ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း
Showing posts with label နန္ဒာသိန်းဇံ. Show all posts
Showing posts with label နန္ဒာသိန်းဇံ. Show all posts

Saturday, May 19, 2012

တစ်ခုသောစာပေဝိုင်းမှအပြန်



                                      တစ်ခုသောစာပေ၀ိုင်းမှအပြန်           
         
          ဂေါတမဗုဒ္ဓ သက်ရှိထင်ရှားရှိစဉ်အခါတုန်းက ရဟန်းငါးရာတို့သည် ဘုရားရှင်ထံမှ ကမ္မဋ္ဌာန်းယူ၍  တော၌ ရဟန်းတရားကို အားထုတ်ကြသည်။ ထိုတော၌ နံနက်စောစောပွင့်ကြသည့် မုလေးပန်းတို့သည် ညနေသို့ရောက်သောအခါ တဖွဲဖွဲကြွေသည်ကို ရဟန်းတို့ မြင်မိကြသည်။ နောက်တစ်နေ့ နံနက်စောစော၌ ရဟန်းတို့က မုလေးပန်းတို့ကို “ သင်တို့အညှာများမှမကြွေကျမီ ငါတို့သည် ရာဂစသည်တို့မှ ကင်းကွာလွတ်မြောက်အောင်  ပြုကြကုန်အံ့ ” ဟု ပြောဆိုသကဲ့သို့ ပြုကာတရားကို အပြန်းအထန်အားထုတ်ကြသောကြောင့် ရဟန္တာ များအဖြစ်သို့် ရောက်သွားကြောင်းကို တစ်ဦးသောသူက ပြောသည်။

          နောက်တစ်ဦးက ညှိုးရော်သွားသော ပဒုမ္မာကြာပွင့်မှ ပွင့်ဖတ်တို့ ကြွေကျကြပုံကို မြင်ရာမှ အနိစ္စ သဘောကို ထိုးထွင်းသိမြင်ကာ ပစ္စေကဗုဒ္ဓများဖြစ်သွားကြသော ပဒုမ္မဒေ၀ီမိဖုရား၏ သားငါးရာတို့အကြောင်းပြောပြီးနောက်၌ ရှင်မဟာသီလ၀ံသ၏ ပါရာယန၀တ္တုနှင့် မြန်မာ့ဝတ္တုရှည်များ ဖြစ်ပေါ်တိုးတက်လာမှုသမိုင်းကို ရှည်လျားစွာ ပြောပါသည်။ ရှည်လျားသောကြောင့် သူပြောပြခြင်းများကို  အစီအစဉ်တကျ မမှတ်မိတော့ပါ။ အခြားသူတစ်ဦးက ခုနစ်နှစ်သားအရွယ် သာမဏေငယ်တစ်ပါးသည်  ရှင်သာရိပုတ္တရာမထေရ်မြတ်ြကီးနှင့် အတူ ဇေ၀တန်ကျောင်းတော်မှ ဆွမ်းခံရန်ထွက်အလာ လမ်းခရီးတစ်နေရာ တွင် လယ်အတွင်းသို့ရေသွင်းရန် ဖောက်ထားသော ရေမြောင်းအတွင်း၌ ရေတို့ကွေ့၍ကောက်၍ တန်း၍တွန်း ၍  တိုး၍စီးဆင်းနေသည်ကို မြင်တွေ့ရသောအခါ ထိုစီးဆင်းနေသောရေ၌ စိတ်ရှိပါသလားဟု ရှင်သာရိပုတ္တရာ မထေရ်မြတ်အား မေးလျှောက်ကြောင်း၊ ရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးက ရေ၌ စိတ်မရှိကြောင်း ပြောသော အခါ သာမဏေငယ်သည် ‘ စိတ်မရှိသောရေကိုပင်လျှင် လိုရာအရပ်သို့ သယ်ယူနိုင်ပါက စိတ်ရှိသောငါသည်  ငါ့ဘ၀က အရဟတ္တဖိုလ်အရောက် အဘယ့်ကြောင့်မဆောင်ယူနိုင်သူ ဖြစ်ရမည်နည်း၊ ဆောင်ယူနိုင်သူ ဖြစ်ရ မည်သား ’ ဟု အားမာန်သတ္တိ ရရှိသွားသောကြောင့် ရှင်သာရိပုတ္တရာမထေရ်မြတ်အား ခွင့်ပန်၍ ဇေသ၀န်   ကျောင်းသို့ ပြန်သွားကာ တရားအားထုတ်ကြောင်း၊ ထိုနေ့မှာပင် အရဟတ္တဖိုလ်သို့ ဆိုကရောက်သွားကြောင်း ပြောပြသည်။ မဂ်ဆိုက်ရာ၌ ဖြစ်ပေါ်သော စိတ်သဘာဝအကြောင်းများကိုလည်း အလေးအနက်ပြောသည်။   

          ထို့နောက် အခြားသူတစ်ဦးက ဘာမဟုတ်သည့်ကိစ္စတစ်ခုကြောင့် သူနေခဲ့ရာမြို့ကလေးမှ သူဌေးတစ် ဦး မည်ကဲ့သို့ စိတ်နေသဘောထားများ ပြောင်းလဲသွားသည်ကို ပြောသည်။ ထိုသူဌေးမှာ ချမ်းသာသလောက်  စေးနည်းသူ ဖြစ်သည်။ အလှူအတန်းလည်း မပြု၊ သူ့ပတ်ဝန်းကျင်ကလူများနှင့်လည်း အဆက်အဆံမပြု၊ ထို သူဌေး၏ဇနီး ကွယ်လွန်သွားသောအခါ သင်္ချိုင်းသို့လိုက်ပါပို့ဆောင်သူ မရှိသလောက်ပင်ဖြစ်သည်။ တစ်နေ့ ထို သူဌေးသည် အိမ်အပေါ်ထပ်မှ လမ်းဆီသို့ မျှော်ကြည့်နေခိုက် လမ်းဘေးသစ်ပင်တစ်ပင်မှ ဆွေးမြေ့နေသော သစ်ကိုင်းတစ်ကိုင်း ကျိုးကျသွားသည်ကို မြင်လိုက်သည်။ မြေပေါ်သို့ ထိုသစ်ဆွေးကိုင်းကျသောအခါ နှစ်ပိုင်း သုံးပိုင်း ထပ်၍ ကျိုးသွားသည်။ မကြာမီ - လမ်းလျှောက်လာသော မိန်းမတစ်ဦးက ထိုကျိုးနေသော သစ်ဆွေး ပိုင်းတို့ကို ထင်းအဖြစ်သုံးရန် သယ်ဆောင်သွားသည်ကို တွေ့ရသည်။ 

          ‘ သစ်ပင်ဟာ ကျေးငှက်တွေစားဖို့အတွက် အသီးကိုပေးတယ်၊ လူတွေအတွက် နားခိုရန် အရိပ်ကိုပေး တယ်၊ သစ်ပင်ရဲ့ဆွေးမြေ့နေတဲ့ သစ်ကိုင်းကတောင် ထင်းအဖြစ်နဲ့အသုံးချနိုင်အောင် အကျိုးပြုလိုက်သေး တယ်။ ငါကတော့ လူဖြစ်ပါလျက်နဲ့ လူတွေအတွက် ဘာကောင်းကျိုးမှ မပြုမိပါလား ’ ဤအတွေးများ ဖြစ်ပေါ် လာပြီး သူဌေး၏ စိတ်နေသဘောထားများ ပြောင်းလဲသွားသည်ဟု ဆိုပါသည်။ ထင်းဆွေးချောင်းက မိမိဘ၀ အမြင်ကို ပြောင်းလဲပေးခဲ့ကြောင်း ထိုသူဌေးက မကြာခဏ ပြောပြသည်ဟု ဆိုပါသည်။ ထင်းဆွေးချောင်း ကျိုး ကျလာခြင်း ဖြစ်ရပ်က ထိုသူဌေးကို အလှူအတန်း ရက်ရောသော၊ ကလေးသူငယ်များ၏ ပညာရေးအတွက် အထူးကြောင့်ကြစိုက်၍ ကူညီဆောင်ရွက်သောသူ အဖြစ်သို့ ရောက်သွားအောင် အထောက်အကူ ပေးခဲ့ခြင်း ဖြစ်ကြောင်း ပြောပြသည်။ ထို့နောက် - နှလုံးသွင်းဆင်ခြင် ခြင်းတရားယောနိသောမနသီကာရအကြောင်းနှင့် နှလုံးသွင်း ဆင်ခြင်ရာ၌ ဖြစ်နိုင်သော ဇောများ၊ ၀ီထိများ အကြောင်းကို လေးနက်စွာ ပြောပြပါသည်။ သူ့စကား တို့ကိုလည်း လေးနက်လွန်း၍ မလိုက်နိုင် ဖြစ်ရပြန်ပါသည်။ 

          သူတို့ သူတို့တွေ၏ စကားများအနက်မှ မုလေးပန်းများ၊ ကြွေကျလာသော ကြာပွင့်ဖတ်များ၊ ရေမြောင်း နှင့် ထင်းဆွေးချောင်းကိုတော့ အမှတ်ရပါသည်။ သစ်ဆွေးချောင်းအကြောင်းကို ပြောပြသော နောက်ဆုံးလူ၏ စကားကို နားထောင်နေရင်းမှ အရိပ်၌နေ၍ သစ်စိမ်းခက်များကို ချိုးနေသောသူများအကြောင်း တွေးမိနေသည် ကိုလည်း သိရပါသည်။
                                                                                                          နန္ဒာသိန်းဇံ                                                                                                                                                     
                                                                                                                                                     typing by ကောင်းစည်သူ-- ပဉ္စမတန်း                                                                                                                                                                                                                                                                                                                       
       

Monday, May 14, 2012

အများအကျိုးရွက်သယ်ပိုးက


                  

 အများအကျိုးရွက်သယ်ပိုးက - -

          ‘ အများကောင်းကျိုးကို ဦးတည်ပြီး ဆောင်ရွက်နေတာပါ ’ ဆိုသောသူနှစ်ဦးကို တစ်နေ့တည်းတွင်
နှစ်ခါကြုံခဲ့ရပါ၏။

          ပထမတွေ့သူက အရပ်မြင့်မြင့် သွယ်သွယ်လျလျနှင့် စကားပြောညင်သာသူ ဖြစ်ပါသည်။
          သူကဆိုပါသည်။

          ‘ သစ်တစ်ပင်ကောင်း၊ ငှက်တစ်သောင်း၊ အပေါင်းကိုယ့်ကြောင့် အေးစေသော်ဝ် --- ဆိုတဲ့စကားရှိ
တယ် မဟုတ်လားဗျာ၊ ကိုယ့်ကြောင့် အများသူငါ ကောင်းကျိုးရကြတယ်ဆိုရင် ကျွန်တော်ဝမ်းသာရတယ်
မဟုတ်လား၊ ဒါပေမယ့် -- အများအကျိုးကို ရည်မြှော်ပြီး လုပ်ပေးနေတာကိုပဲ သဘောမပေါက်၊ မသိနားမလည်
တဲ့သူတွေက ရှိနေလေတော့ အခက်အခဲတွေနဲ့ ကြုံရတာတွေ ရှိတာပေါ့၊ ကိုယ့်ကိုမနာလိုဖြစ်တာတွေ၊ ကိုယ့်
လုပ်ငန်းကို ဖျက်လိုဖျက်ဆီး လုပ်တာတွေ၊ ကဖျက်ယဖျက် လုပ်တာတွေ၊ အမနာပပြောတာတွေ --- ရှိတာပေါ့
ဗျာ၊ ရှိနေတာပေါ့၊ ဒီလိုရှိနေပေမယ့်လဲ ကိုယ်လုပ်ရမယ့် အလုပ်ကိုလုပ်မှာပါ ---

          အများအကျိုး၊ ရွက်သယ်ပိုးက ခနိုးခနဲ့ဆိုကဲ့ရဲ့လည်း၊ မရွဲ့မစောင်း၊ မှန်လမ်းကြောင်းဖြင့် စိတ်ကောင်း
နှင့်ယှဉ်၊ ရှေးရှနှင်လော့ - ဆိုတဲ့ အဆုံးအမစကားအတိုင်း ကိုယ်ရည်ရွယ်ထားတဲ့ - ပန်းတိုင်အရောက် လျှောက်  
မှာပါပဲ၊ သွားမှာပါပဲ ---- ’

          သူ့စကားသံကို နားထောင်ရင်း အနှောင့်အယှက် အခက်အခဲတို့ကို ရင်ဆိုင်ဖို့ ‘ တင်း ’ ထားသော
သူ့၏မာန်ကို မြင်ယောင်၍ ရပါသည်။

          ဒုတိယတွေ့သူကတော့ အရပ်ခပ်ပြတ်ပြတ်၊ ကိုယ်လုံးကိုယ်ထည် ခိုင်ခံ့တောင့်တင်း၍ သူ့စကားသံက
လည်း မာကျောသည်။

          သူကဆိုပါသည်။

          ‘ ခင်ဗျား ကြားဖူးတယ် မဟုတ်လား၊ ကယ်ရဗင်လှည်းကြီးကတော့ သွားမြဲပဲ ---- ဆိုတာလေ ’

          သူဘာဆက်ပြောမလဲဆိုသည်ကို ကျွန်တော်က ငြိမ်၍ စောင့်သည်။

          ‘ ဟိုဗျာ -- အမေရိကတိုက်ကို နိုင်ငံပေါင်းစုံက လူတွေလာပြီး အခြေချစဉ် ကာလက မြင်းနှစ်ကောင် -
ဒါမှမဟုတ် လေးကောင်ဆွဲတဲ့ ကယ်ရာဗင် ( Caravan ) ပေါင်းမိုးလှည်းကြီးတွေနဲ့ မိသားစုတွေ နယ်မြေသစ်ရှာ
ကြ၊ ပြောင်းကြ၊ ရွှေ့ကြတယ်၊ ရွှာတွေတည်ထောင်မိကြတဲ့အခါမှာလဲ အဲဒီပေါင်းမိုးမြင်းတပ် ကယ်ရာဗင်လှည်း
ကြီးထဲမှာ သတ္တုပစ္စည်းတွေ အိုးခွက်တွေရော၊ အခြားပစ္စည်းတွေရော အစုံပါတယ်၊ ဒီတော့ ဒီဈေးလှည်းကြီးလာ ရင်၊ လမ်းကလည်းမကောင်းတဲ့ခေတ်ဆိုတော့ --- လှည်းလှုပ်တိုင်း အိုးခွက်တွေ အချင်းချင်း တိုက်လို့ထွက်လာ
တဲ့ ဂလုံဂလွမ်အသံတွေရော၊ တစ်ခြားအသံတွေရော၊ သံစုံမြည်နေတာပေါ့၊ သံစုံမြည်နေတဲ့ ဒီလှည်းကြီးရွှာဝင်
လာပြီဆိုရင် ရွှာထဲကခွေးတွေက အဲဒီလှည်းကြီးကို ၀ိုင်းပြီးဟောင်ကြတယ်တဲ့ဗျ၊ ဒီလိုဝိုင်းပြီးဟောင်ကြပေမယ့်
လှည်းကြီးကတော့ သူသွားရမယ့်ဆီ သွားမြဲပါပဲ ---(THE DOGS BARK BUT THE CARAVAN GOES ON)တဲ့၊ ကျွန်တော်လဲ ကျွန်တော်သွားမယ့် ပန်းတိုင်ဆီ သွားမြဲသွားနေတာပါပဲ၊ အများအကျိုး ရှေးရှူလုပ်နေတာဖြစ်ပေ
မယ့် ဒါကိုသဘောမပေါက် နားမလည်သူတွေက ကျွန်တော်ကို ၀ိုင်းပြီး အပြစ်ပြောကြ၊ သရော်ပြောင်လှောင်ကြ၊
အတင်းအဖြင်းချကြနဲ့ ---- နှောင့်ယှက်လိုက်ကြတာ အများကြီးပါ၊ ၀ိုင်းဟောင်ကြတိုင်း လှည်းကြီးက ရပ်ရ
မယ်ဆိုရင် လိုရာအရပ်ကို ဘယ်ရောက်တော့မှာလဲဗျာ၊ သူတို့က၀ိုင်းပြီး သရော်လှောင်ပြောင် အပြစ်ပြောတိုင်း
သာ ကျွန်တော်သွားရမယ့်ခရီး၊ လုပ်ရမယ့်အလုပ်ကို ရပ်ရမယ်ဆိုရင်လည်း ပန်းတိုင်ကိုဘယ်ရောက်တော့မှာလဲ၊
လှည်းကြီးကတော့ သွားမြဲပင် -- ဆိုတာလို ကျွန်တော်လည်းသွားရမယ့် ပန်းတိုင်ဆီကို သွားမြဲပါပဲ ---

          သူ့စကားသံက မာကျောပါသည်။ပြတ်သားပါသည်။သူမှာ အားမာန်အပြည့် ရှိနေပါသည်။

          အထက်ပါပုဂ္ဂိုလ်နှစ်ဦးကို ကျွန်တော်က ကျေးဇူးအထူးတင်ပါသည်။အဘယ့်ကြောင့်ဆိုသော် ထိုသူတို့
နှင့်စာလျှင် ဘာမှမပြောပလောက်သည့်အလုပ်၊ မကြီးကျယ်သည့် အခက်အခဲ အနှောင့်အယှက်ဖြင့် တွေဝေရပ်
တန့်နေသော ကျွန်တော့်ကို ထိုနေ့ကတည်းကစ၍ ရှေ့သို့ ဆက်သွားဖို့ - သွားမြဲသွားနေဖို့ ထိုသူနှစ်ဦး၏
စကားများက လှုံ့ဆော်တိုက်တွန်းလိုက်ရာ ရောက်ခဲ့သောကြောင့်ပါတည်း။


                                                                                                နန္ဒာသိန်းဇံ


****  typing  by  မောင်ကောင်းစည်သူ -- ပဉ္စမတန်း

Sunday, May 13, 2012

လျှောက်


                                            

                                                                 လျှောက် 


          အဲဒီညနေက
          လျှောက်လာခဲ့တယ် ---
          ဧရာဝတီမြစ်နဒီရဲ့ ကမ်းပေါ်က သစ်ပင်တန်းကို ဖြတ်သန်းတိုးဝင်လာတဲ့ လေပြေထဲမှာ တမာနံ့တွေ သင်းပျံ့ပါလာတာကို သတိထားမိပါတယ်။ ပြီးတော့--

          သူပြောတာကိုလည်း အမှတ်ရလာပါတယ်။ သူက ကဗျာပညာရှင် ဆိုတော့ ပြောပုံက---

          ‘ သူ--- ’
          ‘ လျှောက်လာခဲ့တယ် ’ --- တဲ့။
          ကိုယ်ရောစိတ်ရော နွမ်းနွမ်းကြေကြေ နဲ့
          အကျွမ်းမ၀င်တဲ့ ညနေရီမှာ
          နေရောင်ကလဲ စိမ်းနေသလားလို့ထင်ရတယ်၊
          ရှေ့ကိုလှမ်းကြည့်တော့
          ဖြူရော်ရော်လမ်းကလေး ---
          ဘယ်ဘယ်ကွေ့ရာက ညာကိုကောက်နဲ့---
          သြော်--- ဘယ်ကိုများရောက်ပါလိမ့်၊ ရောက်မှာပါလိမ့် --
          လို့တွေးရင်း တွေးရင်း
          ‘ မရေမရာဇဝေဇ၀ါနဲ့ သွားရမည့် ခရီးရဲ့
          မသေချာတဲ့ ဝေဒနာကို ရင်မှာ ခံစားလာရတယ် ’ တဲ့၊
          အဲဒီတုန်းကလဲ သူ့ကို ပြောဖူးပါတယ်၊
          ‘ ဘယ်ရောက်လဲသိအောင် - ဆက်လျှောက် - ’ လို့
          ‘ ဆက်လျှောက်ကြည့်လိုက်ပါလား ’ ၊ --- လို့၊
          ဧရာဝတီရဲ့ သောင်စပ်ကို ဆင်းလျှောက်လာခဲ့တယ် ---


          ကိုယ့်ကို အမြဲလိုလို စီးလိုက်နေတယ်လို့ ထင်ရတဲ့ ဖိနပ်ကို ချွတ်ကိုင်ရင်း လှိုင်းတွေပြန်လှည့်ဆင်းသွား
တဲ့ သဲသောင်စပ်အတိုင်း လျှောက်တယ်။

          နင်းလျှောက်မိတဲ့ သဲကလေးတွေက နူးညံ့ပါတယ် ၊ ညက်ညောပါတယ်။ ပြန်တက်လာတဲ့ လှိုင်းကလေး
တွေနဲ့ ခြေအချနဲ့ ထိတွေ့တော့လဲ အေးမြပါတယ်။

          လှိုင်းကလေးတွေလာပြီး ခက်ပေမယ့် သဲသောင်ယံက ဘာမှဖြစ်ပုံမပေါ်ပါဘူး။ လှိုင်းကလေးတွေ လာခတ်          တာကသိမ်မွေ့နေလို့ ဖြစ်ပါလိမ့်မယ်။

          ‘ ဒါပေမယ့် - သိတယ်ဟုတ်၊ ဘ၀ခရီးတစ်နေရာရာမှာ - ရင်ထဲမှာ သမုဒယလှိုင်းကလေးတွေ ထိခတ်
လာပြီဆိုရင် -- အဲဒီသမုဒယလှိုင်းကလေးတွေက နုနုလှလှ၊ ယုယုယယရှိတယလို့ထင်ရပေမယ့် -- ဘ၀တစ်ခု
လုံး ပြိုဆင်းကြေမွသွားနိုင်တယ် --- ’ ဆိုတဲ့ သူ့စကားကို အမှတ်ရပြန်ပါတယ်။ သူ့ကို ခတ်တဲ့လှိုင်းက သမုဒယလှိုင်း - - -

          တခြားသူတွေကို ခတ်တဲ့လှိုင်းတွေကတော့ အလိုလောဘလှိုင်းတွေ၊ ဒေါသအာဃာတလှိုင်းတွေနဲ့ အမျိုးအမည်ခြားနားတဲ့ လှိုင်းတွေ --- အထိအခတ်ပြင်းတဲ့ လှိုင်းမျိုးတွေ ဖြစ်မှာပေါ့၊ ဖြစ်ချင်ဖြစ်မှာပေါ့၊ ---

          လျှောက်ရင်းလျှောက်ရင်း နောက်ကိုအမှတ်မထင် လှည့်ကြည့်လိုက်မိတယ် ---- ။

          ‘ ထိတ် ’ ခနဲဖြစ်သွားတယ်၊ ရင်ထဲမှာလှိုင်းတွေ တဖျက်ဖျက် ခတ်နေသလို ခံစားလိုက်ရတာတော့
အမှန်ပဲ ---

          လျှောက်နင်းခဲ့တဲ့ ငါ့ခြေရာတွေ တစ်ခုမှမရှိတော့ပါလား၊ လျှောက်ခဲ့တာအဝေးကြီး ---- အဝေးကြီး
လျှောက်လာခဲ့တာ -- ’ ဆိုတဲ့အတွေးနဲ့ ‘ လျှောက်ခဲ့တဲ့ ငါ့ဘ၀ခရီးက အဝေးကြီး၊ ဒီဘ၀ခရီးရှည်ကြီးထဲမှာ
ငါ့အတွက်အမှတ်ထင်ထင်မည်မည်ရရဆိုလို့ ဘာမှလဲမရှိပါလား ’ ဆိုတဲ့အတွေးတွေ ပေါင်းဆုံလိုက်လို့ အထိတ်
တလန့်ဖြစ်သွားခဲ့တာ၊ ရင်ထဲမှာ လှိုင်းတွေခတ်နေသလို ခံစားလိုက်ရတာ --- ဟုတ်ပါတယ်၊ ပြန်လှည့်ပြီးတက်
လာတဲ့ ရေလှိုင်းတွေက - လျှောက်နင်းခဲ့တဲ့ ကိုယ်ခြေရာတွေကို ပျောက်ပျောက်ကုန်အောင် ဖျက်ဖျက်သွားခဲ့ကြ
တာကိုး။

          ဒါပေမယ့် -

          ခြေရာတွေပျက်သွား၊ ပျောက်သွားပေမယ့် လျှောက်တဲ့ အထိတော့ရောက်တာပဲ၊ လျှောက်ရင်တော့ လျှောက်နိုင်သလောက် - ရောက်တာပါဘဲ၊ ဖိနပ်က အခုမှကိုယ့်ကို တကယ်ခိုစီးပြီး ပါလာတာကိုလည်း သတိ
ထားမိတယ်။

          ဒီတစ်ခါတော့ ကိုယ့်ကိုယ်ကိုပြန်ပြီးပြောရတယ်၊ ခြေရာမထင်ခဲ့တာတွေကို ပြန်ကြည့်ပြီး လွမ်းမောရင်း
ရပ်မနေနဲ့၊ တွေဝေမနေနဲ့၊ လျှောက်ရမည့်နေရာဆီကို “ လျှောက် --- ဆက်လျှောက် ’’ လို့။

          ရှေ့ကို လှမ်းကြည့်လိုက်တော့ စွေစောင်းနေတဲ့နေခြည်မှာ ရွှေရည်ဝင်းနေတဲ့ မြသလွန်စေတီကို
မြစ်ကမ်းပေါ်မှာ နှစ်လိုဖွယ်ရာဖူးတွေ့ နေရတာကို အမှတ်ရပါတယ်။

နန္ဒာသိန်းဇံ

    
*****************typing   by*မောင်ကောင်းစည်သူ   -ပဉ္စမတန်း