ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း
Showing posts with label မင်းလူ. Show all posts
Showing posts with label မင်းလူ. Show all posts

Saturday, March 30, 2013

အပေါ်သွေးအောက်သွေး(မင်းလူ)

"အပေါ်သွေး အောက်သွေး" (မင်းလူ)
---------------------------------------


ဆွေဆွေက နားကျပ်ကိုဖြုတ်ပြီး စားပွဲပုကလေးပေါ်တင်လိုက်သည်။ ဒေါ်နုနု၏လက်မောင်းမှာ ပတ်ထားသော
သွေးဖိအားတိုင်းကိရိယာမှလက်ပတ်ကို တစ်ပတ်ချင်းခွာရင်း
"ကောင်းပါတယ်ဒေါ်လေးရဲ့၊ ဘာမှမဖြစ်ပါဘူး၊ ဘာလဲဒေါ်လေးက သွေးတိုးနေတယ်ထင်လို့လား"ဟု မေးလိုက်သည်။
ဒေါ်နုနုက
"ထင်တယ်တော့မဟုတ်ပါဘူး၊ အသက်ကလည်းနည်းနည်းရလာပြီမဟုတ်လား၊ ပြီးတော့ ခုတလော
ဒေါ်လေးနည်းနည်းဝလာသလားလို့"
ဆွေဆွေက သွေးပေါင်ချိန်တိုင်းကိရိယာကိုသိမ်းဆည်းနေသဖြင့် ချက်ချင်းစကားမပြန်နိုင်သေး။ ပြီးမှ
"အသက်လေးဆယ်ကျော်ရင် သွေးသားပြောင်းလဲမှုဖြစ်လို့ ဝလာတတ်ကြတာပဲ၊ ဒေါ်လေးက တရားလွန် မဝသေးပါဘူး၊
ကြည့်ကောင်းရုံပဲရှိပါသေးတယ်၊ ဘာလဲဦးဦးက ဒေါ်လေးကိုဝလာရင်သဘောမကျမှာစိုးလို့လား"
"အမယ်လေး၊ နင်တို့ဦးဦးကိုတော့ ဒီဘက်မှာစိတ်ချပြီးသားပါ"
"ဒါတော့ဖြစ်ရမယ်လေ၊ ဒေါ်လေးက အသက်လေးဆယ့်သုံးနှစ်သာဆိုရတယ်၊ သုံးဆယ့်ငါးထက် ကျော်မယ်လို့
မထင်ရဘူး၊ အသားအရည်ကလည်း သုံးဆယ်အောက်တွေထက်တောင်စိုပြည်နေသေး"

ဆွေဆွေသည် ဒေါ်နုနု၏ တူမလည်းဖြစ် မိသားစုဆရာဝန်လည်းဖြစ်သည်။ ကျန်းမာရေးကိစ္စရှိရှိ၊ မရှိရှိ
တစ်ပတ်တစ်ခါလောက်တော့ ရောက်ဖြစ်နေတတ်သည်။ ဒီနေ့လည်း ဆေးရုံမသွားရသဖြင့် ဒေါ်နုနုဆီ
လာလည်ခြင်းဖြစ်သည်။ ဒေါ်နုနုက သူ့မှာသွေးတိုးရှိမရှိ ကြည့်ပေးစမ်းပါဦးဆိုသဖြင့် စမ်းသပ်နေခြင်းဖြစ်၏။
"ဒေါ်လေးနေလို့ထိုင်လို့တော့ ကောင်းတယ်မဟုတ်လား"
ဆွေဆွေကထပ်မေးသဖြင့် ဒေါ်နုနုခေါင်းညိတ်ပြသည်။
"ကိုယ်တွေလက်တွေထုံပြီး မလှုပ်ရှားချင်တာတို့၊ ချွေးတွေအလွန်အကျွံထွက်တာတို့၊ ခေါင်းတွေအုံနေတတ်တာတို့၊
မျက်ခွံတွေလေးပြီး အိပ်ချင်နေတာတို့များ ဖြစ်သလားဟင်"

ဒေါ်နုနုကခေါင်းခါပြပြီး
"ဒေါ်လေး ညညကျရင် နည်းနည်းလန့်ချင်သလိုပဲကွယ်"
"အို အရင်ကတည်းက ဒေါ်လေး သတ္တိမှမကောင်းတာ၊ ဆွေဆွေတို့ ငယ်ငယ်က ဒေါ်လေးအိမ်လာရင် ညည
အိမ်သာထမသွားရဲလို့ ဆွေဆွေ့ကို အမြဲနှိုးရတယ်မဟုတ်လား၊ ပြီးတော့ ဒေါ်လေးကသွေးဆုံးနေတဲ့အချိန်မို့
စိတ်နည်းနည်းအပြောင်းအလဲဖြစ်တာနေမှာပါ၊ ဒါသဘာဝပဲ၊ အရေးမကြီးပါဘူး၊ ခုဆွေဆွေလည်း အပတ်တိုင်း
ရောက်နေတာပဲဟာ မပူပါနဲ့၊ ဘာမှမဖြစ်ပါဘူး၊ ညဘက်လန့်သလိုဖြစ်ရင် စိပ်ပုတီးလေးဘာလေးစိပ်
ဒါမှမဟုတ်လည်း ဦးဦးကိုအတင်းဖက်ထားပေါ့ ဒေါ်လေးရဲ့"
ဒေါ်နုနုက ရှက်ပြုံးပြုံးလိုက်သည်။

* * * * *

ဒေါ်နုနုဘဝသည် အေးချမ်းသာယာသည်ဟု ဆိုရမည်ဖြစ်သည်။ ချမ်းသာကြွယ်ဝသောမျိုးရိုးမှ ဆင်းသက် ပေါက်ဖွားလာ
ခဲ့သည်။ အချိန်တန် အရွယ်ရောက်လာလို့ လူလားမြောက်လာတော့လည် သူတို့လောက် မချမ်းသာတောင် သူတို့နီးပါး
ချမ်းသာသော ကိုကိုဦးအောင်မြတ်ထွန်းနှင့် လက်ဆက်ခဲ့သည်။ ကိုကိုနှင့်သူသည် လူကြီးများ မစီစဉ်ကတည်းက
တစ်ဦးနှင့်တစ်ဦး သိကျွမ်းခင်မင်ခဲ့ကာ သံယောဇဉ်တွယ်တာမိပြီးဖြစ်သည်။ ထို့ကြောင့် သူတို့၏အိမ်ထောင်ရေးက
သာယာခဲ့သည်။ သမီးတစ်ယောက်နှင့်သားတစ်ယောက် ထွန်းကားသည်။ အိမ်ထောင်သက် နှစ်ပေါင်း နှစ်ဆယ်
ကျော်လာသည်အထိပြဿာနာတစ်စုံတစ်ရာမပေါ်ပေါက်ခဲ့။ ကိုကိုနှင့်သူတို့သည် ခုထိတိုင် တစ်ဦးပေါ်တစ်ဦးကြင်နာကြဆဲ။

* * * * *

သူတို့သည်တစ်ခုသော ဆိတ်ငြိမ်ချမ်းသာရပ်ကွက် အတွင်းရှိအသင့်အတင့် ကျယ်ဝန်းသော ခြံထဲတွင် နှစ်ထပ်တိုက်
ကလေးတစ်လုံးဖြင့် နေထိုင်သည်။ ခြံနီးချင်းများမှာလည်း သဘောကောင်းသူများသာဖြစ်သည်။ ပြီးတော့ ဒီရပ်ကွက်ထဲ
နေသူများမှာ အခြေအနေအဆင့်အတန်းချင်းညီကြသူတွေသာဖြစ်သည်။ ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက်
ကြောချင်လို့မရ။ ဂုဏ်တုဂုဏ်ပြိုင်လုပ်စရာမလို။ လုပ်လျှင်လည်း 'သရေပွဲ'သာ ဖြစ်ပေလိမ့်မည်။ ကိုယ်လုပ်နိုင်
သလောက်တော့ သူများတွေလည်း လုပ်နိုင်နေတာကိုး။ အားလုံးက တတ်နိုင်ကြသူတွေချည်းဖြစ်သည်။
ယောက်ျားချင်းပြိုင်လို့လည်းမဖြစ်ချေ။ ယောက်ျားတွေအားလုံးက ရာထူးကြီးကြီးရှိသူ ဖြစ်ချင်ဖြစ် သို့မဟုတ်
လုပ်ငန်းရှင်တွေဖြစ်ကြသည်။ ဒီတော့ ပြိုင်ဖို့နေနေသာသာ တစ်ယောက်အကူအညီကို တစ်ယောက်
ယူရသည့်အခါမျိုးပင်ရှိသည်။ ညှိပြီး လုပ်ကြရတာမျိုးရှိသည်။

သားသမီးချင်းပြိုင်လို့လည်းအပိုပါပဲ။ အားလုံးကျူရှင်ယူကြသည်။ သူတို့ချင်းစုပြီး နာမည်အကြီးဆုံးဆရာတွေကို
လခထောင်ချီပေးကာ 'ဝိုင်း'ကျူရှင်လုပ်ပေးထားနိုင်သည်။ သားသမီးထဲမှာ ဆရာဝန်၊ အင်ဂျင်နီယာမပါလို့လည်း
အရေးမကြီး။ ဆယ်တန်းမအောင်လို့လည်း ပြဿနာမရှိ။ သင်္ဘောလိုက်လို့ရသည်။ သည်တော့ကာ ဘာတွေများ
ပြိုင်စရာ ရှိပါတော့သနည်း။

"ကိုယ်ဖြင့်သေသာသေလိုက်ချင်တာပဲကွယ်"
ဟုတစ်ယောက်ကပြောရာ အကြောင်းသိတွေချင်းဖြစ်သောကြောင့် အခြားတစ်ယောက်က-
"ဘာလဲဖောက်လာပြန်ပြီလား"ဟု စကားထောက်ပေးသည်။ သူတို့ကတော်တစ်စု ဒေါ်နုနုတို့အိမ်မှာဆုံမိပြီ
စကားပြောနေကြခြင်းဖြစ်၏။
"အင်းပေါ့ ဟိုတလောက 'အာတပ္ပဆရာဉာဏ်'ပေးတဲ့ဆေးပြာမှုန့်ကို လိမ္မော်ရည်ထဲဖျော်တိုက်လိုက်တာ
နှစ်ပတ်လောက်တော့ ခြေငြိမ်သွားသေးတယ်၊ ခုပြန်ပြီးဗွေဖောက်လာပြန်ပြီ၊ သောကြာ၊ စနေဆို
အိမ်ပြန်မအိပ်တော့ဘူး"

"အင်း ဒါမျိုးကပြောရခက်သားပဲ၊ ကိုယ့်တုန်းကလည်း ဒီလိုပါပဲ၊ အိမ်ကလူကတောင် နည်းနည်းပိုဆိုးမလားပဲ၊
ဘာလို့ဆို သူက လူကိုပါရန်ရှာချင်တာကိုး၊ ခုတော့ ကိုယ်လည်းထုံသွားပြီ၊ ဘယ်တော့ ကိုယ့်ဆီ စိတ်
ပြန်လည်လာမလဲလို့ မျှော်လင့်ရင်း လွှတ်ပေးထားရတော့တာပဲ"
"အစ်ကိုကြီးကတော့ ဒါမျိုးတွေမရှိပါဘူး၊ ဒါပေမယ့်ညတိုင်းသောက်သောက်လာပြီး ဂျီတိုက်တာက ခက်တယ်"
တစ်ယောက်က ဝင်ပြောပြန်ရာ အခြားတစ်ယောက်ကလည်းအားကျမခံ
"အမလေး ယူတို့ချည်း ပြဿနာရှိတယ်မှတ်နေ၊ ကိုယ့်မှာဖြင့် ခေါင်းမီးတောက်နေပြီ"
"ဟယ် အငယ်ကောင် ဘာဖြစ်ပြန်ပြီလဲ"
"ဟုတ်တယ်၊ သားအငယ်ကောင်ပဲပေါ့၊ ဟိုနေ့က အံဆွဲထဲက ပိုက်ဆံတစ်ထောင်ယူသွားတယ်"
"ဂျင်တွေဘာတွေများ ထိုးနေလို့လား"
"ကစားပစ်တာတို့ သုံးပစ်တာတို့ဆို အရေးမကြီးပါဘူး၊ ဖိုးတို့၊ တက်ဘလက်တို့ လုပ်မှာပဲကြောက်တာ"
"အို တော်ကြပါတော့ကွယ်၊ ကြားရတာ စိတ်မချမ်းသာစရာတွေချည်းပဲ၊ မြိုင်ရင်တုန်လွန်းလို့ပါ"
နှလုံးရောဂါရှိသည်ဆိုသော တစ်ယောက်က ရင်ဘတ်ကိုလက်ဖြင့်ဖိပြီး ကတုန်ကယင် ပြောလိုက်သည်။
စပတ်ကလင်လီမွန်ကို တစ်ငုံငုံချလိုက်ပြီးမှ
"ခုတလောက ပိုတောင်ဆိုးလာသလိုပဲ၊ နည်းနည်းလေးမှစိတ်လှုပ်ရှားလို့မရဘူး"ဟု လေသံပျော့ပျော့ဖြင့်
ပြောသည်။

ပထမဆုံး စပြောသော တစ်ယောက်က
"အေးကွယ် ဆောရီးပဲ၊ ခုလိုကြုံတုန်းဆုံတုန်းကျမှကိုယ့်ဒုက္ခကိုယ်ပြောကြရတာကလား၊ တို့တွေထဲမှာနုနုကတော့
အေးတယ်၊ ဘာပြဿနာမှမရှိဘူး၊ ကျန်းမာရေးကလည်းဒေါင်ဒေါင်မြည်လို့၊ နုနုသိပ်ကံကောင်းတာပဲ"
တစ်ချိန်လုံးဘာမျှဝင်မပြောဘဲ ငြိမ်နေသောဒေါ်နုနုသည် ပြုံးရုံသာပြုံးနေလိုက်ရသည်။ သူ့မှာကလည်း
သူတို့လိုပြောစရာစကားမှမရှိဘဲ။ သူကကံကောင်းတယ်တဲ့။ ဟုတ်ကော ဟုတ်ရဲ့လား။

* * * * *

ဟုတ်သည်။ ကိုကို ဦးအောင်မြတ်ထွန်းသည် လခထောင်ကျော်စားအရာရှိကြီးတစ်ဦးဖြစ်သည်။ ငွေတစ်ထောင်ကျော်စား
အရာရှိကြီးတစ်ဦးဖြစ်သည်။ ငွေတစ်ထောင်ဆိုသည်မှာ သူတို့အဖို့ တစ်ပတ်စာ အိမ်သုံးစရိတ်ပဲရှိသည်။ သို့ရာတွင် ငွေက
ကိစ္စမရှိ။ သူတို့မှာ ပြည့်စုံပြီးသား။ နောက်ပြီး မိဘတွေလက်ထက်ကတည်းက ရင်းနှီးမြုပ်နှံခဲ့သောလုပ်ငန်းတစ်ခုမှ
အချိုးကျအမြတ်ငွေကလည်း ရနေသေးသည်။ ကိုကိုသည် အလုပ်ကြိုးစားသူဖြစ်သည်။ လာဘ်မစားတတ်၊
ကူညီသင့်သူကို ရိုးရိုးသားသားကူညီသည်။ လုပ်ငန်းခွင်တွင် ကိုကို့ကို အထက်ကရော အောက်ကပါ
ချစ်ချင်လေးစားကြသည်။ ကိုကို၏ ရှေ့တက်လမ်းက ဖြောင့်ဖြောင့်ဖြူးဖြူး။

အရက်မသောက်တတ်။ လောင်းကစားဝါသနာမပါ။ အသက်လေးဆယ်ကျော် ယောက်ျားတို့ ဖြစ်တတ်သော
နံပါတ်တူးပြဿနာမျိုးလည်းမရှိ။ ခုထိဒေါ်နုနုအပေါ် အချစ်မလျော့သေး။ သားသမီးတွေကိုသံယောဇဉ်ကြီးနေဆဲ။
သားသမီးတွေကျတော့ကော။ သမီးကြီးက ရန်ကုန်တက္ကသိုလ်မှာ ဂုဏ်ထူးတန်း၊ သားငယ်က စက်မှုတက္ကသိုလ်
ကျောင်းသား၊ နှစ်ယောက်စလုံးလိမ္မာသည်။ မိဘစကားနားထောင်သည်။ သားငယ်သည် ဆေးလိပ်မသောက်တတ်။
ဒေါ်နုနုက အိမ်ထောင်မှုကို နိုင်နင်းသည်။ ထမင်းချက်မိန်းမကြီးတစ်ယောက်၊ တောက်တိုမည်ရ ခိုင်းဖို့ ကောင်မလေး
နှစ်ယောက်၊ မာလီတစ်ယောက်၊ ဒရိုင်ဘာတစ်ယောက်တို့ဖြင့် အိမ်၏ကိစ္စအဝဝကို ကောင်းစွာစီမံအုပ်ချုပ်နိုင်သည်။
ကဲ ဘာများလိုပါသေးသလဲ။

* * * * *

လာနေကျအတိုင်း စနေနေ့ညနေဘက်တွင် ဆွေဆွေရောက်ရှိလာသည်။
ခရီးရောက်မဆိုက်ပင်
"ဒေါ်လေးတို့များ ကိုယ့်တူမစကားကို အယုံအကြည်မရှိဘဲကိုး၊ ဆွေဆွေက အထူးကုဆရာဝန်ကြီး မဟုတ်လို့လားဟင်"
ဟု ခနဲ့သည်။ ပြီးတော့ လွန်ခဲ့သော နှစ်ရက်လောက်က ဆရာကြီးသွေးတိုးဦးသန်းမောင်အခန်းထဲက ဒေါ်နုနု
ထွက်လာသည်ကို မြင်လိုက်သည်ဟု ပြောသည်။
"ဟယ် အဲဒါက ဒေါ်လေးသူငယ်ချင်းတစ်ယောက်နဲ့ အဖော်လိုက်သွားတာပါ"
"အဖော်လိုက်သွားရင်းနဲ့ ဒေါ်လေးပါဝင်ပြီး စမ်းသပ်ခဲ့တယ်ဆိုပါတော့"
ဒေါ်နုနုက ရယ်လျက်သာနေသည်။
"ဘာမှမဖြစ်ဘူးလို့ ဆရာဦးသန်းမောင်ကပြောလိုက်တယ်မဟုတ်လား"

ဒေါ်နုနုက ခေါင်းညိတ်ပြသည်။
"ဒေါ်လေးစိတ်ထဲမှာ မရှင်းသေးရင်လည်း ဆွေဆွေတို့ဆရာကြီးဆီခေါ်သွားပေးမယ် ဟုတ်လား၊ တစ်ခုတော့
ရှိတယ် ဒေါ်လေးရဲ့၊ ကိုယ့်ကိုယ်ကို သွေးတိုးများရှိနေသလား၊ နှလုံးရောဂါများရှိနေသလားလို့ စိတ်ထင်ပြီး
စွဲလမ်းနေရင် မကောင်းဘူး၊ အဲဒါဆိုရင် ကားဒစ်နယူရိုဆစ်လို့ခေါ်တဲ့ စိတ္တဇနှလုံးရောဂါသည် ဖြစ်သွားလိမ့်မယ်"
"စိတ္တဇနှလုံးရောဂါသည်ဟုတ်လား"

"ဟုတ်တယ်ဒေါ်လေး၊ ဘာရောဂါမှမဖြစ်ဘဲနဲ့ မူးသလိုလို မောသလိုလိုဖြစ်နေတာမျိုးပေါ့၊ ကြားဖူးနားဝရှိတဲ့လူဆို
ပိုဆိုးတယ်၊ နှလုံးရောဂါလက္ခဏာတွေထဲက ဟိုစပ်စပ် ဒီစပ်စပ်သိထားသမျှ ဖြစ်တယ်လို့ထင်လာရော၊ ဆွေဆွေတို့
ဆီကို အဲဒီလူနာတွေ မကြာခဏရောက်လာတတ်တယ်၊ သူတို့က နှလုံးရောဂါတကယ်ဖြစ်တဲ့လူထက် ကုသရတာ
ပိုခက်တယ်၊ ဘာမှမဖြစ်ဘဲကိုး၊ ဒီတော့ ဘာမှမဖြစ်ပါဘူး၊ ကောင်းပါတယ်လို့ အာပေါက်အောင် ရှင်းပြလည်းမရဘူး၊
တချို့ဆို ဆေးရုံတက်ပါရစေလို့ဇွတ်ပြောတဲ့သူကရှိသေးတယ်၊ ဒီလိုနဲ့ ဟိုဆရာဝန်ကြီးသွားပြ၊
တိုင်းရင်းဆေးသမားတော်ဆီသွားလိုသွားနဲ့ ငွေကုန်တာပဲ အဖတ်တင်ကြတာပေါ့"

"ဘာပဲဖြစ်ဖြစ်လေ၊ ကြိုတင်ကာကွယ်ထားတာကောင်းတာပေါ့"
"ဒါကတော့ကောင်းပါတယ်၊ တစ်ခုရှိတာက သွေးမတိုးအောင် အငန်မစားပဲနေတာတို့ ဘာတို့လောက်
လုပ်စရာမလိုသေးပါဘူး။ တကယ်ဖြစ်လာမှသာ လျှော့စားသင့်တာပါ သွေးတိုးတယ်ဆိုတာက

အငန်ဓာတ်ကြောင့်လို့ တစ်ထစ်ချပြောလို့မရဘူး၊ တခြားအချက်အလက်တွေရှိသေးတယ်၊ တခြားရောဂါတစ်ခုခု၊
ဥပမာ ကျောက်ကပ်ရောဂါကြောင့်လည်း သွေးတိုးဖြစ်လာနိုင်တယ်၊ အဲ၊ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ
အကြောင်းတရားရှာမတွေ့တာမျိုးလည်းရှိသေးတယ်"
"အကြောင်းတရား ရှာမတွေ့တာ ဟုတ်လား"
"ဟုတ်တယ်၊ ဒေါ်လေးအနေနဲ့တော့ သိပ်ပူစရာမရှိပါဘူး၊ ဒေါ်လေးရဲ့ ကိုယ်အလေးချိန်၊ အစားအသောက်၊
အနေအထိုင်က သင့်တင့်မျှတမှုရှိပါတယ်၊ ပြီးတော့ ဒေါ်လေးက စိတ်လည်းချမ်းသာတယ် မဟုတ်လား"
ဒေါ်နုနုက ပြုံးပြီးတစ်စုံတစ်ရာကို စဉ်းစားနေသည်။

* * * * *

ညဘက်ရုပ်မြင်သံကြား အစီအစဉ်ပြီးပြီဆိုလျှင် အိမ်ရှေ့လသာဆောင်မှာ မိသားစုတစ်စုဝိုင်းထိုင်ပြီး ထွေရာလေးပါး
စကားပြောတတ်ကြတယ်။ များသောအားဖြင့် လုပ်ငန်းခွင်အတွင်းမှာ၊ ကျောင်းမှာ တွေ့ကြုံခဲ့ရသော ရယ်စရာ၊
မောစရာအကြောင်းများသာဖြစ်သည်။ စကားပြောရင်း စားစရာတစ်ခုခုစားကြပြီး ကိုယ်နှစ်သက်ရာ အရည်တစ်မျိုးမျိုး
သောက်ကြသည်။ အရင်ကဆိုလျှင်ဒေါ်နုနုသည် သစ်သီးရည်တစ်ခုခုသာ သောက်လေ့ရှိသည်။ ခုနောက်ပိုင်း
မယ်လ်တိုဗာကို ပြောင်းသောက်နေသည်။ ဦးအောင်မြတ်ထွန်းက ဒေါ်နုနုကို စောင်းငဲ့ကြည့်ပြီး

"ခုတလော နည်းနည်းဝလာသလိုပဲ"
"ဟုတ်တယ်ကိုကို၊ ထမင်းလဲ ပိုပြီးစားနိုင်လာတယ်"
"မေမေက ဝလာပေမယ့် ပုံမပျက်သေးပါဘူး ဖေဖေရာ၊ လှတုန်းပါပဲနော်"
သမီးကြီးကဝင်ပြောသည်။ သားငယ်ကလည်း
"ဟုတ်တယ်မေမေ၊ ဟိုတစ်ခါ သားကိုကျောင်းလာကြိုတော့ မေမေလည်းပါလာတယ်လေ၊ မေမေ့ကို

သူငယ်ချင်းတွေက မြင်သွားတော့ ဘာပြောတယ်မှတ်သလဲ၊ မင်းအတို့အစ်မက တယ်လှပါလားတဲ့၊ မေမေ့ကို
သားရဲ့အစ်မမှတ်လို့တဲ့"ရယ်ကြသည်။ မနေ့ညက ဗီဒီယိုသုံးကား ဆက်တိုက်ကြည့်ထားသဖြင့် အိပ်ရေးပျက်ခဲ့
ကြသည်။ နေ့လည်ကလည်း မအိပ်ဖြစ်ခဲ့ကြ။ ထို့ကြောင့်စောစောအိပ်မည်ဟု စိတ်ကူးပြီးကိုကိုနှင့် သားသမီးများကို
နှုတ်ဆက်၍ စကားဝိုင်းမှထလိုက်သည်။

ခေါင်းထဲမိုက်ခနဲဖြစ်သွား၏။ ကုလားထိုင်နောက်မှီကိုကိုင်၍ထိန်းထားလိုက်ရ၏။
"ဘာ၊ ဘာဖြစ်တာလဲ"
"နု ဘာဖြစ်တာလဲဟင်"
ကိုကိုက လက်မောင်းကိုလာကိုင်၏။
"အိပ်ရေးပျက်လို့ထင်ပါရဲ့၊ နည်းနည်းမူးတာပါ၊ ဘာမှမဖြစ်ပါဘူး"
"အို၊ ဘယ်ဟုတ်ပါ့မလဲ၊ အိပ်ရာပေါ်လှဲနေလိုက်၊ ကိုကိုလိုက်ပို့မယ်၊ သမီးကဆွေဆွေ့ဆီကိုဖုန်းဆက်စမ်း၊ သားက
ကားယူပြီးသွားခေါ်ခဲ့"

ဆွေဆွေက ဒေါ်နုနုကို စမ်းသပ်သည်။ သွေးဖိအားတိုင်းကြည့်သည်။ မကျေနပ်သေးသဖြင့် နောက်တစ်ကြိမ်
ထပ်တိုင်းသည်။ ပြီးတော့-
"ဆွေဆွေ မရောက်တာတစ်ပတ်ပဲရှိပါသေးတယ်၊ ဘယ်လိုဖြစ်သွားတာလဲ"
"မိုက်ခနဲဖြစ်သွားတာပါပဲကွယ်၊ အရင်ကမဖြစ်ဖူးဘူး"
"သိပ်တော့အရေးမကြီးပါဘူးလေ၊ နည်းနည်းပါးပါးစိုးရိမ်စရာမရှိပါဘူး၊ ဆေးလေးဘာလေးသောက်လိုက်ရင်
ကောင်းသွားမှာပါ"

ဦးအောင်မြတ်ထွန်းက ဘာဖြစ်တာလဲဟု စိုးရိမ်တကြီးဝင်မေးသည်။ ဆွေဆွေက
"သွေးဖိအားက တစ်ရာ့ငါးဆယ်ကိုးဆယ်ဆိုတော့ သွေးနည်းနည်းတိုးတယ်လို့ဆိုရမှာပဲ"
"သွေးတိုးဟုတ်လား"
သွေးတိုးဟု ဒေါ်နုနုက ခပ်တိုးတိုးရေရွတ်သည်။ စိတ်ထဲကတော့ ကျိတ်၍ဟင်းချလိုက်၏။ နောက်တစ်ကြိမ်
သူတို့မိန်းမချင်းဆုံကြလျှင် ကိုယ်ဖြင့် လန့်သွားတာပဲကွယ်ဟု အစချီကာ သူ့အဖို့ပြောစရာစကားတစ်ခုရသွားပြီ
ဖြစ်သည်။ သို့မဟုတ်လျှင် သူများတကာတွေ ကြားထဲမှာမဝင်ဆံ့သလို ခံစားရသည်။ ကိုယ်က ချမ်းလည်း
ချမ်းသာသည့်အပြင် အရာရှိကတော်ကြီးတစ်ယောက်လုံးလုပ်နေပြီး သွေးတိုးကလေးမှမရှိဘူးဆိုလျှင်
ရှက်စရာကြီးမဟုတ်လား။



မင်းလူ
--------------------------
ချယ်ရီမဂ္ဂဇင်း၊
နိုဝင်ဘာ၊ ၁၉၈၄။

Saturday, February 16, 2013

ခါးအောက်ပိုင်း(မင်းလူ)

"ခါးအောက်ပိုင်း"


လောကကြီးမှာ ရယ်စရာတွေအလွန်ပေါများသည်။ ကြည့်တတ်၊မြင်တတ်၊ တွေးတတ်လျှင် နေ့စဉ်နှင့်အမျှ ရယ်စရာကို
တွေ့နိုင်သည်။ တကယ်တော့ ဟာသဆိုတာ 'ရေ'လိုပါပဲ။ ရုတ်တရက်ကြည့်လိုက်လျှင် အလျှံပယ်ပေါများသည်ဟု 
ထင်ရ၏။ အရေးဟယ်၊ အကြောင်းဟယ်ကျမှ ရှာရခက်တော့တာ။ အထူးသဖြင့်တော့ ခုကာလမှာ ရေကောင်းရေသန့်က 
ရှားသထက်ရှားလာပြီ။ သောက်ရေကို စီးပွားဖြစ် ထုတ်လုပ်ရောင်းချသော လုပ်ငန်းရှင်တွေကြီးပွားကုန်ကြပြီ။
ဟာသဝတ္ထု၊ ဟာသရုပ်ရှင်ဆိုတာလည်း ရေသန့်ဘူးရောင်းသလိုပါပဲ။

                       ☼ ☼ ☼ ☼ ☼

ခုချိန်တွင် အနုပညာလောကမှာ ဟာသတစ်ခေတ်ထွန်းကားနေသည်။ အထူးသဖြင့် ရုပ်ရှင်နှင့်စာပေနယ်ပယ်မှာဖြစ်၏။ 
ဟိုတစ်ချိန်က တစ်နှစ်မှာ ရုပ်ရှင်ဇာတ်ကား ငါးဆယ်၊ ခြောက်ဆယ် ထွက်ခဲ့သည်။ ဒီထဲမှာမှ ဟာသဇာတ်ကားစစ်စစ် 
တစ်ကားတစ်လေပါလာဖို့ ခဲယဉ်းသည်။ စာပေ(အထူးသဖြင့်ဝတ္ထု)မှာလည်း ဒီအတိုင်းပဲ။ ဟာသဝတ္ထုဆိုတာ ရှားသည်။ 
ရေးတဲ့လူကလည်းနည်းသည်။ မဂ္ဂဇင်းတိုင်းမှာ ဟာသဝတ္ထုပါတာမဟုတ်။ တချို့မဂ္ဂဇင်းတွေက ဟာသဆိုလျှင် အဆင့်အတန်း
သိပ်မရှိဟု ယူဆသဖြင့် ထည့်သွင်းဖော်ပြဖို့ ဝန်လေးတတ်ကြသည်။ ဟာသလုံးချင်းဝတ္ထုရေးတဲ့လူရယ်လို့လည်း တစ်ဦးစ 
နှစ်ဦးစသာ ရှိ၏။ သူ့ပရိသတ်နှင့်သူ သီးခြားဖြစ်ပြီး စာပေလောကတစ်ခုလုံးကိုမလွှမ်းမိုးနိုင်။

ခုတော့ ဒီလိုမဟုတ်။ ရုပ်ရှင်ဇာတ်ကား ဆယ်ကားထွက်လျှင် ကိုးကားက ဟာသကားဖြစ်နေ၏။ ဒါမှလည်း ပရိသတ်ကြိုက်တယ်၊ 
ပိုက်ဆံရတယ်လို့ ဆိုကြတာပဲ။ အလွမ်းအဆွေးဇာတ်လမ်း တစ်ကားတစ်လေလောက်စွန့်စားပြီး ရိုက်ကူးသူများမှာ ပိုက်ဆံမရ။ 
အကယ်ဒမီပဲရကြရှာသည်။ ထို့ကြောင့် အတည်အခန့် သရုပ်ဆောင်လေ့ရှိသော မင်းသားများမှာ ပေါတောတောတွေလုပ်ပြကြရသည်။ 
အငိုသန်သော မင်းသမီးများလည်း ဟာသမယ်တွေဖြစ်ကုန်ကြရသည်။ 

စာပေနယ်မှာကျတော့ကော။ လုံးချင်းဝတ္ထုတွေဆိုလျှင် 'အချစ်ဟာသ'ဆိုတာမျိုးတွေသာ အလုပ်ဖြစ်သည်။ အချစ်သက်သက်တောင် 
သိပ်အဆင်မပြေ။ ဘဝသရုပ်ဖော်သမားအများစုမှာ ဟိုအရင်လိုလက်မ မထောင်နိုင်ဘဲ မျက်နှာငယ်နေကြရရှာသည်။ ဒီလိုစာအုပ်မျိုး
ထုတ်တဲ့ထုတ်ဝေသူဆိုလျှင် သူရဲကောင်းလို့ ပြောရမလား၊ လူမိုက်ပဲဟုဆိုရမလားမသိ။ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေကလည်း ဟာသပါမှ 
ဂုဏ်ရှိတယ်ထင်နေကြဟန်တူသည်။ ရယ်စရာစာမူမျိုးမှ လိုလိုချင်ချင်ရှိကြသည်။ တည်တည်တံ့တံ့ဆိုလျှင် အားနာပါးနာနဲ့ထည့်ပေးချင်
ပေးမည်။ သိပ်တော့ဟက်ဟက်ပက်ပက်မရှိလှ။ ဟာသဝတ္ထုဆိုလျှင်တော့ အိမ်တိုင်ယာရောက်လာယူရမလား။ စာမူခတစ်ခါတည်း
ရှင်းမယ်လေ။ အခုကြိုယူသွားပါလားဆရာ။ ဒီလိုနဲ့ နာမည်ကြီးဟာသစာရေးဆရာများမှာ ဟိုအရင်က အရင်းရှင်ဟု ချိုးနှိမ်ခံခဲ့ရပြီး 
ခုကျတော့လုပ်ငန်းရှင်ဆိုပြီးမြှောက်စားခံနေရသော စီးပွားရေးသမားတွေလို ခွင်ကောင်းခေတ်ကောင်းနဲ့ တိုးမိနေကြလေသည်။ 
(ကျွန်တော့်လိုပေါက်ကရတွေလျှောက်ရေးတဲ့ကောင်မျိုးတောင် လူရာဝင်နေတာကိုပဲ ကြည့်တော့။)

                       ☼ ☼ ☼ ☼ ☼

မြေအောက်ရေလိုပေါ့။ အစပိုင်းမှာတော့ ဖောဖောသီသီရနိုင်သည်။ ထုတ်ယူသုံးစွဲဖန်များသောအခါ ခန်းခြောက်လာတတ်၏။ ဟာသမှာလည်း 
ဒီအတိုင်းပဲ။ သူကလည်းဟာသ၊ ကိုယ်ကလည်းဟာသဆိုပြီး အလုအယက်လုပ်စားလိုက်ကြတာ၊ ကြာတော့ ရယ်စရာကုန်ကြမ်းတွေ 
ရှားပါးလာသည်။ အကြောင်းအရာတွေလည်း ထပ်လာသည်။ ထိုအခါ ကြံမိကြံရာ လုပ်လာကြတော့သည်။

နိုင်ငံခြားဟာသဇာတ်လမ်းတွေကို မှီးသည်။ မြန်မာ့ရိုးရာဟာသပုံပြင်တွေကို ပြန်လည်ဆန်းသစ်သည်။ အငြိမ့်စင်ပေါ်က သမားစဉ်ပြက်လုံးတွေကို 
ယူသုံးသည်။ ခေတ်ဟောင်းစာရေးဆရာကြီးတွေရဲ့ ဝတ္ထုတွေထဲက ဟာသကွက်တွေကိုမသိမသာ (တချို့လည်းသိသိသာသာ)ခိုးချသည်။ 
(ကျွန်တော်တောင် ဆရာသော်တာဆွေကို တုပပြီး စာပေလောကသားတွေ ဇာတ်ကောင်လုပ်၍ နောက်တီးနောက်တောက်တွေရေးပြီး 
ခွင်ရိုက်ခဲ့သေးတာကော။)

ဒါတွေကလည်း ကြာတော့ ရိုးအီလာသည်။ ဒါမျိုးချည်း ထပ်တလဲလဲဖြစ်လာ၏။ ပရိသတ်တွေလည်း ငြီးငွေ့လာပြီ။ ဟာသဇာတ်လမ်းဆိုပြီး 
ရယ်စရာလည်း သိပ်မကောင်းတော့။ အားနာပါးနာ လိုက်ရယ်ပေးရသလိုဖြစ်လာသည်။ ထိုအခါ အသစ်ထပ်ထွင်ဖို့မကြိုးစားဘဲ လွယ်လွယ်ကူကူ 
ဆွဲသုံးနိုင်မယ့်နည်းလမ်းကို ရှာကြတော့သည်။ ညစ်တီးညစ်ပတ်ဟာသတွေဘက် လှည့်လာကြခြင်းပင်ဖြစ်၏။ ဒါမျိုးကို 'ခါးအောက်ပိုင်းပြက်လုံး'ဟု 
ခေါ်ကြသည်။ တချို့ကလည်း 'ချက်အောက်ပိုင်း'ဟုဆိုသည်။  ဟိုတစ်ချိန်ကတော့ ဒီလိုဟာသမျိုးတွေက အငြိမ့်စင်တွေ ဇာတ်စင်တွေပေါ်မှာ 
တွေ့ရတတ်သည်။ သို့တိုင်အောင် မင်းသား၊ မင်းသမီးစသော အဓိကပုဂ္ဂိုလ်တွေက ဒီစကားမျိုးတွေမပြောရ။ လူရွှင်တော်တွေကသာ ပြက်လုံး
ထုတ်ရသည်။ ဒီနေရာမှာလည်း ဗြောင်ကျကျကြီးမပြောရ။ ရိုင်းစိုင်းကြမ်းတမ်းသော စကားလုံးတွေမပါရ။ တစ်ကွက်ကျော်၊ နှစ်ကွက်ကျော်တွေးပြီးမှ 
နားလည်အောင် ဝင်္ကဝုတ္တိအလင်္ကာ သုံးရသည်။

ဥပမာလေးတစ်ခု ဖော်ပြပါမည်။
အငြိမ့်မင်းသမီးတစ်ယောက်သည် ကချိုးတစ်ခုကို ကြိုးစားပမ်းစားကပြီးနောက် ခဏနားလိုက်သည်။ ထိုအချိန်တွင် လူရွှင်တော်တစ်ဦးက ပြေးလာပြီး 
ယပ်ခပ်ပေးသည်။ ထိုအခါနောက်လူရွှင်တော်တစ်ဦးက
"ဟေ့ကောင်၊ မင်းကလည်း မင်းသမီးကိုဖားလှချည်လား"
"ဖားရတယ်ကွ၊ ငါတို့က သူ့ကိုမှီပြီး စားနေရတာ၊ ဒီမင်းသမီးဟာ ငါတို့ရဲ့ ထမင်းအိုးကြီးပဲ"
"အဲဒီထမင်းအိုးကြီး ငါ့ကိုခဏငှားစမ်းပါကွာ"
"ဘာလုပ်ဖို့လဲ"
"ခရမ်းသီးနှပ်စားချင်လို့"
"ဒါဆိုလည်း ငန်ပြာရည်တော့ လျှော့ထည့်ပေါ့ကွာ"
ဒီပြက်လုံးမှာ ညစ်ညမ်းတဲ့စကားလုံးတစ်လုံးမှ မပါ။ တွေးယူမှ တခစ်ခစ်ကြိတ်ပြီး ရယ်ရခြင်းဖြစ်၏။ ကလေးသူငယ်တွေ နားမလည်နိုင်။ 
လူရွှင်တော်ရဲ့စကားဆိုတော့ ပရိသတ်က အလေးအနက်မထားကြ။ ပျော်စေပြက်စေသာဖြစ်၏။ စင်ပေါ်မှာပြောခြင်းဖြစ်သောကြောင့် ပွဲပြီးလျှင် 
လေထဲမှာပျောက်ကွယ်သွားသည်။ မှတ်တမ်းမကျန်ခဲ့။

ခုကျတော့ အငြိမ့်ပွဲတွေကို ဗီဒီယိုရိုက်ပြီး အခွေတွေထုတ်လာသည်။ တစ်နိုင်ငံလုံးအတိုင်းအတာအထိ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိလာသည်။ 
အငြိမ့်ဆိုတော့ ထုံးစံအတိုင်း ခါးအောက်ပိုင်းပြက်လုံးတွေပါလာသည်။ ဒါမျိုးက လူတွေရဲ့သည်းခြေကြိုက်ဆိုတော့ သဘောကျကြသည်။ 
ဒီခွင်တွေက ဟာသဝတ္ထုတွေ၊ ဗီဒီယိုရုပ်ရှင်တွေဘက်ကူးစက်လာသည်။ သမားစဉ်ပြက်လုံးတွေလို ပညာသားပါပါမဟုတ်တော့။ ပရိသတ်ကြိုက်တယ်
ဆိုပြီး အတင့်ရဲလာသည်။ ခပ်ပြောင်ပြောင် ခပ်ကြမ်းကြမ်းတွေဖြစ်လာ၏။ တချို့စကားလုံးတွေဆို တော်တော်ရိုင်းစိုင်းသည်။ ပိုဆိုးတာက ဒါတွေကို 
မင်းသားမင်းသမီးတွေကပါ ခံတွင်းတွေ့ပြီးလိုက်ပြောလာကြခြင်းပင်ဖြစ်၏။ ကျောင်းဆရာမဇာတ်ရုပ်ဖြစ်ပါလျက် 'နင်တော်တော်နှာဘူးထနေပါလား'
ဆိုသော စကားမျိုးပြောတာကတော့ တော်တော်ဆိုးသည်။ နှမလုပ်သူကိုဘေးမှာထားပြီး အစ်ကိုဖြစ်သူက သူငယ်ချင်းတွေနဲ့ ညစ်ညစ်ညမ်းညမ်း
ပြောတာမျိုးတွေလည်း တွေ့ရကြားရသည်။ ထိုအခါ စာနယ်ဇင်းတွေက ဝေဖန် ထောက်ပြလာကြသည်။ မိသားစုအတူတကွကြည့်ကြသော 
ပရိသတ်တွေက နှာခေါင်းရှုံ့လာသည်။ လူငယ်ပရိသတ်တချို့ဆီကတောင် မနှစ်မြို့သောလေသံတွေ ထွက်ပေါ်လာလေသည်။

                       ☼ ☼ ☼ ☼ ☼

တကယ်တော့ ခါးအောက်ပိုင်းဟာသဆိုတာ ခုမှပေါ်လာခြင်းမဟုတ်။ ရှေးပဝေသဏီကတည်းကရှိနှင့် ပြီးဖြစ်၏။ 'တီးတိုးပုံပြင်များ' သို့မဟုတ် 
'တိုးတိုးပုံပြင်များ'ဟု ခေါ်ကြသည်။ လူပျိုကြီးတွေက လူပျိုပေါက်ကလေးတွေကို ပြောပြသည်။ အပျိုကြီးတွေက အပျိုပေါက်ကလေးတွေကို 
ကျိတ်ပြီးဖောက်သည်ချသည်။ တဟားဟား၊ တခစ်ခစ်ရယ်ကြရသည်။ ရှေးခေတ်က မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် လိင်ကိစ္စပညာပေးခြင်းတစ်မျိုးဟု 
ဆိုကောင်းဆိုနိုင်သည်။ တချို့အကြောင်းအရာလေးတွေဆို မြန်မာ့ရိုးရာဟာသပုံပြင်ထဲမှာတောင် ထည့်သွင်းဖော်ပြခြင်းခံရသေးသည်။

ဒီလိုကိစ္စမျိုးဆိုတာ လူတိုင်းစိတ်ဝင်စားကြတာပဲ။ နိုင်ငံတကာမှာလည်း ဒီလိုဟာသမျိုးရှိသည်။ ပလေးဘွိုင်းမဂ္ဂဇင်းထဲမှ ကာတွန်းပုံတစ်ပုံတွေ့ဖူးသည်။ 
အဝတ်အစားမပါသော အဘိုးကြီးအဘွားကြီးလင်မယားနှစ်ယောက် ကုတင်ပေါ်မှာ လှဲနေကြသည်။ အဘွားကြီးက ဒူးထောင်ပေါင်ကားပုံစံဖြစ်နေ၏။ 
အဘိုးကြီးက တယ်လီဖုန်းပြောနေပုံက-
"သမ္မတကြီးလားခင်ဗျာ၊ တိုက်ချင်းပစ်ဒုံးပျံတွေ လုံလုံခြုံခြုံသိမ်းဆည်းထားနိုင်မယ့် လိုဏ်ခေါင်းတစ်ခု ကျွန်တော်တွေ့ထားပါတယ်"ဟူ၍ဖြစ်၏။
ခါးအောက်ပိုင်းဟာသဆိုတာက တော်တော်သိမ်မွေ့သည်။ ညစ်ညမ်းမှုနှင့် ဟာသကြားမှ နယ်နိမိတ်မျဉ်းကပါးပါးလေးဖြစ်၏။ အတိမ်းအစောင်းမခံ။ 
ခံစားသူပရိသတ်၏ ပင်ကိုယ်ဓာတ်ခံပေါ်မှာလည်း မူတည်သည်။ မုဆိုးမတစ်ယောက်အတွက် ရယ်ရွှင်ဖွယ်သက်သက်သာဖြစ်သော်လည်း 
ဣနြေ္ဒကြီးလွန်းသော အပျိုကြီးတစ်ယောက်အတွက်တော့ နားရှက်စရာဖြစ်ချင်ဖြစ်နေလိမ့်မည်။ ပြက်လုံးတစ်ခုဟာ ညစ်ညမ်းမှုရှိမရှိ ဆိုတာကလည်း 
လူအပေါ်မူတည်ပြီးအငြင်းပွားစရာလည်း ဖြစ်နိုင်၏။

ခါးအောက်ပိုင်းဟာသဆိုပေမယ့် တကယ်အနုပညာမြောက်လျှင် ဂန္ထဝင်စာရင်းထဲ ဝင်နိုင်ပါသည်။ ရှေးခေတ်စာဆိုမင်းသားကြီး ဦးကျောက်လုံး၏ 
'တော်သလင်းဖော်ကင်းပါတဲ့ ခွေးတွေအူ၊ အိပ်မပျော်တစ်ညလုံး အုံးကျွက်ကျွက်ဆူ'ဆိုသော ကဗျာမျိုး။ စလေဦးပုည၏ ကဗျာတစ်ပုဒ်ထဲမှာ ပါသော 
'ဥတုနှင့် ပုဇွန်ဆီ'ဆိုသော စကားလုံးစသည်တို့ဖြစ်၏။ အလားတူ မှတ်မိသမျှလေးတွေတင်ပြလိုက်ပါသည်။

                       ☼ ☼ ☼ ☼ ☼
 
ဟိုအရင် မြန်မာ့အသံ ဟဒယရွှင်ဆေးအခန်းမှာ မကြာခဏလွှင့်လေ့ရှိသော လူရွှင်တော်ဓာတ်ဆီ၊ ဓာတ်ဆံတို့၏ ရေနံချောင်းက ဖေကံကောင်း
ဓာတ်ပြားထဲတွင်....
ဒေါ်ကြင်ဆိုသော မိန်းမလည်ကြီးက သူဌေးသားရေနံချောင်းက ဖေကံကောင်းကို အိမ်ပေါ်ခေါ်တင်ပြီး သမီးဖြစ်သူနှင့် ဖြားယောင်းသွေးဆောင်သည်။ 
ရွှေငွေကအစ တန်ဖိုးကြီးအဝတ်အစားအထိ ချူယူပြီးနောက် အိမ်ပေါ်မှနှင်ချသည်။ ဖေကံကောင်းက မဆင်းဘဲ ပေကပ်နေသော်အခါ သမီးလုပ်သူက
"ဟော ဒီမှာ အမေရေ၊ အမေ့လင်ကြီးက မသွားနိုင်ဘူးတဲ့"
ဟု ပြောသောအခါ ဖေကံကောင်းက-
"အမယ်၊ အမယ် အမေ့လင်ကြီးတဲ့ လိုချင်တာအကုန်ယူပြီး ခုကျမှ ငါ့ကိုချောက်ထဲတွန်းချလို့ဘယ်ရမလဲ" 
ဟု ပြန်ပြောလေသည်။

                       ☼ ☼ ☼ ☼ ☼
 
ရွှေကျီးညိုနှင့်ပဲခူးမြတို့ ပါဝင်သော 'သဒ္ဓါသုမနဇာတ်'ဓာတ်ပြားကို ဘုန်းကြီးကျောင်းအလှူမှ ဖွင့်တာ ငယ်ငယ်က ကြားဖူးသည်။ ဇာတ်၏သဘောမှာ 
ကိုသောနသည် နတ်ဖမ်းစားခံရသဖြင့် စိတ်ကယောက်ကယက်ဖြစ်ပြီး ဇနီးဖြစ်သူ သုမနကို ရိုက်နှက်နှိပ်စက်သည်။ သုမနလည်း မခံနိုင်တော့သဖြင့် 
အိမ်ပေါ်မှဆင်းပြီး အရပ်တစ်ပါးသို့ထွက်သွားရသည်။ လမ်းမှာ တိုင်းခန်းလှည့်လည်လာသော ရှင်ဘုရင်နှင့်တွေ့သည်။ ရှင်ဘုရင်က သနားပြီး မိဖုရား
မြှောက်လိုက်သည်။ ကိုသောန စိတ်ပြန်မှန်လာသောအခါ မှားမှန်းသိပြီး သုမနကိုလိုက်ရှာသောအခါ ဘုရင့်မိဖုရားဖြစ်နေကြောင်းတွေ့ရ၏။ သုမနက
စိတ်နာပြီး
"အခုမှ နှမြောရသလား၊ သုမနကျောမှာ ဒဏ်ရာတွေနဲ့၊ ပြန်ပါလေ ကိုသောနရဲ့"
ဟု ငိုချင်းချသည်။
ရှင်ဘုရင်ကလည်း သဘောထားကြီးသူဖြစ်သောကြောင့် မူလပိုင်ရှင်ကိုသောနထံ သုမနကိုပြန်အပ်သည်။ (စားလို့ဝသွားတာလည်းဖြစ်နိုင်သည်။) 
ကိုသောနမှာ အခက်တွေ့နေ၏။ သူ့မိန်းမကိုလည်း ပြန်လိုချင်သည်။ ရှင်ဘုရင်နှင့်ညားပြီး ဖြစ်နေသောကြောင့်လည်း မသတီဘဲရှိနေ၏။ ထိုအခါ 
လူရွှင်တော်တစ်ယောက်က ဝင်ပြောသည်။
"ရွံမနေစမ်းပါနဲ့ ကိုသောနရယ်၊ စားပြီးသားထမင်းပန်းကန်တောင် ရေနဲ့စင်စင်ဆေးလိုက်ရင် ပြောင်သွားသေးတာပဲ"

                       ☼ ☼ ☼ ☼ ☼

ဇာတ်ဆရာ ဦးဖိုးစိန်ကြီးကပြခဲ့သော 'တာနောယက္ခ'ဇာတ်ထဲက အကွက်ကလေးတစ်ကွက်အကြောင်း လူကြီးတွေပြောပြတာကြားဖူးသည်။ 
(နောက်ပိုင်းတွင် စိန်မဟာသဘင်မှ ရဲစိန်၊ ညီဝင်းစိန်တို့က ပြန်လည်တင်ဆက်ခဲ့သည်။)
တာနောယက္ခဘီလူးသည် မိန်းမဖြစ်သူ သမုခသိင်္ဂီကို  အလွန်ချစ်သည်။ မိန်းမက လှလည်းအတော်လှသဖြင့် စိတ်မချနိုင်ဘဲဖြစ်နေ၏။ ထို့ကြောင့် 
ကျုတ်ကြီးထဲမှာ အလုံထည့်ပိတ်ပြီး သွားလေရာထမ်းခေါ်သွားသည်။ 
လမ်းတစ်နေရာတွင် ဇော်ဂျီနှင့်ဆုံသည်။ ဇော်ဂျီဆိုတော့ ကိုယ်ရောင်ဖျောက်နိုင်သည်။ ကျုတ်ထဲကို ထွင်းဖောက်ဝင်သွားပြီး သမုခသိင်္ဂီနှင့်ပျော်ပါးသည်။ 
ကျုတ်ထဲမှာ မှောင်နေသဖြင့် သမုခသင်္ဂီက ဇော်ဂျီကို သူ့ယောက်ျားမှတ်ပြီး ကြည်ဖြူစွာလက်ခံသည်။ တာနောကတော့ ဘာမှမသိ။ ကျုတ်ကြီးကိုထမ်းပြီး 
ခရီးဆက်လာခဲ့ရာ ရသေ့ကြီးတစ်ပါး၏ကျောင်းသင်ခန်းရှေ့က ဖြတ်လျှောက်လာသည်။ ရသေ့ကြီးကတော့ အခြေအနေကို ရိပ်စားမိ၏။ ထို့ကြောင့်....
"ဟဲ့...တာနော်တို့လင်မယား သုံးယောက်ဘယ်သွားကြမလို့လဲ"ဟု မေးလိုက်သည်။

ဒီတော့မှ တာနောလည်းအထာပေါက်ပြီး သံသယဝင်လာသည်။ ကျုတ်ကြီးကို အလျင်အမြန်ဖွင့်ကြည့်သည်။ ဇော်ဂျီကလည်း လူလည်ပဲ။ ကိုယ်ရောင်
ဖျောက်ပြီး လစ်ထွက်သွားပြီ။ သို့ရာတွင်ခြေရာလက်ရာတွေ ပျက်ကျန်ခဲ့သည်။ သမုခသိင်္ဂီကလည်း ဖရိုဖရဲဖြစ်နေသည်။ ဒီမှာတွင် တာနောပေါက်ကွဲတော့သည်။ 
သမုခသိင်္ဂီကို သစ္စာဖောက်တယ်ဆိုပြီး စွပ်စွဲသည်။ သမုခသိင်္ဂီကလည်း
"ဒီလောက်အလုံပိတ်ထားတဲ့ ကျုတ်ထဲကို တာနောကလွဲပြီး ဘယ်သူဝင်နိုင်မှာလဲ"
"အဲဒါငါမဟုတ်ဘူး၊ မင်းဖောက်ပြန်တာ"
"ကျုတ်ထဲမှာ မှောင်မည်းနေတာပဲ၊ ဘယ်သူဘယ်ဝါခွဲခြားနိုင်တာမှမဟုတ်ဘဲ၊ ကိုတာနောပဲ ထင်မိတာပေါ့"
ထိုစဉ်တွင် လူရွှင်တော်တစ်ယောက်က....
"သမုခသိင်္ဂီနှယ် ကိုယ်သောက်နေကျဆေးပေါ့လိပ်တောင် နှစ်ပြားတန်လား၊ တစ်မူးတန်လား ခွဲခြားပြီးမသိတာအံ့ပါရဲ့"
ဟု ဝင်ဖောက်လိုက်သေးသည်။

                       ☼ ☼ ☼ ☼ ☼

နောက်ဆုံးအနေဖြင့် ခါးအောက်ပိုင်းဟာသ စစ်စစ်တစ်ပုဒ်ကိုတင်ပြလိုက်ပါသည်။ ပေါက်ကရတွေပြောပြတတ်သော အဒေါ်တစ်ယောက်ဆီက ကြားဖူးခဲ့ခြင်း
ဖြစ်၏။ ညစ်ညမ်းသလား၊ ဟာသရသမြောက်သလားဆိုတာ ဆန်းစစ်ကြည့်ကြပါ။
တစ်ခါက ခါးအောက်ပိုင်းခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာအေးချစ်ထံသို့ နယ်မှလူနာတစ်ယောက်ရောက်ရှိလာသည်။ ထိုသူမှာ 'ရွှေဥ'တွင် 
အနာပေါက်နေခြင်းဖြစ်၏။ ဆရာဝန်ကြီးလည်း ခွဲစိတ်ကုသရန်အတွက်လူနာကိုမေ့ဆေးပေးလိုက်သည်။ လွတ်လွတ်လပ်လပ် အလုပ်လုပ်နိုင်ရန် 'ရွှေဥ'ကို
ဖြတ်ထုတ်ပြီး လင်ပန်းတစ်ချပ်ပေါ်ခဏတင်ထားသည်။

အနာကိုဆေးကြောသုတ်သင်နေစဉ် အရေးကြီးသော တယ်လီဖုန်းလာသဖြင့် သွားပြောရသည်။ ခွဲစိတ်ခန်းထဲပြန်ဝင်လာသောအခါ လင်ပန်းပေါ်က 
'လူနာ၏ရွှေဥ' မရှိတော့ကြောင်း တွေ့ရ၏။ လိုက်ရှာကြည့်တော့မှ ခွဲခန်းထောင့်တွင် ခွေးတစ်ကောင်က လူနာရဲ့ 'ရွှေဥ'ကိုမြိန်ရေရှက်ရေ ကိုက်စားနေတာ 
အပိုင်းအစလေးလောက်ပဲ ကျန်တော့သည်။ ဆရာဝန်ကြီးလည်း ထူပူပြီး ဘာလုပ်ရမှန်းမသိဖြစ်သွား၏။ လူနာက မကြာခင်မေ့ဆေးပြယ်ပြီး သတိရလာတော့မည်။ 
အချိန်သိပ်မရှိတော့။ ကြံရာမရဖြစ်နေရာမှ နောက်ဆုံးတော့ အရေးပေါ်ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရ၏။ ခွေးကိုသတ်၊ ခွေးရဲ့'ရွှေပန်း'ကိုဖြတ်ယူပြီး လူနာထံ 
အစားထိုးတပ်ဆင်ပေးလိုက်သည်။

လူနာသည် တစ်ပတ်လောက်အကြာမှာ အနာကျက်သဖြင့် ဆေးခန်းမှဆင်းပြီး နေရပ်သို့ပြန်သွားသည်။ ဆရာဝန်ကြီးကတော့ ရင်တထိတ်ထိတ်ကျန်ရစ်ခဲ့သည်။ 
ဘာပြဿနာများပေါ်လာမလဲဟု စိတ်မသက်မသာဖြစ်နေရ၏။ အချိန်အတော်ကြာအထိ ဘာသတင်းမှ မကြားရဘဲသုံးလလောက်နေတော့မှ လူနာထံက 
စာတစ်စောင်ရောက်ရှိလာသည်။

"ဆရာကြီးခင်ဗျာ....
ကျွန်တော်သည် ဆရာကြီး၏ လူနာတစ်ဦးဖြစ်ပါသည်။ ဆရာကြီးခွဲစိတ်ကုသပေးခဲ့သဖြင့် ကျွန်တော်၏ ရွှေဥဝေဒနာမှာလည်း 
လုံးဝသက်သာပျောက်ကင်းသွားပါပြီ။ ဒါတွင်မက ယခုအခါ ကျွန်တော်သည် နေရထိုင်ရတာ အလွန်ပေါ့ပါးသွက်လက်နေပါသည်။ မှတ်တိုင်မှ
အရှိန်ဖြင့်ထွက်သွားသော ဘတ်စကားနောက်သို့ပင်  အလွယ်တကူ မီအောင်ပြေးလိုက်နိုင်ပါသည်။ ရေမြောင်းများ ရေအိုင်များကိုလည်း အသာကလေး 
လွှားခနဲခုန်ကျော်နိုင်ပါသည်။ ဇနီးဖြစ်သူကလည်း လူငယ်လေးလိုပြန်ဖြစ်သွားတယ်ဟု ချီးကျူးပါသည်။ သို့ရာတွင် ပြဿနာလေးနည်းနည်းတော့ရှိနေပါသည်။ 
ယခုအခါ ကျွန်တော့်မှာ မော်တော်ကားများမြင်လျှင် တာယာကိုသေးနှင့်ပန်းချင်စိတ်များ ထိန်းမရအောင်ဖြစ်လာတတ်ခြင်းနှင့် အပေါ့သွားသောအခါ 
ပေါင်တစ်ဘက်ကိုမြှောက်၍ကားပြီးမှ ပေါက်လို့ရခြင်းတို့အတွက် ဘယ်လိုလုပ်ရမလဲဆိုတာ အမြန်ဆုံးအကြောင်းပြန်ကြားပေးစေလိုပါသည် ခင်ဗျား။

လေးစားအားကိုးလျက်
မောင်မောင်စနေ"

(မှတ်ချက်။ ။ စာနယ်ဇင်းကျင့်ဝတ်အရ ကာယကံရှင်များ ထိခိုက်နစ်နာမှုမရှိစေရန် ဆရာဝန်ကြီး၏အမည်ကို လူနာအဖြစ်လည်းကောင်း၊ လူနာ၏အမည်ကို 
ဆရာဝန်ကြီးအဖြစ်လည်းကောင်း လွှဲပြောင်းဖော်ပြပေးထားပါသည်။)


-----------------------------------------------------------

မင်းလူ
ရယ်စရာမဂ္ဂဇင်း။
(ဩဂုတ်၊ ၂၀၁၁)


လောကကြီးမှာ ရယ်စရာတွေအလွန်ပေါများသည်။ ကြည့်တတ်၊မြင်တတ်၊ တွေးတတ်လျှင် နေ့စဉ်နှင့်အမျှ ရယ်စရာကိုတွေ့နိုင်သည်။ တကယ်တော့ ဟာသဆိုတာ 'ရေ'လိုပါပဲ။ ရုတ်တရက်ကြည့်လိုက်လျှင် အလျှံပယ်ပေါများသည်ဟု ထင်ရ၏။ အရေးဟယ်၊ အကြောင်းဟယ်ကျမှ ရှာရခက်တော့တာ။ အထူးသဖြင့်တော့ ခုကာလမှာ ရေကောင်းရေသန့်က ရှားသထက်ရှားလာပြီ။ သောက်ရေကို စီးပွားဖြစ် ထုတ်လုပ်ရောင်းချသော လုပ်ငန်းရှင်တွေကြီးပွားကုန်ကြပြီ။
ဟာသဝတ္ထု၊ ဟာသရုပ်ရှင်ဆိုတာလည်း ရေသန့်ဘူးရောင်းသလိုပါပဲ။

☼ ☼ ☼ ☼ ☼

ခုချိန်တွင် အနုပညာလောကမှာ ဟာသတစ်ခေတ်ထွန်းကားနေသည်။ အထူးသဖြင့် ရုပ်ရှင်နှင့်စာပေနယ်ပယ်မှာဖြစ်၏။ ဟိုတစ်ချိန်က တစ်နှစ်မှာ ရုပ်ရှင်ဇာတ်ကား ငါးဆယ်၊ ခြောက်ဆယ် ထွက်ခဲ့သည်။ ဒီထဲမှာမှ ဟာသဇာတ်ကားစစ်စစ် တစ်ကားတစ်လေပါလာဖို့ ခဲယဉ်းသည်။ စာပေ(အထူးသဖြင့်ဝတ္ထု)မှာလည်း ဒီအတိုင်းပဲ။ ဟာသဝတ္ထုဆိုတာ ရှားသည်။
ရေးတဲ့လူကလည်းနည်းသည်။ မဂ္ဂဇင်းတိုင်းမှာ ဟာသဝတ္ထုပါတာမဟုတ်။ တချို့မဂ္ဂဇင်းတွေက ဟာသဆိုလျှင် အဆင့်အတန်းသိပ်မရှိဟု ယူဆသဖြင့် ထည့်သွင်းဖော်ပြဖို့ ဝန်လေးတတ်ကြသည်။ ဟာသလုံးချင်းဝတ္ထုရေးတဲ့လူရယ်လို့လည်း တစ်ဦးစ နှစ်ဦးစသာ ရှိ၏။ သူ့ပရိသတ်နှင့်သူ သီးခြားဖြစ်ပြီး စာပေလောကတစ်ခုလုံးကိုမလွှမ်းမိုးနိုင်။

ခုတော့ ဒီလိုမဟုတ်။ ရုပ်ရှင်ဇာတ်ကား ဆယ်ကားထွက်လျှင် ကိုးကားက ဟာသကားဖြစ်နေ၏။ ဒါမှလည်း ပရိသတ်ကြိုက်တယ်၊
ပိုက်ဆံရတယ်လို့ ဆိုကြတာပဲ။ အလွမ်းအဆွေးဇာတ်လမ်း တစ်ကားတစ်လေလောက်စွန့်စားပြီး ရိုက်ကူးသူများမှာ ပိုက်ဆံမရ။
အကယ်ဒမီပဲရကြရှာသည်။ ထို့ကြောင့် အတည်အခန့် သရုပ်ဆောင်လေ့ရှိသော မင်းသားများမှာ ပေါတောတောတွေလုပ်ပြကြရသည်။
အငိုသန်သော မင်းသမီးများလည်း ဟာသမယ်တွေဖြစ်ကုန်ကြရသည်။

စာပေနယ်မှာကျတော့ကော။ လုံးချင်းဝတ္ထုတွေဆိုလျှင် 'အချစ်ဟာသ'ဆိုတာမျိုးတွေသာ အလုပ်ဖြစ်သည်။ အချစ်သက်သက်တောင်
သိပ်အဆင်မပြေ။ ဘဝသရုပ်ဖော်သမားအများစုမှာ ဟိုအရင်လိုလက်မ မထောင်နိုင်ဘဲ မျက်နှာငယ်နေကြရရှာသည်။ ဒီလိုစာအုပ်မျိုး
ထုတ်တဲ့ထုတ်ဝေသူဆိုလျှင် သူရဲကောင်းလို့ ပြောရမလား၊ လူမိုက်ပဲဟုဆိုရမလားမသိ။ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေကလည်း ဟာသပါမှ
ဂုဏ်ရှိတယ်ထင်နေကြဟန်တူသည်။ ရယ်စရာစာမူမျိုးမှ လိုလိုချင်ချင်ရှိကြသည်။ တည်တည်တံ့တံ့ဆိုလျှင် အားနာပါးနာနဲ့ထည့်ပေးချင်
ပေးမည်။ သိပ်တော့ဟက်ဟက်ပက်ပက်မရှိလှ။ ဟာသဝတ္ထုဆိုလျှင်တော့ အိမ်တိုင်ယာရောက်လာယူရမလား။ စာမူခတစ်ခါတည်း
ရှင်းမယ်လေ။ အခုကြိုယူသွားပါလားဆရာ။ ဒီလိုနဲ့ နာမည်ကြီးဟာသစာရေးဆရာများမှာ ဟိုအရင်က အရင်းရှင်ဟု ချိုးနှိမ်ခံခဲ့ရပြီး
ခုကျတော့လုပ်ငန်းရှင်ဆိုပြီးမြှောက်စားခံနေရသော စီးပွားရေးသမားတွေလို ခွင်ကောင်းခေတ်ကောင်းနဲ့ တိုးမိနေကြလေသည်။
(ကျွန်တော့်လိုပေါက်ကရတွေလျှောက်ရေးတဲ့ကောင်မျိုးတောင် လူရာဝင်နေတာကိုပဲ ကြည့်တော့။)

☼ ☼ ☼ ☼ ☼

မြေအောက်ရေလိုပေါ့။ အစပိုင်းမှာတော့ ဖောဖောသီသီရနိုင်သည်။ ထုတ်ယူသုံးစွဲဖန်များသောအခါ ခန်းခြောက်လာတတ်၏။ ဟာသမှာလည်း
ဒီအတိုင်းပဲ။ သူကလည်းဟာသ၊ ကိုယ်ကလည်းဟာသဆိုပြီး အလုအယက်လုပ်စားလိုက်ကြတာ၊ ကြာတော့ ရယ်စရာကုန်ကြမ်းတွေ
ရှားပါးလာသည်။ အကြောင်းအရာတွေလည်း ထပ်လာသည်။ ထိုအခါ ကြံမိကြံရာ လုပ်လာကြတော့သည်။

နိုင်ငံခြားဟာသဇာတ်လမ်းတွေကို မှီးသည်။ မြန်မာ့ရိုးရာဟာသပုံပြင်တွေကို ပြန်လည်ဆန်းသစ်သည်။ အငြိမ့်စင်ပေါ်က သမားစဉ်ပြက်လုံးတွေကို
ယူသုံးသည်။ ခေတ်ဟောင်းစာရေးဆရာကြီးတွေရဲ့ ဝတ္ထုတွေထဲက ဟာသကွက်တွေကိုမသိမသာ (တချို့လည်းသိသိသာသာ)ခိုးချသည်။
(ကျွန်တော်တောင် ဆရာသော်တာဆွေကို တုပပြီး စာပေလောကသားတွေ ဇာတ်ကောင်လုပ်၍ နောက်တီးနောက်တောက်တွေရေးပြီး
ခွင်ရိုက်ခဲ့သေးတာကော။)

ဒါတွေကလည်း ကြာတော့ ရိုးအီလာသည်။ ဒါမျိုးချည်း ထပ်တလဲလဲဖြစ်လာ၏။ ပရိသတ်တွေလည်း ငြီးငွေ့လာပြီ။ ဟာသဇာတ်လမ်းဆိုပြီး
ရယ်စရာလည်း သိပ်မကောင်းတော့။ အားနာပါးနာ လိုက်ရယ်ပေးရသလိုဖြစ်လာသည်။ ထိုအခါ အသစ်ထပ်ထွင်ဖို့မကြိုးစားဘဲ လွယ်လွယ်ကူကူ
ဆွဲသုံးနိုင်မယ့်နည်းလမ်းကို ရှာကြတော့သည်။ ညစ်တီးညစ်ပတ်ဟာသတွေဘက် လှည့်လာကြခြင်းပင်ဖြစ်၏။ ဒါမျိုးကို 'ခါးအောက်ပိုင်းပြက်လုံး'ဟု
ခေါ်ကြသည်။ တချို့ကလည်း 'ချက်အောက်ပိုင်း'ဟုဆိုသည်။ ဟိုတစ်ချိန်ကတော့ ဒီလိုဟာသမျိုးတွေက အငြိမ့်စင်တွေ ဇာတ်စင်တွေပေါ်မှာ
တွေ့ရတတ်သည်။ သို့တိုင်အောင် မင်းသား၊ မင်းသမီးစသော အဓိကပုဂ္ဂိုလ်တွေက ဒီစကားမျိုးတွေမပြောရ။ လူရွှင်တော်တွေကသာ ပြက်လုံး
ထုတ်ရသည်။ ဒီနေရာမှာလည်း ဗြောင်ကျကျကြီးမပြောရ။ ရိုင်းစိုင်းကြမ်းတမ်းသော စကားလုံးတွေမပါရ။ တစ်ကွက်ကျော်၊ နှစ်ကွက်ကျော်တွေးပြီးမှ
နားလည်အောင် ဝင်္ကဝုတ္တိအလင်္ကာ သုံးရသည်။

ဥပမာလေးတစ်ခု ဖော်ပြပါမည်။
အငြိမ့်မင်းသမီးတစ်ယောက်သည် ကချိုးတစ်ခုကို ကြိုးစားပမ်းစားကပြီးနောက် ခဏနားလိုက်သည်။ ထိုအချိန်တွင် လူရွှင်တော်တစ်ဦးက ပြေးလာပြီး
ယပ်ခပ်ပေးသည်။ ထိုအခါနောက်လူရွှင်တော်တစ်ဦးက
"ဟေ့ကောင်၊ မင်းကလည်း မင်းသမီးကိုဖားလှချည်လား"
"ဖားရတယ်ကွ၊ ငါတို့က သူ့ကိုမှီပြီး စားနေရတာ၊ ဒီမင်းသမီးဟာ ငါတို့ရဲ့ ထမင်းအိုးကြီးပဲ"
"အဲဒီထမင်းအိုးကြီး ငါ့ကိုခဏငှားစမ်းပါကွာ"
"ဘာလုပ်ဖို့လဲ"
"ခရမ်းသီးနှပ်စားချင်လို့"
"ဒါဆိုလည်း ငန်ပြာရည်တော့ လျှော့ထည့်ပေါ့ကွာ"
ဒီပြက်လုံးမှာ ညစ်ညမ်းတဲ့စကားလုံးတစ်လုံးမှ မပါ။ တွေးယူမှ တခစ်ခစ်ကြိတ်ပြီး ရယ်ရခြင်းဖြစ်၏။ ကလေးသူငယ်တွေ နားမလည်နိုင်။
လူရွှင်တော်ရဲ့စကားဆိုတော့ ပရိသတ်က အလေးအနက်မထားကြ။ ပျော်စေပြက်စေသာဖြစ်၏။ စင်ပေါ်မှာပြောခြင်းဖြစ်သောကြောင့် ပွဲပြီးလျှင်
လေထဲမှာပျောက်ကွယ်သွားသည်။ မှတ်တမ်းမကျန်ခဲ့။

ခုကျတော့ အငြိမ့်ပွဲတွေကို ဗီဒီယိုရိုက်ပြီး အခွေတွေထုတ်လာသည်။ တစ်နိုင်ငံလုံးအတိုင်းအတာအထိ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိလာသည်။
အငြိမ့်ဆိုတော့ ထုံးစံအတိုင်း ခါးအောက်ပိုင်းပြက်လုံးတွေပါလာသည်။ ဒါမျိုးက လူတွေရဲ့သည်းခြေကြိုက်ဆိုတော့ သဘောကျကြသည်။
ဒီခွင်တွေက ဟာသဝတ္ထုတွေ၊ ဗီဒီယိုရုပ်ရှင်တွေဘက်ကူးစက်လာသည်။ သမားစဉ်ပြက်လုံးတွေလို ပညာသားပါပါမဟုတ်တော့။ ပရိသတ်ကြိုက်တယ်
ဆိုပြီး အတင့်ရဲလာသည်။ ခပ်ပြောင်ပြောင် ခပ်ကြမ်းကြမ်းတွေဖြစ်လာ၏။ တချို့စကားလုံးတွေဆို တော်တော်ရိုင်းစိုင်းသည်။ ပိုဆိုးတာက ဒါတွေကို
မင်းသားမင်းသမီးတွေကပါ ခံတွင်းတွေ့ပြီးလိုက်ပြောလာကြခြင်းပင်ဖြစ်၏။ ကျောင်းဆရာမဇာတ်ရုပ်ဖြစ်ပါလျက် 'နင်တော်တော်နှာဘူးထနေပါလား'
ဆိုသော စကားမျိုးပြောတာကတော့ တော်တော်ဆိုးသည်။ နှမလုပ်သူကိုဘေးမှာထားပြီး အစ်ကိုဖြစ်သူက သူငယ်ချင်းတွေနဲ့ ညစ်ညစ်ညမ်းညမ်း
ပြောတာမျိုးတွေလည်း တွေ့ရကြားရသည်။ ထိုအခါ စာနယ်ဇင်းတွေက ဝေဖန် ထောက်ပြလာကြသည်။ မိသားစုအတူတကွကြည့်ကြသော
ပရိသတ်တွေက နှာခေါင်းရှုံ့လာသည်။ လူငယ်ပရိသတ်တချို့ဆီကတောင် မနှစ်မြို့သောလေသံတွေ ထွက်ပေါ်လာလေသည်။

☼ ☼ ☼ ☼ ☼

တကယ်တော့ ခါးအောက်ပိုင်းဟာသဆိုတာ ခုမှပေါ်လာခြင်းမဟုတ်။ ရှေးပဝေသဏီကတည်းကရှိနှင့် ပြီးဖြစ်၏။ 'တီးတိုးပုံပြင်များ' သို့မဟုတ်
'တိုးတိုးပုံပြင်များ'ဟု ခေါ်ကြသည်။ လူပျိုကြီးတွေက လူပျိုပေါက်ကလေးတွေကို ပြောပြသည်။ အပျိုကြီးတွေက အပျိုပေါက်ကလေးတွေကို
ကျိတ်ပြီးဖောက်သည်ချသည်။ တဟားဟား၊ တခစ်ခစ်ရယ်ကြရသည်။ ရှေးခေတ်က မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် လိင်ကိစ္စပညာပေးခြင်းတစ်မျိုးဟု
ဆိုကောင်းဆိုနိုင်သည်။ တချို့အကြောင်းအရာလေးတွေဆို မြန်မာ့ရိုးရာဟာသပုံပြင်ထဲမှာတောင် ထည့်သွင်းဖော်ပြခြင်းခံရသေးသည်။

ဒီလိုကိစ္စမျိုးဆိုတာ လူတိုင်းစိတ်ဝင်စားကြတာပဲ။ နိုင်ငံတကာမှာလည်း ဒီလိုဟာသမျိုးရှိသည်။ ပလေးဘွိုင်းမဂ္ဂဇင်းထဲမှ ကာတွန်းပုံတစ်ပုံတွေ့ဖူးသည်။
အဝတ်အစားမပါသော အဘိုးကြီးအဘွားကြီးလင်မယားနှစ်ယောက် ကုတင်ပေါ်မှာ လှဲနေကြသည်။ အဘွားကြီးက ဒူးထောင်ပေါင်ကားပုံစံဖြစ်နေ၏။
အဘိုးကြီးက တယ်လီဖုန်းပြောနေပုံက-
"သမ္မတကြီးလားခင်ဗျာ၊ တိုက်ချင်းပစ်ဒုံးပျံတွေ လုံလုံခြုံခြုံသိမ်းဆည်းထားနိုင်မယ့် လိုဏ်ခေါင်းတစ်ခု ကျွန်တော်တွေ့ထားပါတယ်"ဟူ၍ဖြစ်၏
ခါးအောက်ပိုင်းဟာသဆိုတာက တော်တော်သိမ်မွေ့သည်။ ညစ်ညမ်းမှုနှင့် ဟာသကြားမှ နယ်နိမိတ်မျဉ်းကပါးပါးလေးဖြစ်၏။ အတိမ်းအစောင်းမခံ။
ခံစားသူပရိသတ်၏ ပင်ကိုယ်ဓာတ်ခံပေါ်မှာလည်း မူတည်သည်။ မုဆိုးမတစ်ယောက်အတွက် ရယ်ရွှင်ဖွယ်သက်သက်သာဖြစ်သော်လည်
ဣနြေ္ဒကြီးလွန်းသော အပျိုကြီးတစ်ယောက်အတွက်တော့ နားရှက်စရာဖြစ်ချင်ဖြစ်နေလိမ့်မည်။ ပြက်လုံးတစ်ခုဟာ ညစ်ညမ်းမှုရှိမရှိ ဆိုတာကလည်း
လူအပေါ်မူတည်ပြီးအငြင်းပွားစရာလည်း ဖြစ်နိုင်၏။

ခါးအောက်ပိုင်းဟာသဆိုပေမယ့် တကယ်အနုပညာမြောက်လျှင် ဂန္ထဝင်စာရင်းထဲ ဝင်နိုင်ပါသည်။ ရှေးခေတ်စာဆိုမင်းသားကြီး ဦးကျောက်လုံး၏
'တော်သလင်းဖော်ကင်းပါတဲ့ ခွေးတွေအူ၊ အိပ်မပျော်တစ်ညလုံး အုံးကျွက်ကျွက်ဆူ'ဆိုသော ကဗျာမျိုး။ စလေဦးပုည၏ ကဗျာတစ်ပုဒ်ထဲမှာ ပါသော
'ဥတုနှင့် ပုဇွန်ဆီ'ဆိုသော စကားလုံးစသည်တို့ဖြစ်၏။ အလားတူ မှတ်မိသမျှလေးတွေတင်ပြလိုက်ပါသည်။

☼ ☼ ☼ ☼ ☼

ဟိုအရင် မြန်မာ့အသံ ဟဒယရွှင်ဆေးအခန်းမှာ မကြာခဏလွှင့်လေ့ရှိသော လူရွှင်တော်ဓာတ်ဆီ၊ ဓာတ်ဆံတို့၏ ရေနံချောင်းက ဖေကံကောင်း
ဓာတ်ပြားထဲတွင်....
ဒေါ်ကြင်ဆိုသော မိန်းမလည်ကြီးက သူဌေးသားရေနံချောင်းက ဖေကံကောင်းကို အိမ်ပေါ်ခေါ်တင်ပြီး သမီးဖြစ်သူနှင့် ဖြားယောင်းသွေးဆောင်သည်။
ရွှေငွေကအစ တန်ဖိုးကြီးအဝတ်အစားအထိ ချူယူပြီးနောက် အိမ်ပေါ်မှနှင်ချသည်။ ဖေကံကောင်းက မဆင်းဘဲ ပေကပ်နေသော်အခါ သမီးလုပ်သူက
"ဟော ဒီမှာ အမေရေ၊ အမေ့လင်ကြီးက မသွားနိုင်ဘူးတဲ့"
ဟု ပြောသောအခါ ဖေကံကောင်းက-
"အမယ်၊ အမယ် အမေ့လင်ကြီးတဲ့ လိုချင်တာအကုန်ယူပြီး ခုကျမှ ငါ့ကိုချောက်ထဲတွန်းချလို့ဘယ်ရမလဲ"
ဟု ပြန်ပြောလေသည်။

☼ ☼ ☼ ☼ ☼

ရွှေကျီးညိုနှင့်ပဲခူးမြတို့ ပါဝင်သော 'သဒ္ဓါသုမနဇာတ်'ဓာတ်ပြားကို ဘုန်းကြီးကျောင်းအလှူမှ ဖွင့်တာ ငယ်ငယ်က ကြားဖူးသည်။ ဇာတ်၏သဘောမှာ
ကိုသောနသည် နတ်ဖမ်းစားခံရသဖြင့် စိတ်ကယောက်ကယက်ဖြစ်ပြီး ဇနီးဖြစ်သူ သုမနကို ရိုက်နှက်နှိပ်စက်သည်။ သုမနလည်း မခံနိုင်တော့သဖြင့်
အိမ်ပေါ်မှဆင်းပြီး အရပ်တစ်ပါးသို့ထွက်သွားရသည်။ လမ်းမှာ တိုင်းခန်းလှည့်လည်လာသော ရှင်ဘုရင်နှင့်တွေ့သည်။ ရှင်ဘုရင်က သနားပြီး မိဖုရား
မြှောက်လိုက်သည်။ ကိုသောန စိတ်ပြန်မှန်လာသောအခါ မှားမှန်းသိပြီး သုမနကိုလိုက်ရှာသောအခါ ဘုရင့်မိဖုရားဖြစ်နေကြောင်းတွေ့ရ၏။ သုမနက
စိတ်နာပြီး
"အခုမှ နှမြောရသလား၊ သုမနကျောမှာ ဒဏ်ရာတွေနဲ့၊ ပြန်ပါလေ ကိုသောနရဲ့"
ဟု ငိုချင်းချသည်။
ရှင်ဘုရင်ကလည်း သဘောထားကြီးသူဖြစ်သောကြောင့် မူလပိုင်ရှင်ကိုသောနထံ သုမနကိုပြန်အပ်သည်။ (စားလို့ဝသွားတာလည်းဖြစ်နိုင်သည်။)
ကိုသောနမှာ အခက်တွေ့နေ၏။ သူ့မိန်းမကိုလည်း ပြန်လိုချင်သည်။ ရှင်ဘုရင်နှင့်ညားပြီး ဖြစ်နေသောကြောင့်လည်း မသတီဘဲရှိနေ၏။ ထိုအခါ
လူရွှင်တော်တစ်ယောက်က ဝင်ပြောသည်။
"ရွံမနေစမ်းပါနဲ့ ကိုသောနရယ်၊ စားပြီးသားထမင်းပန်းကန်တောင် ရေနဲ့စင်စင်ဆေးလိုက်ရင် ပြောင်သွားသေးတာပဲ"

☼ ☼ ☼ ☼ ☼

ဇာတ်ဆရာ ဦးဖိုးစိန်ကြီးကပြခဲ့သော 'တာနောယက္ခ'ဇာတ်ထဲက အကွက်ကလေးတစ်ကွက်အကြောင်း လူကြီးတွေပြောပြတာကြားဖူးသည်။
(နောက်ပိုင်းတွင် စိန်မဟာသဘင်မှ ရဲစိန်၊ ညီဝင်းစိန်တို့က ပြန်လည်တင်ဆက်ခဲ့သည်။)
တာနောယက္ခဘီလူးသည် မိန်းမဖြစ်သူ သမုခသိင်္ဂီကို အလွန်ချစ်သည်။ မိန်းမက လှလည်းအတော်လှသဖြင့် စိတ်မချနိုင်ဘဲဖြစ်နေ၏။ ထို့ကြောင့်
ကျုတ်ကြီးထဲမှာ အလုံထည့်ပိတ်ပြီး သွားလေရာထမ်းခေါ်သွားသည်။
လမ်းတစ်နေရာတွင် ဇော်ဂျီနှင့်ဆုံသည်။ ဇော်ဂျီဆိုတော့ ကိုယ်ရောင်ဖျောက်နိုင်သည်။ ကျုတ်ထဲကို ထွင်းဖောက်ဝင်သွားပြီး သမုခသိင်္ဂီနှင့်ပျော်ပါးသည်။
ကျုတ်ထဲမှာ မှောင်နေသဖြင့် သမုခသင်္ဂီက ဇော်ဂျီကို သူ့ယောက်ျားမှတ်ပြီး ကြည်ဖြူစွာလက်ခံသည်။ တာနောကတော့ ဘာမှမသိ။ ကျုတ်ကြီးကိုထမ်းပြီး
ခရီးဆက်လာခဲ့ရာ ရသေ့ကြီးတစ်ပါး၏ကျောင်းသင်ခန်းရှေ့က ဖြတ်လျှောက်လာသည်။ ရသေ့ကြီးကတော့ အခြေအနေကို ရိပ်စားမိ၏။ ထို့ကြောင့်....
"ဟဲ့...တာနော်တို့လင်မယား သုံးယောက်ဘယ်သွားကြမလို့လဲ"ဟု မေးလိုက်သည်။

ဒီတော့မှ တာနောလည်းအထာပေါက်ပြီး သံသယဝင်လာသည်။ ကျုတ်ကြီးကို အလျင်အမြန်ဖွင့်ကြည့်သည်။ ဇော်ဂျီကလည်း လူလည်ပဲ။ ကိုယ်ရောင်
ဖျောက်ပြီး လစ်ထွက်သွားပြီ။ သို့ရာတွင်ခြေရာလက်ရာတွေ ပျက်ကျန်ခဲ့သည်။ သမုခသိင်္ဂီကလည်း ဖရိုဖရဲဖြစ်နေသည်။ ဒီမှာတွင် တာနောပေါက်ကွဲတော့သည်။
သမုခသိင်္ဂီကို သစ္စာဖောက်တယ်ဆိုပြီး စွပ်စွဲသည်။ သမုခသိင်္ဂီကလည်း
"ဒီလောက်အလုံပိတ်ထားတဲ့ ကျုတ်ထဲကို တာနောကလွဲပြီး ဘယ်သူဝင်နိုင်မှာလဲ"
"အဲဒါငါမဟုတ်ဘူး၊ မင်းဖောက်ပြန်တာ"
"ကျုတ်ထဲမှာ မှောင်မည်းနေတာပဲ၊ ဘယ်သူဘယ်ဝါခွဲခြားနိုင်တာမှမဟုတ်ဘဲ၊ ကိုတာနောပဲ ထင်မိတာပေါ့"
ထိုစဉ်တွင် လူရွှင်တော်တစ်ယောက်က....
"သမုခသိင်္ဂီနှယ် ကိုယ်သောက်နေကျဆေးပေါ့လိပ်တောင် နှစ်ပြားတန်လား၊ တစ်မူးတန်လား ခွဲခြားပြီးမသိတာအံ့ပါရဲ့"
ဟု ဝင်ဖောက်လိုက်သေးသည်။

☼ ☼ ☼ ☼ ☼

နောက်ဆုံးအနေဖြင့် ခါးအောက်ပိုင်းဟာသ စစ်စစ်တစ်ပုဒ်ကိုတင်ပြလိုက်ပါသည်။ ပေါက်ကရတွေပြောပြတတ်သော အဒေါ်တစ်ယောက်ဆီက ကြားဖူးခဲ့ခြင်း
ဖြစ်၏။ ညစ်ညမ်းသလား၊ ဟာသရသမြောက်သလားဆိုတာ ဆန်းစစ်ကြည့်ကြပါ။
တစ်ခါက ခါးအောက်ပိုင်းခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာအေးချစ်ထံသို့ နယ်မှလူနာတစ်ယောက်ရောက်ရှိလာသည်။ ထိုသူမှာ 'ရွှေဥ'တွင်
အနာပေါက်နေခြင်းဖြစ်၏။ ဆရာဝန်ကြီးလည်း ခွဲစိတ်ကုသရန်အတွက်လူနာကိုမေ့ဆေးပေးလိုက်သည်။ လွတ်လွတ်လပ်လပ် အလုပ်လုပ်နိုင်ရန် 'ရွှေဥ'ကို
ဖြတ်ထုတ်ပြီး လင်ပန်းတစ်ချပ်ပေါ်ခဏတင်ထားသည်။

အနာကိုဆေးကြောသုတ်သင်နေစဉ် အရေးကြီးသော တယ်လီဖုန်းလာသဖြင့် သွားပြောရသည်။ ခွဲစိတ်ခန်းထဲပြန်ဝင်လာသောအခါ လင်ပန်းပေါ်က
'လူနာ၏ရွှေဥ' မရှိတော့ကြောင်း တွေ့ရ၏။ လိုက်ရှာကြည့်တော့မှ ခွဲခန်းထောင့်တွင် ခွေးတစ်ကောင်က လူနာရဲ့ 'ရွှေဥ'ကိုမြိန်ရေရှက်ရေ ကိုက်စားနေတာ
အပိုင်းအစလေးလောက်ပဲ ကျန်တော့သည်။ ဆရာဝန်ကြီးလည်း ထူပူပြီး ဘာလုပ်ရမှန်းမသိဖြစ်သွား၏။ လူနာက မကြာခင်မေ့ဆေးပြယ်ပြီး သတိရလာတော့မည်။
အချိန်သိပ်မရှိတော့။ ကြံရာမရဖြစ်နေရာမှ နောက်ဆုံးတော့ အရေးပေါ်ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရ၏။ ခွေးကိုသတ်၊ ခွေးရဲ့'ရွှေပန်း'ကိုဖြတ်ယူပြီး လူနာထံ
အစားထိုးတပ်ဆင်ပေးလိုက်သည်။

လူနာသည် တစ်ပတ်လောက်အကြာမှာ အနာကျက်သဖြင့် ဆေးခန်းမှဆင်းပြီး နေရပ်သို့ပြန်သွားသည်။ ဆရာဝန်ကြီးကတော့ ရင်တထိတ်ထိတ်ကျန်ရစ်ခဲ့သည်။
ဘာပြဿနာများပေါ်လာမလဲဟု စိတ်မသက်မသာဖြစ်နေရ၏။ အချိန်အတော်ကြာအထိ ဘာသတင်းမှ မကြားရဘဲသုံးလလောက်နေတော့မှ လူနာထံက
စာတစ်စောင်ရောက်ရှိလာသည်။

"ဆရာကြီးခင်ဗျာ....
ကျွန်တော်သည် ဆရာကြီး၏ လူနာတစ်ဦးဖြစ်ပါသည်။ ဆရာကြီးခွဲစိတ်ကုသပေးခဲ့သဖြင့် ကျွန်တော်၏ ရွှေဥဝေဒနာမှာလည်း
လုံးဝသက်သာပျောက်ကင်းသွားပါပြီ။ ဒါတွင်မက ယခုအခါ ကျွန်တော်သည် နေရထိုင်ရတာ အလွန်ပေါ့ပါးသွက်လက်နေပါသည်။ မှတ်တိုင်မှ
အရှိန်ဖြင့်ထွက်သွားသော ဘတ်စကားနောက်သို့ပင် အလွယ်တကူ မီအောင်ပြေးလိုက်နိုင်ပါသည်။ ရေမြောင်းများ ရေအိုင်များကိုလည်း အသာကလေး
လွှားခနဲခုန်ကျော်နိုင်ပါသည်။ ဇနီးဖြစ်သူကလည်း လူငယ်လေးလိုပြန်ဖြစ်သွားတယ်ဟု ချီးကျူးပါသည်။ သို့ရာတွင် ပြဿနာလေးနည်းနည်းတော့ရှိနေပါသည်
ယခုအခါ ကျွန်တော့်မှာ မော်တော်ကားများမြင်လျှင် တာယာကိုသေးနှင့်ပန်းချင်စိတ်များ ထိန်းမရအောင်ဖြစ်လာတတ်ခြင်းနှင့် အပေါ့သွားသောအခါ
ပေါင်တစ်ဘက်ကိုမြှောက်၍ကားပြီးမှ ပေါက်လို့ရခြင်းတို့အတွက် ဘယ်လိုလုပ်ရမလဲဆိုတာ အမြန်ဆုံးအကြောင်းပြန်ကြားပေးစေလိုပါသည် ခင်ဗျား။

လေးစားအားကိုးလျက်
မောင်မောင်စနေ"

(မှတ်ချက်။ ။ စာနယ်ဇင်းကျင့်ဝတ်အရ ကာယကံရှင်များ ထိခိုက်နစ်နာမှုမရှိစေရန် ဆရာဝန်ကြီး၏အမည်ကို လူနာအဖြစ်လည်းကောင်း၊ လူနာ၏အမည်ကို
ဆရာဝန်ကြီးအဖြစ်လည်းကောင်း လွှဲပြောင်းဖော်ပြပေးထားပါသည်။)


-----------------------------------------------------------

မင်းလူ
ရယ်စရာမဂ္ဂဇင်း။
(ဩဂုတ်၊ ၂၀၁၁)


 

Thursday, February 14, 2013

ဟဲလို-- ဒါပဲ


တယ်လီဖုန်းလာတယ်ဆိုလို့ သွားကိုင်လိုက်ပြီး-
“ဟုတ်ကဲ့”
“ကိုယ်ပါကွ၊ မောင်သွေးသစ်ပါ”
“ဟာ အစ်ကို နေကောင်းလား”
“ဒီမှာ ကိုယ်ပြောတာ သေသေချာချာနားထောင်၊ ကိုသိန်းဆိုင်ရယ်၊ ကိုယ်ရယ်၊ မဂ္ဂဇင်းတစ်စောင်ကိုင်မလို့၊

မောင်ရင့်ဆီက အတိုတစ်ပုဒ်လိုချင်တယ်၊ ရေးထားလိုက်၊ ဆယ့်ငါးရက်နေ့ ဖုန်းထပ်ဆက်မယ်၊ ဒါပဲ”
“ဟာ ကျွန်တော်မအားသေးဘူး၊ ဟိုကိစ္စ..”
ကျွန်တော့်စကား မဆုံးသေး။ ဖုန်းချသွားသည်။

အစ်ကိုမောင်သွေးသစ်တစ်ယောက် ဘယ်လိုဖြစ်တာလဲ။ အရင်ကဆိုလျှင် စကားပြောတဲ့အခါ လိုရင်းကို တိုက်ရိုက်မပြောဘဲ
အလင်္ကာတွေ၊ နိမိတ်ပုံတွေခြံရံပြီး ဝေ့ကာဝိုက်ကာပြောတတ်တာ။ ပြီးတော့ ဘယ်သူဘယ်ဝါနေကောင်းလားဆိုပြီး စာရင်းရှည်ကြီးနဲ့
မေးတတ်တာ။ ဒါတွင်မက “ကိုချစ်စံတစ်ယောက် တောင်လေးလုံးမှာ ပဉ္စင်းတက်မယ်ပြောပြီးမှ ဟိုလိုလို ဒီလိုလိုနဲ့ ရှောင်နေတာ
ကြားပြီပြီလား” စသည်ဖြင့် စကားကြောရှည်တတ်တာ။ ခုကျမှ ဘယ့်နှယ်ကြောင့် စကားကို ဒုံးပြေးသလို ဆက်တိုက် ရွတ်ဖတ်ပြီး
ဖုန်းချသွားရတာလဲ။ တခြားအလုပ်တွေပိနေလို့ မရေးနိုင်သေးတဲ့အကြောင်း ပြောမယ့်ဟာကို။

အခုတလော တယ်လီဖုန်းပြောရသည်က သည်းထိတ်ရင်ဖိုဆန်လွန်းနေသည်။ ကိုသွေးလုပ်ရပ်ကလည်း သည်းထိတ်ရင်ဖို
ဆန်လွန်းလှသည်။ ဟုတ်ကဲ့။ နောက်မှသိရသည်က သူတို့ထုတ်မယ့်ဆိုတဲ့မဂ္ဂဇင်းကိုက “သည်းထိတ်ရင်ဖို”တဲ့ဗျာ။

☼ ☼ ☼ ☼ ☼

ကျွန်တော်အိမ်သာတက်နေတုန်း တယ်လီဖုန်းလာသည်ဟု လာအကြောင်းကြားသည်။ အိမ်သာတက်ခါစဖြစ်သောကြောင့် ကိစ္စက
မပြတ်တပြတ်ဖြစ်နေ၏။ အမြန်လက်စသတ်ပြီး ထွက်လိုက်ရ၏။ ဖုန်းသွားကိုင်တော့ တစ်ဖက်မှသူငယ်ချင်းက-
“စောင့်ရတာ ကြာလိုက်တာကွာ”
ဟု စိတ်မရှည်သံဖြင့်ပြောသည်။
“အိမ်သာတက်နေတာကွ၊ ချက်ချင်းလာလို့ မရဘူး”
“သြော်.. ဟုတ်လား၊ မင်းရဲ့ချေးတစ်တုံးက ဆယ့်ငါးကျပ်တန်သွားပြီပေါ့”
ဒီတော့မှ ကျွန်တော်သဘောပေါက်သွားသည်။ ဟုတ်သားပဲ တစ်မိနစ် ဆယ့်ငါးကျပ်ဖြစ်သွားပြီကိုး

☼ ☼ ☼ ☼ ☼

ကျွန်တော့်တူတစ်ယောက်သည် တက္ကသိုလ်ကျောင်းသားဖြစ်၏။ ဒီကောင်က ညတိုင်းလိုလို သူ့ကောင်မလေးဆီ ဖုန်းဆက်
တတ်သည်။ တစ်ခါစကားပြောလျှင် နာရီဝက် တစ်နာရီကြာသည်။ အရင်ကတော့ ကိစ္စမရှိ။ ဘယ်လောက်ကြာအောင် ဖုန်းပြောပြော
တစ်ယူနစ်စာပဲပေးရသည်။ ခုတော့ တစ်မိနစ် ဆယ့်ငါးကျပ်နှုန်းဟု ဆိုသောအခါ။
ဒီကောင် သူ့ကောင်မလေးဆီဖုန်းဆက်ပြီဆိုရင် အမေလုပ်သူက မျက်စောင်းတခဲခဲ။ တစ်ချက်တစ်ချက် ချောင်းဟန့်သံ ပြုပြီး
သတိပေးသေးသည်။ ဒီကောင့်ခမျာ စိတ်ရှိလက်ရှိမပြောနိုင်။ ကောင်မလေးကလည်း စကားကြောအတော်ရှည်တာတဲ့။ ဒါနဲ့
ဒီကောင်လည်း “သြော် ဟုတ်လား.. အင်း.. အင်း.. ဒါပဲနော်”ဆိုပြီး ဖုန်းအမြန်ချပစ်ရသည်။

ဒီမှာတွင်ပဲ ပြဿနာဖြစ်တော့တာပဲ။ ကောင်မလေးက သူ့ကို ဆယ့်ငါးကျပ်လောက်တောင် တန်ဖိုးမထားရကောင်းလား ဆိုပြီး
အဆက်ဖြတ်မယ် ဘာညာဖြစ်ရော။ ဒီကောင် အတော်ပျာသွားသည်။ ကောင်မလေးကို ပြန်ချော့တဲ့အနေနဲ့ စူပါမတ်ကက်ကို
ခေါ်သွားရသည်။ ကောင်မလေးကလည်း အမြင်ကပ်လို့လားမသိ။ နိုင်ငံခြားဖြစ်ရေမွှေးပုလင်းကို လက်ညှိုးထိုးပြလိုက်တာ ဒီကောင်
မုန့်ဖိုးတစ်လစာလောက် ထိသွားသတဲ့။

☼ ☼ ☼ ☼ ☼

စာရေးဆရာတို့သည် အကြောင်းကိစ္စတစ်ခုကို ကြားသိရလျှင် ဆင့်ပွားပြီး အတွေးနယ်ချဲ့တတ်ကြသည်။ ကျွန်တော်လည်း
ဒီအတိုင်းပဲ။ ပထမဆုံးတွေးမိတာက ခုချိန်မှာ တက်ကျမ်းတွေ ခေတ်စားနေသည့်အကြောင်းဖြစ်၏။ ကြီးပွားအောင်လုပ်နည်း၊
လုပ်ငန်း စီမံခန့်ခွဲနည်း၊ မိန့်ခွန်းပြောနည်း၊ နိုင်ငံခြားဘာသာစကားပြောနည်းစာအုပ်တွေ ထွက်နေသည်။ ထို့အတူ တယ်လီဖုန်း
ပြောနည်း စာအုပ်လည်း ရေးလျှင်ကောင်းမည်ဟု စဉ်းစားမိ၏။ ဒီလိုစာအုပ်မျိုးကိုတော့ ဆက်သွယ်ရေးတပ်က ဆရာတွေရေးလျှင်
ပိုကောင်းမည်။ သူတို့က-
“လင်းယုန်မှ ရထား၊ လင်းယုန်မှ ရထား၊ အသံဘယ်လောက်ကြားလဲ၊ ကြားရင်အကြောင်းပြန်၊ ဒါပဲ”
ဆိုသော လိုရင်းတိုရှင်းပြောနည်းကို ကျွမ်းကျင်ကြသည်။

“ဟဲလို ဘယ်သူလဲ၊ ဟေ့ကောင်ကြီး ရထားလား၊ ငါပါကွ လင်းယုန်ပါ။ နေကောင်းလား၊ အေးကွ၊ ရာသီဥတုက အေးတယ်နော်၊
အာမီရမ်လေး မှန်မှန်ချပေးကွ သိလား၊ ထမင်းကော စားပြီးပြီလား၊ ဘာဟင်းချက်လဲ၊ ငါးခြောက် ဟုတ်လား၊ ဟာ ကောင်းတာပေါ့။
ငါတို့ဆီမှာတော့ မီးခိုးထွက်မှာစိုးလို့ ဟင်းမချက်နိုင်ဘူး။ ခေါက်ဆွဲခြောက်ကိုဝါးစားပြီး ရေနဲ့မျှောချနေရတယ်။ ဒါနဲ့ ငါ့အသံ
ဘယ်လောက်ကြားသလဲ၊ ကြားရင် အကြောင်းပြန်စမ်းပါအုံးကွ၊ သူငယ်ချင်းရ”
ဆိုပြီး လေကြောရှည်လို့မရဘူးလေ။

☼ ☼ ☼ ☼ ☼

နီကိုရဲတစ်ယောက် လက်ကိုင်ဖုန်းရကာစတုန်းက အကြောင်းကိုလည်း သတိရမိ၏။ တာရာမင်းဝေက ကျွန်တော့်ဆီ ဖုန်းလှမ်းဆက်ပြီး
နီကိုရဲတော့ မျောက်အုန်းသီးရ တပြပြဖြစ်နေပြီဟု ပြောသည်။
“အဲဒါ ဒီကောင့်ဆီဆက်ပြီး အကြာကြီးစကားပြောပစ်လိုက်စမ်းပါဗျာ။ ကျွန်တော်တော့ နာရီဝက်လောက် ပြောလိုက်ပြီးပြီ” ဟု
ချွန်တွန်းလုပ်သည်။ ထိုစဉ်က ကျွန်တော်တို့ကြိုးဖုန်းတွေက တစ်ခါဆက်လျှင် ဘယ်လောက်ကြာအောင်ပြောပြော တစ်ယူနစ်စာ
သုံးကျပ်ပဲကျသည်။ သူများဆီက ကိုယ့်ဆီဆက်လျှင် တစ်ပြားမှမပေးရ။ လက်ကိုင်ဖုန်းတွေကျတော့ အ၀င်ရော အထွက်ရော
တစ်မိနစ် ဘယ်လောက်ဆိုပြီး ပြောလျှင် ပြောသလောက်ပေးရသည်။ သူများဆီက ကိုယ့်ဆီဆက်လျှင်လည်း တစ်ဝက်ခပေးရသည်။

ဒီတော့ ကျွန်တော်တို့က သုံးကျပ်အကုန်ခံပြီးဆက်၊ အကြာကြီးပြော၊ သူကတော့ တစ်မိနစ်ချင်းယူနစ်တွေတက်ပြီး ပိုကုန်သည်။
တာရာမင်းဝေက တခြားလူအတော်များများကိုလည်း နီကိုရဲဖုန်းနံပါတ်ပေးပြီး ဖုန်းတွေဆက်ခိုင်းသည်။ သက်သက်မဲ့
ဟိုပုဂ္ဂိုလ်လေးကို ဒုက္ခပေးကြတာလေ။ ခုတော့ ကျွန်တော်တို့ကြိုးဖုန်းတွေလည်း တစ်မိနစ် ဆယ့်ငါးကျပ်ဖြစ်သွားပြီ။
လက်ကိုင်ဖုန်းတွေကတော့ တစ်မိနစ် နှစ်ဆယ့်ငါးကျပ်တဲ့။ ဒီနေရာမှာ ပေသီးခေါက်တတ်သူတချို့အကြောင်း တွေးမိပြန်သည်။
သူ တစ်နေရာကိုရောက်နေသည်။ သူ့ရုံးခန်း သို့မဟုတ် အလုပ်ရုံ သို့မဟုတ် ဆိုင်ကို ဖုန်းဆက်ပြီး မှာစရာတွေရှိနေသည်။
အချိန်နည်းနည်းကြာအောင်ပြောရမည်။ ဒီအခါမှာ ဘာလုပ်သလဲဆိုတော့ သူ့လက်ကိုင်ဖုန်းကနေ လှမ်းဆက်ပြီး
အကြောင်းကြားသည်။ ဖုန်းချပြီး သူ့လက်ကိုင်ဖုန်းဆီ ပြန်ခေါ်ခိုင်းသည်။

ခုနောက်ပိုင်း စနစ်သစ်အရ အထွက်အတွက်သာ ပေးရပြီး အ၀င်အတွက်ပေးစရာမလို။ အခု သူ့လက်ကိုင်ဖုန်းကို ကြိုးဖုန်းကနေ
ပြန်ခေါ်ခိုင်းတော့ တစ်မိနစ်ကို တစ်ဆယ်ကျပ်နှုန်း သက်သာသွားတာပေါ့။ နောက်တစ်မျိုးကတော့ နည်းနည်းလူလည်ကျသည်ဟု
ဆိုနိုင်၏။ လူတစ်ယောက်ကို ပြောစရာစကားတွေ အတော်များများ ရှိနေသည်။ ဒီအခါမှာ ထိုသူမရှိနိုင်လောက်တဲ့အချိန်ကို မှန်းပြီး
ဖုန်းဆက်လိုက်သည်။ တစ်ဖက်က မရှိပါဘူးဆိုတော့မှ “ဒါဆို ပြန်ရောက်ရင် ကျွန်တော့်ဆီ ပြန်ဆက်ခိုင်းလိုက်ပါ”ဟု
မှာထားလိုက်သည်။ တစ်ဖက်က ပြန်ဆက်လာတော့မှ ပြောချင်တာတွေ တစ်ဝကြီးပြောပစ်လိုက်၏။ ကိုယ်ပြောချင်တာလည်းပြောရ၊
တယ်လီဖုန်းခကိုတော့ တစ်ဖက်လူက ကျခံခိုင်းတဲ့နည်းလေ။

☼ ☼ ☼ ☼ ☼

ကျွန်တော့်သူငယ်ချင်းတစ်ယောက် စကားထစ်သည်။ သူပြောတာ နားထောင်ရတာ အတော်စိတ်ရှည်သည်းခံရသည်။
တစ်ခါတစ်လေတော့ သူပြောမယ့်ဟာကို ကိုယ်က ရိပ်မိနေပြီ။ သူက ထစ်နေတုန်း။ ဒီတော့ “မင်းပြောမယ့်ဟာက ဒါမဟုတ်လား”ဟု
ကိုယ်ထောက်ပေးရသည်။ နောက်တော့ ဒီကောင်က နိုင်ငံခြားမှာ အလုပ်သွားလုပ်သည်။ တစ်ခါတစ်ခါလောက် အိမ်ကို
ဖုန်းဆက်သည်။ နိုင်ငံခြားမှာက ဖုန်းဆက်လျှင်ကတ်ပြားထည့်ပြီး ဆက်ကြတာ။ ငါးမိနစ်စာ၊ ဆယ်မိနစ်စာ၊ ဆယ့်ငါးမိနစ်စာ
စသည်ဖြင့် ၀ယ်လို့ရသည်။ ဒီကောင် ဖုန်းပြောတဲ့အခါ စကားထစ်နေတော့ ဖုန်းပြောချိန်တွေ လိုအပ်တာထက်
ပိုပိုကြာကြာသွားတတ်သည်။ ဒီအခါမှ သူ့မိန်းမက-

“ရှင် ထစ်နေတာ ငါးဒေါ်လာဖိုးလောက်ရှိတယ်။ အဲဒီလိုထစ်နေရင် ခဏခဏဖုန်းမဆက်နဲ့တော့”ဟု ရာဇသံပေးသည်။
ဒီကောင်ကလည်း မိန်းမကို တော်တော်ချစ်တာဆိုတော့ ဖုန်းမဆက်ဘဲမနေနိုင်။ ဒီလိုနဲ့ စကားမထစ်ရအောင် သတိထားပြီး
ကြိုးစားလေ့ကျင့်ရသည်။ ခုတော့ ဒီကောင်အိုကေနေပြီ။ စကားထစ်တာကိုပျောက်ကင်းအောင် ကုသနိုင်သော
နည်းလမ်းတစ်ခုပေါ်ပေါက်လာခြင်းအတွက် ၀မ်းမြောက်ဖွယ်ပင် ဖြစ်၏။

☼ ☼ ☼ ☼ ☼

ဒီအချက်တွေကို သုံးသပ်ကြည့်ပြီးနောက် တစ်ခုသွားတွေးမိပြန်သည်။ ကျွန်တော်တို့ စာရေးဆရာတွေအနေဖြင့်
စာနယ်ဇင်းတွေဆီက စာမူခရရှိပုံစနစ်ကို ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲဖို့ဖြစ်၏။ အရင်လို တစ်ပုဒ်ဘယ်လောက် ဆိုတာမျိုး
ပုတ်ပြတ်မဟုတ်ဘဲ ပထမတစ်မျက်နှာ ဘယ်လောက် နောက်ထပ်တစ်မျက်နှာတိုးတိုင်း ဘယ်လောက်ဆိုပြီး ယူနစ်စနစ်နှင့်
ယူရကောင်းမလား စဉ်းစားနေမိပါသည်။ ဘယ့်နှယ်ရှိစ ဆရာများ။

----------------
မင်းလူ
သည်းထိတ်ရင်ဖိုမဂ္ဂဇင်း၊
ဇူလိုင်၊ ၂၀၀၃။

Friday, February 1, 2013

ဂန္ဒဝင်အိပ်မက်(၄)


နာမည်ကျော်ပုဂ္ဂိုလ်တို့အကြောင်းဆိုလျှင် လူတွေက အလွန်စိတ်ဝင်စားကြသည်။ သာမန်မထင်မရှား
လူတစ်ယောက်က အကြီးအကျယ် ထိခိုက်ဒဏ်ရာရတာမျိုးကို သက်ဆိုင်ရာ မိသားစုဆွေမျိုးသားချင်းက
လွဲလို့ ဘယ်သူမှ အရေးတယူမရှိလှ။ နာမည်ကြီးပုဂ္ဂိုလ်တစ်ယောက် ခေါင်းပေါက်သွားတာလောက်
ကျတော့ အကြီးအကျယ်စိတ်ဝင်စားကြသည်။
နောက်ဆက်တွဲအဖြစ် ဘာကြောင့် ခေါင်းပေါက်ရတာလဲ၊ လင်မယားရန်ဖြစ်ပြီး ဆော်ကြ၊ နှက်ကြလို့လား၊
အရက်မူးပြီး ချော်လဲလို့လား၊ မနာလိုတဲ့လူတစ်ယောက်ယောက်က ရိုက်လိုက်တာလား သိချင်ကြသေးသည်။
ဒါတွင်မကဘဲ စိတ်ထင်နှင့် ခန့်မှန်းပြောကြတာလည်းရှိ၏။ ဒါကို နားစွန်နားဖျားကြားသူက တကယ်မှတ်
သွားတာမျိုး၊ ဒီအတိုင်းပဲဖြစ်မှာပါဆိုပြီး တကယ်ဖြစ်သယောင် ပြောတာမျိုးကစပြီး ကောလဟာလတွေ
ဖြစ်လာတတ်သည်။ လူတွေကလည်း ကောင်းတာထက် မကောင်းတာကို ပိုစိတ်ဝင်စားတတ်ကြသည်။

အဆိုတော်ကောင်လေးတစ်ယောက် သံဃာတော်တွေကို နံနက်တိုင်းဆွမ်းလောင်းတတ်တဲ့ ကိစ္စမျိုးကို
'ဩော်....ဘာသာရေးကိုင်းရှိုင်းသားပဲ'ဟု သာမန်လောက်သာ အသိအမှတ်ပြုတတ်သည်။ တကယ်လို့များ
သူက ဘုန်းကြီးကျောင်းလာတာ ဘောင်းဘီတိုနံ့နံ့လေး ဝတ်လာတယ်ဆိုလျှင်တော့ ဟိုးလေးတစ်ကြော်ဖြစ်ပြီပဲ။
ရုပ်ရှင်မင်းသမီးလေးတစ်ယောက် သူ့ခင်ပွန်းနှင့် ချစ်ချစ်ခင်ခင် အဆင်ပြေနေလျှင် သတင်းထူးမဟုတ်။
လင်မယားပြဿနာ တက်နေကြပြီဆိုလျှင် သတင်းထူးဖြစ်၏။ ဘယ်လိုဖြစ်ကြတာလဲ ဘယ်သူကကြားက
ဝင်ရှုပ်လို့လဲ သိချင်လာကြပြီ။ ဒီအခါမျိုးမှာ မင်းသမီးနှင့်တွဲပြီး ဇာတ်ကားအရိုက်များတဲ့ မင်းသားလည်း
အနေခက်ရပြီ။

ဒါမျိုးဆိုတာကလည်း ပရိသတ်သည်းချေကြိုက်ဖြစ်၏။ ဒီတော့ ဒီလိုသတင်းမျိုးကို ဦးစားပေးဖော်ပြတတ်သည့်
တချို့သောစာနယ်ဇင်းများမှ ပုဂ္ဂိုလ်များလည်း အလုပ်ရှုပ်ရပြီ။ သူ့ထက်ငါ သတင်းထူးသတင်းဦးရရန် ကြိုးစားကြ
ရပြီ။ ကာယကံရှင်တွေကလည်း တတ်နိုင်သမျှ လျှို့ဝှက်ထားကြသည်။ လူ့သဘာဝကလည်း လျှို့ဝှက်လေ
သိချင်လေကိုး။ စာနယ်ဇင်းသမားတွေဆိုတာလည်း ခက်ခက်ခဲခဲ လိုက်ယူရတဲ့သတင်းမျိုးကို ပိုပြီးအရသာ
တွေ့တတ်ကြသည်။ ဒီလိုနဲ့ပဲ ထိပ်တိုက်တွေ့ခဲ့ကြတာတွေလည်းရှိ၏။ ကောလာဟလတွေလည်း ဖြစ်ပေါ်လာ
တတ်၏။

မာရီလင်မွန်ရိုးကိစ္စကိုပဲကြည့်။ မွန်ရိုးသည် အအောင်မြင်ဆုံး၊ အကျော်ကြားဆုံးအချိန်၊ အရွယ်ကောင်းတုန်းအချိန်၊
လူ့ဘဝမှာနေလို့ အကောင်းဆုံးအချိန်မှာ ကွယ်လွန်ခဲ့ရှာသည်။ တရားဝင်သတင်းထုတ်ပြန်ချက်အရ မွန်ရိုးသည်
အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့ခြင်းဖြစ်သည်ဟု ဆို၏။ လူထုကမယုံကြ။ ဒီလောက်အောင်မြင်
ကျော်ကြားပြီး ချမ်းသာနေသူတစ်ယောက်က သေချင်နေတယ်ဆိုတာမဖြစ်နိုင်။ ပြီးတော့မွန်ရိုးသည် ကြမ်းပိုးဆေး
သောက်ပြီးသေကြောင်းကြံခြင်းဖြစ်သည်ဟု ဆိုသည်။ သူ့လို ချမ်းသာနေသူတစ်ယောက်က ဈေးကြီးအိပ်ဆေးတွေ
ဝယ်သောက်လို့ရပါလျက် ဒီလောက်နံစော်ပြီး အဝင်ဆိုးသည့် ကြမ်းပိုးဆေးသောက်တယ်ဆိုတာ ယုတ္တိမရှိ။

အိမ်ထောင်ရေး အဆင်မပြေလို့ဆိုတာကလည်း သိပ်သဘာဝမကျလှ။ မွန်ရိုးအနေဖြင့် သာယာချမ်းမြေ့သော
အိမ်ထောင်တစ်ခုကို ထပ်မံထူထောင်ဖို့ အခွင့်အရေးတွေ အများကြီးရှိသေးသည်။ အချစ်စစ် အချစ်မှန်ကို ရှာဖွေဖို့
အချိန်တွေအများကြီး ရနိုင်သေးသည်။ သူကသာလက်ခံမယ်ဆိုလျှင် နှစ်နှစ်ကာကာချစ်ခင်ပေါင်းသင်းမယ့်သူတွေ
အများကြီး အဆင်သင့်ရှိနေသည်။ ဒီအကြောင်းတွေကိုကြည့်လျှင် သူ့ကိုယ်သူ သေကြောင်းကြံတယ်ဆိုတာ
မဖြစ်နိုင်။ တစ်ယောက်ယောက်က လုပ်ကြံတာဖြစ်ရမည်ဟု တွက်ဆသူတွေရှိသည်။

ဘယ်သူဖြစ်နိုင်မလဲ။ သူ၏လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားမှုကို မနာလိုမရှုဆိတ်သော ပြိုင်ဘက်
တစ်ယောက်လည်းဖြစ်နိုင်သည်။ ထိုအခါ မွန်ရိုးနှင့် ခေတ်ပြိုင်တွေထဲက ဟိုလူလိုလို ဒီလူလိုလို အထင်ခံရလေသည်။
မွန်ရိုးနှင့် ရုပ်ရှင်တစ်ကားမှာ အတူတွဲသရုပ်ဆောင်ရင်း ကတောက်ကဆဖြစ်ခဲ့ဖူးသော မင်းသမီးတစ်ယောက်
ဆိုလျှင် အိမ်တိုင်ရာရောက် စာပို့ပြီးစွပ်စွဲတာ၊ ခြိမ်းခြောက်တာခံရလို့ အတော်စိတ်ထိခိုက်ခဲ့ရသည်။

တချို့ကလည်း မွန်ရိုးကို အရူးအမူးစွဲလမ်းနေသူ စိတ်ဝေဒနာရှင်တစ်ယောက်၏ လက်ချက်ဖြစ်ရမည်ဟု ဆိုသည်။
တချို့ကတော့ မွန်ရိုးကို အချစ်ကြီးချစ်ခဲ့ပြီးမှ ပိုင်ဆိုင်ခွင့်မရခဲ့သော ချစ်သူဟောင်းတစ်ယောက်ယောက်ဖြစ်နိုင်သည်ဟု
ကောက်ချက်ချသည်။ ဒီလိုနဲ့ မွန်ရိုး သတင်းကို သိချင်သူတွေ၊ အမျိုးမျိုးတွေးထင်သူတွေ များပြားလာခဲ့သည်။
ဒါကိုအခွင့်ကောင်းယူပြီး မဂ္ဂဇင်းတစ်စောင်က အလွတ်စုံထောက်တစ်ယောက်ငှားပြီး ရနိုင်သမျှသတင်း
အချက်အလက်တွေ စုဆောင်းစေသည်။ ဒီတော့မှ ပိုရှုပ်ကုန်တော့သည်။

သူရရှိလာသော သတင်းတစ်ခုအဆိုအရ မွန်ရိုးမှာ အမှန်တကယ် မသေသေးဘူးဆိုပဲ။ မသမာသူတစ်ယောက်က
မျက်နှာကို အက်ဆစ်ဖြင့်ပက်လိုက်သောကြာင့်ရုပ်ပျက်ဆင်းပျက် ဖြစ်သွားသဖြင့် လူမြင်မခံဝံ့ခြင်းဖြစ်သည်။ ထို့ကြောင့်
သေပြီဟု သတင်းလွှင့်လိုက်ခြင်းဖြစ်သည် ဟုဆို၏။ နောက်သတင်းတစ်ခုကတော့ မွန်ရိုးသည် အောင်မြင်
ကျော်ကြားလွန်းသော ဒဏ်ကိုမခံနိုင်တော့ဘဲ ငြီးငွေ့လာသည်။ ပတ်ဝန်းကျင်ရှိလူတွေက သူ့ကိုအမှန်တကယ်
ချစ်ခင်ကြခြင်းမဟုတ် သူ၏ အလှအပ၊ သူ၏ကိုယ်ခန္ဓာ၊ သူ၏ကျော်ကြားမှု၊ သူ၏ ဥစ္စာဓနကြွယ်ဝမှုတို့ကိုသာ
အလေးထားကြခြင်းဖြစ်သည်ဟု ထင်မြင်ယူဆလာသည်။

ထို့ကြောင့် လောဘ၊ မောဟ၊ ပြိုင်ဆိုင်မှု၊ လှည့်စားမှု၊ အတ္တကြီးမှုတွေ ပြည့်နှက်နေသော ရုပ်ရှင်လောကကိုရော၊
ဆက်နွယ်ပက်သက်နေသော ပတ်ဝန်းကျင်ကိုပါ စွန့်ခွာပြီး ဇာတ်မြုပ်နေဖို့ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် မွန်ရိုးသည်
စစ်ကိုင်းတောင်ရိုးရှိ လူသူအရောက်အပေါက် အနည်းဆုံးချောင်တစ်ချောင်မှာ သီလရှင်ဘဝဖြင့် အေးချမ်းစွာ
နေထိုင်လျက်ရှိပါသည်။ အနှောင့်အယှက်ကင်းကင်း ဘာဝနာပွားနိုင်အောင် သေပြီဟု သတင်းလွှင့်ခဲ့ခြင်းဖြစ်သည်ဟ
ဆိုသည်။ ထိုသတင်းကိုကြားသောအခါ စာနယ်ဇင်းသမားတွေရော တချို့ပရိတ်သတ်တွေပါ စစ်ကိုင်းတောင်ရိုးကို
လိုက်ကြတော့သည်။ ချောင်တကာစေ့အောင် လိုက်ရှာကြသည်။ ဖြူဖြူငယ်ငယ် သီလရှင်မှန်သမျှကို အလွတ်မပေးပဲ
စူးစူးစိုက်စိုက်ကြည့်ရှုအကဲခတ်ကြသည်။

တကယ်တော့ စစ်ကိုင်းတောင်ရိုး ဆိုသည်မှာ ရှုပ်ထွေးပွေလီလှသော လူ့လောကနှင့် ကင်းကင်းနေပြီး တရား
ကျင့်ကြံလိုသော သူတော်ကောင်းတို့ ခိုမှီးရာ အလွန်အေးချမ်းငြိမ်သက်သော နေရာဖြစ်၏။ ခုလိုလူတွေအများအပြား
ခြေရှုပ်နေကြသောအခါ သူတော်ကောင်းများအတွက် အနှောင့်အယှက်ဖြစ်လာသည်။ ထို့ကြောင့် သက်ဆိုင်ရာက
မေတ္တာရပ်ခံတားမြစ်လာရသည်။ ဂျာနယ်တစ်စောင်က သီလရှင်လေးတစ်ပါး တောင်ပေါ်မှနေ၍ မြစ်ပြင်ကို
ငေးကြည့်နေဟန်နောက်ကျောဘက် ခပ်စောင်းစောင်းမှ ရိုက်ကူးထားသောပုံကို ဖော်ပြပြီး မွန်ရိုးကို အဝေးမှ
ခိုးရိုက်ထားသလို ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်လိုက်သေးသည်။

သိက္ခာရှိသော မဂ္ဂဇင်းကြီးတစ်စောင်က မွန်ရိုးကွယ်လွန်စဉ် အလောင်းကို စစ်ဆေးခဲ့ရသော မှုခင်းဆရာဝန်ကို
အင်တာဗျူးလုပ်သည်။ ဆရာဝန်က မွန်ရိုးကွယ်လွန်ကြောင်း သူကိုယ်တိုင် စစ်ဆေးအတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း
ပြောပြသည်။ ဝါရင့် စာနယ်ဇင်းဆရာကြီးတစ်ယောက်ကလည်း ခိုင်မာတိကျမှုမရှိသော သတင်းကို အခြေပြု၍
ကိုယ့်ဂျာနယ် ကိုယ့်မဂ္ဂဇင်း ရောင်းကောင်းအောင် လုပ်စားခြင်းမှာ စာနယ်ဇင်းကျင့်ဝတ်နှင့် မညီကြောင်း
ဆောင်းပါးတစ်စောင်ရေးသည်။ ဒီတော့မှ ထိုကိစ္စ တစ်ခန်းရပ်သွားခဲ့ခြင်းဖြစ်၏။

ဒိုင်ယာနာကိစ္စတွင်လည်း ကောလဟာလက ဝင်နှောင့်လိုက်သေးသည်။ ဒိုင်ယာနာသည် လူချစ်လူခင်ပေါများသူ
ဖြစ်၏။ အလှူအတန်းရက်ရောသည်။ လူမှုရေးကိစ္စတွေမှာ တက်ကြွစွာ ဦးဆောင်တတ်သည်။ သို့ရာတွင် ဝမ်းနည်း
ကြေကွဲဖွယ် ဇာတ်သိမ်းနှင့် ကြုံရရှာသည်။ သူသည် ယာဉ်တိုက်မှုကြောင့် ကွယ်လွန်ခဲ့ရရှာခြင်းဖြစ်၏။ တချို့က
ထိုကိစ္စမှာ သွေးရိုးသားရိုးမဟုတ်ဟု ဆိုခဲ့ကြသေးသည်။ သူ၏ကိုယ်ပိုင်ကားပေါ်တွင် တခြားအမျိုးသားတစ်ယောက်
အတူရှိနေခဲ့ခြင်းသည်လည်း မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။

သို့ရာတွင် လူထုကတော့ မေတ္တာမပျက်ကြ။ ပိုပြီးတော့တောင် ကရုဏာသက်ပြီးဝမ်းနည်းကြေကွဲရသည်။ သူ့အတွက်
ဝမ်းနည်းခြင်းအထိမ်းအမှတ်တွေ ဆုတောင်းမေတ္တာပို့တာတွေ လုပ်ကြသည်။ တေးသံသွင်းလုပ်ငန်းတစ်ခုကတော့
'ဒိုင်ယာနာ အလွမ်းပြေ'ဆိုသော စီးရီးတစ်ခွေထုတ်ဖို့ စီစဉ်သည်။ နာမည်ကြီး သီချင်းရေးဆရာများက မေတ္တာဖြင့်
ကူညီရေးပေးကြသည်။ ထိုသီချင်းစီးရီးကိစ္စမှာလည်း ကသိကအောက်ဖြစ်စရာတစ်ခု ပေါ်လာသေးသည်။
လူတွေကြားမှာ ကောလာဟလသတင်းဖြစ်နေပုံက....

ထိုသီချင်းကို ပရိသတ်ပိုမိုခံစားနိုင်စေရန်အတွက် ဒိုင်ယာနာ၏ သားအကြီးဖြစ်သူ ဝီလျံကိုယ်တိုင်သီဆိုမည်။ ထိုအခါ
သားငယ်ဟယ်ရီက မကျေနပ်။ သူ့အမေနှင့်ပတ်သက်သော သီချင်းဖြစ်သောကြောင့် သူနှင့်လည်းဆိုင်သည်။ သူလည်း
ဆိုခွင့်ရှိသည်ဆိုပြီး ထိုသီချင်းကိုပင် သူ့အသံနှင့် စီးရီးတစ်ခွေ အပြိုင်ထုတ်မည်ဟု သတင်းထွက်လာသည်။ ပရိသတ်
တချို့က ဝီလျံကို အားပေးမည်။ သားကြီးဖြစ်သောကြောင့် ဒီအခွင့်အရေးကို ခံစားထိုက်သည်ဟု ဆိုသည်။
ဒီလိုဘယ်ရမလဲ၊ သားနှစ်ယောက်ရှိရာ ညီတူညီမျှရပိုင်ခွင့်ရှိတာပေါ့ဟု ဟယ်ရီကိုကရုဏာသက်သူတွေက ဆိုသည်။
ထိုကိစ္စအတွက် ညီအစ်ကိုနှစ်ယောက် မျက်နှာချင်းတောင်မဆိုင်တော့ဘဲ တစ်ယောက်နှင့်တစ်ယောက် မခေါ်နိုင်
မပြောနိုင်ဖြစ်နေကြသည်ဟု အတွင်းသိဆိုသူတွေက ပြောနေကြသည်။

တကယ့်ဖြစ်ရပ်မှန်ကတော့.....
ဝီလျံနှင့်ဟယ်ရီ ညီအစ်ကိုနှစ်ယောက်ကြားမှ ဘာပြဿနာမှမရှိ။ ဝီလျံက ဟယ်ရီကို အလွန်ညှာတာတတ်သည်။
ဟယ်ရီကလည်း အစ်ကိုဖြစ်သူကို အလွန်တွယ်တာသည်။ တစ်ယောက်နှင့်တစ်ယောက် စည်းစည်းလုံးလုံးချစ်ချစ်ခင်ခင်
ရှိကြသည်။ သီချင်းစီးရီးခွေကိစ္စမှာလည်း ဟယ်ရီက ဆိုတောင်ဆိုချင်တာမဟုတ်။ သူက ဘောလုံးကန်ဖို့သာ
စိတ်ဝင်စားသူဖြစ်၏။ အမေနှင့်ပက်သက်သော အလွမ်းပြေဂုဏ်ပြုခြင်း ဖြစ်သဖြင့် အမှတ်တရအဖြစ်ဝင်ဆိုပေးပါဟု
ဝီလျံက အတင်းတိုက်တွန်းသောကြောင့် ပါလာရခြင်းဖြစ်၏။ ညီအစ်ကိုနှစ်ယောက် အခွေ၏ အေဆိုဒ်၊ ဘီဆိုဒ်
တစ်ခြမ်းဆီဆိုဖို့ အစကတည်းက စီစဉ်ထားပြီး ဖြစ်၏။ဒါကို လူစိတ်ဝင်စားပြီး သီချင်းခွေရောင်းကောင်းအောင
စီးပွားရေးသမားတွေက လုပ်ကြံဖန်တီးသတင်းလွှင့်ခဲ့ခြင်းသာဖြစ်လေ၏။

ပန်းချီလောကမှာ ဖြစ်သွားတဲ့ကိစ္စကတော့ ကောလာဟလမဟုတ်။ အမှန်တကယ်ဖြစ်၏။ နာမည်ကျော် ပန်းချီဆရာ
ပီကာဆိုနှင့်ပတ်သက်သည်။ ပီကာဆိုသည် ထိပ်သီးပန်းချီဆရာကြီးဖြစ်၏။ သူသည် သမားရိုးကျ ပန်းချီပုံစံကို
ဖောက်ထွက်ပြီး ကိုယ်ပိုင်ဟန်ဖြင့် လမ်းသစ်ထွင်ခဲ့သူဖြစ်၏။ သူ့ပန်းချီတွေက ရေးချက်တွေကဆန်းသစ်သည်။
တခြားပန်းချီဆရာတွေ တွဲစပ်မသုံးရဲသောအရောင်များကို အချိုးညီအောင် ဖန်တီးနိုင်သောကြောင့်
အချင်းချင်းကပင် သူ့ကိုဖြုံကြရသည်။ သူ့ပန်းချီကားများသည် နက်နဲသည်၊ လျှို့ဝှက်သည်၊
အသိရခက်သည်။ သို့ရာတွင် ကြည့်မိသူတိုင်းကို ညှို့ငင်ဖမ်းစားနိုင်သည်။

သူ့ပညာမာနလည်းကြီးသည်။ သူ့လက်ရာကိုလည်း တန်ဖိုးထားသည်။ သူ့ပန်းချီကားတွေကို ဈေးကြီးကြီးရမှ
ရောင်းသည်။ တစ်ခါက နာမည်ကြီး စီးပွားရေးကုမ္ပဏီကြီးတစ်ခု၏ ဥက္ကဌက သူ့ရုံးခန်းမှာ ချိတ်ဖို့ ပန်းချီကား
တစ်ကား ဆွဲပေးရန်အလုပ်အပ်သည်။ ဆွဲရမှာက သူ၏ပုံတူဖြစ်၏။ ပီကာဆိုက ပန်းချီဆွဲခကို ပုံမှန်ထက်
ငါးဆလောက်ပိုတောင်းသည်။ ကုမ္ပဏီသူဌေးက....

"ဈေးက များလှချည်လားဗျ၊ ခင်ဗျားပုံက အဲဒီလောက်တန်လို့လား"ဟုမေးသည်။
"ကျွန်တော့်ပုံမဟုတ်ပါဘူးလေ၊ ခင်ဗျားပုံပါ၊ ခင်ဗျားရဲ့ပုံဟာ ဘယ်လောက်တန်နိုင်သလဲဆိုတာ
ခင်ဗျားဘာသာ သတ်မှတ်ကြည့်လေ"ပီကာဆိုက ပြန်ပြောသည်။
သူဌေးလည်း ခဏတွေနေပြီးနောက် ခေါင်းညိတ်လိုက်ပြီး.....
"အင်း...ဟုတ်တာပေါ့၊ ကျုပ်ရဲ့ပုံတူဟာ တန်ဖိုး ရှိရမှာပေါ့"ဆိုပြီး ပီကာဆိုတောင်းသည့်ဈေးပေးဖို့
သဘောတူလိုက်၏။ တကယ်တော့ ပီကာဆိုသည် များသောအားဖြင့် ခေတ်သစ်ပန်းချီတွေကိုသာ
ရေးဆွဲလေ့ရှိသည်။ ပုံတူပန်းချီရေးလေ့မရှိ။ ဒီသူဌေးရဲ့ပုံကတော့ ထူးခြားသော
ဥပဓိရုပ်ရှိသဖြင့် စိတ်ဝင်စားမိ၏။ ထို့ကြောင့် လက်ခံလိုက်ခြင်းဖြစ်၏။

ရေးဆွဲပြီးသွားတော့လည်း ပုံတူဆိုတဲ့အတိုင်း တကယ်ကိုတူပါပေသည်။ ဘယ်လောက်ထိလဲဆိုတော့
အဝတ်အစားက ပိတ်စအစစ်တွေကို ဖြတ်ပြီးကပ်ထားသလားထင်ရလောက်အောင် တူသည်။ အထူးသဖြင့်တော့
မျက်လုံးများ။ ဘယ်ကိစ္စမဆို ပြတ်ပြတ်သားသား ဆုံးဖြတ်လုပ်ကိုင်တတ်သော စူးစူးရှရှအကြည့်။
"တူလိုက်တာဗျာ၊ ကျွန်တော်နဲ့ ပြိုင်ဘက် စီးပွားရေးသမားတစ်ယောက် ပေါ်လာသလားအောက်မေ့ရတယ်"
သူဌေးသည် သူ့ပုံသူကြည့်ပြီး အံ့ဩသွားသည်။ ကျေနပ်ပြီး သဘောလည်းကျသွားသည်။

ပီကာဆိုသည် ကံကောင်းသည်ဟု ဆိုနိုင်သည်။ တချို့ပန်းချီဆရာများသည် သက်ရှိထင်ရှားရှိချိန်မှာ ဆင်းဆင်းရဲရဲ
ငတ်ငတ်ပြတ်ပြတ် နေခဲ့ကြရသည်။ သေပြီးတော့မှပင် သူတို့ပန်းချီကားတွေ ဈေးကောင်းရလာသော်လည်း ခံစားခွင့်
မရတော့။ လောလောဆယ် ခေတ်ပြိုင်ပန်းချီဆရာတွေ ထဲမှာလည်း စားဝတ်နေရေး အဆင်မပြေကြသူတွေများသည်။
ပန်းချီဆရာဆိုတာကလည်း နှစ်မျိုးနှစ်စားရှိသည်။ ကော်မာရှယ်ခေါ် စာနယ်ဇင်းသရုပ်ဖော်ပန်းချီဒီဇိုင်းလုပ်ခြင်း၊
ကုန်ပစ္စည်းအမှတ်တံဆိပ်၊ ပိုစတာ၊ လက်ကမ်းစာစောင်များရေးခြင်း၊ ဆိုင်းဘုတ်ရေးခြင်းစသော စီးပွားရေး
လုပ်ငန်းများနှင့် ဆက်နွယ်ရေးဆွဲခြင်းကတစ်မျိုး။ ဖိုင်းအတ်ဟုခေါ်သော ပန်းချီကားများရေးဆွဲခြင်းက တစ်မျိုး။

ကော်မာရှယ်သမားတွေက အလုပ်အပ်သူတွေဆီက အခကြေးငွေယူပြီး ရေးဆွဲပေးခြင်းဖြစ်၏။ သူတို့အနေဖြင့်
အလုပ်အပ်သူတွေ စိတ်တိုင်းကျဖြစ်အောင် ရေးဆွဲပေးရသည်။ ပုံမှန်ဝင်ငွေရှိသည်ဟု ဆိုနိုင်သည်။ ဖိုင်းအတ်သမား
ကတော့ ကိုယ်စိတ်ကြိုက် ဆွဲချင်တာကိုဆွဲသည်။ ပြီးတော့မှ ပြပွဲတင်သည်။ ပြပွဲမှာရောင်းရလျှင် ငွေရမည်။
မရောင်းရဘဲလည်း ရှိနိုင်သည်။ ကိုယ်က ကင်းဗတ်စ၊ ဘောင်၊ ဆေး၊ အချိန်၊ ပညာတို့ကို အချိန်ကြာမြင့်စွာ
ကြိုတင်ရင်းနှီးထားရသည်။ ဘယ်လောက်ကြာမှအကျိုးအမြတ်ပြန်ရမလဲ မပြောနိုင်။

ပန်းချီကားတစ်ကားကို ဆွဲပြီး မကြာခင် ရောင်းထွက်ချင်လည်း ထွက်မည်။ နှစ်ပေါင်းများစွာကြာချင်လည်းကြာမည်။
တစ်သက်လုံးမရောင်းရဘဲ ကွယ်လွန်ပြီးမှ ရောင်းချင်လည်းရောင်းရမည်။ ပန်းချီကားတစ်ကားတည်းနှင့် လေးငါး
ခြောက်လ စားလောက်အောင် ရချင်လည်းရသည်။ လပေါင်းများစွာကြာအောင် ဘာဝင်ငွေမှမရှိဘဲ စုတ်ပြတ်ချင်
ပြတ်နေတတ်သည်။

ပန်းချီကားတစ်ကားရေးဆွဲရာမှာလည်း ဘယ်လောက်ကြာမယ် မခန့်မှန်းနိုင်။ သုံးလေးရက်နှင့် ပြီးချင်လည်း ပြီးမည်။
လနှင့်ချီကြာချင်လည်းကြာမည်။ ရေးလက်စကို စိတ်ကြိုက်မတွေ့သဖြင့် နှစ်ပေါက်အောင် ကြာချင်လည်း ကြာသွား
နိုင်သည်။ တချို့ပန်းချီကားတွေကို ပြပွဲတင်သော်လည်း 'ရောင်းရန်မဟုတ်'ဟု စာချိတ်ချင်ချိတ်ထားမည်။ တစ်ခါ
တစ်လေ ကိုယ့်ဘာသာ ကြိုက်လွန်း၍ ပြပွဲတောင်မတင်ရက်ဘဲ သိမ်းထားတာမျိုးရှိသည်။

ပီကာဆိုမှာ ဖိုင်းအတ်သမားဖြစ်သည်။ ဖိုင်းအတ်သမားအများစုမှာ လူအများကြိုက်ကြိုက်မကြိုက်ကြိုက်
ကိုယ်ဆွဲချင်ရာ ဆွဲကြသူများဖြစ်၏။ ထို့ကြောင့် ပုံမှန်ဝင်ငွေလည်း မရှိဘဲ စားဝတ်နေရေးအဆင်မပြေတာက
များသည်။ ပီကာဆိုကတော့ထူးခြားသည်။ သူ့ပန်းချီတွေက ဈေးကောင်းရတတ်သည်။ ထို့ကြောင့်
သူများထက်စာလျှင် ချောင်ချောင်လည်လည် ရှိသည်ဟု ဆိုနိုင်သည်။ သူသည် အသက် ခြောက်ဆယ်စွန်းစွန်း
ရှိလာသည့်တိုင် လူငယ်လေးတစ်ယောက်လို နုပျိုဖြတ်လတ်ဆဲဖြစ်သည်။ စပို့ရှပ်၊ တီရှပ်၊ ဂျင်းဘောင်းဘီတို့
ဝတ်ဆင်လေ့ရှိသည်။ ရွယ်တူ တန်းတူလူကြီးတွေနှင့် မပေါင်းဘဲ လူငယ်ပန်းချီဆရာလေးတွေနှင့်သာ
အဖွဲ့ကျတတ်သည်။

သူ့လက်ရာတွေကို စွဲလမ်းပြီး သူ့ဆီမှာ ပန်းချီပညာသင်ချင်သူလူငယ်တွေလည်း တော်တော်များများရှိ၏။ သို့ရာတွင်
သူ၏ သင်ပုံသင်နည်း စနစ်၏ ဒဏ်ကိုမခံနိုင်သဖြင့် တပ်လန်သွားသူတွေသာများသည်။ ပီကာဆိုက 'ပန်းချီသင်၊
ရွာပြင်ထွက်'ဟုဆိုပြီး လယ်ကွင်းပြင်ကြီးထဲက တဲကလေးတစ်လုံးမှာ တစ်ယောက်တည်းသွားနေခိုင်းသည်။ ဆန်၊
ဆီ၊ ဆား၊ ငါးပိ ငါးခြောက်၊ ကြက်သွန်၊ အာလူး၊ ပဲ စသည်တို့ပေးထားသည်။ ကိုယ့်ဘာသာကိုယ် ချက်စားရသည်။
ဘာအသုံးအဆောင် ပစ္စည်းမှ ယူခွင့်မရှိ။ ရေဒီယို၊ ကက်ဆက်မပြောနဲ့ နာရီတောင်မထားရ။ လျှပ်စစ်မီးလည်းမရှိ။
ပန်းချီသင်တယ်ဆိုသည့်တိုင် ဘာမှ လေ့ကျင့်ရေးဆွဲခွင့်မရှိသေး။ ခဲတံ၊ စုတ်တံ၊ ဆေး၊ စက္ကူစသည်တို့ လုံးဝ
ဆောင်မထားရ။ ယုတ်စွအဆုံး မြေကြီးပေါ်မှာတောင် တုတ်ချောင်းနှင့် ခြစ်ခွင့်မရှိ။

ထိုလယ်ကွင်းထဲက တဲလေးထဲမှာ သုံးလတိတိ တစ်ယောက်တည်းနေရသည်။ ထိုအတောအတွင်းမှာ မနက်နေ
ထွက်လာတာ၊ ညနေဘက် နေဝင်သွားတာကို စောင့်ကြည့်ရသည်။ ကျန်တဲ့အချိန်တွေမှာ ကောင်းကင်ကိုကြည့်ရသည်။
တိမ်တွေကိုကြည့်ရသည်။ ဘေးပတ်ဝန်းကျင်ရှိ အရာဝတ္ထုများကို စေ့စေ့စပ်စပ် ကြည့်ရှုမှတ်သားရသည်။ ထိုသို့
ကြည့်ရှုမှတ်သားရင်းက ပန်းချီဆိုတာ ဘာလဲ၊ ဘာကြောင့် ပန်းချီဆွဲချင်တာလဲ၊ အရောင်တွေကို ဘယ်လိုခံစားမိသလဲ၊
ပန်းချီဆရာတစ်ယောက်ရဲ့စိတ်နေစိတ်ထားဟာ ဘယ်လိုဖြစ်သင့်သလဲဆိုတာတွေကို တွေးတော ကြံဆကြည့်ရသည်။
ပီကာဆိုက တစ်ပတ်တစ်ခါလာတွေ့သည်။ ထိုအခါ တပည့်ဖြစ်သူက မိမိတွေးတော ဆင်ခြင်မိတာတွေကို ပြောပြရသည်။

ဒီလိုသုံးလတိတိနေပြီးမှ ဒုတိယအဆင့်ကို တက်ခွင့်ရသည်။ ထိုအဆင့်မှာ တစ်လကြာသည်။ စိတ်ဖြင့်ရေးဆွဲသည့်
အဆင့်ဖြစ်၏။ လက်တွေ့မဆွဲရသေး။ မျက်စိမှိတ်ထားပြီး အရောင်တွေကို အာရုံခံစားရသည်။ မိမိလေ့လာကြည့်ရှု
ထားသော အရာဝတ္ထုများကို စိတ်ကူးဖြင့် ရေးဆွဲကြည့်ရသည်။ အရောင်တွေကို စိတ်ထဲမှာ တွဲစပ်ကြည့်ရသည်။
ထိုအဆင့်ကို လွန်မြောက်ပြီးတော့မှ လက်တွေ့ရေးဆွဲမှုကို စတင်သင်ကြားရသည်။ ပီကာဆိုထံသို့ ပန်းချီပညာသင်ရန်
ရောက်ရှိလာသူတွေထဲက အများစုမှာ လယ်ကွင်းထဲက တဲကလေးထဲမှာ တစ်လလောက်နေပြီးတာနဲ့ ပြန်ပြေးကြ
တော့သည်။ လက်တွေ့ရေးဆွဲရသည့်အဆင့်ထိ ဆန်ခါတင်ကျန်တာဆိုလို့ ဆယ်ယောက်မှာ တစ်ယောက်တောင်
မရှိ။ သူ့ဆီမှာ တပည့်ခံချင်သူများသည် နောက်ဆုံးတွင်.....

"ပန်းချီသင့်မယ့်အစား ရှောင်လင်ကျောင်းမှာ ကွန်ဖူးသွားသင်တာမှ သက်သာလိမ့်ဦးမယ်"ဟု ပြောပြီး ထွက်ပြေးကြ
ရသည်။ ပီကာဆိုကတော့...."ဒါတောင် သင်ရိုးညွှန်းတမ်းကို အများကြီးလျှော့ထားတာ၊ ငါပန်းချီသင်တုန်းကဆိုရင်
ကိုယ်နေမယ့်တဲကို ကိုယ့်ဘာသာဆောက်ခဲ့ရတာ၊ ကိုယ့်ဘာသာ ငါးမျှားပြီး စားခဲ့ရတာကွ"ဟု ပြောလေသည်။
ထိုကဲ့သို့သော ပီကာဆိုသည် အသက်ခြောက်ဆယ်ကျော်တော့မှပင် အသက်နှစ်ဆယ်ပင် မပြည့်တတ်သေးသော
မိန်းကလေးတစ်ယောက်ကို လက်ထပ်ယူလိုက်လေသည်။

အနုပညာလောကတစ်ခုလုံးအံ့ဩကုန်ကြသည်။ ဝေဖန်သုံးသပ်ချက်အမျိုးမျိုးလည်း ထွက်ပေါ်လာသည်။ တချို့က
ပီကာဆိုကို အားကျကြသည်။ ကောင်မလေးက ငယ်ငယ်ချောချောလေးကိုး။ အတော်စွံတဲ့ပုဂ္ဂိုလ်ပဲဟု ချီးကျူးကြသည်။
သူ့ပြိုင်ဘက်တွေကတော့ နည်းနည်းပြောချင်ဆိုချင်သည်။ တချို့ဇာတ်လမ်းလေးတောင် ဆင်လိုက်သေးသည်။
သူတို့အပြောအရဆိုလျှင်တော့.... ကောင်မလေးမှာ ငယ်ရွယ်စဉ်လူမှန်းမသိတတ်ခင်ကတည်းက မိဘတွေဆုံးသွားသဖြင့်
အဘိုးဖြစ်သူ၏ စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းခဲ့ရသည်။ သူတို့နှစ်ဦးမှာ အဘိုးတစ်ခု မြေးတစ်ခုဖြစ်သဖြင့်
တစ်ဦးအပေါ်တစ်ဦး သံယောဇဉ်က အလွန်ကြီးကြသည်။ တစ်နေ့မှာတော့ ကံကြမ္မာက သူတို့မြေးအဖိုးကို ရက်ရက်
စက်စက်ခွဲခွာ ပစ်လိုက်သည်။ အဘိုးဖြစ်သူသည် နှလုံးရောဂါဖြင့် ရုတ်တရက်ကွယ်လွန်သွားလေ၏။ မြေးမလေးမှာ
ခိုကိုးရာမဲ့ဖြစ်ရသည်။ သူ့အတွက် အဘိုးသာလျှင် အဖေ၊ အဘိုးသာလျှင် အမေဖြစ်သောကြောင့် ပိုခံစားရသည်။
အဘိုးကို လွမ်းသောစိတ်ဖြင့် ဗုန်းဗုန်းလဲမတတ်ဖြစ်ရသည်။ စိတ်ဝေဒနာသည်မလေး ဖြစ်လုလုအခြေအနေကို
ရောက်ခဲ့ရသည်။ ခုလို အဘိုးကို တမ်းတနေချိန်မှာပင် ပီကာဆိုနှင့် တွေ့ခဲ့ခြင်းဖြစ်၏။ ထိုအခါ ကောင်မလေးမှာ
အဘိုးအစားပြန်ရပြီဆိုသော အစွဲအလမ်းဖြင့် ပီကာဆိုကို တွယ်တာမိရာမှ လက်ထပ်ဖြစ်ခဲ့ခြင်းဟုဆိုသည်

ထိုကိစ္စမှာ ပီကာဆိုကို မနာလိုသူတွေက လုပ်ကြံဖန်တီးပြောဆိုကြခြင်းသာဖြစ်သည်ဟု ပီကာဆို ဘက်တော်သားတွေက
ပြန်လည်ချေပသည်။ ပီကာဆိုကတော့....
"လူတွေက အသက်ကြီးတာနဲ့ အိုမင်းတာကို မခွဲခြားတတ်ကြသေးဘူးဗျ"ဟု
ခပ်အေးအေးလေသံဖြင့်သာ တုံ့ပြန်ပြောဆိုလေ၏။

* * * * *

"မင်္ဂလာရယ်မှ....မဏ္ဍိုင်...လေး..."
"ဟေ့....ဟေ့....ဟေ့....အောင်ပါ....စေ..."
ကုမုဒြာဇာတ်ရုံကြီးအတွင်းမှာ မာသာဂရေဟမ်၏ အသံကဟိန်းထွက်လာသည်။
အသက်ခုနစ်ဆယ်နားကပ်နေသည့်တိုင် သူ့အသံက 'ပေါက်'နေတုန်း။ အဆွဲအငင်၊
အပင့်အရှိုက်တွေ ကျန်နေတုန်း။ အဆိုအဟဲ အောင်နေတုန်းရှိသေးသည်။

"တစ်ကြိမ်ငယ်မှ နှစ်ကြိမ်လေ.... သုံးကြိမ်ငယ်မှ
ဦးတင်....ရွာတော်ရှင်....မယ်လျှင်... ကန်တော့ပါ၏ ဘုရား...."
သက်ကြီးအနုပညာရှင်များ၏ ပဒေသာကပွဲဖြစ်လေ၏။ ဂန္ထဝင်အနုပညာကို ချစ်မြတ်နိုးသော လူငယ်တစ်စုက
အကုန်အကျခံပြီး စီစဉ်တင်ဆက်သည်။ သူတို့မှာလည်း စွန့်စွန့်စားစား လုပ်ခဲ့ရခြင်းဖြစ်၏။ ခေတ်ပရိသတ်က
အဘိုးကြီး အဘွားကြီးတွေ ဆိုတာ၊ ကတာကို စိတ်ဝင်စားပါ့မလားဟု စိုးရိမ်ခဲ့ကြရသည်။ တကယ်တမ်းကျတော့
ပရိသတ်မှာ ရုံပြည့်အောင်လာရောက်အားပေးကသည်။ ငွေတာရီရုပ်မြင်သံကြားဌာနကလည်း လာရောက်ရိုက်ကူးပြီး
တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့သည်။

ပထမဆုံးအစီအစဉ်က မာသာဂရေဟမ်၏ တစ်ချိန်ကနာမည်ကျော် အပျိုတော်အကဖြစ်၏။ အသက်အရွယ်
ထောက်လာသဖြင့် ငယ်ငယ်ကလောက် မသွက်လက်သော်လည်း မျက်ခုံးချီပုံ၊ မေးထိုးပုံ၊ လက်ချိုးပုံ၊
ခြေထိုးပုံတို့မှာ ရက်ပ်သမား၊ တက်ကနိုသမား လူငယ်တွေ ငေးယူရလောက်အောင် ပြောင်မြောက်လှသည်။
"သောက်တော်ဘူးရယ်နဲ့....အိုမကွာ..အိုမကွာ....မင်းကျော်စွာမို့ မကျော်လား...ဝေးရာကရှား"အကဝိဇ္ဇာကြီး
မာသာဂရေဟမ်၏ အဆိုအကကို ဆိုင်းဝိုင်းကြီးက မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ပို့ပေးနေသည်။ ဆိုင်းအဖွဲ့ကလည်း
မကောင်းဘဲ ခံနိုင်ရိုးလား။ ရွာစားကြီး စိန်မိုးဇက်၊ ငွေနှဲကျော် ချိုက်ကော့စကီးနှင့် ပတ်မတီး ရှိုပင်တို့
လက်စွမ်းပြတီးမှုတ်ဖျော်ဖြေကြတာကိုး။ သူတို့က သံပြိုင်လိုက်ဆိုရမည့်နေရာတွေမှာ ဝင်အော်ပေးကြသေးသည်။

"ကိုကြီးကျော်ရေ...."
"ဗျို့...ဗျို့"
"မောင်ကြီးကျော်...ရေ"
"ဗျာ...ဗျ"
"ဤဇမ္ဗူမှာ ပြိုင်ဘက်ရှား....မိုးကျနတ်သား..."

ဒုတိယအစီအစဉ်ကတော့ နှောင်းခေတ်အဆိုတော်ကြီးများ၏ ဖျော်ဖြေမှုဖြစ်၏။
တွမ်ဂျုံး၏ 'ယောက်ျားမှာလည်း အသည်းနဲ့ပါ'
ကော်နီဖရန့်စစ်၏ 'မေ့ကွက်ကိုရှာ'
အိန်ဂျဲဘတ်၏ 'ချစ်အားငယ်ရသူမယ'်
မေရီဟော့ကင်း၏ 'နက်ဖြန် သို့မဟုတ် ဘယ်သောအခါ'
အင်ဒီဝီလျံ၏ 'မုန်းရစ်လေဦး'
"ရွက်ဝါကြွေ နွေဦး.....လေရူးပွေစ....ညနေဆည်းဆာ...
ဥဩဆွေ.... နွေတေးရှင်ငှက်... ပင်ကိုင်းထက်မှာ...
သံစာစာ... နွေကြိုတေးကိုသာ....လေးတွဲ့မှန်စွာ....
တေးဖွဲ့ပြန်ရှာ...အဖော်ကွဲ...တစ်ကိုယ်တည်း...
ကိုယ်လည်းမင်း...လိုပါပဲ...ကိုယ့်ဘဝမှာ....
ညိုဝါရွှေ....ညောင်းရွက်လေအနော့....ပြေလျော့...ကြွေပေါ့...
နွေတစ်ကျော့...ရောက်ပြန်ပြီလေ...တစ်ခါ...."

ခံစားချက်အပြည့်ဖြင့် သီဆိုနေသော ဂန္ထဝင်အဆိုတော်ကြီး အင်ဒီဝီလျံ၏ သီချင်းသံတွင် ပရိသတ်များ
မိန်းမောနေကြသည်။ ထို့နောက် ဂီတလုလင် ဘီသိုဗင်၏ တစ်ကိုယ်တော် စန္ဒရားလက်စွမ်းပြတီးကွက်များဖြင့်
ပရိသတ်အာရုံကို ချုပ်ကိုင်ဖမ်းစားလိုက်ပြန်သည်။

ဆက်လက်ပြီး စူပါစတား အဆိုတော် ရုပ်ရှင်မင်းသား အဲဗစ် ပရက်စလေနှင့် ခေတ်ဟောင်းမင်းသမီးကြီးများ
ဖြစ်ကြသော အက်ဗာဂါဒနာ၊ မေရီပစ်ဖို့၊ အက်စသာဝီလျံ၊ ဂျူဒီဂါလင်တို့တစ်လှည့်စီစုံတွဲသီဆိုသော သီချင်းများဖြင့်
ဖျော်ဖြေသည်။ ဂျူဒီဂါလင်နှင့်တွဲ၍ သီဆိုသော 'တကူကူးကူ'သီချင်းကို ပရိသတ်တွေ အရမ်းသဘောကျပြီး
ပွဲတောင်းသဖြင့် နှစ်ကြိမ်ပြန် သီဆိုရသည်။

ထို့နောက် ခေတ်ဟောင်း အနုပညာရှင်ကြီးများကို ဂုဏ်ပြုသည့်အနေဖြင့် ခုတလော အလွန်နာမည်ကြီးနေသော
ဝက်စ်လိုက်ဖ်အဖွဲ့က ဒိုးပတ်ဝိုင်းဖြင့်ဖျော်ဖြေသည်။ မိုက်ကယ်ဂျက်ဆင်ကလည်း ဦးရွှေရိုးအကဖြင့် ပါဝင်ကူညီခဲ့
သေးသည်။ နောက်ဆုံးအစီအစဉ်ကတော့ သက်ကြီးအငြိမ့်ခန်းဖြစ်၏။ မင်းသမီးမှာ ဂျူလီအင်ဒရူးဖြစ်၏။ လူရွှင်တော်များ
အဖြစ် ဘော့ဟုပ်၊ ဂျယ်ရီလူးဝစ်နှင့် နော်မန်ဝစ်စဒမ်တို့က အသုံးတော်ခံကြသည်။ ဘော့ဟုပ်က ခွန်းထောက်တစ်ပုဒ်ဆိုသည်။
ထို့နောက် ပရိသတ်ကို မေတ္တာပို့၊ နှုတ်ဆက်စကားပြောပြီး...
"ကဲ...သူငယ်ချင်းတို့ရေ.... အခုလို ရုံပြည့်ရုံလျှံအောင် လာရောက်အားပေးကြတဲ့ ပရိသတ်ကြီးဟာ မင်းတို့ ငါတို့ကို ကြည့်ရုံ
သက်သက် မဟုတ်ဘူး၊ မင်းသမီး ဂျူလီအင်ဒရူးလေးရဲ့ ချစ်လှစွာသော ပီယဝါစာ စကားသံလေးတွေ၊ ကြည်လင်ချိုမြတဲ့
တေးသံလေးတွေ၊ နွဲ့နှောင်းသွက်လက်တဲ့ ကကြိုးကဟန်လေးတွေကို ကြားချင်မြင်ချင် ကြည့်ချင်လို့လာကြတာမဟုတ်လားကွယ့်"
"ဟုတ်ပါ့"
"ဒီတော့ မင်းသမီးခေါ်ကြဦးစို့ရဲ့"

ထိုအခါ နော်မန်ဝစ်စဒမ်က ဇာတ်စင်ထောင့်ဆီပြေးသွားသည်။ ဂျယ်ရီလူးဝစ်က....
"ဟေ့ကောင်....ဘယ်သွားမလို့လဲ"
"မင်းသမီးခေါ်ဖို့ ဆိုက်ကားသွားငှားမလို့လေ"
"ဒီလောက်တောင်ညံ့ရသလားဟဲ့၊ မင်းသမီးခေါ်တာ ဆိုက်ကားနဲ့ ရပါ့မလား၊ မသကာ လင်ခရူဆာလောက်တော့ ဖြစ်ရမှာပေါ့"

ဘောဟုပ်ကဝင်၍...
"ဟာ ဘာတွေလျှောက်ပြောနေတာလဲ၊ မင်းသမီးခေါ်ပါဆိုတာက စာချိုးလေးနဲ့လှမ်းခေါ်ဖို့ပြောတာ"
"ဩော်...ဒီလိုလား၊ ဒီလောက်တော့ဖြစ်ပါတယ်ကွ....အဟမ်း...အဟမ်း...ပုဝါနှစ်စအသာချပါလို့"
"မင်းခေါ်ပုံကြီး ရိုးနေပါပြီကွာ"
"ဒါဆိုလည်း မင်းပဲခေါ်လိုက်ပါတော့"

"ကဲခေါ်ပြီနော်...ခင်ကညာမြင် ဘဝင်မှာရွှင်လိုက်ပါတဲ့ အိုးဗျ ဘင်လာဒင်..."
"ဟာ...ဘယ့်နှယ် မင်းသမီးခေါ်ပါဆိုတာ ကဲ ကဲ မင်းတို့ခေါ်လို့တော့ မဖြစ်ပါဘူး၊ ငါပဲခေါ်ပါ့မယ်"
ဂျယ်ရီလူးဝစ်က ပရိသတ်ဘက်ကျောပေးပြီး ကျုံ့ကျုံ့လေးထိုင်နေသော မင်းသမီး ဂျူလီအင်ဒရူးကို
တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီးမှ....
"ထားခင်နှမ၊ ခါးရင်အစ၊ ငါးပဉ္စကောင်းခြင်း၊ အကယ်ဒမီ ရွှေစင်လေးလို၊ မယ်မဒီလိုမြင်ရင်
ငေးရပါတဲ့၊ ဂျယ်ရီရဲ့ ခင်ခင်လေး ဂျူလီရေ....."

ဂျူလီအင်ဒရူးသည် ထရပ်လိုက်ပြီး နွဲ့နှောင်းညင်သာစွာ လျှောက်လာသည်။ ပရိသတ်ကို
လက်အုပ်လေးချီ နှုတ်ဆက်လိုက်ပြီးမှ သီချင်းစဆိုသည်။
"အငြိမ့်မင်းသမီးများ ရည်းစားထားတဲ့ လူဆိုတာမျိုးနော် သဘောနည်းနည်းကြီးဦးမှပေါ့ သခင်ရယ်...
မီးရောင်အောက်ကိုဝင်ရင် လူပြက်တွေနဲ့ သောတော့ မောင့်သဘောက မကြည်မလင်..."

တီးလုံးအပိုဒ်တွင် အကဝင်လာသည်။ ဂျူလီအင်ဒရူး၏ ကဟန်မှာ တချို့မင်းသမီးတွေလို ခုန်ပေါက်
လူးလှိမ့်နေခြင်းမျိုးမဟုတ်။ အလွန်ညက်ညောသည်။ ကကြိုးတစ်ကွက်ချင်းမှာ ပန်းချီကားတစ်ချပ်စီလို
လှပသပ်ရပ်သည် လက်ခုပ်သံတွေမစဲတော့။


--------
မင်းလူ
--------

Saturday, January 26, 2013

ဂန္ဒဝင်အိပ်မက်(၃)


'ပွဲစားကြီးများဟိုတယ်'ရှေ့မှာရပ်ထားသော မော်တော်ကားများ၏ စုစုပေါင်းတန်ဖိုးကို တွက်ကြည့်လျှင်
ဆင်းရဲသားရပ်ကွက်တစ်ခုမှာ ရှိသော အိမ်ခြေစုစုပေါင်း တန်ဖိုးထက် အဆပေါင်းများစွာ သာလိမ့်မည်။
တခြားမကြည့်နဲ့။ မွေးနေ့ရှင် နစ်ကိုးကစ်မင်း စီးလာသော မာစီဒီးအက်စ်လယ်-၅၀၀ ရဲ့တန်ဖိုးကပဲ
အိမ်အလုံးတစ်ရာစာလောက်ရှိတာကိုး၂၀၀၂ ခုနှစ်ထုတ် အသစ်စက်စက် စပို့မိုဒယ် ကားလေ။
တွမ်ခရုစီးလာတဲ့ကားကတော့ လေဇူး-၄၃၀။ သူတို့ဇနီးမောင်နှံကားတစ်စီးစီနဲ့ သီးခြားစီလာတာကိုက
စိတ်ဝင်စားစရာကောင်းနေပြီ။ ဒီလိုဖြစ်အောင် တမင်ထွင်လိုက်တာလည်း ဖြစ်နိုင်သည်။

ဘရက်ပစ်က ဘီအမ်ဒဗလျူ-၇ စီးရီး။ နစ်ကလပ်ကေ့ခ်ျက လင်ခရူဇာ။ အင်ဂျလီနာဂျိုလီက
ကက်ဒီလက်၊ ဟိုဘက်မှာတော့ မင်းသားကြီး ကလင့်အိစ်ဝုဒ်ရဲ့ ရိုးစ်ရွိုက်ကားကြီးက
ခန့်ခန့်ညားညားရပ်လို့။ ဒီနေ့ညနေမှာတော့ ဟိုတယ်ရှေ့က ယာဉ်ရပ်နားရန်နေရာသည်
မော်တော်ယာဉ်ရောင်းဝယ်ရေးစခန်းအပေါ်ခွင်နှင့် တူနေလေသည်။

ဟိုတယ်၏ မြေညီထပ်ရှိ အထူးသီးသန့်ဆောင်ရှိ 'ပွဲကတော်ခန်းမ'မှာ မွေးနေ့ပွဲ ကျင်းပဖို့
ပြင်ဆင်ထားသည်။ အခန်းက လူလေးရာလောက်ဆံ့သော်လည်း လက်ရွေးစင်လူနှစ်ရာကိုသာ
ဖိတ်ကြားထားသည်။ ခန်းမထဲမှာ မီးဆိုင်းတွေ၊ ရောင်ပြေးတွေ၊ မီးပဒေသာတွေ၊ ရွှေငွေ
ပန်းစက္ကူတွေ၊ ပူဖောင်းတွေဆင်ယင်ထားခြင်းမရှိ။ ဒါတွေက ရိုးနေပြီ။ ထို့ကြောင့်
ရှင်းရှင်းလင်းလင်းပင် ပြင်ဆင်ထားသည်။ သို့ရာတွင် သေသေချာချာကြည့်လျှင်
ထူးခြားမှုကို တွေ့နိုင်သည်။

ခန်းမထဲမှာ မီးလုံးမီးချောင်း၊ ဆလိုက်မီးစသည်တို့တစ်ခုမှမရှိပါဘဲလျက် အလိုအလျောက်
လင်းနေခြင်းပင်ဖြစ်၏။ ပြီးတော့ နံရံမှာသုတ်ထားသော ဆေးရောင်များသည် ဆယ့်ငါးမိနစ်
တစ်ခါပြောင်းသွားတတ်သည်။ အပြာနု၊ မီးခိုးနု၊ အစိမ်းနု၊ အဝါနု စသည်ဖြင့်..။
ခုလိုဖြစ်အောင် အထူးသုတ်ဆေးတစ်မျိုးကို နိုင်ငံခြားက တကူးတကန့်မှာယူပြီး
အသုံးပြုထားရခြင်းဖြစ်၏။ ဒီပွဲအတွက်ကို တမင်အချိန်ကိုက် ပြုလုပ်ခဲ့ခြင်းလည်းဖြစ်၏။
ကုန်ကျစရိတ်ကို နစ်ကိုးကစ်မင်းက ကျခံပေးခဲ့သည်။

စင်မြင့်ပေါ်မှာတော့ လောလောဆယ် နာမည်အကျော်ကြားဆုံးဖြစ်နေသော 'အယ်လ်ကာလီ
တီးဝိုင်းအဖွဲ့'က ဧည့်ခံဖျော်ဖြေနေသည်။ စင်မြင့်၏နောက်ဘက် အပေါ်နားတွင် နံရံကပ်
ဒစ်ဂျစ်တယ်မှန်ပြားကြီး ကပ်ထားသည်။ နောက်ဆုံးပေါ် အယ်လ်စီဒီ တီဗီကြီးပင်ဖြစ်၏။
ဖန်ပြားဆိုသော်လည်း အော်ဂဲနစ်ဖိုင်ဘာ ဖန်မျှင်ဖြင့် ရက်လုပ်ထားသည်။ မလိုအပ်သည့်
အချိန်တွင် ကော်ဇောတစ်ချပ်လို လိပ်ပြီး အလွယ်တကူ သယ်ယူနိုင်သည်။ အရွယ်အစားက
ရုပ်ရှင်ပိတ်ကားနီးပါးလောက်ရှိ၏

တီဗီကြီးပေါ်တွင် N.K-21ဆိုသော စာလုံးသည် ဒီဇိုင်းပုံစံမျိုးစုံ၊ အရောင်မျိုးစုံ တစ်မျိုးပြီးတစ်မျိုး
ပြောင်းနေသည်။ နစ်ကိုးကစ်မင်း၊ နှစ်ဆယ့်တစ်နှစ်ဆိုသော အဓိပ္ပါယ်ပင်ဖြစ်၏။ တချို့ကတော့
ဒီမင်းသမီး အသက်နှစ်ဆယ့်တစ်နှစ်ဆိုတာ မဖြစ်နိုင်၊ အသက်ကို လျှော့ပြောခြင်းဖြစ်ရမည်ဟု
ဆိုကြသည်။ သူနှင့်ငယ်ငယ်က တစ်တန်းတည်း အတူနေခဲ့သော သူငယ်ချင်းတစ်ယောက်မှာ
အခု ဆရာဝန်ကတော်ဖြစ်နေပြီ။ ဒါကိုကြည့်ခြင်းဖြင့် နှစ်ဆယ့်တစ်နှစ်မကနိုင်ဟု
ထောက်ပြသူလည်း ရှိသည်။

ဘာပဲဖြစ်ဖြစ် သူက နှစ်ဆယ့်တစ်နှစ်ပါ ဆိုတော့လည်း နှစ်ဆယ့်တစ်နှစ်ပေါ့။ သူ့ကိုချစ်သော
ပရိသတ်ကတော့ ဆယ့်ရှစ်နှစ်ပါဆိုလည်း ယုံကြမှာပဲဖြစ်၏။ အသက်ကို တွက်စစ်နေရအောင်
သူက ဘောလုံးကန်မှာမှမဟုတ်ဘဲ။
ဖိတ်ကြားထားသော ဧည့်သည်တွေ တဖွဲဖွဲရောက်လာကြသည်။ တစ်ယောက်ဝင်လာတိုင်း
စာနယ်ဇင်းသမားတွေက ဓာတ်ပုံတစ်ဖျတ်ဖျတ်ရိုက်ကြသည်။ ပြီးတော့ ကက်ဆက်ရီကော်ဒါ
အသေးစားလေးတွေထိုးပြီး မေးခွန်းတွေမေးကြသည်။

ရုပ်ရှင်သရုပ်ဆောင်များ (အထူးသဖြင့် မင်းသမီးများ)သည် အကယ်ဒမီပေးပွဲရယ်၊ ခုလို
ပွဲမျိုးရယ်မှာသာ လူစုံအောင် တက်ရောက်ကြသဖြင့် တစ်ယောက်နှင့်တစ်ယောက်
အလှချင်းပြိုင်ဖို့ ကြိုးစားကြသည်။ ဒရူးဘယ်ရီမိုးသည် နတ်သမီးလေးတစ်ပါးလို
ဝတ်ဆင်လာသည်။ အင်္ကျီ၏ကျောဘက်မှာ တစ်ခုနှင့်တစ်ခု ယှက်ထားသလိုဖြစ်နေသော
အတောင်ပံတစ်စုံလိုဖြစ်အောင် ချုပ်ထားသည်။

မက်ဒေါနားသည် အစိမ်းရောင်ဝတ်စုံပေါ်တွင် ရွှေရောင်ပဝါကို လွှမ်းခြုံလာသည်။
သေသေချာချာကြည့်သောအခါ ရွှေရောင်မျှသာ မဟုတ်။ ရွှေအစစ်ကို နန်းဆွဲပြီး
ရက်လုပ်ထားခြင်းဖြစ်ကြောင်းတွေ့ကြရသည်။ မင်းသမီးတွေ အားလုံးလိုလိုပင်
လက်ဝတ်ရတနာတွေကို သူများထက်မလျော့အောင် ဆင်မြန်းလာကြသည်။
လူကိုယ်ကနေ စိန်တွေ၊ မြတွေ၊ ပတ္တမြားတွေ၊ နီလာတွေ သီးပွင့်နေသလားထင်ရ၏။

ဒီကြားထဲမှာ ဂျူလီယာရောဘတ်က ထူးခြားသည်။ သူကရတနာပစ္စည်း တစ်ခုတည်းသာ
ဆင်မြန်းလာသည်။ တစ်ခုဆိုလည်း ဆိုသလောက်ပါပဲ။ မီးခြစ်ဘူး တစ်ဝက်စာလောက်
ရှိသော နီလာတုံးကြီးကို မသွေးမဖြတ်ဘဲ အရိုင်းတုံးအတိုင်း ဖောက်ပြီး လည်မှာ
ဆွဲလာခဲ့ခြင်းဖြစ်၏။ ဘယ်လောက်တန်ဖိုးရှိမလဲဆိုတာ ကျောက်မျက်
ကျွမ်းကျင်သူတွေတောင် လွယ်လွယ်ခန့်မှန်းနိုင်မှာမဟုတ်
မင်းသားကြီးရော်ဘင်ဝီလျံသည် ပျော်တတ်နောက်တတ်သူဖြစ်၏။ မိတ်ကပ်လည်း
ကျွမ်းကျင်သည်။ အသံတုလည်းလုပ်တတ်သည်။ သူက ခါးကုန်းကြီးတစ်ယောက်လို
လုပ်ပြီးဝင်လာသည်။ သူ့ကို ဟိုတယ်က သန့်ရှင်းရေးအလုပ်သမားကြီးဟ
ထင်မိကြသေးသည်။ သူသည် ဂျူလီယာရောဘတ်နား ကပ်သွားပြီး
လည်မှာဆွဲလာသည့် နီလာအရိုင်းတုံးကြီးကို ကိုင်ကြည့်သည်။

ဂျူလီယာရောဘတ်မှာ ရုတ်တရက်မို့လန့်ပြီး အော်မိ၏။ အားလုံးက ထိတ်ထိတ်ပျာပျာ
ဝိုင်းကြည့်ကြသည်။ သူများတွေ ကြောင်ကြည့်နေတုန်း တွမ်မီလီဂျုံးက ပြေးလာပြီး
သူ့ကုပ်ကို လှမ်းဆွဲလိုက်သည်။ ထိုအခါကုန်းနေသော ခါးသည် ရုတ်တရက်
ဆန့်ထွက်သွားသဖြင့် တွမ်မီလီဂျုံး ကြောင်တောင်တောင်ဖြစ်သွား၏။

ရော်ဘင်ဝီလျံက နှုတ်ခမ်းမွေးအတုကို ဆွဲဖြုတ်ပြီး တဟားဟား
ရယ်လိုက်တော့မှ သူ့ကို မှတ်မိသွားကြပြီး အားလုံးပွဲကျသွားသည်။
စင်ဒီကရော့ဖို့ ဝင်လာသည်။ ကက်ဦးထုပ်ကလေးကို ဆောင်းလာ၏။ အပေါက်ဝမှာ
ရပ်ပြီး ကက်ဦးထုပ်ကို ချွတ်လိုက်သည်။ သူသည် သီလရှင်ဝတ်နေရာမှ မနေ့ကမှ
လူထွက်ခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် ခေါင်းတုံးနှင့်ဖြစ်၏။ ဦးပြည်းစိမ်းစိမ်းနဲ့မှ
ပိုတောင်လှနေသေးသည်။ စာနယ်ဇင်းသမားတွေ သူ့ဆီ ဝိုင်းအုံသွားပြန်သည်။

ရိုးရိုးကုပ်ကုပ်နေတတ်သော အကယ်ဒမီနှစ်ဆုရှင် တွမ်ဟင့်သည် နောက်နားက
ချောင်ကျသော စားပွဲတစ်လုံးမှာထိုင်နေသည်။ သူ့ကိုယ်သူ ပွဲကြည့်ပရိသတ်
တစ်ယောက်လို သဘောထားပြီး သူများတွေပျော်ပါးမြူးထူးနေတာကို ကြည့်နေသည်။
ခဏကြာတော့ ရစ်ချတ်ဂီယာရောက်လာပြီး ဝင်ထိုင်သည်။
"ဘယ်လိုလဲ တွမ်၊ ပျင်းနေပြီလားကွ"
ရစ်ချတ်ဂီယာက မေးသည်။ တွမ်ဟင့်က...
"အေးကွာ၊ ငါတို့ရုပ်ရှင်သမားတွေက အမြဲတမ်းလူတွေအများကြီးနဲ့ ရုတ်ရုတ်သဲသဲ
နေကြရတာဆိုတော့ ဒါမျိုးပွဲတွေကို ငြီးငွေ့နေပြီကွာ၊ နားအေးပါးအေးပဲ နေချင်တယ်"

"ဒါကြောင့်မင်းကိုငါပြောတာပေါ့၊ မင်းနဲ့ငါနဲ့ အတူတူပဉ္ဇင်းတက်ကြရအောင်ပါလို့"
"အဲဒီအခါကျတော့လည်း စူပါမင်းသားနှစ်ယောက် တစ်ပြိုင်တည်းပဉ္ဇင်းတက်တာ
သတင်းထူးပဲဆိုပြီး စာနယ်ဇင်းသမားတွေက လိုက်လာကြဦးမှာပဲ၊ မင်းသမီးတွေကလည်း
သိမ်ထွက်မှာ စောင့်လောင်းကြဦးမယ်၊ ဘုန်းကြီးဝတ်ကြီးနဲ့ အင်တာဗျူးအလုပ်ခံရရင်လည်း
ဒုက္ခ၊ မလွယ်ပါဘူးကွာ၊ မင်းသားလုပ်ရတာ လွတ်လပ်ခွင့်တွေ သိပ်ဆုံးရှုံးတာပဲ"
"ဒါတော့ မတတ်နိုင်ဘူးလေကွာ၊ ကျော်ကြားမှုကိုလိုချင်ရင် လွတ်လပ်ခွင့်ကို အဆုံးရှုံးခံရမှာပဲ"
"ငါက ထင်ပေါ်ကျော်ကြားတာကို လိုချင်တာမဟုတ်ဘူး၊ အနုပညာရှင်အဖြစ်ကိုပဲ လိုချင်တာ"

ရစ်ချတ်ဂီယာက သဲ့သဲ့ရယ်လိုက်ပြီး...
"မင်းပြောပုံက အရက်ပဲ သောက်ချင်တာ မူးချင်တာမဟုတ်ဘူး ဆိုတာမျိုးဖြစ်နေပြီ၊ အေးလေ...
ပြောသာပြောရတယ်၊ ငါလည်း တစ်ခါတစ်ခါတော့ ဒီဘဝကိုငြီးငွေ့လာတယ်၊ ငါတို့မင်းသား
မင်းသမီးတွေဟာ ဟန်ဆောင်ပန်ဆောင် အိုက်တင်တွေ လုပ်ရဖန်များလို့ တကယ့်
လက်တွေ့ဘဝမှာတောင် အဲဒီအကျင့်ကြီးတွေ ပါလာကြသလားမသိဘူး။ တစ်ခါတစ်လေ
တကယ်ဖြစ်နေတာလား၊ သရုပ်ဆောင်နေတာလားဆိုတာ ကိုယ့်ဟာကိုယ်တောင်
ခွဲခြားမရချင်ဘူး"

"ဟေ့ကောင်၊ နစ်ကိုးကို နှုတ်ဆက်ပြီးရင် ငါတို့နှစ်ယောက် စောစောစီးစီး အသာလျှိုပြီး
ပြန်လစ်ရအောင်ကွာ"
"ဘာလုပ်မလို့လဲ"
"အင်းလျားကန်ဘောင်ပေါ်မှာ လွတ်လွတ်လပ်လပ် သွားထိုင်ရင်းစကားပြောကြရအောင်ကွာ"
"ကောင်းသားပဲ၊ အမယ်၊ ဘာလဲ ဟေ့ကောင်၊ ဟိုရောက်ရင် အင်းလျားကန်ကြီးကိုငေးကြည့်ပြီး
ပွင့်ဦးသီချင်းဆိုဦးမှာမဟုတ်လား"
"အေးကွ၊ တက္ကသိုလ်အလွမ်းပြေဆိုပါတော့ကွာ"
"မာလာဆောင်က ကောင်မလေးကို မင်းခုထိမမေ့နိုင်သေးဘူးလား"
"ငယ်ချစ်ကိုးကွ"
"အနုပညာသမားဆိုရင် ဘဝအာမခံချက်ရှိမှာမဟုတ်ဘူး ဆိုပြီး သူကမင်းကို ခါထုတ်ပစ်ခဲ့တာ၊
ခုမှနောင်တရချင်ရနေမှာပဲနော်"

တွမ်ဟင့်က ဘာမှပြန်မပြောဘဲ ပြုံးနေသည်။ မျက်လုံးတွေထဲမှာတော့ ဆွေးရိပ်သန်းနေ၏။
ထိုစဉ်တွင် ပရိသတ်တွေ လှုပ်လှုပ်ရွရွဖြစ်သွားသောကြောင့် လှမ်းကြည့်မိကြသည်။ မာရယ်စထရိ
ဝင်လာခြင်းကြောင့်ဖြစ်၏။ သူသည် အဖြူရောင်ဝတ်စုံကိုသာ ရိုးရိုးလေး ဝတ်ထားသည်။ မျက်နှာကို
ဘာမှခြယ်သထားခြင်းမရှိ။ လက်ဝတ်ရတနာလည်း လုံးဝဝတ်စားခြင်းမရှိ။ နားကပ်ကလေးတောင်
ပန်မလာခဲ့။ ဒါကိုက ထူးခြားမှု။ မာရယ်စထရိတစ်ယောက်လုံးဖြစ်နေမှတော့ ဒါတွေလိုသေးလို့လား
ဆိုသောသဘောဟု ဆိုကောင်းဆိုနိုင်သည်။ ဟုတ်လည်းဟုတ်သည်။
သူ့မျက်နှာသည် မင်းသမီးတစ်ယောက်အနေနှင့်ဆိုလျှင် ချောမောလှပသည်မဆိုနိုင်။
ကိုယ်လုံးကိုယ်ပေါက်ကလည်း စွဲမက်စရာမရှိ။ ရှည်ရှည်ကိုင်းကိုင်း၊ မိန်းမမဆန်လှ။

သို့ရာတွင် သရုပ်ဆောင်ပညာမှာတော့ သူမတူအောင် ထူးချွန်သည်။ ထိပ်တန်း
မင်းသားတွေတောင် သူနဲ့တွဲပြီး ရိုက်ရတဲ့အခါ အတော်ကြိုးစားကြရသည်။
စာနယ်ဇင်းသမားတစ်ယောက်က သူ့ကိုမေးသည်။
"မင်းသမီး ဘာကားထပ်ရိုက်ဖို့ အစီအစဉ်ရှိသေးလဲ"
"ကျွန်မနဲ့ရိုက်ဖို့ကမ်းလှမ်းထားတာ ငါးကားလောက်ရှိတယ်၊ အဲဒီထဲက တစ်ကားပဲ
စိတ်တိုင်းကျတယ်၊ ဒီနှစ်တော့ ဒီတစ်ကားပဲ ရိုက်ဖြစ်တော့မယ်ထင်တယ်"
"ဘယ်မင်းသားနဲ့တွဲရမှာလဲ"
"ဒပ်စတင်ဟော့ဖ်မင်းနဲ့လေ"
"ဒပ်စတင်နဲ့ရိုက်ရမှာမို့ ဒီကားကို လက်ခံလိုက်တာလို့ကော ဆိုနိုင်သလား"
"သိပ်သေချာတာပေါ့၊ ဒပ်စတင်နဲ့ အလုပ်တွဲလုပ်ရတာ အဆင်ပြေတယ်၊ သူက
နားလည်မှုလည်းရှိတယ်၊ တစ်ယောက်နဲ့တစ်ယောက် မလျှော့တမ်း ပြိုင်ပြီး
သရုပ်ဆောင်ရတာ သိပ်ပျော်စရာကောင်းတယ်"

မာရယ်စထရိက ဒီအတိုင်းပဲ။ ဇာတ်ကားတွေ များများ လက်ခံလေ့မရှိ။ တစ်နှစ်လုံးမှ တစ်ကား
နှစ်ကားသာ ရိုက်လေ့ရှိ၏။ ရိုက်တဲ့ကားတိုင်းလည်း အကယ်ဒမီ ဆန်ခါတင် အဆင့်ဝင်သည်။
တကယ်ရခဲ့တာတော့ နှစ်ဆုရှိပြီ။
ခုချိန်မှာ စာနယ်ဇင်းဆရာတွေ စိတ်အဝင်စားဆုံး ပုဂ္ဂိုလ်ကတော့ တွမ်ခရုစ်ပင်ဖြစ်၏။ သူနှင့်
မွေးနေ့ရှင် နစ်ကိုးကစ်မင်းတို့၏ အိမ်ထောင်ရေးမှာ အဆင်မပြေ။ အက်သံကွဲသံ ထွက်နေသည်ဟု
သတင်းပြေးနေသည်။
ဒီပွဲမှာ တွမ်ခရုစ်က မွေးနေ့ရှင် သူ့ဇနီး ပွဲမထွက်လာခင် ဧည့်သည်တွေကို ဧည့်ခံပေးနေသည်။

သူတို့နှစ်ယောက်မှာ မင်းသား မင်းသမီးတွေပီပီ လူရှေ့သူရှေ့မှာတော့ ပိပိရိရိ ဟန်ဆောင်နိုင်
ကြသည်။ ဘာမှ ပြဿနာမရှိသည့်ပုံမျိုး။ အိမ်မှာဆိုလျှင်တော့ စကားတောင် ဟက်ဟက်ပက်ပက်
မပြောကြတော့။ တွမ်ခရုကလည်း သူ့စာဖတ်ခန်းထဲမှာ ခွဲအိပ်နေတာ နှစ်လသုံးလလောက်ရှိပြီ။
ငွေရေးကြေးရေးနှင့် ပိုင်ဆိုင်မှုတွေ ခွဲဝေဖို့ သဘောတူညီမှုမရသေးလို့သာ တရားဝင်
မဖြစ်သေးတာ၊ လမ်းခွဲဖို့က သေချာနေပြီဟု ဆိုသည်။

ထိုသတင်းမှာ သူတို့အိမ်က မာလီကိုယ်တိုင်က ပြောခဲ့ခြင်းဖြစ်၏။ ဒီိလိုကိစ္စမျိုးအတွက် စပယ်ရှယ်လစ်
ဖြစ်သော သတင်းဆောင်းပါးရှင်တစ်ဦးက အရက်ကြိုက်တတ်သော မာလီကို
မူးအောင်တိုက်ပြီး အစ်အောက်မေးရာမှသိခဲ့ရခြင်းဖြစ်၏။
ထို့ကြောင့် ဒီနေ့အဖို့ အဆိုပါသတင်း အကြောင်း ရနိုင်သလောက်နှိုက်ထုတ်ဖို့ စိတ်အား
ထက်သန်နေကြသည်။ တွမ်ခရုစ်နားမှာ စာနယ်ဇင်းဆရာတွေ ဝိုင်းပြီးဗျူးကြသည်။ အစပိုင်းတွင်
ဘာကားရိုက်နေသလဲ ဘာညာမေးရိုးမေးစဉ် မေးရာမှ တဖြည်းဖြည်း ကျုံးသွင်းဖို့ ကြိုးစားကြ၏။

တစ်ယောက်က...
"ဒါနဲ့ မင်းသားနဲ့ နစ်ကိုးတို့ဇနီးမောင်နှံ နှစ်ယောက်တွဲပြီး ရိုက်ဖို့အစီအစဉ်ရှိသေးလာ သိပါရစေ"
တွမ်ခရုစ်က...
"လင်မယားဆိုတာ အပြင်မှာသာ တွဲချင်တိုင်း တွဲလို့ရတာဗျ၊ ရုပ်ရှင်ထဲမှာ တွဲဖို့ကျတော့
ထုတ်လုပ်သူတွေက လာငှားမှဖြစ်တာကိုး"
ဟု လိမ်လိမ်မာမာ ရှောင်ပြီးဖြေသည်။ နောက်တစ်ယောက်က တစ်ဆင့်တက်လာပြန်သည်။

"မင်းသားက စာဖတ်တော်တော်ဝါသနာပါတယ်နော်"
"ဘာဖြစ်လို့လဲ"
"ဩော်...ခုတလော အိမ်မှာနေရင် စာဖတ်ခန်းထဲမှာပဲ အချိန်ကုန်တတ်တယ်လို့ သတင်းကြားရလို့ပါ"
"စာအုပ်ဆိုတာ အကောင်းဆုံးမိတ်ဆွေပဲလို့ ပညာရှိတွေ ပြောကြတယ်မဟုတ်လားဗျာ"
စိတ်မရှည်နိုင်သော လူငယ်စာနယ်ဇင်းသမားတစ်ဦးက အတင့်ရဲသော မေးခွန်းတစ်ခုကို
မေးလိုက်သည်။
"မင်းသားအနေနဲ့ မကြာခင်မှာ လူပျိုဘဝကို တစ်ကျော့ပြန်သွားလိမ့်မယ်လို့ ထင်ကြေး
ပေးနေကြတာကို ဘာများမှတ်ချက်ပေးလိုပါသလဲ"

တွမ်ခရုစ်က ရယ်လိုက်ပြီး....
"ဒီကိစ္စကို ကျွန်တော်ကိုယ်တိုင်တောင် မသိသေးဘဲနဲ့ ဆရာက ကြိုသိသလိုဖြစ်နေပါလား၊
ဧကန္တတော့ ဆရာက ဂမ္ဘီရပညာမှာ တော်တော်ပေါက်မြောက်နေပြီထင်တယ်၊ ယတြာလေး
ဘာလေး ချေလို့ရမယ်ဆိုရင်လည်း ညွှန်ကြားပေးပါဦးခင်ဗျာ...ဟဲ ဟဲ"
အရိပ်အမြွက်လောက်တော့ ပွင့်အန်ထွက်လာပြီဟု ယူဆကြသည်။ မင်းသားကလည်း
နောက်သလိုပြောင်သလိုလုပ်ရင်း ဝန်ခံတော့မလိုလို ငြင်းလိုက်တော့မလိုလို ဝေ့လည်လည်
ရှောင်ထွက်ဖို့ ကြိုးစားနေသည်။ ဝါရင့်ဆရာတစ်ယောက်က မေးခွန်းတစ်ခုကို ဖြတ်မေးလိုက်သည်။
"ဒါနဲ့ မင်းသားကဘာအတွက် ယတြာချေချင်တာလဲ"
တွမ်ခရုစ် မျက်ခုံးပင့်လိုက်သည်။ တစ်ချက်တွေ သွားပြီး တစ်စုံတစ်ခု ပြောမည်အပြု...
"ကြွရောက်လာကြတဲ့ အနုပညာရှင်မိတ်ဆွေများခင်ဗျား..."
အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပေးသော ရပ်ဆဲခရိုး၏ အသံထွက်ပေါ်လာသည်။ ပရိသတ်အားလုံး
စင်မြင့်ဆီသို့ အာရုံရောက်သွားကြ၏။ တွမ်ခရုစ်လည်း မသိမသာသက်ပြင်းချ၏။ 'အခမ်းအနား
စတော့မယ်၊ ခွင့်ပြုပါဦး' ဟုပြောပြီး စင်မြင့်ဆီလျှောက်သွားသည်။

"ခုချိန်ကစပြီး နစ်ကိုးကစ်မင်းရဲ့ နှစ်ဆယ့်တစ်နှစ်မြောက်မွေးနေ့မင်္ဂလာ အခမ်းအနား စတင်ကြောင်း၊
ကြေညာအပ်ပါတယ်ခင်ဗျား"
လက်ခုပ်သံတွေ ထွက်ပေါ်လာသည်။ ထို့နောက် မီးရောင်တွေမှိန်သွားသည်။ အကယ်ဒမီပေးပွဲမှာလို
ဆလိုက်မီးတွေက ဟိုဒီလျှောက်ထိုးရင်းရှာဖွေနသည်။ ပရိသတ်ကြီးသည် နစ်ကိုးကစ်မင်းဘယ်က
ပေါ်လာမလဲဟု စိတ်ဝင်စားစွာ ကြည့်ရှုနေကြသည်။
ဆလိုက်မီးမောင်းသည် စင်မြင့်နောက်နားရှိ ထွက်ပေါက်ဆီသို့ထိုးလိုက်သည်။ အပေါက်ဝမှာ
လူတစ်ယောက်ပေါ်လာသည်။ နစ်ကိုးကစ်မင်းမဟုတ်။ နစ်ကိုး၏ ပုံတူမျက်နှာဖုံးကို စွပ်ထားသော
လူတစ်ယောက်သာဖြစ်သည်။ ထိုသူက မျက်နှာဖုံးကို ဆွဲချွတ်လိုက်ရာ ဟာသမင်းသား
ဂျင်ကာရေးဖြစ်နေကြောင်းတွေ့ရသည်

ပရိသတ်ကြီး ပွဲကျသွား၏။ ဂျင်ကာရေးက ပြောင်စပ်စပ်လုပ်ပြလိုက်ပြီးမှ အပေါ်ကို
လက်ညှိုးထိုးပြသည်။ ဆလိုက်မီးသည် အပေါ်ကိုဖျတ်ခနဲရွှေ့လျားသွားသည်
မျက်နှာကြက်တစ်နေရာမှ အံဖုံးတစ်ခုပွင့်လာ၏။ အထဲက နစ်ကိုးကစ်မင်းထွက်ပေါ်လာသည်
သူသည် လက်နှစ်ဖက်ကိုဆန့်တန်းထားပြီး ငှက်တစ်ကောင်လိုလေထဲမှာ ဝေ့ဝိုက်လှည့်ပတ်
ပျံဝဲနေသည်။ ရုပ်ရှင်တွေထဲမှာ လုပ်သလို စက်သီးကြိုးနှင့် ဆွဲထားခြင်းမဟုတ်။ တကယ်ကို
လွတ်လွတ်လပ်လပ်ပျံဝဲနေခြင်းဖြစ်၏။
ပရိသတ်ကြီးမှာ ရင်သပ်ရှုမော အံ့ဩငေးမောနေကြသည်။
သူသည် ပဝါရှည်ကြီးကို တလွင့်လွင့်ဖြစ်အောင် ပျံဝဲပြနေလိုက်တာ ဇာမဏီငှက်တစ်ကောင်လား
ထင်ရ၏။ အတန်ကြာအောင် ပျံဝဲပြီးမှ စင်မြင့်ပေါ်သို့ ဖြည်းညင်းစွာဆင်းသက်လာသည်။ ပရိသတ်ကြီး၏
လက်ခုပ်ဩဘာသံမှာ ခန်းမတစ်ခုလုံးဟိန်းထွက်သွားသည်
ခုလိုလေထဲမှာ ပျံဝဲနိုင်အောင် ပဉ္စလက်အတတ်ပညာဖြင့် စီစဉ်ပေးခဲ့သော မျက်လှည့်ဝိဇ္ဇာ
ဒေးဗစ်ကော်ပါဖီးကတော့ မှောင်ရိပ်ကျသော တစ်နေရာမှ ပြုံးပြုံးကြီး စောင့်ကြည့်နေလေသည်။

* * * * *

ချက်ကော့သည် စာရေးဆရာမဖြစ်ခင်က ဆေးတက္ကသိုလ်ကျောင်းသားဖြစ်၏။ သူ့မိဘတွေက
နယ်မြို့တစ်မြို့မှာနေသည်။ ချမ်းချမ်းသာသာထဲကတော့မဟုတ်။ ချက်ကော့၏ ကျောင်းစရိတ်
အတွက် အတော်ကြိုးစားထောက်ပံ့နေရသည်။
ချက်ကော့က လွတ်လွတ်လပ်လပ်နေချင်သောကြောင့် ကျောင်းကအဆောင်မှာမနေဘဲ အပြင်ဆောင်မှာ
ငှားနေသည်။ ဒီမှာတွင်ပဲ သူ့ဘဝအချိုးအကွေ့ စတင်ပေါ်ပေါက်လာရခြင်းဖြစ်လေ၏။

သူငှားနေသော အဆောင်ပိုင်ရှင်သမီး အင်နာက တော်တော်လှသည်။ ထို့ကြောင့် ချက်ကော့က
စိတ်ဝင်စားမိသည်။ အင်နာကလည်း ဆေးကျောင်းသားဖြစ်သော ချက်ကော့ကို အထင်ကြီးသည်။
ထို့ကြောင့် သူတို့နှစ်ယောက်ချစ်သူများဖြစ်ခဲ့ကြသည်။
အင်နာတို့အဖေသိသွားသောအခါ သဘောမတူဘူးဆို၏။ အမှန်မှာ တကယ်သဘောမတူခြင်းတော့
မဟုတ်။ ဆေးကျောင်းသားတစ်ယောက်ကို သမက်ဖမ်းသည်ဟု အထင်ခံရမှာစိုးသောကြောင့်
သိက္ခာအရပြောခြင်းသာဖြစ်၏။

ဒါကိုချက်ကော့တို့က တကယ်ထင်မှတ်ပြီး ခိုးပြေးကြသည်။ ချက်ကော့တို့ အဖေကြီးသည် သားကို
ဆရာဝန်ဖြစ်စေချင်လွန်းသဖြင့် ခြစ်ခြုတ်ကုတ်ကပ်စုဆောင်းပြီး စရိတ်ထောက်ပံ့ခဲ့ရသည်။ ခုတော့ ဒင်းက
မိန်းမယူရကောင်းလားဟု ဒေါသဖြစ်ရာမှ နှလုံးထိခိုက်ပြီး ကွယ်လွန်ခဲ့ရသည်။ သူ့အမေကလည်း ဒင်းကြောင့်
ဖြစ်ရတယ်ဆိုပြီး အဆက်ဖြတ်ထားလိုက်သည်။
အင်နာတို့မိဘတွေကတော့ ပြန်ခေါ်ပြီး ကျောင်းဆက်ထားသည်။ သမီးဆရာဝန်ကတော်ဖြစ်ရေးကိုငဲ့ပြီး
သူတို့ဘက်က လျှော့ပေးလိုက်ရခြင်းဖြစ်၏။

တကယ်တော့ချက်ကော့သည် စာတော်လို့သာ ဆေးကျောင်းတက်နေရသော်လည်း ဆရာဝန်အလုပ်ကို
ဝါသနာပါသူမဟုတ်။ စာရေးဆရာဖြစ်ချင်သူ။ ထို့ကြောင့် စာပေသမားများရှိရာ မဂ္ဂဇင်းဂျာနယ်တိုက်များနှင်
သုံးဆယ့်သုံးလမ်းတစ်ဝိုက်မှာ ကျင်လည်ကျက်စားခဲ့သည်။ ဒီမှာတွင်ပဲ စာရေးဆရာပေါက်စဖြစ်သော
ဂေါ်ကီနှင့် အသိအကျွမ်းဖြစ်ရသည်။ ဂေါ်ကီ၏အားပေးကူညီမှုဖြင့် စာပေနယ်ထဲ ဝင်ဆံ့ပြီး
စာရေးဆရာဖြစ်လာ၏။ တစ်ဖက်မှာလည်း ကျောင်းပျက်ရက်တွေများပြီး စာမေးပွဲတဖုတ်ဖုတ်ကျသည်။
နောက်ဆုံးကျောင်းထွက်လိုက်ရသည်။ အင်နာတို့မိဘတွေကလည်း ဒီလောက်တော့ သဘောထား
မကြီးနိုင်တော့။ ထို့ကြောင့် သီးခြားအိမ်ငှားပြီး ကိုယ့်အားကိုယ်ကိုးကြပေတော့ဟု ဆိုလာသည်။

အင်နာသည် အတော်မကျေမနပ်ဖြစ်ရသည်။ သူသည်ချက်ကော့ကို အထင်ကြီးပြီးချစ်ခဲ့မိခြင်းဖြစ်၏။
တစ်နေ့တွင် ချက်ကော့က ဆရာဝန်ဖြစ်၊ သူကဆရာဝန်ကတော်ဖြစ်ပြီး သာယာအေးချမ်းသော
ဘဝဖြင့်မတောင့်မတ မကြောင့်မကြနေနိုင်လိမ့်မည်ဟု စိတ်ကူးယဉ်ခဲ့မိ၏။ခုတော့ ဆရာဝန်ကတော်
မဖြစ်ဘဲ စာရေးဆရာကတော်ဖြစ်နေရပြီ။ ချက်ကော့က စာရေးဆရာဆိုသော်လည်း လုံးချင်းဝတ္ထု
ရေးသူမဟုတ်။ ထို့ကြောင့် စာမူခလုံးခနဲ ခဲခနဲမရ။ သူက ဝတ္ထုတိုရေးသူသာဖြစ်သည်။ အလွန်ဆုံး
မဂ္ဂဇင်း ဝတ္ထုရှည်လောက်သာရေးဖြစ်သည်။ သူ့ဝတ္ထုတွေကလည်း စာပေဝေဖန်ရေးဆရာများနှင့်
စာဖတ်သက်ရင့်သူများသာ ကြိုက်နှစ်သက်သော ဘဝဆန်သည့် စာများဖြစ်သည်။
ထို့ကြောင့် ဝင်ငွေသိပ်မကောင်း။ ကလေးတွေလည်းရှိလာသဖြင့် ချက်ကော့၏ စာမူခမှာ
စားဝတ်နေရေးအတွက် လောက်ငအောင်ဖြည့်ဆည်းပေးနိုင်ခြင်းမရှိတော့။ ထို့ကြောင့် အင်နာသည်
ဈေးရောင်းပြီး အိမ်စရိတ်ရှာရလေတော့သည်။ သူ၏စိတ်ကူးယဉ်အိပ်မက်ကလေးမှာလည်
ကြေမွပျက်စီးခဲ့ရသည်။ သူမျှော်မှန်းခဲ့သော ဆရာဝန်ကတော်ဘဝနှင့် ယခုလက်ရှိဖြစ်နေသော
ဘဝမှာ လုံးဝတစ်ခြားစီဖြစ်၏။

ခုလိုဖြစ်ရတာ ဂေါ်ကီကြောင့်ဟု အင်နာယူဆသည်။ သူ့ယောက်ျားသည် ဂေါ်ကီနှင့် ပေါင်းမိလို့သာ
စာပေဘက် အားသန်သွားရခြင်းဖြစ်သည်။ ဂေါ်ကီမြှောက်ပေးလို့ဖြစ်ရတာဆိုပြီး အခဲမကျေနိုင်။
ထို့ကြောင့် ဂေါ်ကီအိမ်ကိုလာလျှင် ဆူဆောင့်ပြီး ရန်လုပ်တတ်သည်။ ဂေါ်ကီကလည်း ဂရုမစိုက်။
"ဒီမှာ ခင်ဗျားယောက်ျား စာရေးဆရာဖြစ်တာကို ဂုဏ်ယူစမ်းပါ။ ခင်ဗျားစဉ်းစားကြည့်၊
ရပ်ကွက်တစ်ခုမှာ ဆေးခန်းတစ်ခု ဆရာဝန်တစ်ယောက်တော့ အနည်းဆုံးရှိကြတာပဲ၊ ဒါပေမယ့်
ရပ်ကွက်တစ်ခုမှာ စာရေးဆရာတစ်ယောက်ရှိဖို့တော့ ခဲယဉ်းတယ်၊ ကဲ...မဟုတ်ဘူးလား၊
ကျုပ်ကိုတောင် ကျေးဇူးတင်သင့်တယ်"
ဟုဆိုတတ်သည်။


"ဩော်...ဟုတ်လား ကျေးဇူးရှင်ကြီးရယ်၊ ရှင့်လိုပြောကြေးဆိုရင် ကျုပ်တို့ရပ်ကွက်မှာ အိမ်သာတွင်း
တူးတဲ့သူ တစ်ယောက်မှမရှိလို့ အကြောင်းပေါ်လာရင် ဟိုကွင်းစပ်ထိ သွားခေါ်ရတယ်၊ ဒါတောင်
မအားသေးဘူးလုပ်နေလို့ အရက်တိုက်ပါမယ်ဆိုပြီးပင့်ရတယ်၊ ကဲ...အဲဒီလူက ရှင်တို့ထက်ပိုပြီး
တန်ဖိုးမရှိဘူးလား ရှားပါးသတ္တဝါကြီးရဲ့"ဟုအင်နာက ပြန်ပက်တတ်သည်။
ဒီအခါမျိုးမှာ ဂေါ်ကီကစိတ်မဆိုးတဲ့အပြင် အဲဒီအိမ်သာတွင်းတူးတဲ့သူတွေနဲ့ တွေ့ချင်တယ်ဆိုပြီး
ချက်ကော့ကို လိုက်ပို့ခိုင်းသည်။ ဟိုလူက အလုပ်သွားနေတယ်ဆိုတော့ မရရအောင် လိုက်ရှာသည်။
ပြီးတော့ အိမ်သာတွင်းတူးရာမှာ ဝင်ကူလုပ်ပေးသည်။ ညနေကျတော့ အရက်ဆိုင်ခေါ်သွားပြီး
အိမ်သာတွင်းတူးဘဝသမားအကြောင်းမေးမြန်းလေ့လာသည်။ ဒီနောက်မှာတော့ ဘဝသရုပ်ဖော်
ဝတ္ထုကောင်းတစ်ပုဒ်ရေးဖြစ်သွားလေသည်။

တစ်ခုရှိတာက ဂေါ်ကီသည် ချက်ကော့တို့အိမ်လာလည်လျှင် ဘီအီးတစ်လုံးနှင့် အမြည်းများ
ဝယ်လာတတ်သည်။ အင်နာနှင့်ကလေးတွေအတွက်လည်း ခေါက်ဆွဲကြော်တို့ ဝက်ခေါင်းသုပ်တို့
ဝယ်လာတတ်သည်။ တော်စတွိုင်းကိုပါ ခေါ်ပြီး သုံးယောက်သား သောက်ကြသည်။ ဂေါ်ကီမူးလာပြီဆို
'တောသားကြီး'သီချင်းကို အသံဩဩကြီးနှင့်ဆိုတတ်သည်။ ထို့ကြောင့် ဂေါ်ကီလာလျှင် ကလေးတွေက
ပျော်ကြသည်။

"တဲထလက်ကယ်နဲ့.... ဘဲကြက်သံနာခံပါလို့.... ကြီးရော့သလား.... ကိုင်းခုတ်ရာတွင်... ထာဝစဉ်
နေဝင်နေထွက်... အလုအယက် သူ့ထက်ငါလျှင်... လုပ်ငန်းတွင်အောင်..."ဟု ဂေါ်ကီက ဆွဲဆွဲငင်ငင်
ဆိုလိုက်သောအခါ တော်စတွိုင်းသည် ရွာကို ခဏပြန်ပို့ထားရသော ချစ်ဇနီးဆိုညာနှင့် သားသမီးတွေကို
ဖျတ်ခနဲ သတိရလွမ်းဆွတ်မိတတ်လေသည်။

တကယ်တော့ ချက်ကော့နှင့်စာလျှင် သူ့အိမ်ထောင်ရေးက ပို၍အဆင်ပြေသည်ဟု ဆိုရမည်။
သူ့ဇနီးကတောသူ။ ငယ်ငယ်တုန်းကတော့ ရွာမှာကွမ်းတောင်ကိုင်ပန်းတောင်ကိုင်စာရင်းဝင်ပေါ့။
တော်စတွိုင်းက သူကြီးသားဖြစ်၏။ သူ့အဖေက လယ်တွေယာတွေလည်း အတော်အသင့်ပိုင်သောကြောင့်
ချောင်ချောင်လည်လည်ရှိသည်။ တော်စတွိုင်းသည် မြို့ကျောင်းမှာလည်း သွားတက်ခွင့်ရခဲ့သည်။

ဒီလိုအရည်အချင်းတွေ ရှိသူဆိုတော့ ရွာမှာ အလှဆုံးဖြစ်သော ဆိုညာနှင့်သာထိုက်တန်သည်ဟု
အားလုံးက ယူဆကြသည်။ လူကြီးချင်းလည်းသဘောတူသည်။ လူငယ်ချင်းကလည်း အပြန်အလှန်
သံယောဇဉ်ရှိသည်။
သူတို့နှစ်ယောက်၏လက်ထပ်ပွဲသည် ရွာမှာတော့ အကြီးအကျယ်ဆုံးအဖြစ် ပြောစမှတ်ပြုရသည်။
တစ်ရွာလုံးမီးခိုးတိတ်ပဲ။ ကျွေးတာကလည်း ကြက်သားဟင်း၊ ဝက်သားဘီးကြော့ပတ်တုံးကြီးနှပ်ချက်၊
ငါးရံ့ခြောက်ထောင်းကြော်၊ သရက်သီးသုပ်၊ မယ်ဇလီဟင်းချို၊ ငါးပိကြော်။ ဒါတွင်မက မြို့ပေါ်က
တကူးတကန့်ဝယ်ယူခဲ့သော လိုင်းမကြူးဖျော်ရည်လည်း တိုက်သေးသည်။ အငြိမ့်တွေ ဆိုင်းဝိုင်းတွေ
နဲ့လည်း ဧည့်ခံသေးသည်။

လက်ဖွဲ့ငွေတွေ ပစ္စည်းတွေလည်း မနည်းမနောရသည်။ လယ်ပိုင်ရှင်တွေဆိုလျှင် လယ်ဧကလိုက် နွားအရှဉ်းလိုက်
လက်ဖွဲ့ကြသည်။ တော်စတွိုင်းသည် မြို့ကျောင်းမှာ နေခဲ့သဖြင် အမြင်ကျယ်လာသည်။ အထူးသဖြင့် သူ့ဆရာ၏
လမ်းညွှန်မှုကြောင့် စာအုပ်တွေဖတ်ခွင့်ရသည်။ စာပေကို ဝါသနာပါလာသည်။
မိဘလက်ငုတ်ဖြစ်သောလယ်ယာလုပ်ငန်းကို စိတ်မဝင်စား။ အဖေမရှိလျှင် ဆက်ခံရမည့်
သူကြီးရာထူးကိုလည်းမမက်မော။
သူက စာရေးဆရာသာဖြစ်ချင်သည်။ ထို့ကြောင့် မိဘတွေကွယ်လွန်သွားသောအခါ ရှိသမျှပိုင်သမျှ
ပစ္စည်းတွေ၊လယ်တွေ၊ နွားတွေကို ရောင်းတန်ရောင်း၊ ပေးတန်ပေး၊ လှူတန်လှူပြီး
မြို့ပေါ်တက်လာခဲ့သည်။ စာပေလောကထဲ ခြေစုံပစ်ဝင်ခဲ့သည်။

ဇနီးဖြစ်သူ ဆိုညာကလည်း ပါရမီဖြည့်ဖက်ပီသလှသည်။ တော်စတွိုင်း၏ ဆန္ဒကို
လိုက်လျောဖြည့်ဆည်းပေးခဲ့သည်။ စာပေနယ်မှာ ရုန်းကန်လှုပ်ရှားရင်း ရှိတာလေး
ကုန်သွားတော့လည်း မညည်းမညူဆက်လက်ရင်ဆိုင်သည်။
တော်စတွိုင်းရသည့် စာမူခနှင့် မလောက်မငဖြစ်လာသောအခါမှာလည်း ရွာကိုပြန်ပြီး
သူ့အမျိုးတွေဆီကဆန်ကလေး ပဲကလေးကအစ ငါးပိငါးခြောက်ကလေးကအစ သွားဆွဲလာပြီး
စားဝတ်နေရေးကို ကြံဖန်ဖြေရှင်းခဲ့သည်။
နောက်ဆုံးဘယ်လိုမှ ဆက်လက်ရပ်တည်ဖို့ မလွယ်တော့သောအခါကျမှ ကလေးတွေခေါ်ပြီး ရွာမှာ
ခဏပြန်ခိုခဲ့ခြင်းဖြစ်သည်။ ဆွေမျိုးတွေကလည်း ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားကြသည်။
တော်စတွိုင်းကိုလည်း အပြစ်မတင်ကြ။

တော်စတွိုင်းက စိတ်ရင်းကောင်းသူဖြစ်၏။ ရွာမှာနေခဲ့တုန်းက အပေးအကမ်းရက်ရောသည်။
သူမြို့ကိုတက်ခါနီးတော့ သူတို့ဆီမှာ အလုပ်လုပ်သော သူရင်းငှားတွေကို လယ်တစ်ကွက်ဆီ
အပိုင်ပေးခဲ့ဖူးသည်။ ထို့ကြောင့် တော်စတွိုင်းတို့နွမ်းပါးနေချိန်မှာ တစ်လှည့်တစ်ပြန်
စောင့်ရှောက်ကြခြင်းဖြစ်၏။
ဆွေမျိုးသားချင်းတွေကလည်း တော်စတွိုင်း ဆင်းရဲနေတာကို အထင်မသေးတဲ့အပြင် သူတို့ရွာက
နာမည်ကြီး စာရေးဆရာ ထွက်တယ်ဆိုပြီး ဂုဏ်တောင်ယူနေကြသေးသည်။

ဆွေမျိုးတွေမှာ ဘယ်လောက်ပဲကောင်းကောင်း ဆိုညာတို့ သားအမိတစ်တွေမှာ အားငယ်စိတ်
ဝင်မိမှာတော့ သေချာသည်။ တော်စတွိုင်းသည် အိမ်ထောင်ဦးစီးတစ်ယောက်အနေဖြင်
စားဝတ်နေရေး ပြေလည်အောင်မဖန်တီးပေးနိုင်သဖြင့် တာဝန်မကျေသလိုခံစားရသည်။
သူ့အပေါ်နားလည်လွန်းရှာသော ဆိုညာတို့သားအမိတွေကိုလည်း ဂရုဏာသက်မိ၏။
ခုရေးနေသည့် လုံးချင်းဝတ္ထုထုတ်ဝေဖို့ အဆင်ပြေခဲ့လျှင်တော့ ဆိုညာနှင့်ကလေးများကို ပြန်ခေါ်မည်။
လုံးချင်းဝတ္ထုဆိုတော့ စာမူခတစ်လုံးတစ်ခဲတည်းရနိုင်သည်။ ဒီငွေကလေးနဲ့ အိမ်ဆိုင်လေး
တစ်ဆိုင်တည်ထားနိုင်လျှင် အထိုက်အလျှောက် ပြေလည်နိုင်သည်ဟု စိတ်ကူးယဉ်နေမိသည်။

ဂေါ်ကီကတော့ 'တောသားကြီး'သီချင်းကို ခံစားမှုအပြည့်ပါသော အသံနှင့် ဟဲလို့ကောင်းတုန်း။
"မောင်ဂေါ်ကီ ပြောကြားမယ်၊ တောသားလည်း ဟုတ်နိုင်ပေါင်ခင်ရယ်၊ ထင်တာတွေ အကုန်လုံး
မှားကြမယ်၊ ရတနာသုံးပါးလည်း ကြည်ညိုတယ်၊ သံယောဇဉ်တွေခွေကာဝိုင်းတဲ့ ကာမဂုဏ်တိုင်းကို
အစဉ်ခွာမယ်၊ မြင်တာရယ်၊ ကြားတာရယ်၊ မွှေးတာရယ် အရသာရယ်... အတွေ့ဟူသမျှ ရှောင်ကာရှားမယ်၊
တစ်ကိုယ်တည်းပင် တောထွက်သွားမယ်၊ တောသားကြီးပေါ့ကွယ်..."

--------------------
မင်းလူ
--------------------