ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, September 14, 2013

ခရုနဲ့အတု

ခရု နဲ့ အတု (နန္ဒာသိန်းဇံ)


လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှု့မှာ နှစ်ခြိုက်စွာ ပြောဆိုကြ နားထောင်ခဲ့ကြတဲ့ ဒဏ္ဍာရီပုံပြင်တွေရှိတယ် ။ ဒီဒဏ္ဍာရီတွေကို အလကားဟာတွေပဲဆိုပြီး မပစ်ပယ်သင့်ဘူး ။ အမြတ်တနိုးကို ထိန်းသိမ်းထားသင့်တယ်။
ဘာလို့လဲဆိုတော့ အဲဒီဒဏ္ဍာရီပုံပြင်တွေဟာ သက်ဆိုင်ရာလူမျိုးတွေရဲ့ ဘ၀အမြင်တွေ ၊ လောက အမြင်တွေ ကိုယ်ကျင့်တရားဆိုင်ရာ ယူဆချက်တွေကို ထင်ဟပ်ပြနေတာတွေဖြစ်လို့ပဲလို့ တစ်ချို့ကယူဆကြတယ်။
ဒီယူဆချက်ကို ကြိုက်နှစ်သက်သူ ရှိချင်လည်းရှိ မှာပေါ့ ၊ မကြိုက်သူတွေလည်း ရှိချင်ရှိမှာပေါ့ ။

ကျွန်တော့်အဖို့ကတော့ ဒဏ္ဍာရီပုံပြင်တွေကို ဒီနေ့မျက်မှောက်ခေတ်ပန်းချီးကားချပ်တွေလိုပဲ သဘောထားမိပါတယ် ။ ယဉ်ကျေးမှုတစ်ရပ်မှာရှိတဲ့ ဒဏ္ဍာရီပုံပြင်တွေကိုလည်း ကျွန်တော်က အနုပညာဖွဲ့စည်းမှု့တွေအဖြစ် မြင်တယ် ။ ဒီပုံပြင်တွေဟာ နက်ရှိုင်းတဲ့ အသိပညာအမြင်တွေ ဖြစ်ပေါ်အောင် လှုံ့ဆော်ပေးတတ်သေးတယ်လို့လည်း ထင်တယ် ။

ကျွန်တော်တို့ မြန်မာယဉ်ကျေးမှု့ပုံပြင်တစ်ခုကို ကျွန်တော်ပြောပြမယ် ။ဒီပုံပြင်ကို ခင်ဗျားတို့လည်းကြားဖူးပြီးသားဖြစ်မယ် ။ ဒါပေမယ့် ဒီပုံပြင်ဟာ ကျွန်တော့်ကို ဘယ်လိုခံစားစေတယ် ၊ ဘယ်လိုအသိမြင်မျိုးရအောင် လှုံ့ဆော်တယ်ဆိုတဲ့နေရာရောက်တော့ သူများတွေနဲ့ ကျွန်တော် ဘယ်လိုခြားနားသွားတယ် ဆိုတာသိမယ် ၊အဲဒီလို ခြားနားတဲ့ ခံစားမှု့ ခြားနားတဲ့ အမြင်ဖြစ်အောင် လှုံ့တော်ဖန်တီးနိုင်တာဟာလဲ အနုပညာဖွဲ့စည်းမှု့တစ်ရပ်ရဲ့ ထူးခြားချက်လို့ ကျွန်တော်ပြောချင်လို့ပါ ။
ပုံပြင်က ဒီလိုပါ ။
နှေးကွေးလွန်းစွာ လမ်းမှာသွားနေတဲ့ ခရုပက်ကျိနဲ့ မြင်းနဲ့ လမ်းမှာဆုံတော့ မြင်းက သရော်ပြောင်လှောင်တဲ့ လေသံနဲ့ မြန်တဲ့သူကို နှေးတဲ့သူက အမြဲပဲ လမ်းဖယ်ပေးရတယ် လို့ ခရုပက်ကျိကိုပြောတယ် ။ ပြောင်လှောင်သရော်တာကို မကြိုက်နိုင်ကြဘူးမဟုတ်လား ။ ဒီတော့ မခံချင်စိတ်နဲ့ ခရုပက်ကျိက တို့ခရုပက်ကျိတွေဟာ ပြိုင်ပွဲကျမှ မြန်ကြောင်းပြသူတွေဖြစ်တယ်လို့ မြင်းကိုပြန်ပြောတယ် ။ သူ့စကားကလိုအပ်မှ မြန်မြန်ပြေးတယ် မလိုအပ်ပဲ သင့်လို ဟိုပြေးလိုက် သည်လွှားလိုက် လုပ်နေတာ မဟုတ်ဘူးလို့ ပြန်ပြီး ခနဲ့လိုက်တာ ဖြစ်တယ် ။ ခရုပက်ကျိ စကားကိုကြားတော့ မြင်းက တ၀ါးဝါး နဲ့ ဟားတိုက်ရယ်ပစ်လိုက်တယ် ၊ ဒီအခါမှာ ခရုပက်ကျိက ဒါဆိုပြိုင်ပြေးမလား လို့ မြင်းကို စိန်ခေါ်လိုက်တယ် ။ မြင်းကလဲ သူ့စိန်ခေါ်ချက်ကို လက်ခံလိုက်တယ် ။ ဒါနဲ့ ခရုပက်ကျိနဲ့ မြင်းဟာ ဘယ်နေ့ ဘယ်အချိန်မှာ အပြေးပြိုင်မယ်လို့ ချိန်းဆိုလိုက်တယ် ။
ခရုပက်ကျိဟာ သူနဲ့အသွင်တူ ခရုပက်ကျိတွေကို ဆင့်ခေါ်ပြီး “ ဟေ့ ဒီမှာ ငါပြောမယ် ၊ မြင်းသားဟာ ဆေးဖက်ဝင်တယ် မြင်းသားကို စားပြီးရင် ကိုယ်လက်ညောင်းညာ ကိုက်ခဲတာတွေ ပျောက်ကင်းနိုင်တယ် ။ မင်းတို့ မြင်းသား မစားချင်ကြဘူးလား “ လို့မေးတော့ တခြား ခရုပက်ကျိတွေကလည်း မြင်းသား စားလိုကြောင်း ပြောကြတယ် ။ ဒီလိုဆို ငါအခုပြောတာကို သေချာနားထောင် မင်းတို့တွေ ဟောဟိုလမ်းတစ်လျှောက်မှာ တန်းစီရမယ် ၊ မင်းတို့ တန်းစီတဲ့ အခါမှာ တစ်ဦးနဲ့ တစ်ဦးကြား တစ်ဖာလုံစီခြားပြီး ခရီးမိုင်ဝေးနိုင်သလောက် ဝေးအောင် စီရမယ် ။ မြင်းက ပြေးတုန်းပဲလားလို့ မင်းတို့ကို လှမ်းမေးတိုင်း ပြေးတုန်းပဲ လို့လည်း ဖြေရမယ် ။ ကဲ အလုပ်စကြတော့ လို့ ညွှန်ကြားပြီး ခုရုဟာ အိပ်ယာဝင်သွားတယ် ။

ချိန်းဆိုထားတဲ့ အချိန်ရောက်တဲ့အခါမှာ မြင်းဟာ ခရုပက်ကျိ ဆီကို ရောက်လာပြီး ခနဲ့တဲ့တဲ့လေသံနဲ့ ဘယ်လိုလဲ အပြေးသမားကြီး ပြိုင်ပွဲ့ဝင်ဖို့ အဆင်သင့်ဖြစ်ပြီလား လို့ ဆိုတော့ ခုရုပက်ကျိကလည်း အဆင်သင့်ရှိပါကြောင်း ပြန်ပြောတယ် ။ ပြီးတော့ ခရုပက်ကျိက မြင်းကို ပြိုင်ပွဲနဲ့ ပတ်သတ်ပြီး လိုက်နာရမယ့် အချက်တွေကိုပြောတယ် ။ အပြေးပြိုင်တဲ့ အခါမှာ ပြိုင်ဘက်ကို ကျော်နိုင်မှ နိုင်တယ်လို့ ပြောရမှာ ဖြစ်တယ် ။ ဒီတော့ ပြေးတဲ့အခါမှာ ကိုယ့်ပြိုင်ဘက်ဟာ ကိုယ်နဲ့အတူ ပြိုင်နေသလား ကျန်ခဲ့လားဆိုတာ သိရအောင် တစ်ဖာလုံရောက်တိုင်း ကိုယ့်ပြိုင်ဘက်ကို ခေါ်ကြည့်ရမယ် “ လို့ ခရုပက်ကျိက မြင်းကိုပြောပြတယ် ။ မြင်းကလဲ သူပြောတာကို သဘောတူလိုက်တယ် ။ပြိုင်ပွဲစတယ် ။
မြင်းဟာ လွင့်နေအောင်ပြေးတယ် ။ခရုပက်ကျိကတော့ အေးဆေးပဲလျှောက်နေတယ် ။ ပထမတစ်ဖာလုံရောက်တော့ မြင်းက အော်ပြီး ခရုပက်ကျိကို ခေါ်ကြည့်တယ် ။ “ ဟေ့ အပြေးသမားကြီး ပြေးတုန်းလား လို့ ခေါ်ကြည့်တော့ တစ်ဖက်က အသံပေါ်လာတယ် ၊ ပြေးတုန်းပါပဲ တဲ့ ။ ဒီလိုဖြေသံကြားတော့ မြင်းဟာ အကြီးအကျယ် အံ့သြသွားတယ် ၊ မြင်းက အပြေးရပ်ပြီး ဘေးဘက်ကို လှမ်းကြည့်တော့ အဟုတ်မှ အေးအေးလူလူ လျှောက်နေတဲ့ ခရုပက်ကျိကို မြင်ရတယ် ။ မြင်းခမျာ အ,ပါ့ သူ့ဘေးမှာ လျှောက်နေတဲ့ ခရုပက်ကျိဟာ သူနဲ့ တစ်ကယ့်ပြိုင်ဘက် ခရုပက်ကျိမဟုတ်မှန်းမသိရှာဘူး ၊ မူကက ခရုပက်ကျိလို့ပဲထင်မှတ်နေတယ် ။ ဒါနဲ့ မြင်းက အေးမင်းကို နောက်တစ်ဖာလုံမှာတော့ ကောင်းကောင်းကြီး ကျော်ပြလိုက်မယ်ဟေ့ ဆိုပြီး ပြေးတယ် ။ နောက်တစ်ဖာလုံရောက်တော့ ဒီတစ်ခါတော့ လုံးဝကို ကျန်ခဲ့ပြီအထင်နဲ့ မြင်းက ခရုပက်ကျိဆီ အော်ပြီးတော့ ပြေးတုန်းလား မေးတယ် ။ ပြေးတုန်းပဲလို့ ခရုဆီက အသံပေါ်လာပြန်တယ် ၊ ဒီခရုပက်ကျိကိုလည်း မူလက ခရုပက်ကျိလို့ပဲ မြင်းက ထင်မှတ်နေတယ် ၊ ခရုပက်ကျိ အတုမှန်းမသိတဲ့ မြင်းဟာ စိတ်တိုလာပြီး မြန်သထက်မြန်အောင်ပြေးတယ် ၊ ဒါပေမယ့် တစ်ဖာလုံတိုင်းမှာ ခရုပက်ကျိကို တွေ့နေရတယ် ။ နောက်ဆုံးတော့ မြင်းဟာမောပန်းလဲကျပြီး အသက်ကုန်သွားတယ် ။ အဲဒီမြင်းသေရဲ့ အသားကို ခရုပက်ကျိတွေက ၀ိုင်းအုံပြီး စားကြတယ် ။

ဒီပုံပြင်က ခရုပက်ကျိတွေ အဲဒီတုန်းက မြင်းသားစားခဲ့ကြလို့ ယနေ့ထိ ခရုပက်ကျိတွေမှာ ကိုယ်လက်ညောင်းညာ ကိုက်ခဲခြင်းတွေ မရှိကြတာလို့ ပြောလိုရင်း ဖြစ်ပါလိမ့်မယ် ။
မြင်းသားစားရလို့ တကယ်ပဲ ကိုယ်လက်ကိုက်ခဲ ညောင်းညာမှု့ ပျောက်, မပျောက်ဆိုတာကတော့ ကိုယ်တိုင်လည်း ခရုပက်ကျိ မဟုတ်တော့ မသိနိုင်ဘူးပေါ့ ဗျာ။ ထားပါတော့ …..။

ငယ်ငယ်တုန်းကလည်း ဒီပုံပြင်ကလေးကို နားထောင်ရရင် ကြိုက်တယ် ၊ အခု ကြီးလာတော့လည်းကြိုက်တယ် ၊ ပိုပြီးတောင် ကြိုက်လာတယ်လို့ ပြောချင်တယ် ။ အနုပညာဖွဲ့စည်းမှု့ဆိုတာ ကိုယ့်အရွယ် ကိုယ့်အသိနဲ့ အမျိုးမျိုးခံစားနိုင်တယ် ။
ငယ်ငယ်တုန်းက အဲဒီပုံပြင်ကို နားထောင်တုန်းက မြင်းကို အ,တဲ့ ၊ န, တဲ့ အကောင်ကြီးလို့ မြင်မိတယ် ။ အခုကြီးလာမှ ငါလည်း အဲဒီမြင်းလို အ, ပါ ၊ န, တဲ့ အကောင်ကြီးလို့ မြင်မိတယ် ။ အခုကြီးလာမှ ငါလည်း အဲဒီမြင်းလို အ,ပါ ၊ န ,ပါ လားလို့ မြင်လာတယ်ဗျာ ။ မော်လီကျူးတွေ ၊ ဆဲလ်ခန္ဓာရဲ့ ဖွဲ့စည်းနေပုံ တွေ အကြောင်း သင်တန်းသားတွေကို သင်ပြတိုင်း အယောင်ဆောင် ခရုပက်ကျိအတုကို တကယ်အစစ်ထင်ပြီး ပြေးပြီးရင်းပြေးတဲ့ ပုံပြင်ထဲက မြင်းနဲ့ ကိုယ့်ဘ၀နဲ့ နှိုင်းမိ ၊ နေမိတယ် ။

ကျွန်တော်တို့ ခန္ဓာကိုယ်က ကလာပ်စည်းဆဲလ်တွေဟာ အကြောင်းအမျိုးမျိုးနဲ့ ပျက်ပြီးရင်း ပျက်နေကြတယ် ။ အသစ်အသစ် ဆဲလ်တွေကလည်းဖြစ်နေကြတယ် ၊ အဲဒီဆဲလ်တွေရဲ့ ဖြစ်ပျက်မှု့ အစဉ်ကို တကယ်ရှိနေ ၊ တည်နေတဲ့ အစုအဝေး ခန္ဓာကိုယ်လို့ ကျွန်တော်တို့က ထင်တယ် ။ ငါပဲ ၊ ငါ့ခန္ဓာပဲလို့ ထင်နေတယ် ၊ စောစောက ကလာပ်စည်းဆဲလ်တွေဟာ အခု ခန္ဓာကိုယ်မဟုတ်တော့ဘူးလို့ မမြင်နိုင်ဘူး ။ အခုခန္ဓာကိုယ်ဟာ မူလခန္ဒာကိုယ် ၊ အရင်က ခန္ဓာကိုယ် မဟုတ်တော့ဘူးဆိုတာကို မမြင်နိုင်ဘူး ၊ သူ၊ ငါ ၊ ယောက်ျား ၊ မိန်းမ လို့ ထင်နေတယ် ………..
ပြောခဲ့ပါရော ဗျာ အပြေးပြိုင်ပွဲက မြင်းဟာ အတော့်ကို အ , တယ်ဆိုတာလေ၊ နောက်တစ်ဖာလုံတိုင်းမှာ တွေ့မြင်နေတဲ့ ခရုပက်ကျိကို မူလပက်ကျိ မဟုတ်မှန်း မြင်းခမျာ မသိရှာဘူး ၊ ဒီလိုပြောပေမယ့် မြင်းကို ကျွန်တော် ခွင့်လွှတ်ပါတယ် ဗျာ ။ဘာကြောင့်လဲဆိုတော့ ကျွန်တော် ကိုယ်တိုင် အ, ရုံမက မိုက်မဲနေတာ မြင်မိလို့ပါ ။ ကလာပ်စည်းဆဲလ်တွေရဲ့ ဖြစ်မှု့ပျက်မှု့ တွေအကြောင်း ပြောနေပေမယ့် ငါဟာ ငါမဟုတ်ပါလား ဆိုတာကို မြင်အောင် မလုပ်နိုင်စွမ်းသေးဘူး ။ ငါစွဲ တွေ တန်းလန်းနဲ့ ငါပြီး ရင်း ငါ သံသရာ တစ်ကြောမှာ ပြေးပြီးရင်း ပြေးနေမယ့် သံသရာ အပြေးသမား ကျွန်တော့ အဖြစ်ကို မြင်ယောင်နေပါတယ် ။

ဆရာနန္ဒာသိန်းဇံ ရဲ့ မနက်ဖြန်များကို ဖြတ်သန်းနေသောစိတ်ကူးများ ၊ စာအုပ်မှ ကူးယူဖော်ပြပါသည် ။
မေတ္တာဖြင့်
M Sai Mon Thar

No comments:

Post a Comment