြတ်ပေးလိုက်ခြင်းဖြစ်သည်ဟုဆို၏
ဒါတွေက ကောလဟာလတွေသာဖြစ်၏။

တကယ့်အဖြစ်မှန်ကတော့.....
ဗင်ဂိုးသည် သူ့အချစ်ဆုံးသူငယ်ချင်းဖြစ်သော ပန်းချီဆရာ ပေါလ်ဂေါ်ဂင်နှင့် အတူနေသည်။ သူတို့နှစ်ယောက်က
စရိုက်ချင်းတူသည်။ ယမကာကြိုက်နှစ်သက်ပုံချင်း၊ သောက်လုံးကြီးပုံချင်းလဲ တူသည်။ သောက်ပြီးလျှင်လည်း
ငြင်းကြခုံကြရင်း မကြာခဏထသတ်ကြလေ့ရှိသည်။
အထူးသဖြင့် ပန်းချီအနုပညာအကြောင်း ငြင်းခုံကြခြင်းဖြစ်၏။ ဒီတစ်ခါတော့ ဗန်ဂိုး၏တချို့ပန်းချီကားများမှ
သုံးထားသော အရောင်အတွဲအစပ်များသည် ကာလာသီအိုရီနှင့် မကိုက်ညီဟု ဂေါ်ဂင်က ဝေဖန်ရာမှ ပြဿနာ
ဖြစ်ကြခြင်းဖြစ်၏။

"ဘာ၊ ကာလာသီအိုရီဟုတ်လား၊ အဲဒီသီအိုရီကို ဘယ်သူကထုတ်တာလဲ၊ ဘယ်သူကပြဋ္ဌာန်းတာလဲ၊ ငါပြဋ္ဌာန်းတာမှ
မဟုတ်တာ၊ သူများထုတ်တဲ့ သီအိုရီကို ငါကဘာကြောင့် လိုက်နာရမှာလဲ၊ ငါဆွဲတဲ့ပန်းချီကားဟာ ငါ့သီအိုရီပဲ"ဟု ဗန်ဂိုးက
ခွတိုက်သည်။
ဒီလိုနဲ့ ငြင်းကြခုံကြရင်း ဗန်ဂိုးက လက်ဝှေ့ယှဉ်ထိုးဖို့စိန်ခေါ်သည်။ ဂေါ်ဂင်ကလည်း လက်ခံပြီး ထိုးသတ်ကြသည်။ ဗင်ဂိုးက
အသတ်အပုတ်လည်းကျင်လည်သဖြင့် ဂေါ်ဂင်ချည်းပဲခံရသည်။ ဒီတော့ ဂေါ်ဂင်သည်ကြံမိကြံရာလုပ်သည်။
ဗင်ဂိုးကိုအတင်းဝင်လုံးပြီး နားရွက်ကို ကိုက်ဖြတ်လိုက်သောကြောင့် ဗင်ဂိုး၏ နားရွက်ထိပ်ဖျားစုတ်ပြတ်သွားခြင်း
ဖြစ်လေ၏။

တကယ်တော့ သူတို့နှစ်ယောက်သည် ပေပေတေတေနေတတ်သော်လည်း ပန်းချီလက်ရာတွေကတော့
အံ့ဩလောက်အောင် ပြောင်မြောက်သူများဖြစ်ကြ၏။ ဗင်ဂိုး၏ အာလူးစားသူများ ပန်းချီကားဆိုလျှင် အလွန်
နာမည်ကြီးသည်။ အထူးသဖြင့် ဆာလောင်မွတ်သိပ်နေသော မျက်လုံးများကို ဆွဲထားတာပီပြင်လွန်းသဖြင့်
ကြည့်မိသူတိုင်း လက်ဖျားခါရလေသည်။

* * * * *

တော်စတွိုင်းနှင့် ချက်ကော့တို့ မဂ္ဂဇင်းတိုက်ထဲဝင်သွားချိန်တွင် တာဝန်ခံအယ်ဒီတာက တယ်လီဖုန်းပြောနေသည်။
ထို့ကြောင့် သူတို့လည်း အလိုက်သိစွာပင် အပေါက်ဝနားက ခုံတန်းလျားမှာ ထိုင်စောင့်နေလိုက်သည်။ တယ်လီဖုန်းလိုင်းကပဲ
မကောင်းလို့လား၊ နဂိုကပင် အသံကျယ်ကျယ် ပြောတတ်လို့လားမသိ။ တာဝန်ခံအယ်ဒီတာဖုန်းပြောနေသံကို
ကောင်းကောင်းကြားနေရ၏။

"ဟုတ်ကဲ့ဆရာမ၊ ဩော်...ဟုတ်လား၊ ဟာ...ဘာပြောကောင်းမလဲ ဆရာမရယ်၊ ဆရာမရဲ့ ဝတ္ထုရှည် ဒီလပါမယ်လို့လဲ
ကြေညာလိုက်ရော ကိုယ်စားလှယ်တွေက မဂ္ဂဇင်းစောင်ရေတိုးပြီးမှာကြလို့ ဒီလနှစ်ထောင်လောက်ပိုရိုက်ရတယ်လေ၊
ဩော်...ဒါလား၊ ဟဲ ဟဲ ဆရာမလည်း သိသားနဲ့၊ တစ်လတည်း အပြတ်ထည့်လို့တော့ ရတာပေါ့၊ ဒါပေမယ့်
ပရိသတ်တွေ ပိုစိတ်ဝင်စားအောင် ကောင်းခန်းလေးမှာ ဖြတ်ထားပြီး ရှေ့လဆက်ဖတ်ပါလုပ်လိုက်ရတာပါ၊
ဆရာမအတွက်လည်း ပိုတောင်ကောင်းသွားသေးတယ်၊ စာမူခ နှစ်လစာ ရမှာလေ"

တာဝန်ခံအယ်ဒီတာက ဖုန်းပြောနေရင်းက တော်စတွိုင်းနှင့် ချက်ကော့တို့ကိုမြင်ပြီး လက်လှမ်းပြ၍နှုတ်ဆက်သည်။
ထို့နောက် ဖုန်းဆက်ပြောသည်။ အသံတော့နည်းနည်းတိုးသွား၏။
"ခင်ဗျာ၊ ဟာ...မနည်းပါဘူးဆရာမရယ်၊ ဘယ်သူ့ကိုမှ မပေးသေးတဲ့ စာမူခနှုန်းနဲ့ပေးတာပါ၊ ဗျာ.. ဟုတ်ကဲ့ ဟုတ်ကဲ့၊
အယ်ဒီတာချုပ်ကို ပြောပေးပါ့မယ်၊ အဆင်ပြေမှာပါ၊ ဒီလိုလုပ်ပါလား၊ အခန်းဆက်ဝတ္ထုရှည်တစ်ပုဒ် ရေးပေးလေ၊
ခြောက်လစာလောက်ပေါ့၊ ဒါဆို ကျွန်တော်တို့အတွက်လည်း အဆင်ပြေတယ်၊ ဆရာမလည်း လုံးချင်းဝတ္ထုတစ်ပုဒ်
ရေးပြီးသားဖြစ်သွားတာပေါ့၊ စာမူခကိုလည်း ဆရာမပြောတဲ့အတိုင်း ဖြစ်အောင်စီစဉ်ပေးပါ့မယ်၊ ဩော်...ဒါနဲ့
ကျွန်တော်ထည့်ပေးလိုက်တဲ့ ဒူးရင်းယိုရလား၊ ဆရာမကြိုက်တတ်တယ်ဆိုလို့၊ အယ်ဒီတာချုပ်က ဘန်ကောက်ထိ
တကူးတက လှမ်းမှာပေးတာလေ၊ ဟုတ်ကဲ့....ဟိုကိစ္စလေးလည်း စဉ်းစားပေးပါဦး၊ ဒါပဲနော်"

တာဝန်ခံအယ်ဒီတာက ဖုန်းကိုချလိုက်သည်။ သူသည် အထက်အရာရှိကို အရေးကြီးသောကိစ္စအစီရင်ခံလိုက်ရသူ
တစ်ယောက်လို မောဟိုက်သွားဟန်တူသည်။ 'ဟူး'ခနဲ သက်ပြင်းမှုတ်ထုတ်လိုက်၏။ ပြီးမှ...."လာလေဆရာတို့"ဟု
လှမ်းပြီး ဖိတ်မန္တကပြု၏။
ချက်ကော့နှင့်တော်စတွိုင်းတို့လည်း သူ့စားပွဲရှေ့က ကုလားထိုင်တွေ ဆွဲယူပြီး ထိုင်လိုက်၏။ ခုအတိုင်းဆိုလျှင်
ဒီလထုတ်မဂ္ဂဇင်းထဲမှာ ချက်ကော့ဝတ္ထုမပါတာ သေချာနေပြီ။ စောစောက ဖုန်းဖြင့်ပြောဆိုနေပုံအရ နောက်လမှာလည်း
မာရီကော်ရယ်လီ၏ ဝတ္ထုရှည် ဒုတိယပိုင်းကိုသာ ဆက်ထည့်ဖို့ စီစဉ်ထားကြောင်း သိရပြီ။ စာမူခရဖို့
မျှော်လင့်ချက်လည်းမရှိတော့။ သို့ရာတွင် အကျိုးအကြောင်း သိလိုသေးသဖြင့်..."ကျွန်တော့်
ဝတ္ထုရှည် အခြေအနေ ဘယ်လိုလဲ"ဟုချက်ကော့က မေးသည်။

တာဝန်ခံအယ်ဒီတာက အားနာပါးနာလေသံဖြင့်..."ကျွန်တော်ကတော့ သိပ်ကြိုက်တာပဲဆရာ၊ ခုချိန်မှာ
ဘဝသရုပ်ဖော်ဝတ္ထုကောင်းကောင်းက ရှားနေပြီ မဟုတ်လား၊ အဲဒါ အယ်ဒီတာချုပ်ဆီ တင်ပြလိုက်တော့
ဆရာ့ဝတ္ထုကရှည်လွန်းနေတယ်တဲ့၊ တစ်လတည်းအပြတ်ထည့်ဖို့စာမျက်နှာ အခက်အခဲရှိတယ်တဲ့"
ချက်ကော့က လှောင်သလိုလို ပြုံးလိုက်သည်။ သူ့ဝတ္ထုကျတော့ ရှည်နေလို့တဲ့။ မာရီကော်ရယ်လီရဲ့
ဝတ္ထုကိုတော့ တစ်လတည်း အပြတ်ထည့်လို့ရလျက်နှင့် နှစ်လခွဲထည့်သည်။ သူ့အပြုံးကို
တာဝန်ခံအယ်ဒီတာကလည်း ရိပ်မိသည်။ ထို့ကြောင့်....

"သူ့ခေတ်နဲ့ သူကိုးဆရာရဲ့၊ ဘက်စ်ဆဲလားဆိုတော့လဲ ဦးစားပေးရတာပေါ့၊ ဆရာသိတဲ့အတိုင်းပဲ၊ ခုချိန်မှာက
အပြင်းစား အချစ်ဝတ္ထု၊ ဒါမှမဟုတ် ဟာသဝတ္ထုမှ လူကြိုက်များတာကိုး၊ ဆရာ့အနေနဲ့ နည်းနည်းလောက်သည်းခံပြီး
စောင့်လိုက်ပါဆရာရယ်၊ အဆင်ပြေတဲ့လမှာ ကျွန်တော်တို့ သုံးဖြစ်အောင်သုံးပါ့မယ်၊ မဂ္ဂဇင်းဂုဏ်သိက္ခာရှိဖို့
အတွက်က ဆရာတို့ရဲ့ဝတ္ထုတွေ ထည့်သင့်တယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်"

တော်စတွိုင်းသည် အယ်ဒီတာကိုတောင် ပြန်သနားမိသလိုဖြစ်သွား၏။ ချက်ကော့ကတော့ အယ်ဒီတာတစ်ယောက်၏
လက်ရှိအနေအထားကို သဘောပေါက်သဖြင့် ခေါင်းကိုသာဆတ်ပြလိုက်သည်။ ထိုစဉ်တွင် အယ်ဒီတာ၏ လက်ထောက်
လူငယ်က လက်ဆွဲအိတ်တစ်လုံးထဲကို ကင်မရာနှင့် အသံဖမ်းစက်ထည့်ပြီး စားပွဲပေါ်လာတင်သည်။ အပြင်သွားဖို့
အချိန်ကျပြီဖြစ်ကြောင်း သတိပေးလိုက်ခြင်းဖြစ်၏။ ချက်ကော့တို့ကို ယဉ်ယဉ်ကျေးကျေးနှင်လိုက်သည်
သဘောလည်းဖြစ်၏။

အယ်ဒီတာက လက်ပတ်နာရီကိုကြည့်သည်။ ချက်ကော့ကလည်း အလိုက်သိစွာဖြင့်.....
"အပြင်သွားစရာရှိတယ်ထင်တယ်၊ ကျွန်တော်တို့လည်း သွားဦးမှ"ပြောပြီး ထရပ်သည်။
အယ်ဒီတာက...
"ဟုတ်တယ်၊ ဒီညနေ နစ်ကိုးကစ်မင်းရဲ့ မွေးနေ့ပွဲရှိတယ်လေ၊ မသွားလို့မဖြစ်ဘူးဆရာရဲ့၊ တခြားမဂ္ဂဇင်းတွေမှာ
အဲဒီသတင်းပါလာပြီး ကျွန်တော်တို့ဆီမှာ မပါရင် အယ်ဒီတာချုပ်က ကျွန်တော့်ကို ထုလိမ့်မယ်၊ ဒီသတင်းက
ပရိသတ်သည်းခြေကြိုက် သတင်းမျိုးကိုး၊ ကျွန်တော်တို့မှာလည်း မဂ္ဂဇင်းတွေဂျာနယ်တွေက များတော့ ဒီလိုပဲ
အပြိုင်အဆိုင်လုပ်နေကြရတာပဲ"

မဂ္ဂဇင်းအယ်ဒီတာချုပ် ဆိုသူမှာ စာပေဝါရင့်သူတစ်ယောက်တော့မဟုတ်။ စာပေကိုသိပ်ချစ်မြတ်နိုးသော
အနုပညာသမားစစ်စစ်လည်း မဟုတ်။ သို့ရာတွင် သူက ဒီမဂ္ဂဇင်းအတွက် ငွေထုတ်ပေးသူ ပိုင်ရှင်ဆိုတော့....
တာဝန်ခံအယ်ဒီတာသည် လွယ်အိတ်ကို လွယ်လိုက်သည်။ ထို့နောက် လေသံပျော့ပျော့ခပ်တိုးတိုးပြောသည်။
"ကျွန်တော်တို့ အယ်ဒီတာတွေဆိုတာ အနုပညာသမားနဲ့ စီးပွားရေးသမားကြားမှာ မလူးသာမလွန့်သာ
ညပ်နေတဲ့သတ္တဝါတွေပါပဲဆရာတို့ရယ်"

ချက်ကော့က ပခုံးတွန့်ပြလိုက်သည်။ တော်စတွိုင်းကတော့ ဂျက်လန်ဒန်၏ ဝတ္ထုထဲမှ 'ကျွန်တော်ကကော၊
ဘာများကော တတ်နိုင်ပါဦးမည်နည်း'ဆိုသော စကားလုံးလေးကိုသာ သတိရနေမိလေသည်။
မဂ္ဂဇင်းတိုက်ထဲက ထွက်လာကြပြီးနောက် ချက်ကော့က...."ဝမ်းသာတယ်ကွာ"ဟု ရုတ်တရက်ပြောလိုက်သဖြင့်
တော်စတွိုင်း ကြောင်သွား၏။
"ဘာလဲကွ၊ မင်းဟာက... မဂ္ဂဇင်းထဲ ဝတ္ထုမပါလို့ စာမူခမရတာ ဝမ်းသာစရာလား"
"မင်းမေ့သွားပြီလား၊ မိန်းမက ဆန်မပါရင် ပြန်မလာနဲ့လို့ မှာလိုက်တယ်မဟုတ်လား၊ ဒီတော့ အိမ်ပြန်လို့မဖြစ်ဘူးလေ၊
မင်းအိမ်မှာလိုက်အိပ်ရတော့မှာ၊ တစ်ညတစ်လေ နားအေးပါးအေး နေရပြီပေါ့၊ ပြီးတော့ မင်းနဲ့ငါ တစ်ညလုံး
သောက်ရင်းစကားပြောခွင့်လည်းရမယ်လေ"
"ငါ့မှာလည်း ပိုက်ဆံသိပ်ရှိတာမဟုတ်ဘူးကွ၊ ဘီအီးတောင် တိုက်နိုင်မယ်မထင်ဘူး၊ ချက်အရက်နဲ့ ပဲကြီးလှော်လောက်ပဲ
ရမယ်နော်"
"ဟေ့ကောင်ရ...နာမည်ကိုကချက်ကြီးပါကွ၊ ချက်အရက်မကလို့ မက်သနောကို ဆားခပ်တိုက်လည်း ရတယ်"
သူတို့နှစ်ယောက်ပြိုင်တူရယ်လိုက်ကြသည်။ ပြီးတော့ ဆက်လျှောက်လာကြ၏။
ထိုစဉ် နောက်ဘက်မှ လှမ်းအော်သံကြားရသည်။
"ဟေ့...ဒဂုံတော်စတွိုင်း"
လှည့်ကြည့်လိုက်တော့ မိုပါဆွန်းကိုတွေ့ရသည်။ တော်စတွိုင်း မြို့သစ်ကို ပြောင်းသွားပြီးကတည်းက မိုပါဆွန်းက
ဒဂုံတော်စတွိုင်းဟု နောက်ပြောင်၍ခေါ်လေ့ရှိ၏။
သူတို့က ရပ်စောင့်နေသည်။ မိုပါဆွန်းသည် အဝတ်အစားဖရိုဖရဲ ဆံပင်စုတ်ဖွားနှင့် ဖြစ်၏။ လူက အနားမရောက်ခင်
ယမကာနံ့က အရင်ရောက်လာသည်။
"အစောကြီးရှိသေးတယ်၊ ပြဲနေပြီလားကွ"ဟုတော်စတွိုင်းက မေးသည်။
မိုပါဆွန်းက
"နေ့လည်ဆယ့်နှစ်နာရီကျော်ရင် ညနေပိုင်းထဲဝင်ပြီလေကွာ၊ ဒါစောတယ်လို့ ဘယ်ပြောလို့ရမလဲ"
"နည်းနည်းပါးပါးလည်း လျှော့သောက်စမ်းပါဦး ကိုဆွန်းရာ"ဟု ချက်ကော့က ဝင်ပြောသည်။ မိုပါဆွန်းက
"လျှော့ပါတယ်ကွ၊ ခုနောက်ပိုင်း ရေသိပ်မရောတော့ဘူးလေ၊ ဒါလျှော့သောက်တဲ့သဘောပေါ့ဟ"
မိုပါဆွန်းက ဒီအတိုင်းပဲ။ အလွန်တေတတ်ပေတတ်သည်။ ယမကာကိုလည်း ခုံမင်သည်။ အခါများစွာတို့တွင်
အိမ်မပြန်တော့ဘဲ လမ်းဘေး အရက်ဆိုင်ခုံပေါ်တွင် ခွေခွေလေးအိပ်နေတာတွေ့ရတတ်သည်။ တစ်ခါတစ်လေ
ဆိုက်ကားသမားတွေနှင့် တစ်ညလုံးထိုင်ပြီး စစ်တုရင်ထိုးချင် ထိုးနေတတ်သည်။ တစ်ခါတစ်လေကျတော့လည်း
သူ့စာဖတ်ပရိတ်သတ်တစ်ယောက်က ဒကာခံပြုစုသဖြင့် ဟိုတယ်ဘားခန်းထဲမှာ ဝီစကီကို အကျအနသောက်နေတာ
မြင်ရတတ်ပြန်သည်။

သူ့မိတ်ဆွေအပေါင်းအသင်းတွေက လူစုံဖြစ်၏။ အလွှာအမျိုးမျိုးလူတန်းစားအမျိုးမျိုး ပါဝင်သည်။ အရာရှိကြီးတွေ၊
သူဌေးတွေ၊ လက်လုပ်လက်စားတွေ၊ တေလေကြမ်းပိုးတွေ၊ ခါးပိုက်နှိုက်တွေ စသည်ဖြင့် များပြားစုံလင်လှသည်။
ထို့ကြောင့်လည်း သူ၏ဝတ္ထုတွေထဲက ဇာတ်ကောင်များမှာ စရိုက်သဘာဝပီပြင်ပြီး သရုပ်မှန်လွန်းလှ၏။
အထက်တန်းလွှာတွေနှင့် ပေါင်းနေသော်လည်း သူတို့အကြိုက်ကို လိုက်မရေး။ ကန့်လန့်ကာနောက်ကွယ်မှ
သူတို့၏ ကောက်ကျစ်မှုများ၊ ဖောက်ပြန်မှုများကို အတွင်းကျကျသိနေသဖြင့် ဒါတွေကို ကွက်ကွက်ကွင်းကွင်း
ဖွင့်ချရေးသားသည်။

သူက စာရေးအလွန်ကောင်းသည်။ သူ၏ သရော်လှောင်ပြောင်ချက်များက ထိမိလှသည်။ ထို့ကြောင့်
အရေးခံရသူတွေ ကိုယ်တိုင်တောင်မဖတ်ဘဲ မနေနိုင်အောင် စွဲလမ်းကြရ၏။ သူ့စာအုပ်တွေ
ရောင်းကောင်းသည်။ သို့ရာတွင် သူကတော့ ပြောင်ပြောင်ရောင်ရောင်မရှိ။ ရသမျှ စာမူခကို
သူငယ်ချင်းအပေါင်းအသင်းတွေနဲ့အတူ အရက်သောက်ပစ်သည်။ ငွေကြေးချို့တဲ့သော စာရေးဆရာ၊
ကဗျာဆရာတွေကို ထောက်ပံ့သည်။ တစ်ခါတစ်လေကျတော့လည်း သူ့မိတ်ဆွေထောင်ကျနေသော လူမိုက်တစ်ယောက်၏ မိသားစုကို အိတ်ထဲပါသမျှငွေ အကုန်ထုတ်ပေးခဲ့တာမျိုးရှိသည်။

"မင်းတို့က ဘယ်ကလာတာလဲ"
ဟု သူကမေးသည်။ ချက်ကော့က မဂ္ဂဇင်းတိုက်မှာ စာမူခလေးများ ရမလားလို့သွားတာ ဝတ္ထုမပါသဖြင့်
မရခဲ့ကြောင်း ပြောပြသည်။
"မင်းတို့က လေပျော့လေးတွေနဲ့ သွားတာကိုးကွ၊ ငါ့လိုလုပ်ရတယ်၊ ငါဆိုရင် မဂ္ဂဇင်းတိုက်ကို မသွားခင်
နှစ်ပက်လောက် အရင်ဝင်မော့သွားတယ်၊ အဝတ်အစားတွေပေါ်မှာလည်း အနံ့လေး အောင် ဆွတ်သွားလိုက်သေးတယ်၊ ဟိုရောက်တော့ သိပ်မူးနေတဲ့ပုံစံနဲ့
အမျိုးမျိုးရစ်တာပဲ၊ အဲဒီဒဏ်ကိုမခံနိုင်တာနဲ့ပဲ နားအေးရင်ပြီးရော ဆိုပြီး စာမူခထုတ်ပေးလိုက်ကြတာပဲကွ...ဟား ဟား"

"ငါတို့က မင်းလောက်တော့ မလုပ်ရဲဘူးကွ"
ဟု တော်စတွိုင်းက ဝန်ခံသည်။ သူကအားနာတတ်သူဖြစ်၏။ မဂ္ဂဇင်းတွေဘက်မှာလည်း စက္ကူဈေး၊ ဖလင်ဈေး၊ ပုံနှိပ်ခ၊ တခြားစရိတ်စကတွေက တက်လာ၊ အပြိုင်အဆိုင်တွေ
များလို့ရောင်းအားကကျ၊ မဂ္ဂဇင်းဆက်ထွက်နိုင်ဖို့တောင် အနိုင်နိုင် ကြိုးစားနေရရှာသော ဖုတ်လှိုက်ဖုတ်လှိုက်
အခြေအနေကို နားလည်စာနာမိသည်။
"လက်ဖက်ရည်တိုက်မယ့်လူ ရှိရင်ကောင်းမယ်ကွ"
လေထန်ကုန်း လက်ဖက်ရည်ဆိုင်ရှေ့ရောက်တော့ ချက်ကော့က တောင့်တသည်။
"တစ်ယောက်မဟုတ်တစ်ယောက်တော့ တွေ့မှာပါ"
တော်စတွိုင်းက ပြောပြီး မိုပါဆွန်းဘက် လှည့်၍
'မင်းကောလိုက်ထိုင်ဦးမလား'ဟု တစ်ဆက်တည်း မေးလိုက်၏။ မိုပါဆွန်းက....
"ရန်စကားပြောတာလားကွ၊ ခုမှ ဝမ်းကုတ်လောက်ပဲ အရောင်တင်ရသေးတာ၊ ပြီးတော့ ဂေါ်ကီနဲ့ လေးဆယ့်နှစ်လမ်းက ဆိုင်မှာ ချိန်းထားတယ်၊ ကဲ...သွားဦးမယ်"
ဆိုပြီး ငိုက်စိုက်ငိုက်စိုက် လျှောက်ထွက်သွား၏။ ချက်ကော့က
'ရန်လည်းဖြစ်မနေကြနဲ့ဦးနော်'ဟု လှမ်းအော်ပြောလိုက်၏။

ဂေါ်ကီနှင့်မိုပါဆွန်းတို့က အတော်ထူးဆန်းသည်။ တစ်ယောက်နှင့်တစ်ယောက် ဆုံမိလျှင်စာပေအကြောင်း
ငြင်းကြခုံကြရင်း မကြာခဏ ရန်ထဖြစ်ကြသည်။ သို့ရာတွင် မတွေ့ဘဲလည်း မနေနိုင်ကြ။
ဂေါ်ကီက ဒေါသကြီးတတ်သည်။ စိတ်ဓာတ်ရော၊ အယူအဆပါ ပြင်းထန်သည်။ ဒါကိုသိသော
မိုပါဆွန်းက ထေ့လုံးငေါ့လုံးတွေနှင့် ဂေါ်ကီစိတ်ဆိုးအောင် ဆွပေးတတ်သည်။ ထိုအခါ ဂေါ်ကီက
စားပွဲကိုလက်သီးနှင့် ထု၊ ဖန်ခွက်တွေ ပေါက်ခွဲ၊ အော်ကြီးဟစ်ကျယ် ထလုပ်တတ်သည်။
ဒီလိုဖြစ်အောင်ကို မိုပါဆွန်းက တမင်စခြင်းဖြစ်၏။ 'ဂေါ်ကီဒေါသဖြစ်ပြီး ပေါက်ကွဲတာ
သိပ်ချစ်စရာကောင်းတာပဲ'ဟု သူကဆိုသေးသည်။

လေထန်ကုန်း လက်ဖက်ရည်ဆိုင်ထဲသို့ဝင်သွားသောအခါတွင် စားပွဲတစ်လုံးမှာ ထိုင်နေသော
ဘိုင်ရွန်က လက်ယပ်ခေါ်သည်။ ဘေးမှာ ရှယ်လီထိုင်နေ၏။
"လာကြဟေ့၊ လက်ဖက်ရည်လား၊ ကော်ဖီမစ်လား"
ဟု ဘိုင်ရွန်ကမေးသည်။
"မင်းတိုက်မှာမို့လို့လား"
"ဒကာရှိတယ်လေကွာ"
ဆိုပြီး ဘေးမှာ ထိုင်နေသော ရှယ်လီကို လက်မနှင့်ညွှန်ပြသည်။

"ဟေ့ကောင်၊ မင်းပိုက်ဆံမထုတ်ရတိုင်း စေတနာတွေ ပိုနေတယ်"
ရှယ်လီက ဘိုင်ရွန်ကို ငေါက်သလိုပြောလိုက်သော်လည်း သူ့လေသံက ကျေနပ်နေပုံရသည်။ မျက်နှာကလည်း
ပြုံးရွှင်နေ၏။ ချက်ကော့တို့ဘက် လှည့်ပြီး..
"မှာကြလေကွာ၊ ငါတိုက်မှာပါ၊ ဟေ့...လန်ဒန်တစ်ပွဲပေးကွာ"
ဟု စားပွဲထိုးကလေးကို တစ်ဆက်တည်း လှမ်းမှာသည်။ လန်ဒန်စီးကရက် လာချပေးသော စားပွဲထိုးကို
လက်ဖက်ရည် ကျဆိမ့်နှစ်ခွက်မှာလိုက်၏။
"ဘာတွေအဆင်ပြေနေလို့လဲကွ"
ဟု တော်စတွိုင်းက မေးသည်။ ရှယ်လီမဖြေခင် ဘိုင်ရွန်ကပင်ပြောရေးဆိုခွင့်ရှိသူတစ်ယောက်လို
ဝင်၍အဖြေပေးသည်။

"ဒီနေ့ သူ့ကဗျာစာအုပ်ထွက်တယ်လေကွာ၊ စာမူခလည်းရလို့ အပေါင်းအသင်းတွေကို ပြုစုနေတာပေါ့"
"ဒီလိုမှန်းသိရင် မိုပါဆွန်းကိုပါ ဆွဲခေါ်ခဲ့ပါတယ်ကွာ၊ ဒါမှ ဘီအီးတစ်လုံးစာလောက် ထပ်ထွက်သွားမှာ"
"မပူပါနဲ့၊ ကဗျာစာအုပ်ထွက်တယ်သတင်းကြားရင် အိမ်အထိလိုက်လာပြီး တိုက်ခိုင်းမှာပါ"
ချက်ကော့သည် စိတ်ထဲမှာချီတုံချတုံဖြစ်နေ၏။ လောလောဆယ်တွင် ရှယ်လီ၏လက်ထဲမှာ
ငွေစကြေးစလေးရှိနေသည်။ ငွေငါးရာလောက်ချေးရကောင်းမလား။ ဒါဆိုလျှင် ဆန်ဝယ်ပြီး
အိမ်ပြန်နိုင်မည်။ သို့ရာတွင် သူက ဒါမျိုးကိစ္စတွေမှာ နှုတ်နှေးသည်။ အားနာတတ်သည်။
တော်စတွိုင်းကလည်း ဒီအကြောင်းကိုပင် တွေးနေသည်။
ကာယကံရှင်ကိုယ်တိုင်က ပါးစပ်မဟတော့လည်း ခက်သည်။ ရုတ်တရက် အကြံတစ်ခုရသွားသည်။
ချက်ကော့စာမူခမရခဲ့ကြောင်း ပြောရင်း စကားလမ်းကြောင်းပေးမည်။ ဒါဆိုချက်ကော့က လိုက်နင်းပြီး
ပြောရုံပဲ။ ထို့ကြောင့်....
"ဒီနေ့တော့ မင်းနဲ့တွေ့တာ ချက်ကော့ကံကောင်းတာပဲ၊ ဘာကြောင့်လဲဆိုတော့ မဂ္ဂဇင်းတိုက်က...."
သူ့စကားမဆုံးခင်မှာ ဂျွန်ကိရောက်လာပြီး...
"ဟေ့ကောင် ရှယ်လီ၊ မင်းထောနေတယ်ဆို၊ ဟိုတလောက လမ်းမှာဖိနပ်ပြတ်သွားလို့ ပြန်ဝယ်မလို့ဆိုပြီး
ငါ့ဆီက ငွေသုံးရာချေးထားတာ မှတ်မိသေးလား၊ အခု ငါ့မိန်းမ နေမကောင်းဘူးကွ၊ ညနေဆေးခန်း
သွားပြဖို့ ငွေမရှိလို့၊ အဲဒါပြန်ပေးနိုင်ရင်ပေးကွာ"
"အေးပါ၊ ငါသတိရပါတယ်၊ မင်းနဲ့မဆုံရင်တောင် နီရူဒါနဲ့ တစ်ဆင့် ပေးခိုင်းမလို့ကွ"
ဆိုပြီး ရှယ်လီက ငွေသုံးရာ ထုတ်ပေးသည်။ တော်စတွိုင်းက ချက်ကော့ကို လှမ်းကြည့်သည်။ ချက်ကော့က
မပြောပါနဲ့တော့ကွာ ဆိုသောသဘော ခေါင်းကို မသိမသာခါပြလိုက်၏။

"ကဗျာစာအုပ်လည်း လက်ဆောင်ပေးဦးလေ"
"ဟာ...ပေးမှာပေါ့၊ ပေးချင်လွန်းလို့ကို စောင့်နေတာ၊ ပေးဦးမှာ၊ ပေးဦးမှာ"
ရှယ်လီမှာ ကဗျာစာအုပ်ထွက်ဖြစ်သွားသောကြောင့် အတော်ပျော်နေပုံရသည်။ လေသံကိုက မြူးကြွသွက်လက်နေ၏။
သူက ရှေ့မှာချထားသော ကြွပ်ကြွပ်အိတ်ထဲမှ ကဗျာစာအုပ်သုံးအုပ်ကို ထုတ်သည်။ ဂျွန်ကိ၊ တော်စတွိုင်းနှင့်
ချက်ကော့တို့၏ နာမည်များကို ရေးပြီးလက်မှတ်ထိုးသည်။ တစ်ယောက်တစ်အုပ်စီပေးသည်။

ကဗျာစာအုပ်ကလေးမှာ အတော်သပ်သပ်ရပ်ရပ် လှလှပပပြင်ဆင်ထားသည်။ မျက်နှာဖုံးပန်းချီကို ဒါလီက
ရေးဆွဲပေးထားသည်။ ဒါလီသည် စာနယ်ဇင်းသရုပ်ဖော်ပုံများ ဆွဲလေ့မရှိ။ ပန်းချီကားကိုသာ အထူးပြုရေးတတ်သူ။
ဒီပုံကတော့ ရှယ်လီ့ကို ခင်လွန်းသောကြောင့် ရေးဆွဲပေးခဲ့ခြင်းဖြစ်၏။
စဥ့်အိုးပေါ်မှာ ဖားပျံကလေးတစ်ကောင် ကပ်နေပုံ။
ကဗျာစာအုပ်နာမည်က
'စဥ့်အိုးလေးကို နမ်းတဲ့ည'။

--------
မင်းလူ
--------

ဂန္ဒဝင်အိပ်မက်(၁)



ဤစာအုပ်ကို ရေးဖို့ စိတ်ကူးသန္ဓေတည်ခဲ့တာ လွန်ခဲ့သော ဆယ့်ခြောက်နှစ်ကျော်ကျော်ကပင်ဖြစ်၏။ မူလက ကဗျာအဖြစ်ရေးခဲ့ခြင်းဖြစ်ပါသည်။ ကလျာမဂ္ဂဇင်းကို စတင်ထုတ်ဝေဖို့ စီစဉ်ကြတော့ ကျွန်တော့်အစ်ကိုကြီးမောင်ဝဏ္ဏက အတိုင်ပင်ခံအယ်ဒီတာ အဖြစ်ဆောင်ရွက်သည်။ သူကမဂ္ဂဇင်းအမှတ်တစ်အတွက် ကဗျာတစ်ပုဒ် ရေးဖို့ကျွန်တော့်ကို တာဝန်ပေးသည်။

ကျွန်တော်က ကဗျာတစ်ပုဒ် ရေးပေးလိုက်သည်။ ထိုကဗျာသည် ဟိုအချိန်က စံနှုန်းနှင့်ကြည့်လျှင် မော်ဒန်
ဆန်သည်ဟု ဆိုနိုင်သည်။ ကလျာမဂ္ဂဇင်းမှာ ရိုးရိုးယဉ်ယဉ်ကလေးထွက်လာဖို့ မူချထားသည်ဆို၏။ ထို့ကြောင့် ကိုဝဏ္ဏက...
"ပထမဆုံးလမှာတော့ သိပ်အဆန်းထွင်လို့မကောင်းသေးဘူးကွ၊ ဒါကြောင့် မင်းကဗျာကို နောက်လမှ
သုံးတော့မယ်"ဟုဆိုသည်။ အမှတ်တစ်မှာ ကျွန်တော့်ကဗျာ ပါမလာ။ အမှတ်နှစ်ကျတော့ ကဗျာဖောင်ကို စာစီပြီး ရိုက်ဖို့အဆင်သင့်ဖြစ်နေသော အချိန်ကျမှ မန္တလေးမှ ဆရာတစ်ယောက်၏ ကဗျာက ကပ်ပြီးရောက်လာသည်။
အသက်ရော၊ ပညာရော၊ ဝါပါကြီးသောဆရာဖြစ်သောကြောင့် မီတဲ့လမှာ မဖြစ်မနေထည့်ပေးမှ သင့်တော်မည်။
ဒီတော့ ထည့်ဖို့ အဆင်သင့်ပြင်ပြီးသား ကဗျာတစ်ပုဒ်ကို ဖြုတ်ပစ်ရတော့မည်။ ကိုဝဏ္ဏသည် လူရင်းကိုဦးစားပေးသည့်အနေနှင့် ကျွန်တော့်ကဗျာကို ဖြုတ်လိုက်လေတော့သည်။ အမှတ်နှစ်မှာလည်း ကျွန်တော့်ကဗျာ မပါတော့။

အမှတ်သုံးကျတော့ကော။ ကံဆိုးချင်တော့ စာပေဆိုင်ရာ မူဝါဒအပြောင်းအလဲတစ်ခုဖြစ်လာသဖြင့် မဂ္ဂဇင်းမှာ ကာရန်လုံးဝမဲ့သည့်ကဗျာကို ထည့်သွင်းဖော်ပြဖို့အခက်အခဲရှိလာသည်။ ဒီလိုနဲ့ ကျွန်တော့်ကဗျာသည် ကလျာမဂ္ဂဇင်းမှာ ပါဝင်ခွင့်မရတော့ဘဲ ကျွန်တော့်လက်ထဲ ပြန်ရောက်လာသည်။
ဒီကြားထဲမှာ ထိုကဗျာကို ကိုဝဏ္ဏက ဆရာအောင်ပြည့်ကို ပြခဲ့သည်ဟုဆို၏။ ဆရာပြည့်က...

"စိတ်ကူးလေးကောင်းတယ်ကွ၊ ဝတ္ထုအဖြစ်နဲ့ပြန်ရေးပါလား"ဟုအကြံပေးသည်။ ကျွန်တော်ကလည်း ထိုစဉ်က ကဗျာအနေနဲ့သာ စိတ်ထက်သန်နေသောကြောင့် ဘာမှမလုပ်ဘဲသိမ်းထားလိုက်သည်။ နောက်တစ်နှစ် နှစ်နှစ်အကြာ ထိုကဗျာကို ပြန်ဖတ်ကြည့်ပြီး ဆရာပြည့်ပြောသလို ဝတ္ထုအဖြစ်ရေးလျှင်ကောင်းမည်ဟု ယူဆလာမိပြန်သည်။ သို့ရာတွင် မရေးဖြစ်သေး။
နှစ်အနည်းငယ်ကြာသောအခါ ဝတ္ထုတိုအဖြစ်ရေးတာထက် မဂ္ဂဇင်းဝတ္ထုရှည်အဖြစ်ရေးလျှင် ပိုပြီးပြည့်စုံမည်ဟု တွေးမိပြန်၏။ နှစ်မျက်နှာသုံးမျက်နှာလောက် ရေးပြီးနောက် ဆက်မရေးဖြစ်ဘဲ ရပ်သွားပြန်သည်။

ထို့နောက်တွင် မေ့မေ့ပျောက်ပျောက် ဖြစ်နေလိုက်ပြန်သည်။ လုံးဝမေ့သွားတာတော့ မဟုတ်။ တစ်ခါတစ်ခါ
သတိရပြီး တစ်နေ့နေ့တော့ ရေးကိုရေးမည်ဟု တေးထားခြင်းသာဖြစ်၏။
ခုနောက်ပိုင်းမှာတော့ ကျွန်တော်သည် တခြားစာတွေရေးနေရင်းကပင် ထိုဝတ္ထုကလေးကို မေ့လျော့ထားမိ
သလိုလည်း ခံစားလာရသည်။
ထို့ကြောင့် ဒီတစ်ခါတော့ ပြီးအောင်ရေးမည်ဟု ဆုံးဖြတ်လိုက်သည်။ လုံးချင်းဝတ္ထုပါးပါးလေးအဖြစ် ရေးဖို့လည်း စိတ်ကူးမိသည်။

ဤဝတ္ထုတွင် ပါဝင်သော ဇာတ်ကောင်များမှာ အပြင်လောကမှာ တကယ်ရှိခဲ့သော၊ ရှိနေဆဲဖြစ်သော နာမည်ကျော်ပုဂ္ဂိုလ်များဖြစ်ကြ၏။ ဝတ္ထုထဲက အဖြစ်အပျက်တွေကတော့ တကယ်မဟုတ်။ ကျွန်တော့်ဘာသာစိတ်ကူးယဉ်ပြီး ဇာတ်လမ်းဆင်ထားခြင်းဖြစ်၏။ နောက်တစ်ချက်ကတော့ ပါဝင်သော ဇာတ်ကောင်များသည် ခေတ်ပြိုင်များမဟုတ်ကြခြင်းပင်ဖြစ်၏။
ဟိုးနှစ်ပေါင်းများစွာက လူတွေရော၊ ခုခေတ်မှာ ရှိနေဆဲလူတွေကိုပါ ကာလတစ်ခုတည်းတွင်ရောနှော၍
ဇာတ်လမ်းထဲမှာ လှုပ်ရှားအသုံးတော်ခံစေခြင်းဖြစ်၏။

ဒီနေရာမှာ တင်ပြစရာတစ်ခုရှိပါသည်။ ဝတ္ထုထဲမှာပါဝင်သော ဇာတ်ဆောင်များနှင့် ပက်သက်၍ သူတို့အကြောင်း တီးမိခေါက်မိရှိထားလျှင် ပို၍ဖတ်လို့ကောင်းပါလိမ့်မည်။ စာဖတ်များခဲ့သူတွေအတွက်တော့ပြဿနာရှိနိုင်မည်
မထင်ပါ။ ဇာတ်လမ်းအသားပေး ဝတ္ထုမျိုးကိုသာဖတ်ချင်သူများအတွက်တော့ "ဘာတွေရေးထားမှန်းလဲ မသိဘူး" ဟုပြောစရာဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ ဖတ်ရတာ အခက်အခဲရှိခဲ့လျှင်တော့ အနူးအညွှတ်တောင်းပန်ပါသည်။
'ဒါသက်သက်စတန့်ထွင်တာပါ'ဟု စွပ်စွဲလျှင်လည်း 'ဟုတ်ပါတယ်ခင်ဗျာ'ဟုဝန်ခံရပါမည်။ စာရေးဆရာဆိုတာ တစ်ခါတစ်ခါ ခုလိုစိတ်ကူးအသစ်အဆန်းကလေးမျိုးကို စာဖတ်ပရိသတ် ရှေ့မှောက်စမ်းသပ်တင်ပြပြီး အစစ်ဆေးခံချင်တတ်သော 'ဉာဉ်'ကလေးရှိတတ်ပါသည်။

ဘာပဲဖြစ်ဖြစ်....ဤဝတ္ထုသည် မြန်မာစာပေလောကတွင်တစ်ခါမှ မပေါ်ပေါက်ဖူးသေးသော စာအုပ်
ဖြစ်ကြောင်းကိုတော့ ရဲရဲဝံ့ဝံ့ အာမခံပါသည်။ (ဟုတ်တယ်လေ၊ ခုမှ ပထမအကြိမ်ထုတ်ဝေလိုက်တာကိုး။)

လေးစားချစ်ခင်လျက်
မင်းလူ

* * * * *

တော်စတွိုင်းသည် အိမ်ခန်းတံခါးကိုပိတ်ပြီး သော့ခတ်လိုက်သည်။ ထုံးစံမို့သာ သော့ခတ်ရခြင်းဖြစ်၏။ ဒီအတိုင်း ဖွင့်ထားခဲ့လည်း စိတ်ချရတာပါပဲ။ သူတို့ရပ်ကွက်က လူရိုးလူကောင်းတွေချည်းနေကြသောကြောင့်တော့မဟုတ်။ အိမ်ထဲမှာ ခိုးစရာ အဖိုးတန်ပစ္စည်းမည်မည်ရရ မရှိသောကြောင့် သာဖြစ်၏။ သော့ဆိုသည်မှာ ခတ်ဖို့ထားခြင်းဖြစ်၏။
သော့ဝယ်ထားပြီးမှ မခတ်ဘဲ ထားလျှင် ဘာအဓိပ္ပါယ်ရှိတော့မလဲ။ နောက်တစ်ချက်ကလည်း သူခိုးဆိုတာ မခိုးခင်စနည်းနာတတ်သေးသည်။ အိမ်အခြေအနေ၊ အိမ်ရှင်တို့၏ စီးပွားရေးအခြေအနေ ကို လေ့လာပြီးမြိုးမြိုးမြက်မြက်ရလောက်တယ်ထင်မှ ဝင်ခိုးမှာပေါ့။ ဒါမှလည်း စွန့်စားရကျိုးနပ်မှာပေါ့။

သူ့အိမ်ကိုတော့ ဘယ်သူခိုးကမှ အဖက်လုပ်ပြီး ဝင်ခိုးလိမ့်မည်မထင်။ ရှားရှားပါးပါး စာပေဝါသနာရှင်သူခိုး
ဆိုလျှင်တော့ မပြောတတ်။ သူချမ်းသာသမျှက စာအုပ်တွေချည်းပဲကိုး။ သူတော်ကောင်း သူခိုးဆိုလျှင်တော့ သနားပြီး ပါတာလေးတောင် ထားသွားကောင်းထားသွားလေမလားမသိ။ သို့ရာတွင် သူခိုးဆိုမှတော့ စကတည်းက ယူဖို့သာ ရည်ရွယ်ပြီး လာခဲ့တာမဟုတ်လား။ အင်းပေါ့လေ၊ ခမျာများမှာလည်း မရှိလို့ ခိုးစားကြရရှာတာပေါ့။ ရှိမှတော့ ဘယ်ခိုးတော့မလဲ။ ဝှက်ပဲဝှက်တော့မှာပေါ့။ ရှိတဲ့လူတွေက သူတို့ပိုင်ဆိုင်တာတွေကို လုံခြုံအောင်ဝှက်ထားကြပြီး မရှိတဲ့လူတွေက ဒါကို ရအောင်ရှာယူခြင်းကို 'ခိုးသည်'ဟု အဓိပ္ပါယ်ဖွင့်ဆိုကြတာပါပဲ။

သူသည် ဆင်းရဲသားများအပေါ် အမြဲစာနာတတ်သူပီပီသူခိုးတွေအတွက်တောင် ဖေးဖေးမမတွေးမိလိုက်သေးသည်။ အပြင်ထွက်တဲ့အခါတိုင်း အိမ်ကိုသော့ခတ်သွားရတာက အိမ်စောင့်မရှိသောကြောင့်ဖြစ်၏။ အိမ်ကို စောင့်ရှောက်မယ့်လူ
လုံးဝမရှိတာတော့မဟုတ်။ ခုလောလောဆယ် မရှိခြင်းသာဖြစ်၏။
အိမ်ကိုသော့ခတ်ထားခဲ့ရတဲ့အခါတိုင်း ရင်ထဲမှာ မချိလှ။ အရင်က သာသာယာယာ စိုစိုပြည်ပြည်ရှိခဲ့သော အိမ်ကလေးသည် ခုတော့ တိတ်ဆိတ်ခြောက်ကပ်နေသည်။ ဒါ မိမိမှာသာအပြစ်မကင်းခြင်းဖြစ်သည်ဟု အမြဲခံစားရသည်။

အခြေအနေအရ ဇနီးနှင့်သားသမီးများကို သူတို့ရွာမှာ ခဏပြန်နေခိုင်းထားရသည်။ ခဏဆိုသော်လည်း ခြောက်လလောက်တောင်ကြာခဲ့ပြီ။ ဒီတစ်မိုးကုန်ရင်တော့ ပြန်ခေါ်နိုင်ကောင်းပါရဲ့ ဟုတွက်ဆထားသည်။ သူတို့ကို ပြန်မခေါ်နိုင်ဘဲ ကိုယ်ကိုယ်တိုင်ပါရွာမှာသွားလိုက် နေရ တာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်သည် ဆိုသောအတွေးက ကပ်ပါလာပြန်သည်။
သူတို့လမ်းက မိုးတွင်းဘက်ဆို သိပ်မကောင်းလှ။ မြေသားလမ်းအဖြစ်သာ ရှိနေသေးသဖြင့် ဗွက်ပေါက်ချင်သည်။ ဒီနှစ်မိုးဦးကလည်း ကောင်းခဲ့သဖြင့် တချို့နေရာတွေမှာ ချိုင့်ကျင်းတွေ ဖြစ်နေပြီး ရေတွေအိုင်နေတတ်သည်။ အိုင်ထဲက ရေများသည်
အပေါစား ဆေးဆိုးလက်ဖက်ခြောက်နှင့်ဖျော်ထားသည့် လက်ဖက်ရည်နှင့်တူနေသည် ဟု စာရေးဆရာပီပီ အလင်္ကာနှင့်တွေးမိသေး၏။

လမ်းထိပ်ရောက်တော့ ချက်ကော့ကိုဝင်ခေါ်သွားဖို့ သတိရသည်။ ထို့ကြောင့် ချက်ကော့တို့လမ်းဘက်သို့ ချိုးကွေ့ဝင်လာခဲ့သည်။ သူတို့လမ်းက အမြင့်ပိုင်းကျသဖြင့် နည်းနည်းပိုကောင်းသည်။ ရေအိုင် ခပ်သေးသေးလေးတွေသာရှိ၏။
ချက်ကော့သည် သူနှင့် နဂိုကတည်းက ခင်မင်ခဲ့သူဖြစ်၏။ မြို့သစ်ကိုပြောင်းလာကြပြီး တစ်ရပ်ကွက်တည်းနေဖြစ်ကြသောအခါ ပို၍တွဲမိလာသည်။ တစ်ယောက် အကြောင်း တစ်ယောက်နားလည်ကြသဖြင့် ပေါင်းရသင်းရတာ အဆင်ပြေသည်။ စာပေနယ်ထဲမှာ
ရုန်းကန်လှုပ်ရှားနေကြရသော ဘဝတူများဖြစ်သောကြောင့်လည်း အပြန်အလှန်စာနာမှုရှိ၏။

ချက်ကော့က ဝတ္ထုတိုအရေးကောင်းသူဖြစ်၏။ သူ၏ဝတ္ထုတိုများကို စာပေဝေဖန်ရေးဆရာများက ချီးကျူးကြသည်။ ချီးကျူးရုံသာ ချီးကျူးနိုင်သည်။ စားဝတ်နေရေး ပြေလည်ဖို့တော့ သူတို့လည်း မတတ်နိုင်ကြ။ ထို့ကြောင့် ဝတ္ထုတိုမှ ရသည့် စာမူခဖြင့်မိသားစုဘဝကို
ထိန်းထားနိုင်ဖို့အခက်အခဲရှိသည်။ ဒီအချက်ကပင် ချက်ကော့၏ အိမ်ထောင်ရေးအဆင်မပြေမှု၏ အကြောင်းရင်းဖြစ်လေ၏။
ခုပဲကြည့်။ ချက်ကော့၏ အိမ်ရှေ့မှာ ရပ်လိုက်စဉ်မှာပင် အိမ်ထဲကချက်ကော့မိန်းမ၏ အသံစာစာကိုကြားနေရပြီ။
"ဘာတဲ့၊ ဝတ္ထုတိုရွှေခေတ် ရောက်တော့မှာပါတဲ့၊ ဟုတ်စ.... ဟား ဟား၊ ရယ်များတောင် ရယ်လိုက်ချင်သေး၊ အဲဒီရွှေခေတ်မှာ ဝတ္ထုတိုတစ်ပုဒ်ကို စာမူခသောင်းချီပေးမှာမို့လို့လား၊ သိပ်စိတ်ကူးယဉ်မနေနဲ့၊ ခုဟာက ဝတ္ထုတိုရွှေခေတ်မဟုတ်ဘူး၊ ဆန်ခေတ်၊ ဆန်ခေတ်....သိရဲ့လား "

ချက်ကော့က တစ်စုံတစ်ခုပြန်ပြောသည်။ အသံတိုးသဖြင့် ဘာတွေပြောနေမှန်းမသိရ။ သူ့မိန်းမ၏အသံကသာ လွှမ်းထွက်လာပြန်၏။
"လောလောဆယ် အိမ်မှာ ဆန်မရှိတာက ပိုအရေးကြီးတယ်၊ ဒီနေ့ မဂ္ဂဇင်းတိုက်က စာမူခ ရစရာရှိတယ်လို့ပြောတယ်မဟုတ်လား၊
ကောင်းပြီ၊ ညနေ အပြန်ကျရင် ညဈေးက ဆန်ဝင်ဝယ်ခဲ့၊ ဆန်မပါရင်ပြန်မလာနဲ့"
တော်စတွိုင်းသည် နားစွင့်နေရင်းက ပြုံးလိုက်မိ၏။ စာရေးဆရာဇနီးပီပီ နဘေကာရန်နဲ့ ပြောတတ်သားပဲဟု တွေးမိသောကြောင့်ဖြစ်၏။
ဘာတဲ့။ 'ဆန်မပါရင် ပြန်မလာနဲ့'တဲ့။ နဘေထပ်တွေ သုံးလေ့ရှိသော ကဗျာ ဆရာရှယ်လီကိုပြောပြရဦးမည်။ သူ့အတွက် ကဗျာတစ်ပုဒ်
လမ်းစ ရချင်ရသွားနိုင်သည်။

ခုလိုအချိန်လှမ်းခေါ်လိုက်မှ ချက်ကော့ကို ကယ်တင်ရာကျမည်။ ထို့ကြောင့်.....
"ချက်ကော့ရေ...ဟေ့ ချက်ကြီး"ဟု လှမ်းအော်လိုက်၏။ သူကချက်ကော့ကို 'ချက်ကြီး'ဟုချစ်စနိုးခေါ်လေ့ရှိ၏။ "တော်တော်လား၊ လာပြီဟေ့၊ လာပြီ"
ချက်ကော့သည် အသံပြန်ပေးရင်း ချက်ချင်းလိုပြေးထွက်လာသည်။ အိမ်က အမြန်လစ်ထွက်ချင်နေမှန်း
သိပ်သိသာ၏။ ရှပ်အင်္ကျီကိုတောင် လက်ကဆွဲ၍ထွက်လာပြီး အပြင်ရောက်မှ ကိုယ်ပေါ်ဝတ်သည်။
လမ်းလျှောက်ရင်း ကြယ်သီးတပ်သည်။
"မင်းရောက်လာတာ ဘုရားသခင်ရောက်လာသလိုပါပဲကွာ"ဟု ပြောသည်။ တော်စတွိုင်းက...
"မင်းက ဘုရားသခင်ကို ယုံလို့လား"

"မယုံလို့ရမလားကွ၊ ဒီမိန်းမကို ဘုရားသခင်ကပဲ ဖန်တီးခဲ့တာပဲဟာ၊ တကယ်တော့ ဒီဒုက္ခတွေဟာ အာဒမ်ကြောင့် ဖြစ်ရတာကွ၊ သူကတစ်ယောက်တည်းနေရတာ ပျင်းလှချည်ရဲ့ဆိုပြီး ပါးစပ်ဆော့မိလို့ ဘုရားသခင်က သူ့နံရိုးတစ်ချောင်းကို ထုတ်ပြီး
ဧဝကိုဖန်ဆင်းပေးခဲ့ရတာမဟုတ်လား" တော်စတွိုင်းက ပြုံးလိုက်ပြီး...
"မင်း အခုလိုပြောမှ ဟာသလေးတစ်ခုကို သွားသတိရတယ်၊ လောကကြီးမှာ ကံအကောင်းဆုံးလူဟာ အာဒမ်ပဲတဲ့၊ ဘာကြောင့်လဲဆိုတော့ သူ့မှာ ယောက္ခမမရှိလို့တဲ့"
"အေးကွာ၊ သူ့မှာ ခယ်မမရှိတာတော့ ကံဆိုးတာပဲ၊ အင်း....တကယ်တော့ သူ့ကိုချည်း အပြစ်ပြောလို့မရဘူးကွ၊ ဘုရားသခင်သတိလစ်သွားတာလည်းပါတယ်"

"ဩော်....ဧဝကို ဖန်ဆင်းရာမှာ ပါးစပ်ထည့်ပေးလိုက်တဲ့ကိစ္စပေါ့၊ ဒါကြောင့်လည်း ဧဝအနွယ်ဝင်တွေ နားပူနားဆာလုပ်တာကို ခုထိ ငါတို့ယောက်ျားတွေ ခံနေရတာပေါ့"
"အမယ် ဧဝတို့ အုပ်စုတွေ ပူညံပူညံလုပ်တာလည်း အပြစ်မပြောနဲ့လေကွာ၊ ငါတို့ အာဒမ်ကြီးကလည်း ခပ်ကဲကဲပဲမဟုတ်လားကွ၊ ဘုရားသခင်က အချင်းအာဒမ်၊ သင်၏ နံရိုးတစ်ချောင်းကိုထုတ်ယူ၍ သင့်အတွက် မိန်းမတစ်ယောက်ကို ငါဖန်ဆင်းပေးအံ့ လို့ပြောတဲ့အခါမှာ အာဒမ်က အို...အဖဘုရားသခင်၊ နံရိုးတစ်ချောင်းတည်းတော့ မလုပ်ပါနဲ့၊ နှစ်ချောင်းထုတ်ယူတော်မူပါလို့ ပြန်ပြောလိုက်တယ်တဲ့လေကွာ"

ချက်ကော့က ရယ်သည်။ "အေးကွာ၊ မင်းနဲ့ တွေ့မှပဲ ခုလိုပေါ့ပေါ့ပါးပါးရယ်နိုင်တော့တယ်" တော်စတွိုင်းကလည်း ချက်ကော့ ပျော်သွားအောင် တမင်ရယ်စရာတွေပြောနေခြင်းဖြစ်၏။ "ဒါနဲ့....ဒီနေ့ မင်းစာမူခ ရစရာရှိတယ်ဆို"
တော်စတွိုင်းက မေးသည်။ "မသေချာပါဘူး၊ ဆောက်ဖြစ်မှ ကန်ထရိုက်ပါ"ဟု ချက်ကော့က ပြန်ပြောသည်။
ဆောက်ဖြစ်မှ ကျောင်းဒကာဆိုသော ရှေးစကားပုံကို ခေတ်အမြင်နှင့် ပြောင်းပြောလိုက်သဖြင့် တော်စတွိုင်း
သဘောကျပြီးပြုံးလိုက်သည်။ ဒါကြောင့်လည်း ချက်ကော့ရဲ့ဝတ္ထုတွေဖတ်လို့ကောင်းတာပဲ ဟူ၍လည်း တွေးမိ၏။

"စာမူခမရရင်ကော...ညနေကျတော့ ဘယ်လိုလုပ်မလဲ"
"မင်းအိမ်မှာ မင်းတစ်ယောက်တည်းရှိတာပဲဟာ၊ ငါလာအိပ်မယ်ဆိုရင် မင်းတောင်စကားပြောဖော်
ရသေးတာပဲ"
တော်စတွိုင်းက သဘောတူသည့် သဘောခေါင်းဆတ်လိုက်သည်။ လျှောက်လာကြရင်း မြေနီလမ်းဆုံးပြီး
ကတ္တရာလမ်းမကြီးပေါ်ရောက်လာသည်။ မြို့ထဲဘက်သွားရမည့် ဘတ်စ်ကားမှတ်တိုင်ကို လှမ်းကြည့်တော့
ကားစောင့်နေသူတွေ တော်တော်များနေပြီ။ ခေတ်ဟောင်းပုံစံ ဘတ်စ်ကားအိုကြီးတစ်စီးသည် ပင်စင်စား
အဘိုးကြီးတစ်ယောက်လို လှုပ်လီလှုပ်လဲ့ မောင်းလာနေ၏။

* * * * *

ရိုက်ကွင်းပေါ်မှာ မင်းသားမင်းသမီးမှလွဲ၍ လူစုံနေပြီ။ စက်အဖွဲ့သားတွေက ဒါရိုက်တာ ညွှန်ပြထားသည့် ဒီနေ့ရိုက်ကူးမည့်နေရာမှာ ကင်မရာချ၊ မီးတွေဆင်၊ အသံဖမ်းစက် နေရာချထားပြီးပြီ။ ကင်မရာမင်းနှင့် လက်ထောက်က ကင်မရာကိုစစ်ဆေးနေသည်။ အသံဖမ်းဆရာက မနေ့ကရိုက်ခဲ့သော အခန်းများမှ အသံများကို ပြန်ဖွင့်နားထောင်နေသည်။
မီးထိုးမှန်ထိုးသမားတွေကတော့ တစ်နေရာရာမှာ စုထိုင်ပြီး ဟိုတစ်ခေါက်နယ်ထွက်ကားရိုက်တုန်းက ဟင်းကောင်းကောင်း မစားရသည့်အကြောင်း ပြန်ပြောနေကြသည်။

သူတို့သည် ရုပ်ရှင်နယ်က အခြေခံလူတန်းစားများဟုပြောနိုင်သည်။ သူတို့က ဂျူတီစား(နေ့စား)များသာဖြစ်ကြ၏။ တစ်ဂျူတီကိုဘယ်လောက်ဆိုပြီး ပုံသေလုပ်ခကိုသာ ရရှိသူများဖြစ်ကြ၏။ ဇာတ်ကားကောင်းလို့လည်း အကယ်ဒမီတွေ ဘာတွေရမှာမဟုတ်။
ဘယ်သူကမှလည်း ချီးကျူးမှာမဟုတ်။ သူတို့အတွက် မျှော်လင့်စရာက မင်းသားမင်းသမီးတွေက သိတတ်လို့ ပေးလျှင် ဘောက်ဆူးသဒ္ဓါကြေးလေး ရဖို့ရယ်၊ ရှုတင်ထမင်းကျွေးရာမှာ ဟင်းကောင်းကောင်းလေး စားရဖို့ရယ်သာဖြစ်၏။

"ဒီစက်စုတ်က ဖောက်ပြန်ပြီ"
ဟု အသံဖမ်းဆရာက ပြောရင်း ရီကော်ဒါကို တဘုန်းဘုန်း ပုတ်နေသည်။ အသံဖမ်းစက်က အတော်အိုနေပြီဖြစ်၏။
စက်အသစ်တစ်လုံးပြောင်းသုံးဖို့ဆိုတာကလည်း မလွယ်လှ။ ရုပ်ရှင်ရိုက်သည့် အသံဖမ်းစက်များသည် တခြားစက်တွေနှင့်မတူ။ ကင်မရာလည်ပတ်သည့်နှုန်းနှင့်ကိုက်ညီအောင် အထူးညှိနှိုင်းထားရသည်။ ဒါမှအရုပ်နှင့်အသံတစ်ထပ်တည်းကျမည်။
မိုဒယ်ဟောင်းတွေဖြစ်သောကြောင့် အပိုပစ္စည်းလည်းမရှိတော့။ ကျန်သမျှလေးနှင့် ရိုရိုသေသေဂရုတစိုက်သုံးနေရသည်။ ဒီတော့
တစ်ခါတစ်ခါစက်က ထွေတတ်သည်။ ကြိုးတစ်စ လွတ်နေတာတို့၊ မီးလုံးအထိုင်ချောင်နေတာတို့ဖြစ်လျှင် ခုလိုပဲ စက်ကို ဟိုပုတ်ဒီပုတ်လုပ်လိုက်သောအခါ ပြန်ကောင်းချင်ကောင်းသွားတတ်၏။

အသံဖမ်းဆရာဆီက တဘုန်းဘုန်းအသံကိုကြားသောအခါ ကင်မရာမင်းက.... "ဟေ့ကောင်... အရမ်းမလုပ်ပါနဲ့ကွ၊ အဲဒီစက်က မင်းထက်အသက်ကြီးတယ်နော်" ဟု လှမ်းနောက်သည်။ ပြောသာပြောရတယ်။ သူကိုင်နေတဲ့ကင်မရာကလည်း
သူ့ထက်အသက်ကြီးတာပါပဲ။ စက်တွေက အကြမ်းခံလို့တော်သေးသည်။ နို့မို့ဆို သူတို့ကို 'ကလိ'နေရတာနဲ့ပဲ အလုပ်ဖြစ်မှာမဟုတ်တော့။ ဘာပဲဖြစ်ဖြစ် မင်းသားလေးတွေ မင်းသမီးလေးတွေအနေဖြင့် ဒါရိုက်တာကို မလေးစားလျှင်တောင် သူတို့
အဖေအရွယ်လောက်ရှိတဲ့ ဒီစက်ကြီးတွေကိုတော့ အားနာဖို့၊ မျက်နှာထောက်ဖို့ကောင်းတယ်ဟု ကင်မရာမင်းက ဆက်တွေးလိုက်၏။

ဇာတ်ပို့ဇာတ်ရန်တွေကတော့ မင်းသားမင်းသမီး မလာသေးလည်း ပြဿနာမရှိ။ သူတို့အလုပ် သူတို့လုပ်နေကြသည်။ ဇာတ်ပို့ဇာတ်ရန်ဆိုတော့ ရိုက်စရာအခန်းများလေ့မရှိ။ တစ်ခါတစ်လေ တစ်နေ့လုံးမှ တစ်ကတ် နှစ်ကတ်လောက်ရိုက်ရတာမျိုးရှိသည်။ တစ်နေကုန်
ထိုင်နေရပြီး ညနေစောင်းမှ အသံတိတ်သရုပ်ဆောင်ရတာလေး ခဏတဖြုတ်လောက် ဝင်ပါရတာမျိုးတောင် ရှိသည်။
ဒီတော့ သူတို့မှာက အချိန်တွေ ပိုနေသည်။ တစ်နေရာမှာ စုပြီး ရုပ်ရှင်လောက၊ တခြားလောကတွေထဲက ကြုံသမျှ ကြားရမျှသတင်းတွေပြောချင်ပြော၊ ဒါမှမဟုတ် ပိုကာဝိုင်းဖွဲ့ကြရုံရှိတာပေါ့။

ရှုတင်မန်နေဂျာကတော့ ယောက်ယက်ခတ်နေပြီ။ မင်းသား၊ မင်းသမီးတွေ မရောက်သေးသဖြင့် ဟိုဖုန်းဆက် ဒီဖုန်းဆက် လုပ်နေ၏။ ရိုက်ကွင်းပေါ်မှာ ရှုတင်မန်နေဂျာက အရေးကြီးသည်။ သူစီစဉ်ပုံကောင်းမှ ဇာတ်ကားရိုက်ရတာအဆင်ပြေသည်။ သူ့တာဝန်တွေကလည်း
အတော်များသား။ သရုပ်ဆောင်တွေချိန်းဖို့၊ စက်အဖွဲ့သားတွေကြိုဖို့၊ ရိုက်ကွင်းပေါ်မှာ လိုအပ်သော ပစ္စည်းတွေ စုံအောင်ရဖို့၊ ထမင်းဟင်းကိစ္စ၊ လက်ဖက်ရည်ကိစ္စ စီစဉ်ဖို့၊ မင်းသားကြိုက်တတ်တာ၊ မင်းသမီးကြိုက်တတ်တာ အလိုက်သိဖို့၊ မကုန်သင့်တာ မကုန်ရအောင်
စိစိစစ်စစ်သုံးတတ်ဖို့ စသည်ဖြင့်...။

ရိုက်ကွင်းပေါ်မှာ အဆင်မပြေတာ ရှိလျှင်၊ ပြဿနာတစ်ခုခုဖြစ်လျှင်သူ့ခေါင်းပေါ်ပဲ ပုံကျတတ်သည်။ သူသည် ကုမ္ပဏီပိုင်ရှင်၊ ဒါရိုက်တာ၊ သရုပ်ဆောင်များနှင့် စက်အဖွဲ့သားများကြားမှာ ညပ်ပြီး အမြဲဗျာများနေရသူဖြစ်လေ၏။ ဒါရိုက်တာ အော်လီဗာစတုန်းသည်
သစ်ပင်ရိပ်အောက်မှာထိုင်ရင်းဇာတ်ညွှန်းကို ပြန်ဖတ်နေသည်။ ခုရိုက်မည့် ဇာတ်ကားက အမ်မီလီဘရွန်တီ၏ 'ရာဇဝတ်အိုးထဲမှာ မောင့်ကိုထားရစ်ခဲ့'ဆိုသော နာမည်ကျော်ဝတ္ထုကို အခြေခံထားခြင်းဖြစ်၏။ မင်းသားလီယိုနာဒို ဒီကာပရီယိုက ဝရမ်းပြေး။ မင်းသမီး
ကိတ်ဝင်းစလက်က ဆရာဝန်မလေးဖြစ်၏။ လီယိုနာဒို ဒဏ်ရာနှင့် ပြေးလာပြီး မင်းသမီးအိမ်ရှေ့မှာလဲကျနေတာကို တွေ့မိရာမှ ဇာတ်လမ်းကောင်းတစ်ခု စတင်ဖြစ်ပေါ်လာသည်။

မင်းသမီးမှာ ဆရာဝန်တစ်ယောက်အနေနှင့် လူနာကို ဆေးကုဖို့တာဝန်က တစ်ဖက်၊ ရာဇဝတ်သားတစ်ယောက်ဖြစ်နေသောကြောင့် သက်ဆိုင်ရာကို အသိပေးတိုင်ကြားဖို့ဝတ္တရားရှိတာကတစ်ဖက်၊ ဒီကြားထဲ ဝရမ်းပြေးကို သံယောဇဉ်တွယ်မိပြန်တော့ အခက်တွေ့နေ
ရသည်။ နောက်ဆုံးတော့ ဝရမ်းပြေးက ဆရာဝန်မလေးကို ငဲ့ပြီး အသက်စွန့်သွားသည့်ဇာတ်လမ်း။ အကြောင်းအရာက သိပ်ထူးထူးဆန်းဆန်းမဟုတ်သော်လည်း တင်ပြပုံက အလွန်ကောင်းသည်။ သူတို့နှစ်ယောက် သံယောဇဉ် ငြိသွားပုံကို တစ်ဆင့်ချင်း ဆွဲတင်သွားတာ အရမ်းလှသည်။ ပြီးတော့ ဆရာဝန်ရှုထောင့်၊ ဝရမ်းပြေးရှုထောင့်၊ တရားဥပဒေရှုထောင့်တွေကနေ အပြန်အလှန်
ပြောကြသည့် စကားလုံးတွေကလည်း ထိထိမိမိရှိလှသည်။

သူသည်ဝတ္ထုကိုလည်း အကြိမ်ကြိမ်ဖတ်ပြီးပြီ။ ဇာတ်ညွှန်းကိုလည်း စေ့စေ့စပ်စပ်လေ့လာထားပြီးပြီ။ ဘယ်နေရာမှာ ဘယ်လိုရိုက်မယ်ဆိုတာတောင် အကွက်ချထားပြီးပြီ။ ဒီနေ့ရိုက်မည့် အခန်းများကို ဆန်းသစ်သော ကင်မရာရှုထောင့်များ သုံးဖို့ကိုလည်း စိတ်ကူးထားပြီးပြီ။
သူက ရိုက်ချက်ဆန်းဆန်းကလေးများဖြင့် တင်ပြတဲ့နေရာမှာနာမည်ကြီးသည်။ ဒါကြောင့်လည်း ဇာတ်ကားကြော်ငြာရာမှာ 'အော်လီဗာစတုန်းရဲ့ ရိုက်ချက်'ဆိုသော စကားလုံးကို အမြဲထည့်လေ့ရှိခြင်းဖြစ်၏။

ခုချိန်မှာ ဟိုအရင်ခေတ်ကလို 'ဒါရိုက်တာအော်ဆန်ဝဲလ်'၊'သရုပ်ပြအမွှန်းတင် ဂျွန်ဖို့ဒ်'ဆိုတာမျိုး ခပ်ရိုးရိုး စာတန်းထိုးတာမျိုး သိပ်မလုပ်ကြတော့။
'ဖရန်စစ်ကော်ပိုလာ၏ ရင်တွင်းဖြစ်'၊ 'ဂျိမ်းကင်မရွန်းခံစားတင်ပြသည်'၊ 'ဂျိုးကိုအင်၏ အတွေးပုံရိပ်'၊ 'တင်မ်ဘာတန် ပုံဖော်သည်'စသည်ဖြင့်
စကားလုံးလှလှလေးများ တီထွင်အသုံးပြုလာကြသည်။ စတုန်းသည် နာရီကိုကြည့်လိုက်သည်။ ဆယ့်တစ်နာရီထိုးပြီ။ မင်းသား မင်းသမီး
ကတော့ရောက်မလာသေး။ ရိုက်ကွင်းတာဝန်ခံခပ်သုတ်သုတ် လျှောက်လာပြီး ရှေ့မှာရပ်သည်။

"မင်းသားနဲ့တော့ အဆက်အသွယ်ရပြီ အာစရိ"
"ဘာတဲ့လဲ၊ ဘာကြောင့် မလာနိုင်သေးတာတဲ့လဲ"
"မနေ့က ရိုက်တဲ့လိပ်ခေါင်းပျောက်ဆေးကြော်ငြာက တစ်ကတ်နှစ်ကတ်ကျန်နေတာလေး ဖြတ်ပေးနေရလို့တဲ့၊ ခဏနေရင် ထွက်လာမယ်
ပြောတယ်"
"ဟ၊ ဘာဆိုင်လဲကွ၊ သူ့ရိုက်ရက်နဲ့ သူရိုက်ပေါ့ကွ၊ ကားရိုက်ရက်ထဲကနေ ကြော်ငြာအတွက်ဖဲ့ပေးလို့ ဘယ်ရမလဲ၊ ဒါနဲ့မင်းသမီးကော"
"အဆက်အသွယ်မရသေးဘူး အာစရိ"
"သူ့ဟန်းဖုန်းကို မဆက်ဘူးလား"
"ဆက်လို့မရဘူး၊ ဖုန်းပိတ်ထားတယ်ထင်တယ်"
"ခက်တာပဲ၊ ဒီလိုလုပ်လို့ရမလားကွ၊ ဒီအချိန်မှ စမရိုက်ရရင် ဘယ်အချိန်သွားရိုက်မလဲ၊ တော်ကြာ ထမင်းစားချိန်ရောက်တော့မယ်၊
ပြီးတော့ ညနေကျတော့ ဧည့်ခံပွဲသွားစရာရှိလို့ဆိုပြီး စောစောပြန်ချင်သေးတယ်၊ တောက်"

သူကဒေါသတကြီးရေရွတ်ပြီး ဇာတ်ညွှန်းစာအုပ်ကို စားပွဲပုလေးပေါ် ဝုန်းခနဲ ဆောင့်ချလိုက်သည်။ ရိုက်ကွင်းတာဝန်ခံလည်း ခပ်ကုပ်ကုပ်ကလေး လှည့်ထွက်သွား၏။
"ဟင်း..ကွယ်ရာမှာသာ ဟောက်လိုက် ဟိန်းလိုက်နဲ့၊ မင်းသားမင်းသမီးရှေ့ကျတော့ လေသံမာမာတောင် ပြောရဲတာ မဟုတ်ဘဲနဲ့"
ဟု တစ်ကိုယ်တည်း ခပ်တိုးတိုးရေရွတ်သွားသည်။
သူပြောတာလည်း အထိုက်အလျောက်တော့ မှန်သည်။ ခုချိန်မှာ ဒါရိုက်တာဆိုတာ ဆရာကြီး အလီယာကာဇန်တို့ခေတ်ကလိုရိုက်ကွင်းရဲ့ ဘုရင်တစ်ပါးမဟုတ်တော့။ ခုဟာက မင်းသားမင်းသမီးခေတ်။ အထူးသဖြင့် မင်းသားကြီးစိုးသော ခေတ်။

အရာရာ မင်းသားအပေါ်မှာမူတည်သည်။ ဈေးကွက်ကို မင်းသားကချုပ်ကိုင်ထားသည်။ ရိုက်ကူးမည့် ဇာတ်လမ်းသည် မင်းသားအကြိုက်ဖြစ်ရမည်။ မင်းသားနှင့်အဆင်ပြေသော ဒါရိုက်တာသာလျှင် အလုပ်ဖြစ်သည်။ အားလုံး ဒီအတိုင်းချည်းဖြစ်နေတာတော့ မဟုတ်။ ဒါရိုက်တာ စတီဗင် စပီးလ်ဘတ်လိုလူမျိုးကျတော့ နာမည်ကြီး သရုပ်ဆောင်တွေကို သိပ်အားမကိုး။
ဇာတ်လမ်းကောင်းကောင်းနှင့် သူ၏ အတတ်ပညာကိုသာ အဓိကထားပြီး ဝင်ငွေကောင်း အောင်မြင်သောဇာတ်ကားများ ရိုက်ကူးလေ့ရှိ၏။ မင်းသားမင်းသမီးတွေကလည်း ဘယ်သူ့မှ လူမထင်ဆိုပြီး စိတ်ထင်တိုင်းကြဲနေကြသူများ၊
အောက်ခြေလွတ်နေသူများတော့လည်း မဟုတ်ကြ။ သူတို့ခေတ်နဲ့ သူတို့အောင်မြင်ကျော်ကြားနေသူများ ထုံးစံအတိုင်းနည်းနည်းတော့ အခွင့်အရေးပိုယူချင်ရှာကြပေမပေါ့။

တချို့က ပါးရည်နပ်ရည်ရှိကြသည်။ စာနယ်ဇင်းသမားတွေနဲ့တည့်အောင် ပေါင်းသည်။ ပရိသတ်အပေါ် တလေးတစား ဆက်ဆံပြီး ချစ်ခင်မှုကို ရအောင် ကြိုးစားသည်။ ပြီးတော့.... လေးစားလောက်သော ဝါရင့် ရုပ်ရှင်ပညာရှင်ကြီးများကိုတော့ ရိုရိုသေသေအောက်ကျို့ဆက်ဆံတတ်သည်။ ပညာကိုရအောင်ယူတတ်သည်။

ဥပမာ...ဒါရိုက်တာကြီး တဲရင့်မာလစ်လို ပုဂ္ဂိုလ်မျိုး။ သူကသုံးလေးနှစ်နေမှ ရုပ်ရှင်တစ်ကားလောက်ရိုက်လေ့ရှိသူ။ တစ်ကားဆို ဆိုသလောက်လည်း အကောင်းဆုံးဖြစ်အောင် ရိုက်နိုင်သူ။ သရုပ်ဆောင်များအနေနှင့်လည်း သူနှင့်ရိုက်ခွင့်ရလျှင်
အကယ်ဒမီမှန်းနိုင်သည်။ ထို့ကြောင့် သူကိုင်လိုက်လျှင် ရွှေဖြစ်သည်ဟု ပြောစမှတ်ရှိ၏။

မာလစ်ကလည်း မင်းသားမင်းသမီး ဘယ်လောက်နာမည်ကြီးကြီး၊ ဇာတ်ရုပ်နှင့် မလိုက်လျှင် ခေါ်သုံးချင်မှ သုံးသည်။ သူသဘောကျလျှင် မထင်မရှား ဇာတ်ပို့ဇာတ်ရန်တစ်ယောက်ကို ခေါင်းဆောင်တင်ရိုက်ချင်ရိုက်သည်။တစ်ခါက ညှို့မင်းသမီး နာမည်ကြီးတစ်ယောက်က....
"ဆရာ၊ ကျွန်မကိုလည်း တစ်ကားလောက်ခေါ်သုံးပါဦး"
ဟု ငေါ့သလို ရိသလို လေသံဖြင့် ပြောရာ မာလစ်က...
"ငါ့ပညာနဲ့ နင်နဲ့တန်လို့လား"
ဟု ဘုပြောလွှတ်သည်။ ထိပ်တန်းအဆင့်ရှိ နာမည်ကျော်မင်းသားတစ်ယောက်က မာလစ်ရိုက်မည့်ဇာတ်ကားမှာ ပါခွင့်ရလျှင်
သရုပ်ဆောင်ကြေးတစ်ပြားမှမယူပါဟု ကမ်းလှမ်းခဲ့ဖူးသည်။ ဒါရိုက်တာမာလစ်က ဇာတ်ရုပ်နှင့် မလိုက်ဖက်ဘဲ မသုံးနိုင်ဆိုပြီး ငြင်းပယ်လိုက်သည်။

ပြီးတော့ ရုပ်ခပ်ဆိုးဆိုးဖြစ်သော ရော်ဘင်ဝီလျံကို ခေါ်သုံးသည်။ ထိုဇာတ်ကားအတွက် ရော်ဘင်ဝီလျံသည် ခေါင်းတုံးလည်း
တုံးရသည်။ မာလစ်က မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးရှည်ရှည် တကယ့်အစစ်မှလိုချင်သည်ဆိုသဖြင့် ခြောက်လလောက်ကြာအောင် မရိတ်ဘဲစောင့်နေရသည်။ ဒီကြားထဲမှာလည်း တခြားဘာဇာတ်ကားမှ မရိုက်ဘဲနေသည်။ ဇာတ်လမ်းထဲက ဇာတ်ကောင်နှင့်
တစ်သားတည်းကျအောင်ဆိုပြီး ဆိုက်ကားနင်းကျင့်သည်။ ညဘက်တွေမှာ ဝါးဖတ်ဦးထုပ်ကြီးဆောင်း၍ ရုပ်ဖျက်ပြီး တကယ်ပင်ဆိုက်ကားလျှောက်ဆွဲသည်။

တစ်ခါကလည်း ဒါရိုက်တာမာလစ်သည် ဂျူလီယာရောဘတ်ကို မနက်ရှစ်နာရီအရောက် ရိုက်ကွင်းကိုလာဖို့ခေါ်သည်။ မင်းသမီးကလည်း အချိန်အတိအကျရောက်အောင်လာသည်။ သို့ရာတွင်မာလစ်က တစ်ခန်းမှမရိုက်ဘဲတစ်နေကုန်ပစ်ထားသည်။ မင်းသမီးကလည်း ဘာမှမပြောဘဲထိုင်စောင့်နေသည်။ ညနေစောင်းတော့မှ တစ်ခန်းတည်း
တစ်ကတ်တည်းရိုက်သည်။ တစ်ကတ်ဆို ဆိုသလောက်ပင် သေလုအောင်ကြိုးစားရသည်။ ထိုတစ်ကတ်တည်းကို ငါးမိနစ်လောက်ကြာအောင် ဆက်တိုက်ရိုက်ခြင်းဖြစ်၏။ များသောအားဖြင့် ဒီလိုအခန်းမျိုးကို ကတ်အတိုကလေးတွေ အများကြီး ရိုက်ပြီး ပြန်ဆက်ပြတတ်သည်။ မာလစ်ကတော့ တစ်ကတ်မှမခွဲဘဲ ဆက်တိုက်ရိုက်သည်။

မင်းသမီးမှာ စကားလုံးတွေကိုလည်း တစ်လုံးမှမမှားအောင် ပြောရသည်။ အမူအရာကိုလည်း တစ်ဆင့်ချင်းတင်သွားရသည်။ အတော်ခက်ခဲသော သရုပ်ဆောင်မှုဖြစ်၏။ ဒါရိုက်တာကလည်း ဇာတ်ဝင်စကားတွေကို တစ်လုံးမှ အလွဲမခံ။ စကားမှားတာ၊ ကျန်တာ၊ အမူအရာလျော့သွားတာ စသည်ဖြင့် မကြိုက်မချင်း ရိုက်သဖြင့်ဆယ်ကြိမ်လောက်ပြန်ုလုပ်ယူရသည်။ ထိုအခန်း
ရိုက်ပြီးသွားသောအခါ ပင်ပန်းလွန်းသဖြင့် အရုပ်ကြိုးပြတ်ပုံလဲကျသွားရှာသည်။

--------------------
မင်းလူ
--------------------

ကာတွန်းများ








Thursday, January 24, 2013

မျှဝေခြင်းမေတ္တာ

တစ်နေ့မှာ ကျနော်လမ်းလျှောက်နေတုန်း ဖုန်းသံမြည်လာတယ်…
ဖုန်းကောက်ကိုင်လိုက်တော့ ဖုန်းသံထဲက ကြားရတဲ့အသံက နုနယ်တဲ့ မိန်းကလေးလေးရဲ့အသံလေးပါ…
“ဖေဖေ မြန်မြန် ပြန်လာတော့လေ… မီးမီး ဖေ့ဖေ့ကို အရမ်းသတိရနေတယ်…”
အာရုံမှာ ချက်ချင်းသိလိုက်တယ်… ဒါဟာ ဖုန်းမှားနေတယ်ဆိုတာ…
ဒီခေတ်ဒီခါမှာ ဒါမျိုးဟာ မထူးဆန်းတော့ပါဘူး…

ကျနော်လဲ စိတ်မရှည်စွာနဲ့ဘဲ ပြောလိုက်တယ်… “ဖုန်းမှားနေပြီ” ဆိုပြီး ဖုန်းကိုချလိုက်တယ်…

နောက်ရက်တွေမှာလဲ ဒီဖုန်းနံပါတ်နဲ့ ခဏခဏ မှားဝင်လာတယ်…
စိတ်အနှောင့်အယှက် ဖြစ်လာတယ်… တခါတလေ စိတ်တိုပြီး အော်ပြောလိုက်တယ်…
တခါတလေ ဖုန်းမကိုင်ဘဲ ဒီတိုင်းထားလိုက်တယ်…


တနေ့မှာ အဲဒီဖုန်းနံပါတ်နဲ့ ခဏခဏ ဖုန်းဝင်လာတယ်… ခါတိုင်းနဲ့မတူတာက ဖုန်းမကိုင်မချင်းကို ခေါ်နေတော့တာဘဲ…
နောက်ဆုံးတော့လဲ ကျနော် ဖုန်းကို လက်ခံပြီးနားထောင်လိုက်တယ်…
ဟိုးဘက်က ကြားရတဲ့အသံလေးက တော်တော်လေးကို အားပျော့နေတဲ့ မိန်းကလေးလေးရဲ့အသံလေးပါ…
“ဖေဖေ မြန်မြန်ပြန်လာတော့လေ… မီးမီး ဖေဖေ့ကို သတိရတယ်… မေမေက ပြောတယ်… ဒီဖုန်းနံပါတ်မမှားဘူးတဲ့… ဖေဖေ ရဲ့ဖုန်းနံပါတ်ဘဲတဲ့… မီးမီး အရမ်းနာနေတယ်…
မေမေကပြောတယ်… ဖေဖေက အလုပ်အရမ်းများနေတယ်တဲ့… သမီးကို မေမေ တစ်ယောက်တည်းဘဲ ပြုစုနေတာ … မေမေလဲ တော်တော်လေးပင်ပန်းနေပြီ…
သမီးသိတယ်… ဖေဖေ အလုပ်အရမ်းရှုပ်နေတယ်ဆိုတာ… ဖေဖေ မလာနိုင်ရင်လဲ မီးကို ဖုန်းကနေဘဲ မွေးမွေး တစ်ချက်ပေးပါနော်…”

ကလေးလေးရဲ့ ရိုးသားလှတဲ့တောင်းဆိုမှုလေးကို ကျနော် မငြင်းဆန်နိုင်ခဲ့ဘူး…
ဖုန်းနားကို ကပ်ပြီး မွက်မွက် ဆိုပြီး မွေးမွေးပေးလိုက်တယ်…

ဟိုဘက်က ကလေးလေးရဲ့ ပြောနေသံလေးကိုကြားလိုက်ရတယ်…
“ကျေးဇူးဘဲ ဖေဖေ… မီး အရမ်းပျော်သွားပြီ… မီး ဖေဖေ့ကို အရမ်းချစ်တယ်”

ကျနော်ဒီဖုန်းကို စိတ်ဝင်စားလာတယ်…
ဖုန်ကောက်ဆက်လိုက်တော့ ဖုန်းကိုင်လိုက်တာက မိန်းကလေးမဟုတ်ဘဲ အသံလေးနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အသံ…
“အစ်ကို့ကို တောင်းပန်းပါတယ်… ဒီရက်ပိုင်းမှာ အစ်ကိုလဲတော်တော်လေး စိတ်ရှုပ်သွားမိလိမ့်မယ်…
ကျမ လုပ်စရာလေးတွေ ပြီးလို့ရှိရင် အစ်ကိုဆီ ဖုန်းဆက်ပြီး တောင်းပန်ဖို့ စီစဉ်းထားတယ်…
ဒီ ကလေးလေးရဲ့ ကံကြမ္မာ မကောင်းရှာဘူး… မွေကတည်းက မွေးရာပါ အရိုးကင်ဆာ ပါလာတယ်… သူ့ဖေဖေကလဲ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ကား တိုက်မိလို့…
ဆုံးသွားတာ မကြာသေးဘူး… ဒီကိစ္စ သူ့ကို ပြောပြဖို့ ကျမမှာ အင်အားမရှိဘူး…
နေ့တိုင်း ဆေးတွေထိုးရတာ အမြဲတမ်းလိုလို နာကျင်နေပြီ… ကလေးလေးလဲ ဒီဒဏ်ကို တော်တော်လေးခံနေရပြီ…
နာကျင်မှုဝေဒနာ အဆိုးဆုံး အချိန်တွေမှာ သူ့ပါးစပ်ကနေ တတွတ်တွတ် အော်နေတာကတော့ အရင်က သူ့အနားမှာ သူ့ကို သတ္တိ ရှိဖို့ အမြဲတမ်း အားပေးနေတဲ့ သူ့ဖေဖေ ပါဘဲ…
ကျမလဲ မကြည့်ရက်တော့လို့ ဖုန်းနံပါတ် တစ်ခုပေးလိုက်တာ အစ်ကိုရဲ့ဖုန်းနံပါတ်ဖြစ်နေတာပါ”
“အဲ့ ကလေး အခု အခြေအနေဘယ်လိုနေသေးလဲ” ကျနော်သိချင်စောနဲ့ကောက်မေးလိုက်တယ်…


“မီးမီးလေး လူ့ဘ၀ကနေ ထွက်သွားပါပြီ… အစ်ကို အဲဒီ အချိန်တုန်းက သူ့ကို ဖုန်းထဲကနေ အနမ်းလေးပေးလိုက်ပုံရတယ်… ဟုတ်တယ်မဟုတ်လား… ဘာလို့လဲဆိုတော့ သူက ပြုံပြီး ထွက်သွားတာပါ…
ထွက်သွားခါနီး သူ့ရဲ့လက်သေးသေးလေးထဲမှာ “ဖေဖေ့” အသံကို ကြားနိုင်တဲ့ ဖုန်းကို မြဲမြဲ ဆုတ်ကိုင်ထားရှာတယ်…”

Zane
မျှဝေပေးတာလဲ မေတ္တာတစ်ခုပါ ♥

သတင်းစုံလင် ဖေ.ဘုတ်တခွင်
တစ်နေ့မှာ ကျနော်လမ်းလျှောက်နေတုန်း ဖုန်းသံမြည်လာတယ်…

ဖုန်းကောက်ကိုင်လိုက်တော့ ဖုန်းသံထဲက ကြားရတဲ့အသံက နုနယ်တဲ့ မိန်းကလေးလေးရဲ့အသံလေးပါ…
“ဖေဖေ မြန်မြန် ပြန်လာတော့လေ… မီးမီး ဖေ့ဖေ့ကို အရမ်းသတိရနေတယ်…”
အာရုံမှာ ချက်ချင်းသိလိုက်တယ်… ဒါဟာ ဖုန်းမှားနေတယ်ဆိုတာ…
ဒီခေတ်ဒီခါမှာ ဒါမျိုးဟာ မထူးဆန်းတော့ပါဘူး…

ကျနော်လဲ စိတ်မရှည်စွာနဲ့ဘဲ ပြောလိုက်တယ်… “ဖုန်းမှားနေပြီ” ဆိုပြီး ဖုန်းကိုချလိုက်တယ်…

နောက်ရက်တွေမှာလဲ ဒီဖုန်းနံပါတ်နဲ့ ခဏခဏ မှားဝင်လာတယ်…
စိတ်အနှောင့်အယှက် ဖြစ်လာတယ်… တခါတလေ စိတ်တိုပြီး အော်ပြောလိုက်တယ်…
တခါတလေ ဖုန်းမကိုင်ဘဲ ဒီတိုင်းထားလိုက်တယ်…


တနေ့မှာ အဲဒီဖုန်းနံပါတ်နဲ့ ခဏခဏ ဖုန်းဝင်လာတယ်… ခါတိုင်းနဲ့မတူတာက ဖုန်းမကိုင်မချင်းကို ခေါ်နေတော့တာဘဲ…
နောက်ဆုံးတော့လဲ ကျနော် ဖုန်းကို လက်ခံပြီးနားထောင်လိုက်တယ်…
ဟိုးဘက်က ကြားရတဲ့အသံလေးက တော်တော်လေးကို အားပျော့နေတဲ့ မိန်းကလေးလေးရဲ့အသံလေးပါ…
“ဖေဖေ မြန်မြန်ပြန်လာတော့လေ… မီးမီး ဖေဖေ့ကို သတိရတယ်… မေမေက ပြောတယ်… ဒီဖုန်းနံပါတ်မမှားဘူးတဲ့… ဖေဖေ ရဲ့ဖုန်းနံပါတ်ဘဲတဲ့… မီးမီး အရမ်းနာနေတယ်…
မေမေကပြောတယ်… ဖေဖေက အလုပ်အရမ်းများနေတယ်တဲ့… သမီးကို မေမေ တစ်ယောက်တည်းဘဲ ပြုစုနေတာ … မေမေလဲ တော်တော်လေးပင်ပန်းနေပြီ…
သမီးသိတယ်… ဖေဖေ အလုပ်အရမ်းရှုပ်နေတယ်ဆိုတာ… ဖေဖေ မလာနိုင်ရင်လဲ မီးကို ဖုန်းကနေဘဲ မွေးမွေး တစ်ချက်ပေးပါနော်…”

ကလေးလေးရဲ့ ရိုးသားလှတဲ့တောင်းဆိုမှုလေးကို ကျနော် မငြင်းဆန်နိုင်ခဲ့ဘူး…
ဖုန်းနားကို ကပ်ပြီး မွက်မွက် ဆိုပြီး မွေးမွေးပေးလိုက်တယ်…

ဟိုဘက်က ကလေးလေးရဲ့ ပြောနေသံလေးကိုကြားလိုက်ရတယ်…
“ကျေးဇူးဘဲ ဖေဖေ… မီး အရမ်းပျော်သွားပြီ… မီး ဖေဖေ့ကို အရမ်းချစ်တယ်”

ကျနော်ဒီဖုန်းကို စိတ်ဝင်စားလာတယ်…
ဖုန်ကောက်ဆက်လိုက်တော့ ဖုန်းကိုင်လိုက်တာက မိန်းကလေးမဟုတ်ဘဲ အသံလေးနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အသံ…
“အစ်ကို့ကို တောင်းပန်းပါတယ်… ဒီရက်ပိုင်းမှာ အစ်ကိုလဲတော်တော်လေး စိတ်ရှုပ်သွားမိလိမ့်မယ်…
ကျမ လုပ်စရာလေးတွေ ပြီးလို့ရှိရင် အစ်ကိုဆီ ဖုန်းဆက်ပြီး တောင်းပန်ဖို့ စီစဉ်းထားတယ်…
ဒီ ကလေးလေးရဲ့ ကံကြမ္မာ မကောင်းရှာဘူး… မွေကတည်းက မွေးရာပါ အရိုးကင်ဆာ ပါလာတယ်… သူ့ဖေဖေကလဲ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ကား တိုက်မိလို့…
ဆုံးသွားတာ မကြာသေးဘူး… ဒီကိစ္စ သူ့ကို ပြောပြဖို့ ကျမမှာ အင်အားမရှိဘူး…
နေ့တိုင်း ဆေးတွေထိုးရတာ အမြဲတမ်းလိုလို နာကျင်နေပြီ… ကလေးလေးလဲ ဒီဒဏ်ကို တော်တော်လေးခံနေရပြီ…
နာကျင်မှုဝေဒနာ အဆိုးဆုံး အချိန်တွေမှာ သူ့ပါးစပ်ကနေ တတွတ်တွတ် အော်နေတာကတော့ အရင်က သူ့အနားမှာ သူ့ကို သတ္တိ ရှိဖို့ အမြဲတမ်း အားပေးနေတဲ့ သူ့ဖေဖေ ပါဘဲ…
ကျမလဲ မကြည့်ရက်တော့လို့ ဖုန်းနံပါတ် တစ်ခုပေးလိုက်တာ အစ်ကိုရဲ့ဖုန်းနံပါတ်ဖြစ်နေတာပါ
“အဲ့ ကလေး အခု အခြေအနေဘယ်လိုနေသေးလဲ” ကျနော်သိချင်စောနဲ့ကောက်မေးလိုက်တယ်…


“မီးမီးလေး လူ့ဘ၀ကနေ ထွက်သွားပါပြီ… အစ်ကို အဲဒီ အချိန်တုန်းက သူ့ကို ဖုန်းထဲကနေ အနမ်းလေးပေးလိုက်ပုံရတယ်… ဟုတ်တယ်မဟုတ်လား… ဘာလို့လဲဆိုတော့ သူက ပြုံပြီး ထွက်သွားတာပါ…
ထွက်သွားခါနီး သူ့ရဲ့လက်သေးသေးလေးထဲမှာ “ဖေဖေ့” အသံကို ကြားနိုင်တဲ့ ဖုန်းကို မြဲမြဲ ဆုတ်ကိုင်ထားရှာတယ်…”

Zane
မျှဝေပေးတာလဲ မေတ္တာတစ်ခုပါ ♥

ကောင်လေးနဲ့ခွေးလေး


ကောင်လေးနဲ့ခွေးလေး
    စတိုးဆိုင်ပိုင်ရှင်က ဆိုင်တံခါးဝမှာ ဆိုင်းဘုတ်အသစ်တစ်ခုထပ်ချိတ်သည်
    "ခွေးပေါက်ကလေးများရောင်းရန်ရှိသည်" တဲ့။
     သည်ကြော်ငြာမျိုးကိုကလေးတွေအလွန်စိတ်ဝင်စားသည်။သူတို့ကခွေးချစ်တတ်သူများမဟုတ်လား။
ခဏအကြာမှာပင် ကလေးတစ်ယောက်ဆိုင်ပေါက်ဝသို့ရောက်လာသည်။
    "ခွေးလေးတစ်ကောင် ဘယ်လောက်ရောင်းသလဲခင်ဗျ" သူကမေးသည်။
    "ဒေါ်လာ ၃၀ ကနေ ၅၀ အထိဈေးအစားစားရှိတယ်" ဆိုင်ရှင်ကဖြေသည်။
    ကောင်လေးက သူ့အိပ်ကပ်ထဲမှာရှိသည့် ပိုက်ဆံအကြွေတွေကိုနှိုက်ထုတ်သည်။ "ကျွန်တော်မှာ ၂ ဒေါ်
လာနဲ့ ၃၇ ဆင့်ရှိပါတယ်၊ ခွေးလေးတွေ ကျွန်တော်ကြည့်လို့ရမလားခင်ဗျ"
    ဆိုင်ရှင်ကပြုံးသည်။ ထို့နောက် ခွေးအိမ်ထဲမှာရှိနေသည့်ခွေးမကြီးကို လေချွန်ပြီးခေါ်လိုက်သည်။ ခွေးမကြီးဆိုင်ခန်းထဲပြေးဝင်လာတော့ သူ့နောက်ကခွေးပေါက်ကလေး ငါးကောင်တန်းစီ၍ လိုက်ပါသည်။ ပိစိကွေးလေးတွေ၊ အမွေးက သိပ်ရှည်တော့ တစ်ကိုယ်လုံးအမွေးတွေဖုံးကာ လုံးနေသည်။ အဲသည်ထဲမှာ တစ်ကောင်က ဟိုးနောက်မှာ ပြတ်ကျန်ခဲ့သည်။ သူကတော့ ထော့တီးထော့နဲ့ နဲ့လမ်းမလျှောက်တက်သလို။
    ကောင်လေးက သည်ဟာလေး မြင်တော့ချက်ချင်း စိတ်ဝင်စားသွားသည်။ "ခွေးလေးဘာဖြစ်တာလဲဟင်"
    ခွေးလေးမှာ မွေးကတည်းက တင်ပဆုံ အရိုးခွက်ပါမလာသဖြင့် တစ်သက်လုံး ခြေထော့ဖြစ်နေမည်ဟု တိရိစ္ဆာန်ဆေးကု ဆရာဝန်ကပြောဆိုသည့်အကြောင်း ဆိုင်ရှင်ကရှင်းပြသည်။
    ကောင်လေးပိုပြီးစိတ်ဝင်စားသွားသည်။
    "ဒီခွေးလေးကိုကျွန်တော်ဝယ်ချင်တယ်ဗျာ" သူဆိုသည်။
    "ဟာ...မ၀ယ်ပါနဲ့ကွ၊ မင်းတကယ်လိုချင်ရင် ငါပေးပါ့မယ်"
    သည်စကားကြားတော့ ကောင်လေးမျက်နှာပျက်သွားသည်။ သူကမကျေနပ်သည့် အမူရာမျိုးနဲ့ ဆိုင်ရှင် ကြီးကိုမော့ကြည့်ပြီးပြန်ပြောသည်။
    "အလကားပေးတာ ကျွန်တော်မလိုချင်ဘူးခင်ဗျ၊ ဒီခွေးလေးလဲ ကျန်တဲ့ခွေးတွေနဲ့တန်းတူ တန်ဖိုးရှိတာပဲ၊ တစ်ပြားသားမှ မလျော့ပါဘူး၊ ကျွန်တော်တန်ဖိုးအပြည့်ပဲပေးမယ်၊ ဒါပေမဲ့ ကျွန်တော်မှ လောလောဆယ် ၂ ဒေါ်လာနဲ့ ၃၇ ဆင့်ပဲပါတယ်၊ အခုတော့ဒါပဲယူထားပါ၊ နောက်ကို တစ်လ ဆင့်ငါးဆယ်စီ ကျေတဲ့အထိ ကျွန်တော်ဆက်ပေးပါ့မယ်"
    သို့သော် စတိုင်းဆိုင်ရှင်က အလျှော့မပေး။
    "မ၀ယ်နဲ့ကလေးရ၊ နောက်ကျတော့မင်းစိတ်ပျက်သွားလိမ့်မယ်၊ ဒီခွေးလေးကပြေးနိုင်လွှားနိုင်မှာ မဟုတ် ဘူး၊ မင်းနဲ့ခုန်ပေါက် ကစားနိုင်မှာ မဟုတ်ဘူး"
    သည်အခါကျတော့မှ ကောင်လေးကဆိုင်ရှင်ကြီးကို မော့ကြည့်ကာ သူ့ဘောင်းဘီ အောက်နားစကိုလှန် ၍ပြရင်း လေသံတိုးတိုးနှင့်ပြောသည်။
    "ကျွန်တော်လဲ ကောင်းကောင်း မပြေးနိုင်ပါဘူးဗျာ၊ ပါပီလေးခမျာမှာလဲ သူ့ကို ကိုယ်ချင်းစာမယ့် လူတစ် ယောက်လောက်တော့ ရှိဖို့လိုမှာပေါ့" တဲ့။
    ကောင်လေး၏ ဘယ်ခြေထောက်ကလေးက အတော်ကို ဆိုးဆိုးဝါးဝါးပင် သိမ်နေကောက်နေတာ လမ်းလျှောက် နိုင်ရန်အတွက် သတ္ထုချုပ်တံများဖြင့် အားဖြည့်ပေးထားရလေသည်။

[မူရင်း။  ။ Dan Clark ၏ Puppies for Sale]