ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း
Showing posts with label ဝတ္ထုတို. Show all posts
Showing posts with label ဝတ္ထုတို. Show all posts

Monday, January 20, 2014

စိတ်နယ်လွန်


အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ" သန်းခေါင်ယံ ည(၁၂)နာရီတွင် အင်တာနက်ပေါ်သို့ သူတက်အလာကို စောင့်နေတတ်သည်မှာ ကျွန်မအတွက် အကျင့်တစ်ခုလို ဖြစ်နေသည်။ အခန်းထဲတွင် မီးများကို ပိတ်ပြီး ကျွန်မတစ်ယောက်တည်း ထိုင်နေမိသည်။ ကွန်ပျူတာ screen ပေါ်မှ ဖြာကျလာသော ပြာလဲ့လဲ့ မီးရောင်မှလွဲ၍ အခန်းတစ်ခုလုံး မှောင်အတိကျနေသည်။ သူ၏ screen name မှာ (midnight)ဖြစ်ပြီး သန်းခေါင်ယံည(၁၂)နာရီတိတိတွင် online ပေါ်သို့ တက်လာတတ်သည်။ ကျွန်မမှာ ညတွင်မအိပ်ဘဲ အင်တာနက်ပေါ်တွင် ခြေဆန့်နေတတ်သော ဇီးကွက်တစ်ကောင်ဖြစ်သည်။ ပထမဆုံးအကြိမ် ကျွန်မဆီပို့သော သူ၏ message မှာ ထိုစာကြောင်းလေးဖြစ်သည်။ "အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ" ထိုစာကြောင်းကို ဖတ်ပြီး ကျွန်မစိတ်ဝင်စားသွားမိသည်။ ကျွန်မလည်း ဘာလုပ်ရမှန်းမသိ ပျင်းနေသည့် အချိန်မို့ စာတစ်ကြောင်းရိုက်ပြီး ပို့လိုက်မိသည်။ ကျွန်မပို့သော စာကိုဖတ်ပြီး သူပေါက်ကရထပ်ပြောတော့မည် မဟုတ်ဟု ကျွန်မတွေးမိသည်။ "ကိုယ့်ကိုယ်ဒီလောက်မုန်းနေရင် သွားသေလိုက်ပါလား" သို့သော် တစ်မိနစ်မျှပင် မကြာလိုက်.... "ဟုတ်တယ်.. ကျွန်တော်က အခုသရဲလေ" "ဟား....သရဲဖြစ်ရတာပျော်လား" "ကျွန်တော် မပျော်ပါဘူး။ ကိုယ့်ကိုအဆုံးစီရင်မိတဲ့အတွက် ကျွန်တော်မကျွတ်ဘူး" "ဟား...ဟား.. အချစ်အတွက်ကြောင့်လား" ဒီလိုနှင့် စာတွေ အပြန်အလှန်ပို့ကြရင်း သူနှင့် ကျွန်မ online သူငယ်ချင်း ဖြစ်သွားကြသည်။ သူသည် သူ့ကိုယ်သူ တစ္ဆေတစ်ကောင်အဖြင့် သတ်မှတ်ထားသော ယောကျာ်းလေးတစ်ယောက် ဖြစ်သည်။ သူသည် ညတိုင်း သန်းခေါင်ယံအချိန်တွင် တိကျစွာonline ပေါ်သို့ ရောက်လာတတ်သည်။ ထိုအပြုအမှုများကြောင့် သူ့ကို အံ့သြထိန့်လန့်စွာ ကျွန်မပိုစိတ်ဝင်စားမိသည်။ တစ္ဆေသရဲ အင်တာနက် သုံးပါ့မလား... ဒါဟာ တိုက်ဆိုင်တဲ့ နောင်ပြောင်မှု တစ်ခုပဲဖြစ်မည်ဟု ကျွန်မ ဖြေသိမ့်မိသည်။ သူသည် အရင်ကတည်းက ကျွန်မ၏ရုပ်ရည်ကို မြင်ဖူးထားသည့်အလား ဘယ်တော့မှ ကျွန်မ၏ ပုံပန်းသဏ္ဍာန်ကို မမေးဖူးခဲ့။ တစ်ခါတရံ သူသည် ကျွန်မဘေးတွင်ရှိနေခဲ့ပြီး ကျွန်မကို ထိုင်ကြည့်နေသည်ဟု ခြောက်တတ်သေးသည်။ "ကျွန်မ အခုဘာလုပ်နေလဲ" တစ်ခါတရံ နောက်ပြောင်ပြီး သူ့ကို ကျွန်မမေးဖူးသည်။ ခဏမျှ သူနှုတ်ဆိတ် နေတတ်ပြီး... "တော်ပါပြီ... ကျွန်တော်မပြောချင်ဘူး.. ပြောလိုက်ရင် လန့်သွားဦးမယ်" "ကော်ဖီတွေ သိပ်မသောက်နဲ့လေ" "ပုံဆိုးပန်းဆိုး ထိုင်မနေနဲ့လေ" တစ်ခါတရံ ကျွန်မ မျှော်လင့်မထားသော စကားများကို သူပြောတတ်သည်။ ထိုစာရသော အချိန်တွင် တိုက်ဆိုင်စွာ ကျွန်မမှာ ကော်ဖီသောက်နေသည့်အချိန် (သို့) ထိုင်ခုံပေါ်တွင် ခြေအစုံကို စုတင်ပြီး ငုတ်တုတ်ထိုင်ကာ ကျွန်ပျူတာကို စိုက်ကြည့်နေသည့် အချိန်ဖြစ်သည်။ ကျွန်မနှင့် chatting လုပ်နေသော အချိန်များတွင် သူ့ဘ၀နောက်ကြောင်းကို ပြောပြတတ်သည်။ သူသည် အသက်(၂၃)နှစ်ဖြစ်ပြီး chat room ထဲမှ မေ"ဟုခေါ်သော မိန်းကလေးတစ်ယောက်ကို အစွဲအလမ်းကြီးစွာ ချစ်မိခဲ့ကြောင်း၊ မေ"ကြောင့် သူ့ကိုယ်သူ အဆုံးစီရင်မိကြောင်း၊ အင်တာနက်ကို ပထမဦးဆုံး ထိတွေ့မိသည့် သူ့အဖို့ chatting ဟုခေါ်သော အင်တာနက် စကားဝိုင်း၏ လှည့်စားမှုကို နားမလည်ခဲ့ကြောင်း၊ မေ"၏ဖော်ရွေသော အပြောအဆိုများပေါ်တွင် သူသာယာမိကြောင်း ကျွန်မကို ပြောပြတတ်သည်။ အင်တာနက်တွက် ဆရာတစ်ဆူလို ဖြစ်နေသော မေ"မှာ သူ မသိနားမလည်သည်များကို သင်ပြတတ်သည်။ မေ"၏ နွေးထွေးသော အပြောများကြောင့် chatroomထဲ သူအမြဲဝင်ဖြစ်ခဲ့သည်။ chatroom ထဲဝင်တိုင်း မေ"မှလွဲ၍ မည်သူနှင့်မျှ သူစကားမပြောပေ။ "ကျွန်တော် မေ့ကို ချစ်တယ်.... ကျွန်တော်ရဲ့ အင်တာနက်ချစ်သူ လုပ်နိုင်မလား" "အင်တာနက် ချစ်သူအတွက် ဘာကောင်းကျိုးရှိလဲ" "ကျွန်တော့်မှာ မေကိုပေးဖို့အတွက် အချစ်တွေ အပြည့်ရှိပါတယ်" "အချစ်... အဟား... မေမှာ ပေါလွန်းလို့ကွယ်" "ဒါဆို မေလိုချင်တာ ကျွန်တော်အကုန်ပေးမယ်" "အသက် ယူမယ်ဆိုရင် ပေးနိုင်မလား" "ကောင်းပြီလေ" မေ"၏အချစ်ကို ရဖို့အတွက် အရာရာကို သူစွန့်လွတ်ရဲခဲ့သည်။ မေ"၏ စကားလုံး ချိုချိုလေးများကြား သူမိန်းမော သာယာနေခဲ့မိသည်။ ကြာတော့ အင်တာနက်ထဲတွင် ပြောရသည်ကို သူ အားမရတော့။ မေ"ကို အပြင်လောကတွင် သူတွေ့ချင်လာသည်။ လူကိုယ်တိုင်တွေ့ပြီး မေ"ကို ပွေ့ဖက်နမ်းရှုပ်ချင်မိသည်။ မေ" ကိုအပြင်တွင် တွေ့ရန်၊ ဖုန်းဆက်ခွင့် ပေးရန် သူတောင်းဆိုမိသည်။ မေ"က တောင်းဆိုမှုတွေ များလွန်းနေပြီဖြစ်ကြောင်း၊ တွေ့ခွင့်မပေးနိုင်ကြောင်း အပြင်းအထန် ငြင်းဆန်ခဲ့သည်။ နောက်ပိုင်းတွင် သူ့အပေါ် မေ"၏ဆက်ဆံမှုများက အေးစက်လာခဲ့သည်။ မေ"ပို့လာသော စာကြောင်းများကို ဖတ်ခြင်းဖြင့် သူ့အပေါ်တွင် မေ"စိတ်ကုန်လာပြီဖြစ်ကြောင်း သိသာနေသည်။ ညတိုင်း သန်းခေါင်ယံအချိန်တွင် သူသည် အချိန်တိကျစွာ onlineပေါ်သို့ ရောက်လာပြီး သူနှင့်မေ"၏ ပုံပြင်ကို ကျွန်မအား ပြောပြတတ်သည်။ တစ်ခါတရံ သူ၏လုပ်ရပ်များကို ကျွန်မ မထောက်ခံမိသော်လည်း ညတိုင်း online တက်ပြီး သူပြောသော ပုံပြင်ကို နားထောင်သည့်အလုပ်မှာ ကျွန်မအတွက် မလုပ်မဖြစ် အလုပ်တစ်ခု ဖြစ်လာခဲ့သည်။ "ဘာဖြစ်လို့ မီးမဖွင့်တာလဲ... အလင်းပြန်နေတာ မျက်စိပျက်မယ်နော်" "ဘာပြောချင်တာလဲ.. ကျွန်မကို ထိုင်ကြည့်နေပြန်ပြီလို့ ခြောက်လှန့်ချင်တာလား" "ကျွန်တော် တကယ်ထိုင်ကြည့်နေတယ်လေ... ဘာလဲ မယုံသေးဘူးလား" ကျွန်မ ဘာပြန်ပြောရမှန်း မသိတော့။ တစ်ခါတလေ ကျွန်မကိုယ်တိုင်ပင် အနားတွင် သူရှိနေသည်ဟု ယုံမှား သံသယ၀င်မိတတ်သည်။ ၀ိညာဉ်၏ သံလိုက်ဓာတ်နှင့် အင်တာနက်၏ သံလိုက်လှိုင်းများ တစ်ခါတရံ ဆွဲငင်တတ်သည်ဟု သူငယ်ချင်းများက ပြောဖူးသော်လည်း ကျွန်မ အယုံအကြည် မရှိခဲ့။ ထူးဆန်းသည်မှာ သူ့ကို ကျွန်မနည်းနည်းမှ ကြောက်မနေခြင်းပင်ဖြစ်သည်။ "ခင်ဗျားက ထူးခြားတယ်" "ဘာဖြစ်လို့လဲ" "ခင်ဗျား ကျွန်တော့်ကို မကြောက်လို့ ကျွန်တော်က သရဲဆိုတာ တကယ်မယုံလို့လား" "ကျွန်မ တစ္ဆေသရဲတွေ အယုံအကြည် မရှိဘူး" သူပြောသမျှကို နားထောင်ပြီး မနက်မိုးလင်းမှ ကျွန်မအိပ်ယာဝင်ဖြစ်သည်။ မနက်ပိုင်းတွင် နေမြင့်မှ ထတတ်သော အကျင့်ကြောင့် ကျွန်မ၏ အတန်းချိန်များကို ညနေပိုင်းတွင်သာ ရွေးထားသည်။ ဒီနေ့အတန်းဆင်းချိန်တွင် ကျွန်မခေါင်းတွေ လေးလံပြီး ကိုယ်လက်မအီမသာ ဖြစ်နေသည်။ အိမ်အရောက် ဆေးသောက်ပြီး midnight online ပေါ်သို့ တက်လာချိန်မှ ထတော့မည်ဟု စိတ်ကူးနှင့် ကျွန်မအိပ်လိုက်သည်။ အိပ်ပျော်ပြီး သိပ်မကြာလိုက် စိတ်ထဲတွင် တကယ့်အဖြစ်လိုလို အိပ်မက်လိုလို ယောက်ျားလေးတစ်ယောက် ကျွန်မအခန်းထဲသို့ ၀င်လာသည်ဟု ခံစားမိသည်။ ကျွန်မထထိုင်ဖို့ ကြိုးစားသော်လည်း ဘယ်လိုမှ ထမရခဲ့။ ထိုယောက်ျားလေးမှာ အပြာနုရောင် ည၀တ်အင်္ကျီကို ၀တ်ဆင်ထားသည်။ ရုပ်ရည်မှာ သန့်ပြန့်နေသော်လည်း မျက်နှာမှာ သွေးဆုတ်ပြီး ဖြူရော်နေသည်။ အကြည့်မှာ နူးညံ့သိမ်မွေ့သည်။ ကျွန်မ ကုတင်နားသို့ ချည်းကပ်လာပြီး ကျွန်မ၏ဆံပင်များကို ပွတ်သပ်နေသည်။ ထို့နောက် ကျွန်မမျက်နှာကို ညင်သာစွာ ပတ်သပ်ပေးပြီး "ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ" ဟုပြောပြီး ပျောက်ကွယ်သွားသည်။ ကျွန်မမျက်စိကို အားယူဖွင့်လိုက်မိသည်။ နာရီကို ကြည့်လိုက်တော့ ည ၁၂နာရီ ၁၀မိနစ်။ ကျွန်မ ကုတင်ပေါ်မှ ခုန်ဆင်းပြီး ကွန်ပျူတာကို အလျှင်အမြန်ဖွင့်လိုက်သည်။ လိုင်းချိတ်နေချိန်တွင် ထိုအဖြစ်အပျက်မှာ တကယ်လား၊ အိပ်မက်လား ဆိုသည်ကို ကျွန်မ တွေးနေမိသည်။ အိပ်မက်ဖြစ်သည်ထားဦး.. ဘာကြောင့် ထိုလူ့ ရုပ်ရှည်ကို ကျွန်မကောင်းကောင်း မှတ်မိနေပါလိမ့်။ ကျွန်မ ဝေခွဲမရဖြစ်နေချိန်တွင် ဖန်သားပြင်ပေါ်တွင် စာတစ်ကြောင်းပေါ်လာသည်။ "ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ" ကျွန်မ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အိပ်မက်ထဲက စကားနှင့် တစ်ထပ်တည်းပါလား... စာကြောင်းရေးပို့လိုက်သူမှာ ကျွန်မနှင့် ညတိုင်း chatting လုပ်နေသော သူ့ကိုယ်သူ တစ္ဆေသရဲပါဟု ပြောသော midnight.... ကျွန်မ အသက်ရှူဖို့ ခေတ္တမေ့နေခဲ့ပြီး ကွန်ပျူတာ ဖန်သားပေါ်က စာကိုသာ မျက်တောင်မခတ် ကြည့်နေမိသည်။ သူဟာ ကျွန်မလို လူစင်စစ်တစ်ယောက်ဖြစ်ကြောင်း ကျွန်မကိုယ်ကျွန်မ အသိပေးနေမိသည်။ "တစ်ယောက်ထဲနေရင် အစာတွေကို ပုံမှန်စားရမယ်လေ" ကျွန်မ ပြန်မပြောသည်ကို သူသတိထားမိပုံ မရ။ သူပြောချင်တာကို ပြောနေသည်။ "ရှင်အခု ဘယ်မှာလဲ... ကျွန်မ အခန်းထဲမှာပဲလား.. ဟုတ်တယ် မဟုတ်လား" ကျွန်မ ထိန့်လန့်စွာ မေးလိုက်သည်။ "ခင်ဗျား ဘယ်လို အဖြေမျိုးကို လိုချင်လဲ" "တိကျတဲ့ အဖြေမှန်ကို ကျွန်မလိုချင်တယ်" "ခင်ဗျား ခရမ်းနုရောင် ည၀တ်အင်္ကျီကို ၀တ်ထားတယ်။ အင်္ကျီအောက်မှာ အိတ်ကပ်လေးနှစ်ခုပါတယ်။ အိတ်ကပ်ပေါ်မှာ လိပ်ပြာပုံဖဲပြားလေးပါတယ်။ စားပွဲခုံပေါ်မှာ ခင်ဗျားသောက်နေကျ ကော်ဖီခွက်လေး တင်ထားတယ်။ ဒီညတော့ ခွက်ထဲမှာ ကော်ဖီ ရှိမနေဘူး။ ခင်ဗျား အိပ်ပျော်သွားလို့ ကော်ဖီမဖျော်ရသေးဘူး။ ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.... ခင်ဗျား ဖျားနေပြီ" ဖန်သားပေါ်က ဆက်တိုက်ပေါ်လာသော စာများကို ဖတ်ရင်း ကျွန်မနှလုံးသွေးများပင် ရပ်တန့်သွားပြီလားဟု ထင်မိသည်။ ကျွန်မဘာမှ ပြန်မပြောနိုင်တော့... ကွန်ပျူတာ ပါဝါခလုတ်ကို အမြန်ဆုံးပိတ်ပြီး ကုတင်ပေါ်သို့ ခုန်တက်ကာ စောင်ကို ခေါင်းမြီးခြုံထားလိုက်သည်။ ကျွန်မဘေးတွင် သူရှိနေသည်။ ကျွန်မ အခန်းထဲတွင် တကယ်ရှိနေခဲ့လို့လည်း ကျွန်မ၏ ၀တ်စားဆင်ယင်မှုတွေ၊ ကျွန်မ၏အကျင့်တွေကို သူသိနေခဲ့ခြင်းဖြစ်သည်။ ညတိုင်း online ပေါ်သို့ ပုံမှန်တက်ပြီး သူ့ကိုစောင့်နေတတ်သော ကျွန်မ၏ တုံးအအ အပြုအမှုများကို သူအရင်ကတည်းက စောင့်ကြည့်နေပုံရသည်။ သူစောင့်ကြည့်နေသည် ဆိုသည့်အတွေးနှင့် ကြောက်စိတ်ကြောင့် ကျွန်မတစ်ကိုယ်လုံး စောင်ထဲတွင် တုန်နေမိသည်။ မည်မျှကြာကြာ တုန်လှုပ်နေမိသည် မသိ။ ညနေက သောက်ထားသော ဆေးအရှိန်ကြောင့် ကျွန်မ တဖြေးဖြေး အိပ်ပျော်သွားသည်။ မှုန်ဝါးဝါး ကျွန်မ၏ မသိစိတ်ထဲတွင် သူသည် ကုတင်ဘေးတွင် ထိုင်ရင်း ကျွန်မအား ကရုဏာသက်စွာ ကြည့်နေသည်။ နောက်တွင် ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။ မနက်နိုးလာသည့် အချိန်တွင် ကျွန်မ အပူချိန်တက်နေသည်။ တစ်ကိုယ်လုံး ပျော့ခွေနေပြီး လမ်းလျှောက်ဖို့ရန် အင်အားပင် မရှိတော့။ ညတုန်းက အဖြစ်အပျက်ကို ပြန်စဉ်းစားမိသည်။ သူသည် နေ့ခင်းတွင် ကျွန်မဘေးတွင် ရှိနေမည် မဟုတ်ဟု ထင်မိသည်။ တစ္ဆေသရဲများသည် အလင်းရောင်ကို ကြောက်ကြသည် မဟုတ်ပါလား..။ ကျွန်မ ကုတင်ပေါ်မှ အားယူထလိုက်သည်။ ကော်ဖီဖျော်ရန် ရေနွေးတည်နေရင်း ညက သူပြောခဲ့သော စကားကို ပြန်သတိရမိသည်။ "ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.. ခင်ဗျား ဖျားနေပြီ" ကော်ဖီကို ကျွန်မ ဆက်မဖျော်မိတော့။ ညတုန်းက မြင်ခဲ့ဖူးသော သူ့ပုံရိပ်ကို ကျွန်မမြင်ယောင်မိသည်။ သူသာ တစ္ဆေမဟုတ်ခဲ့လျှင် မိန်းကလေးများ ၀ိုင်းဝိုင်းလည်နေသော ရုပ်ရှည်ရှိသူဖြစ်သည်။ သူ၏ခံစားချက်များကို နားထောင်ပြီး သူ့အပေါ် ကျွန်မ သနားမှုတွေ ပိုသွားပြီလား...သူ့ကို ကျွန်မ ချစ်မိသွားပြီမလား.. တစ္ဆေတစ်ကောင်ကို ကျွန်မချစ်မိသွားပြီလား... ဘယ်လောက် စိတ္တဇဆန်တဲ့ အပြုအမှုလဲနော်... သူပြောပြဖူးသော သူ့အကြောင်းများကို ကျွန်မပြန်စဉ်းစားမိသည်။ သူ့အပေါ် မေ" ဆက်ဆံရေးကျဲလာခဲ့သည် ဆိုသည့်အထိပဲ ကျွန်မသိခဲ့သည်။ သူ့လို ရုပ်ရည်ချောမောသည့် လူကို မေ" ဘာကြောင့်များ ငြင်းဆန်ခဲ့သလဲ.. ကျွန်မသိချင်လာမိသည်။ သူဘာကြောင့် ကိုယ့်ကိုယ် အဆုံးစီရင်ခဲ့လဲ... "အင်တာနက်ကို မုန်းတယ်.. မိန်းမတွေကိုမုန်းတယ်" ဟုပြောပြီး ဘာကြောင့် ထိုအကြောင်းများကို အင်တာနက်ပေါ်က ကျွန်မအား ပြောပြနေသလဲ.. ကျွန်မသိချင်စိတ် ပိုပြင်းပြလာခဲ့သည်။ ညအမှောင်ထု၏ တဖြေးဖြေး ၀င်ရောက်လာမှုက ကျွန်မစိတ်ကို ပိုလှုပ်ရှားစေခဲ့သည်။ သိချင်စိတ်များကြောင့် ည ၁၁နာရီ မိနစ် ၅၀တွင် ကျွန်မ အခန်းမီးများကို ဖွင့်ပြီး ကွန်ပျူတာရှေ့တွင် ထိုင်နေမိသည်။ မည်မျှပင် သတ္တိရှိသည်ထားဦး တစ္ဆေတစ်ကောင်နှင့် အမှောင်ထဲတွင် ကျွန်မ ထိုင်ရဲမည်မဟုတ်။ ကိုယ်ရောင်ဖျောက်ထားသော တစ္ဆေတစ်ကောင်ကို ကျွန်မ မမြင်မတွေ့နိုင်မှန်း သိနေသော်လည်း တံခါးပေါက်ဘက်သို့ ကျွန်မ မကြာခဏ လှည့်ကြည့်နေမိသည်။ သူ့ကို ကျွန်မစောင့်နေကြောင်း သူ့အား သိစေချင်သေးသည်။ ည ၁၂ နာရီ ၀၁ မိနစ်... နံရံပေါ်တွင် ချိတ်ဆွဲထားသော နာရီလက်တံ၏ တစ်ချောက်ချောက် အသံမှလွဲ၍ တစ်ခန်းလုံး တိတ်ဆိတ်နေသည်။ ဒီည သူလာပါဦးမလား...။မနေ့ညက ကျွန်မ အပြုအမှုကြောင့် ဒီည သူထပ်လာပါ ဦးမလား... "တစ်ခန်းလုံး မီးတွေ ထိန်နေအောင် ဖွင့်ထားတာ ကျွန်တော့်ကို ကြောက်သွားပြီလား" သူလာပါပြီ.... ကျွန်မ ၀မ်းသာသွားမိသည်။ သူ့ကိုမေးဖို့ မေးခွန်းတွေ ကျွန်မမှာ အများကြီးရှိသေးသည် မဟုတ်ပါလား..။ "နည်းနည်းတော့ ကြောက်မိပါတယ်" ကျွန်မ စာပြန်မရိုက်ဘဲ ပါးစပ်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူသာ ကျွန်မအခန်းထဲတွင် ရှိနေခဲ့လျှင် ကျွန်မပြောသမျှ သူကြားနိုင်လိမ့်မည်ဟု ကျွန်မထင်သည်။ ယခု အဖြစ်အပျက်မှာ တစ်ယောက်ယောက်က နောက်ပြောင်နေသည်ဟု ကျွန်မ မျှော်လင့်ချင်သေးသည်။ "ခင်ဗျား အရင်က ကျွန်တော့်ကို မကြောက်ပါဘူး။ ကျွန်တော် စိတ်မကောင်းဘူးဗျာ" "အရင်တုန်းက တစ်ယောက်ယောက်က နောက်ပြောင်နေတယ်လို့ ကျွန်မထင်ခဲ့တယ်လေ။ တကယ့်သရဲဖြစ်မယ်မှန်း တွေးမထားမိဘူး" "အခု ခင်ဗျား သိပြီလေ။ ကျွန်တော်နဲ့ ဆက်စကားပြောနေဦးမလား" "အင်း... ပြောမယ်။ ကျွန်မသိချင်တာတွေ မေးရဦးမယ်" ကျွန်မ အသက်ကို ပြင်းပြင်းလေး ရှူသွင်းလိုက်မိသည်။ "မေနဲ့ ရှင့်အကြောင်းကို အစအဆုံး ပြောပြနိုင်မလား" "မေဟာ ကဝေမတစ်ယောက်ပါ။ လှည့်စားတတ်တဲ့ ကဝေမ... ကျွန်တော်နဲ့ချစ်သူတွေ မဖြစ်ခင်ကတည်းက သူ့မှာ လက်ထပ်ရမဲ့သူရှိပြီးသား.. အင်တာနက်မှာ ကျွန်တော်နဲ့ ချစ်တယ်ဆိုတာကလည်း သူ့အတွက် အပျင်းပြေဖို့ သက်သက်ပဲ။ ကျွန်တော့်ကို အရုပ်တစ်ရုပ်လို သူသဘောထားခဲ့တယ်။ ကျွန်တော့်ရဲ့ ခံစားချက်ကို သူအမျိုးမျိုး လှည့်စားခဲ့တယ်" "ရှင် ဘယ်လိုလုပ်သိလိုက်တာလဲ" "သူနဲ့တွေ့နိုင်ဖို့ ကျွန်တော် အမျိုးမျိုး ကြိုးစားခဲ့တယ်။ အကြိမ်ကြိမ်လည်း တောင်းဆိုခဲ့တယ်။ သူ့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျွန်တော်တွေ့နိုင်အောင် ကြိုးစားမယ်လို့လည်း ပြောခဲ့တယ်။ ထူးထူးဆန်းဆန်းပဲ ကျွန်တော့်ကို သူတွေ့မယ်လို့ ခွင့်ပြုခဲ့တယ်။ သူနဲ့တွေ့ရမဲ့ရက်မှာ ကျွန်တော်စိတ်အရမ်းလှုပ်ရှားခဲ့တယ်။ သူ့ကို တွေ့တာနဲ့ သူမှန်း ကျွန်တော်မှတ်မိနေခဲ့တယ်။ သူအရမ်းလှတယ်။ ဓာတ်ပုံထဲကထက်တောင် လှတယ်" ကွန်ပျူတာ ဖန်သားပြင်ပေါ်မှ တက်လာသော စာများကို ဖတ်ရင်း ကျွန်မမျက်တောင်ခတ်ဖို့ မေ့နေခဲ့သည်။ "ခင်ဗျားကြည့်ရတာ သက်သာသေးပုံ မပေါ်ဘူး သွားအိပ်လိုက်ပါလား" "ဟင့်အင်း... ကျွန်မ မေးဖို့ မေးခွန်းတွေ ကျန်နေသေးတယ်" ကျွန်မ ခေါင်းရမ်းရင်း ပြောလိုက်မိသည်။ "ခင်ဗျားရဲ့ လက်ကို ကျွန်တော် ကိုင်နေတယ်... ခံစားလို့ရလား" မမျှော်လင့်သော စာကြောင်းကြောင့် ကျွန်မယောင်ရမ်းပြီး လက်ကို ကြည့်လိုက်မိသည်။ ကျွန်မ ခံစားလို့ မရခဲ့...သို့သော် နွေးထွေးသော လက်တစ်စုံက ကျွန်မလက်ကို ဆုတ်ကိုင်းထားသည်ဟု ကျွန်မမြင်ယောင်ကြည့်မိသည်။ "ခင်ဗျား ကြည့်ရတာ အားမရှိဘူးဗျာ။ ကျွန်တော် စိုးရိမ်တယ်။ မေးချင်တဲ့ မေးခွန်းတွေ နောက်ညမှ မေးပါလား... အနားယူလိုက်နော်" စာကြောင်းလေး တစ်ကြောင်းသာဖြစ်ခဲ့သော်လည်း ကြင်နာသော သူ့စကားများကို ကျွန်မခံစားမိသည်။ "ကျွန်မ တစ်ခုမေးပြီးရင် သွားအိပ်မှာပါ" ကျွန်မ အရဲစွန့်ပြီး ကျွန်မ အသိချင်ဆုံး မေးခွန်းတစ်ခုကို မေးလိုက်မိသည်။ "ဘာဖြစ်လို့ ကျွန်မကိုမှ ရွေးချယ်ခဲ့ရတာလဲ" "... ကျွန်တော် စောင့်ကြည့်နေတာ ကြာပြီ။ ခင်ဗျားနဲ့ chatting မလုပ်ခင်ကတည်းက ခင်ဗျားအခန်းထဲမှာ ကျွန်တော်ရှိနေခဲ့တယ်" တစ္ဆေတစ်ကောင် ကျွန်မ အခန်းထဲတွင် အစောကြီးကတည်းက ရှိနေသည်ကို ကျွန်မ မသိခဲ့ပါလား.. ကျွန်မ၏ နေ့စဉ် အပြုအမှုများကို သူစောင့်ကြည့်နေခဲ့ပါလား...။ ထိုသို့ တွေးမိလိုက်စဉ် ကျွန်မပါးနှစ်ဘက် အပူကြောင့် ရှိန်းခနဲ ဖြစ်သွားသည်။ "ဟား...ဟား.. ခင်ဗျား ဘာတွေးနေလဲ ကျွန်တော်သိတယ်။ ကျွန်တော် အဲဒီလောက် အောက်တန်း မကျပါဘူးဗျာ" ကျွန်မပါးနှစ်ဘက် နီမြန်းသွားသည်ကို ကြည့်ပြီး ကျွန်မ၏အတွေးကို သူသိနေခဲ့သည်။ "တစ်ခြားလူမသိအောင် စောင့်ကြည့်တဲ့ အပြုအမှုတွေဟာ မတရားဘူးဆိုတာ ရှင်မသိဘူးလား" "တရားတယ်၊ မတရားဘူးဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ ၀ိညာဉ်တွေက ဒီလိုပဲ လျှောက်သွားနေတတ်တယ်လေ။ ခင်ဗျားနဲ့ ခင်ပြီးတဲ့နောက်ပိုင်း ကျွန်တော် အချိန်သတ်မှတ်ပြီး လာခဲ့တယ်။ တစ်ချိန်လုံး ကျွန်တော်စောင့်ကြည့် မနေတော့ပါဘူး" "နေပါဦး..... နေ့လည်အချိန်တွေမှာ ရှင်ဘာလုပ်နေလဲ" "နေ့လည်.. နေ့လည်ဆိုရင် လေးထောင့်အခန်းထဲမှာ ထားထားတဲ့ ခန္ဓာကိုယ်ထဲ ကျွန်တော်ဝင်နေရတယ်လေ။ ညအချိန်လို လွတ်လွတ်လပ်လပ် ထွက်လာခွင့်မရဘူး" ကျွန်မ မျက်လုံးများ ပြူးသွားမိသည်။ လေးထောင့်အခန်း......... ခန္ဓာကိုယ်.... "နေ.. နေပါဦး... လူတွေက ရှင့်ကို မသင်္ဂြိုလ်ကြသေးဘူးလား" "ကျွန်တော်ရဲ့ ခန္ဓာကိုယ်က ဆေးရုံမှာပဲ ရှိနေသေးတယ်။ မေ့မြောနေဆဲမို့ သူတို့က လက်မလွတ်ချင်ကြသေးဘူးနဲ့ တူတယ်" သူ...သူ... အသက်ရှင်နေဆဲပါလား..။ ၀ိညာဉ်ကသာ လျှောက်သွားနေခြင်းဖြစ်သည်။ ဆေးရုံတွင် လဲလျောင်းနေသော ခန္ဓာကိုယ်မှာ ၀ိညာဉ်မဲ့သော ခန္ဓာကိုယ်ဖြစ်မည်။ "ရှင်ဘာဖြစ်လို့ ကိုယ့်ခန္ဓာကိုယ်ထဲ မပြန်တာလဲ... လူလုပ်ရမှာ တော်တော်စိတ်ကုန်သွားပြီလား" "ကျွန်တော် ပြန်သွားရင် ခင်ဗျားကို ကျွန်တော် မမြင်ရတော့ဘူး။ ကျွန်တော့်ကို မေ့သွားမှာ စိုးတယ်" သူ့စကားကို ကြားပြီး ကျွန်မ စိတ်မကောင်းဖြစ်သွားမိသည်။ သူ၏စိတ်ထဲတွင် ကျွန်မ ရှိနေခဲ့ပြီလား... လူသားတစ်ယောက်အနေနှင့် သူ၏ပိုက်ထွေးမှုကို ကျွန်မခံယူချင်သေးသည်။ လူတစ်ဖန်ပြန်လုပ်ဖို့ သူ့မှာ အခွင့်အရေးတွေ ရှိနေသေးသည်။ ကျွန်မကို မြင်နိုင်ဖို့အတွက် ထိုအခွင့်အရေးကို သူ လက်လွတ်တော့မလား။ ကျွန်မ မျက်စိထောင့်စွန်းက မျက်ရည်များ အတားအဆီးမဲ့ စီးကျလာသည်။ "မငို.. မငိုပါနဲ့။ ကျွန်တော် ဘာအမှားများ ပြောမိပါလိမ့် (ကျွန်တော်မျက်ရည်တွေကို သုတ်ဖို့ ကြိုးစားနေတယ်)" ထိုစာကြောင်းကို ကြည့်ပြီး ကျွန်မ အသံထွက် ရယ်လိုက်မိသည်။ တစ္ဆေတစ်ကောင်က ကျွန်မကို နှစ်သိမ့်နေပါလား..။ စီးကျလာသော မျက်ရည်များကို ကပျာကယာ သုတ်ပေးနေသည့် သူ့ကို ကျွန်မမြင်ယောင်ကြည့်မိသည်။ "ရှင်ရဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်သေးတယ်။ ဒါပေမဲ့ အခုမဟုတ်သေးဘူး။ တကယ့် လူတစ်ယောက်အဖြင့်နဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်တယ်" "ကျွန်တော်ရဲ့ ခန္ဓာကိုယ်ထဲ ပြန်ဝင်ဖို့ ပြောနေတာလား" "ဟုတ်တယ်" "၀င်သွားပြီးနောက်ပိုင်း ခင်ဗျားနဲ့ ပတ်သက်သမျှ ကျွန်တော် သတိမရတော့မှာကို မကြောက်ဘူးလား" "ဒီလိုပဲ ဖြစ်တတ်သလား..ကျွန်မကို မေ့သွားမှာလား" ကျွန်မစိတ်ပူစွာ ပြောလိုက်မိသည်။ "အသေအချာတော့ မသိဘူး။ တစ်ချို့မေ့တတ်တယ်။ တစ်ချို့ မမေ့တတ်ဘူး။ ခံနိုင်ရည်အားကို ကြည့်ရဦးမယ်လေ" ပြန်သွားပြီး သူ သတိမရခဲ့လို့ ကျွန်မကို လာမရှာနိုင်ချင်နေပါစေ။ ကျွန်မကြောင့် သူသည် ခိုကိုးရာမဲ့ ၀ိညာဉ်တစ်ကောင်တော့ မဖြစ်စေချင်ပါ။ "ပြန်သွားပါ။ ရှင် ကျွန်မကို မမေ့ဘူးလို့ ကျွန်မ ယုံကြည်တယ်။ လူစင်စစ်တစ်ယောက်အဖြင့်နဲ့ ကျွန်မရှေ့မှာ ထိုင်ပြီး ရှင်နဲ့ မေအကြောင်းပြောပြတာကို ကျွန်မ ကြားချင်သေးတယ်" မျက်စိကိုမှိတ် သူ့ပုံရိပ်ကို မြင်ယောင် ခံစားရင်း ကျွန်မ ပြောလိုက်သည်။ "ခင်ဗျား စကားကို ကျွန်တော် နားထောင်မယ်။ ကျွန်တော့် ခန္ဓာကိုယ်ထဲ ပြန်ဝင်မယ်။ ကျွန်တော့် ပြန်အလာကို စောင့်နေမလား" "ကျွန်မ စောင့်နေမယ်။ တစ်သက်လုံး စောင့်နေမယ်။ ကျွန်မကို မေ့ခဲ့မယ်ဆိုရင်တောင် ရှင်သတိရပြီး ကျွန်မကို ပြန်မှတ်မိလာတဲ့အထိ စောင့်နေမယ်" ကျွန်မပြောရင်း ရင်နင့်မိသည်။ မျက်ရည်များက အတားအဆီးမဲ့စွာ စီးဆင်းလာပြန်သည်။ သူ ကျွန်မအနားက ပျောက်ကွယ်သွားတော့မယ်ဆိုတာ ရာခိုင်နှုန်း တစ်ဝက်က သေချာနေပြီ။ ရင်ထဲ စူးနေအောင် နာကျင်လာမိသည်။ "ခင်ဗျားပါးကို ကျွန်တော် နမ်းလိုက်တယ်။ ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်နော်။ ကျွန်တော်သွားပြီ။ ကျွန်တော့်ပြန်အလာကို စောင့်နေပါနော်" နာရီလက်တံများ တစ်စက္ကန့်ပြီး တစ်စက္ကန့် ရွေ့နေသည်။ ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် သူ၏ စာများ ထပ်ပေါ်မလာတော့။ ကျွန်မ ထိုင်ခုံပေါ်တွင် ထိုင်ရင်း အားရပါးရ ငိုလိုက်မိသည်။ အိပ်မက်ထဲက သူ့ပုံရိပ်ကို စွဲစွဲမြဲမြဲ မှတ်ထားရန် ကိုယ့်ကိုယ် သတိပေးလိုက်မိသည်။ သူသည် အချိန်မရွေး ကျွန်မရှေ့တွင် ပေါ်လာနိုင်သည်။ ထိုအချိန်ရောက်လျှင် အလှပဆုံးပြုံးလျှက် သူ့ကို နွေးထွေးစွာ ကျွန်မကြိုမည်။ သူမလာမှန်း သိနေလျှက်နှင့် ညသန်းခေါင် ၁၂နာရီရောက်တိုင်း ကျွန်မ online ပေါ်သို့ တက်ပြီး သူ့ကိုရှာမြဲ... သူ၏ message များကို မျှော်နေမြဲပင်။ ကျွန်မ၏ အပြုအမှုများသည် စိတ္တဇဆန်ကောင်း ဆန်နေလိမ့်မည်။ ၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀ ပြက္ခဒိန် စာရွက်များ တစ်ရွက်ပြီးတစ်ရွက် ကြွေကျကုန်သည်။ လူသွားလူလာများကြားတွင် သူ့ကို ကျွန်မ လိုက်ရှာနေမိသည်။ ကျွန်မကိုတွေ့လျှင် ကျွန်မနှင့် ပတ်သက်ခဲ့ဖူးသမျှ သူ မှတ်မိနေမည်ဆိုသည်ကို ကျွန်မ ယုံကြည်နေမိသည်။ ကျောင်းဝင်းထဲရှိ သစ်ရွက်များပင် နွေဦးလေနှင့်အတူ မြူးတူးပျော်ပါးနေကြကုန်ပြီ။ မကြာမီ နွေရာသီ ကျောင်းပိတ်ရက် ရောက်တော့မည်။ လေရှုးတစ်ချက်အဝှေ့ ကျွန်မလက်ထဲက စာရွက်များ ပြန့်ကျဲကုန်သည်။ ထိုစာရွက်စာတမ်းများ မရှိလျှင် စာမေးပွဲတွင် ကျွန်မ ဒုက္ခလှလှလေး တွေ့ဦးမည်။ စာရွက်များကို ကျွန်မ ကပျာကယာ လိုက်ကောက်လိုက်သည်။ ကျွန်မနှင့်အတူ စာရွက်များကို လိုက်ကောက်နေသော အရိပ်တစ်ခုကို တွေ့လိုက်မိသည်။ စာရွက်များကို ကောက်ရင်း ကျွန်မ ဘေးနားတွင် ခြေအစံကို ရပ်လိုက်သည်။ "ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်လေ" ကျွန်မရင် ဒိန်းခနဲ ခုန်သွားမိသည်။ ခပ်သြသြနှင့် နူးညံ့သော ထိုအသံမှာ ကျွန်မနှင့် မရင်းနှီးပေမယ့် ထိုလူပြောလိုက်သော စကားမှာ midnight ပြောတတ်သော စကားနှင့် တစ်ထပ်တည်း။ ကျွန်မ အထိန့်အလန့် မော့ကြည့်လိုက်မိသည်။ သူ... သူပါလား... အိပ်မက်ထဲက ရုပ်ပုံလွှာလေး... အသားအနည်းငယ် ညိုသည်မှလွဲ၍ ကျွန်မ အသိစိတ်ထဲက ရုပ်ပုံလေး၊ ကျွန်မနှင့် ရင်းနှီးသော ရုပ်ပုံလေး။ ခန္ဓာကိုယ် အနည်းငယ် ဖွံ့ဖြိုးသည်ကလွဲ၍ အိပ်မက်ထဲက ရုပ်ပုံနှင့် တစ်ထပ်တည်း။ ကျွန်မရှေ့တွင် သူထိုင်ချလိုက်သည်။ "ဆောရီးပဲနော်.. တော်တော်လေး ကျန်းမာဖို့အတွက် အချိန်ယူနေရလို့ပါ။ လုံးဝ နေကောင်းသွားပြီဆိုမှ ကျွန်တော် လာတွေ့ရဲတယ်လေ" ကျွန်မ အံ့သြ၀မ်းသာပြီး ဘာပြန်ပြောရမှန်း မသိတော့။ မျက်လုံးအိမ်ထဲတွင် မျက်ရည်များဖြင့် ပြည့်လျှံနေခဲ့သည်။ ကျွန်မကိုယ်ကို ထောင်မတ်ပေးရင်း ကျွန်မမပါးကို ညင်သာစွာ သူပွတ်သပ်လိုက်သည်။ "ကျွန်တော် ထင်တဲ့အတိုင်းပဲ ပါးပြင်တွေက နူးညံ့နေတယ်" "ကျွန်တော့်ကိုယ့်ကျွန်တော် ပြန်မိတ်ဆက်ပေးပါရစေ" သူရယ်ရင်း လက်ကို ကမ်းပေးသည်။ ရယ်နေပုံက အပြစ်ကင်းသော ကလေးလေးတစ်ယောက်နှင့် တူနေသည်။ "ကျွန်တော့်နာမည် နေဒွေးဇော်ပါ။ တွေ့ရတာ ၀မ်းသာပါတယ်" "တွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်မ မိဆိုးပါ" ကျွန်မပြန်ကမ်းလိုက်သော လက်ကို ကြင်နာစွာ သူဆုတ်ကိုင်ထားလိုက်သည်။ "မိဆိုး ကျွန်တော်နဲ့ တစ်သက်လုံး လက်တွဲသွားနိုင်မလား" ကျွန်မ ခေါင်းကို သွင်သွင်ငုံ့လိုက်မိသည်။ နွေဦး၏ လေရူးနှင့်အတူ ကျွန်မရှေ့သို့ သူရောက်လာခဲ့သည်။ ရွက်ကြွေများ ဖြန့်ခင်းထားသော အ၀ါရောင်လမ်းလေးပေါ်တွင် သူနှင့်ကျွန်မ ပထမဆုံးအကြိမ် I Miss You

Thursday, April 4, 2013

ဝရမ်းပြေး(ဇာတ်သိမ်း)





’’၀ါးရမ်းပြေးဘိုးဒန်း တော့၊ ဘိုးဒန်လာစားသွားတယ်။ သူ့လက်ကဒါးကြီးကြောင့် မပြောဝံ့လို့ မျိုသိပ်ပြီးကြည့်နေရတယ်။
ကျုပ်ကတော့ရွာလယ်က သေနတ်ဖောက်သံကြားရတာနဲ့ မိအောင်မ နေတာ ကိုယ်တော်မြတ်က ဒီလာပြီး ရှိသမျှဟာတွေ အကုန်ပွဲတော်တည်သွားရုံမကသေးဘူး ၊ဇွန်းတွေ ပန်းကန် တွေကို လွှင့်ပစ်ပေါက်ပစ်နဲ့ ဒါးနဲ့ခုတ်မှာစိုးလို့ မပြောဝံ့ဘူး၊



တံခါးလုံအောင်ပိတ်ပြီး အပေါက်ကလေးက ကြိတ်ကြည့် နေရတယ်။တော်တို့ပြန်မလာခင် လေးတင်ဘဲရွာ ပြင်ထွက်သွားတော့။

ဟုအငေါ့အထေ့စုံစွာနှင့် ထမင်းပွဲကြောင်လှဲသွားကြောင်း၊ ပါးစပ်အစီအရင်ခံစာတင် လေ တော့၏။

ကိုဘိုးကွန်း မှာ မိမိကိုပမာမခန့်အရူးလုပ်သွားသော ၀ါးရမ်းပြေးဘိုးဒန်အား မခံမရပ်နိုင် အောင် ဒေါပွနေလေ၏။

မအေ နှမနှင့်လည်းရစရာမရှိအောင် ဆဲရေးရေရွတ်လျှက်အရှက်ပြေ ကြိမ်းဝါးမန်မဲ နေတော့၏။

ရွာသားများနှင့် ပုလိပ်အမှုထမ်းတို့ကား ၀ါးရမ်းပြေးဘိုးဒန်၏ ရဲစွမ်းပုံကို ဆပ်ဆပ်တုန်အောင် ကြောက်လန့် နေကြလေ၏။

’’ဒါလောက်စွမ်းနေတဲ့ လူတယောက်ကို ဘမ်းလို့မရနိုင်ပါဘူးကွာ။ သေနတ်နဲ့ ကပ်ပစ်တာမှ မသေတဲ့ နောက် ဘယ့်နှယ့်လုပ်ဘမ်းမလဲ။

အရင်တုန်းကစံဖဲနာမည်ကြီးမဲ့သာ ကြီးနေတာ ဘိုးဒန်လိုတခါမှ အနားကပ်ပြီး သေနတ်ပြောင်းအဖြုတ်မခံရသေးဘူးကွ

ဒါကမှတကယ့် လူစွမ်းကောင်း။

ဟု တိုးတိုးတိတ်တိတ် ကြိတ်ပြောသူကပြော၍ အချို့ကလည်း-

’’အလကားပါကွာ၊ဒီကောင်ကစွမ်းတာ မဟုတ်ပါဘူး။ လာဘမ်းတဲ့ ပုလိပ်တွေက အသုံးမကျတဲ့ ဟာတွေမို့ သူတို့ဟာသူတို့လန့်နေတာပါ။

သေသေချာချာ ဘမ်းတဲ့နောက်မိလွန်းလို့ မှမရှိဘူး။ဟုပြောသောအခါ

အချို့က’’ အမယ်လေး- ဒီလူ့နှယ်တွေရှောက်ပြောနေတာလဲ ဟိုကကိုယ်ပျောက်တတ်တယ် သေနတ်ဒါးလဲ ပီးတယ်။

ဒီလောက်အစွမ်းကောင်းတဲ့ လူဆိုတာသူ့အကြောင်းကွယ်ရာတောင် ပြောမဖြစ်ဘူး။

ဟိုက နားကျပ် ရတယ်တဲ့ ကြားသွားလို့ခင်ဗျားကို လာသတ်မှလှနေမယ်။ ဟုစိုးရိမ်စွာ သတိပေးသူကပေးနှင့် အတော်ကလေး ပါးစပ်အလုပ်များနေကြ၏။

ဘိုးဒန်၏သတင်းကား တနေ့တခြားကြီးလာတော့၏။

သတင်းကြီးခြင်းကြောင့်ပင် ဘိုးဒန်၏ အစွမ်းများကို တဆင့် စကား တဆင့်နားနှင့် သတင်းကျယ်ပွားလေ၏။

ဆိပ်ပေါက်ရွာက မယားနဲ့ လင်ငယ်ကို ထောင်ထဲက တိတ်တိတ်ထွက်ပြေးလာပြီး

သတ်ပစ်တဲ့တောပုန်း ၀ါးရမ်းပြေး ဘိုးဒန်ဆိုတာ အင်မတန် လူစွမ်းကောင်းသတဲ့၊ပုလိပ်တွေတပ်နဲ့ ၀ိုင်းထားတာတောင် ကိုယ်ဖျောက် ပြေးတဲ့၊

ရာဇ၀တ်အုပ်သို့ ပြင်ထားတ့မင်းပွဲကြီးကိုပြောင်အောင်ဝင်စားသွားလိုက်သေးတဲ့၊

ဆိပ်ပေါက် ရွာမှာ သူ့ကိုဘမ်းရအောင် စတဲချနေတာ သိရက်နဲ့ ရွာထဲညတိုင်းဝင်ဝင်လာသတဲ့

တောထဲမှာ ဟင်းရွက်ခူး ထင်းရောင်း လာတဲ့ လူတွေလဲ ရိပ်ခနဲ ရိပ်ခနဲ အမြဲတွေ့လိုက်တာဘဲတဲ့၊

ဘယ့်လောက်ရဲသလဲ သတ္တိနဲတဲ့ အကောင်သာဆိုရင်၊ ပုလိပ် နဲ့ ဝေးရာသို့ပြေးမှာပေါ့ဟူသော ကျော်စောသတင်းတွေ ဆူဝေလျှက်ရှိလေ၏။

အချို့ကလည်းဘိုးဒန်၏ အစွမ်းသတ္တိကို ချီးမွမ်းသည့်အပြင်၊ ဘိုးဒန်မှာရွာသားများကို ယနေ့ထက် တိုင်အောင် ရန်မရှာခဲ့သေးဘဲ။

တောထဲတွင် ရိပ်ခနဲ့တွေ့ရများကိုလည်း။ အနည်းငယ်မျှ ဖြစ်သဖြင့် ပုလိပ်မှတပါး ဘိုးဒန်အား မေတ္တာတိမ်းညွတ်သွားကြပြီး၊

ဘိုးဒန်ကသာ တောပုန်းလူဆိုးအသင်းကြီး ဖွဲ့စည်း မည်ဆိုကာ ထိုသူတို့မှာ စိတ်အားထက်သန်စွာပါဝင် ကြမည်ကဲ့သို့ပင် ဖြစ်နေလေ၏။

ပုလိပ်များကို ဗြောင်ထားကာ ဘိုးဒန်၏အစွမ်းကောင်းပုံကို ချီးမွမ်းကြ၏။

ကိုဘိုးကွန်း မှူးရှိသော အထူးပုလိပ်ဝတ္တရားနှင့် ရောက်လာကြသူပုလိပ်အရာရှိများမှာ မခံချည့်မခံသာ မျက်နှာပူစွာ နေကြသည့်အပြင်

ယခုထက်တိုင် ၀ါးရမ်းပြေး ဘိုးဒန်ကိုတွေ့ရလျှက်၊မမိ အထက်လူကြီးများ၏ ဆူပူကြိမ်းမောင်း ထုချေလွှာအတောင်းခံရလေ၏။

အကြီးအကဲပြုသူရာဇ၀တ်အုပ်ကို ကိုဘိုးကွန်းမှာ တရားခံကိုလည်း ဘမ်းမမိ။

အထက် လူကြီး ၏ပြစ်တင်ခြင်း ကိုလည်းမခံဝံ့ နှင့်မလွန်သာမလှုပ်သာအောင်ဖြစ်ရလေတော့၏။

အထက်အ ရာရှိများ ထံသို့လည်း ယခင်က တောပုန်းစံဖဲကဲ့သို့ သတင်းကြီး၍ အစွမ်းကောင်းလှသော တရားခံ ဖြစ်ပါကြောင်း။

သို့အတွက် ရုတ်တရက်မမိနိုင်ဘဲ သေနတ်ဖျားမှ သီသီလွတ်သွားရကြောင်း မှ သီသီလွတ်သွားရကြောင်း များနှင့်

ဘိုးဒန်အား ခတ်သဲသဲကလေး အစီအရင် တောင်းခံလေ၏။

ကိုဘိုးဒန်၏အစီအရင်ခံစာအရ စစ်ပုလိပ်များလည်း မကြာမှီထပ်၍ရောက်လာလေ၏

ဤအခါတွင် ကိုဘိုးကွန်းမှာ မနေသာတော့ချေ။ မမိလျှင် မိမိဖျင်းညံ့ရာကျချေတော့မည်။

ဇက်ရဲလှသော ဘိုးဒန်ကို အသေရရ အရှင်ရရ အဓမ္မဒလကြမ်း နောင်ဂျိန်ရိုက်၍ တမ်းတော့မည်ဟု လက်သီးလက်မောင်းတန်းကား၊

စစ်ပုလိပ် နှင့် အမှုထမ်းပုလိပ်တို့အား ဘိုးဒန်လာတတ်သောအိမ် ကို တခါတည်း နေ့ညမဟူဝိုင်းထားတော့၏။

ဘိုးဒန်ကား ရွာထဲသို့မပေါ်လာတော့ချေ။ ရွာပြင် တောစပ်မှ မကြာခဏ ကိုယ်တိုင် လာ၍ ပြကြောင်းကြားရပြန်၏။

သူကြီးအိမ်မှမောင်းထု၍ ရွာသားတွေကို စုခေါ်ပြီး မင်းတို့အားလုံးရွာထဲကို လူဝင်လူထွက် စောင့်ကြည့်ရမယ်။

ငါတို့ပုလိပ်ဘက်က တောထဲမှာ တောနင်းရှာနေတုန်းကို ဟိုကောင်ရွာထဲ ၀င်လာတယ် ကြားရင် မင်းတို့တာဝန်ဘဲ။

မင်းတို့မရ ရအောင်ဘမ်းထားရမယ် ဟုဆိုကာ ကိုဘိုးကွန်းတို့ ပုလိပ်တပ်မှာ လက်နက်ရိက္ခာအပြည့်အစုံနှင့် တောနင်းကြလေ၏။

ရွာတွင်ကား သူကြီးနှင့်ရွာသားများမှ ဘိုးဒန်အတွက် ဘေးကြပ်နံကြပ် တာဝန်ကြီးကျလာသဖြင့် ရွာဝတိုင်း အလှည့်ကျစောင့်ဆိုင်းနေရတော့၏။

၎င်းတို့မှာပုလိပ်တမျိုးကြောက်ရ၊ ဘိုးဒန်ကိုတ မျိုးကြောက်ရနှင့် ဆူးကြားသီးတဲ့ဗူးလို၊ မလွန့်သာ မလှုပ်သာရှိရှာကြ၏။

ဘိုးဒန်လာလျှင် ဘမ်းလည်းမဘမ်းဝံ့။ မိအောင်လည်းမဘမ်းနိုင်၊မဘမ်းဘဲ ထိုင်ကြည့် နေပြန်လျှင်လည်း

ပုလိပ်တော်မင်းများက ၀ါးရမ်းပြေးကူညီအားပေးမှုနှင့် အရေးယူပြန်ဦးတော့မည်။ ငါတို့မှာ ဘယ်ဆီကမှ မသက်သာပါကလား။

နေ့ခင်းလယ်လုပ်ယာလုပ်သွားရလို့ ပင်ပန်းတာတမျိုး၊ ညညအမော အပမ်းကလေးမှမဖြေရ၊

ဘိုးဒန်စောင့်ရသည် မဘမ်းပြန် ပုလိပ်ကလက်ထိပ်ခတ်မှာ ကြောက်ရတာ တမျိုးုနှင့် အမျိုးမျိုးစိတ်ရှုတ်နေရှာကြရာ၊

နောက်ဆုံးမှာသက်သာရာအရ ဆုံးသော နည်းဖြစ်သည့် (ဘိုးဒန်မလာပါစေနဲ့ဗျာ ဟူသောဆုကိုသာတောင်းနေမိကြလေတော့၏။)

အများ၏ဆုတောင်းပင်ပြည့်သလားမသိ။ ဘိုးဒန်ကား ရာဇ၀တ်အုပ်ကိုဘိုးကွန်း တို့တော နင်း ထွက်သွားသော နေ့ကစပြီး၊ ရွာသို့လည်းမလာ။

ရွာပြင်တောစပ်မှာလည်း မတွေ့ရခြင်းနေသဖြင့်ကြာသော် ရွာသူများမှာတောထဲတွင်

ဘိုးဒန်နှင့်ပုလိပ်တပ်တို့ မည်သို့မည်ပုံများဖြစ်နေကြသလဲဟု အမြဲ နားစွင့်၍နေကြရင်း ရွာတွင်းရွာပြင်မှာလည်း၊

သူကြီး၏ အာဏာအရ အလှည့်ကျ ကင်းစောင့်၍ နေကြရ တော့သတည်း။

ကိုဘိုးကွန်းမှာ နောက်ပါ စစ်ပုလိပ် အမှုထမ်းပုလိပ်မြောက်မြားစွာနှင့် ဘိုးဒန်ကို တောနင်း ရှာခဲရာ၊

တရက်ကနှစ်ရက်ကျူးလာသည့်တိုင်အောင်၊ဘယ်သို့သော အစအနမျှမရအောင်၊ ရှိခဲ့လေ ၏။

သို့နှင့် သုံးရက်မြောက်သော နေ့တွင်ကား၊ ခါတိုင်းကဲ့သို့ပင် သေနတ်များချိန်ရွယ်လျက် စစ်တက်သကဲ့သို့ ခြေသံကြား ရအောင်၊

တဖြည်းဖြည်းချောင်းကာ ချုံကြိုချုံကြားမှတိတ်ဆိတ်စွာ လာခဲ့ကြစဉ်

ကိုဘိုးကွန်းသည် ရှေ့မှဆီးကြိုနေသော ရေစပ်သဲချောင်းကလေးတခုကို တွေ့မြင်ရ သောကြောင့် မိမိ လူများအား ချုံကြိုချုံကြားတွင်ဝပ်နေစေပြီး။

''ဟေ- ကောင်တွေရှေ့ ကိုကြည့်နေကြ၊ ဒီ- ချောင်းကလေးကို ဟိုကောင်ဘယ်နည်းနဲ့မဆို၊ ရေလာသောက်လိမ့်မယ်ထင်တယ်။

မြင်လို့ရှိရင် မင်းတို့တတွေတခါထဲ သာချိန်ပြီးပစ်ဟေ့။ အသေရအောင် ဘမ်းရမယ်။ ညှာမနေနိုင်တော့ဘူး။

တို့လဲ တောထဲတောင်ထဲ အစာငတ်ဘာငတ်နဲ့ ဒုက္ခဖြစ်လှပြီ။ ရှေ့လ မိုးကျလာရင် ငှက်ဖျား- ဖျားလာမှာ ကြောက်ရတယ်။

မတတ်နိုင်ဘူးဟေ့။ မြင်တာနဲ့ တချက်ထဲသာ တင်ကြပေတော့။ဟု တိုးတိုးတိတ်တိတ် ကြိတ်မှာကာ၊

တစီတတန်းကြီး အသင့်ချောင်းမြောင်း နေကြ လေ၏။

ကိုဘိုးကွန်း ကား သားကောင်ကို တွေ့မြင်ရသော တောမုဆိုးပမာ သူ၏မျက်လုံးများသည် ၀င်းဝင်း ပြောင်ပြောင် အရောင်တွေထွက်လာလေ၏။

မိမိ၏ ၀ဲယာရှိ သေနတ်ကိုင်စစ်ပုလိပ်တို့အား လှဲ့၍ အချက်ပေး လိုက်ခါ မိမိ၏ ငါးချက်ထွက် ရိုင်ဖယ်သေနတ်ကို

ုကျကျနနချိန်ဆပြီး တပြိုင်တည်း ရှေ့နောက် ဆက်ကာ တဒိုင်းဒိုင်း နှင့် အချက်ပေါင်းများစွာ ထွက်သွားလေ၏။

ကိုဘိုးကွန်း၏ အထင်ကား ဤမျှသော သေနတ်ချက်ပေါင်းစွာတပြိုင်တည်း ပစ်လိုက်ခြင်းဖြင့် မမှန်သည့် သေနတ်က မမှန်ဘူး ထားလိုက်အုံး၊

သုံးမျက်နှာမှာ ၀ဲယာညှပ်၍ ပစ်လိုက်သော သေနတ်များမှ တချို့တ၀က်မှန်ရုံနှင့်ပင် ဘိုးဒန်ပုံရက်လဲနေပြီး

သေနပ်ချက်တွေမှာလည်း မရှင်းဂန်းထိသူ လိုတကိုယ်လုံးသေနတ်ချက်တွေက ဆကာကျ နေလိမ့်မည်ထင်လိုက်မိ၏။

ဘိုးဒန်ကိုသေနတ်မီးများအကြားမှာ စိတ်အားထက်သန်စွာ လှမ်းကြည့် လိုက်သောအခါမိမိ အထင် နှင့် မျက်မြင်မှာ

အလွန်ကွာနေသည်ကို တွေ့ရသောကြောင့် အံ့သြခြင်းကြီးမက အံ့လျက် ရုတ်တရက်ကြက်သေနေမိလေ၏။

ကိုဘိုးကွန်း မြင်ရပုံမှာ ဘိုးဒန်သည် သေနတ်မှန်သလိုနှင့် ရှေ့ကိုအားယားထိုးကြီးကျသွားရာမှ ရုတ်တရက် လူးလဲထကာ

မိမိလာလမ်းသို့ ပြန်ဝင်ပြေးသည် ကို တွေ့ရလေ၏။

’’ဟ..ဘယ့်နှယ့်လဲ ပြေးပါကလား’’ဟုယောင်အော်လိုက်ပြီးမှ ပုလိပ်တွေကလည်း

’’ဟာပြေးပေတဲ့ မှန်သွားတယ်ဆရာ ဒီကောင်ကြာကြာမပြေးနိုင်ဘူး လိုက်ရင်မိမယ် လိုက်ရအောင် ဆရာ။’’

ဟုဆိုကာ ကိုဘိုးပြေးသွားသောနောက်သို့ အပြေးအလွှား ချီတက်လိုက်ပါသွားကြပြန်လေ၏။

ကိုဘိုးကွန်းနှင့် ပုလိပ်များလည်း ချောင်းတဘက်ရှိ တောထဲသို့ စစ်တပ်ကိုလမ်း ကြောင်းခွဲ၍ ပိုက်စိတ်တိုက် သလို လိုက်ကြသော်လည်း

ဘိုးဒန်မှာ အစပျောက်သွားပြန်လေ၏။

ကိုဘိုးကွန်းလည်း လက်မတင် ကလေးလွတ်ထွက်သွားသောကြောင့် ဒေါပွကြီးပွကာရှေ့သို့်သာ စိတ်ဆောင်ပြီိး အလောတကြီး လိုက်လေ၏။

လိုက်ရင်းလိုက်ရင်းနှင့်ပင် ကိုဘိုကွန်းနှင့် စစ်ပုလိပ် များမှာ လူစုကွဲမှန်းမသိ ကွဲလာပြီး အားလုံးပင် တယောက်တခြားစီဖြစ်လာကြလေ၏။

ကိုဘိုကွန်းကား မိမိနောက်မှ ပုလိပ်များ ပါသည်ထင်ကာ ရှေ့သို့သာအာရုံစိုက်ပြီး သေနတ်ကြီး မောင်းတင် ၍ လိုက်ချောင်းနေ၏။

ဟိုချုံထဲမှာရှိမလား ဒီသစ်ပင်ကွယ်မှာ ပုန်းနေမလားဟု မျက်စိနှင့်နားကို များစွာအလုပ်ပေးထားလေ၏။

သို့နှင့် အနည်းငယ် ဆက်လက်၍ လာခဲ့ပြန်ရာမှ ရှေ့ကမိုးနံချုံပုတ်တခုတွင် တလှုပ်လှုပ်ဖြစ်နေသည်ကိုတွေ့ရသောကြောင့်

ကိုဘိုးကွန်းမှာ စိတ်အား ထက်သန်စွာ ခွေးမသားဒီချုံထဲက ဘယ်ပြေးနိုင်မလဲ၊ အသေပေါ့ကွာဟု တယောက်တည်းကြိမ်းဝါးလျက်

သေနပ်မောင်း ကို ဖြုတ်တော့မည်အပြုတွင် ချုံထဲမှလွှားကနဲ အားလျှော့သွားလေ၏။

အချိန်ကား နေလုံးလုံးမ၀င်သေးသဖြင့် ကွဲပြားစွာ မြင်နိုင်သေး၍ ခုန်လွှားပြေးသွားသောရှဥ့်ကလေးကို ငေးကြည့်နေမိစဉ်

ကိုဘိုးကွန်းမှာ မိမိနောက်ကျောသို့ အေးစက်သောလက်ကြီးတခုဖြင့် ဗျန်းကနဲ အရိုက်ခံလိုက်ရသဖြင့် နောက်သို့ခြာကနဲလှဲ့ကြည့်သော အခါ

ဝက်မွှေးပမာ ထိုးထိုးထောင်ထောင် ထွက်နေသော မုတ်ဆိတ်ကြင်စွယ်အများနှင့် အသား ညိုညိုဖေါသွပ်သွပ်မျက်နှာကြီးတွင်

ချွေးသီး ချွေးပေါက် တွေ အရွဲသားနှင့်သွားကြီးဖြဲပြီး မချင့်မရဲ ရယ်ပြနေသော တောပုန်းဝါးရမ်းပြေးကြီး ဘိုးဒန်ကို တွေ့မြင်ရလေ၏။

ကိုဘိုးကွန်း မှာ တောတည်းသို့ ကျားပစ်ရန်လာသူ ကျားနှင့်နီးကပ်စွာရင်ဆိုင်လာ၍ တွေ့ရဘိအလား ရုတ်တရုက်အားဖြင့်

့် ကြောက်ဒူးများ တုန်နေသကဲ့သို့ ကြက်သေသေ နေလေ၏။

ဘိုးဒန်၏မျက်နှာကြီးမှာ ဆန်ကော တမျှ ကြီးမားပွရောင်လာသည် ထင်ရပြီး ကိုယ်ကြီးမှာလည်း

သာမန်လူထက် တဆလောက် ကြီးမား ထွားကျိုင်းလျက် လက်တဘက်ကမချတမ်းကိုင်ထားသော ဒါးကြီးမှာလည်း

သွေးစီးတွေ နီရဲနေသကဲ့သို့ ထင်ရပြီး လက်ထဲ ကသေနတ်ကိုပင် သတိမရ၊

ဘိုးဒန် ငါ့ကို ဘယ့်နှယ့်များ လုပ်မယ်လို့ ပါလိမ့်ဟု နှလုံးသား သိမ့်သိမ့်တုန်နေလေ၏။

ဘိုးဒန်၏ မျက်နှာကြီး မှာ မချိမဆန့်နှင့် ဒေါသဖြစ်ရာမှ ကြိုးကြီုးစားစားရယ်ရပုံ ကြီးမျိုးကိုမြင်ရပြီး

မိမိအနား သို့၎င်း၏ မျက်နှာကြီးနီးမှန်းမသိနီးကပ်လာသည့်အတွက် ကိုဘိုးကွန်းမှာ

ရုတ်တရက် ခေါင်းကြီးပြီး ကြက်သီးတွေဖျန်းကနဲ ထလာရာမှလက်က သေနတ်ကိုသတိရပြီိး

တုန်တုန် ရီရီ ကြောက်ကြောက် လန့်လန့်ကြီးနှင့် မောင်းကိုနှိပ်ချလိုက်မိသည်တွင် ဒိန်းဟိန်းဟိန်း ဆိုသော အသံကြီး ပေါ်ထွက် လာပြီး။

ဘိုးဒန်လည်း ဖျပ်သွားသလို ခုန်ပေါက်ခါ ချုံကလေးတခုနောက်၌ ပျောက်ကွယ်၍ သွားလေ တော့၏။

ကိုဘိုးကွန်းမှာလည်း ဂဒုံဂရင်ကြီး ဖြစ်ကျန်ရစ်လေ၏။

မိမိနောက်တွင် အဖော်တ ယောက်မျှမပါဘဲ တောထဲ၌ ဘိုးဒန်နှင့် လက်ပူးလက်ကြပ်တွေ့ရသောအခါ

အဘယ်မျှကြောက် လန့်သွားမိသည်ကို သတိရ၏။

ကိုဘိုးကွန်း၏သေနတ်သံကြောင့် မနီိးမဝေးတွင် တယောက်တကွဲစီ သဲသဲမဲမဲရှာဖွေနေသော ပုလိပ် တွေလည်း နီးရာမှစုပြေးလာကြ၏။

’’ဆရာ..ဆရာ..ဘယ်မလဲ ၊မိပလား။’’ဟု ၀ိုင်းမေးမှ ၊ကိုဘိုးကွန်းမှာ တွေတွေကြီး ရပ်နေရာက သတိဝင်လာလေ၏။

တပည့်တွေကိုမြင်မှ ကပြာကရာ ဣနြေ္ဒဆယ်ကာ....

’’ဟိုကောင် -ဟိုကောင် ငါနဲ့တွေ့လို့ ပစ်လိုက်ထားခုဘဲ ဟိုဘက်ထွက်ပြေးတယ် ဟေ့’’ ဟု ပြောလိုက်စဉ် တဘက်မှအမယ်လေးလေးဗျ။

ဒိုင်း-ဒိုင်း။ဟုအော်သံရော။ သေနတ်သံပါ ပေါ်ထွက်လာပြန်၍ အားလုံးအသံကြားရာသို့ ပြေးသွားကြလေ၏။စစ်ပုလိပ်တယောက်မှာ။

သေနတ်ကြီးကိုင်လျက် တုန်တုန် ရီရီကြီးဖြစ်နေသည်ုကို တွေ့ရသဖြင့် ကိုဘိုးကွန်း ခေါင်းဆောင်ကာ....

’’ဟေ့ကောင်ဘာတုံး ဘာဖြစ်တာတုံး ဟု’’၀ိုင်းမေးမှ။ ပုလိပ်လည်းထိန်လန့် တုန်လှုပ်နေရာမှ သတိရ လာပြီး။

အမယ်ဆရာ ရဲ့ ကျွန်တော်နဲ့နှစ်ယောက်ထဲလာတွေ့နေတယ်။ ဒါးကြီးကိုင်ပြီိး ကျွန်တော်ကို ပြုံးစိစိကြီိး ကြည့်နေလိုက်တာ

သိပ်ကြောက်စရာကောင်းတာဘဲ။ ဒါနဲ့ကြောက်ကြောက်လန့်လန့် နဲ့ဘဲ သေနတ်မောင်း ဖြုတ်လိုက်တာ

ဘိုးဒန်တော့ ဟောဟိုဘက်စွပ်ပြေးလေရဲ့ဆရာ ရဲ့ ဟု ခရီးဝေးကြီးကပြေးလာသူအလား၊ ဟောဟဲ လိုက်ခါကတိုက်ကရိုက်ကြီး ပြောလေ၏။

ကိုဘိုးကွန်းလည်း မိမိဖြစ်ပုံနှင့် ကိုယ်ချင်းစာမိလေ၏။ထိုခဏ၌ တဘက်ဆီမှ စူးစူးဝါးဝါး အော်လိုက်သောအသံတခုကိုကြားရပြန်ရာ

ကိုဘိုးကွန်း တို့ လူစု လည်း အသံလာရာသို့ပြေးကြပြန်၏။

စစ်ပုလိပ်တယောက်မှာခရိုင်ဖယ်သေ နတ်ကြီး ကိုင်ရက် ပက်လက် လန့်ရာ ယက်ကန်ယက်ကန်နှင့် တက်နေလေ၏။

ရောက်လာသူတို့ဝိုင်းနှိပ်ကြမှ သတိရလာလေ၏။

ဟေ့ကောင် ရ သေနတ်ကြီးကိုင်ပြီးဘယ့်နှယ့်ဖြစ်နေရတာလဲဟု ဆွဲထူ လှုပ်မေးကြမှ မျက်နှာကြီးက ပြဲပြဲကြီး။

ဟုပြောနေစဉ် စကားမဆုံးမှီ တဘက်ဆီမှ စူးရှကျယ်လောင်သော အော်သံတခု ပေါ်လာပြန်ရာ ကိုဘိုးကွန်း တို့မှာ အသံလာရာသို့ ပြေးကြရပြန်လေ၏။

သေနတ်ကြီး ကိုင်ရက်က နတ်ကျသလို တဆပ်ဆပ်တုန်နေသော ပုလိပ်တယောက် ကိုတွေ့ရသည်။"ဟေ့ ဘာလဲ" ဟု မေးပြန်ရာ...

"ဖြူဖြူကြီး ဆရာ ဖြူဖြူကြီး၊ ကျွန်တော့်အနား ဝါးကနဲဆို လာလှန့်သွားတယ်၊

ကျွန်တော်လဲ သေ နတ်ကြီး ကိုင်ရက်က ဆပ်ဆပ်တုန်အောင် ကြောက်သွားတာပဲ ဘာလဲ မသိဘူး ဆရာရဲ့"ဟု လှိုက်လှိုက်လှဲလှဲကြီး ပြောလေ၏။

ထိုခဏ၌ ကွဲနေသော ပုလိပ်များလည်း အားလုံးစုမိကြ၏။

ကိုဘိုးကွန်း နှင့် ပုလိပ်များမှာ ဘိုးဒန်အရူးလုပ်သမျှခံနေရသဖြင့် မခံချိ မခံသာလည်းဖြစ်ရ၊

ဘမ်းမမိ နိုင် သေနတ်နှင့် မထိနိုင်၍လည်း အခက်ကျပြီး၊ ဤမျှအစွမ်းကောင်းနေသူနှင့် ဘက်ပြိုင်ရန်မှာလည်း

တဖြည်းဖြည်း ကြက်သီးမွေးညှင်းများ ထလောက် ထိတ်လန့်ကြောက်ရွံ့လာတော့၏။

သို့ရာတွင် ကိုဘိုးကွန်း မှာ၊ ဟန်မပျက်စေဘဲ။ လက်နက်လူသူစုရုံးလာသဖြင့်လည်း တနည်းအားတက်ခါ...

"တောက် ဒီအကောင် သိပ်ဇက်ရဲတာဘဲကွာ၊ တို့အနားမှာ အမြဲရစ်နေတာဘဲ၊ ကဲ... ကဲ... လာကွာ ဒီအကောင် ဘာမို့လဲ၊

တနေ့တော့ မိရမှာဘဲ။ လာလိုက်ကြအုံးစို့။"ဟု ကြိမ်းဝါးကာ လိုက်ရန် ဟန်ပြင်ပြန်လေ၏။

တပည့်များလည်း ကိုယ်စီကြောက်နေကြရာမှ ဆရာ ကဲ့သို့ပင် ဟန်တပြင်ပြင်နှင့် ရောယောင်ကြခါ..

."လိုက်တာကတော့ ဟုတ်ပါရဲ့ ဆရာ၊ ဘယ်ဘက်ကိုလိုက်မလဲ၊ ခုန ဟိုကောင်းပြေးတာ ဘယ် ဘက် ပြေးတုန်း ဆရာရဲ့" ဟု မေးနေစဉ်...

တဘက်မှာ (ဟီဟီဟိ)ဟု အသံကွဲကြီးနှင့် လှောင်ရီရီလိုက်သံကြားရ၍၊ အသံလာရာဘက်သို့ လှည့်ကြည့်ကြသော အခါ

နံငယ်ပိုင်းကို ဝတ်ထားသော ဘိုးဒန်လည်းကိုင်ထားသော ဓါးမကြီးကို မြှောက်ခါမြှောက်ခါ ပြလျှက် သူ ဒီမှာရှိသည်ဆိုသော အထိမ်းအမှတ်ပြနေလေ၏။

ကိုဘိုးကွန်း နှင့် ပုလိပ်တို့သည် "ဟော ဟိုမှာ" ဟုဆိုကာ သေနတ်တွေနှင့် ချိန်ကာ တဒိန်းဒိန်းပစ်ရင်း

လိုက်လာသော နောက်က ပုလိပ်များအား မကြာခဏလှဲကာ၊ လက်ယပ်ခေါ်သလို သရော်သလို နှင့် လုပ်၍ သွားလေရာ

ကိုဘိုးကွန်းမှာ မခံမရပ် နိုင်အောင် ဒေါပွ၍ သေနတ်ခလုပ်ကိုသာ တခုပြီးတခု ဖြုတ်ရင်း ရှေ့ဆုံး မှ ခေါင်းတယ်၍လိုက်ခဲ့လေ၏။

ကုန်း၊ ကျင်း၊ ခလုတ်၊ သစ်ငုတ်၊ ဆူးညှောင့်များကို တုံးတိုက်တိုက် တိုင်တိုက်တိုက် သဘောနှင့် ဒရောသောပါး လိုက်လာခဲ့ရာ

တောနက်ကြီးထဲသို့ရောက်မှန်းမသိ ရောက်လာပြီး၊ ထိုအချိန်တွင် နေလည်း လုံးလုံးဝင်သဖြင့် မမြင်မကန်း အမှောင်တွေဖုံးလွှမ်းလာလေရာ

ဘိုးဒန်ကိုလည်း လုံးလုံး သား မျက်ခြေပြတ်သွားလေ၏။ ကိုဘိုးကွန်းတို့မှာ ထိုအခါမှပင် မောမှန်း ပန်းမှန်း သိကြပြီး။

လွယ် ထားသော... ဗူးထည်းက ရေများသောက်ခါ၊ မြေပေါ်ဖင်ထိုင်၍ အမောဖြေရင်း။

အမှောင်ကို လင်း စေခြင်းငှာ သစ်ကိုင်းခြောက်များ စုပုံပြီး မီးဖိုကြီးတစ်ခုဖိုကြလေ၏။

မီးဖိုအလင်းရောင်ကြောင့် မိမိတို့ရောက်နေသော တောကြီးမှာ အဓိကရသစ်ပင်ကြီးများဖြင့် ဖုံးလွှမ်း ထားကြောင်း သိရလေ၏။

မီးဖိုကြီးမှာလည်း သစ်ရွက်ခြောက်များအရှိန်ကြောင့် မီးတောက်ကြီး များမှာ လူတစ်ရပ် စာ မျှ မြင့်မားပြီး

မိမိတို့ပတ်ဝန်းကျင်တဝိုက်မှာပင် လင်းထိန်နေတော့၏။ ထိုခဏ ၌ ပုလိပ် တစ်ယောက်က"ဟော... ဟော ဟိုမှာ ဟိုမှာ လာပြန်ပြီ"

ဟု ပြောသဖြင့် ကိုဘိုးကွန်းနှင့် လူအများလည်း ပြရာသို့ကြည့်ကြရာ မနီးမဝေးမီးရောင်အလင်း၌ ထားကြီး ကိုင်ကာ

ပြုံးစိစိမျက်နှာကြီးနှင့် ရပ်ကြည့်နေသော ဘိုးဒန်၏ပုံသဏ္ဍာန်ကို တွေ့မြင်ရပြန် လေ၏။

"ဟေ့ ပစ်ကြကွာ၊ တညီတညွတ်ထဲဟေ့၊ (ဝမ်း၊ တူး၊ သရီး")ဟုကိုဘိုးကွန်းက ခေါင်းတည်ကာ သေနတ်တွေ တပြိုင်ထဲ မောင်းဖြုတ်လိုက်ရာ

တတောလုံး ဟိန်း သွားလေ၏။ ဘိုးဒန်ကား သေနတ်မှထွက်လာသော မီးခိုးများနှင့် ရောထွေးကာ

ဘယ်ဆီသို့ရောက် မှန်းမသိ ပျောက်ကွယ်သွားလေတော့၏။ ကိုဘိုးကွန်းမှာ စိတ်ပျက်လက်ပျက်ဖြစ်လာလေ၏။

"ဒီအကောင်ဟာ တကယ်ဘဲ သေနတ်ပြီးနေပါပြီကွာ၊ ဒီလိုသာဘမ်းနေရင် တသက်လုံးမိမှာမဟုတ် ဘူး၊

ဓါတ်ငွေ့ ပါတဲ့ ယမ်းတောင့် နဲ့ ပစ်ဘမ်းရင်တော့ ရချင်ရမလား မသိပါဘူးကွာ" ဟု ညည်းမိရှာတော့၏။

ထိုခဏ၌ မီးပုံကြီးထဲသို့ မြေစိုင်ခဲကြီးတစ်လုံး အုံးကနဲ ကျလာလေ၏။

ကိုဘိုးကွန်းလည်း ခဲလာရာ သို့ မှန်းကာ တစ်ချက်ပစ်ပြန်ရာ နောက်ထပ်မြေစိုင်ခဲနှစ်လုံး ကျပြန်၏။

သေနတ်တစ်ချက်ပစ်ပြန်ရာ နောက်ထပ် မြေစိုင်ခဲလေးလုံး ကျလာ၏။

သို့နှင့် တချီထက်တချီ မြေစိုင်ခဲတွေ တဆတဆတိုး၍ ကျ လာရာ ကဟုန်းဟုန်း တောက်နေသော မီးပုံကြီးမှာ မြေစိုင်ခဲတို့ ဖုံးလွှမ်းမိ၍

မီးရောင်ပျောက်ကွယ် မှေးမှိန်ပြီး မှောင်ကြီးကျသွားလေ၏။

မီးရောင်မှိတ်သွားသောအခါ၌မူကား မြေစိုင်ခဲများ ကျမလာ တော့သဖြင့် အတော်သက်သာစရာရသွားလေ၏။

မီးကို ထပ်ထည့်မည်ကြံမိရာ တချို့က မြေစိုင်ခဲ တွေကျလာမှာ စိုးရိမ်သည့်အတွက်

မှောင်ထဲမှာပင် ထိုညအဘို့ လူစောင့်နှင့်လဲ၍ အိပ်ကြရန် တိုင် ပင်ကြ လေ၏။

အားလုံးအညောင်းပြေလှဲမိကြသောအခါ လေအေးကလေးကလည်း တသုံသုံ တဖြူး ဖြူးတိုက်လာလေ၏။

လေအေး ထဲမှာ အလွန်ဆိုးဝါးပုပ်ဟောင်လှသော လူသေကောင်ပုပ်နံ့ကဲ့သို့ အနံ့ဆိုးကြီးတစ်ခု ပါလာ လေရာ

ကိုဘိုးကွန်း တို့ လူစုမှာ အသက်မရှုနိုင်အောင် ပုပ်ဟောင်နံစော်ခြင်း ကြောင့် တဝေါ့ဝေါ့ဖြစ် နေကြသောကြောင့် မည်သူမျှအိပ်မပျော်နိုင်ကြတော့ပေ။

အချိန်ကား ကြာ လေကြာလေ ညဥ့်နက်၍ လာလေ၏။

တောသံတောင်သံများဟိန်းလာပြီး တောတန်းတောင်တန်း တါင် မှီတင်းနေထိုင်ကြကုန်သော သတ္တဝါကြီးငယ် တို့၏

ဟိန်းဟောက် ညည်းညူသံတွေလည်း ဆူညံလာလေ၏။

ကျားဟိန်းသံ၊ သစ်ကြုတ်သံ၊ ဝက်ဝံအော်သံတွေ တချက်တချက် အဝီစိပွက်သ လို ညံလိုက်လျှက်၊

တခါတရံလည်း တောကျီး တောငှက် တွေ လန့်ဖြတ်ပြိုကြသော အသံကိုကြားရ ရာ၊

ကိုဘိုးကွန်းတို့လူစုမှာ လူတွေများ ပါလျှက် အသက်ရှူမှားအောင် ကြောက်အားပိုမိကြလေ၏။

ထိုခဏ၌ပင် ၎င်းတို့နှင့် မလှမ်းမကမ်းနေရာဆီမှ တောခွေးအတွေ ဝမ်းနည်းကြေကွဲစွာ အူကြသော အသံတွေ ပေါ်လာလေ၏

ကိုဘိုးကွန်းလည်း အရပ်လေးမျက်နှာမှောင်တိုက်ထည်းသို့ လှည့်ကြည့်မိ ပြန်ရာ၊

မိမိတို့နေရာ၏လက်ဝဲဘက် မှောင်တည်းတွင် မီးခဲတမျှ နီရဲဝင်းပြောင်လှသော မျက်လုံးအစုံ ကလေး တွေ မြောက်မြားစွာကို တွေ့ရလေ၏။

မြင်ရသောမျက်လုံးနီရဲရဲကလေးတွေမှာ အားလုံး အထက် သို့ မော်ကြည့်ကြလျှက်၊

လှုပ်လှုပ်ရှက်ရှက် အူနေကြခြင်းဖြင့် ထိုသတ္တဝါတွေမှာ တောခွေး တွေ ဖြစ်ကြောင်း သိရ၏။

"ဟေ့... ဟေ့.. လက်နှိပ်ဓါတ်မီးနဲ့ ထိုးကြည့်ကြစမ်း၊ ဟောဟို တောခွေးတောဟာအပေါ်မော့ကြည့် ကြတယ်၊

သစ်ပင်ပေါ် မှာ ဘာရှိသလဲ မပြောတတ်ဘူး၊ မီးနဲ့ထိုးကြည့်ကြစမ်း"ဟု အမိန့် ပေး၍ အပေါ်သို့ ဓါတ်မီးထိုးကြည့်ကြရာ

သစ်ကိုင်းမှ တွဲလွဲဆွဲကျနေသော ဖြူဖြူပွပွ အရာ ဝတ္ထုကြီး တစ်ခု လေထဲတွင် တနွဲ့နွဲ့ တအိအိ လှုပ်ရှားနေသည်ကို

အောက်က တောခွေးများ မျှော် ကြည့်ကာ၊ အူနေသည်ကို တွေ့မြင်ရလေ၏။ခွေးများလည်း ဓါတ်မီးရောင်ကြောင့် လန့်ကာ ထွက်ပြေးကြလေ၏။

"ဟေ... ဘာကြီးတုံးကွ။ သေသေချာချာ မီးထိုးကြည့်ကြစမ်းပါ"ဟု ကိုဘိုးကွန်း က ပြော၍ လက်နှိပ်ဓါတ်မီးလေးငါးခု စုပြုံ၍ ထိုးကြည့်ကြပြန်၏။

"ဟာ... လူကြီးဘဲ ဆရာ၊ ကြိုးကြီးတန်းလန်းနဲ့ ကြိုးဆွဲချသေနေတာဘဲ၊ ဟာ... ယောင်ဖေါလိုက် ထာကြီး ကလဲ၊

မြင်မကောင်းပါလား၊ ခြေထောက်ကြီးတွေများ ဆင်ခြေထောက်ကျလို့။

ဟယ်... အရေတွေရော တစက်စက်ကျလို့ လောက်တွေကလဲ တဖွားဖွားနဲ့၊ စောစောက ပုပ်စော်နံတာ ဒါကြီးက နံတာကိုး ဆရာရဲ့"ဟု

တစ်ယောက်တစ်ပေါက် ကြောက်ရွံ့အံ့သြစွာ ပြောကြလေ၏။ ကိုဘိုးကွန်းလည်း ရုပ်လက္ခဏာ ကို သေသေချာချာကြည့်ပြီး။

"ဟေ့... လက်ကဓါးကြီးလဲ ဆုပ်ထားရက်ပါကလား၊ ဝတ်ထားတာကလဲ နံငယ်ပိုင်း၊

ဘယ့်နှယ် ကြောင့် ဒီလောက်မြင့်တဲ့သစ်ပင်ကြီးပေါ်တက်ပြီး၊ ခေါင်ဖျားကြီးကနေ ကြိုးဆွဲချရပါလိမ့်။ အို... ငါ အခုမှ သတိရတယ်။

ဘိုးဒန်နဲ့ မတူလားဟေ့။ မျက်နှာကို သေသေချာချာ မီးထိုးပြကြစမ်း"ဟု ဆိုရာ မီးများမျက်နှာဆီသို့စု၍ ထိုးကြရာ၊

ဖေါယောင်ဖောင်းပွနေသော ဘိုးဒန်၏မျက်နှာကြီးကို တွေ့ရလေ၏။

ဤတွင်မှအားလုံး ဘိုးဒန်လူသတ်ထွက်ပြေး၍ တောပုန်းလုပ်ရင်း ကြိုးဆွဲချသေဆုံးကြောင်း ရိပ်မိ ကာ၊

မိမိတို့တွေ့ရသော ဘိုးဒန်မှာ စွဲလမ်းသောဇောကြောင့် အယူတိမ်း၍ အစိမ်းသေတစ္ဆေသရဲအ ဖြစ်နှင့်

ဇက်ရဲလက်ရဲ ပြုမူချောက်လှန့်နေကြောင်း ကောင်းစွာအရည်လည်ကြတော့လေ၏။

ရာဇ ဝတ်အုပ် ကိုဘိုးကွန်းအား အထက်အစိုးရများထံသို့ ဘိုးဒန် သေဆုံးနေကြောင်း၊

ရွာတွင်တွေ့ရ သော ဘိုးဒန်မှာ နာနာဘာဝဖြစ်ကြောင်း၊ မှန်တိုင်း အစစ်ခံလျှင်၊ အထက်အရာရှိတွေက တစ္ဆေသရဲ ယုံချင်မှယုံမည်။

သည်တော့ ဆုငွေလဲရ နာမည်ကောင်းလဲရအောင်၊ ဘိုးဒန်ကို မိမိတို့အစွမ်းနှင့် အသေရအောင် ဘမ်းခဲ့ ရသည်ဟု အစီရင်ခံရန်နှင့်

အလောင်းပုံစံကို ဆေးရုံသို့ယူလာရန် အကြံရ လေ၏။

တပည့်များနှင့်တိုင်ပင်ကာ ပုပ်ပွနံစော်လှသော အလောင်းကြီးကို သယ်ယူသွားရန်၊

ညချင်း ပင် ကြိုးဆွဲချ ထားသောကြိုးကို သေနတ်နှင့်ချိန်၍ ပစ်လိုက်ရာ၊ အလောင်းကြီးမှာ ကြိုးပြတ်ပြီး ဘုံး ကနဲကျလာလေ၏။

အလောင်းကြီး သည် မြေပေါ်သို့ရောက်သည်နှင့် တပြိုင်နက်

ရုတ်တရက်ထိုး ထိုးထောင်ထောင် ထလာသော လှိုဏ်သံပါသော အသံကြီးတမျိုးနှင့် ဟစ်အော်ပြီး၊

လက်ကားယား ခြေကားယားကြီးနှင့် ကိုဘိုးကွန်း နောက်သို့ လိုက်လေရာ၊ ကိုဘိုးကွန်းနှင့် ပုလိပ်သားများလည်း၊

တခါမှ မကြုံဘူးသည့် ကြောက်မက် ဘွယ်ရာကြီး တွေ့ရသောကြောင့် ငယ်သံပါအောင် ဟစ်အော် ကြကာ

ဖနောင့် နှင့် တင်ပါး တစ်သားတည်း ကျအောင် ပြေးခဲ့ကြလေ၏။

ကိုဘိုးကွန်း မှာ အကြီးအမှူးဖြစ်သော်လည်း အကြောက်ဆုံးဖြစ်၍ ရှေ့ဆုံးကပြေးခဲ့သော်လည်း၊

ထပ်ကြပ် လိုက်ပါလာသော အလောင်းကြီးကို မရှောင်သာဘဲ၊ ခလုပ်တိုက်လဲရာက ကုန်း၍ထနေရ သည်တွင် နောက်မှ ကျန်ရစ်ခဲ့ပြီး၊

အလောင်းကောင်ကြီး မိမိကိုယ်ပေါ်သို့ ခွစီးမိသည့်အချိန်ကစ၍ သတိမရဘဲ မေ့မြော သွားလေရာ၊

နောက်တစ်နေ့ နေ့ခင်းပုလိပ်များ တောနင်းရှာမှ မေ့မြောပြီး အလောင်းကြီးနှင့်အတူ လဲနေသည်ကို တွေ့ကြရတော့သဖြင့်

အလောင်းရောလူပါ မြို့ဌာနသို့ သယ်ပိုး လာပြီး ဖြစ်သမျှကို အစအဆုံး ပုလိပ်အမှုထမ်းများက အစီရင်ခံကြရလေ၏။

ကိုဘိုးကွန်းကား ဆရာဝန်များကုသပေးခြင်းဖြင့် သတိရလာသော်လည်း သည်းခြေပျက်ခါ အရူးကြီး လုံးလုံး ဖြစ်သွားရရှာလေ၏။

သားမယားနှင့် မိဘဆွေမျိုးများမှာ တဆရာမကောင်း၊ တဆရာပြောင်း ဆိုသလို၊ ဝဋ်ဟောင်းဖြင့်ကြေ ဝဋ်သစ်ဖြင့်ပြေပါစေဟူသော

စိတ်ထားနှင့် ကြိုးစားကုသကြရာ သုံး လေးနှစ်ရာသီ ရှိသော်လည်း သက်သာသည်မရှိဘဲ ကိုဘိုးကွန်းမှာ သေနတ်ပစ်ပုံ

အလောင်းကောင် ကြီး လိုက်လာပုံ တွေကို ရေရွတ်မြည်တမ်းကာသာ အချိန်ကုန်ခဲ့ရှာလေ၏။

နောက်ဆုံးတွင် ကံအားလျော်စွာ ကျွန်တော်၏ဆရာကြီးနှင့် သူတို့၏ရင်းနှီးသောမိတ်ဆွေများ တွေ့ သွား ကြရာက အစပြုလျက်၊

ဘုရားကု၊ သမားကု၊ သမာဓိကု၊ အထက်လမ်းကုနည်းဖြင့် ကုစားခဲ့ရာ ယခုအခါ ကိုဘိုးကွန်း မှာ

ကောင်းစွာပျောက်ကင်းချမ်းသာသွားရှာပြီး သူတော်သူမြတ်အဖြစ်နှင့် ဘဝခရီးကို ရုန်း တော့မည်ဟု ဆုံးဖြတ်ခါ

အစိုးရအလုပ်ကိုလည်း ပြန်ဝင်ခြင်းမပြု။ သားမယားကို လည်း လျစ်လျူရှုလျက်

ဥရုဝေဠချောင် တွင် ရဟန်းအသွင်နှင့် ကမ္မဋ္ဌာန်းဝင်လျှက်ရှိရာလေတော့ သတည်း။


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmMwcNueoUMecB9D2Na8lFobwz__2BMLFbYcYUNoS2WcuLub28gCMLcLI03wqjMoGlLkyVhPNI1o1uBVWerNq5nO0iHiw6XjaYX0CkA1UzIgPIJJfbaHa3QXEfo_bZj-E6zyNmCVI-8L8/s1600/165437_499599480101831_1595976393_n+(1).jpg
ပြီးပါပြီ။

cr to Khine Zarli

Lon Ely...........

ဝရမ်းပြေး(၂)

  https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQpkY1eEsgzN4sBbV1QSkvvzdtaHnCw1VQCtJKjuXuR4-UMzzC0bB7dFrU4jJUEMjg4NI6J70Bzm8B7_uj2_IB1d5w0s3iChOh2XK5cYAw56AFdOKOzT-2cEN94KGAfGpRbQSLMkOqOf4/s1600/67862_499599073435205_1707496616_n.jpg
တဲအတွင်းရှိ လူမောင်နှင့်မယ်အိတို့ကို သွားကြည့်ကြသောအခါ၊ ရန်ညှိုးကြီးကြီးနှင့် အကြိမ်ပေါင်း မြောက်မြား စွာ နောက်ထပ်ခုတ်ထစ်ထားသော ဒါးဒဏ်ရာများနှင့် ဦးနှောက်ထွက် ဗိုက်ပေါက် နေသော လူမောင်၏ အလောင်းနှင့် လည်ပင်းတိတိယိယိပြတ်နေသော မယ်အိတို့အ လောင်းကို တွေ့ရသောကြောင့်၊ တရွာလုံသနားစုတ်သပ်၍ မဆုံးရှိလြေ၏. တချို့ကလည်း။


"သူ့မယားခိုးတဲ့ကောင် သေတာတောင်နဲသေးတယ်" လင်ငယ်နေတဲ့မိန်းမလဲ ဒီလိုဘေးဆိုးမျိုးနဲ့ တွေ့မှ ကောင်းတယ်။

ဘယ့်နှယ်တော်လင်က တောင်တဲနေရရှာတဲ့အခိုက်မှာ မယားက ဒီလို ရက်ရက်စက်စက် လင်ငယ် ယူပစ်လိုက်တာကောင်းရော့မလား၊

မတရားလို့ ဘုရားပြတာဟု ပြောကြလျှက်၊ အချို့ကလည်း မယ်အိဘက်မှ ရှေ့နေလိုက်ခါ-

"ဒီလိုဖြစ်တာ မယ်အိလဲအဆိုးမဆိုသာဘူး၊ သူ့ခမြာစာရမဲ့ သောက်ရမဲ့နဲ့ လင်လုပ်တဲ့ အကောင် ကလ

ဲထောင်ထဲကထွက်ရတယ်မရှိတော့ ဖြစ်မိဖြစ်ရာဆိုတာကို အားကိုးရာမဲ့ လူမောင်နဲ့ တွေ့ တော့ယူလိုက်တာဘဲ

သူမတော့ ဒီကောင်မလေး ကံဆိုးရှာတာပေါ့လေ၊

လူမောင်ကလဲ သနားလို့ ကြည့် ရှုစောင့် ရှောက်ရာက သနားလွန်းလို့ တဏှာကျွန်ဖြစ်သွားရရှာတာပါ"ဟု

ဘုရားတကာပိုင်းကျောင်းအမပိုင်းနှင့် လူငယ်လတ်ပိုင်းတို့တွင် ကိုယ့်အတွေးနှင့် ကိုယ်အမျိုးမျိုး အထွေထွေ ပြဿနာဖြေ၍ နေကြလေ၏။

ရွာသားများလက်မှ လွတ်ထွက်သွားသော ရာဇ၀တ်ကောင်ကိုမူကား နောက်တနေ့ ပုလိပ်များနှင့် တောနက် ရှာကြလေ၏။

ဘိုးဒန်မှာ ထောင်ပြေးဖြစ်နေရာတွင် ရက်စက်သောလူသတ်မှုကြီးကို ကျူးလွန် တိမ်းရှောင်နေသူ ဖြစ်သောကြောင့်၊

ပုလိပ်အရာရှိများမှာ မနေမနားကြိုးစား၍ လိုက်နေရ လေ၏။

ဘိုးဒန်ရှောင်ပုန်း နေသော တောအတွင်းသို့ ခြေရာချင်းထပ်အောင် ရှာဖွေနေရသည် တိုင်အောင် အထက်ရာရှိကြီးများကလည်း

ဤမျှ ကြီးလေးသော ရာဇ၀တ်မှုကျူးလွန်သူ ထောင်ပြေး အား၊ အပူတပြင်းလက်ရဘမ်းဆီးရန်၊

အမိန့်ထုတ်ပြန်ထားရုံမက ဆုငွေငါးရာနှင့် ပင်လူပုံစံပေး၍၊ မြန်မာ တပြည်လုံး အနှံ့အပြား ကြော်ငြာထားပြန်သောကြောင့်၊

လက်အောက် ရာဇ၀တ်အမှုထမ်း များမှာ နေ့ည မနား၊ ရှေးကထက်ကြိုးစားရလေသတည်း။

ဘိုးဒန်ဝေးဝေးမပြေးဘူး ၊ ရွာနားကတောထဲမှာဘဲ ရှိသည်ဟူသော သတင်းမှာ အနံ့ထွက်လာလေ ၏။

ပုလိပ်များလည်း တောနင်းကာ နေ့စဉ်နှင့်အမျှ ရှာဖွေနေကြရာက၊ ဤသတင်းကိုကြားရသော အခါ၊ မခံ နိုင်အောင် ရှိကြလေ၏။

သတင်းကြားသူကို မရအရပိုက်စိတ်တိုက်၍၊ လိုက်လံစုံစမ်း သောအခါ ရွာမှ ယာလုပ် ထင်းခုတ် ထွက်ကြသူများထံမှ

တောစပ်တွင် ဘိုးဒန်ရိပ်ခနဲ ဖြတ်ပြေး သည်ကိုတကိုယ်လျှင် နှစ်ကြိမ် သုံးကြိမ်မျှ တွေ့မြင်လာကြကြောင်း အစစ်ခံချက်ရလေ၏။

ထို့ကြောင့်အထူးဝတ္တရားနှင့်ရောကလာသော ရာဇ၀တ်အုပ်ကိုဘိုးကွန်းမှာ မိမိတို့ဤမျှရှာဖွေ နေပါလျက်၊ မတွေ့မမိရမလား။

ဟုရှူးရှားရှား ဒေါပွကာ၊ လက် အောက်အမှုထမ်းပုလိပ်များနှင့် ရွာသားများကိုပါ ဆင့်ခေါ်ပြီး၊

တောကြီး တလျှောက် သို့ ဖက်ရွက်ချောက်မျှမကျန် မြေလှန်၍ ရှာကြပြန်လေ၏။

သို့သော်လည်း ဘိုးဒန်၏ အရိပ်အစ မျှ မတွေ့ရရာဇ၀တ်အုပ် ကိုဘိုးကွန်းကလည်း လုံးလမလျှော့ဘဲ၊

တောကြီး မျက်မဲတွင် မရမနေ ရှာဖွေ ၍ နေတော့၏။အစာပြတ် ရေငတ်နှင့် မရပ်မနားရှာဖွေလာကြပါသော်လည်း

လေးငါးရက်ခရီး ရှိသည်တိုင် မထူးခြား ခဲ့သောကြောင့် စိတ်အားလျှော့ကာ ဆိပ်ပေါက်ရွာသို့ တလှည့်ပြန်လာခဲ့ကြရပြန်လေ၏။

ရွာသို့ ရောက်လျှင်ပင် ရွာကလူများမှာ ဋ္ဌာဏာအုပ်နှင့် သူကြီးထံသို့ အူယားဖါးယားပြေးလာကြ ပြီး

"သူကြီးမင်း - သူကြီးမင်း- ဘိုးဒန်ကို ဘမ်းလို့ မမိခဲ့ဘူးလား၊ ဘာမိမလဲဗျ၊ ဘိုးဒန်က ဒီရွာထဲ ရောက်နေ တာကလား"ဟု

ဆီးပြောကြသောကြောင့် ရာဇ၀တ်အုပ်ရော သူကြီးပါ မိမိတို့မောဟိုက် စွာရှာခဲ့ရသည်ကို သက်ပြင်းချ လိုက်ကြလေ၏။

"ဘယ်မလဲကွ၊ ဒီအကောင်ရွာထဲလာတယ် ဟုတ်လား၊ မင်းတို့ကဘာလို့ ဘမ်းမထားကြသလဲ။

မင်းတို့က ဒီဝရမ်းပြေး ကို လက်ခံထားကြတယ်ပေါ့လေ"ဟု ရာဇ၀တ်အုပ်ကိုဘိုးကွန်းက ပုလိပ်ပြီင်္ပြီ ရွာသားတွေကို ကြိမ်းလေ၏။

ရွာသားများမှာ အကျိုးလို လို့ညောင်ရေလောင်း၊ ပတ်ထမ်းတွေ့ဆို သလိုပြောသည့်အတွက် အခက်ကြုံရတော့မလို ရှိကြ၏။

သို့ရာတွင် ခပ်စွာစွာရွာသားတစ်ဦးက

"ဟာ ကျွန်တော်ဘာလို့ လက်ခံရမှာလဲဗျ၊ လက်ခံမထားလို့ ဖမ်းပေးရမှာကလဲ၊

ကျွန်တော်တို့ လက်ထဲမှာ လက်နက်ဆိုလို့ နစ်ဘက်ချွန်မှမရှိတဲ့ဟာ၊ ဘယ့်နှယ်လုပ်ဘမ်းမလဲ၊

ဘိုးဒန်လက်ထဲ မှာသွေးစီး နီနီရဲရဲတွေ ခြောက်နေတဲ့ ဒါးကြီးကိုင်ရက်မြင်ရတယ်ဗျ၊ သူကမျက်နှာကြီးကလဲ၊

အဲဟိုညက၊ မယ်အိတို့ကို ခုတ်သတ်တဲ့ မျက်နှာထားမျိုးကြီးအတိုင်းဘဲ၊ ဒီရွာထဲမှာ ဘယ်သူ့ကို များသတ်အုံးမယ်လို့လဲ မပြော တတ်ဘူး"ဟ

ု ပြူးပြူးပြာပြာပြောလေ၏။

"ဟေ့နေပါအုန်း၊ မင်းတို့ဘယ်လိုမြင်ရသလဲ၊ ဘယ်နေရာမှာမြင်ရတာလဲ"

"မယ်အိတို့တဲကလေးရှေ့မှာဘဲဗျ၊ လရောင်အောက်မှာ ဒါးမကြီးတမမနဲ့ ခေါက်တုံ့ခေါက်ပြန် ရှောက် နေတာဘဲ၊

ကျွန်တော်တို့လဲ အဝေးကသာ ချောင်းကြည်ဝံ့တာ၊ လူမြင်ရင် မြင်တဲ့လူ လိုက်ခုတ်မှာ စိုးရ သေးတယ်၊"

"အခုရှိသေးသလား"

"ဘယ်သိမလဲဗျ၊ သူ့အိမ်နားမကပ်ဝံ့ဘဲ"

"နေ့ခင်းတော့ အိမ်ရှေ့ထွက်တာ မမြင်ရဘူးလား"

"နေ့တော့ မမြင်ရဘူး၊ ညမှမြင်ရတယ်၊ သိပ်ရဲတဲ့လူဗျ ဒီလူဟာထောင်ကလဲ ထွက်ပြေးနိုင်၊

ပုလိပ်တွေ ဒါလောက် လိုက်နေတာ သိရက်နဲ့များ ဒီလိုရဲရဲကြီး လာဝံ့တာအံသဗျာ၊ ကျုပ်တော့ မဟုတ်မှလွဲရော၊

ဒီလူမှာ စွတ်တာ တခုတော့ ရှိပြီထင်တယ်၊ မစွမ်းဘဲနဲ့ ဒီလောက်အတင့်မရဲဝံ့ဘူး"

ဟုတ်တယ်- သူကြီးမင်းရဲ့၊ ဟိုတလောက သာစည်နယ်မဲတောရွာက စံဖဲလိုလူသားမျိုးထင် တယ်၊

သူ့ကိုပုလိပ်တွေလိုက်နေမှန်း သိရက်နဲ့၊ ဒီနားတ၀ိုက်က ဘယ်မှမပြေးဘဲ နေရုံမကဘူး ကြည့်ပါ အုံး၊

ပုလိပ်တွေက တောနင်းရှာတုံး သူကရွာထဲလာပြီး လူယောင်ပြတယ်၊ ပုလိပ်တွေ ရွာထဲရှိတဲ့ အခါတော့လဲ တောထဲက ရိပ်ခနဲ လူမြင်အောင်ပြတယ်၊

လက်ကဒါးမကြီးလဲ ဘယ်တော့မှမချဘူးတဲ့၊ သိပ်စွမ်းနေတဲ့ လူဘဲဟု ပြောကြရာ၊

ရာဇ၀တ်အုပ် ကိုဖိုးကွန်းမှာ ပုလိပ်တွေအများနှင့် လာဘမ်းသူ ဖြစ်ပါလျှက် ၀ရမ်းပြေး ဘိုးဒန် ဤမျှဇက်ရဲနေသည်ကို မခံနိုင်အောင် ရှိတော့၏။

"ဟေ့- ဒီနေ့ကြည့်ကြကွယ်၊ မြင်တာနဲ့ တပြိုင်နက်ထဲ ငါ့လာပြောလှည့်ကြ၊ အိမ်ကိုပုလိပ်ဝိုင်း ပြီးဘမ်းရင် မင်းအကောင်ခံနိုင်မလားဟု

ကြိမ်းဝါးကာ ရွာသားများအား အရိပ်အဆင်စောင့်ကြည့် စေပြီးမိမိတို့ကား အစားအစာအတော်ပင် ငတ်ပြတ်လာသည့်အားလျော်စွာ

ရွာကခန့်ခွဲရရှိသော ဆန်-ဆီ-ငရုပ်- ကြက်သွန်တို့ဖြင့် ကြက်လေးငါးကောင်ကို တပည့်ပုလိပ်များ ချက်ပြုတ်နေကြ သည်ကို

ထန်းရည်ကလေး တမြမြနှင့် သူကြီးအိမ်ရှေ့ ကွပ်ပြစ်ပေးမှ ထိုင်၍စောင့် နေလေ၏။ အချိန်လည်း မီးခွက်ထွန်း သာသာရှိလာ၏။

ဆာလောင်မွတ် သိပ် ခြင်းကလည်း ပြင်းထန်လာရ ကား......."

"ဟေ့ကောင် တွေ ချက်လို့်မပြီးသေးဘူးလားကွ- ဆာလှပြီ၊ ထမင်းမြန်မြန်ပြင်ပါတော့ကွ"

ဟု အိမ်ရှေ့ဆီမှ အော်ဟစ်လိုက်သောကြောင့်၊ ဟင်းအိုးအနီးတွင် ကြက်ခြေထောက်ရိုးနှင့် ထန်းရည် ခါးကို

ို မြီးနေကြသော ပုလိပ်အမှုထမ်းကလေးများသည် ပြာရီးပြာရာ ထမင်းပွဲပြင်ပြီး ဆရာ့အနီးသို့ ယူလာကြ လေ၏။

ကိုဖိုးကွန်းသည် အလွန်အမင်း ဆာလောင်၍ ၀မ်းဟောင်နေရာတွင် အငွေ့တထောင်းနှင့် ပြင်လာ သော

ထမင်းပွဲရံကြီးကို ကြည့်ပြီး ကြေနပ်ခြင်းကြီးမက ကြေနပ်သွားလေ၏။

အငွေတထောင်း ထောင်းနှင့် မောင်းထောင်းဆန်ကိုချက်ထားသော ထမင်းမှာ သင်းပျံ့ မွေးကြိုင်သော အနံ့ကို

ပြန့် နှံ့ဝေငှပြီးလျှင် ဆနွင်းဝါ၀ါနှင့် တောလိုက်ဘာသာဖြစ်သလို ချက်ထားသောကြက်သား၊ ဟင်းကလေး မှာလည်း မွေးကြိုင်လှသော

ယနံ့ထောင်းထောင်းဖြင့် နှာခေါင်းကိုထိစေငြိစေလေ၏။

ကြက်မြစ်ကြက်သဲ တွေကိုလည်း ပန်းကန်ကြီးတချပ်နှင့် သီးခြားကြော်ထဲ့ထားလျက်

ငြုပ်သီးစိမ်း နှင့်ကြက်သွန် ကိုသံပုရာရည်ညှစ် ထာသောချပ်တနီး ကလေးကလည်း မွေးချင်တိုင်းမွေးနေတော့ ၏။

အားရပါးရ လွေးတော့မည်ဟု ထန်းရေးအိုကို ဖယ်ခါ ဇလုံပန်းကန်တွင် လက်ဆေးပြီး ထမင်းပွဲထဲသို့ လက် စိုက်မိသည်နှင့် တပြိုင်နက်

ရွာသားတယောက်သည် သုတ်သီးသုတ်ပြာ နှင့် အပြေး ရောက်လာသောကြောင့်

သူကြီးအိမ်သားများ ပုလိပ်များနှင့် ကိုဘိုးကွန်းပါ အံ့အားသင့် ခြင်းဖြင့် ကြောင် တက်တက်ကြီး ငိုင်ကြည့်နေကြရတော့၏။

ပြေးလာသူလည်း ကိုဘိုးကွန်း အနီး သို့ကပ်ခါ......

"ဆရာ-ဆရာ၊ ဟိုမှစံဖဲ- အဲလေ၊ ယောင်လို့- ဘိုးဒန်- ဘိုးဒန်ရောက်နေပြီဆရာရဲ့၊ တဲရှေ့မှာ မတတ်တတ်ကြီး ရပ်လို့ လက်ကလဲ ဒါကြီးနဲ့ဘဲ"

ဟု မောဟိုက်ပင်ပန်း ကမန်းကတန်း ပြောလေရာ တအိမ်သားလုံး ဒိတ်ခနဲ ဖြစ်သွားကြသော်လည်း

ကိုဘိုးကွန်းမှာမူကား ထမင်းစားရန်ကိုမျှ သတိ မရတော့ ဘဲ ဆပ်ခနဲ ခြောက်လုံးပြူးကို ဆွဲနှုတ်ခါ..

"ဟေ့ ဘယ်မလဲကွာလာ- လာ- သွားကြမယ်၊ ဟေ့ကောင်တွေအားလုံး ဒါလွတ်တွေချွတ်ကိုင် ခဲ့ကြ၊

ဟိုရောက်ရင် ခပ်လှမ်းလှမ်းကနေပြီး မင်းတို့လက်ချင်းဆက်ပြီး တခါထဲဝိုင်းထားကြ။ လာဟေ့သွား မယ်။"

ဟု ဆိုဆိုပြောပြော။ ဒေါရောမောရော ကသောကမြောထွက်ခဲ့ရာ။ ပုလိပ်အမှုထမ်းတွေလည်း ထမင်းပွဲကြီးတန်းလန်းမျှ မသိမ်းနိုင်ကြတော့ဘဲ။

ကိုဘိုးကွန်းနောက်သို့ လိုက်ပါခဲ့ကြရလေ၏။

သူကြီး မှာလည်း မနေသာသဖြင့် ရွာသားများကို စုရုံး ခေါ်ယူကာကိုဘိုးကွန်းသွားရာသို့၊ ကူညီရန် လိုက်ပါလာကြရပြန်သဖြင့်၊

အိမ်တွင် လူရှင်းသွားလေ၏။

သူကြီးကတော်နှင့် ကလေးများမှာလည်း ၊ စားမည့်တန်းလန်း ထမင်းပွဲကြီး ကို မသိမ်းရသေးဘဲ

ပြန်လာလျှင် အဆင်သင့်စားရန် ပြင်ထား သော အိမ်ရှေ့ဝါးကွပ်ပြစ်ပေါ်မှာပင်၊ သံဆကာအုပ်ဆာင်း အုပ်ထားလိုက်ရလျှက်၊

မိမိတို့မိသားတစု မှာ နောက်ထပ်အိမ်ပြင်လည်း မထွက်တော့ဘဲ။

တရွာလုံး တိတ်ဆိတ်၍ အထိတ်တခန့်ဖြင့် သွားကြသလို ကိုယ်စီ ကိုယ်စီ ကိုယ်ဘေးကိုယ် မြင်သဖြင့် အိမ်တွင်းမှပင်တံခါးကို လုံခြုံစွာပိတ် ပြီး၊

ဘိုးဒန်ကို ဘမ်းဆီး၍ မိပြီဆိုသော သတင်းကိုနားစွင့်နေကြရတော့သည်။

သူကြီးကတော်လည်း။ အတန်ကြာ ငြိမ်ဝပ်စွာ နားစွင့်နေရာမှ၊ ရွာလည်ဆီကဒိန်းကနဲ- ဒိန်းကလဲ သေနတ်သံ နှစ်ချက်ဆင့်၍ ကြားလိုက်ရသဖြင့်။

တောပုန်း ၀ရမ်းပြေးကြီး ဘိုး ဒန်ကိုမိလေပြီဟု၊ အသင့်တင့်စိတ်အေးသွားမိလေ၏။

ထို့နောက်တခဏမျှကြာသောအခါ ထမင်းပွဲပြင်ထားသော အိမ်ရှေ့ ကွပ်ပြစ်စီမှ ပန်းကန်းသံဇွန်းသံတွေ ကြားရသဖြင့်

ရာဇ၀တ်အုပ်ကိုဘိုးကွန်းတို့ ပြန်လာကြ ပြီအထင်နှင့် အိမ်တံခါးပေါက် သို့ ကပြာကရာလာကြည့်မိသောအခါ။

သူကြီးကတော် နှင့် အိမ်သား တစုမှာ၊ နဂိုက ပူနေအောင် ကြောက်ကြရာတွင် အိမ်ရှေ့ကွပ်ပြစ် ထမင်းပွဲ မှာ ကိုဘိုးကွန်းတို့ မဟုတ်ဘဲ၊

ဝါးရမ်းပြေးဘိုးဒန် ဖြစ်နေလျှက် ကိုဘိုးကွန်း တို့စားရန် အသင့်ပြင်ထားသော ထမင်းပွဲ ကြီးကို ပိုင် စိုးပိုင်နင်း အခန့်စားထိုင်းစားနေရုံမက၊

စားပြီးသော ဇွန်းများ ပန်းကန်များ ကိုပင်၊ ဂျိုးဂျိုး ဂျောင်းဂျောင်း၊ မြည်အောင် ပေါက်ချလွင့်ပစ်နှင့်

လုပ်ချင်သလို မလေးမခန့်လုပ်နေသည်ကို တွေ့ရလေ၏။

ဘိုးဒန်၏မျက်မှာကြီးမှာလည်း လွန်စွာကြမ်းတမ်းခက်ထန်ျးက်၊ လက်တဘက် က ဒါးကြီးကိုလည်းမချ၊

တင်းကြပ်မြဲမြန်စွာ ဆုပ်ကိုင်ထားသည်ကိုကို တွေ့ရပြီး၊ အင်္ကျီတုံးလုံး အောက် ပိုင်းတွင် နံငယ်ကလေးမျှ ဖုံးထားသောဘိုးဒန်၏ ကိုယ်ကြီးမှာလည်း။

ယခင် ကထက် ကြီးမားထွား ကျိုင်းနေသည်ကို တွေ့မြင်ရလေ၏။

သူကြီးကတော် နှင့် အိမ်သားများမှာ ပုလိပ်တွေနေတ်ဒါးလှန်တို့နှင့် ၀ိုင်းအဘမ်းခံရသူတောပုန်း ၀ရမ်းပြေးကြီး ဘိုးဒန်၏ရဲရင့်ပုံကို၊

အသည်းဆပ်ဆပ်တုန်းအောင်ကြောက်ရွံ့လျက် အိမ်ထဲသို့ ရုတ်ရက် ၀င်မလာ နိုင်ရန်၊ တံခါးကို အမြန်ပိတ် ပြီး ကြိတ်မြုံနေရရှာလေ၏။

ဘိုးဒန် ကား ပုလိပ်တွေ စား မည့် ထမင်းပွဲကို၊ ဗိုက်ပြဲဗိုက်သန်း အ၀နှံပြီး။ ပန်းကန်ခွက်ယောက်တွေ ကန်ကြေက်ပေါက်ခွဲကာ၊

ရွာပြင်သို့ ပြန်ထွက်သွား လေတော့၏။

သူကြီးကတော်နှင့် အိမ်သားများလည်း။ ကြောက်ရွံ့ငြိမ်သက်စွာကြည့်နေကြ၍၊

အတန်ကြာမှ သူကြီးနှင့် ရာဇာဝတ်အုပ် တို့ လူစုဆူဆူညံညံဆဲဆိုမန်မဲကာ ရောက်လာကြလေသည်။

သူကြီးကတော် လည်း။ သူကြီး နှင့် ကိုဘိုးကွန်း တို့ဆီသို့ အူယားဖားယားပြေးထွက်လာ၏။

ရာဇ၀တ်အုပ်နှင့် သူကြီးတို့မှာ မကြေမချမ်း တဖြစ်တောက်တောက် ရေရွတ်နေကြလေ၏။

’’လွတ်သွားတာ နာသဗျာ သူကြီးရယ်။’’

’’ဟုတ်ပါရဲ့ ရာဇ၀တ်အုပ်မင်းရယ်။ ဒီ-တခါတော့ ပုလိပ်တွေလက်ချင်းဆက်ပြီိး။

ပိုင်ပိုင်နိုင်နိုင်ကြီး ၀ိုင်းမိပါရက် နဲ့ ဒီလိုဖြစ်ရတာ သိပ်အခံရခက်ထာဘဲဗျာ။’’

’’၀ိုင်းမိတာထက်သူကြီးနဲ့ ကျွန်တော်နဲ့ ဒီကောင်တဲထဲဝင်ပြေး-ပြေးချင်းလိုက်တယ်မဟုတ် လားး။’’

တဲထောင့်ကြားမှာ ဒါးကြီးတန်းလန်း နဲ့ ဒီကောင်ကို ကျုပ်ကပိတ်နေလို့။ ခြောက်လုံးပြူးနဲ့ တေ့ချိတ်ပြီးလက်နှိပ်ဓါတ်မီး ထိုးကြည့်တော့လဲ ။

ထူအမ်းအမ်းဖောသွတ်သွတ် မျက်နှာကြီးမှာ အဆီတွေဝေပြီး ပါးမြိုင်းမုတ်ဆိတ်တွေကလဲ

ဝက်မွေးလို ထိုးထိုးထောင်ထောင်ကြီး နဲ့ ဖြဲစပ်စပ်ကြီး ကျုပ်ကိုလှမ်းကြည့်နေတာဘဲ။

သူ့လက်ထဲက ဒါးကြီးကို ချခိုင်းတာ မချတာ နဲ့ ဒေါသထွက်ပြီး သေနတ်ကိုနှစ်ချက်တေ့ပြီး မောင်းဖြုတ်ချလိုက်တာ

ကျုပ် အထင်တော့ အူတွေထုတ်ခြင်း ပေါက်ထွက်ပြီး သေပြီထင်လိုက်တာ ၊ခွေးသားအတော်ခံနိုင်ရေရှိတယ်။

ဘာမှ မဖြစ်ဘူးဗျို့၊ ကျုပ်မျက်နှာကို သူ့ကိုယ်လုံးကြီးနဲ့ ပစ်တိုက်ပြီး ၀ှီးကနဲအပြင်ထွက်သွားတာဘဲ၊

ဒီကောင် သေနတ်များ ပီးလေသလားမသိဘူးဗျာ၊ထူးတော့အတော်ထူးတာဘဲ။

’’ကျွန်တော်တော့ သေနတ်ပီးရုံတင်မကဘူး ကိုယ်ပျောက်အတတ်ပါတတ်တယ် ထင် တာဘ။ဲ

ဘာပြုလို့လဲ ဆိုတော့ ဒီကောင်တဲထဲက ထွက်ပြေးလာတော့ တဲပြင်မှာလဲတဲကို ပုလိပ်တွေကရော ရွာသားပါ လက်ချင်း ဆက်ပြီး ၀ိုင်းထားတယ်ဗျာ။

ဒီလောက်ကြပ်ကြပ်တဲထဲ ၀ိုင်းထားတဲ အထဲရှာလို့မရအောင် လွတ်ထွက် သွားတာ။

ဒီကောင်ကိုယ်ပျောက်မတတ်ရင် ငှက်မို့ပျံမလား၊ နဂါးမို့ မြေလျှံသွားနိုင်သလား၊ စဉ်းစားကြည့်စမ်းရာဇ၀တ်မင်းရဲ့၊

ဘယ်နည်းနဲ့မှ မဆိုဒီအကောင်သေနတ်ပီး ဒါးပြီးနဲ့ ကိုယ်ပျောက် အတတ် ရှိရမယ့် တကယ့်လူစွမ်းကောင်းကြီးဘဲ။’’

ဒါကြောင့် ဒီလောက်တောင် ရဲပေတာ ပေါ့ဗျာ။

သူကြီးပြောသလိုလဲ တွေးနိုင်တာဘဲဗျို့ ကျုပ်လဲဒီကောင်ကြီးရဲ့ ထူအမ်းအမ်းစပ်ဖြဲဖြဲမျက်နှာကြီးကို မြင်ပြီး ကြက်သီိးထ သလိုလိုတောင်ဖြစ် လာသည်။

’’ ဒီလိုအစွမ်းသတ္တိရှိတဲ့တောပုန်း ၀ါးရမ်းပြေး ဖမ်းရတာ သိပ်ခက်တာဘဲဗျာ။

သာစည် နယ်မှာပေါ်ဘူးတဲ့ စံဖဲလိုအကောင်မျိုးနဲ့ တူတာလို့ ဖြစ်ရတာ မဟုတ်လား။ ကဲဗျာ- ဒါတွေထားပါအုံး၊

ဒီနေ့မမိလဲ တနေ့နေ့တော့မိအောင် ဖမ်းရမှာဘဲဗျာ။

ဒါကြောင့် ကျုပ်လဲ ထမင်းစား မဲ့ တန်းလန်းကြီးက ထပြေးရတာခုမှဆာရမှန်း ပြန်သတိရလာတယ်ဗျို့။

ထမင်းစား လိုက်ကြ ဦးစို့။ဟုပြောကာ ကိုဘိုးကွန်းသည် အခွံချည်းသက်သက် ဗြောင်းဆန်မှောက်လန်နေသော

ထမင်းစားပွဲနား သို့ ရောက်သွားလေသည်။ ”ဟောဗျာ- ထမင်းတွေ ဟင်းတွေ ပြောင်ကုန်ပကော။”ဟု အံ့သြနမြောသောမျက်နှာနှင့်ပြောလေ၏။

သူကြီးမှာလည်း အားတုန်အားနာကြီးဖြစ်ခါ-’’ဟင်-ဟုတ်ပါရဲ့ ဟဲ့-မလေး ထမင်းပွဲံကြီး ဘယ်လိုဖြစ်တာတာလဲ ၊

ညည်းတို့ကလဲ အိမ်မှာ နေရစ်ပြီးတော့ ဘာမှပြန်မကြည့်ကြဘဲကိုး’’ ဟုမြည်တွန်တောက်တီးလေ၏။

သူကြီးကတော် လည်း တုန်တုန် ရီရီကြီးနှင့်- အမယ်လေးမောင်ရင် ကျုပ်ကိုအပြစ်တင်မစောပါနဲ့အုံး ၊

ထမင်းပွဲကြီးကို ရာဇ၀တ်မင်း တို့ပြန်လာတော့စားရအောင်လို့ ကျုပ်ကိုယ်တိုင် သေသေချာချာ အုပ်ဆိုင်း ထားပါတယ် တော်။

’’ဟဲ့-မလေးရ အုပ်ဆိုင်းထားရင် ခုမြင်ရတာက ဘယ်လို ဖြစ်ရတာလဲလို့၊

ထမင်းတွေဟင်းတွေ ခွေးယက် သလို ပြောင်နေပြီ ဒါတွေဘယ်သူလာစားသလဲ။

ဆက်ရန်။
 
 
အပိုင်း ၃ ( ဇာတ်သိမ်း)

Saturday, March 30, 2013

ဝရမ်းပြေး (၁)





ဝါးရမ်းပြေး - (၁)
·
(မှတ်ချက်။ ။ ၁၉၃၉- ခုနှစ်ခန့် က ဖြစ်သည်။ )

"ဘိုးဒန်သည် တရားခံစစ်တမ်းဖြစ်သော ၀က်ခြံကလေးထည်း၌ လက်ထိပ်သံကြိုးကြီး တန်းလန်း နှင့် အစစ်ခံ နေရလေ၏။

ဘိုးဒန်ဖြစ်သောအမှုမှာ ရိုက်မှုဖြစ်၍ အရိုက်ခံရသူမှာလည်း၊ ဆေးရုံတွင် အတွင်းလူနာ အဖြစ် အတော်ကြာအောင် ကုသယူရရှာ၏။

ရိုက်ကြောင်း သိမြင်သော သက်သေ ထွက်ချက် များလည်း၊

သက်သေအားလုံးပင် တညီတညွတ်အခိုင်အမာ ထွက်ဆိုအစစ်ခံထားကြ သောကြောင့် ဘိုးဒန်မှာ

တရားသူကြီး အမိန့်ချအပ်သော ထောင်ဒဏ်အနည်းနှင့် အများကို စောင့်စား နာခံရန် မှ တပါးအခြားမရှိတော့ပြီ။

ငြင်းချက်ထုတ်ခဲ့သမျှလည်း လကားမတ်တင်း ဖြစ်ကုန်တော့၏။

မိမိဘက်မှဆွေသား မျိုးသားတို့၏ ကောင်းမှုဖြင့်အယူခံကာ လိုက်ဆာင်ရွက် ပေးသောရှေ့နေ ဦးလူကလေးကိုလည်း၊

အရိပ်အစမျှ ရှာမတွေ့ တော့ချေ။ ရှေ့နေမှာ အမူငှါး လာစကပင်။ နိုင်မည်မထင်သော်လည်း၊

ဝင်လာလောလာဘ်ကို မပယ်ကောင်း သဖြင့်၊ နိုင်ဘို့ ရှိပါ သည်။

နိုင်အောင်လျှောက်လဲပေးပါမည် စသော ရှေ့နေ၏လျှာ တချောင်း ဖြင့်၊

ရောင်းစားလိုက်ခြင်း မျှဖြစ်လေရာ အမှုနိုင်တာရှုံးတာမှာ မိမိနှင့်မဆိုင်သကဲ့သို့

နောက်ဆုံး စီရင်ချက် ချရမည့်နေ့တွင် မြင်၍မျှမမြင်ရအောင် ရှိတော့၏။"

ဘိုးဒန်မှာ မိမိ၏ မဟန်သောအဖြစ်ကိုရိပ်မိသော်လည်း ထူး၍စိတ်လက်မကောင်းမဖြစ်တော့ချေ

သားမယား ဆွေမျိုးတွေ၏ စိုးရိမ်ပူဆွေးစိတ်မအေးမူကြေင့် ငှါားလာသောရှေ့နေကိုလက်ခံရခြင်း ဖြစ်ရာ၊

ဘိုးဒန်၏စိတ်ရင်မှာ ထောင်ကိုခြင်ထောင်ကဲ့သို့ အမှတ်ထားပြီး

မကြာခဏလည်း ရိုက်မှု နှက်မှု ထိုးမှု ခုတ်မှု တို့ဖြင့် ထောင်တွင်းသို့ ၀င်ချည်ထွက်ချည် ပြုနေသဖြစ်သောကြောင့်

ယခုအ ကြိမ်ထောင်ထဲဝင်ရန် အတွက်လည်း တချက်ကလေးမျှ မျက်နှာမညှိုးခဲ့ဘဲ ရှိခဲ့ရာ

ထိုနေ့အဘို့ မူကား စီရင်ချက် ကိုနားထောင်ရန် စောင့်စားရင်း မယားဖြစ်သူမယ်အိကို တချက်ချက်စောင်းငဲ့ ကြည့်ပြီး

စိတ်ထည်း တွင် အတော်ကြိး မကျေမနပ်ဖြစ်မိလေ၏။

ဘိုးဒန်မှာမယ်အိနှင့် အကြောင်းပါပြီး ထောင်ကျခဲ့သည့် အကြိမ်ပေါင်းသုံးခါရှိလေ၏။

ပဋ္ဌမကြိမ် မှာရိုက်မှု နှင့် ထောင်ဒဏ်တလကျခံခဲ့ရ၏။

ဒုတိယအကြိမ်ရွာသား တယောက်ကို မေးရိုးကျိုးအောင် လက်သီးနှင့် ထိုးမှုဖြင့် ထောင်ဒဏ်တလခံရပြီး

တတိယအကြိမ်လည်း ထန်းရည်မူးပြီး ဒါးခုတ်မှု တခုဖြစ်ပြန်၏။ သို့ရာတွင် မူးနေ၍ ဒါးခုတ်ခံရသူမှာလည်း၊

ဒဏ်ရာမှ အပရိကမျှဖြစ်သော ကြောင့်ထောင်ဒဏ်နှစ်လမျှ ကျခဲ့ရ၏။

ယခုအကြိမ်မှာဖဲဝိုင်းမှ ရန်စဖြင့် ခပ်နာနာကလေးချလိုက် မိသောကြောင့် တကြောင်း၊

ပြစ်ချက်ဟောင်းကလေးတွေများနေသည် တကြောင်းတို့ကြောင့် အာမခံမရဘဲ ယခုစီရင်ချက်ချမည့် နေ့အထိ

ချုပ်ထားသောရပ်ပေါင်းမှာ သုံးလကျော်ကျော် လေးလနီးပါးမျှရှိခဲ့၏။

မယားဖြစ်သူမယ်အိမှာ ယခင်အခါတွေက ဘိုးဒန်ကအမှု့ဖြစ်တိုင်း ဖြစ်တိုင်း မျက်ရေကလေးတ ၀ိုင်းဝိုင်း နှင့် လင်ဆိုးမယား တဖါးဖါးဆိုသလို၊

လင့်အတွက် ရတက်မအေး၊ ဟိုးပြေး ဒီပြေးနှင့်ရှိတတ် ခဲ့ရာ၊ ဘိုးဒန် ထောင်ကျသွားသောအခါများတွင်လည်း တငိုငိုတရီရီနှင့် ကျန်ရစ်ရှာမြဲဖြစ်၏။

ယခုကား ဘိုးဒန်ကို ချုပ်ထားပြီး အမှုစစ်ဆေးနေသော အတောအတွင်းမှာ အစလောက်ကမူ ရှေးယခင်နည်းတူ

ပူဆွေးသောက ရောက်သော အမူအရာကိုမယ်အိထံမှာ တွေ့ရှိရသော်လည်း၊

အမူစီရင်ချက်မချမှီ တလကျော် လောက်ဆီမှ အစပြုလျှက် မယ်အိ၏ မျက်နှာမှာ ပရိယာယ် မာယာနှောသလို

အတွင်းသဘော အနည်းငယ် ပြောင်းကြောင်း၊ ကောင်းစွာရိပ်မိခဲ့လေ၏။

အမှုရက်ချိန်း ရှိသောအခါတိုင်း မယ်အိရောက်လာ၏။

မယ်အိလာတိုင်း မိမိတို့ရှာအရှေ့ပိုင်းမှ ကဇော် သမား လူမောင်မှာ အကျိုးဆောင် ခြေသယ်လက်သယ်ဖြစ်နှင့် ပါလာတတ်၏။

မယ်အိကို လူမောင် အရေးပေးသလို လူမောင်ကိုလည်း မယ်အိက လွန်စွာအရေးပေးသည်ကို တွေ့ရပြီး

လည်းထိုသို့ တယောက်ကို တယောက် အရေးပေး၍ လေးစားသမှုပြုကြသည်မှာလည်း

တခေါက် ထက်တခေါက် အထောက်မတန် ပို၍ပို၍လာခဲ့လျှင် မယ်အိ၏မျက်ရေမစဲ အမြဲညှိုးနေခဲ့ဘူးသော မျက်နှာကလေးမှာလည်း

တဖြည်းဖြည်း စိုက်ပျိုလန်ဆန်း လာသည်ကိုတွေ့ရရာမှာ

တစ်ထက် တစ ကဲကာတခါတရံ သနပ်ခါး အကျဲနှင့် မျက်ခုံးမွှေးကလေးရေးရေးပါလာလို့ ပင်တွေ့ရပြီး

လူမောင် နှင့်အထူးသဖြင့် နီးစပ် ယဉ်ပါး နေသော အရိပ်လက္ခဏာကို တွေ့မြင်လာရသောအခါ

အချုပ်အတွင်း တွင်နေရသော ဘိုးဒန်မှာ မိမိမယား ကို အယုံအကြည်ကင်းမဲ့လာမိလေ၏။

မျက်စပိုးဝင် ဆံတပင်တင်း ချစ်ခြင်းမယားဟုဆိုထားသည့်အတိုင်း ဘိုးဒန်မှာ မိမိဘယ်မျှ ဆိုးတေ လာသူဖြစ်စေကာမူ

မယ်အိမှာ မိမိအဘို့ အလွန်တရာသစ္စာစောင့်သိခဲ့သော မယားဟု ကောင်း စွာယုံကြည် ချစ်ခင်လာသူ ဖြစ်သည့်အားလျှော်စွာ

ယခုကဲ့သို့အကျဉ်းထောင်ထည်းတွင် နေရလျှက် မသက်သာ မည့် စီရင်ျက်ကို ငံ့ဆိုင်းနေသည့်အတွင်း

ဤကဲ့သို့ သင်္ကာယနမကင်းဘွယ်ဖြစ်သော အရိပ်လက္ခဏာတွေကို တွေ့မြင်ရသောအခါ အသဲစပ်ကိုပြုတ်တူနှင့် ညှပ်သလိုမခံမရပ်နိုင် ရှိတော့၏။

အံတကြိတ်ကြိတ်နှင့် မချိတင်ကဲ ကြည့်ရသည်မှာလည်း အခါပေါင်းများလှလေတော့၏။

သူပြော ငါပြောနှင့် လူမောင်နှင့် မယ်အိတို့အကြောင်း ကြားရသည်လည်း နားမချမ်းသာနိုင်ရာ ရက်စက်လေခြင်း၊

မယ်အိငါ့ကို လုပ်ရက်လေခြင်းဟု ရင်တွင်းမှာ ဆူလောင်နေပြီးလျှင်

လူမောင် ကိုလည်း အကျိုးလိုယောင် ရူပဆောင်၍ မိမိမယားကို အချောင်ကြာခိုရမည်လားဟု အစိမ်းဝါး စာလိုတော့၏။

သို့နှင့်လည်း မိမိမှာမလွှတ်မလပ် လက်ထိပ်ကြီး တန်းလန်းခပ်ထားသော ကြောင့်၊ ဒေါသစိတ်ကို ခြေကြိတ် နှိမ်နင်း ၍သာ နေရရှာတော့၏။

ထိုနေ့ကား နောက်ဆုံးစီရင်ချက်ချမည့် နေ့ဖြစ်လေ၏။

ဘိုးးဒန်မှာ ၀က်ခြံကလေးထဲမှာ စုံရပ်လျက် စီရင်ျက်ကို နာခံနေသောအခါ၊

မယ်အိမှာ သနပ်ခါးကလေးမှုံမှုံနှင့် လူမောင်နှင့်အတူ လာရောက်နား ထောင်၏။

ဘိုးဒန်စိတ်မှာ တရားသူကြီးဘတ်ပြသော စီရင်ချက်ကိုမကြား၊ မယ်အိနှင့် လူမောင်ကို မာန်သွင်း သော ကျားကြီးကဲ့သို့ စိန်းစိန်းဝါးဝါးကြည့်နေလေ၏။

ထိုအတွင်းတရားသူကြီးက ဘိုးဒန် အား အလုပ်ကြမ်း နှင့် ထောင်ဒဏ်တနှစ်နှင့် ခြောက်လဟု အမိန့်ချလိုက်လေသည်။

မယ်အိနှင့် လူမောင်လည်း ဘိုးဒန်နေသော ၀က်ခြံအနီးရောက်လာကြ၏။

မယ်အိက ညှိုးငယ်သော မျက်နှာနှင့်.........."ကိုဘိုးဒန် ကျမအတွက် ဘာမှမပူနဲ့ ရှင်စိတ်ချမ်းသာအောင်နေနော်"ဟု မှာလိုက်သေး၏

လူမောင် ကလည်း"ဟေ့ သူငယ်ချင်းဘိုးဒန် မင့်အတွက်ငါစိတ်မကောင်းဘူးကွာ၊ ငါ လဲဘယ်လောက် အကျိုးဆောင် နေသလဲ ဆိုတာ

မယ်အိကိုသာ မေးပါတော့၊ မင့်အမှုအတွက်နဲ့ ဟိုပြေးရ ဒီပြေးရနဲ့ နားရတယ် မရှိဘူး၊ ဒီအထဲ မင်းကုသိုလ်ဘဲလေ၊

တနှစ်ခွဲဆိုတော့ အတော်ကြာမှာဘဲ၊ မယ်အိကလေးလဲ သနားစရာဘဲကွာ၊ မင်းမရှိတုံး ငါလဲမယ်အိကို ကြည့်ရှု့စောင့်ရှောက်ပါမယ်"ဟုပြေပြန်၏။

ဘိုးဒန်၏စိတ်မှာ ထိုစဉ်အခါကသက်သာရာမရသည့်အပြင် မယ်အိနှင့် လူမောင် နှစ်ယောက် လုံးက

ချွန်မြထက်လှသော လှံသွားကြီးများနှင့် အသဲကြားကိုထိုး ဆွလိုက်သကဲ့သို့ အခံရခက်လှ၏။

ထို့ကြောင့်၎င်းတို့ မျက်နှာကို ပြူးပြူးကြီးကြည့်လိုက်ပြီး အံကြိတ် လျှက် ရုတ်တ ရက်မျက်နှာ လွှဲပစ် လိုက်ခါ

ခေါင်းကြီးငုံ့၍ ပုလိပ်နောက်မှ စိုက်စိုက်စိုက်စိုက်နှင့် ပါသွားလေသည်။

ဘိုးဒန်ကား ထောင်ထဲတွင်နေရာက မယ်အိတို့အား မကြေမနပ်နှင့် တွေးမိတိုင်း ဒေါပွလျက်ရှိ၏။

ထောင်ထဲတွင် ဆင်းရဲငြိုငြင်စွာနေရသော်လည်း၊ မိမိအဘို့၌ ရောက်ဘူးပေါက်ဘူးပြီဖြစ်သော ကြောင့် ထူး၍ ဆင်းရဲတော့သည်မဟုတ်စေကာမူ၊

ယခုတကြိမ်တွင်မယားအရေးကြောင့် ဒေါသသွေး ဆူ၍ နေလေ၏။

မိမိသားလွတ်လပ် စွာရှိပါမူ၊ ယခုအချိန်အထိ မယ်အိရောလူမောင်ပါ လူ့ပြည်မှာ စွန့်ခွာ ကြရမည်ဖြစ်၏။

မိမိတွင်အချုပ်အနှောင်နှင့် ထောင်ကျနေစဉ်ဖြစ်၍သာ သင်းတို့သက်သာ သည်ဟု တဖြစ် တောက်တောက် ငြီးလျှက်ရှိလေ၏။

ဘိုးဒန်မှာ လောကကြီးနှင့် အုတ်နံရံတခုမျှ ခြားသောအရပ်တွင် ရှိသော်လည်း မြောက်ဝန်ရိုးစွန်းသို့ ရောက်ရှိနေသူ အလား။

ကမ္ဘာကြီးနှင့် အဆက်အပြတ်ကြီး ပြတ် ၍နေခဲ့သောကြောင့် အပြင်အပမှ မည်သည့် သတင်းကိုမှ မရသဖြင့် ၊

မယ်အိဘယ်သို့ရှိသည်ကို မသိရ၊ ဘိုးဒန်၏စိတ်ထင်မှာ မယ်အိနှင့် လူမောင် တို့ တိတ်တဆိတ် ငြိတွယ်နေကြပြီး

ရပ်ရွာကမူ လူမောင်အား မယ်အိကို သူတော်ကောင်း စိတ်ထား နှင့် ကြည့်ရှုစောင့် ရှောက်နေသည်ဟုထင်ကြမည်။

သို့ရာတွင် မယ်အိနှင့် လူမောင်တို့၏ အတွင်းရေး ကို မည်သူမျှ သိကြမည်မဟုတ်၊

သင်းတို့နှစ်ယောက်မှာ ငါ့ကိုငုတ်တုတ်တုတ်ထားလျက် မတော် မတရား ဘောက်လွှဲဘောက်ပြန် ပြုနေကြတော့မည်ဟု အမြဲတွေးပြီး အသဲဆွေးနေမိ၏။

ထောင်ကျခဲ့သည်မှာ ခြောက်လကျော်မျှ ကြာလာ၏။ အပြင်သတင်းကို အလျည်းမကြားရ၊ မိမိ စိတ်ထင် နှင့်သာ ဒေါသဖြစ်နေရရှာ၏။

သို့နှင့် နောက်များမကြာမှီပင် ရွာကလှည်းသမားတုတ်ပေါ တောအရက် ချက်မှု နှင့် ထောင်ကျလာသောကြောင့်၊

အားရ၀မ်းသာရွာက သတင်းလေးများ ဆီး၍ မေးရတော့သည်။

တုတ်ပေါလည်း- "ပြောရမှာမင်းကို သနားတယ်ကွာ ဒါပေတဲ့-မင်းက မေးလှတော့လဲ မနေသာဘူး ပြောရတော့မှာ ဘဲ၊

မင်းမယား မယ်အိတော့ကွာ မင်းထောင်ကျလို့ ရက်ပိုင်းကလေးလောက်ရအုံး မယ်ထင်တယ် လူမောင်နဲ့ အထင်ခံကြီးကို ညားပစ်လိုက်ကြပြီ၊

ဟိုကောင် ကလဲ အကျိုးဆောင် အကျိုးဆောင်နဲ့ လက်စသတ်တော့ ဒီယုန်မြင်လို့ ဒီချုံထွင်ကြတာကိုးလို့ ခုမှအားလုံးသိကြရတယ် ဘိုး ဒန်ရယ်၊

မင်းလဲစိတ်မဆိုးနဲ့တော့ မိန်းမပေါပါတယ်ကွာ၊ ဘာနှမြောစရာရှိလဲ" ဟု ပြောလည်းပြော

တရားလည်းချ နေသောကြောင့် သတင်းကြားပြောသူ စိတ်ကြေနပ်စေရန်

မပူရုပ်ဘန်၍-"ငါလဲဒီလိုဖြစ်လိမ့်မယ်ဆိုတာ ထင်ပြီးသားပါကွာ၊ စိတ်မဆိုးပါဘူး"ဟု ပြောလိုက်ရစေကာမူ၊

ဘိုးဒန်မှာ မိမိ ထင်ကြားထက်ပို၍ ဆိုးဝါးနေသေးသော သတင်းကိုကြားရသဖြင့် မျက်စိများ ပြာဝေ မူးနောက် သွားကာ

အယုတ်တမာနှစ်ယောက်အား ယခုချက်ခြင်းသွား၍ သတ်လိုက်ချင်တော့၏။

နဂိုကဆိုးတေတေ မိုက်တိုက်တိုက် ထောင်နှင့် အိမ်ကိုရေအိုးနှင့် ရေမှုတ်သဘွယ် ကူးကလန် ကန်ကလူး လုပ်ထားခဲ့သော

ဘိုးဒန်မှာ နာလည်းနာရှက်လည်းရှက်နှင့် ဒေါသမီးတွေ ကမ်းကုန် လမ်းကန်ုထွက်လျက် ရှိတော့၏။

တယောက်ထည်း နေရတိုင်း ဒေါသဖြစ်ခါ လက်သီးလက်မောင်း တန်းပြီးနှုတ်ခမ်းကြီး ပြတ်လုအောင် ကိုက်မိ၏။

"ငါ့ကို မလောက်လေး မလောက်စားဆိုပြီး၊ စော် ကားတဲ့လူမောင်သိကြရောပေါ့ကွာ၊ သစ္စာမဲ့တဲ့ မိန်းမယုတ် လဲ ဇက်ပြုတ်အောင်ဖြုပ်လိုက်မယ်"

ဟု အံတကိုက်ကိုက်နှင့် ရုပ်ခြင်းပြေးပြီး ရက်ရက်စက်စက်ကြီးစရင်ပစ်လိုက်ချင်၏။

ခဏကလေး ဖြစ်ဖြစ် ထွက်ရလျှက်ထွက်သတ်လိုက်ချင်၏။ မိမိလွတ်ရန်အချိန်မှာ တနှစ်မျှလိုသေး၏။

မိမိဒေါသ ကား အပြင်းတိုက် နေသောကြောင့် တနှစ်စောင့်ရမည့်အရေး တကမ္ဘာလောက်လိုလေသးသည် ထင်မိပြီး၊

မခံမရပ်နိုင် ကြီးဖြစ်သွားကာ ထောင်ထဲမှလစ်ပြေးချင်လာလေ၏။

သို့နှင့် ဒေါသစိတ်မှာ တနေ့တခြား ထိုးဆွ၍သာ နေခဲ့၍ ဘိုးဒန်မှာ လူမောင်နှင့် မယ်အိကို မသတ်ရမနေနိုင်လက်တွေ ယားနေတော့၏။

မိမိ၏ ချစ်မယား ကို သူတထူး ယူရပါမည်လား။ဟု တဏှာနှင့် ယှဉ်ပွားသော ဒေါသမီးသည် အတောက်ကြီးတောက်ခဲ့ခြင်း ဖြင့်

နောက်ဆုံးတွင် ဘိုး ဒန်သည် ထောင်အပြင်ထွက်၍ အလုပ်ကြမ်းလုပ်ရသောတနေ့၌ ဘာရာကိုရိုက်၍ ကတိုက်ကရိုက် ထွက်ပြေး ခဲ့လေ၏။

ဘိုးဒန်၏ စိတ်ဇောမှာ လူမောင်နှင့် မယ်အိကိုမသတ်ရမခြင်း အပူတပြင်လောဆော်နေခဲ့ရာ၊

ဝီစီသံ တွေ တညံညံ နှင့် နောက်ကလိုက်လာသော ပုလိပ်များထောင် ပြာတာများကို ကြိုးကြိုးစားစား လွတ်မြောက် အောင် ပြေးရှောင်းရင်းပင

် မိမိနေရင်းဖြစ်သော ဆိပ်ပေါက်ရွာကလေးသို့ အပြေး ရောက်ခဲ့ လေ၏။

ဘိုးဒန်ရောက်သောအချိန်မှာ ညနေနေ၀င်ဆည်းဈာအချိန်ဖြစ်၍၊ မိမိထောင်ဝတ် ထောင်စားကြီး နှင့်လည်း လူမြင် မခံဝံ့သောကြောင့်၊

ချုံတခု၌ပုန်းလျှိုးနေရင်း၊ လက်ထိပ်သံကွင်းများကို ကျောက်ခဲ နှင့် ရိုက်ချိုးလျက်၊

လည်ပင်းကနံပါတ် ကွင်းနှင့်သင်တိုင်းပေါက် ထောင်အင်္ကျီတို့ကိုလည်း ချုံထဲမှာ ချွတ်ထားပြီး

ပါလာရင်းပိတ်ဖျင်နံငယ်ပိုင်းကလေးမျှသာ ဆီး၍ မီးထွန်းချိန်တွင် ရွာထဲသို့ခတ်သုတ် သုတ် ၀င်ခဲ့ လေ၏။

မိမိပိုင် လေးပင်စိုက်မျောထိုင်ထူသော တဲကလေး၏ နောက်ဖေးအဖီကလေး အောက်သို့ ရောက်ခဲ့၏။

ထိုအဖီကလေးက ၀ါးထရံကြားမှာ ထိုးထားသော မိမိ၏လက်သုံးတော ဒါးမှနှစ်စင်းသည်လက်ရာ ခြေရာ မပျက်

အရောင်တလက်လက် နှင့် အရှင်သခင်ဖြစ်သူ ဘိုးဒန်ကို လက်ယပ်ခေါ်ကြလေရာ၊

မူလကပင် အကြံ နှင့် ရောက်လာသော ဘိုးဒန်သည်၊ ထရံက ဒါးမနှစ် လက်ကိုလျင်မြန်စွာ နှုတ်ယူလျက်၊

ဒါးမ နှစ်လက်ကို ၀ဲတဘက် ယာတဘက်ကိုင်ပြီး အိမ်တစက် မြိတ်မှ မှောင်ခိုကာ တဲရှေ့ဆီသို့ တကုတ်ကုတ် ချောင်း၍လာခဲ့လေ၏။

အကြောင်းကိုမသိသောလူမောင်နှင့် မယ်အိတို့မှာ ညားခါစလင်မယားတို့ဓမ္မတာ တယောက်ကို တယောက်၊ ခရာတာတာပြုံး၍၊

နှလုံးလေခွေ့သဘောတွေ့၍ နေကြသည်ကိုမြင်ပြီး၊

၎င်းတို့အနီး တွင်လည်း အိမ်နီးချင်းအဒေါ်ကြီးနှစ်ယောက်နှင့် အဘိုးကြီးနှစ်ယောက် ခပ် ရွယ်ရွယ် သူငယ်တ ယောက်၊

ပေါင်း အခြားလူ လေးငါးယောက် ၀ိုင်းဖွဲ့လျက်၊ မီးခွက်ကိုအလယ်ကထားပြီး၊

ထန်းလျက် ခဲအမြီးနှင့် လဘက်ရည်ကြမ်း စည်းစိမ်ခံသောက်လျှက် ရှိကြ၏။

ထိုခဏ၌ ဘိုးဒန်၏လက်ျာလက် ထဲကဒါးမသည် လူမောင်၏ ခေါင်းကို အုန်းသီးခွဲသလိုတချက်တည်း ခွဲချလိုက်သောကြောင့်၊

မရှောင်သာ မတိမ်းသာဘဲ၊ ၀ူးဝဲ၀ူးဝဲ နှင့်ဖြစ် သွေးပွက်ပွက်နှင့်လဲလေ၏။

မယ်အိမှာ အမယ်လေး ကိုလူမောင်ဟု အော်ပြီး၊ ဘိုးဒန် ကိုမြင်မှ တွေတွေကြီး အံ့အား သင့်လျှက်ရှိတော့၏။

"ကိုဘိုးဒန်၊ ကိုဘိုးဒန်အမယ်လေး ချမ်းသာပေးပါ"ဟု တောင်းပန်သောအသံမှာ မဆုံးသေးမှီ

မယ်အိ မှာလည်းပင်း တိတိယိယိပြတ်ပြီး သွေးအိုင်ထဲတွင် ဖျပ်ဖျပ်လူးလှိမ့်နေလေ၏။

လျှင်မြန်တို တောင်း လှသော အချိန်ကလေးတွင် ဖြစ်ပွားသော အရေးကြောင့်၊ ၀ိုင်းထိုင်နေသူများလည်း၊

ပဋ္ဌမ ကြောင်ကြည့် နေမိရာမှ ဘိုးဒန်လက်က သွေးရဲရဲဓါးကြီးကိုမြင်ပြီး။

"ဘိုးဒန်-ဘိုးဒန်"ဟုတောင်းပန်သလိုလို ယောင်ရမ်းဟစ်အော်ပြီး၊ လွတ်ရာ ထွက်ပြေးကြလေ၏။

ထိုခဏ၌ ရွာကလေး တခုလုံး တရုံးရုံးဆူပွက်၍ အုတ်အုတ်ကျက်ကျက်ဖြစ်သွားလေ၏။

"ဘိုးဒန်-ဘိုးဒန်- ထောင်ထဲကထွက်လာပြီး၊ လူမောင်နဲ့ မယ်အိကိုသတ်သွားတယ်"

ဟူသော သတင်းမှာ တခဏချင်းအထိတ်တလန့်ပျံ့နှံ့ဆူပွတ်သွားလေ၏

သူကြီးလည်း မောင်းတီး ၍လူစုပြီးရာဇ၀တ် မှုကျူးလွန်သူထောင်ပြေး ဘိုးဒန်အား ၀ိုင်းဘမ်းရန်တပ်ချီလာ၏

ဘိုးဒန်လည်း။"မဆိုင်သူမကပ် နဲ့ ခေါင်းပြတ် မယ်"ဟု ဒါးဝင့်ကြိမ်းဝါးကာ တောထဲသို့ ဦးတည်လျှက် ထွက်ပြေးေ လတော့၏။ 



ဆက်ရန်။အပိုင်း-၂

Saturday, January 5, 2013

ခရီးသွားစာပေ

    ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက်ဖတ်လေ့ရှိသော စာပေအမျိုးအစားထဲတွင် ခရီးသွားစာပေလည်းပါ၏။ စတင်စွဲလမ်းခဲ့ရတာကတော့ ငါးတန်းကျောင်းသားဘ၀မှာပင်ဖြစ်၏။ ကျွန်တော် တိုက်ဖွိုက်ရောဂါဖြစ်ပြီး အိပ်ရာထဲမှာ တစ်လလောက်လဲနေသည်။ ကစားလည်းမကစားရ၊ အပြင်လည်းထွက်လို့မရသဖြင့် ပျင်းရိ ငြီးငွေ့နေသည်။ ကျွန်တော်၏အဖော်ကတော့ စာအုပ်များပင်ဖြစ်၏။

    အိမ်မှာရှိသည့်စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ်ဖတ်သည်။ ဆရာသိပ္ပံမောင်ဝ၏စာတွေကို စွဲသွားသည်။ ဆရာ့စာတွေထဲမှာ သူရောက်ခဲ့သည့်အရပ်ဒေသအကြောင်းတွေ ရေးလေ့ရှိ၏။ အညာ မြေလတ်ဒေသ၊ မြစ်ဝကျွန်းပေါ်၊ ချင်းတောင် စသည့်အကြောင်းအရာများ၊ အောက်စဖို့ဒ်တက္ကသိုလ်သွား မှတ်တမ်း၊ ဒါတွေအားလုံး ခရီးသွားစာပေများပင်ဖြစ်၏။
    ကျွန်တော်သည် အိပ်ရာကမထဘဲ စာအုပ်တွေဖတ်ရင်း ကိုယ်ကိုယ်တိုင် ခရီးသွားနေသလို ခံစားရ၏။ ပျင်းရိငြီးငွေ့ပြီး တစ်ယောက်တည်းနေသူအဖို့ ခရီးသွားစာပေသည် အကောင်းဆုံးအဖော်ပင် ဖြစ်တော့သည်။
    ထိုအခါမှစ၍ ခရီးသွားစာပေကို ကျွန်တော် အစွဲကြီးစွဲသွားခဲ့လေသည်။
    ဒီနောက်မှာတော့ ခရီးသွားအတွေ့အကြုံများနှင့်ပတ်သက်သောစာအုပ်တွေကိုရှာဖွေပြီး မက်မက် မောမောဖတ်ဖြစ်တော့သည်။ ဆရာဇော်ဂျီနှင့်ဆရာမင်းသုဝဏ်ရေးသည့် ခရီးသည်ဆိုသောစာအုပ်ကလေးကို အလွန်နှစ်သက်မိ၏။ စာအုပ်ထဲတွင် ဆရာကြီးများ၏ပြည်တွင်းပြည်ပသွားရောက်ခဲ့သည့်ခရီးများအကြောင်း ရေးထားသည်။
    ဆရာကြီးတို့၏ အင်္ဂလန်နိုင်ငံသို့ပညာတော်သင်ခရီးအကြောင်း ရေးထားတာ ဖတ်လို့ပင်မ၀နိုင်။ ဟိုအချိန် ၁၉၃၆ခုနှစ်ခန့်က ရန်ကုန်မှ လန်ဒန်သို့သွားရာမှာ ခုခေတ်လို လေယာဉ်နှင့်မဟုတ်။ ပင်လယ်ကူး သင်္ဘောများစွာ၊ မြို့ပေါင်းများစွာ၊ ဆိပ်ကမ်းပေါင်းများစွာမှာ ကပ်ခဲ့သည်။ ဒေသအမျိုးမျိုး၊ လူမျိုးအဖုံဖုံ၏ ဓလေ့ စရိုက်ကို သိရသည်။
    ထို့နောက် ဆရာသိန်းဖေမြင့်၏ ခရီးသွားစာအုပ်တွေ ဖတ်ဖြစ်သည်။ စစ်အတွင်းခရီးသည်၊ အရှေ့မြောက်တိုင်းတစ်ခွင်၊ မြစ်ဖျားဧရာရောင်စုံဖြာ၊ အဏ္ဏ၀ါခရီးသည်နှင့်ပုလဲဒေ၀ီ။
    ဆရာသည် ခရီးအလွန်သွားသူဖြစ်၏။ သွားသမျှကိုလည်း ပြန်ရေးလေ့ရှိ၏။ စာရေးချင်လို့ကို တမင်တကာလျှောက်သွားခြင်းလည်းဖြစ်နိုင်၏။
    ဆရာက စာရေးအလွန်ကောင်းသူဖြစ်၏ ဘာအကြောင်းရေးရေး စိတ်ဝင်စားစရာဖြစ်အောင်၊ ဖတ်စရာကောင်းအောင် ရေးသူဖြစ်၏။ အလွန်ပျင်းစရာကောင်းနိုင်သည့် ဘာသာရပ်ဆိုင်ရာအကြောင်း တစ်ခုကိုပင် ၀တ္ထုတစ်ပုဒ်ဇာတ်လမ်းဆင်၍ ရေးသွားရာ လက်က မချနိုင်အောင်ဖြစ်ရ၏။ အဏ္ဏ၀ါခရီးသည်နှင့် ပုလဲဒေ၀ီစာအုပ်တွင် အဏ္ဏ၀ါသိပ္ပံအကြောင်းကို မောင်သန့်စင်၊ ပုလဲဒေ၀ီတို့အကြောင်း ရေသူမအကြောင်း များနှင့် ရောမွှေကာ ရေးခဲ့သည်။ ၀တ္ထုထဲကဇာတ်ကောင် မောင်သန့်စင်၏ မုတ်ဆိတ်မွေးမှာ ပြောစမှတ် ဖြစ်ခဲ့ရသေးသည်။
    ထို့အတူ ခရီးသွားစာပေရေးခဲ့ကြသော စာရေးဆရာ၊ ဆရာမကြီးများ၏စာများကိုလည်း စွဲစွဲလမ်းလမ်း ဖတ်ခဲ့ရသည်။
    ဆရာမြသန်းတင့်၏ ငွေသောင်ယံဟွန်ဒါယဉ်ကျေးမှု၊ မေရီပိုဗေးနှင့် အီကွေတာညများ။ ဆရာနတ်နွယ်၏ သီတာခုနစ်တန် တောင်စဉ်ခုနစ်ထပ်။ ဆရာမင်းကျော်၏လျှပ်တစ်ပြက်ဂျပန်။ ဆရာမောင်နေ၀င်း၏ ရန်ကုန်ဘန်ကောက်မှ ရွှေတြိဂံသို့။ ဆရာကျော်အောင်၏ ဟောင်ကောင် နွေဦးညများ။ ဆရာမကြီးဒဂုန်ခင်ခင်လေး၏ ကမ္ဘာလှည့်ဆောင်းပါးပေါင်းချုပ်။ ဆရာယိမ်းနွဲ့ပါး၏ ခါကာဘိုခရီးသည်။ ဆရာမ ကြည်ဦး၏ဗုဒ္ဓဂယာနှင့် အလောင်းတော်ကဿပခရီးအကြောင်းဆောင်းပါးများ။
    ခရီးသွားစာပေကို တရုတ်တို့က စတင်ရေးသားခဲ့သည်ဟု ယူဆရသည်။ တရုတ်တို့သည် ကမ္ဘာပေါ်မှာ စက္ကူကို ပထမဆုံးအသုံးပြုခဲ့သူများလည်းဖြစ်ကြ၏။ သူတို့သည် မှတ်တမ်းရေးခြင်းကိုလည်း ၀ါသနာပါကြသူများ ဖြစ်ကြ၏။
    တရုတ်ရဟန်းတော်တစ်ပါး၏ မဇ္ဈိမဒေသခရီးအကြောင်း ရေးထားသည့် ဖာဟီယန်ခရီးစဉ်စာအုပ်မှာ ထင်ရှားသည်။
    အနောက်နိုင်ငံသားတွေကတော့ နယ်သစ်ပယ်သစ်ရှာဖို့ ခရီးထွက်ကြသည်။ သူတို့သည် မှတ်တမ်း မှတ်ရာပြုလုပ်ရာတွင် အလွန်ထက်သန်ကြသူများဖြစ်၏။ သွားသမျှခရီးတိုင်းကို တိတိကျကျ မှတ်တမ်း တင်တတ်ကြသည်။ ထို့ကြောင့် အနောက်တိုင်းစာပေတွင် ခရီးသွားစာပေအများအပြားတွေ့ရသည်
    မာကိုပိုလို၏ခရီးစဉ်မှာ အလွန်ကျော်ကြားလှသည်။ သူ့ကြောင့်ပင် အရှေ့တိုင်းနိုင်ငံများ အကြောင်းကို ဥရောပသားတို့ ပြည့်ပြည့်စုံစုံသိကြရခြင်းဖြစ်၏။ ဗာစကိုဒဂါးမားတို့၊ ကိုလံဘတ်စ်တို့သည်လည်း ခရီးသွားမှတ်တမ်းများ ရေးခဲ့ကြသည်။ ထိုမှတ်တမ်းများ၏ကျေးဇူးကြောင့် နယ်သစ်ပယ်သစ်များအကြောင်း သိရပြီး နောင်တစ်ချိန် နယ်ချဲ့ရာတွင် ထိရောက်အောင်မြင်ခဲ့ကြခြင်းဖြစ်၏။
    ကျွန်တော်တို့မြန်မာများသည် ရှေးရှေးအခါက ခရီးသွားခြင်းအလေ့အထ နည်းပါးကြသည်။ မသွား မဖြစ်သည့်ကိစ္စမျိုး၊ ကုန်ရောင်းကုန်ဝယ်ကိစ္စမျိုး၊ စစ်ချီတက်ခြင်းမျိုးကလွဲလျှင် ကိုယ့်ရပ်ကိုယ့်ရွာကို ခွာလေ့မရှိ။
    တကယ်တော့ မြန်မာတို့အဖို့ အရပ်တစ်ပါးသို့ စွန့်စွန့်စားစားသွားနေစရာလည်းမလို။ နယ်သစ် ပယ်သစ်ရှာစရာလည်း အကြောင်းမရှိ။ ပိုင်ဆိုင်သောနယ်က အကျယ်ကြီး။ လူဦးရေက နည်းနည်းလေး။ ပြီးတော့ စားနပ်ရိက္ခာ၊ သယံဇာတတွေက အလျှံပယ်ရှိသည်။
    ပြီးတော့ ဟိုတုန်းက မြန်မာများသည် မှတ်တမ်းမှတ်ရာများ ရေးသားသိမ်းဆည်းထားတတ်သည့် အလေ့အထနည်းပါးကြ၏။ ပုဂံခေတ်တုန်းကတော့ ကျောက်စာရေးထိုးသည့်အလေ့ရှိသဖြင့် ကြာရှည် ခံသေးသည်။ ပေစာခေတ်ကျတော့ ထိန်းသိမ်းမှုအားနည်းသဖြင့် ပျောက်ပျက်ကုန်တာများသည်။
    နန်းတော်အတွင်းမှာသာ မှတ်တမ်းမှတ်ရာများ စနစ်တကျထားရှိသည်။ ထို့ကြောင့် ခရီးသွား စာပေမျိုး ရှေးခေတ်မှာ အတွေ့ရအလွန်နည်းသည်။ ရှင်ဘုရင်များ တိုင်းခန်းလှည့်လည်ခြင်း၊ စစ်ချီတက်ခြင်းနှင့်ဆိုင်သောမှတ်တမ်းမျိုး တွေ့ရသော်လည်း ခရီးသွားစာပေပုံစံမျိုးမဟုတ်။
    ကဗျာလင်္ကာပုံစံနှင့်ရေးကြတာမျိုးတော့ရှိ၏။ ထိုအထဲတွင် ဆရာတော်ရှင်ဥတ္တမကျော်၏ တောလားများမှာ ခရီးသွားစာပေ၏အစဟု ဆိုကောင်းဆိုနိုင်သည်။ ရှင်မဟာရဌသာရ၏ ရွှေစက်တော်သွား တောလားသည်လည်း ခရီးသွားစာပေ၏ အစအဦးစာရင်းဝင်နိုင်ပါသည်။
    ခရီးသွားစာပေစစ်စစ်ပုံစံကို စကားပြေဖြင့် ပီပီပြင်ပြင်ရေးခဲ့သူမှာ ကင်းဝန်မင်းကြီးဦးကောင်းပင် ဖြစ်၏။ ပြင်သစ်နိုင်ငံသွား နေ့စဉ်မှတ်တမ်းနှင့် လန်ဒန်မြို့သားနေ့စဉ်မှတ်တမ်းတို့ဖြစ်သည်။
    ခရီးသွားစာပေသည် တကယ်အရေးကောင်းလျှင် ၀တ္ထုတစ်ပုဒ်ဖတ်ရသလိုပင် အရသာရှိလှသည်။ ရေးသူက သရုပ်ဖော်ကောင်းလျှင်ကောင်းသလောက် မျက်စိထဲမှာ ရှုခင်းရှုကွက်များ မြင်ယောင်လာသည်။ ထိုအရပ်ကို ကိုယ်ကိုယ်တိုင်ရောက်ရှိနေသလို ခံစားစေသည်။ ရေမြေတောတောင်များသာမက ဒေသခံ လူတို့၏၀တ်စားဆင်ယင် နေထိုင်စားသောက်ပုံဓလေ့များနှင့် သူတို့၏ဘ၀များအကြောင်းကိုပါ ခြယ်မှုန်းပြ နိုင်လျှင် အဖိုးတန်သောခရီးသွားစာပေဖြစ်လာလေသည်။
    တချို့လူတွေ နောင်ရေးအတွက်စိတ်အေးရအောင် စီးပွားရှာဖွေစုဆောင်းကြသလို ကျွန်တော် သည်လည်း နောင်ရေးအတွက် ခရီးသွားစာပေနှင့်ပတ်သက်သော စာအုပ်စာတမ်းများကို လက်လှမ်းမီသမျှ စုဆောင်းဖို့ ကြိုးစားနေပါသည်။ ကျွန်တော်အသက်ကြီးလာပြီး အိုမင်းမစွမ်းဖြစ်သည့်အခါ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့သည့်အခါ အိမ်ထဲမှာပင် စာအုပ်တွေကိုဖတ်ပြီး စိတ်ကူးနှင့်ခရီးသွားရင်း အေးချမ်းစွာ နေနိုင်မည်ဟု မျှော်လင့်ထားပါသည်။
------------------------
မင်းလူ
တိုင်းရင်းသားမဂ္ဂဇင်း
နိုဝင်ဘာ၊ ၁၉၉၉
 

Friday, January 4, 2013

ဘာစီးနေလဲ



လူတွေတစ်ယောက်နဲ့တစ်ယောက်တွေ့တဲ
့အခါ နှုတ်ဆက်ပုံအမျိုးမျိုးရှိ၏။ ဒါကလည်း သူ့နေရာဒေသအလိုက် ကွဲပြားမှုရှိသည်။ သူ့တိုင်းပြည်၊ သူ့လူမျိုး၊ သူ့စရိုက်ကိုလိုက်ပြီး ခြားနားသွားခြင်းဖြစ်၏။ လက်ဆွဲနှုတ်ဆက်ခြင်း၊ လက်အုပ်ချီခြင်း၊ လက်သီးပေါ်လက်ဝါးအုပ်၍ နှုတ်ဆက်ခြင်း၊ တစ်ဦးနှင့်တစ်ဦးပွေ့ဖက်ခြင်း၊ ပါးချင်းပွတ်ခြင်း၊ ပါးကိုနမ်းရှုံ့ခြင်း၊ ဆလံပေးခြင်း၊
ဦးခေါင်းကိုညွှတ်၍ အရိုအသေပေးခြင်း၊ လက်နှစ်ဖက်ကို ဆုပ်ကိုင်ခြင်း၊ လက်မောင်းကို ဆုပ်ကိုင်ခြင်း စသည်ဖြင့် ကိုယ်အမူအရာသာမက နှုတ်မှလည်း အသံထွက် နှုတ်ဆက်ကြသည်။ ဟဲလို...ဟိုင်း စသည်ဖြင့် ဖြစ်၏။ ဒါကသွားရင်းလာရင်း အချိန်မရတဲ့အခါ အသိအမှတ်ပြုရုံနှုတ်ဆက်ခြင်းဖြစ်
၏။
    အချိန်နည်းနည်းပိုရမယ်ဆိုလျှင်တော့ သင့်တော်ရာစကား တစ်ခွန်းနှစ်ခွန်းလောက် အပြန်အလှန်ပြောကြရသည်။ ဒါကိုပဋိသန္ဓာရစကားဟုခေါ်နိုင်သည်။ အနောက်နိုင်ငံ (အထူးသဖြင့် ဥရောပနိုင်ငံများ)ရှိလူတွေက အချင်းချင်းတွေ့လျှင်-
    "ဒီနေ့ ရာသီဥတုသာယာတယ်နော်"
    "ဟုတ်တယ်၊ ပြီးခဲ့တဲ့ နှစ်ရက်သုံးရက်ကတော့ ဒီတစ်သက် နေရောင်ကိုမှ မြင်ခွင့်ရပါတော့မလားလို့တောင် ထင်မိတယ်ဗျာ"ဟု ပြောလေ့ရှိကြ၏။ ဒါကလည်း သူတို့နိုင်ငံတွေမှာ နေရောင်ကို သိပ်မမြင်ရဘဲ အုံ့မှိုင်းနေလေ့ရှိ၏။ ဒါကြောင့် ရာသီဥတုကို အမြဲယိုးမယ်ဖွဲ့နေကြရ၏။ ကျွန်တော်တို့ဆီမှာ "မိုးကလည်း ကောင်းလိုက်တာနော်"  "ဒီနွေက တော်တော်ပူတာပဲဗျ "ဟု ပြောကြသလိုမျိုးပေါ့။
    ကျွန်တော်တို့ဆီမှာ များသောအားဖြင့် နှုတ်ဆက်ကြတာကတော့-
    "နေကောင်းလား"
    ဒါကသူတို့ဆီမှာ ရာသီဥတု အမြဲဆိုးနေသလို ဒီကလူတွေလည်း အမြဲဖျားနာနေသောကြောင့် မဟုတ်ပါ။ ကျွန်တော်တို့က ကျန်းမာရေးသည် အရေးအကြီးဆုံးဟု ခံယူထားခြင်းကိုသာ ကိုယ်စားပြုတာဖြစ်ပါသည်။
    လမ်းမှာတွေ့လျှင် "ဘယ်သွားမလို့လဲ"ဟု မေးတတ်သည်။ တစ်ခါတစ်လ"စားပြီးပြီလား" မေးသည်။ "ကျောင်းသွားမလို့လား"၊ " ဈေးကပြန်လာတာလား" စသဖြင့် အခြေအနေကို လိုက်ပြီးမေးတာမျိုးလည်းရှိသည်။
    ခုနောက်ပိုင်းမှာတော့ နှုတ်ဆက်စကားပြောပုံအသစ်တွေထပ်ပေါ်လာသည်။
    ပညာရှင် အချင်းချင်းတွေ့တဲ့အခါမှာတော့-
    "ဘာတွေ့ထားသေးလဲ"
    ဆိုသော စကားကိုသုံးသည်။ တစ်ဦးနှင့်တစ်ဦး အလွယ်တကူရင်းနှီးကျွမ်းဝင်ဖို့ အဆင်ပြေဆုံး နှုတ်ဆက်စကားလိုဖြစ်နေလေသည်။
    ကားဝယ်စီးနိုင်သော အလယ်အလတ်အလွှာကလူတွေကျတော့ တစ်မျိုးဖြစ်၏။
    ခုချိန်မှာ ကားဝယ်စီးခြင်းသည် သွားလာရေး အဆင်ပြေလိုအပ်ချက်ကြောင့်၊ ဒါမှမဟုတ် လူကုံထံအဖြစ် ဂုဏ်ရှိဖို့အတွက်ကြောင့်ချည်းပဲ မဟုတ်တော့။ စီးပွားရေး သဘောတွေလည်း ပါလာသည်။
    ငွေပိုငွေလျှံလေးလည်းရှိလျှင် ကားလေးတစ်စီး ဝယ်ထားလိုက်တာက ဘဏ်တိုးထက် ပိုကိုက်သည်ဟု ယူဆကြသည်။ ကားဝယ်စီးလျှင် စီးလည်းစီးရသည်။ လူအထင်ကြီးလည်းခံရသည်။ လိုအပ်လျှင် ငွေဖော်ဖို့လိုသည်။ လုပ်တတ်ကိုင်တတ်လျှင် အမြတ်အစွန်းလည်းရှိသည်။ အမြတ်ခွန်ကို ပွတ်ကာသီကာ တိမ်းရှောင်နိုင်သည်။ အလွယ်ကူဆုံး စီးပွားရေးလုပ်ငန်းတစ်ခုလိုလည်း ဖြစ်နေ၏။ တခြားလုပ်ငန်းတွေလို ကရိကထမများလှ။ စာရင်းဇယားတွေ လုပ်စရာမလို။ ကိုယ်လက်ရှိလုပ်နေသော လုပ်ငန်းကိုလည်း အနှောင့်အယှက်မဖြစ်။ ထို့ကြောင့် ငွေကလေးရှိလျှင် ကားဝယ်တတ်တာ ခေတ်စားလာသည်။
    ဟိုအရင်ကဆိုလျှင် ကားဝယ်စီးနိုင်သော လူတန်းစားကို အထက်တန်းလွှာဟုခေါ်သည်။ ခုတော့ လူလတ်တန်းစားတွေ ကားဝယ်စီးနေပြီ။ အရင်က ကားတစ်စီးဝယ်ပြီးလျှင် နှစ်ပေါင်းများစွာကြာအောင် စီးသည်။ ကိုယ့်ကားကို တစ်လက်ကိုင်အဖြစ် ဂုဏ်ယူကြသည်။ တစ်ယောက်ယောက်ကို ညွှန်းချင်လျှင်ပင်-
    "ဖီးယက်ကားအနီလေးနဲ့ ကျောင်းလာတက်တဲ့ ကောင်မလေးလေ"
    "မာစီးဒီးရှိတဲ့အိမ် ဘယ်နားမှာလဲ"
    ဆိုတာမျိုးနှင့် လူနှင့်ကားကို ထပ်တူပြုကြသည်။ ခုနောက်ပိုင်းကျတော့ ကားတစ်စီးကို ကြာကြာမစီးကြတော့။ မြတ်လျှင် ပြန်ရောင်း၊ နောက်တစ်စီးဝယ်၊ ဈေးကိုက်လျှင် ပြန်ထုတ်၊ ကားထည်လဲစီးသလိုလည်းဖြစ် အမြတ်လည်းရ။
    ထိုအခါလူတစ်ယောက်ကို သူစီးနေကျကားနှင့် တွဲပြီး မှတ်လို့မရတော့။ ဒီနေ့ပစ်ကပ်ကားစီးပေမယ့် နောက်လကျတော့ ဆလွန်းကားဖြစ်ချင်ဖြစ်နေသည်။ နောက်သုံးလေးလအကြာမှာ ဗင်ကားပေါ်မှာ တွေ့ချင်တွေ့ရသည်။ ဒီတော့ သူတို့လိုလူတွေအချင်းချင်း တွေ့ကြတဲ့အခါ နှုတ်ဆက်တဲ့စကားက-
    "ဘာစီးနေလဲ"
    ဟူ၍ဖြစ်လေ၏။ ထိုအခါ အမေးခံရသူက-
    "ပတ်ဘလစ်ကာလေးတစ်စီး ဆွဲထားတယ်ဗျာ"
    "ဒါဆို မြတ်နေပြီပေါ့၊ ဈေးမြောက်နေတာပဲ"
    "သိပ်တော့ မကိုက်သေးပါဘူး၊ ကျွန်တော်ဝယ်တုန်းကလည်း ဈေးနည်းနည်းများသွားတယ်၊ ဒါနဲ့ခင်ဗျား ဖင်ထောင်လေးရော"
    "စူပါဆလွန်းနဲ့ လဲလိုက်တယ်လေ၊ နည်းနည်းတော့ လိုက်ရတာပေါ့"
    စသည်ဖြင့် လူထက်ကားကို ပို၍ ဂရုစိုက်ပြီးမေးကြ ဖြေကြသည်။
    ဒီလိုလူစားတွေထဲမှာ ကျွန်တော်မပါရှိပါ။ ကျွန်တော်က ကားလည်းမဝယ်စီးနိုင်သေး။ သို့ရာတွင် ကျွန်တော့်အပေါင်းအသင်းတွေထဲမှာ "ဝယ်စီး...ရောင်း" တွေရှိသည်။ အထူးသဖြင့် သင်္ဘောသားတွေဖြစ်၏။
    ဒီကောင်တွေက တစ်ခေါက်ပြန်လာလျှင် ကားတစ်မျိုးလဲစီးတတ်သည်။ သင်္ဘောပြန်မတက်ခင်အတွင်းမှာလည်း ခရီးသွားဟန်လွဲ ဝယ်ရောင်းလုပ်တတ်သည်။ သူတို့ကားရောင်း ကားဝယ်ကားကြည့်လုပ်တဲ့အခါ ကျွန်တော့်ကို အဖော်ခေါ်တတ်သည်။ ကျွန်တော်ကလည်း စာရေးဆရာတစ်ယောက်အနေဖြင့် ဗဟုသုတရှိထားဖို့လိုသဖြင့် လေ့လာရေးကွင်းဆင်းသည့် သဘောထားပြီး လိုက်သွားလေ့ရှိသည်။
    ဒီလိုနဲ့ ကားဝယ်ရောင်းတချို့၊ ကားပွဲစားတချို့နဲ့ခင်မင်သိကျွမ်းခွင့်ရသည်။ သူငယ်ချင်းတွေက ကားတစ်စီးကိုကြည့်ပြီးလျှင်-
    "ဟေ့ကောင် ဘယ်လိုလဲ မင်းကြိုက်လား"
    ဟု မေးတတ်သည်။ ထိုစကားမှာ ကျွန်တော့်ကို ဆရာတင်ခြင်းဟု ထင်စရာရှိသည်။ အမှန်မှာ သူတို့လူလည်ကျခြင်းသားဖြစ်၏။ ကျွန်တော်ကကြိုက်တယ်ပြောလည်း ဝယ်ချင်မှဝယ်တာ၊ ကျွန်တော်က အင်တင်တင်လုပ်ပေမယ့် ဝယ်ဖြစ်ချင်လည်း ဝယ်ဖြစ်သွားတာပါပဲ။ မတော်တဆ ရောင်းမှားဝယ်မှားဖြစ်လို့ သူတို့မိန်းမတွေက အပြစ်ပြောလာတဲ့အခါ-
    "ဟာ ဟိုကောင်နဲ့သေသေချာချာ တိုင်ပင်ပြီး ဝယ်တာပဲ"
    ဟု ကျွန်တော့်ကိုပါ တရားခံစားရင်းထဲ ဆွဲထည့်လို့ရအောင် အဖော်ညှိထားခြင်းသာဖြစ်၏။ ဘာပဲဖြစ်ဖြစ် ကားပွဲစားတွေ၊ ဝယ်ရောင်းတွေကတော့ ကျွန်တော့်ကို အထင်ကြီးချင်ကြသည်။ သင်္ဘောသားတွေကတောင် တိုင်ပင်ပြီး အဆုံးအဖြတ် တောင်းခံရတယ်ဆိုတော့ ကားအကြောင်းတော်တော်ကျွမ်းတဲ့ ဆရာကြီးတစ်ဆူ ဖြစ်မှာပဲဟု တချို့ကထင်ကြသည်။ အမှန်တော့ ကျွန်တော်ကသာ သူတို့ဆီက ပညာတွေလေ့လာသင်ယူနေရခြင်းဖြစ်၏။ အစတုန်းကဆို "စူပါရုဖ်"ဆိုလို့ ဘာများထူးခြားလဲဆိုပြီး ကားအမိုးကိုလက်နှင့်ခေါက်ကြည့်ခဲ့ရတဲ့ ကောင်မျိုးလေ။
    သူတို့ကတော့ ဒီပုဂ္ဂိုလ်ဟာ သင်္ဘောသားတွေရဲ့ ဆရာပဲဆိုပြီး တစ်ခါတစ်လေ ရောင်းမည့်ကား၏ အားသာချက်များအကြောင်း ရှင်းပြရာမှာ တကယ်ဝယ်မယ့်ကောင်တွေကို ကျော်ပြီး ကျွန်တော့်ကို အဓိကထားရှင်းပြနေတာမျိုးတောင်ကြုံရသည်။ ပြီးတော့ သူတို့စိတ်ထဲမှာ ဒီလောက်ကျွမ်းတဲ့ပုဂ္ဂိုလ်ဟာ ကိုယ်တိုင်လည်း ကားအမျိုးမျိုး ထည်လဲစီးနိုင်တဲ့သူမျိုးဖြစ်မှာပဲဟု ယူဆထားကြပုံရလေသည်။
    ဒီလိုနဲ့တစ်ရက်မှာတော့ ကားဝယ်ရောင်း ပွဲစားတစ်ယောက်နှင့် မြို့ထဲမှာဆုံသည်။ သူက သူတို့လောကသားတို့ထုံးစံအတိုင်း-
    "ဘာစီးနေလဲ"
    ဟု အထင်ကြီးစွာမေးသည်။ ကျွန်တော်က-
    "BM-20"
    ဟု ဖြေလိုက်သည်။ သူ ဦးနှောက်စားသွားသည်။ ကားလောကမှာ မျောက်ခေါင်း၊ ဖင်ကောက်၊ ဘောင်ပျောက်စသည်ဖြင့်။ တချို့ကျတော့ ကား၏ မျိုးကွဲအမည်ကိုဖြစ်စေ၊ ဝိသေသကိုဖြစ်စေခေါ်ကြသည်။ လီမိတက်၊ ဂျီတိုးရင်း၊ အီးဒီ၊ အက်စ်အာတူး၊ မတ်တူး စသည်ဖြင့်။
    ဒီတော့ ကျွန်တော်၏ BM-20 ကိုလည်း ဒီသဘောမျိုး သူစဉ်းစားမည်။ ကြားဖူးနေကျ အမျိုးအစားမဟုတ်သောကြောင့် ရှားပါးအဖိုးတန်ကားမျိုးဟု ထင်ချင်လည်းထင်မည်။ BM ဆိုတာ ဂျာမနီနိုင်ငံလုပ် ကမ္ဘာကျော် BMW ကားကို အတိုကောက် ခေါ်တာလား၊ 20 ဆိုတာရော အင်ဂျင်ပါဝါတူးပွိုင့်ဇီးရိုးကို ခေါ်တာလားဟု တွေးချင်တွေးမည်။ သူသည် ဝယ်ရောင်းလောကမှာ ဆရာတစ်ဆူဖြစ်သောကြောင့် BM-20 ကိုမသိပါဟုဆိုလျှင် သိက္ခာကျနိုင်သည်။ ထို့ကြောင့် သိသလိုလိုပုံစံဖြင့်-
    "ဩော်....ဩော်..ဒါနဲ့ ဘယ်လောက်ပေးလိုက်ရသလဲ"
    ဟု မေးသည်။ ကျွန်တော်က-
    "သိပ်မပေးလိုက်ရပါဘူး၊ သုံးရာလောက်ပါပဲ"
    ခပ်ပေါ့ပေါ့လေသံဖြင့် ဖြေလိုက်၏။ သူက-
    "အင်း....ဈေးကတော့ သိပ်မသေးလှဘူးနော်"
    ဟု ပခုံးတွန့်၍ပြောပြီး" နောက်ကြုံမှစီးကြည့်ဦးမယ်ဗျာ" ဟု ပြောပြီးထွက်သွားသည်။ သူသည် ပလက်ဖောင်းပေါ် ရပ်ထားသော ကားတွေထဲမှာ ပုံဆန်းဆန်းကားမျိုးများရှိမလားဟု မျက်လုံးကစားပြီး ဝေ့ကြည့်သွားသေးသည်။ ကျွန်တော် ပြုံးလိုက်မိ၏။ ကျွန်တော်ပြောသည့် BM-20 ဆိုသည်မှာ သူထင်သလို မော်တော်ကားမဟုတ်။ ကျပ်သုံးရာနှင့် ဝယ်ထားသော မိုးတွင်းစီးရော်ဘာဖိနပ်ပင်ဖြစ်လေ၏။
--------------------------------------------
မင်းလူ
ဝယ်သူ့စိတ်ကြိုက်ဂျာနယ်။
၁၈-၉-၂၀၀၁။