ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း
Showing posts with label ပုံပြင်များ. Show all posts
Showing posts with label ပုံပြင်များ. Show all posts

Friday, November 16, 2012

အင်တာနက်ပေါ်က ပုံပြင်တိုလေးများ

 

 

အင်တာနက်ပေါ်က ပုံပြင်တိုလေးများ


(၁)
တစ်ခါက ဘုရင်ကြီးတစ်ပါးဟာ သားတော်(၁ဝ)ပါးထဲကနေ အမွေဆက်ဆံသူတစ်ယောက်ကိုရွေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဘုရင်ကြီးဟာ ပညာရှိမှူးမတ်တစ်ဦးနဲ့ နှစ်ကိုယ်ကြားတိုင်ပင်ပြီး လမ်းဘေးဝဲယာမှာရေရှိတဲ့ လမ်းတစ်ခုပေါ် ကျောက်တုံးကြီးတစ်တုံးကို ချထားလိုက်တယ်။ အဲဒီလမ်းပေါ်ဖြတ်လျှောက်သူတိုင်းဟာ ကျောက်တုံးပေါ် ကျော်တက်မလား! ကျောက်တုံးကို ဘေးဖယ်မလား! ကျောက်တုံးကို ကွေ့ပတ်မလား! ကျောက်တုံးကြီးရဲ့အတားအဆီးကို ခံကြရမှာဖြစ်တယ်။

ဘုရင်ကြီးက သားတော်တွေခေါ်ပြီး မှူးမတ်ဆီကို
လျှို့ဝှက်စာတစ်စောင်ပို့ဖို့ အဲဒီလမ်းကို ဖြတ်စေခဲ့ပါတယ်။ မင်းသားတွေက ဘုရင်ကြီးရဲ့အမိန့်အတိုင်း မှူးမတ်လက်ထဲကို စာအရောက်ပို့ခဲ့ကြတယ်။

ဘုရင်ကြီးက "ချစ်သားတို့.. အဲဒီလမ်းကို ဘယ်လိုကျော်ဖြတ်ခဲ့ကြသလဲ?" လို့မေးတော့....

သားတော်တစ်ဦးက "ကျောက်တုံးကြီးပေါ် ဖြတ်ကျော်သွားခဲ့ပါတယ်"

နောက်သားတော်တစ်ဦးက "လှေလှော် ဖြတ်ကျော်ခဲ့ပါတယ်"

သားတော်တချို့က "ရေထဲဆင်းကူးပြီး ဖြတ်ကျော်ခဲ့ပါတယ်" လို့ဖြေခဲ့ကြတယ်။

သားတော်အငယ်ဆုံးက "လမ်းအတိုင်း သွားခဲ့ပါတယ်" လို့ဖြေတော့ ဘုရင်ကြီးက "လမ်းမှာ ကျောက်တုံးကြီး ကာဆီးမထားဘူးလား?" လို့ ပြန်မေးပါတယ်။

"ကျောက်တုံးကို သားတော် အားစိုက်တွန်းလိုက်တာနဲ့ ကျောက်တုံးကြီးက ချောင်းထဲကျသွားပါတယ်"

"ဒီလောက်ကြီးတဲ့ကျောက်တုံးကို လက်နဲ့တွန်းဖို့ သားတော်ဘယ်လိုစဉ်းစားခဲ့သလဲ?"

"သားတော်က ကြိုးစားပြီးတွန်းကြည့်ရုံပါ.. ဒါပေမဲ့ တွန်းလိုက်တာနဲ့ ကျောက်တုံးက ရွေ့သွားပါတယ်"

တကယ်တော့ ဘုရင်ကြီးက မှူးမတ်နဲ့တိုင်ပင်ပြီး ပေါ့တဲ့အရာဝတ္ထုနဲ့ "ကျောက်တုံးကြီး"ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ ရာဇဝင်ပုံပြင်တွေထဲက အတိုင်းပါပဲ... နောက်ဆုံးမှာ ကြိုးစားအားထုတ်လိုစိတ်ရှိတဲ့ သားတော်ငယ်လေးကပဲ ဘုရင်ရဲ့အမွေကို ဆက်ခံခဲ့ပါတယ်။

ကိုယ့်ကံကြမ္မာကို တခြားလူလက်ထဲ ပုံအပ်တာ၊ တခြားတစ်ယောက်ဆီပုံအပ်ပြီး ကိုယ်က ဘာကြိုးစားအားထုတ်လိုစိတ်မှမရှိဘဲ တခြားလူကိုသာ ယုံကြည်တာဟာ အရမ်းအန္တရာယ်များပါတယ်။ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ပဲဖန်ဆင်း၊ ကိုယ်တိုင်ပဲဖမ်းဆုပ်နိုင်ဖို့ သင်ယူတတ်ရပါမယ်။


(၂)
(၁၉၆ဝ)ခုနှစ်က ဟားဗပ်တက္ကသိုလ်ပါမောက္ခ Rosenthalဟာ ကယ်ရီဖိုးယားပြည်နယ်မှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ
ကျော်ကြားတဲ့ စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့တယ်။

ကျောင်းစဖွင့်ချိန်မှာ Rosenthalဟာ ကျောင်းအုပ်ဆရာကြီးထံ ခွင့်ပန်ပြီး ဆရာ/ဆရာမသုံးဦးကို ရုံးခန်းထဲ စေလွှတ်စေခဲ့တယ်။ ဆရာ၊ ဆရာမတွေကို Rosenthalက "ပြီးခဲ့တဲ့နှစ်တွေထဲမှာ ခင်ဗျားတို့ဟာ ဒီကျောင်းက အထူးချွန်ဆုံးသင်ကြားနိုင်တဲ့ ဆရာ၊ ဆရာမတွေဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ စီစစ်ရွေးချယ်ထားတဲ့ အထက်မြက်ဆုံးကျောင်းသား အယောက်(၁ဝဝ)ကို အတန်းသုံးတန်းခွဲပြီး ခင်ဗျားတို့ကို သင်ကြားခိုင်းမှာဖြစ်ပါတယ်။ ဒီကျောင်းသားတွေရဲ့ အသိဉာဏ်က တခြားကျောင်းသားတွေထက် မြင့်ပါတယ်။ သူတို့ဒီထက်အမှတ်ကောင်းအောင် ခင်ဗျားတို့ သင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ပြောတော့ ဆရာ၊ ဆရာမတွေက ဝမ်းသာအားရ "အတတ်နိုင်ဆုံး ကြိုးစားမယ်"လို့ ဆိုပါတယ်။

ကျောင်းအုပ်ဆရာကြီးကလည်း ဒီကျောင်းသားတွေကို တခြားကျောင်းသားတွေကို ဆက်ဆံသလိုပဲ သာမန်ဆက်ဆံရမယ်။ ကျောင်းသားနဲ့ ကျောင်းသားမိဘတွေကိုလည်း သူတို့ဟာ စီစစ်ရွေးချယ်ထားတဲ့ ကျောင်းသားဖြစ်ကြောင်း မသိစေရပါဘူးလို့ ဆရာ၊ ဆရာမတွေကို သတိပေးခဲ့ပါတယ်။

တစ်နှစ်နေပြီးနောက် အဲဒီအတန်းသုံးတန်းက ကျောင်းသားတွေက တစ်ကျောင်းလုံးရဲ့ရှေ့ဆုံးမှာ ရှိနေခဲ့တယ်။ ဒီအချိန်ကျမှ ကျောင်းအုပ်ဆရာကြီးက ဆရာ၊ ဆရာမတွေကို အဖြစ်မှန်ပြောပြပါတယ်။ တကယ်တော့ ဒီကျောင်းသားတွေဟာ တမင်စီစစ်ရွေးချယ်ခဲ့တဲ့ ထက်မြက်ကျောင်းသားတွေ မဟုတ်ပါဘူး။ ကျောင်းသားတွေထဲက ရရာ ရွေးကောက်ယူလိုက်တဲ့ သာမန်ကျောင်းသားတွေပဲဖြစ်တယ်။

ဒီလိုဖြစ်မယ်လို့ ထင်မှတ်မထားခဲ့တဲ့ ဆရာ၊ ဆရာမတွေက သူတို့ရဲ့သင်ပြမှု အဆင့်မြင့်တယ်လို့ပဲ မှတ်ယူခဲ့ကြတယ်။

ကျောင်းအုပ်က နောက်အဖြစ်မှန်တစ်ခုကို ပြောပြပြန်တယ်။ တကယ်တော့ ဆရာ၊ ဆရာမတွေကို တစ်ကျောင်းလုံးထဲက အထူးချွန်ဆုံးကို ရွေးထုတ်ခဲ့တာ မဟုတ်ပါဘူး။ ရရာ ရွေးကောက်ယူလိုက်တဲ့ သာမန်ဆရာ၊ ဆရာမတွေပဲဖြစ်ပါတယ်။

လောကမှာ မွေးရာပါ ဉာဏ်ကြီးရှင်၊ ပါရမီရှင်ဆိုတာ မရှိခဲ့ပါဘူး။ တကယ်တော့ ဉာဏ်ကြီးရှင်၊ ပါရမီရှင်ဆိုတာ ကိုယ့်ရဲ့ကြိုးစားမှုမှာပဲ မူတည်ပါတယ်။ ခန္ဓာကိုယ်ထဲ တိမ်မြှုပ်နေတဲ့စွမ်းရည်တွေကို ထုတ်ဖော်ပြီး ကိုယ့်ကံကြမ္မာကို ပြောင်းလဲတာပဲဖြစ်တယ်။ မလုပ်နိုင်ဘူး၊ မဖြစ်ပါဘူးဆိုသူတွေက ကိုယ့်ခန္ဓာကိုယ်ထဲက စွမ်းရည်တွေကို ထုတ်မသုံးဘဲ ဆက်လက်တိမ်မြှုပ်ထားစေတာပဲဖြစ်တယ်။


(၃)
တစ်ခါက ငါးပြတိုက်တစ်ခုမှာ...
ပြတိုက်ကို အလည်လာသူတစ်ဦးက ပြတိုက်အုပ်ချုပ်ရေးမှူးကို မေးတယ်။

"ဒီ ငါးမန်း ဘယ်လောက်ကြီးနိုင်သလဲ?"

"ဒါက ခင်ဗျားရဲ့ ငါးကန်ပေါ်မူတည်ပါတယ်"

"ငါးကန်လောက် ကြီးနိုင်သလား?"

"ငါးကန်ထဲမှာဆိုရင် ငါးကန်ရဲ့အကြီးအငယ်နဲ့ ငါးမန်းအကန့်သတ်ခံထားရပါတယ်။ ပင်လယ်ထဲမှာဆိုရင်တော့ ငါးမန်းတွေဟာ ခြင်္သေ့တစ်ကောင်ကိုမြိုနိုင်တဲ့ထိ ကြီးနိုင်ပါတယ်"

ပတ်ဝန်းကျင်က လူတစ်ယောက်ရဲ့အတွေးအမြင်ကို ပြောင်းလဲစေနိုင်ပါတယ်။ ပန်ဝန်းကျင်က လူရဲ့တွေးတောခြင်းကို ကန့်သတ်နိုင်သလို လူကလည်း ကိုယ့်ရဲ့တွေးတောခြင်းကို ကိုယ်တိုင်ကန့်သတ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ဘောင်ခတ်မထားပါနဲ့။ ပတ်ဝန်းကျင်ကို မပြောင်းလဲနိုင်ခဲ့ရင် ကိုယ့်ကိုယ်တိုင် ပြောင်းလဲခြင်းက စတင်နိုင်ပါတယ်။





အင်တာနက်ပေါ် ဖတ်မိတဲ့ ပုံပြင်တိုတွေကို ဘာသာပြန်ခံစားပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Friday, May 4, 2012

ရသေ့ကြီးနဲ့ပြောင်းခင်း(ပုံပြင်)




တစ်ခါတုံးက  ရသေ့တစ်ပါးဟာ အလှုခံထွက်လာတယ် ၊ အလှုခံကအပြန် ယာခင်းတစ်ခု နားရောက်တော့ ဆာလောင်တာနဲ့ ပြောင်းခင်းထဲဝင်ပြီး ပြောင်ဖူးချိုး လိုက်သတဲ့ ၊ ပြောင်ဖူးကို ခွာလိုက်တဲ့အခါ အစေ့အဆံ မစုံ ကြိုးတို့ကြဲတဲ ပြောင်းဖူး စေ့တွေကိုကြည့်ရင်း ပြောင်းပင်ကို အပြစ်တင်ပြောဆိုသတဲ့--

                 အသင်ပြောင်းပင်  အသင်ဟာကိုယ့်တာဝန်ကို  လုံးဝကျေတဲ့ သူဘဲ ဘာကြောင့်ကိုယ့်ရဲ့ပြောင်းဖူးကို အစေ့အဆန် ပြည့်အောင်တာဝန်မကျေရတာလဲပေါ့--

             ဒီတော့ ပြောင်းပင်က မျက်နှာငယ်လေးနဲ့

                 ရသေ့ကြီး ရယ် ကျုပ်ကိုကြည့်လည်း အပြစ်မတင်ပါနဲ့ဗျာ   အောက်ကိုလည်းငုံ့ကြည့်ပါဦး  - မြေကြီးကလည်းပတ်ကြားတွေတောင်အက်  ရေမရ  အစာမရ ကျုပ်ဘာတတ်နိုင်မှာလဲ  ပေါ့--

             ဒီတော့ရသေ့ကြီးက မြေကြီးကိုလက်ညှိုးငေါက်ငေါက်ထိုးပြီး

                  အသင်မြေကြီး သင်ဟာ တာဝန်မဲ့လွန်းတယ်  သင်ဟာတစ်ကယ်ဆိုရင် ပြောင်းပင်ကို အစာ ရေစာ လုံလောက်အောင်ပံ့ပိုး သင့်တယ်   -- လို့ အပြစ်ဆိုသတဲ့။

              ဒီအခါ မြေကြီးလည်း  စိတ်ပျက်တဲ့ ပုံစံနဲ့--

                   ရသေ့ကြီးရယ်  ကျုပ်လည်းတာဝန်ကျေချင်တာပေါ့ဗျာ  ကျုပ်အပေါ် မှီခိုနေရတဲ့သူတွေဘဲ  ခက်တာက မိုးမရွာတော့ ကျုပ်ဘာတတ်နိုင်မှာလည်းဗျာ  ကျုပ်ရှိတဲ့ အဟာရကို ပို့ပေးဘို့က ရေလိုတယ် မိုးရွာဘို့ လိုတယ်ဗျ   --လို့ပြောသတဲ့---

              ဒါနဲ့ ရသေ့ကြီးလည်း ခါးထောက်ပြီး မိုးပေါ် မော့ကာ မိုးမင်းကို အပြစ်ပြောသတဲ့--

                   မိုးမင်းကြီး  ခင်ဗျားဟာ ကောင်းကင်ကနေပြီး တစ်လောကလုံးကို မြင်နေနိုင် တာတောင် ဘာဖြစ်လို့ ခင်ဗျားတာဝန်တွေ ပေါ့လျော့ တာလည်းလို့    -- ပြောဆိုသတဲ့။

              အဲဒါနဲ့ မိုးမင်းကြီးက--

                   ရသေ့ကြီးရယ် ကျုပ်လည်းရွာချင်တိုင်း ရွာလို့ရတာ မဟုတ်ဘူး ဗျ တိုင်းပြည် အုပ်ချုပ်တဲ့ ဘုရင်က မင်းကျင့်တရား ပြည့်စုံမှ  ရွာလို့ရတာ ရသေ့ကြီး အပြစ် ပြောချင်ရင် ဘုရင်ကြီးကိုသွား ပြော -- လို့  ဘုတောလိုက်သတဲ့ --

                ရသေ့ကြီးလည်း  နန်းတော်ကိုသွား ဘုရင်နဲ့တွေ့ခွင့်တောင်း ပြီး အပြစ်တင်ပြန်သတဲ့--

                    အသင်မင်းကြီး  မင်းကျင့်တရားနဲ့ ညီအောင်အုပ်ချုပ်ပါ  အသင်မင်းကြီးကြောင့် အခုအခါ မိုးခေါင်ပြီး  ကောက်ပဲသီးနှံတွေ မအောင်ကြဘူး လို့ အပြစ်တင်လေသတဲ့--

                မင်းကြီး ဟာ ဒီရသေ့ အကြောင်းတရား တစ်ခုခုတော့ ရှိလို့ ပြောတာဖြစ်ရမယ်ဆို ပြီး သေချာ မေးကြည့်တော့  အကြောင်းစုံကိုသိရတဲ့အခါ--

                   အသင်ရသေ့  ကျွန်ုပ်တို့ ဘုရင်ဆိုသည်မှာ ပုထုဇဉ် များဖြစ်ကြသည့်အလျှောက် အမှားများ ရှိနိုင်ကြသည်ကို မငြင်းလိုပါ-- သို့သော် အသင်ရသေ့တို့သည်ကား သူတော်စင်ဟု လောကကိုကြွေးကြော် ထားသူများ ဖြစ်ရာ အပြစ်ကင်းအောင်နေထိုင်ရန် ပိုရု် စောင့်ထိမ်း သင့်ပေ၏  ယခုဖြစ်ရပ်တွင် သင့်ကိုယ်     သင် ပြန်လည်သုံးသပ်ကြည့်ပါ -- ပိုင်ရှင်ရှိသော ပြောင်းခင်းမှ  ပြောင်ဖူးကို ပိုင်ရှင်က လှုဒါန်းခြင်းမဟုတ်  ပါဘဲ သင်သုံးဆောင်ခြင်းသည် သူတော်စင်   တို့၏ကျင့်ဝတ်နှင်ညီပါ၏လော  လောကတွင်အလွယ်ဆုံးအလုပ်မှာ သူတစ်ပါးကိုအပြစ်တင်ခြင်း ပင်ဖြစ်ပေ၏  သူတော်စင်ဆိုပါက မိမိ၏ အပြစ်ကိုသာ အစဉ်သုံးသပ်ရု် နေအပ်ပေသည် --- လို့ ပြန်ချေပသတဲ့

             ရသေ့လည်းသူ့ အမှားကိုသိပြီး နန်းတော်ကပြန်ခဲ့ရတာပေါ့

 ( ငယ်ငယ်က ကြားဖူးတဲ့ ပုံပြင်လေးကို နားလည်သလိုပြန်တင်ပြထားတာပါ ။ လက်မခံ နိုင်တဲ့ သူလည်း ရှိနိုင် တယ်လို့ ယူဆပါတယ် -- ဒါပေမယ့်ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ပြသ၁နာပေါ် လာရင် ၀ိုင်းဝန်း ညှိနှိုင်းကြိုးစားဘို့ထက် ဦးအောင်အပြစ်တင်တတ်တဲ့ သူတွေသာ များတယ်ဆိုတာတော့ မျက်မြင်ပါဘဲ တစ်စုံတစ်ရောက် ကိုအပြစ်တင်တော့မယ် ဆိုရင် ပုံပြင်ထဲက ရသေ့ကြီးကိုသတိရပါ---

        ကိုယ်ကိုယ်တိုင်ရော တစ်ကယ်အပြစ်ကင်းရဲ့ လားလို့

                                                    ရွှင်လန်းချမ်းမြေ့ကြပါစေ ။။
 
 

Monday, April 23, 2012

ပညာရဲရင့် ပွဲလည်တင့်



ပညာရဲရင့် ပွဲလည်တင့်

          မင်းကြီးသာသနာ့ရိပ်ခိုသွားပြီး မင်းသားလေး ထီးနန်းစိုးစံနေပြီဖြစ်ကြောင်း သတင်းစကားဟာ အနီးအနား တိုင်းပြည်တွေကို ပျံ့နှံ့သွားသတဲ့။ အဲဒီတိုင်းပြည်တွေမှာ ရောက်နေပြီး ရှင်ဘုရင်တွေကို မျှောက်ပင့် ကပ်ဖားကာ အမှုထမ်းနေတဲ့ တစ်ခါက မင်းသားလေးထံမှ ထွက်ပြေးသွားတဲ့ ချွေရံသင်းပင်း တွေဟာ သူတို့ရဲ့ ဘုရင်တွေကို မင်းသားလေးရဲ့ပျော့ညံ့မှု ပညာမတတ်မှု ၊ အုပ်ချုပ်ရေး ၊ စီမံခန့်ခွဲရေး ၊ စစ်ရေး အစရှိတဲ့ မင်းရေးမင်းရာတွေ တစ်ခုမှမတတ်ဘဲ မကျွမ်းကျင်ဘဲ သူ့ဖခင်ဘုရင်ကြီးက ထီးနန်းလွှဲလိုက်တာဟာ အခွင့်ကောင်းအခါကောင်းဖြစ်ကြောင်း ခုနေ သာယာဝပြောတဲ့ အဲဒီမင်းသားလေးရဲ့ တိုင်းပြည်ကို လက်ဦးမှုယူကာ စစ်ထိုးပါက ကြက်ငှက် ဖမ်းရတာထက်ပင် လွယ်ကူပြီး အသင်မင်းကြီး၏ ဂုဏ်ကျက်သရေနှင့် သြဇာတိက္ကမသည် လည်း ဆယ်ဆမက တိုးလာမှာဖြစ်ကြောင်း အားရဝမ်းသာ လျှောက်ထားကြသတဲ့။ 
(လောကမှာ ကျေးဇူးတရားကန်းတတ်တဲ့ မျှောက်ပင့်စားတတ်သူ တွေကို ပညာမျက်စိနဲ့ကြည့်ပြီး ရှောင်ရှားသင့် တာပေါ့)

          ဒီလိုမျှောက်ပင့်ပြီး စစ်ထိုးဘို့ အကြံပေးကြတာဟာ ၇ - နိုင်ငံတောင်ရှိသတဲ့။ မင်းသားလေးရဲ့ ချွေရံသင်းပင်းဟောင်းတွေဟာ တိုင်းပြည်အသီးသီးကို ထွက်ပြေးတိမ်းရှောင်သွားကြပြီး သူတို့ရဲ့ အကျင့်စရိုက် တွေအတိုင်း မင်းနားနေ မင်းအကြိုက်လိုက်ပြီး မင်းမျှောင်လုပ်စားနေကြတာပေါ့။ ဒီလိုနဲ့ ၇-နိုင်ငံသော စစ်တပ်ကြီးတွေဟာ သူ့ထက်ငါ ဦးအောင်စစ်ထိုးဘို့ ပြင်ဆင်လာကြတာပေါ့။

          ဒီသတင်းကို မင်းသားလေးရဲ့ မူးမတ်တွေအားလုံးသိသွားကြတော့ အားလုံးစိုးရိမ်ထိတ်လန့်သွား ကြသတဲ့။ တစ်နိုင်ငံချင်းဆိုရင် အမှုထားစရာတောင်မလိုပေမယ့် ၇- နိုင်ငံတစ်ပြိုင်တည်းစစ်ထိုးရင်တော့ မိမိတို့တပ်ကို ၇-စု ခွဲတိုက်ရမှာဆိုတော့ အရေးနိမ့်နိုင်တဲ့အတွက် ခေါင်းချင်းဆိုင်ဆွေးနွေးနေကြတယ်တဲ့။

           မင်းသားလေးကတော့ တောတွင်းက အဖိုးအိုတို့ရဲ့ သင်ကြားပြသခဲ့တဲ့ ပညာရပ်တွေရော ၊ သူကိုယ်တိုင်စဉ်းစားဆင်ခြင်နိုင်တဲ့ အသိဥာဏ်တရားတွေနဲ့ပါ ပြည့်ဝနေတဲ့သူဆိုတော့ အဲဒီ ၇-နိုင်ငံဟာ စည်းလုံးစွာနဲ့ အတူစစ်ထိုးကြမှာ မဟုတ်ဘူးဆိုတာ ယုံကြည်သိမြင်ပြီး စိတ်အေးစွာနေသတဲ့။ နောက်ပြီး တောထဲမှာ လူရိုင်းတွေဆီက အံ့မခန်းတိုက်ကွက်တွေကို သူကိုယ်တိုင် ပြန်လည်ပြုပြင် တီထွင်ထားတဲ့ တိုက်ခိုက်ရေးပညာတွေကိုလည်း အထူးအားထုတ်ပြီး လေ့ကျင့်နေသတဲ့။

          တစ်လလောက်နေတော့ ၇- နိုင်ငံစစ်တပ်တွေဟာ မင်းသားလေးရဲ့ နိုင်ငံနယ်နမိတ်ကို ဝိုင်းမိကြပြီး သူအရင်စစ်ထိုးမယ် ငါအရင်စစ်ထိုးမယ်လို့ ငြင်းခုံရင်း မသင့်မမြတ်ဖြစ်ကာ အချင်းချင်းရန်စောင်နေကြသတဲ့။ 

          မင်းသားလေးလည်း ၇- နိုင်ငံမင်းတွေထံ သံတမန်စေလွှတ်သတဲ့။ သံတမန်တွေကတစ်ဆင့် ၇-နိုင်ငံ မင်းတွေထံ အကြောင်းကြားစေတာကတော့---

          အကြည်တော်အဆွေတို့---------

          အဆွေတော်တို့နှင့် စစ်ထိုးရန် အနည်းငယ် စိုးစဉ်းမျှ စိုးရိမ်ကြောင့်ကြမှု မရှိသော်လည်း တိုင်းသူ ပြည်သားတို့ ဒုက္ခမရောက်စေချင်သဖြင့် ကျွန်ုပ်သည် စစ်ကိုမလိုလားပါသောကြောင့် အသင်တို့ ကြိုက်နှစ်သက်၍ ယှဉ်ပြိုင်လိုသော ပညာရပ်တို့ကို မူးမတ်ပရိဿတ်တို့၏ အလည်၌ ကျွန်ုပ်နှင့် မည်သည့် ပညာရပ်မဆို ယှည်ပြိုင်စေလိုပါသည်။ 

          အကယ်၍ သင်တို့နိုင်သည်ဆိုပါက ကျွန်ုပ်တို့နိုင်ငံကို သွေးမြေတစ်စက်မကျစေရဘဲ ပေးအပ်မည်ဖြစ်၍ ကျွနုပ်နိုင်ပါက သင်တို့ထံမှ အကျွန်ုပ်အလိုရှိသော မင်းမှုထမ်းများကို ပေး၍ ငြိမ်းချမ်းစွာ တပ်ကိုပြန်လည်ဆုတ်ခွာရမည်။

          ဤတောင်းဆိုချက်ကို လက်ခံပါက ချက်ချင်း အကြောင်းပြန်ပါ။

          ဟုအဓိပ္ပာယ်ရသတဲ့။

          မင်းအပေါင်းတို့လည်း မင်းသားလေးရဲ့တောင်းဆိုချက်ဟာ သူတို့အတွက် ဘာမှ မထိခိုက်တာက တစ်ကြောင်း ၊ မင်းသားလေးရဲ့ အရည်အချင်းမှန်ကိုမသိကြဘဲ မင်းမျှောင်ကပ်ဖားတွေဖြစ်တဲ့ မင်းသားလေးရဲ့ ချွေရံသင်းပင်းဟောင်းတွေရဲ့ စကားအရ မင်းသားလေး ဟာ ဘာပညာမှ မတတ်ဘူးဆိုတာကို သိထားတာ ကတစ်ကြောင်း တက္ကသိုလ်မှ သူတို့ကိုယ်တိုင် မင်းသားလေးရဲ့အကြောင်းကို သိထားပြီးဖြစ်လို့ စဉ်းစား ခြင်းတောင်မပြုဘဲ လွယ်ကူစွာ လက်ခံသဘောတူလိုက်ကြသတဲ့။ 

          ဒီလိုနဲ့ ချိန်းထားတဲ့ရက်မှာ ထောင်သောင်းများစွာသော မူးမတ်ဗိုလ်ပါ ပရိဿတ်ရဲ့အလယ်မှာ ကြီးမားတဲ့ စင်ကြီးထိုးပြီး လူထုအားလုံးဟာလည်း အုတ်အော်သောင်းနင်းနဲ့ ထင်မြင်ချက်အမျိုးမျိုးပေးနေကြ တာပေါ့။ များသောအားဖြင့် မင်းသားလေးကို အထင်သေးနေကြပြီး ရူးသွားပြီလို့တောင် ပြောနေကြတာပေါ့။ လာပြီးစစ်ထိုးတဲ့ ၇- နိုင်ငံရဲ့ စဉ်းစားဥာဏ်ရှိတဲ့ မူးမတ်အချို့ကတော့ မင်းသားလေးရဲ့ သဝဏ်လွှာရပြီးကတည်းက မင်းသားလေးကို မထင်မသေးရဲကြဘူးတဲ့။

          ယှည်ပြိုင်ရမယ့်အချိန်ရောက်တော့ သူအရင်ပြိုင်မယ်  ငါအရင်ပြိုင်မယ်လုပ်နေကြတော့ မဲလိပ်နှိုက်ပြီး ရွေးချယ်ရတာပေါ့။ ပထမဆုံးယှဉ်ပြိုင်ဘို့မဲပေါက်တဲ့ နိုင်ငံရဲ့မင်းကြီးဟာ သူနဲ့ တက္ကသိုလ်မှာ အတူတတ်ခဲ့ဘူးပြီး တိုက်ခိုက်ရေးမှာ တစ်ကျောင်းလုံးပထမ အနိုင်ရခဲ့တာကြောင့် အခြား ၆ -နိုင်ငံမင်းကြီးတွေဟာ သူတို့တော့ မရနိုင်တော့ပါဘူးဆိုပြီး မကျေနပ်ကြဘူးတဲ့။

          ယှဉ်ပြိုင်မယ့်စင်ပေါ်မှာ  မင်းနှစ်ပါးဆုံတွေ့ကြပြီး ပြိုင်ဆိုင်ချင်တဲ့ ပညာကို ရွေးစေတော့ မင်းသားလေး မျှော်လင့်ထားသလို ဓါးရေးကိုယှဉ်ပြိုင်မယ်လို့ အဆိုပြုသတဲ့။ ယှဉ်ပြိုင်မယ့်မင်းဟာ မင်းသားလေးကို အထင်သေးပြီး မြန်မြန်ပွဲပြီးစေတဲ့ သဘောနဲ့ မင်းသားလေးဆီကို ကျားတစ်ကောင်ကဲ့သို့ ခုန်လွှားကာလက်သုံးတော်ဓါးနဲ့ မာန်ဟုန်ပြင်းစွာ စလွယ်သိုင်း ခုတ်ပိုင်းလိုက်တဲ့အခါ  မင်းသားလေးလည်း လျှက်စီးလက်သကဲ့သို့ လွတ်ယုံမျှ တိမ်းရှောင်လိုက်ပြီး ကိုင်စွဲထားသော ဓါးဖြင့် ကာထုတ်လိုက်ရာ ရန်သူမင်းရဲ့ ဓါးဟာ လေထဲမှာ ဝါးတစ်ရိုက်ခန့် မြောက်တတ်သွားတယ်တဲ့။ မြောက်တတ်သွားတဲ့ ရန်သူမင်းရဲ့ ဓါးကို မြေမှာမကျစေဘဲ လေထဲကို ဂျွန်းပြစ်ခုန်ပြီး ဓါးကို ဓါးခြင်း ခုတ်ပိုင်းလိုက်တဲ့အခါမှာ ``ချွင်``  ``ချွင်`` ဟု အသံထွက်လာပြီး မီးပွင့်သွားကာ ရန်သူ့ဓါးဟာ နှစ်ပိုင်းပြတ်သွားပြီး မြေပေါ်ကျသွားသတဲ့။

          ရန်သူမင်းဟာ  မထင်မှတ်တဲ့ တိုက်ကွက်နဲ့ မင်းသားလေးရဲ့အံ့မခန်း ခွန်အားတွေကို ကိုယ်တိုင်တွေ့လိုက်ရတော့ မယုံနိုင်လောက်အောင် ကျက်သေသေသွားကာ ငိုင်တွေနေသတဲ့။ ဒီအခွင့်အရေးဟာ ရန်သူမင်းကို အလွယ်တကူ သတ်ဖြတ်နိုင်ပေမယ့် မင်းသားလေးဟာ အလစ်အငိုက်ဖမ်း ပြီး အနိုင်မယူချင်တာကြောင့် ဓါးတစ်လက်ကိုတောင်းစေပြီး နောက်တစ်ကြိမ်ယှဉ်ပြိုင်စေတယ်။

          ရင်သူမင်းဟာ ဒီတစ်ကြိမ်တော့ လုံးဝအထင်မသေးရဲတော့ဘဲ သတိကြီးစွာနဲ့ ပညာကုန်သုံးပြီး တိုက်ခိုက် တာပေါ့။ ကြည့်ရှု့နေတဲ့ မင်းပရိဿတ်အပေါင်းဟာလည်း ရင်သတ်ရှု့မောစွာနဲ့ ``ဟာ``ကနဲ ``ဟယ်``ကနဲ  ရင်ဘတ်ကိုဖိပြီး အံ့သြဘနန်းကြည့်နေကြရသတဲ့။

          ဘာဖြစ်လို့လဲဆိုတော့ မင်းသားလေးရဲ့ တိုက်ကွက် ၊ ကာကွက် ၊ ခံကွက် ၊ တတ်ကွက် တွေဟာ သူတို့တွေ တစ်ကြိမ်ခါမှ မမြင်ဘူးတဲ့ အကွက်ဆန်းတွေဖြစ်နေပြီး ဓါးရေးသွက်လှသလို  ကြည့်လို့လဲ အလွန်ကောင်းသတဲ့။ တိုက်ခိုက်ေ၇း ပထမရထားတဲ့ ရန်သူမင်းဟာ ဇီးကင်းလောက် ရှိတဲ့ချွေးတွေကျလာပြီး မောဟိုက်နေပေမယ့် မင်းသားလေးကတော့ သာမန်ကစားနေသလောက်သာ ထင်ရသတဲ့။

          မင်းသားလေးဟာ ရန်သူမင်းကို အသေသတ်နိုင်လောက်တဲ့ ဓါးကွက်တွေ အကြိမ်ကြိမ်ရပေမယ့် အသေမသတ်ဘဲ သူ့ဓါးကို ရန်သူမင်းရဲ့အနားက ကပ်ကာသီကာ ``ဝှစ်ကနဲ````ဝှစ်ကနဲ`` ခုတ်ပြနေတာ ကြောင့် ရန်သူမင်းဟာ အကြောက်တ၇ားဝင်လာပြီး ပွဲမပြီးခင် ဒူးထောက်ကာ အရှုးံပေးလိုက်သတဲ့။

          မင်းသားလေးရဲ့ မင်းပရိဿတ်သာမကဘဲ အားလုံးသော ၇-နိုင်ငံမင်းပရိဿတ်တွေဟာ အုတ်အော်သောင်းနင်း သြဘာပေးကြတာပေါ့။ စာချုပ်အတိုင်း မင်းသားလေးကို ``အဘယ် မင်းမှုထမ်းများအား အလိုရှိပါသလဲ`` လို့မေးတော့ မင်းသားလေးဟာ သူ့ကို စွန့်ပြစ်သွားပြီး ရန်သူဘုရင်ထံ မှာ ခိုဝင်အမှုထမ်းနေတဲ့ တစ်ချိန်က သူ့ရဲ့ချွေရံ သင်းပင်းဟောင်းတွေကို တောင်းယူလိုက်သတဲ့။

          နောက်ထပ်ယှဉ်ပြိုင်ဘို့ နိုင်ငံတွေ ရွေးတော့ လေးနိုင်ငံရဲ့ ဘုရင်တွေဟာ မင်းသားလေးရဲ့ကြင်နာမှု ညှာတာမှု နဲ့ မင်းသားလေးရဲ့ အံ့သြစရာကောင်းတဲ့ ဓါးရေး ဓါးကွက် တွေကို မျက်မြင်တွေ့ကြရပြီး အလွန်လေးစား အထင်ကြီးသွားလို့ မယှဉ်ပြိုင်ကြတော့ဘဲ မင်းသားလေး အလိုရှိတဲ့ မင်းမှုထမ်းတွေကို ကျေနပ်စွာ ဆက်သတဲ့အပြင် နှစ်စဉ်နှစ်တိုင်း မင်းသားလေးကို အခွန်ငွေတစ်သိန်းစီ ဆက်သပါမယ်လို့ လိုလိုလားလား ဆန္ဒပြုကြသတဲ့။ 

          ဒါပေမယ့် မင်းသားလေးကို ယှဉ်ပြိုင်လိုသေးတဲ့ နိုင်ငံနှစ်နိုင်ငံ ရှိနေသေးတယ်။ အဲဒီနှစ်နိုင်ငံ ဘုရင်နှစ်ပါးဟာ မယားညီအကို တော်ကြတယ်။ သူတို့နှစ်ဦးရဲ့ စွမ်းရည်ကတော့ ဆေးပညာမှာ တစ်ဖက်ကမ်းခတ် တော်ကြတာပဲ။ ဘယ်လောက်တော်သလဲဆိုရင် တိုင်းသူပြည်သားတွေရဲ့ပါးစပ်ဖျားမှာ သေတဲ့သူကိုတောင် အသက်တဖန်ပြန်ရှင်စေအောင် ကုသပေးနှိုင်တယ်လို့ သတင်းကြီးနေတယ်။

          မင်းသားလေးဟာ မည်သည့်ပညာမဆို ယဉ်ပြိုင်နိုင်ကြောင်း လမ်းဖွင့်ထားတဲ့အတွက် သူတို့ရဲ့ ဆေးပညာမှာ ဘယ်သူမှ ယှဉ်ပြိုင်ဘက်မရှိဘူးလို့ ယုံကြည်ထားတော့ ဒီပွဲမှာ သူတို့ နိုင်မယ်လို့ အပိုင်တွက် ထားသတဲ့။

          ဒါနဲ့ ယှဉ်ပြိုင်ဘို့အတွက် လိုအပ်တဲ့အစီအမံတွေလုပ်ဘို့ ငါးရက်တိတိ ရက်ချိန်းဆုတ်လိုက်သတဲ့။ အရှုံးပေးပြီးသာ ငါးနိုင်ငံရဲ့ မူးမတ်ဗိုလ်ပါအပေါင်းကလည်း ဒီပွဲကို ကြည့်ချင်သေးတာကတစ်ကြောင်း အကယ်၍ မင်းသားလေး ရှုံးခဲ့ပါက ပြိုင်ပွဲကို မင်းသားလေးက ရွေးချယ်ခွင့်မရှိလို့ တ၇ားမျှတမှုမရှိတဲ့အတွက် မင်းသားလေးပိုင်တဲ့ နှိုင်ငံကို သူတို့စစ်တပ်နဲ့ ပြန်လည်တိုက်ယူပေးဘို့ အချင်းချင်းတိုင်ပင်ထားကြသတဲ့။

          မင်းသားလေးရဲ့ မူးမတ်အပေါင်းဟာလည်း မင်းသားလေး ဘယ်လို ဆေးစွမ်းပြမှာလဲလို့ တွေးပြီး စိုးရိမ် နေကြတယ်။ နန်းတွင်းက ရှေးဟောင်း ဆေးကျမ်းတွေအားလုံး စုစည်းပြီး ပြန်လည်လေ့လာကြ ၊ ဖတ်ရှု့ကြ ၊ စမ်းသပ်သုတေသနပြန်လုပ်ကြနဲ့ မင်းသားလေးကို အကူအညီပေးနိုင်အောင် လုပ်ဆောင်နေကြသတဲ့။

          မင်းသားလေးကတော့ စိုးရိမ်ပူပန်မှု မပြုဘဲ ရန်သူမင်းနှစ်ပါးက ဘယ်လို ဆေးစွမ်းပြမှာလဲကိုသာ သူ့ရဲ့လူယုံတော်တွေကို လျှို့ဝှက်စုံစမ်းစေသတဲ့။ ပထမရက်မှာဘဲ ရန်သူမင်းတွေက ဘယ်လိုဆေးစွမ်းပြမယ် ဆိုတာ သိပြီး မူးမတ်တွေခေါ်ယူကာ မစိုးရိမ်ကြဘို့ မိမိနိုင်မှာဖြစ်ကြောင်းပြောပြကာ ကျန်လေးရက်ကို ပျော်ပွဲရွှင်ပွဲတွေ ကျင်းပစေပြီး မင်းသားလေးနဲ့ လူအချို့ကတော့ လျှို့ဝှက်ခန်းမကြီးထဲမှာ နေ့မနား ညမနား တစ်စုံတစ်ခုကို လေ့ကျင့်နေကြသတဲ့။

          ဒီလိုနဲ့ ငါးရက်ပြည့်တော့ ပြိုင်ပွဲစကြတာပေါ့။ ၇-နိုင်ငံက မင်းပရိဿတ်တွေရဲ့အလယ် စင်မြင့်ပေါ်မှာ လူတစ်ယောက်ကို ကားစင်နဲ့ ကြိုးချည်ထားတယ်။ ခဏနေတော့ လူသတ်သမား (လူ့ဘီလူးကြီး) တစ်ကောင်ဟာ ဧရာမ ဓါးကြီးကို ပုခုံးပေါ်တင်ပြီး စင်ပေါ်ကိုတတ်လာပြန်ပါတယ်။ လူ့ဘီလူးကြီးဟာ ကြီးမားတဲ့ ဓါးကြီးကို နေရောင်အောက်မှာ လက်ကနဲနေအောင် ထောင်ပြလိုက်ပြီး ကားစင်မှာ တင်ပြီး ချုပ်နှောင်ထားတဲ့ အကျဉ်းသားရဲ့ ခြေနှစ်ဖက်ကို ပေါင်ရင်းကနေပြီး ခုတ်ဖြတ်ပြစ်လိုက်သတဲ့။

          အကျဉ်းသားရဲ့ စူးစူးဝါးဝါး နာကျင်လို့အော်တဲ့အသံ၊  ပရိဿတ်များရဲ့ ဟာ ကနဲ့ ဟင်ကနဲ အလန့်တကြားအော်ဟစ်သံ ၊ မကြည့်ရဲတဲ့ ပရိဿတ်လည်း မျက်နှာလွှဲလိုက်     ကြသတဲ့။ စင်ပေါ် မှာတော့ သွေးသံရဲရဲနဲ့ အကျဉ်းသားဟာ မေ့မြောနေတယ်။ 
လူ့ဘီလူးကြီးဟာ ဖြတ်ထားတဲ့ ခြေနှစ်ချောင်းကို ၇-နိုင်ငံက အကဲဖြတ်ဒိုင်လူကြီးတွေကို လိုက်ပြနေတယ်။ ပြီးတော့ ခြေနှစ်ချောင်းကို အကျဉ်းသားနားမှာ ပြန်ထားပြီး ပရိဿတ်ကို အလေးပြု ပြန်ဆင်းသွားသတဲ့။

          လူ့ဘီလူးကြီးဆင်းသွားတာနဲ့ ရန်သူမင်းနှစ်ပါးဟာ ချွေရံသင်းပင်းတွေနဲ့ စင်ပေါ်ကို တတ်လာတဲ့အခါ ပရိဿတ်ကြီးဟာ အုတ်အော်သောင်းနင်း လက်ခုတ်တီး အားပေးကြတာ သောသောညံသွားတယ်တဲ့။ ရန်သူမင်းနှစ်ပါးဟာ ပရိဿတ်ကို ဦးညွှအလေးပြုပြီး အနက်ရောင် ပိတ်စနဲ့ အခန်းတစ်ခန်းသဖွယ် ပြုလုပ်လိုက်တယ်တဲ့။ ပရိဿတ်ဟာ အခန်းထဲမှာ ဘယ်လိုခွဲစိတ်ကုသနေမှန်း မမြင်ရပေမယ့် ရင်တစ်ထိတ်ထိတ်နဲ့ အပ်ကျသံကြားရလောက်အောင် စိတ်ဝင်တစား စောင့်ကြည့်နေကြတယ်။ အတန်ကြာ မှ အနက်ရောင်လိုက်ကာစကြီးဟာ တဖြည်းဖြည်း ပွင့်လာပြီး ရန်သူမင်းနှစ်ပါးဟာ ပရိဿတ်ကို အလေးပြုပြီး ပြန်ဆင်းသွားတယ်တဲ့။ 

          ကျန်ခဲ့တဲ့ အခြွေအရံတစ်ယောက်က ကားစင်မှာ ချည်နှောင်ထားတဲ့ အကျဉ်းသားကို ကြိုးဖြေပေးလိုက်တဲ့အခါ အကျဉ်းသားဟာ စင်ပေါ်မှာ သာမန်လူတစ်ယောက်လို လမ်းလျှောက်ပြတော့ ပရိဿတ်ကြီးလည်း ဝက်ဝက်ကွဲမျှ လက်ခုပ်သြဘာပေးကြတာပေါ့။ 


          မင်းသားလေးပြိုင်ဘို့ အလှည့်ကျရောက်လာတယ်။ အလှည့်မကျခင် အချိန်အနည်းငယ် ဟပေးထားတာမို့ အဲဒီအချိန်လေးမှာ ပရိဿတ်ကြီးဟာ မင်းသားလေး ဘယ်လိုမှ နိုင်အောင် မပြိုင်နိုင်လောက် ဘူးလို့ အချင်းချင်းဝေဖန်နေကြတယ်။ အချို့ စစ်သေနာပတိတွေဟာ သူတို့ရဲ့တပ်တွေကို တိတ်တဆိတ် အသင့်ပြင်ထားဘို့ လျှို့ဝှက်ညွှန်ကြားထားတယ်တဲ့။ မင်းသားလေးရှုံးရင် မင်းသားလေးရဲ့နိုင်ငံကို သူတို့ရဲ့စစ်အင်အားနဲ့ ကာကွယ်ပေးဘို့ပေါ့။

          အချိန်ရောက်လာတော့ ပရိဿတ်ကြီးဟာ စင်ပေါ်ကို စိတ်ဝင်စားစွာနဲက ငြိမ်သက်စွာ စူးစိုက်ကြည့်နေကြတယ်။ အဲဒီအချိန်မှာ မင်းသားလေးဟာ သူ့ရဲ့ကြင်ယာတော် မင်းသမီးလေးကို လက်ဆွဲပြီး စင်ပေါ်တတ်လာတော့ ပရိဿတ်ကြီးက မထင်မှတ်တဲ့ မြင်ကွင်းမို့ အားလုံး ဟာကနဲ အံ့သြကုန်ကြတယ်။ မင်းသမီးလေးဟာ နတ်သမီးတမျှ လှပြီး မင်းသားလေးအင်မတန်ချစ်မြတ်နိုးမှန်း တိုင်းသူပြည်သားတွေအားလုံး သိတယ်တဲ့။ 

          မင်းသမီးလေးဟာ  စင်ပေါ်မှာ အဆင်သင့်တင်ထားတဲ့ ထိုင်ခုံပေါ်ကို ထိုင်နေတယ်။ မင်းသားလေးဟာ အရပ်လေးမျက်နှာက ပရိဿတ်ကို ဦးညွှတ်လေးပြုပြီး  လက်သုံးတော် သံလျှက်ဓါးကို ထုတ်ကာ လေထဲမှာ သုံးလေးပါတ်လောက် ဂျွန်းထိုးအလှပြပြီး မင်းသမီးလေးရဲ့ လှပတဲ့လည်တိုင်ကို တိကနဲ ပိုင်းဖြတ်လိုက်သတဲ့။ မင်းသမီးလေး လည်တိုင်က ထွက်တဲ့ သွေးတွေဟာ စင်အနားက ဒိုင်တွေကိုတောင် စင်ကုန်တာပေါ့။ 

          ပရိဿတ်ကြီးဟာ  အံ့သြလွန်းပြီး  ဘာမှကို ပြန်မပြောနိုင်အောင် ကျက်သေသေနေတော့တာပေါ့။ ရန်သူမင်းနှစ်ပါးတောင် ပါးစပ်ကြီးအဟောင်းသားနဲ့ မင်းသားလေးရဲ့လုပ်ရပ်တွေကို အံ့သြလွန်းပြီး ငေးကြည့်နေရသတဲ့။

          မင်းသားလေးဟာ မင်းသမီးလေးရဲ့ ဦးခေါင်းပြတ်ကို ဒိုင်တွေကို သေချာ ပြအပြီး စင်ပေါ်ပြန်တတ်ကာ မင်းသမီးလေးရဲ့ ခန္ဓာကိုယ်နဲ့ ဦးခေါင်းကို အကာအကွယ်မလုပ်ဘဲ တပ်ဆင်လိုက်တယ်။ နောက်တော့ ဆေးသေတ္တာထဲက အနက်ရောင် ဆေးအချို့ကို လည်ပင်းပတ်ပတ်လည် မံလိုက်ပြီး ပုဝါနဲ့ စည်းနှောင်လိုက် သတဲ့။ ပုဝါနဲ့စည်းအပြီးမှာ ကွမ်းသီးခန့် အလုံးတစ်လုံးကို အိတ်ထဲကနှိုက်ပြီး စင်ပေါ်ကို ပစ်ပေါက်လိုက်တဲ့ အချိန်မှာ အုန်းကနဲ ပေါက်ကွဲပြီး အနက်ရောင် မီးခိုးလုံးကြီး ပေါ်ထွက်လာကာ မင်းသမီးလေးကို ပရိဿတ် မမြင်ရအောင် ဖုန်းကွယ်သွားတယ်။

          တချိန်တည်းမှာပဲ အနက်ရောင် မီးခိုးလုံးကြီးရဲ့ကြားထဲက မင်းသမီးလေးဟာ လှပကျော့ရှင်းစွာ ထွက်ပေါ်လာတော့ ကျက်သေသေနေတဲ့ ပရိဿတ်ကြီးလည်း သတိပြန်ဝင်လာပြီး  အရင်ကထက် အဆများစွာ လက်ခုပ်သြဘာပေး လိုက်ကြတာ အတောမသတ်နိုင်လောက်အောင် ဖြစ်နေတာပေါ့။

          ပြိုင်ဘက်ရန်သူမင်းတစ်ပါးက  မင်းသားလေးဟာ မျက်လှည့်ပညာသုံးပြီး မိမိတို့ကို အနိုင်ယူတာ ရိပ်မိပြီး ကန့်ကွက်မယ်လို့အထမှာ ကျန်မင်းက လက်ကို ဆွဲကိုင်ထားပြီး မိမိတို့လည်း မျက်လှည့်ပညာဖြင့် ပရိဿတ်ကို လှည့်စားထားခြင်းကို မင်းသားလေးကောင်းစွာ  သိကြောင်း၊ မျက်လှည့်ချင်းအတူတူ မင်းသားလေး ရဲ့ပြကွက်မှာ သူပင်ရင်သပ်ရှု့မောသော အင်မတန်ပညာသားပါသည့် လှည့်ကွက်မို့ အရှုံးပေးလိုက်ရန်ပြောသတဲ့။ ဒီလိုနဲ့ မင်းသားလေး အလိုရှိတဲ့ မင်းမှုထမ်းတွေကို ပေးလိုက်ကြတယ်တဲ့။ ပရိဿတ်ကြီးဟာ ပြိုင်ပွဲအားလုံးမင်းသားလေး နိုင်လို့ ဝမ်းသာစွာနဲ့ အုတ်အော်သောင်းနင်း ဖြစ်နေချိန်မှာ စင်ပေါ်က မင်းသားလေးရဲ့ အောင်မြင်တဲ့ အသံကြားလိုက်ရလို့ အားလုံးငြိမ်သက်စွာ နားထောင်လိုက်ကြတယ်။

          ``အဆွေတော် ၇- နိုင်ငံမင်းများနဲ့ မူးကြီးမတ်ရာ စစ်သေနာပတိ မင်းပရိဿတ်အားလုံးခင်ဗျား ကျွန်ုပ် စကားအနည်းငယ် ပြောချင်ပါတယ်။ တချိန်ခါက အကျွန်ုပ်ဟာအသင်တို့ သိထားသလို ပေါ့ပျက်ပျက်နဲ့ ပညာရဲ့တန်ဘိုးကို မသိနားမလည်တဲ့ အသုံးမကျတဲ့ မင်းသားတစ်ပါးပါ။ အဲဒီလို အသုံးမကျတဲ့ မင်းတစ်ပါးဖြစ်လာအောင် ကျွန်ုနားမှာ ကပ်မျှောင်စားနေတဲ့ မင်းမှုထမ်းတွေရဲ့ သွေးဆောင် ဖျက်ဆီးတာလဲ အကြောင်းတစ်ကြောင်းပါပါတယ်။ တက္ကသိုလ်က အပြန် တောနက်ကြီးထဲမှာ အဲဒီ မင်းမှုထမ်း တွေဟာ မင်းပြစ်မင်းဒဏ် ခံရတော့မှာကိုသိပြီး  လက်ဝတ်ရတနာတွေကို ယူကာ ကျွန်ုပ်တစ်ယောက်တည်း တောကြီးထဲမှာ ပစ်ထားပြီး ထွက်ပြေးကြပါတယ်။ သူတို့ကတော့ ယခု အကျွန်ုပ် သင်တို့ဆီက တောင်းယူထားတဲ့ မင်းမှုထမ်းများပင်ဖြစ်ပါတယ်``

          ပရိဿတ်သည် ရုတ်ရုတ်  ရုတ်ရုတ်ဖြစ်ကာ တီးတိုးပြောဆိုနေကြကုန်၏။ သူတို့သည် ထိုအဖြစ်အပျက်ကို မသိခဲ့ကြပေ။ မင်းသားလေး၏ ယခင်က အလုပ်အကြွေး မင်းမှုထမ်းများကို စင်ပေါ်သို့ ခေါ်တင်လိုက်လေသည်။ထို့နောက် မင်းသားလေးက ဆက်ပြောပြန်ပါသည်။

          ``ကျွန်ုပ်ကို ပစ်ပြီး ထွက်ပြေးကြသည်အထိ ထိုသူများအပေါ်၌ ကျွန်ုပ်သည် တစ်စုံတရာမျှ အပြစ် မတင်ခဲ့ပါ။ ကျေးဇူးတရား မသိတတ်သူတွေဟုသာ သတ်မှတ်ပြီးခွင့်လွှတ်ပေးခဲ့ပါသည်။ သို့သော် ၇-ပြည်ထောင် မင်းတို့ အကျွန်ုပ်၏ တိုင်းပြည်အား တိုက်ခိုက်သိမ်းယူစေရန် အဓိက တွန်းအားပေး အခါတော်ပေးလုပ်သူများမှာ တစ်ချိန်က ကျွန်ုပ်၏ ကျေးဇူးတရားဖြင့် မကင်းကွာခဲ့သော ကျေးဇူးတ၇ား မသိတတ်သည့် မူးမတ်များဖြစ်ကြောင်း သိရှိရသဖြင့် ထိုသူတို့သည်ကား ကျေးဇူးတရားကို မသိတတ်ရုံမျှမက ကျေးဇူးကန်းသည့်အဆင့်သို့ပင် ရောက်နေပြီဖြစ်သဖြင့်-------``

          မင်းသားလေးသည် စကားကို ရပ်လိုက်ပြီး ပရိဿတ်ကို အကဲခတ်လိုက်သည်။ ပရိဿတ်သည် အလွန်စိတ်ဝင်စားစွာဖြင့် မင်းသားလေး ဘာဆက်ပြောမလဲဟု ငြိမ်သက်စွာ နားစိုက်ထောင်နေသည်။ မင်းသားလေးသည် လက်စွဲတော် သံလျှက်ကို ထုတ်လိုက်ပြီး လေဆင်နှာမောင်းကဲ့သို့ ပြင်းစွာသောအဟုန်ဖြင့် လေထဲတွင် မြောက်တတ်သွားကာ လျှက်ပြတ်လိုက်သကဲ့သို့ စင်ပေါ်တွင်ရှိသော ကျေးဇူးကန်းသည့် တချိန်က သူ၏ မင်းမှုထမ်းများအား သတ်ဖြတ်သုတ်သင်လိုက်လေတော့သည်။

          ညှာတာသင့်သည့်နေရာတွင် အလွန်သည်းခံညှာတာသလောက် ပြတ်သားရမည့်နေရာတွင်လည်း ရက်ရက်စက်စက် ပြတ်သားသည့် မင်းသားလေး၏ စိတ်ဓါတ်ကို ရန်သူမင်းနှစ်ပါးပင် အလွန် လေးစားသဖြင့် မတ်တတ်ရပ်ပြီးအားရပါးရ လက်ခုပ်တီးလိုက်ရာ မြန်ဆန်လွန်းလှသော အချိန်အတွင်း မထင်မှတ်သော လုပ်ရပ်တွေကြောင့် တွေဝေနေသော မင်းပရိဿတ်ကြီးမှာ မင်းသားလေးကို အားရပါးရ ထောက်ခံ အားပေးသော လက်ခုပ်သံများမှာ မိုးယံသို့တိုင်အောင် မြည်ဟီးသွားလေတော့သတည်း။    ။ 



ကိုစိုးနိုင်


ငယ်စဉ်အခါ ပညာရှာ




ငယ်စဉ်အခါ ပညာရှာ

          ဟိုးရှေးရှေးတုန်းက  အင်မတန်ချမ်းသာကြွယ်ဝတဲ့ တိုင်းပြည်တစ်ပြည်ရဲ့ ဘုရင်ကြီးမှာ  သားတော်လေးတစ်ပါး ရှိသတဲ့။  သားတော်လေး အရွယ်ရောက်လာတော့ ဘုရင်ကြီးဟာ မင်းယောကျာင်္းတို့ တတ်အပ်တဲ့ အဋ္ဌာရဿ တစ်ဆယ့်ရှစ်ပါးသော အတတ်ပညာတို့ကို သင်ကြားပေးဘို့အတွက် တက္ကသိုလ်ပြည် ဒိသာပါမေက္ခဆရာကြီးထံ သွားေ၇ာက်ပညာသင်ကြားစေဘို့ ချွေရံသင်းပင်းတွေနဲ့တကွ  စေလွှတ်လိုက် သတဲ့ကွယ်------------။

          မင်းသားလေးဟာ  တစ်ဦးတည်းသောသားဖြစ်တာကတစ်ကြောင်း ၊ တိုင်းပြည်ရဲ့အရှင် ဘုရင်ကြီးရဲ့ သားဖြစ်တာကတစ်ကြောင်း ပညာကို ပင်ပင်ပန်းပန်းကြိုးစားသင်ယူချင်တဲ့စိတ်မရှိလို့  မိခင်ကြီးကို ပညာသွား မသင်ချင်တဲ့အကြောင်း ပြောသတဲ့။

          ဒါပေမယ့် မိခင်ကြီးရော  သားတော်လေးပါ အင်မတန် စည်းကမ်းကြီးပြီး သြဇာပါဝါကြီးတဲ့ ဘုရင်ကြီးရဲ့ အမိန့်ကို မလွန်ဆန်ဝန့်တာကြောင့် မိခင်ကြီးဟာ ရွှေငွေ မြောက်များစွာကို ဘုရင်ကြီးမသိအောင် သားတော်လေး ကိုပေးပြီး တက္ကသိုလ်ပြည်မှာ ပျော်သလိုနေဘို့ ချော့မော့ပြောဆိုပြီး ချွေရံသင်းပင်းများနဲ့ တက္ကသိုလ်ပြည်ကို စေလွှတ်လိုက်သတဲ့။

          မင်းသားလေးဟာ တက္ကသိုလ်ပြည်ရောက်တော့  ဒိသာပါမေက္ခဆရာကြီးထံ  ပါလာတဲ့ လက်ဆောင် ပဏ္ဍာတွေပေးပြီး တက္ကသိုလ်နဲ့ မနီးမဝေးမှာ  ချွေရံသင်းပင်းများစွာနဲ့ အပျော်ကျူးပြီး ပညာကိုမသင်ဘဲ နေသတဲ့။

          ဒိသာပါမေက္ခဆရာကြီး ဟာ ပညာသင်ဘို့ အကြိမ်ကြိမ် ခေါ်ယူ သတိပေးပြောကြားပေမယ့် သက်ဦး ဆံပိုင် ရှင်ဘုရင်ရဲ့သားမို့ ပြောမရ ဆိုမရဖြစ်ပြီး လက်လျှော့ထားလိုက်ရသတဲ့။

          ဒီလိုနဲက  ၇ -နှစ်ဆိုတဲ့အချိန်ဟာ  အပျော်ကျူးရင်း  ကုန်မှန်းမသိ ကုန်ဆုံးသွားပြီး  တက္ကသိုလ်ဆင်းပွဲ ကို အနယ်နယ်အရပ်ရပ်က သူဋ္ဌေးသူကြွယ်သား ၊ မူးမတ်သား ၊ ဘုရင့်သား ၊ အရပ်သူအရပ်သား စသဖြင့် လူတန်းစားပေါင်းစုံတို့ဟာ မိမိတို့သင်ကြားတတ်မြောက်ထားတဲ့ ဆင်စီး ၊ မြင်းစီး ၊ ဓါးရေး ၊ လှံရေး ၊ ဗေဒင် ၊ နက္ခတ် ၊ ဆေးကျမ်း ၊ မန္ဓာန် အစရှိသဖြင့် အတတ်ညာတွေကို အစွမ်းအမျိုးမျိုးပြပြီး ကျောင်းဆင်းပွဲ ပြုလုပ်ကြတာပေါ့။

          ဒီအခါမှ  မင်းသားလေးလည်း မိမိတိုင်းပြည်ပြန်ရင်  ဖခင်ဘုရင်ကြီးက လူပုံအလယ်မှာ သားတော်ကို တက္ကသိုလ်မှာ သင်ကြားတတ်မြောက်ခဲ့တဲ့ ပညာစွမ်းတွေ ပြခိုင်းလို့များ  မပြနိုင်ရင်  ရှက်ဒေါသဖြစ်ပြီး  ပြစ်ဒဏ်ပေးတော့်မှာပဲလို့  တွေးကာ နောင်တတွေရပြီး  ၇-  နှစ်သင်မှ တတ်တဲ့ပညာကို ၇- ရက်နဲ့ တတ်အောင် သင်ပေးပါလို့  ဆရာကြီးကို တောင်းဆိုသတဲ့။

          ဆရာကြီးက လုံးဝမဖြစ်နိုင်ပါကြောင်း --အသင်မင်းသားဟာ ရွှေထက်တန်ဘိုးကြီးတဲ့  အချိန်ကာလ တွေကို အလဟဿ ဖြုံးတီးခဲ့ပါကြောင်း ၊ အချောင်ခို မျှောက်ပင့် ကပ်ဖားစားနေတဲ့  အချွေအရံ အသင်းအပင်း များရဲ့ အဆီအနှစ်မရှိတဲ့ မျှောက်ပင့်သော စကား၌သာ ပျော်ပါး နေခဲ့သဖြင့် အသင်မင်းသားလေးဟာ ဒုက္ခ အမှန်ပင် တွေ့လိမ့်မည်ဟု ထင်ကြောင်း။ သို့သော် မိမိထံသို့ ယုံကြည်စွာ ပညာသင်ရန်စေလွှတ်ခဲ့ပါလျှက်  ပညာတစ်စုံတရာ မတတ်သွားခြင်းမှာ မိမိတွင်လည်း တာဝန်ဝတ္တရားမကင်းသည့်အတွက်  အစွမ်းထက်သော ဂါထာလေး တစ်ပုဒ်ကို သင်ကြားပေးမည်ဖြစ်ကြောင်း ၊ ထိုဂါထာကို မိမိအင်မတန် သေရေးရှင်ရေး ဖြစ်မှသာ အသုံးပြုစေလိုကြောင်း ရှင်းပြပြီး  မင်းသားလေးကို လူသူမရှိတဲ့  ဂူထဲမှာ လေးကြောင်းပဲပါတဲ့ ဂါထာလေးကို လျှို့ဝှက် သင်ပေးလိုက်တယ်။ အဲဒီဂါထာလေးဟာ  စာကြောင်းလေးကြောင်းသာပါပေမယ့် မင်းသားလေးအဖို့တော့ ၇- ရက်လုံးလုံး ပင်ပန်းဆင်းရဲစွာ ကျက်မှတ်အာဂုံဆောင်ခဲ့ရသတဲ့။

          ဒီလိုနဲ့  မင်းသားလေးနဲ့  ချွေရံသင်းပင်းတွေဟာ  တိုင်းပြည်ကိုပြန်ဘို့  ကြီးမားနက်ရှိုင်းတဲ့ တောအုပ်ကြီးတစ်ခုကို  စတင်ဖြတ်ရသတဲ့။  အင်မတန်နက်တဲ့ တောအုပ်ကြီးထဲအရောက်မှာ နေဝင်သွားတာ နဲ့ အဲဒီညအဖို့ တောထဲမှာပဲ စခန်းချကြဘို့ လုပ်ကြသတဲ့။ 

          ချွေ ရံသင်းပင်းတွေဟာ  တိုင်းပြည်ကိုပြန်ရောက်လို့  သူတို့မင်းသားလေး ဘာပညာမှမတတ်မှန်း ဘုရင်ကြီးသိသွားရင် သူတို့တတွေကို အသက်ချမ်းသာပေးမှာ မဟုတ်မှန်း တွေးမိကြပြီး အဲဒီညမှာဘဲ မင်းသားလေးကို တစ်ယောက်တည်း ပစ်ထားခဲ့ပြီး တိတ်တိတ်ကလေး ကိုယ်စီထွက်ပြေးသွားကြသတဲ့။

          မနက်မိုးလင်းလို့ မင်းသားလေး နိုးတဲ့အခါ  ချွေရံသင်းပင်းတွေ တစ်ယောက်မှ မရှိတော့တာကို သိပြီး အရမ်းအားငယ်သွားသတဲ့။ ကျားဟိန်းသံ ၊ ဆင်အော်သံတွေ ကြားရတဲ့အခါ နီးစပ်ရာ သစ်ပင်ကြီးတွေအပေါ် တတ်ဘို့ ကြိုးစားပေမယ့် သစ်ပင်တောင် မတတ်တတ်ဘူး ဖြစ်နေသတဲ့။ ဒီတော့မှ ယောကျာင်္းတို့ တတ်အပ်တဲ့ ကိုယ်ခံပညာ ၊ အကျော်အလွှား ၊ အသတ်အပုတ် ၊ သစ်ပင်တတ် ၊ ကြိုးတန်းလျှောက် ပညာတွေရဲ့ တန်ဘိုးကို နားလည်လာပြီး မျက်ရည်တွေကျနေသတဲ့။ 

          နေလေးမြင့်လာတော့  ဗိုက်ဆာလာတဲ့အခါ သစ်သီး ဘယ်လိုရှာရမယ် ဘယ်သစ်သီးက စားကောင်းတယ် ဘယ်သစ်သီးက မစားရဘူး စတဲ့ ဝေဖန်ပိုင်းခြားသိတဲ့ အသိဥာဏ်လည်း မရှိတော့ တိရိစ္ဆာန်တွေ ရဲ့ စားကြွင်းစားကျန်ကိုသာ စားရဲပြီး အဲသလိုပဲ ရှာဖွေစားနေရသတဲ့။ နောင်တတွေ အများကြီး ရနေတာပေါ့။ လက်ထဲမှာ ကျန်နေတဲ့ ရွှေငွေကျောက်သံပတ္တမြားတွေဟာ  တောထဲမှာ ဘာမှအသုံးမဝင်တဲ့ ရုပ်ဝတ္ထုတွေမှန်း သိလာပြီး ``အော်---  ဒါတွေဟာ တကယ့်တန်ဘိုးအစစ်ရှိတဲ့ ပစ္စည်းတွေမဟုတ်ဘူး  ပင်ကိုယ်တန်ဘိုး  ဘာမှမရှိတဲ့အရာတွေပါလား  လူတွေက တန်ဘိုးအဖြစ်နဲ့ သတ်မှတ်ထားလို့သာ တန်ဘိုးရှိတယ် ထင်နေကြတယ်--- ငါလဲ ဒီရတနာတွေလိုပဲ  ပကတိတန်ဘိုးမရှိတဲ့လူ  ငါ့မိဘတွေရဲ့ အရှိန်အဝါနဲ့ ငါဟာ ကိုယ့်ကိုယ်ကို ဘဝင်မြင့်ခဲ့မိတယ် ခုတော့ ငါ့မှာ တိရိစ္ဆန်တစ်ကောင်လောက်တောင် ရှင်သန်ဘို့ ဘာမှမသိမတတ်ဖြစ်နေရပြီ  တော်ပြီ--- ဒီရတနာတွေလည်း ငါအလေးခံ မသယ်တော့ဘူး ငါလည်း နောင်ဆို တကယ်ပကတိတန်ဘိုးရှိတဲ့သူ ဖြစ်အောင် ကြိုးစားမယ်---``   လို့ အကြာကြီးတွေးပြီး ရတနာတွေကို ချောက်ကမ္ဘားအောက်ပြစ်ချ လွှင့်ပြစ်ပြီး တစ်ကိုယ်စာအသုံးလိုမယ်ထင်တာတွေပဲ ယူပြီး တိုင်းပြည် ရှိမယ်ထင်တဲ့ဘက်ကို  ဆက်ပြီး ခရီးဆက်ခဲ့သတဲ့။

          အတော်လေး ခရီးရောက်လာတော့  နှာပြည်စုတ်ငှက်ကလေးတစ်ကောင်ဟာ သူ့ရဲ့ ရှေ့နောက် ဝဲယာ လှည့်လည်ပြန်သန်းနေပြီး------

          ``အသင်မင်းသား   အသင်မင်းသား  လမ်းမှားနေပါတယ်     သင်ပြန်ရမည့် တိုင်းပြည်သို့သွားရာ လမ်းဟာ ဒီလမ်းမဟုတ်ပါ ----  သင်ဦးတည်ရာအရပ်ဟာ  အင်မတန်ကြောက်စရာကောင်းတဲ့  အသားစား လူရိုင်းကြီး အုပ်ချုပ်နေတဲ့ လူရိုင်းတိုင်းပြည် သွားရာလမ်းဖြစ်နေပါတယ် ဒီလမ်းကိုမသွားပါနဲ့  နောက်ပြန်လှည့်ပါ  ---``

          လို့ တကျော်ကျော် ပြောပြတားမြစ်နေသတဲ့။ ဒါပေမယ့် မင်းသားလေးဟာ တိရိစ္ဆာန်တွေပြောတဲ့ မာဂဓ ဘာသာစကားကို သင်းထားတာမဟုတ်တော့ နားမလည်ဘူးပေါ့။ အဲဒီလမ်းအတိုင်းပဲ ဆက်သွားနေသတဲ့။ တစ်နေရာရောက်တော့ မင်းသားလေးဟာ ပင်ပန်းလို့ ခဏနားနေတုန်း  ငှက်ကလေးဟာ သူပြောတာ မကြားလို့ ဆက်သွားနေတာပဲထင်ပြီး  မင်းသားလေးရဲ့ အနီးဆုံးမှာ နားပြီး ဆက်မသွားဘို့ နောက်ထပ် ပြောပြန်သတဲ့။

          မင်းသားလေးဟာ နားမလည်တဲ့အပြင်  ငှက်ကလေးကို  သားကောင်အဖြစ်မြင်ပြီး  တုတ်နဲ့  လှစ်ကနဲ ရိုက်သတ်လိုက်သတဲ့။ ပြီးတော့ အဲဒီငှက်သားကို  အစာအဖြစ်စားပြစ်လိုက်သတဲ့ကွယ်။ အဲဒီအဖြစ်အပျက်ကို တောကျီးကန်းတစ်ကောင်ဟာ အစအဆုံးမြင်တွေ့လိုက်ရပြီး မင်းသားလေးကို ကျေးဇူးတရားမသိတဲ့ ယုတ်မာတဲ့ လူသားအဖြစ် မုန်းသွားပြီး လက်စားချေဘို့  ကျားကြီးဆိုးတေ နေတဲ့ ဂူဆီကို တဟုန်ထိုး ပျံသန်း သွားလေတော့တယ်။

          တောကျီးကန်းဟာ ကျားကြီးဆိုးတေကို အကြောင်းစုံပြောပြတဲ့အခါ ကျားကြီးလည်း  လူသားမစား ဘူးသေးဖူး။ အင်မတန်ချိုလှလို့တော့ ကြားဖူးတာပဲ။ ဒီတစ်ခါတော့် စားရကံကြုံပြီပေါ့။ ငါ့ကို သူရှိတဲ့နေရာ သာ လမ်းပြပေးပါတော့လို့  ပြောပြီး မင်းသားလေး ရှိတဲ့အရပ်ကို လာခဲ့ကြသတဲ့။

          ကျားကြီးဆိုးတေလည်း မင်းသားလေးကို သတ်ဖြတ်စားသောက်ဘို့ ချောင်းမြောင်းနေပြီး တစ်ကြီမ်မှာတော့ ပိုင်ပြီဆိုပြီ ``ဝေါင်း``ကနဲ ဟိန်းဟောက် အသံပေးကာ ခုန်အုပ်လိုက်သတဲ့။ မင်းသားလေးဟာ ကြောက်အားလန့်အားနဲ့  တိန်းရှောင် ထွက်ပြေးရင်း ပြေလျောလျော ချေက်ကမ္ဘားထဲကျသွား တယ်။ ဆင်ချေလျောကနေ မထိမ်းနိုင်ပဲ ဒလိမ့်ကောက်ကွေး အရှိန်နဲ့ ကျသွားလိုက်တာ လမ်းမှာတွေ့တဲ့ အပင်ငယ်လေးတွေကို လှမ်းဆွဲပေမယ့် အပင်လေးတွေ ပြုတ်ထွက်ကုန်သတဲ့။ ဒီလိုနဲ့ ဆင်ခြေလျှောရဲ့ အခြေရောက်တဲ့အခါ ကျောက်တုံးနဲ့တိုက်မိပြီး သတိလစ်မေ့ မြောသွားတယ်။

          မင်းသားလေး သတိရလို့ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ ကြေးနီရောင်လို နီရဲနေတဲ့ အသားရောင် ရှိပြီး တစ်ကိုယ်လုံး နံငယ်ပိုင်းလောက်ပဲဝတ်ထားတဲ့ လူရိုင်းကြီး သုံးကောင်ဟာ လှံတို လှံရှည် ကျောက်ပုဆိမ် တွေနဲ့ သူ့ကို ပစ်မလိုချိန်လိုက်  နောက်ပြန်ဆုတ်လိုက်နဲ့ ဝိုင်းပတ် ပိတ်ဆို့ထားတာကို တွေ့လိုက်ရတယ်။ သူတို့ကြည့်ရတာ တစ်ခါမှ မမြင်ဘူးတဲ့သားကောင် တစ်ကောင် တွေ့နေရလို့ အရှင်ဖမ်းရမှာလား အသေဖမ်း ရမှာလား မဝေခွဲတတ်နေပုံပဲ။

          ခဏကြာမှ လူရိုင်းဘုရင်ကြီး ရောက်လာပြီး  မင်းသားလေးကို ကြိုးနဲ့တုတ် ပြီးထမ်းခေါ်သွားကြ သတဲ့။ မင်းသားလေးဟာ ဓါးရေးလှံရေး  သိုင်းပညာ ဘာတစ်ခုမှ တတ်မြောက်မထားတဲ့အတွက် ပြုသမျှ ခံနေရသတဲ့။ 

          ဒီလိုနဲ့ လူရိုင်းတွေနေတဲ့ ရွာကြီးထဲကိုရောက်လာခဲ့တာပေါ့။ သူ့ကို ရွာလည်က ဧရာမတိုင်ကြီးမှာ ကြိုးနဲ့တုတ်ထားသတဲ့။ ညပိုင်းရောက်တော့ ဘေးပါတ်လည်မှာလည်း တိရိစ္ဆာန်အဆီတွေနဲ့ ထွန်းညှိထားတဲ့ မီးတိုင်တွေက အညှော်နံ့တွေကြောင့် မင်းသားလေးဟာ မူးဝေနောက်ကျိနေတာပေါ့။ ဗုံတို ဗုံရှည်တွေနဲ့  နံငယ်ပိုင်းတွေသာ ဝတ်ထားတဲ့ လူရိုင်းထီး လူရိုင်းမတွေဟာ ဖုန်တွေ တထောင်းထောင်းထအောင်  ကကွင်းထဲမှာ ပျော်မြူးစွာ အော်ဟစ်ကခုန်မြူးတူးနေကြတယ်။ 

          ညလယ် သန်းခေါင်လောက်ရောက်တဲ့အခါကျမှ  လူရိုင်းဘုရင်ကြီးနဲ့ သူ့ရဲ့စစ်သားတွေ ရောက်ရှိ လာကြတယ်။ စောစောက  ကနေကြတဲ့ လူရိုင်းအုပ်ကြီးဟာ လူရိုင်းဘုရင်ကြီးရောက်လာတော့ အားလုံး မြေကြီး မှာပြားပြားဝတ် မှောက်ပြီး ညိမ်သက်နေကြသတဲ့။ ဘုရင်ကြီးက အသံသြကြီးနဲ့ တစ်စုံတစ်ခုကိုအော် လိုက်မှာ ဗုံတီးသမားတွေက တစ်ချက်ချင်းစတီးပြီး မကြာခင် အရင်လို မြိုင်မြိုင်ဆိုင်ဆိုင် သီဆို ကခုန်ကြကုန် တယ်။ 

          လူရိုင်းဘုရင်ကြီးဟာ  သူ့ရဲ့ လူရိုင်းစစ်သားတွေကို မင်းသားလေးအား  ဘဲဥပုံစံဝိုင်းထား လိုက်ကြတယ်။ လက်ထဲမှာလည်း လှံတိုလှံရှည် ကျောက်ပုဆိမ် ရဲဒင်း လက်နက်အစုံနဲ့ ပေါ့။ မင်းသားလေးဟာ ကြောက်လွန်းလို့ ဒူးတွေတောင် တဆတ်ဆတ် တုံနေတယ်တဲ့။  ရှင်ဘုရင်ရဲ့သား အကောင်းဆုံးပညာတွေ ကို အကောင်းဆုံး ဆရာတွေဆီ မှာ သင်ကြားခွင့်ရခဲ့ပါလျှက်နဲ့ အပျော်မက်ပြီး အနေချောင်ချောင်နေခဲ့လို့ ခုတော့ အသက်ပါပေးပြီး နောင်တရရတော့မှာပါလား လို့ ငိုကြွေးနေတယ်တဲ့။

          လူရိုင်းတစ်ယောက်က မင်းသားလေးကို ကြိုးဖြေပေးတယ်။ ပြီးတော့ လှံတိုတစ်ချောင်းကိုလည်း ပေးသတဲ့။ မင်းသားလေးလဲ ယောင်နနနဲ့ လှံကိုကိုင်ထားရပေမယ့် သူကိုလာတိုက်မယ့် လူရိုင်းကို စောင့်နေပြီး သေဘို့စောင့်နေရသလိုပဲပေါ့။ ခဏအကြာမှာ လူရိုင်းတွေဟာ လှံတွေကို မြှောက်မြှောက်ပြီး`` ဝူးဝူး ဝါးဝါး  `` နဲ့ဝိုင်းအော်ကြတာပေါ့။ ဒီအချိန်မှာ လူရိုင်းတွေကြားထဲက ထွားကြိုင်းလှတဲ့ လူရိုင်းကြီးတစ်ကောင်ဟာ ကြီးမားတဲ့ ကျောက်ပုဆိမ်ကြီးကို  ကိုင်ပြီး မင်းသားလေးဆီကို တဖြည်းဖြည်း နဲ့ကပ်လာတယ်။ မင်းသားလေးကို တိုက်ခိုက်ရေး ကျွမ်းကျင်တယ်လို့ ထင်နေမှာပေါ့။ မင်းသားလေးကတော့ လူရိုင်းကြီးကိုပဲ မျက်ချည်မပြတ် ကြည့်နေပြီး သေမယ့်အချိန်ကို စောင့်နေသလိုဖြစ်နေရသတဲ့။

          အဲဒီအချိန်မှာပဲ ဆရာကြီးသင်ပေးလိုက်တဲ့ ဂါထာလေးကို ဖြတ်ကနဲ သတိရလိုက်ပြီး ``သေရေး ရှင်ရေးနဲ့ ဒုက္ခကြုံတဲ့အခါ ရွတ်ဖတ်ပါ လို့ ``ဆရာကြီးစကားကိုပါ ပြန်ကြားယောင်လာတယ်။ သူစဉ်းစားနေတုန်း လူရိုင်းကြီးဟာ ဧရာမကျောက်ပုဆိမ်ကြီးကို ကိုင်မြှောက်ပြီး မင်းသားလေးကို ပိုင်းခုတ်လိုက်တာ မင်းသားလေးလဲ ဂါထာကိုအမြန်ရွတ်လိုက်တော့ ပုဆိမ်နဲ့ ခေါင်း လက်တစ်လုံးအလိုမှာ လူရိုင်းကြီးဟာ ကျောက်ရုပ်ကြီးလို ငြိမ်သွားသတဲ့ မင်းသားလေးလည်း ရတဲ့အခွင့်အရေး အမြန်သုံးပြီး လူရိုင်းကြီးရဲ့ နံကြားကို လှံတိုနဲ့ တအားကုန်ထိုးစိုက်လိုက်တာ သွေးတွေဟာ ဖြန်းကနဲ ပန်းထွက်လာပြီး လူရိုင်းကြီးရဲ့ ကိုယ်ခန္ဒာကြီးဟာ မြေပြင်ကို ဘုန်းကနဲ လဲပြိုကျသွားသတဲ့။ 

          လူရိုင်းဘုရင်ကြီးဟာ ဒေါသထွက်ပြီး အသံနက်ကြီးနဲ့ ထပ်အော်လိုက်တဲ့အခါ လှံတိုကိုင်ထားတဲ့ လူရိုင်း နှစ်ကောင် ထပ်ဝင်လာပြန်တယ်။ မင်းသားလေးဟာ ဂါထာရဲ့ အစွမ်းကို သိသွားတာကြောင့် လူရိုင်းနှစ်ကောင်ကို စိုက်ကြည့်ပြီး ဂါထာရွတ်ပြန်သတဲ့။ လူရိုင်းနှစ်ကောင် ကျောက်ရုပ်လို ငြိမ်သွားတာနဲ့ အချိန်မဆွဲရဲပဲ လှံတိုနဲ့ အမြန်ထိုးသတ်လိုက်ပြန်သတဲ့။ လူရိုင်းဘုရင်ကြီးဟာ ဒေါသ ထွက်လာပြီး ထိုင်ရာကထကာ  လက်ညှိုးထိုးအော်လိုက်တော့ လူရိုင်းလေးကောင် ဝင်လာပြန်သတဲ့။ 

          မင်းသားလေးလည်း ဒီလေးကောင်ကို ဂါထာတန်ခိုးနဲ့ သတ်ရင် ရှစ်ကောင်ထပ်လာမယ် ၊ ဒီ့ထက်များလာရင် ငါဂါထာ ရွတ်မပြီးခင် ငါသေမယ့်ကိန်းပဲ။ ဒီတော့ ငါအညှာကို ကိုင်မှပဲလို့ တွေးပြီး လူရိုင်းဘုရင် ကြီးကို စိုက်ကြည့်ပြီး ဂါထာကို ရွတ်လိုက်သတဲ့။ လူရိုင်းဘုရင်ကြီးဟာ လက်ညှိုးထိုးနေတဲ့ ပုံစံအတိုင်း ကျောက်ရုပ်လို ငြိမ်သက်သွားတဲ့အခါ မင်းသားလေးဟာ အချိန်မဆွဲတော့ပဲ လူရိုင်းဘုရင်ကြီး ရဲ့ ရင်အုံတည့်တည့်ကို လှံတိုနဲ့ တအားကုန်ပစ်စိုက်လိုက်တဲ့အခါ ``အား-- ``ကနဲအော်လိုက်တဲ့အသံနက်ကြီး ဟာ တောကြီးတစ်ခုလုံး မြည်ဟီး တုန်လှုပ်သွားသတဲ့။

          ကနေတဲ့ လူရိုင်းတွေ ၊ ဗုံတီးနေတဲ့လူရိုင်းတွေ ၊လူရိုင်းစစ်သားတွေရော အားလုံး မြေကြီးပေါ်မှာ ပြားပြားဝတ် ညိမ်သက်ကုန်ကြတယ်။ မင်းသားလေးကို အရမ်းကြောက်ရွံ့သွားကြတာပေါ့။ မင်းသားလေးဟာ ၇ -ရက်လောက် နေ့မနားညမနား သင်ယူခဲ့ရတဲ့ ပညာရဲ့အကျိုးကို လက်တွေ့ခံစားလိုက်ရတော့ ခုမှ ပညာသင်ချင် တဲ့စိတ်တွေ တဖွားဖွား ပေါ်လာလေတော့တယ်။ 

          ဒါနဲ့ သူ့ကို လူရိုင်းတွေက ဘုရင်အဖြစ်တင်မျှောက်မှန်း ရိပ်မိလေတော့ လူရိုင်းဘုရင် အလောင်းကောင် ကြီးကို စင်ပေါ်ကနေ တွန်းချလိုက်ပြီး တတ်ထိုင်လိုက်တယ်။ ပြားပြားဝတ်ပြီး ခစားနေတဲ့ လူရိုင်းတွေရဲ့အပေါ်စီးကနေ ကြည့်လိုက်တဲ့အခါ လူရိုင်းတွေရဲ့နောက် မလှမ်းမကမ်း မှာ ဧရာမလှောင်အိမ် ကြီးကို တွေ့လိုက်ရတော့ အတော်အံ့သြပြီး အဲဒီလှောင်ချိုင့်နားကို ချဉ်းကပ်သွားကြည့်တယ်တဲ့။

          လှောင်အိမ်ကြီးမှာ တပ်ထားတဲ့ မီးတိုင်းတွေရဲ့အလင်းအားနဲ့ အထဲကို ကြည့်လိုက်တဲ့အခါ ပိန်ချုံးပြီး အင်အားချိနဲ့နေတဲ့ အဖိုးအို ငါးယောက်ကို အံ့သြစွာ တွေ့လိုက်ရတာပေါ့။ ဒါနဲ့မင်းသားလေးက----

          ``အဖိုးတို့  အဖိုးတို့ဟာ   လူရိုင်းအဖိုးအိုများနဲ့ ပုံစံခြင်းမတူလို့ လူရိုင်းများ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်ပြောတဲ့စကား နားလည်တယ်ဆိုရင် ကျွန်တော့ကို ပြန်စကားပြော ကြပါ`` လို့ ပြောလိုက်ရော အဖိုးအိုရဲ့ မျက်လုံးတွေဟာ ချက်ချင်းလန်းဆန်းတတ်ကြွလာကြပြီး--

          ``အို  အမောင်သူငယ်   အဖိုးတို့ဟာ လူရိုင်းများမဟုတ်ကြပါ--- လူရိုင်းတို့၏ အကျဉ်းသားများ သာဖြစ်ပါတယ်။ ငါတို့ဟာ နှစ်ပေါင်းများစွာ အကျဉ်းခံနေကြရပြီး  ငါတို့တတ်သော ပညာဖြင့် လူရိုင်းများ ကိုလုပ်ကြွေးရပါတယ်။ ဒီနေ့တော့ ငါတို့အားလုံးကို မရဏမင်းထံ ယစ်ပူဇော်ကြတော့မှာမို့ အားလုံးစိတ်သောက ရောက်နေရပါတယ်။ အစောက သင့်ရဲ့စွမ်းအားကြောင့် အသင်ဟာ အခုဆိုရင် လူရိုင်းတွေရဲ့ ဘုရင်ဖြစ်သွားပါပြီ အကျွန်ုပ်တို့အား အသက်ချမ်းသာပေးပါ --`` လို့သနားစဖွယ် ပြောသတဲ့။

          ဒါနဲ့မင်းသာလေးဟာ အဖိုးအိုငါးယောက်စလုံးကို လှောင်အိမ်ထဲကနေ ထုတ်ပေးပြီး ----

`        ``အဖိုးတို့    ဘာမှစိတ်သောကမရောက်ကြပါနဲ့တော့  အဖိုးတို့ဟာ လူရိုင်းတွေနဲ့ အနေကြာလာတော့ လူရိုင်းတွေကို ခိုင်းစေတတ်မှာပါ  ကျွန်ုပ်ကိုယ်စား  သင့်လျော်သလို စေခိုင်းပေးပါ-- ကျွန်ုပ်နှင့် အဖိုးတို့အတွက် ဤည၌ သင့်တော်သော အစားအစာနှင့် နားနေရန် နေရာတို့ကို အဖိုးတို့က စီစဉ် ခိုင်းစေပေးပါတော့`` လို့ဆိုပြီး အဲဒီညက အဖိုးအို ငါးဦးရဲ့ အကူအညီနဲ့ မင်းသားလေးရော အဖိုးအိုတို့ပါ ကောင်းစွာ စားသောက်အိပ်စက်ကြရသတဲ့။

          နောက်နေ့မနက်မှာ မင်းသားလေးဟာ သူ့ရဲ့ ပညာမသင်ဘဲ တေလေနေခဲ့သဖြင့် ယခုသေဘေးနှင့် ကြုံရပုံ ဂါထာလေးတစ်ပုဒ်သင်ခဲ့ရသဖြင့် ၎င်းဂါထာလေးကပင် မိမိ၏ အသက်ကို ကယ်တင်ပေးခဲ့ပုံ ယခုအခါ ပညာကို အလွန်သင်ချင်ကြောင်း အဖိုးငါးယောက်ကို ပြောသတဲ့။

          ဒီတော့ အဖိုးအိုတစ်ယောက်က---

          ``အသင်မင်းသာ  ကျွန်ုပ်တို့ ငါးဦးစလုံး၌ တစ်မျိုးစီသော ပညာရပ်တို့ကို တဖက်ကမ်းခတ် တတ်ကျွမ်းကြ၏----

          ဤအဖိုးကား ဗေဒင်ပညာရပ်တွင် တစ်ဖက်ကမ်းခတ် တတ်မြောက်ပေ၏
          ဤအဖိုးကား ဆေးဝါးပညာရပ်တွင် တစ်ဖက်ကမ်းခတ်တတ်မြောက်ပေ၏
          ဤအဖိုးကား နက္ခတ်တာရာ ပညာရပ်တွင်တစ်ဖက်ကမ်းခတ်တတ်မြောက်ပေ၏
          ဤအဖိုးကား ဗိသုကာ ပညာရပ်တွင် တစ်ဖက်ကမ်းခတ်တတ်မြောက်ပေ၏

          အကျွန်ုပ်မှာကား တိရိစ္ဆာန်တို့၏ ပြောသောစကားကို နားလည်သည့် မာဂဓဘာသာ ရပ်တွင် တစ်ဖက်ကမ်းခတ် တတ်ကျွမ်းပေ၏။  ဤ အကျွန်ုပ်တို့ တတ်ကျွမ်းသော ပညာရပ်တို့ကို အသင်မင်းသား သင်ယူချင်သည်ဆိုပါက အကျွန်ုပ်တို့သည် ဝမ်းသားအားရ သင်ကြားပေးလိုပါသည်။ အကျွန်ုပ်တို့သည် တိုက်ခိုက်ရေးပညာ မတတ်သဖြင့် လူရိုင်းများ၏ အကျဉ်းသားဖြစ်ခဲ့ရသော်လည်း အကျွန်ုပ်တို့၏ အတတ်ပညာများကို သူတို့ အသုံးပြုလိုသောကြောင့် ယနေ့ အသက်အရွယ်အထိ သေဘေးမှ လွတ်ခဲ့ရပါသည်။ ယခုအခါ အကျွန်ုပ်တို့သည် အသက်အရွယ်ကြီးရင့်ပြီဖြစ်၍ အကျွန်ုပ်တို့ကို ယစ်ပူဇော်ပါက ငယ်ရွယ်သော ပညာရှင်များကို နတ်မင်းကြီးက ပေးပို့မည်ဟူသော နတ်ဆရာ၏ စကားကို ယုံပြီး ကျွန်ုပ်တို့ကို သတ်ဖြတ်ပူဇော်ရန် ယစ်သဘင်ကျင်းပကြခြင်းဖြစ်သည်။ 

          ယခုအခါ အသင်မင်းသားလေး၏ ကျေးဇူးကြောင့် အသက်ရှင်ခဲ့ရခြင်းဖြစ်ပြီး အသင်မင်းသားလေး လိုလိုလားလား သင်ကြားလိုပါက ကျွန်ုပ်တို့တတ်သော ပညာများကို မချွင်းမချန် သင်ကြားပေးပါမည်ဟု ဆိုကာ မင်းသားလေးအား ထိုနေ့မှာစ၍ သင်ပေးလေ၏။

          မင်းသားလေးလည်း အဖိုးအိုတို့သင်ပေးသော ပညာရပ်များကို ကောင်းစွာ သင်ယူ လေသတဲ့။ နောက်ဆုံးအဖိုးအိုရဲ့ မာဂဓဘာသာစကားကို သင်ယူတတ်မြောက်တဲ့အခါ တိရိစ္ဆာန်တွေရဲ့ စကားကို ကောင်းစွာ နားလည်လာပြီး အဲဒီတုန်းက ငှက်ကလေးရဲ့ အော်မြည်တွန်ကြူးသံကို ပြန်လည် ကြားယောင်မိ ကာ `` ငါမှားလေပြီ   ------ ငါသည် ပညာမတတ်သောကြောင့် ကျေးဇူးရှင်ကိုပင် ကျေးဇူးရှင်မှန်းမသိ ရိုက်သတ်စားမိပေပြီ ``ဟု များစွာ စိတ်မကောင်းပဲ သည်းထန်စွာ ငိုကြွေး လေသတဲ့။

          အဖိုးတို့က---

          ``ကဲ ငါ့တပည့်   ဖြစ်ပြီးသမျှကိစ္စတို့ကို  ငိုကြွေးရုံမျှဖြင့် မပြီးပါ။ သင်သည် အသက်ငယ်သေးသည် ဤတောကြီးထဲ၌ ဘဝကို မမြှုတ်နှံပါနှင့် ကျွန်ုပ်တတ်ထားသော ဗေဒင်ပညာအရ သင်သည် လူတွေ၏ ဘုရင် အရှင်သခင်ဖြစ်ရပါမည်။ သင့်ကို သင်ပေးသော နက္ခတ်ပညာဖြင့် သင်သွားလိုရာလမ်းသို့ လမ်းမမှားပဲရောက်ပါ မည်။ တောလမ်းခရီးတွင် နေထိုင်မကောင်းပါက ဆေးဝါးပညာလည်း ကောင်းစွာ တတ်မြောက်ပြီးပေပြီ။ စခန်းချ နားနေရန် လိုပါက အန္တရာယ်ကင်းသော စခန်းများကို လည်း ဗိသုကာ ပညာဖြင့် ကောင်းစွာ ဆောက်တတ်ပြေပြီ။ ယခုသင်ငိုကြွေးနေသော ငှက်ကလေးနှင့်ပတ်သတ်၍လည်း သင်တတ်မြောက်သော မာဂဓ ဘာသာဖြင့် ရှင်းလင်းတောင်းပန်မည်ဆိုပါက တိရိစ္ဆာန်အပေါင်းက ခွင့်လွှတ်ပြီး အသင်မင်းသားလေးကို များစွာ ကူညီကြမှာဖြစ်ကြောင်း -- အကျွန်ုပ်တို့မှာမူကား အသက်အရွယ်အားဖြင့် အိုမင်းရင့်ရော်ကြပေပြီ။ ယခုလည်း အသင်မင်းသားလေး၏ ကျေးဇူးကြောင့် လူရိုင်းတွေကို ကောင်းစွာစေခိုင်းနိုင်နေပြီမို့ အကျွန်ုပ်တို့အား နောက်ဆံမတင်းဘဲ သင့်ဖခင် ၏တိုင်းပြည်သို့ သွားပါလော့။ သင်သည် အသက်ရှင်သမျှ ကာလပါတ်လုံး လူသားများကို အကျိုးပြုသော အတတ်ပညာများကို ကြိုးစားသင်ယူပြီး ပြန်လည် ဖြန့်ဝေသင် ကြားပေးပါ ``ဟု ရှည်လျားစွာ ဆုံးမစကားပြောကြားပြီး စားနပ်ရိက္ခာခြောက်များနှင့် လူရိုင်းများ၏ အကူအညီ ကိုယူကာ မင်းသားလေးပြုတ်ကျခဲ့သော ချောက်ကမ္ဘားပေါ်သို့ရောက်အောင် ပို့ပေးလိုက်ကြလေ၏။ 

          မင်းသားလေးလည်း အဖိုးအို ငါးယောက်ကို လက်ပြနှုတ်ဆက်ကာ ၇- ရက်ခန့်ခရီးနှင်ပြီးမှ မင်းသားလေး၏ ဖခင် တိုင်းပြည်ကို ရောက်ရှိသွားလေတော့တယ်။ မင်းသားလေးလည်း ဖခင် ဘုရင်ကြီးကို ဖြစ်ကြောင်းကုန်စင် အားလုံးလျှောက်ထားပြီးခွင်လွတ်ဘို့ တောင်းပန်တဲ့အခါ မင်းကြီးလည်း အသိအလိမ္မာနဲ့ ပြည့်စုံလာတဲ့ မင်းသားလေးကို ကြည့်ပြီး ဝမ်းသာစွာ သာဓုအကြိမ်ကြိမ်ခေါ်ကာ မင်းသားလေးကို ထီးနန်းလွှဲအပ်ပြီး ရဟန်းပြုကာ ငြိမ်းချမ်းစွာ နေသွားသတဲ့ကွယ်။    



ကိုစိုးနိုင်