ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း
Showing posts with label ကြုံရဆုံရ သူတို့ဘဝ. Show all posts
Showing posts with label ကြုံရဆုံရ သူတို့ဘဝ. Show all posts

Saturday, November 9, 2013

EQ နဲ့ IQ (ဒေါက်တာအောင်မျိုး)


 
EQ နဲ့ IQ အကြောင်း ( ဒေါက်တာအောင်မျိုး - ကင်ဆာအထူးကု ဆရာဝန်ကြီး )

ကျနော်တို့ ငယ် ငယ် က I.Q ဆိုတဲ့ ဝေါဟာရ တော်တော် ခေတ်စားတာ မှတ်မိသေးတယ်။ I.Q ဆို တာ Intelligent Quotient ဥာဏ် ရည် ကို တိုင်းတာ တဲ့ အညွှန်းကိန်း ပေါ့။ I.Q မြင့်ရင် ဥာဏ် ကောင်းတယ်ပေါ့ ..စာတော်တဲ့သူ။ ကျောင်းမှာ ထူးချွန်တဲ့သူဆို ရင် I.Q မြင့် တယ်တယ်လို့ ပြောကြတယ်။ လွန် ခဲ့ တဲ့ ၁၀ နှစ်။၁၅ နှစ် လောက် က စပြီး E.Q ဆို တာ ခေတ်စားလာ တယ်။E.Q ဆိုတာ Emotional Quotient ။လွယ်လွယ်ပြောရင် မိမိရဲ့ စိတ် ခံစားမှု ကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်။ တနည်း စိတ် ရင့် ကျက်မှု အညွန်းကိန်းပေါ့။ ဘာလို့ လဲ ဆို တော့ အောင်မြင်တဲ့ သူတွေ ရဲ့  I.Q ရော၊E.Q ရော တိုင်းကြည့် တဲ့ အခါ I.Q မြင့် တဲ့ သူတွေ ထက် E.Q မြင့်တဲ့သူတွေ ဟာ ဘ၀မှာ ပို အောင်မြင် တာ တွေ့ ရတယ်။ ဆို လို တာ က ဘ၀မှာ အောင်မြင် ဖို့ ဆို ရင် ဥာဏ် ကောင်းဖို့ ထက် စိတ် ဓါတ် ရင့် ကျက်၊ခိုင်မာ မှု က ပို အရေး ကြီးတယ် ဆို တဲ့ သဘောပေါ့ ။
လွန် ခဲ တဲ့ တပါတ် က Harvard Business Review စာအုပ် ထဲ က Daniel Goleman ရေးတဲ့ What makes a Leader? (ဘယ်အရာ က ခေါင်းဆောင် ဖြစ်စေသလဲ) ဆို တဲ့ ဆောင်းပါး ဖတ်ရတော့ E.Q အကြောင်းရေးထားတာ တော် တော် သဘောကျတယ်။ သူက E.Q ဆိုတာ ဘာလဲ လို့ ပြော ရုံတင် မကဘူး။ E.Q မြင့်အောင် ဘယ်လို လေ့ကျင့ိ နိုင်တယ် ဆို တာ ပြေပြထားတာ။ အကျဉ်း ချုပ် ကို အောက်မှာ ဖတ်ကြည့်ပါ... “အဖွဲ့ အစည်းတွေမှာ သိပ်တော်တဲ့ခေါင်းဆောင်တွေ နဲ့ သာမန် ခေါင်းဆောင်တွေ ကို ကွဲပြားစေတဲ့အရာ က technical skill အတတ်ပညာ ကျွမ်းကျင်မှု မဟုတ်ပါဘူး..တဲ့။ တကယ်တော့ E.Q လို့ ခေါ်တဲ့  မိမိရဲ့ စိတ် ခံစားမှု ကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်။ တနည်း စိတ် ရင့် ကျက်မှုပါ..တဲ့ ။ E.Q မြင့်တဲ့ ခေါင်းဆောင်တွေ အုပ်ချုပ် တဲ့ အဖွဲ့ အစည်း တစ်ခု ဟာ တနှစ် ကို အောင်မြင်မှု ၂၀% ပို တိုးတက်တာ တွေ့ ရပါတယ်..တဲ့။ E.Q/E.I (Emotional Intelligence) စိတ် ဓါတ် ရင့် ကျက်မှု အညွန်းကိန်းမှာ ပါ တဲ့ ..စွမ်းရည် တွေ ကတော့ .. (၁)Self-awareness; (မိမိ ကိုယ်ကို သိတာ)မိမိရဲ့ အားသာချက်၊ အားနည်းချက်တွေ။မိမိ က အပြောအဆို။အပြုအမူတွေ က သူတပါး အပေါ် ဘယ်လို သက်ရောက်မယ်ဆို တာ ကို သိတာ.. (၂)Self-regulation(မိမိကိုယ် ကို ထိန်းသိမ်းနိုင်တာ) (စိတ်ဆိုး၊စိတ် ညစ်၊ဒေါသ ထွက်စရာ တွေရှိ ရင်) မိမိ ကိုယ် ကို ထိန်း ချုပ် နိုင်တာ။ဒါမှ မဟုတ်.အာရုံပြောင်း နို်င်တာ) (၃)Motivation: စိတ်ပျော်ရွှင်မှု။ စိတ် တက်ကြွ မှု ကို ထိန်းသိမ်းနိုင်တာ. (၄)Empathy: သူတပါးရဲ့ စိတ် ခံစား ချက် ကို နားလည်တာ. (၅)Social skill: အခြားသူတွေ နဲ့ ဆက်ဆံရေးကောင်းမွန်၊ယုံကြည် မှု တည်ဆောက်ပြီး ကိုယ် လို ချင်တဲ့ ပန်းတိုင်ကို ဦးဆောင်နိုင်တာ ပါ ..တဲ့။ ကျနော် တို့ အားလုံးမှာ..အဲဒီ စွမ်းရည် ၅ ခု က မွေး ကတဲ က ရှိ ကြပါတယ်..တဲ့။အချို့ စွမ်းရည် တွေမှာ အားနည်း နေတာ၊အချို့ စွမ်း ရည် တွေမှာ မြင့်နေတာ တော့ ရှိ တတ်ပါတယ်..တဲ့။ အဲ ဒီ စွမ်းရည် တွေ ကို ပိုမို အားကောင်းအောင် လေ့ကျင့် လို့ ရပါတယ်။ လေ့ကျင့် ဖို့ နည်းတွေ ကတော့ ...ဇွဲ ရှိရှိ နဲ့ လေ့ကျင့်တာ၊ မိတ်ဆွေတွေ၊လေ့ကျင့်ပေးတဲ့ ဆရာ တွေ ဆီက ဝေဖန်၊အကြံပေးမှု တွေ တွေ တောင်းခံတာပါ ပဲ..တဲ့။ “
ကျနော် ကိုယ့် ကို ကိုယ် ဆန်းစစ်တဲ့ နည်း ကတော့ စွမ်း ရည်တစ်ခု မှာ အမှတ်ပြည့် က ၁၀၀ ဆိုရင် ငါ ဘယ်လောက်ရမလဲ စဉ်းစားကြည့် တာ။ နံပါတ်(၁) စွမ်းရည် မှာ အမှတ် ၄၀ လောက် ပဲ ရနိုင်တယ်ထင်တယ်။ နံပါတ်(၂) ကျတော့ အမှတ် ၃၀ လောက်ပဲရှိမယ်။ အမှတ် (၄) စွမ်းရည် ကတော့ မဆိုးဘူး။ အမှတ် ၇၀ ထိ ပေးကြည့် ထားတယ်။ အမှတ် (၃)နဲ့ (၅) ကတော့  ၅၀ ကျော်၊၆၀ လောက်ရှိ မလားမသိဘူး။ ကျနော်ကတော့ ကိုယ့်မှာ အားနည်း နေတဲ့ ပထမ ၂ ခု self-awareness နဲ့ self-regulation ကို လေ့ကျင့်နေတယ်။ တော်တော် အကျိုး ရှိတယ်ဗျ။ မိတ်ဆွေ တွေ၊သူငယ်ချင်းတွေလဲ ဘယ်ဟာတွေ လေ့ကျင့် ကြမလဲ။ E.Q ကောင်းအောင်...... **************************************************************** ကျနော် E.Q အကြောင်း ရေးတဲ့ စာ ပေါ်မှာ comment တစ်ခုရေးထားတာ ဖတ် ရတယ်။ ဘာရေးထားသလဲ ဆိုတော့ ..” သဘောကတော့ E.Q ပဲကျင့်လို့ ရတယ်။ I.Qနိမ့်ရင်တော့ ဘာမှလုပ်လို့ မရဘူးပေါ့နော်”..တဲ့ ။ စိတ်ဝင်စားစရာ ကောင်းတဲ့  comment လေးဗျ ။ သူပြောမှ I.Q အကြောင်း ဆက်တွေး မိ လို့ ရေးထားတာပါ... ကျနော်တို့ က I.Q လို့ ဆို ရင် ကျောင်းမှာ စာတော်တာ၊ကျောင်းသင် ဘာသာရပ် မှာ ထူးချွန်တာ နဲ့ ပဲ ဆက်စပ်တွေးလေ့ရှိကြတယ်။ I.Q ကောင်းတဲ့ သူလို့ ပြော လို က် ရင် ကျနော် စမြင်တဲ့ သူက အိုင်းစတိုင်း ပေါ့။ ဥာဏ် ကြီးရှင် ကြီးပေါ့ ။ ဘောလုံး မှာ အင်မတန် ထူးချွန် တဲ့ပီလီ တို့ ၊အခု ခေတ် ဆို မက်ဆီ တို့ ။ ဂီတ မှာ ကမ္ဘာကျော်တဲ့  မိုက်ကယ်ဂျက်ဆင်တို့ ၊ မက်ဒေါနားတို့  ကို I.Q နဲ့ ဆက်စပ်ပြီး မတွေးဖြစ်ဘူး။ တကယ်တော့ သူတို့ လဲ I.Q မြင့့်  တဲ့သူတွေပဲ။ ဘာလို့ လဲ ဆိုတော့  Intelligence ဥာဏ်ကောင်းတယ်၊တနည်း စွမ်းဆောင်ရည် ကောင်းတယ် ဆို တာ ခွဲ ခြမ်း စိတ် ဖြာနိုင်တဲ့ ဥာဏ် စွမ်းရည်(Analytical Intelligence) တခု ထဲ မဟုတ်ဘူးတဲ့။ Intelligence ဥာဏ် စွမ်းရည် မှာ အနဲ ဆုံး ၇ မျိုးလောက်တောင် ရှိသတဲ့။ ဆရာ ကို တာ ရေးတဲ့  “ဖြန့် ထွက်တွေး ခြင်း နဲ့ အခြားစာတန်း များ “ စာအုပ် ထဲ က Howard Gardner ရဲ့ Theory of multiple Intelligence ကို ကိုးကားပြီး ရေးထား တဲ့ စာပုဒ် ကို ဖတ် ကြည့် စေချင်တယ်..
“ဟိုးဝဒ်ဂါဒနာ ဟူသော ဟားဘတ် ပညာကျောင်းမှ ပါမောက္ခ ကြီးက တိုင်းတာ လို့ ရသော ဥာဏ် စွမ်းရည် (၇) မျိုး ရှိသည်ဟု ပြောကြားကြောင်း၊ထို ခုနှစ်မျိုးမှာ...... ၁။ပထမ တစ်မျိုးမှာ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရည် (Analytical Intelligence) ဖြစ်ပြီး စာမေးပွဲများ၊အိုင်ကျူများနှုင့် တိုင်းတာကြောင်း။ ၂။ဒုတိယ တစ်မျိုးမှာ ပုံဖော်နိုင်စွမ်းရည် (Pattern Intelligence) ဖြစ်ပြီး အရာဝထ္တုများ၏ သဏ္ဍန်ကိုသိခြင်း၊ပုံသဏ္ဍန်ကို တီထွင်နိုင်ခြင်းများဖြစ်ကြောင်း။ သချာင်္ပညာရှင်များ၊ ကွန်ပျုတာပရိုဂရမ်များ၊အနုပညာရှင်များ ရှိသော စွမ်းရည်မျိုးဖြစ်ကြောင်း။သူတို့မှာ ပုံဖော်စွမ်းအင်၌ စွမ်းရည်မြင့်မားလှသော်လည်း သာမန်အတန်းတင် စာမေးပွဲများ၌ ကျနိုင်ကြောင်း၊ ၃။တတိယ တစ်မျိုးမှာ ကာယစွမ်းရည် (physical intelligence) ဖြစ်ပြီး ဘောလုံးသမားများ ၊ရေကုးသမားများ၊ဂေါက်သမားတို့တွင် ရှိတတ်၍ သူတို့တွင် အခြားစွမ်းရည် ရှိချင်မှ ရှိမှာ ဖြစ်ကြောင်း။ ၄။ (Musical intelligence)-ဂီတ အနုပညာစွမ်းရည်.. ၅။ပဉ္စမ တစ်မျိုးမှာ လက်တွေ့စွမ်းရည် (Practical Intelligence) ဖြစ်ပြီး တီဗွီတစ်လုံးကို လမ်းညွှန်လွှာ မပါပဲ ဖြုတ်၍ ပြန်တပ်နိုင်သော စွမ်းရည်တစ်မျိုး ဖြစ်ကြောင်း၊ အစိတ်အပိုင်းနာမည်ကို ခေါ်တတ်ချင်မှ ခေါ်တတ်မှာ ဖြစ်ကြောင်း။ ၆။ဆဌမ တစ်မျိုးမှာ ခံစားသိနိုင်စွမ်းရည် (Intrapersonal Intelligence) ဖြစ်ပြီး ငြိမ်ငြိမ် သက်သက် နေတတ်၊မျှဝေခံစားတတ်၍ ကဗျာဆရာများ၊အတိုင်ပင်ခံ (Counsellors) များ ဖြစ်လာတတ်ကြောင်း။ ၇။သတ္တမ တစ်မျိုးမှာ သဟာယ စွမ်းရည် (Interpersonal Intelligence) ဖြစ်ပြီး အများနှင့်လုပ်တတ်၊နေတတ်၊ကိစ္စပြီးမြောက်အောင် ဆောင်ရွက်တတ်သော မန်နေဂျာများတွင် ရှိရမည့် စွမ်းရည်မျိုးဖြစ်ကြောင်း။”
ဆရာ ကိုတာ ရဲ့ စာအုပ်ထဲမှာ ပဲ ဆက်ရေးထားတာ က..” ချားလ်စ်ဟန်ဒီ က ၂၁ ရာစုမှာ ကျောင်းသားတွေ ရဲ့ စွမ်းရည် ကို ခွဲခြမ်း နိုင်တဲ့ စွမ်းရည် (Analytical Intelligence) တစ်ခု ထဲ (စာမေးပွဲ တစ်ခု တည်း) နဲ့  ဆန်ကာချ နေတဲ့ ကိစ္စ ကတော့  တယ် မနိပ်လှ ဘူး ဟု ပြောပါ သည် “ တဲ့ ။
အဲဒီ စာကနေ ကျနော် ဆက် တွေး ကြည့် မိတယ်။ ...ကို စိုးသူတို့ ၊ ဖြူဖြူကျော်သိန်း တို့ ၊ ဆရာမ ဂျူး ၊ဆရာ ဖေမြင့်တို့ ဆရာ ၀န် တွေ ပေမယ့် သူတို့ ရဲ့ Intelligence က အနုပညာ ဖန်တီး တဲ့ ဘက်မှာ အားသန်တော့  အဲဒီ ဘက်မှာ မြှုတ်နှံ လုပ်ကြတော့ နိုင်ငံကျော် အနုပညာရှင် တွေ။စာပေ ပညာရှင် တွေ အဖြစ် အောင်မြင် ထူးချွန် နေကြတာ နေ မှာ ..လို့ ။ ဆရာ မောင်စိန်ဝင်း(ပုတီကုန်း)၊ ဆရာ အော်ပီကျယ်တို့  ဆို ရင် အင်ဂျင်နီယာတွေပါပဲ။ သူတို အား သန် တဲ့  စွမ်းဆောင် ရည် Intelligence ကို ရှာတွေ့  ပြီး အဲဒါကို ဖွံ့ ဖြိုး အောင် လုပ်ခဲ့ ကြလို့ သာ အောင် မြင် ကြတာ..လို့ ။
တကယ် တော့ ကျနော် တို့ မှာ မွေး ကထဲ က ကိုယ်အားသန်တဲ့ Intelligence ဥာဏ် စွမ်းဆောင်ရည် လို့ ခေါ်တဲ့  ” ဇ “လေးတွေ ပါလာပုံ ရတယ်။ ကိုယ်ရဲ့ Intelligence က ဘာလဲ ဆို တာ မြင်အောင် ကြည့် ပြီး ဖွံ့ ဖြိုး အောင် လေ့ကျင့် နိုင် ရင် ထူးချွန် အောင်မြင်သူတွေ ဖြစ် လာမှာပဲ။ ကျနော့ မိတ်ဆွေ၊သူငယ်ချင်းတို့ ရော ..ဥာဏ်စွမ်းရည် (၇) မျိုး ထဲက ကိုယ်ရဲ့ တကယ့် စွမ်း ရည် ဟာ ဘယ်ဟာဖြစ် မယ်ထင်သလဲ။ ကိုယ့် ညီ၊ညီမတွေ။ သား၊သမီးတွေ မှာလဲ သူတို့ ရဲ့  Intelligence က ဘာဖြစ်မယ်ထင် သလဲ။ အဲဒီ Intelligence ကို ဖွံ့ ဖြိုး အောင် လုပ် ပေး ဖို့  က ထူးချွန် အောင် မြင် ဖို့ အတွက် အရေးကြီးတယ် မဟုတ်လား ဗျာ...
ဒေါက်တာ အောင်မျိုး

ကျွန်ုပ်နှင့် တရားစီရင်ရေး(၁) By နတ်ဆြာ



ကျွန်ုပ်နှင့် ဈေးကွက်တရားစီရင်ရေး (၁)
===================

တရံရောအခါကဖြစ်ပါတယ်။ ........

ကြက်ဆူပင်ကောင်းကောင်းမစိုက်တဲ့ အပြစ်။ ခွဲတန်း ဟုခေါ်တွင်သော ဂါရဝကြေးများ အလွန်များပြားကြောင်း ကွန်ပလိန့် တက်မိတဲ့ အပြစ်။ တရားရုံးတွင် ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းထားသော မော်တော်ယာဉ်တစ်စီးအား ခယက ဥက္ကဌ ၏ သမီးဖြစ်သူ ကျောင်းကြို၊ ပို့ ကိစ္စတွင် အသုံးပြုရန်ငြင်းဆန်မိတဲ့ အပြစ်။ စတဲ့ အပြစ်များကို ကျူးလွန်မိခဲ့သည့်အတွက် ကျွန်ုပ် နတ်ဆြာ ဟာ ဝေးလံခေါင်းပါးလို့ အမည်ရတဲ့ မြိုလေးတစ်မြို့ကို ပြောင်းရွှေ့တာဝန်ထမ်းခဲ့ရဖူးပါတယ်။ ...

မြို့လေးက ပင်လယ်ရေမျက်နှာပြင်ထက် ပေ လေးထောင်ကျော်အမြင့်မှာပါ။ ....

မြို့တစ်မြို့ကို ပြောင်းရပြီးဆိုရင် တရားရေးဝန်ထမ်းတွေ အရင်ဦးဆုံး ကြုံတွေ့ရတဲ့ အခက်အခဲက နေစရာအိမ်ပါ။ ....

ကျွန်တော့အရင် တာဝန်ထမ်းတဲ့ တရားသူကြီးအဆက်ဆက်တုန်းကတော့ မြို့နယ် ထွေအုပ်က ရုံးအကူအတွက် ချထားပေးတဲ့ ထွေအုပ်ဌာနပိုင်အိမ်မှာ အဲဒိရုံးအကူဆီက တဆင့် ပြန်ငှားပြီး နေကြတယ်။ ....

ကျွန်တော့အလှည့်ရောက်တော့ အဲဒိရုံးအကူက သူ့သားမိန်းမရနေပြီတဲ့.... သားလင်မယားကို ထားမှာဖြစ်လို့ ဒီအိမ်ကို ဆက်မငှားနိုင်တော့ဘူးတဲ့ ....

ဒါနဲ့ပဲ ဒုရဲအုပ်တစ်ယောက် အကူအညီတောင်းပြီး သူ့ဆိုင်ကယ်လေးနဲ့ မြို့ထဲပတ်ပြီး ကျောတစ်ခင်းစာ ရှာရတာပေါ့ ...

ဝေးလံခေါင်းပါးဆိုတာ မြို့ကသာ ပေါက်စလေး .. အိမ်ငှားခက ခေါင်ခိုက်နေတာ...

အခုခေတ်လိုမျိုး သံမတကြီးဆီက ထောက်ပံ့ကြေးမရတဲ့ကာလ... ခတ်သင့်သင့် အိမ်တစ်လုံးကို တစ်လ ငါးသောင်းလောက်တောင်းတယ် ....ပြီးတော့ .... နှစ်ချုပ်နဲ့မှ ငှားမယ်ဆိုပဲ။ ...
နိုင်ငံတော်က ပေးတဲ့လစာနှုံးကလည်း သိတဲ့အတိုင်းပဲလေ ဒီတရားသူကြီးက ဘယ်ငှားနိုင်မှာလဲဗျာ ..

နောက်ဆုံးတော့ တစ်လတစ်သောင်းခွဲနဲ့ လချင်းရှင်း လိုင်းခန်းလေး တစ်ခန်းရလိုက်တယ်။ ....
လိုင်းခန်းလို့သာပြောရတာပါ တကယ်တော့ မဆလ ခေတ်က မှောင်ခိုပစ္စည်းတွေ ဖမ်းမိရင် လောင်ထားတဲ့ သွပ်မိုး၊ သွပ်ကာ၊ ဂိုဒေါင်ဟောင်းကြီး အခုတော့ သမဝါယာမပိုင်ပေါ့။ အဲဒါကို ကို (၁၀)ပေ × (၁၅)ပေ အခန်းလေး ၆ ခန်းဖွဲ့ပြီး မြို့နယ် သမဝါယမ ရန်ပုံငွေရအောင် ဒီဘက်ခေတ်မှာ ပြန်အငှားချထားတာ ...

မြို့နယ် သမဝါယာမ ဦးစီးမှူး ဖြစ်တဲ့ အငြိမ်းစားဗိုလ်ကြီးက .... တရားသူကြီး ခင်ဗျားကံကောင်းတယ်ဗျတဲ့ .... ကျွန်တော်တခါတလေ တပည့်တွေနဲ့ လွတ်လွတ်လပ်လပ် သောက်ရအောင်ဆိုပြီး ခေါင်းရင်းခန်းကို လွှတ်ထားတာ အဲဒိအခန်း ခင်ဗျားနေလိုက် တဲ့ ....

ဒီလိုနဲ့ပဲ အခန်း (၆) ခန်းထဲမှာ အသားနားဆုံးဖြစ်တဲ့ ခေါင်းရင်းခန်းလေးကို မြို့နယ်တရားသူကြီး ဖြစ်တဲ့ ကျွန်တော် ရခဲ့တာပေါ့။ ....

အခန်းနားနီချင်းတွေအကြောင်း ပြောရဦးမယ် ...
ကျွန်တော်နဲ့ အခန်းချင်းကပ်လျှက်က ရေစည်မြင်းလှည်းမောင်းတဲ့ ဂေါ်ရခါး အဖိုးကြီး၊ အဖွားကြီး လင်မယား။ ပါးရည်တွေရှုံ့တွနေတဲ့ အဘိုးအိုလင်မယားနဲ့ မြင်းအိုကြီးတစ်ကောင်။ သားလုပ်တဲ့သူကို သူပုန်က တပ်သားစုဆောင်းဖို့ခေါ်သွားတယ်တဲ့။ သမီးလုပ်တဲ့လူက စစ်တပ်ကခေါ်လို့ လမ်းပြလိုက်လုပ်ရင်း တိုက်ပွဲဖြစ်တော့ သေနပ်မှန်သေသွားတယ်ဆိုပဲ။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကပေါ့။ ......

သူတို့နဲ့ ကပ်လျှက်အခန်းက အဖျက်သမားတစ်ယောက်။ အဖျက်သမားဆိုတာ ကျွန်တော့ဖာသာ နာမည်ပေးထားတာ ။ သူလုပ်တဲ့အလုပ်က ဝက်တို့၊ အမဲတို့ ပေါ်ဖို့ရှိရင် ပိုက်ဆံယူပြီး သွားဖျက်ပေးတယ်။ ဈေးထဲမှာ အခစားနဲ့ လိုက်ပြီး ကြက်လည်လှီးတယ် .... ။ သူက လူအေးဗျ (တရားသူကြီးလူအေးနှင့်မဆိုင်ပါ) ... တနေကုန် အိမ်သိပ်မကပ်ဘူး။ ညနေ စောင်းလောက်မှ ခတ်ထွေထွေလေးနဲ့ အိမ်ပြန်လာတတ်တယ်။

သူနဲကပ်လျှက်က အခန်းအလွတ် ပြောင်းဖူးပေါ်ချိန်ဆိုရင် အဲဒိအခန်းလွတ်မှာ ပြောင်းအိပ်တွေ ခဏလှောင်ထားလေ့ရှိတယ်တဲ့။ ...

ကျန်တဲ့နှစ်ခန်းမှာနေတာက မိသားစုအကြီးကြီး တစ်စု။ အားလုံးပေါင်း လူ ၁၀ ယောက်လောက်ရှိတယ်။ ကလေးငယ်လေးတွေကလည်း အရွယ်စုံ ... သူတို့က ပုံသေအလုပ်အကိုင်ရယ်လို့ သိပ်မရှိလှဘူး။ .... သူများယာတွေမှာ လူငှားလိုက်တဲ့လူလိုက်တယ်။ တောထဲ၊ တောင်ထဲ လျှောက်သွားပြီး ပျားဖွတ်၊ ယုံလိုက်၊ မှိုနှုတ်၊ မျှစ်ချိုးပြီး ဈေးထဲမှာ ပြန်ရောင်းတဲ့လူရောင်းတယ်။ .... ကလေးတွေက အမှိုက်ပုံထဲက သံဗူးခွန်၊ ပုလင်းခွန်တွေ ကို ဆာလာအိတ်တွေနဲ့ ကောက်ကောက်လာတတ်တယ် ပြီးရင်အိမ်ရှေ့မှာ ပြန်ပြန်သန့်ပြီး မြို့ထဲက ပုလင်းကုလားဆီမှာ သွားသွား ရောင်းကြတယ်။ .. တမိသားစုလုံး တက်ညီ လက်ညီတော့ ရှိသား။

.... ဒါပေမဲ့ စိတ်ပျက်စရာကောင်းတာတစ်ခုက အဲဒိမိသားစုက တစ်ပတ်ကို နှစ်ကြိမ်လောက် အမြဲတန်း ရန်ဖြစ်တယ်။ သူတို့ရန်ဖြစ်ပြီးဆိုရင် အော်ကြ၊ ဟစ်ကြ၊ ဆဲကြ၊ ဆိုကြ၊ ငိုကြ၊ ယိုကြ နဲ့ကာ ... သွပ်မိုး သွပ်ကာ ဂိုတောင်အိုကြီးဆို ဆိုက်ကလုန်းဝင်မွှေသလား အောက်မေ့ရပါတယ်။ ...
နောက်တော့ ... ပြီးတော့တဲ့ပြီးသွားတာပါပဲ။ ....

ဒီလိုနဲ့ နတ်ဆြာတစ်ယောက် နိုင်ငံတော်က ပေးအပ်တဲ့ တရားစီရင်ရေးတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ဖို့ ကျောတစ်ခင်းစာ နေရာလေးရသွားလေ၏ ပေါ့ဗျာ ...
............
............
............
ဆက်ရန်ရှိသေးသည်။
နောက်အပိုင်းတွေမှာ ဒီထက်ပိုစိတ်ဝင်စားစရာကောင်းတဲ့အတွေ့အကြုံလေးတွေ ရေးပါဦးမယ်။