ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, March 29, 2014

သူကြွယ်နဲ့သူတောင်းစား

 
သူကြွယ်နဲ့ သူတောင်းစား ( နိုင်းနိုင်းစနေ ဘာသာပြန်သည်။ )
-----------------------
ကျွန်တော် အင်္ဂလန်မှာ နေတုန်းက ထူးဆန်းတဲ့ နာမည်နဲ့ ဆိုင်တစ်ဆိုင်ကို တွေ့ခဲ့တယ်။ ဆိုင်နာမည်က “သူကြွယ်နှင့် သူတောင်းစား” ဖြစ်တယ်။ ဒါ ကျွန်တော် ပထမဆုံးအကြိမ် တွေ့ဖူးတဲ့ စိတ်ဝင်စားစရာဖြစ်တယ်။ ဆိုင်အပြင်အဆင်က ရှေးကျပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀က အင်္ဂလန်ကို ပြန်ရောက်သွားသလို ခံစားရအောင်
ခေတ်နောက်ပြန်ဆွဲ ပြင်ဆင်ထားတယ်။

ဆိုင်တံခါးဝ ကောင်တာမှာ အလှူခံသေတ္တာလေး တစ်လုံးချထားတယ်။ သေတ္တာပေါ်မှာ ဆိုမားလီးယား (Somalia) အတွက်လို့ ရေးထားပြီး ဘေးမှာ မကြည့်ရက်စရာအငတ်ဘေးကြုံ နေတဲ့လူတွေရဲ့ ပိုစတာပုံ တစ်ခု ကပ်ထားတယ်။ စားသောက်ဆိုင်မှာ ဒီလိုပိုစတာ ကပ်ထားတာ နည်းနည်းတော့ အမြင်မကောင်းဘူးလို့ ထင်ပြီး ဆိုင်ထဲကို ကျွန်တော် အမြန်ဝင် ထိုင်လိုက်တယ်။ ဆိတ်ပေါင်နှပ်နဲ့ ၀ိုင်တစ်ခွက်မှာပြီး ထိုင်စောင့်နေလိုက်တယ်။ အဲလိုစောင့်နေတဲ့ အချိန်အတွင်း ဒီဆိုင်နာမည်ကို ဘာဖြစ်လို့ “သူကြွယ်နဲ့ သူတောင်စား” လို့ ပေးထားရသလဲဆိုတဲ့ ကျွန်တော်ရဲ့ သိချင်စိတ်က နှိုးထလာတယ်။

ဆိုင်ရှင်က ကျွန်တော့်ကို စိတ်ဝင်စားစရာ ပုံပြင်တစ်ပုဒ် ပြောပြခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်၁၀၀ ကျော်လောက်က ဒီနေရာ တစ်ဝိုက်လုံးကို မြို့စားကြီးတစ်ဦး ပိုင်ဆိုင်ခဲ့တဲ့အကြောင်း၊ မြို့စားကြီးဟာ အသက်(၆၀)ပြည့် မွေးနေ့မတိုင်မီ တစ်ရက်မှာ ပန်းချီဆရာတစ်ဦး ရှာပြီး သူ့အိမ်နဲ့ မိသားစု အားလုံးကို ပုံဆွဲခိုင်းစေခဲ့တဲ့ အကြောင်း၊ ပုံကို ဒီဆိုင်ထဲမှာ ချိတ်ဆွဲထားတဲ့အကြောင်း ပြောပြတယ်။ ပုံကို ကျွန်တော်တွေ့တော့ ပုံထဲက သူဌေးလင်မယားက ဥပဓိရုပ် ခန့်ခန့်နဲ့ သားသားနားနားပဲ။ သူ့သားသမီးတွေက အိမ်ရှေ့ မြက်ခင်းပေါ်မှာ ထိုင်သူက ထိုင်၊ ရပ်သူက ရပ်၊ ကစားတဲ့သူက ကစားနဲ့ ပန်းချီကားထဲက ရှုခင်းက တကယ့်ပျော်စရာ အတိ၊ ဆွဲထားတယ်။

မွေးနေ့ပြီးတော့ မကြာဘူး.. မြို့စားပိုင်နက်ထဲမှာ ၀မ်းနည်းစရာ အဖြစ်တစ်ရပ် ပေါ်ခဲ့တယ်။ လယ်သမားတစ်ဦး သေသွားတော့ ကျန်ခဲ့တဲ့ မကျန်းမမာ ဇနီးဖြစ်သူက ကလေး(၄)ယောက်နဲ့အတူ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်တယ်။ သနားစရာကောင်းတာက လယ်သမား ဇနီးဟာ ကလေးတွေစားမဲ့ အစာထဲ အဆိပ် အရင်ခတ်ပြီး ၊ကလေးတွေ သေသွားတာကို ကြည့်ပြီးတော့မှ ကိုယ့်ကိုယ် ကို အဆုံးစီရင်လိုက်တာဖြစ်တယ်။

အဲဒီအဖြစ်အပျက် ဖြစ်ပြီးနောက်ပိုင်း မြို့စားဟာ ပန်းချီကားချပ်ကိုပဲ ငေးစိုက် ကြည့်နေတော့တယ်။ ဘာကြောင့်လဲလို့ လူတွေက မေးတော့ မြို့စားက မဖြေခဲ့ဘူး။ စိတ်ပူပြီး အတင်းမေးမှ ပန်းချီကားချပ်ထဲမှာ သူတောင်းစား နှစ်ယောက်ကို တွေ့မိတဲ့အကြောင်း၊ မြက်ခင်းပြင်မှာ ထိုင်ပြီး သူတို့ကို လက်ဖြန့် တောင်းနေတဲ့အကြောင်း၊ ဒါကို သူ့အိမ်သားတွေက မမြင်ချင်ဟန်ဆောင်ပြီး လျှစ်လျှူရှုထားတဲ့အကြောင်း ပြောပြတယ်။ ပန်းချီကားထဲက သူတောင်းစား နှစ်ယောက်ကို ဘာဖြစ်လို့ အရင်က သူ သတိမပြုခဲ့မိတာလဲ ဆိုတာကို မြို့စားကြီးက နားမလည်ခဲ့ဘူး။

ပန်းချီကားထဲက သူတောင်းစား နှစ်ယောက်ကို သူ့အိမ်သားတွေကလည်း မတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ သူတို့ ငြင်းခုန် မနေကြဘူး။ တစ်နေ့မှာ မြို့စားက အိမ်သားအားလုံးကို သူ့စာကြည့်ခန်းမှာ စုဝေးစေပြီး စကားအချို့မှာခဲ့တယ်။ အဲဒီစကားကို သားစဉ်မြေးဆက် မှတ်သားထားရမယ်
လို့လဲ ပြောတယ်။ မြို့စားေ ပြာလိုက်တဲ့ စကားက ရိုးရိုးလေးပါပဲ
“သေးငယ်တဲ့ နယ်နိမိတ် အတွင်းမှာ သူကြွယ်နဲ့ သူတောင်းစား အတူတကွ ရှိနေတာဟာ ရှက်ဖို့ကောင်းတဲ့ အရာတစ်ခုပဲ ” ဆိုတာဖြစ်တယ်။

မြို့စားရဲ့ သားစဉ်မြေးဆက် တွေကလည်း တော်ရှာပါတယ်။ သူတို့ဟာ စီးပွားရေး နယ်ပယ်မှာ အောင်မြင်သလို အားနည်းတဲ့ လူ့အဖွဲ့အစည်းကိုလည်း အမြဲတမ်း ကူညီခဲ့တယ်။ ဆိုင်ရှင်ရဲ့ ပြောပြချက်အရ အင်္ဂလန်မှာရှိတဲ့ မရှိ ဆင်းရဲသားတွေကို ကူညီစောင့်ရှောက်တဲ့ စနစ်ကို မြို့စားကြီးရဲ့ မျိုးဆက်ထဲက လူတစ်ဦးက လွှတ်တော် အစည်းအဝေးမှာ တင်ပြ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဆိုင်ရှင်ပြောပြတဲ့ ရာဇ၀င်ပုံပြင်ကို နားထောင်ပြီး မှာထားတဲ့ အစားအစာတွေကို အရသာခံပြီး ကျွန်တော် စားလိုက်တယ်။
သောက်စားပြီး ဗိုက်ဝလို့ တံခါးနားက ကောင်တာမှာ ငွေပေးချေတော့ ဆိုမားလီးယားအတွက် ရန်ပုံငွေ ကောက်ခံတဲ့ ပိုစတာကို ကျွန်တော် ကြည့်လိုက်မိပြန်တယ်။ ဒီတစ်ခါတော့ ကျွန်တော့်နားထဲမှာ “ပန်းချီးကားကို နောက်ပြန်လှည့်ကြည့်လိုက်” ဆိုတဲ့ အသံတိုးတိုးကို ကြားလိုက်မိသလိုပဲ။ ကျွန်တော် နောက်ပြန်လှည့်ပြီး ပန်းချီကားကို ကြည့်လိုက်မိတော့ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင်ဘဲ ပန်းချီကားထဲမှာ သူတောင်းစား နှစ်ယောက်ကို တွေ့လိုက်မိတယ်။ မျက်စိကို ပွတ်ပြီး ကျွန်တော် အနီးကပ် အသေအချာ ထပ်ကြည့်မိတယ်။ တကယ်ပဲ အ၀တ်အစား စုတ်စုတ်ပြတ်ပြတ်နဲ့ သူတောင်းစား နှစ်ယောက်ကို တွေ့လိုက်တယ်။

ကျွန်တော် အာရုံစူးစိုက်ပြီး ကြည့်မိတယ်။ ငွေပေးချေနေတုန်း ပန်းချီကားထဲ ကျွန်တော် နစ်မျှောနေတာကို ဆိုင်ရှင်က တွေ့တော့ “ မစ်စတာ.. ခင်ဗျားဟာ သူကြွယ်တစ်ဦးဆိုတာ ခင်ဗျားကို ခင်ဗျားသိပါတယ်နော်” လို့ ပြောတယ်။ သူပြောတာကို ပြန်မဖြေဘဲ သဘောတူကြောင်း ကျွန်တော် ခေါင်းငြိမ့်ပြလိုက်တယ်။ ပြီးတော့ အလှူခံသေတ္တာထဲ အလှူငွေတစ်ချို့ ကျွန်တော် ထိုးထည့်လိုက်မိတယ်။

ဆိုင်ရှင်က ကျွန်တော်ကို ဆိုင်တံခါးဝအထိ လိုက်ပို့ပြီး “ဂွတ်ဘိုင်.. မစ်စတာ ဘုရားသခင်က သင့်ရဲ့ဝိညာဉ်ကို ကောင်းချီးပေးပါစေ”
လို့ နှုတ်ဆက်လိုက်တယ်။

ကျွန်တော်ခြေလှမ်း လေးငါးလှမ်း လှမ်းပြီး နောက်ကို ပြန်လှည့်ချင်လာတယ်။ ပန်းချီကားထဲမှာ ဘာဖြစ်လို့ သူတောင်းစား နှစ်ယောက်က ပါနေသလဲ..? ဒီပန်းချီကားကို မြို့စားက လူငှားပြီး ဆွဲခိုင်းခဲ့တာ မဟုတ်လား...? သူတောင်းစားပုံကို ပန်းချီဆရာက သူ့သဘောနဲ့ ဘယ်ဆွဲထည့်ရဲမလဲ...?

ရုတ်တရက် ကျွန်တော် သဘောပေါက် နားလည်လိုက်ပါတယ်။ ပန်းချီကားထဲမှာ သူတောင်းစားပုံ ပါတယ်၊ မပါဘူးဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာ သိထားဖို့က “သေးငယ်တဲ့ နယ်နိမိတ် အတွင်းမှာ သူကြွယ်နဲ့ သူတောင်းစား အတူတကွ ရှိနေတာဟာ ရှက်ဖို့ကောင်းတဲ့ အရာတစ်ခုပဲ ” ဆိုတာပဲ ဖြစ်တယ်။
--------------------------------

credit toး မူရင်း ထိုင်ဝမ်စာရေးဆရာ လီဂျာထုံ ( Chia-Tung Lee) နှင့် တရုတ်ဘာသာမှ ပြန်ဆိုပေးသူ ဆရာမ နိုင်းနိုင်းစနေ

Saturday, March 22, 2014

ထိမ်းသိမ်းသတိ



ဒေါသအမျက်
ချောင်းချောင်းထွက်လည်း
ထွက်သည့်ခန္ဓာ
လောင်ကျွမ်းတာမို့
ပူလောင်ဆွေးပျက်
ထိုအမျက်ကို
သတိကိုမြဲ
ဥာဏ်ကွတ်ကဲလော့။ ။

လောဘရမ္မက်
ဟုန်းဟုန်းတတ်က
တတ်သည့်ခန္ဓာ
ပျက်စီးရာမို့
ပုတ်ဟောင်ကျိုးပျက်
လောဘရမ္မက်ကို
သတိကိုမြဲ
ဥာဏ်ကွတ်ကဲလော့။ ။

မောဟမှောင်မဲ
ဥာဏ်မြင်နည်းက
နည်းသည့်ခန္ဓာ
လွဲစေရာမို့
ဝေဝါးလွဲချက်
မောဟနက်ကို
သတိကိုမြဲ
ဥာဏ်ကွတ်ကဲကာ
အလင်းရှာလော့။ ။

လောဘ-ဒေါသ-ထိုမောဟကား
ကောင်းကျိုးဘယ်ခါ
မရပါလည်း
သံသရာအဆက်ဆက်
နွံတွင်းနက်ဝယ်
ပျော်မွေ့ပွေလီ
ထုံပါရမီမို့
သတိလွတ်မြဲ
ကျူးလွန်နွဲကြ
သဘာဝမို့
ခဏခဏ
လက်တို့ရသည်
``သတိကိုမြဲ--- ဥာဏ်ကွတ်ကဲရန်--``

ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)

တွေးမိတွေးရာ



အားလုံးကြားဖူးတဲ့ပုံပြင်လေးတစ်ပုဒ် ပြန်ပြောပြချင်၇ဲ့။ အမြင်မတူတဲ့ရှု့ထောင့်က မြင်မိတာလေး ရှိလို့ပါ။ ပုံပြင်လေးကဒီလိုဗျ။ တစ်ခါက ရွာတစ်၇ွာမှာ အသက်အိုမင်းလာလို့ ဘေးမဲ့ပေးထားတဲ့ မြည်းအိုတစ်ကောင်ဟာ တောစပ်မှာ ဆင်းဆင်းရဲရဲ အစာရှာစားနေရင်း တွင်းဟောင်းတစ်တွင်းထဲ ကျသွားသတဲ့။ ရွာသားတွေသိတော့ မြည်းအိုမို့ အသုံးမလိုတော့သလို တွင်းဟောင်းလည်း အသုံးမပြုတော့လို့ နောက် ဒီလို လူတွေပြုတ်ကျရင် ခက်မယ်ဆိုပြီး မြည်းကို ခက်ခက်ခဲခဲ ကယ်မနေတော့ဘဲ တွင်းကိုဖို့လိုက်တော့မယ်ပေါ့။ ဒီလိုနဲ့ ရွာသားတွေ နီးစပ်ရာ မြေတွေ တူးပြီး ဖို့ကြတယ်တဲ့။ မြည်းအိုကြီးဟာ သူတို့ရည်ရွယ်ချက်ကို သိပြီး အင်မတန်တုန်လှုပ်သွားတာပေါ့။ ဒါပေမယ့် အပေါ်က ဖို့လိုက်တဲ့ မြေကြီးတွေကို သူ့ကိုယ်ပေါ်တင်နေရင် ခါချတယ်။ ခွာတစ်ခုမြုတ်ရင် မြုတ်တဲ့ခွာကို ပြန်နှုတ်တယ်။ ဒီလိုနဲ့ တွင်းဟောင်းကြီးမြေတွေ ပြည့်သွားတဲ့အခါ မြည်းအိုကြီးလည်း အသက်ဘေးက လွတ်သွားတာပေါ့။ ပုံပြင်က ပြောချင်တာက လူ့လောကမှာ ဘေးဒုက္ခတွေ နဲ့ ရင်ဆိုင်ကြုံကြိုက်လာတဲ့အခါ အလွယ်တကူ အရှုံးမပေးနဲ့။ လက်မမျှောက်လိုက်ပါနဲ့။ အဲဒီဒုက္ခ ဆိုတဲ့အရာတွေဟာ အသုံးချတတ်ရင် ကိုယ့်ရဲ့ လွတ်မြောက်ရာအတွက် အထောက်အပံ့တောင် ဖြစ်သေးတယ် ဆိုတဲ့ စိတ်ဓါတ်ခွန်အားပေးတဲ့ ပုံပြင်လေးတစ်ပုဒ်----
×××××××
ပုံပြင်ကနေ အခြားအမြင်ရှု့ထောင့်က ကျွန်တော် မြင်မိတာလေးရှိသေးတယ်။ လူတွေ ဖို့လိုက်တဲ့ မြေကြီးတွေကို ပုံပြင်မှာ ``ဒုက္ခ``နဲ့ ကိုယ်စားပြုထားတယ်။ အဲဒီမြေကြီးတွေဟာ ``သုခ`` ဖြစ်နေရင်ရော--
×××××××
လူ့ဘဝမှာ အချို့သူတွေဟာ ကိုယ်တိုင်အစွမ်းအစ တစ်ခုမှ မရှိသော်လည်း ဘဝပေးကုသိုလ်ကံကြောင့် ဆွေစဉ်မျိုးဆက် ချမ်းသာတဲ့ မိသားစုမှာ လူဖြစ်လာသူမျိုး။ ဒါမှမဟုတ် မိဘတွေက လက်ညှိုးညွှန်ရာ ရေဖြစ်စေနိုင်လောက်အောင် အာဏာရှိတဲ့ သူရဲ့ သားသမီးဖြစ်နေတာမျိုး ရှိကြလေရဲ့။ အများအားဖြင့် မိဘ ငွေရှိန် မိဘ အာဏာရှိန်ကြောင့် နိုက်ကလပ်မှာ ဇိမ်ခန်းဟိုတယ်ကြီးတွေမှာ ထင်ရှားတဲ့အနုပညာရှင်တွေနဲ့ လူမှုရေးဖောက်ပြန်ကြတဲ့နေရာတွေမှာ သောက်စားမူးရစ် အဖွဲ့လိုက် အုပ်စုဖွဲ့ လူမိုက်အဖွဲ့တွေမှာ နောက်ဆုံးပေါ် ကားတွေနဲ့ ထင်တိုင်းကျဲနေတဲ့ သူတွေ မမြင်ချင်မှ အဆုံးပေါ့။ သူတို့တွေဟာ တွင်းထဲ ကျနေတဲ့ မြည်းအိုဆိုရင် သူတို့အပေါ် ကျလာတဲ့ မြေကြီးတွေဟာ ကံကပေးတဲ့ သုခ တွေဆိုရင်။ ဒီသုခတွေ မြည်းအိုလို နင်းပြီး ဘဝလွတ်မြောက်ဖို့ ကြိုးစားမယ်ဆိုရင်အင်မတန်ကောင်းတဲ့အခွင့်ရေးပေမယ့် မြည်းအိုလို ခါမချ ချမနင်းဘဲ ထမ်းပိုးထားတော့ နောက်ဆုံး နစ်မြုတ်သေဆုံးစေမှာ အမှန်ဘဲ။ ပရဟိတ မှာ လုပ်ရင်း ပရဟိတ လက်တွဲလုပ်ဖော် ကိုအောင်လေးက သူ့စတေ့တပ်မှာ``ဆင်းရဲသားတွေ လှုဖို့ တစ်လ တစ်ထောင် အလှုခံမိပါတယ်။ ညည်းတွားပြလိုက်တဲ့ အဆင်မပြေမှုတွေတဲ့။ သူတို့တွေပဲ ဘီယာဆိုင် ကာရာအိုကေ နိုက်ကလပ်နဲ့ မာဆတ်တွေမှာ ငွေ သောင်းဂဏန်းလောက်တော့ ရှိတယ်လို့တောင် ထင်ကြသူတွေ မဟုတ်ကြောင်း `` ဖတ်မိလိုက်တဲ့အခါ ကျွန်တော် ဒီပုံပြင်လေးကို အမြင်တစ်မျိုးနဲ့ မြင်လိုက်မိတော့တာပဲ။

အရာရှိကြီးတစ်ယောက်ရဲ့သား ဖအေမသိအောင် နိုက်ကလက်သွားတယ်။ မနက်မိုးမလင်းခင် အိမ်ကို ကသောကမျောနဲ့လမ်းပြောင်းပြန်ကနေမောင်းပြီး အပြန် တက္ကစီတစ်စီးနဲ့ တိုက်ပြီး သေပွဲဝင်ခဲ့ရတဲ့ ငယ်သေးတဲ့ သူတစ်ယောက်--

ဆွေစဉ်မျိုးဆက် ချမ်းသာလွန်းတဲ့ မိုးကုတ်သူဋ္ဌေးကြီးရဲ့ အဆက်မိသားစု လူ့ဘဝမှာပဲ သုံးလို့ရတဲ့ ပြောင်ပြောင် ပြောင်ပြောင်နဲ့ အဖြူရောင် စိန်ဆိုတာတွေအတွက်နဲ့ အသတ်ခံလိုက်ရတဲ့ ရန်ကုန်က နာမည်ကြီး ငါးလောင်းပြိုင်လူသတ်မှု

မြည်းအိုကြီးလောက်တောင် မသိတဲ့သူတွေ မျက်စိထဲ မြင်လာသလို တစ်လောက ရလာတဲ့ အမွေတွေ သိန်းထောင်ချီ သာသနာပြုရာမှာ သုံးဖို့ လှုလိုက်တဲ့ လူငယ်တစ်ယောက်ကိုလည်း မြည်အိုကြီးပုံပြင်ထဲကလို ရလာတာကို ခုနင်းပြီး လွတ်မြောက်အောင် လုပ်နေတာလဲ မြင်မိပါရဲ့။

မြင်ကွင်းအစုံစုံ ဘဝဇာတ်ခုံမှာပေါ့--

ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)
ကျွန်တော်တို့ကတော့ ကမ်းပါးရံကို ကိုယ်တိုင် ခွာနဲ့ယက်ချပြီး တတ်တော့ တတ်နေတာပဲ။

လောကဓံ

 
အကောင်းကြုံလာ
ဝမ်းသာစရာလည်း
ဟားတိုက်ခုန်ပေါက်
ဟစ်အော်ဂေါက်၍
ထိမ်းချုပ်ကင်းစွာ
ဝမ်းမသာနဲ့။ ။

အဆိုးကြုံလာ
ဝမ်းနည်းစရာလည်း
ငိုညည်းတောက်ခေါက်
မျက်ရည်ပေါက်ကျ
အံကြိတ်မာန်တင်း
မခံပြင်းနဲ့။ ။

``ဖုထသ၁ လောကဓမ္မေဟိ
စိတ္တံ ယသ၁ နကမ္ပတ္တိ
အာသောကံ ဝီရဇံ
ခေမံ``

ဧတံမင်္ဂလ မုတ္တမံ တဲ့
မင်္ဂလာရှိတဲ့စိတ်ထား
ကျောက်သားလိုမာ
ဥာဏ်လွှာနဲ့ဖုံး
``အမြဲတန်းပြုံး``

(လောကဓံတရားနဲ့ ထိတွေ့ရင်ဆိုင်ရတဲ့အခါ မတုန်မလှုပ် ထိမ်းချုပ်ပြီး ချမ်းသာမြဲကြပါစေ)
ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)

Saturday, March 15, 2014

ချစ်သူတိုင်လည်းညားကြပါစေ(သန်လေးကို)

Thanlay Ko
{ 2013 August လထုတ် သဇင်မဂ္ဂဇင်းပါ ကျနော့်ဝတ္ထုလေးပါ။ သူပြောငါပြောနဲ့ ကြားဖူးနားဝဟာသလေးတွေကို ဇာတ်လမ်းဆင်ထားတာ ဖြစ်ကြောင်းပါခင်ဗျာ၊ ကိုယ်တွေ့မဟုတ်ရကြောင်းပါ}
“သုံးကျွန်းစံ”
1။
စင်္ကာပူဆိုတဲ့ ကျွန်းနိုင်ငံသေးသေးလေးမှာ အလုပ်လာလုပ်နေကြတဲ့ မြန်မာအခြင်းခြင်း နောက်ပြောင်ပြီး ပြောတတ်ကြတယ်… “ငါတို့က အလုပ်ကြမ်းနဲ့ တသက်တကျွန်းကျနေတာ”…တဲ့။ စင်္ကာပူကျွန်းမကြီးကနေ ထပ်ပြီးသွားရတဲ့ နောက်ထပ်ကွန်းလေးတစ်ကျွန်းဖြစ်တဲ့ ဂျူရောင်းကျွန်းပေါ်မှာ အလုပ်လုပ်ရတဲ့ ကျွန်တော်တို့အဖို့ဆိုရင်တော့ “နှစ်ကျွန်းစံ” တွေလို့ ဆိုရတော့မယ်။ ကျွန်တော်တို့ဆိုတာက ကျနော်နဲ့ ကြည်ဆွေပါ။ ဒီကောင်နဲ့က ရန်ကုန်မှာ ကုမ္မဏီတစ်ခုထဲ အကြာကြီး လက်တွဲပြီးလုပ်ခဲ့ဖူးတယ်။ ခုလည်း တိုက်တိုက်ဆိုင်ဆိုင် Construction Site တခုထဲမှာ လာဆုံနေကြတာ။ ကုမ္မဏီတော့ မတူဘူး။ ကျနော်က iE Consultant က၊ သူက S.V Co က။ အလုပ်အားတဲ့အခါ Canteen မှာ ကော်ဖီသောက်ရင်း ပေါက်တတ်ကရ ပြောဖြစ်ကြတယ်။
“မင်းတို့ ကုမ္မဏီနာမည် S.V Co ရဲ့ အရှည်က ဘာလဲ”
“Southern Village Company..တဲ့”
“နာမည်လေးက လှသားဟ၊ မြန်မာလိုပြန်ရင် နာမည်လှလှလေးရမယ် နော်”
ကျနော်က ဒီကောင့်အကြောင်းသိလို့ ဆွပေးလိုက်တာ…ထင်တဲ့အတိုင်းပဲ
“ငါ မြန်မာလိုပြန်ပေးထားတာ ရှိတယ်”
“ဟုတ်လား…ဘာတဲ့လဲ”
“သောက်ရေးမပါ…ဒို့ကျေးရွာ ကုမ္မဏီ”
“ဟင်…Village ကို ဒို့ကျေးရွာလို့ ပြန်တာက ထားပါတော့ သောက်ရေးမပါကြီးက ဘယ်ကပါလာတာတုံး”
“လစာပေးတာ နည်းတယ်ကွာ၊ အချိန်ပိုခိုင်းပြီး ပိုက်ဆံ မပေးဘူးကွာ၊ ဘောနပ်စ်မရဘူးကွာ၊ သူဌေးက ရိုင်းစိုင်းတယ်ကွာ၊ မန်နေဂျာက ဆိတ်လစေ့ကွာ…ကဲ ဒီထက် သောက်ရေးမပါတာ ဘာရှိသေးလို့တုံး”
“ဟာ…ပေါက်ပြီ၊ မင်းးရဲ့ ဘာသာပြန်စွမ်းရည် တော်တော်တိုးတက်လာတာပဲ”
“ဟင်း…ဟင်း…ပေါက်စမ်းဘာ”
2။
ဒီကောင်က အင်္ဂလိပ်စာနဲ့ ပတ်သက်လို့ ရာဇဝင်နဲ့။
လူက အင်္ဂလိပ်လို မတောက်တခေါက်သိတာရယ်။ ဘာသာပြန်တာတော့ အရမ်းဝါသနာပါတယ်။
ရန်ကုန်မှာ အလုပ်လုပ်နေတုံးက ညနေပိုင်း အားနေတော့ ကွန်ပြူတာ သင်တန်းသွားတက်တယ်၊ သုံးလေးရက်လောက်နေတော့ မသွားတော့ဘူး၊ ဒါနဲ့ မေးကြည့်မိတယ်… …
“ဟေ့ရောင်… ကွန်ပြူတာ သင်တန်းက မသွားတော့ဘူးလား”
“အေး၊ သင်တန်းဆရာနဲ့ အဆင်မပြေလို့”
အင်း…ဒီကောင် ဘာမတော်မတရား သွားလုပ်ပြန်ပြီလဲ မသိ။ ဟိုက လွန်တာတော့မဖြစ်နိုင်ဘူး။
“ဘယ်လိုဖြစ်တာလဲ ပြောပါအုံး”
“ကွန်ပြူတာအခေါ်အဝေါ်တွေကွာ..၊ အင်္ဂလိပ်လိုခေါ်ရတာခက်လို့ မြန်မာလိုခေါ်ပါလားလို့ ဆရာ့ကိုအကြံပြုတာ၊ သူက မင်းဘာသာပြန်ခဲ့ ဆိုလို့ ငါကဘာသာပြန်ပေးလိုက်တယ်၊ ဒါကို သူက ဖတ်ကြည့်ပြီး၊ မင်းသိပ်တော်တယ်တဲ့ ဒီသင်တန်း တက်စရာမလိုလောက်အောင်ကို တော်နေတယ်လို့ ပြောတယ်၊ ဒါနဲ့ ငါလည်း မသွားတော့တာ”
“ဟုတ်လား၊ ပြစမ်းပါအုံး မင်းဘာသာပြန်”
“ရော့…”
ဖတ်ကြည့်လိုက်တော့… …
ကီးဘုတ် = သော့ခုံ
မောက်စ် = ကြွက်
မော်နီတာ = အတန်းခေါင်းဆောင်
မားသားဘုတ် = အမေရေယဉ်
ဟိုက် ရှားလဘား၊ ဆက်မဖတ်ရဲတော့ဘူး၊ ဆက်ဖတ်ရင် ဦးရှင်ကြီးတို့၊ နန်းကရိုင်းမယ်တော်တို့၊ ကိုကြီးကျော်တို့ ပါလာစရာအကြောင်းရှိတယ်။
“အဲ နေပါအုံး၊ Key Board နဲ့ Mouse ကို ဘာသာပြန်ထားတာကတော့ နီးစပ်မှုရှိလို့ ထားပါတော့၊ ဘယ့်နှယ့် Monitor က အတန်းခေါင်းဆောင်ဖြစ်ရတာလဲ”
“ဟာ…မင်းကလည်း ညံ့ပါ့၊ ငါတို့ငယ်ငယ်လေးထဲက အတန်းခေါင်းဆောင်ကို မော်နီတာ လို့ ခေါ်လာတာပဲလေ”
“အင်း..အဲ ဟုတ်ပ့ါ၊ ဒါဆို အမေရေယဉ် ဆိုတာကြီးကရော”
“Mother က အမေလေ၊ Boat က လှေတို့ မော်တော်တို့ကိုခေါ်တာမလား၊ ဒ့ါကြောင့် Mother Boat အမေရေယဉ်”
“Board ထင်ပါတယ်ကွာ၊ Boat မဟုတ်လောက်ပါဘူး၊ သောက်တလွဲ”
“သိဘူး၊ ငါက Boat ထင်လို့”
ဒီလိုဆိုတော့လည်း ဆရာကပြောတော့မှာပေါ့ တော်တယ်လို့…
ဒီထက်ဆိုးတာက ကျနော်တို့ အလုပ်လုပ်တဲ့ ကုမ္မဏီနာမည်ကို ဘာသာပြန်တဲ့ ကိစ္စပဲ
ကုမ္မဏီနာမည်က Power Man Metal Industry (PMMI)
သူ မြန်မာမှုပြုလိုက်တဲ့ နာမည်က.. …
“မိုးကျရွှေကို သတ္တုတူးဖော်ရေး ကုမ္မဏီ”…တဲ့ဗျား။
ဒါကို သူဌေးက သိသွားတော့ သူကို သုံးလစာ ဆုချပြီး နောက်နေ့ကစလို့ ကုမ္မဏီကို မလာတော့ဖို့ တောင်းပန်လိုက်ရှာတယ်။
3။
တစ်ရက်မှာပေါ့။
Main Con မှာ ECO လုပ်နေတဲ့ မြန်မာမလေး နဲ့ ကျနော်နဲ့ Canteen ထိုင်နေတုံး ဒီကောင်ဘယ်က လှမ်းမြင်တယ် မသိဘူး နောက်ရက်ကျတော့ ကျနော့်ကို ဂျီကျပါလေရော… …
“မင်းက အဲ့ဒီကောင်မလေးနဲ့ သိနေတာတောင် ငါ့ကို မပြောဘူး၊ ဘာလဲ ကြိပ်ကြံနေတာပေါ့လေ”
“ဟကောင် လျှောက်မပြောနဲ့ဟ၊ ဟိုက အပျိုလေး၊ ငါက အိမ်ထောင်ကွဲ၊ ကလေးတစ်ယောက်ဖအေ၊ ကြားသွားရင် မကောင်းပါဘူးကွာ”
“ဒါဆိုလည်း ငါနဲ့ မိတ်ဆက်ပေးပါလားကွ၊ ငါက သူ့ကို Site ထဲမှာ တွေ့တွေ့နေတာ၊ မြင်တိုင်းရင်ခုန်ပေမယ့် ဘယ်လို ချဉ်းကပ်ရမှန်းမသိလို့”
သူ့အကြောင်းသိနေတော့ မိတ်ဆက်မပေးချင်ဘူး။ တော်ကြာ တလွဲတွေ လျှောက်လုပ်နေရင် ကိုယ်ပဲမျက်နှာပျက်ရမှာ။ ဒါနဲ့ အင်တင်တင်လုပ်နေတာပေါ့။
“ဟေ့ရောင် ဘယ်လိုလဲ၊ မိတ်ဆက်ပေးမှာလား?”
“မင်းဟာမင်း ကြိုးစားပါလားကွာ”
“မလွယ်လို့ပေါ့ကွ၊ လွယ်ရင် မင်းတောင် သိလိုက်မှာမဟုတ်ဘူး”
“ငါက ဘယ်လို မိတ်ဆက်ပေးရမှာလဲ”
“နောက်ရက် မင်းတို့ Canteen ထိုင်နေတဲ့အခါ အမှတ်တမဲ့ တွေ့သလိုလိုဘာလိုလိုနဲ့ မင်းကို ငါလာနှုတ်ဆက်မယ်၊ အဲ ဒီတော့ မင်းက မိတ်ဆက်ပေးလိုက်ပေါ့ကွ လွယ်လွယ်လေး”
“ငါက ဘယ်လို ပြောပြီး မိတ်ဆက်ရမှာလဲ”
“ဟေ့ကောင်၊ မင်း ရစ်မနေနဲ့၊ မိတ်ဆက်တာပဲကွာ၊ ဒီမှာဝေဝေ ဒါငါ့သူငယ်ချင်းလေ၊ အင်ဂျင်နီယာလူပျိုကြီးပေါ့၊ သဘောကောင်းတယ် ဘာညာနဲ့ သာသာထိုးထိုးလေးပြောပြီး မိတ်ဆက်ပေးလိုက်ရုံပဲဟာ၊ လုပ်ပါကွာ၊ ပင်နင်ဆူလာက ဧရာဝတီမှာ ဘီယာနဲ့ ပြုစုပါ့မယ်ဆရာရယ်”
“အေးလေ၊ ကြည့်လုပ်တာပေါ့၊ မင်းနဲ့က ခင်မိခဲ့တာကိုး၊ အော် ဒုက္ခ ဒုက္ခ”
4။
တကယ်ပဲဗျာ …
နောက်နေ့ကျတော့ ကျနော်နဲ့ ဝေဝေ Canteen ထိုင်နေတုံး မျက်နှာပြောင်ပြောင်နဲ့ ရောက်ချလာပါရော
ခုမှ မြင်သလိုလို ဘာလိုလိုနဲ့ လာနှုတ်ဆက်တယ်… …
“ဟာ…ဇော်ကြီး၊ ကော်ဖီလာသောက်တာလား”
“မဟုတ်ဘူး၊ လဘက်ရည်လာသောက်တာ”
အမြင်ကပ်လို့ ဘုတောပေးလိုက်တယ်၊ ဒါကို အခွက်ပြောင်ပြောင်နဲ့ ဆက်ပြောတယ်… …
“အော်…ဟုတ်လား၊ ငါလည်း လဘက်ရည်လာသောက်တာကွ၊ ဒီမှာ ထိုင်မယ်နော်”
“ထိုင်လေ၊ ငါတို့က အခုပဲ သွားတော့မလို့၊ ဘိုင့်ဘိုင်နော် နောက်မှတွေ့မယ် သူငယ်ချင်း”
“အာ…နေပါအုံးကွ ချစ်သူငယ်ချင်းကြီးကလည်း၊ မင်းနဲ့မတွေ့တာ ကြာနေပြီဆိုတော့ စကားလေး ဘာလေးပြောကြရအောင်ပါ”
“ဘာ မတွေ့တာ ကြာရမှာလဲကွ၊ မနေ့ကတောင် တွေ့လို့ လဘက်ရည်အတူတူ သောက်ကြသေးတယ်လေ”
“ဟုတ်လား၊ ငါမေ့သွားလို့ပါကွာ…ဟဲ ဟဲ”
ကျနော့်ဘေးကပ်ထိုင်ပြီး ခုံအောက်ကနေ ပေါင်ကိုကုတ်ပြီး အချက်ပြတယ်၊ ဝေဝေနဲ့ မိတ်ဆက်ပေးလေ ဆိုတဲ့ သင်္ကေတပေါ့… …
အင်း… မိတ်ဆက်ပေးရသေးတာပေါ့လေ၊
“အော်…ကြုံတုံး မင်းနဲ့ မိတ်ဆက်ပေးရအုံးမယ်၊ ဒါ ဝေဝေနှင်း တဲ့၊ Main Con က ECO ပေါ့၊ ရောက်လာတာတော့ မကြာသေးဘူး”
“အဟီး…ဟီး၊ ဟုတ်ကဲ့ Site ထဲမှာတော့ တွေ့တွေ့နေတာ မြန်မာမလေးမှန်း မသိဘူး၊ Main Con ယူနီဖောင်းနဲ့ ဆိုတော့ သူတို့လိုပဲ ကိုရီးယားမလေး မှတ်နေတာ၊ လူပုံကလည်း ခပ်ချောချောဆိုတော့လေ…ဟီး”
စ, ပြီ၊ တကယ်ပဲဗျ ဒီက မိတ်ဆက်ပေးတာတောင် မဆုံးသေးဘူး
ပပ်ကြားအက်ထဲက မစင်တုံး ခွေး စ, ကော်နေပြီ။
ဒီမျက်နှာရူးကောင်တော့ တွေ့ကြသေးတာပေါ့… …
“ဝေဝေ၊ သူက ကြည်ဆွေတဲ့၊ အင်ဂျင်နီယာပေါ့၊ လူပျိုကြီး ရီးစားမရှိသေးဘူး”
“ဟုတ်ကဲ့ရှင့်၊ ဦးဇော်လိုပဲ ကျမကို ခင်နိုင်ပါတယ်”
“ဟီး…ဟီး…ဟီး…ဝုတ်ကဲ့ ဝုတ်ကဲ့ ခင်မယ်ခင်ဗျ ခင်မယ်”
“သူတို့က ဆွေကြီးမျိုးကြီးတွေ ဝေဝေရဲ့၊ ဒီမှာလာပြီး အလုပ်မလုပ်လည်း သူ့မိဘတွေက ချမ်းသာပြီးသားရယ်”
“ဟီး..ငါ့သူငယ်ချင်းကလည်း မြောက်နေပြန်ပြီ”
“…ပြီးတော့ သူက တစ်ဦးတည်းသောသားလေ၊ မိဘတွေက အလိုလိုက်ထားတော့ ကောင်လေးက ရူးတူးပေါတောလေးပေမယ့် သဘောကောာင်းတယ် ဝေဝေရဲ့၊ လိုတဲ့ အကူအညီရှိရင်တောင်း”
“ဟုတ်လား…”
ဟိ…ဟုတ်လား တဲ့၊ ဒီကလေးမကလည်း Innocent ရယ်၊ ဘာပြောပြော အဟုတ်ထင်တာ၊ ဟိုကောင်ကတော့ ကျုပ်ကို သတ်ချင်နေပြီ၊ မျက်ထောင့်နီကြီးနဲ့ လူကို ကြည့်နေတယ်၊ ပြီတော့ ဇောင့်ကနဲထပြီး ပြောတယ်… …
“ငါ သွားတော့မယ် ဟေ့ကောင်၊ မင်းနဲ့ငါနဲ့ နက်ဖန်ခါမှ ပြန်တွေ့ကြသေးတာပေါ့ နော့်”…ဆိုပြီး လစ်သွားပါလေရော…
သူတော်တော် ဒေါကန်သွားပြီ၊ ဟီ ဟိ နက်ဖြန်ခါတော့ နဘမ်းလုံးရချေသေးရဲ့
5။
နောက်ရက် Canteen မှာ တွေ့တော့ တန်းဆဲပါလေရော… …
“ဟေ့ကောင် လူယုတ်မာ၊ မင်း မနေ့က ဘာသောက်ချိုးချိုးတာလဲ”
“ဟင်…ဘာချိုးလို့လဲ၊ မင်းပဲ မိတ်ဆက်ပေးဆို၊ သာသာထိုးထိုးလေး ပြောဆို”
“သာသာထိုးထိုး ပြောပေးဆိုတာနဲ့ပဲ ကောင်လေးက ရူးတူးပေါတောလေးလို့ ပြောရရောလားကွ”
“အော်…ငါစကားမှား သွားလို့ပါကွာ၊ ငါတကယ်ပြောချင်တာက ကောင်လေးက ပျော်ပျော်နေတတ်တယ်၊ သဘောကောင်းတယ် အဲလိုပါကွ”
“လုပ်မနေနဲ့ ဟေ့ကောင်၊ ငါက ငါ့ကောင်မလေးရှေ့မှာ သောက်ရှက်ကွဲခဲ့ပြီ”
အမယ်…ငါ့ ကောင်မလေး တဲ့၊ အဟက်ဟက်…ဖြစ်မှ ဖြစ်ရလေ…ဆက်ပြီး နောက်လိုက်အုံးမှ…
“ဒါနဲ့ မိတ်ဆက်ပေးခ ဘီယာက မနက်ဖန်တိုက်မှာလား”
“မင်းလိုကောင်ကို ဘီယာတိုက်ဖို့မပြောနဲ့ သေးနဲ့တောင် လှည့်မပန်းဘူး၊ သေခန်းပြတ်ပြီ မှတ်ထား”
“နေပေါ့လေ၊ ဒါဆိုလည်း ငါနဲ့ဝေဝေ နှစ်ယောက်ထဲ သွားစားရတော့မှာပေါ့”
“ဘာ…ဘာ…ဘာကွ၊ ဘာပြောတာလဲ”
“အော်…မနက်ဖန် စီးတီးဟောမှာ တွေ့ပြီး နေ့လည်စာစားကြဖို့ ဝေဝေက ချိန်းထားတယ်ကွ၊ မင်းကိုလည်း ခေါ်ခဲ့ပါတဲ့၊ ခု မင်းက ငါနဲ့သေခန်းပြတ်ပြီဆိုတော့ ငါတို့ နှစ်ယောက်ထဲ သွားရတော့မှာမလို့ စိတ်မကောင်းဖြစ်မိတယ်ကွာ…”
“ဟင်…ဟဲ..ဟဲ သူငယ်ချင်းကလည်းကွာ၊ နောက်တာပါကွ၊ ဒီလောက် အကြာကြီးခင်လာတဲ့ သူငယ်ချင်းတွေ၊ အလကား လွယ်လွယ်နဲ့ပြတ်ပ့ါမလား၊ မင်း ကလည်း”
“ဒါဆို ဘီယာတိုက်မှာလား၊ သေးနဲ့လှည့်ပန်းမှာလား”
“ဟီး..ဟီး သေးနဲ့ပန်းစရာလားလို့… ဘီယာတိုက်မှာကွ ဘီယာ”
သေနာကောင်…. ခုတစ်မျိုး တော်ကြာတစ်မျိုး။
တော်သေးတယ် ဒီဘက်ကလည်း နိုင်ကွက်ကိုင်ထားနိုင်လို့….
6။
ဒီလိုနဲ့ တိုတိုပဲပြောရရင် သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်သွားကြတယ်။
နားတော့ အတော်အေးသွားတာ
ရီးစားမဖြစ်မချင်း ကျနော့်ကို ခဏခဏလာပြီး ဂျီကျကျနေတာတွေ ရပ်သွားပြီ
ဆိုဒ်ထဲက Canteen မှာ သူတို့နှစ်ယောက်တွဲ ထိုင်ထိုင်ပြီး ပြုံးပျော်နေကြတာတွေ တွေ့တွေ့နေရတယ်။
ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက် နေလာလိုက်တာ တရက်တော့ မောင်မင်းကြီးသား ပေါက်ချလာပါလေရော…
ပါးစပ်ကလည်း အော်လာတယ်… …
“ဇော်ကြီးရေ… အိုင်ဘလူး အိုင်ဘလူး”
“ဘာလဲဟ အိုင်ဘလူးကြီးက”
“ရိုးရိုးလုပ်ပါကွာ၊ မင့်ဟာကလဲ၊ ဘာပြာတာလဲ”
“ဝေလေးနဲ့ လက်ထပ်တော့မလို့ကွ၊ အဲဒါ ငွေလိုလို့ လုပ်ပါအုံး”
လုပ်ပြီ၊ မအေပေးက၊ ခုထိငါ့လက်က အကူအညီလိုတုံး၊ မတတ်နိုင်ဘူးလေ သူ့ခမျာ ဘလူးနေတော့လည်း၊ အဲ ပြာနေပြီဆိုတော့လည်း ကူညီရတော့မှာပေါ့… ..
“ဒါနဲ့ မင့်နာရေးက ဘယ်တော့တုံး…”
“ဘာကွ…”
“အဲလေ… မင့်မင်္ဂလာရက်က ဘယ်တော့တုံး”
“နောက်လ ၂၆ ရက်”
“အာ… တော်တော်ကပ်နေပြီပဲ၊ ခုမှ ပြောရသလားဟ ကျက်သတုံးရ”
“အေးကွာ၊ ငါလည်း ငါ့ဟာငါ ကြိုးစားကြည့်သေးတယ်၊ သိပ်အဆင်မပြေတာနဲ့ မင်းဆီလာလိုက်တာ”
“ရပါတယ်ကွာ၊ သူငယ်ချင်းတွေပဲ၊ ငွေဘယ်လောက်လိုတာလဲ”
“ငါ့ရှိတာနဲ့ဆို နောက်ထပ် ငါးထောင်လောက်ရရင် ဖြစ်ပါတယ်၊ ပြီးတော့ ခန်းမကိစ္စတွေ အဝတ်အစားကိစ္စတွေ လိုက်လုပ်ပေးအုံးနော်”
“အေးပါကွာ ငုတ်မိသဲတိုင်ပေါ့…”
7။
သူတို့ မင်္ဂလာပွဲကို Cultural Hotel မှာ ကျင်းပဖြစ်တယ်။
အစစ ကိုယ်ပဲ လိုက်လုပ်ပေးရတာပါ။
မင်္ဂလာ အခန်းအနား စိုစိုပြေပြေလေးဖြစ်အောင်လို့ သူငယ်ချင်း ကိုငြိမ်းတိုးရဲ့ Independent Music Group တီးဝိုင်းကို အလကားမတ်တင်းလောက် နီးနီးနဲ့ ငှားထည့်ပေးလိုက်တယ်။
တီးဝိုင်းဆရာကလည်း ငွေးကြေးအတွက်မဟုတ်ဘဲ ဝါသနာပါလို့ လုပ်နေတာဆိုတော့ ပျော်ပျော်ကြီးပဲ လိုက်ပါဆောင်ရွက်ပေးပါတယ်။
မင်္ဂလာပွဲရက်မှာ ကျနော်လည်း သီချင်းတစ်ပုဒ်ဆိုပြီး ချီးမြှင့်ခဲ့တယ်….
ဆိုခဲ့တဲ့ သီချင်းလေးက ….“ပန်းတံတားပေါ်မှလျှောက်ပါ”
ဆိုချင်တဲ့ သီချင်းလေးက… “ချစ်သူတိုင်းလည်း ညားကြပါစေ”
ဒီလိုပါပဲ… လောကသဘာဝ ဖြစ်ချင်တိုင်း မဖြစ်ကြရဘူးမဟုတ်လား
သီချင်းဆိုနေရင်းနဲ့ ပရိသတ်တွေထဲမှာ ပြုံးပျော်ရွှင်မြူးနေတဲ့ သူငယ်ချင်းတို့ စုံတွဲကိုမြင်လိုက်တိုင်း…
ကျနော့် ဘယ်ဘက်ရင်ဘတ် အပေါ်ပိုင်းက အောင့်အောင့်လာတယ်…
အင်း… ခုမှ အောင့်တာတော့ မဟုတ်ပါဘူးလေ
ကြည်ဆွေက သူ ဝေဝေ့ကို ချစ်နေမိပြီလို့ ပြောတဲ့ နေ့ကတည်းပါ… ….
တကယ်တော့… ….
ကျနော်ဟာ သုံးကျွန်းကျနေတဲ့ သူပါဗျာ… ….။
အားလုံး ခဏလေးဖြစ်ဖြစ် ပြုံးနိုင်ကြပါစေ…
သန်၎ကို
{ဝတ္ထုလေးရဲ့ အရသာကို သိရအောင် ဒီသီချင်း ၂ ပုဒ်စလုံးကို နားထောင်ကြည့်သင့်ပါတယ်}
ပန်းတံတားပေါ်မှာ လျှောက်ပါ... လင့်
http://www.youtube.com/watch?v=6xImJwnJE7k
ချစ်သူတိုင်းလည်း ညားကျပါစေ...လင့်
http://www.youtube.com/watch?v=e0jqe3h2NgY

Friday, March 14, 2014

မိသားစု


"မိသားစု"

(၁) ပြောဆိုဆက်ဆံခြင်း

ခြင်္သေ့တစ်ကောင်နဲ့ ကျားတစ်ကောင်ဟာ တစ်ကောင်နဲ့တစ်ကောင် ပြင်းပြင်းထန်ထန် သတ်ဖြတ်ကြတယ်။ နောက်ဆုံးမှာ နှစ်ကောင်စလုံး ဒဏ်ရာအနာတရ ရခဲ့ကြတယ်။

ခြင်္သေ့က သေလုမြောမြောဖြစ်နေချိန်မှာ ကျားကိုမေးတယ်။

“ငါ့နေရာကိုသာ မင်းဝင်မလုရင် ငါတို့နှစ်ကောင်လုံး ဒီလိုထိခိုက်ဒဏ်ရာရကြမှာမဟုတ်ဘူး”

“မင်းနေရာကိုလုဖို့ ငါတစ်ခါမှ မတွေးခဲ့မိဘူး။ မင်းသာ ငါ့နေရာကို ကျူးကျော်မယ်လို့ ငါထင်ခဲ့တာ” ကျားက အသက်ငင်ရာကနေ တအံ့တသြပြန်ပြောတယ်။

အချင်းချင်းပြောဆိုဆက်ဆံခြင်းက မိသားစုပျော်ရွှင်မှုရဲ့ အဓိကသော့ချက်ဖြစ်တယ်။ ပြောချင်တဲ့စကား၊ ပြောသင့်တဲ့စကားကို ရင်ထဲသိမ်းဆည်းမထားပါနဲ့။ မိသားစုနဲ့ ပိုဆက်ဆံပြောဆိုခြင်းအားဖြင့် ကိုယ့်ကိုသူတို့နားလည်နိုင်ပါစေ။ အချင်းချင်းဆက်ဆံပြောဆိုခြင်းက အထင်မှား အမြင်မှားခြင်း၊ သဘောထားကွဲလွဲခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

(၂) ယုံကြည်မှု

ငှက်နှစ်ကောင် အတူနေကြတယ်။ ငှက်ဖိုက သစ်စေ့တွေ ငှက်သိုက်တစ်သိုက်စာလောက်ရှာပြီး ငှက်မကိုစောင့်ရှောက်ခိုင်းတယ်။ ရာသီဥတုပူတော့ သစ်စေ့တွေခြောက်ပြီး ကျုံ့ကုန်လို့ နဂိုထက် တစ်ဝက်လောက်လျော့သွားတယ်။ ဒါကို ငှက်မ ခိုးစားလိုက်တယ်လို့ ငှက်ဖိုကထင်ပြီး ငှက်မကို ထိုးစိုက်မောင်းထုတ်ပစ်လိုက်တယ်။ ရက်အနည်းငယ်အကြာ မိုးတွေရွာပြီးတဲ့နောက် ရာသီဥတုစိုထိုင်းလာတော့ သစ်စေ့တွေက ရေဓာတ်တွေပြည့်ပြီး ငှက်သိုက်တစ်ခုလုံးပြည့်သွားခဲ့တယ်။ ဒီအချိန်ကျမှ ငှက်ဖိုကနောင်တရပြီး “ငှက်မကို ငါအထင်မှားခဲ့ပြီ”လို့ဆိုတယ်။

မိသားစုအချင်းချင်းကြားမှာ ယုံကြည်မှုဆိုတာ ရှိရတယ်။ ပျော်ရွှင်တဲ့မိသားစုတွေ အိမ်ထောင်ပျက်ရတာက သံသယနဲ့ မသင်္ကာမှုတွေကြောင့်ပါ။ မိသားစုအပေါ် ယုံကြည်မှုရှိပါစေ။ သံသယကြောင့် မိသားစုပျော်ရွှင်ချမ်းမြေ့ခြင်းတွေ မပျက်စီးပါစေနဲ့။

(၃) သတိရှိခြင်း

ကျီးကန်းနှစ်ကောင်ဟာ တစ်ကောင်ကိုတစ်ကောင် ဆဲဆိုနေကြတယ်။ ဆဲလေ ရန်ပွဲကကြီးလေ၊ စိတ်ပိုလှုပ်ရှားလေ ဒေါသပိုထွက်လေဖြစ်နေတယ်။ နောက်ဆုံးမှာ ကျီးတစ်ကောင်က အရာတစ်ခုကိုကောက်ပြီး နောက်ကျီးတစ်ကောက်ကို ပေါက်ထည့်လိုက်တယ်။ သူပစ်လိုက်တဲ့အရာက ကျီးကိုထိပြီး ကွဲသွားခဲ့တယ်။

အဲဒီအချိန်ကျမှ သူပစ်လိုက်တဲ့အရာဟာ သူ့အသိုက်ထဲက ပေါက်ခါနီးဥတစ်လုံးဖြစ်နေတယ်ဆိုတာကို သူသတိထားလိုက်မိတယ်။

မိသားစုအချင်းချင်းကြားမှာ မကျေနပ်မှု၊ ပြဿနာဆိုတာ ရှိတတ်ကြတယ်။ မကျေနပ်မှုနဲ့ကြုံတဲ့အခါ စိတ်အေးအေးထားပြီး ဆက်ဆံပါ။ အထူးသဖြင့် သဘောထားကွဲလွဲမှုနဲ့ကြုံတဲ့အခါ ပိုပြီးတော့တောင် အသိဉာဏ်ရှိရပါတယ်။ တဇွတ်ထိုးလုပ်လို့မရပါဘူး။ တဇွတ်ထိုးလုပ်တာဟာ ပြဿနာကို မဖြေရှင်းနိုင်တဲ့အပြင် ပိုလို့တောင်ဆိုးဝါးသွားစေပါတယ်။ ပြီးတော့ မိသားစုပျော်ရွှင်ခြင်းကိုပါ ထိခိုက်သွားစေနိုင်ပါတယ်။

(၄) နေရာပြောင်းကြည့်ခြင်း

ဆိတ်တစ်ကောင်က ခွေးတစ်ကောင်ကို ထမင်းစားဖိတ်တယ်။ သူ့အတွက် စားကောင်းသောက်ဖွယ်ဖြစ်တဲ့ မြက်နုကို ဆိတ်က တစ်စားပွဲလုံးကောင်းကောင်းပြင်ဆင်ပြီး ခွေးကိုကျွေးခဲ့တယ်။ ခွေးက မြက်တွေကို တစ်လုတ်နှစ်လုတ်ပဲစားပြီး မစားနိုင်ခဲ့တော့ဘူး။

ရက်အတန်ကြာတော့ ခွေးက ဆိတ်ကိုထမင်းဖိတ်ကျွေးတယ်။ စိတ်ထဲမှာလည်း “ဆိတ်လို ငါကပ်စီးမနည်းသင့်ဘူး။ သူ့ကို အစားကောင်း အသောက်ကောင်းနဲ့ ငါဧည့်ခံမယ်”ဆိုပြီး အသားတစ်ပွဲကို ကောင်းကောင်းပြင်ဆင်ပြီး ဆိတ်ကိုကျွေးခဲ့တယ်။ နောက်ဆုံးမှာ ဆိတ် စားတောင်မစားဘဲ ထွက်သွားခဲ့တယ်။

တစ်ခါတလေမှာ ကိုယ့်ဆန္ဒအတိုင်း တခြားသူကိုအကျပ်မကိုင်သင့်ဘူး။ ကိုယ့်အတွေးကို မိသားစုပေါ် အတင်းအကြပ် ဖြည့်မပေးသင့်ဘူး။ ပြဿနာနဲ့ကြုံတဲ့အခါ နေရာလဲ ရှုထောင့်ပြောင်းပြီး တွေးတောကြည့်ပါ။ တစ်ဘက်လူရဲ့နေရာကနေ ဝင်စဉ်းစားပေးကြည့်ပါ။ ဒီလိုဆိုရင် မိသားစုဝင်တွေအပေါ် သင်ပိုနားလည်လာပါလိမ့်မယ်။

(၅) ပျော်ရွှင်ခြင်း

ဝက်ကလေးတစ်ကောင်က ကိတ်မုန့်ဖုတ်သင်တယ်။ ဒါပေမယ့် သူလုပ်လိုက်တဲ့ကိတ်မုန့်တိုင်းက စားမကောင်းဖြစ်နေတယ်။ သူ့ဆရာကြက်ဖကို ဝက်ကလေးက ဘာကြောင့်လဲလို့မေးတယ်။ ကြက်ဖက စဉ်းစားပြီး ကိတ်မုန့်ဖုတ်ဖို့ ဘာတွေထည့်သလဲလို့ မေးတယ်။ ဝက်ကလေးက မဖြုန်းတီးချင်၊ နှမြောလို့ ဒိတ်လွန်တဲ့ကြက်ဥတွေကို သုံးပါတယ်လို့ ဖြေတယ်။

ဝက်ကလေးရဲ့အဖြေကို ကြက်ဖက “သေချာမှတ်ထား.. ကောင်းတဲ့အစာပလာတွေကိုသုံးမှ ကိတ်မုန့်ကောင်းကိုရလိမ့်မယ်”လို့ ပြောတယ်။

ဟုတ်ပါတယ်.. ကောင်းတဲ့အစာပလာတွေကိုသုံးမှ ကောင်းတဲ့ကိတ်မုန့်ကိုရမှာဖြစ်တယ်။ ထိုနည်းတူ ကောင်းမွန်ပျော်ရွှင်တဲ့စိတ်ထားနဲ့မှ သာယာချမ်းမြေ့တဲ့မိသားစုဘဝကို တည်ဆောက်နိုင်မှာဖြစ်တယ်။ ဒါကြောင့် အပြင်ကပြန်လာချိန် အိမ်ထဲမဝင်ခင် စိတ်ညစ်စိတ်ရှုပ်စရာတွေကို အိမ်အပြင်ဖက်မှာ ပစ်ထားခဲ့လိုက်ပါ။ အပြုံးတစ်ခုကိုပဲ အိမ်ပြန်ယူခဲ့ပါ။ တကယ်လို့ မိသားစုဝင်တိုင်းသာ ဒီလိုလုပ်နိုင်ခဲ့ရင် ဒီမိသားစုဟာ အပျော်ရွှင်ဆုံးမိသားစုတစ်စုဖြစ်သွားပါလိမ့်မယ်။

မူရင်း-- http://www.duwenzhang.com/wenzhang/renshengzheli/ganwu/20131016/272119.html

နိုင်းနိုင်းစနေ

သူလိုလူ (စိတ်ဓါတ်အာဟာရ)

 
ကမ္ဘာပေါ်မှာ ဒုတိယ အချမ်းသာဆုံး သူဋ္ဌေးကြီး WarrenBuffett ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ (၃၁)ဘီလီယံကိုရက်ရက်ရောရောလှူဒါန်း

“အရိုးဆုံးက အဆန်းဆုံးလို့ လူတွေပြောလေ့ရှိကြပါတယ်။ ရိုးရှင်းစွာနေထိုင်ခြင်းကလည်း ဘ၀အတွက် အကောင်းဆုံး ဆိုတာ အောက်မှာဖေါ်ပြမယ့် Interview တစ်ခုမှာ အထင်အရှား တွေ့ရမှာဖြစ်ပါတယ်။
တစ်နာရီကြာ အင်တာဗျူးမှာ CNBC ကိုပြောသွားတဲ့ သူ့ရဲ့ ဘ၀ကို ရှု့မြင်သုံးသပ်ပုံတွေက အရမ်းစိတ်ဝင်စားဖို့ကောင်း လို့ ဘာသာ ပြန်ပြီးမျှဝေလိုက်ပါတယ်…..

အပျော်ဆုံးလူတွေဟာ အကောင်းဆုံးတွေကိုချည်းပဲ ရထားကြတာ မဟုတ်ပါဘူး၊
သူတို့ရဲ့ ဘ၀လမ်းမှာ ကြုံတွေ့ရတဲ့ အရာတွေကိုပဲ တန်ဖိုးထား နှစ်သက်ကြတာပါ။

(၁) သူ့အသက် (၁၁)နှစ်မှာသူ့ရဲ့ ပထမဆုံး ရှယ်ယာကို ၀ယ်ယူခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီလို ၀ယ်တာနောက်ကျလို့ အခု နောင်တ ရနေပါတယ်။ (အဲ့ဒီအချိန်တုန်းက အခုထက် အများကြီးဈေးနှုန်းတွေ သက်သာလို့ပါ။ ဒါကြောင့် ကိုယ့်သားသမီး ကိုလည်း ရင်းနှီးမြုတ်နှံဖို့ တိုက်တွန်းအားပေးပါ။)

(၂) သူအသက် (၁၄)နှစ်မှ သတင်းစာပို့ပြီး ရတဲ့ပိုက်ဆံတွေနဲ့ ယာမြေလေး တစ်ခုဝယ်ခဲ့ပါတယ်။ (စုဆောင်းထားတဲ့ ငွေ လေးတွေပေါင်းပြီး ပစ္စည်းအများကြီးဝယ်လို့ ရပါတယ်။ အဲ့ဒါကြောင့် ကိုယ့်သားသမီးကိုလည်း စီးပွါးရေးတစ်ခုခုလုပ်ဖို့ တိုက်တွန်းအားပေးပါ။)

(၃) သူဟာအခု အချိန်အထိ လွန်ခဲ့တဲ့ အနှစ် (၅၀) မင်္ဂလာဦးတုန်းက ၀ယ်ခဲ့တဲ့ Midtown Omaha က အခန်းသုံးခန်းပဲ ပါတဲ့ အိမ်ကလေးမှာနေတုန်း ပါပဲ။ သူလိုအပ်တာတွေအားလုံး အဲ့ဒီအိမ်လေး ထဲမှာရှိတယ်လို့ သူကပြောပါတယ်။ သူအိမ်မှာအကာအရံတွေ ခြံစည်းရိုးတွေလဲ မရှိပါဘူး။ (ကိုယ်တကယ်လိုအပ်တာထပ် ဘယ်တော့မှ ပိုပြီးတော့ မ၀ယ် ပါနဲ့၊ ကိုယ်သားသမီးတွေကိုလဲ အဲ့ဒီလို တွေးဖို့ လုပ်ဖို့ တိုက်တွန်း အားပေးပါ။)

(၄) သူ ဘယ်သွားသွား ကားကို ကိုယ်တိုင်မောင်း သွားတတ်ပြီး သူ့မှာ ကားမောင်းသမားရော သက်တော်စောင့်ရော တစ်ယောက်မှ မရှိပါဘူး။ (သင်က သင်ပါပဲ)

(၅) သူဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ပုဂ္ဂလိက ဂျက်လေယာဉ် ကုမဏီကို ပိုင်ဆိုင်ပေမယ့် ပုဂ္ဂလိက ဂျက်လေယာဉ်နဲ့ ခရီးသွားလေ့ ဘယ်တော့မှမရှိပါဘူး။ (ကိုယ်လုပ်စရာရှိတာကို ခြိုးခြံချွေတာစွာနဲ့ ဘယ်လိုပြီးမြောက်အောင် လုပ်မလဲဆို တာအမြဲစဉ်းစားပါ။)

(၆) သူ့ရဲ့ Berkshire Hathaway ကုမ္မဏီက ကုမ္မဏီပေါင်း (၆၃) ခုကို ပိုင်ဆိုင်ပါတယ်။ အဲ့ဒီကုမ္မဏီတွေက CEO တွေ ဆီကို သူက (၁)နှစ်ကို စာတစ်စောင်ပဲ ပို့ပါတယ်။ စာထဲမှာ လာမည့်နှစ်အတွက် ရည်းမှန်းချက်တွေကိုပဲ ရေးပေးလိုက် ပါတယ်။ အဲ့ဒါကလွဲလို့ သူတို့ဆီ ပုန်မှန်ဖုန်းဆက်ခြင်း၊ အစည်းအဝေးလုပ်ခြင်းတွေ ဘယ်တော့မှ သူမလုပ်ပါဘူး။
(သင့်တော်တဲ့ လူကိုသင့်တော်တဲ့ နေရာပေးပါ။)

(၇) အဲ့ဒီ CEO တွေကို စည်းကမ်းချက် (၂) ခုပဲထုတ်ထားပါတယ်။ စည်းကမ်းချက်(၁) သင့် ရှယ်ယာဝင်တွေရဲ့ ငွေ တွေကိုလုံးဝ မဆုံးရှုံးပါစေနဲ့။ စည်းကမ်းချက်(၂) စည်းကမ်းချက် (၁) ကို မမေ့ပါနဲ့။ (ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ် ပါ၊ ပြီးရင်အဲ့ဒီအပေါ် လူတွေ (လက်အောက်ငယ်သားတွေ၊) အာရုံစူးစိုက်တာ သေချာပါစေ။

(၈) သူ အထက်တန်းလွှာက လူတွေနဲ့ ပေါင်းသင်းသွားလာခြင်း မရှိပါဘူး။ အိမ်ပြန်ရောက်တဲ့ အချိန်မှာ သူ လုပ်လေ့ ရှိတာက ပြောင်ဖူးပေါက်ပေါက်တွေ ကိုယ်တိုင်လုပ်ပြီး TV ထိုင်ကြည့်တာပါပဲ။ (မကြွားဝါပါနဲ့ ကိုယ်နေတတ်သလိုသာ နေပါ။ ကိုယ်နှစ်သက်တာတွေ လုပ်ပါ။)

(၉) သူဟာ ဆဲလ်ဖုန်း သယ်လေ့ မရှိသလို သူ့ အလုပ်စားပွဲပေါ်မှာလဲ ကွန်ပျူတာ မရှိပါဘူး။

(၁၀) ကမ္ဘာ္ဘပေါ်မှာ အချမ်းသာဆုံးဖြစ်တဲ့ Bill Gates က သူနဲ့ လွန်ခဲ့တဲ့ (၅)နှစ်ကမှ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ Bill Gates က သူနဲ့ Warren Buffett ဘာမှ တူညီတာသိပ်မရှိဘူး (ပြောစရာ သိပ်မရှိဘူးထင်တာနဲ့) နာရီဝက်ပဲတွေ့ ဆုံဖို့စီစဉ်ခဲ့ပါ တယ်။ တကယ်တမ်း တွေ့ဆုံတော့ တွေဆုံမှုဟာ (၁၀)နာရီအထိ ကြာမြင့်ပြီး Bill Gates ဟာ သူ့ကို အထူးချစ်ခင်လေး စားသူ တစ်ယောက်ဖြစ်သွား ပါတော့တယ်။

လူငယ်တွေအတွက် Warren Buffett ရဲ့ အကြံပေးချက်တွေကတော့….
Credit Card (ဘဏ်ချေးငွေ) တွေကို ဝေးဝေးကရှောင်ပြီး ကိုယ့်အတွက် ကိုယ်ရင်းနှီး မြှုတ်နှံပါ- မှတ်မိနေရမယ့်
အရာတွေကတော့ . . . . .
(၁) ငွေက လူကိုဖန်တီးခဲ့တာ မဟုတ်ဘဲ လူကပဲငွေကို ဖန်တီးခဲ့တာပါ။

(၂) ဘ၀ကို ကိုယ့်အရှိအတိုင်း ရိုးရိုးရှင်းရှင်း နေထိုင်ပါ။

(၃) သူများတွေပြောတိုင်း လိုက်မလုပ်ပါနဲ့။ နားတော့ထောင်ပါ။ ဒါပေမယ့် ကိုယ်ကောင်းမယ် ထင်တာကိုသာလုပ်ပါ။

(၄) အ၀တ်အစားနဲ့ ပတ်သက်ရင်လဲ နံမည်ကြီးတံဆိပ်တွေနောက်ကို မလိုက်ပါနဲ့ ကိုယ်ဝတ်ရတာ သက်တောင့် သက်သာ ရှိတာတွေကိုပဲ ၀တ်ပါ။

(၅) မလိုအပ်တဲ့ အရာတွေအတွက် ပိုက်ဆံကို မဖြုန်းတီးပါနဲ့၊ တကယ်လိုအပ်နေတဲ့ သူတွေအတွက် သာသုံးပါ။

(၆) ဘာပဲပြောပြော ဒါဟာ ကိုယ့်ရဲ့ ဘ၀ပါပဲ။ ဘာလို့ သူများတွေကို ထိန်းချုပ်ချယ်လှယ်ခွင့် ပေးရမှာလဲ။…..

source” CNBC
Bamar Pyi Thar
Credit By Myanmar CNN