ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Tuesday, September 11, 2012

ဘရိန်းဝက်ခ်ျ(၂)

စတုတ္ထနည်းလမ်းကတော့ ခံစားချက်ကို ခေါင်းပုံဖြတ်တာပါ ။ ဆောင်းပါးတစ်ပုဒ်ရဲ့အစမှာ " ကျွန်တော့် ဆောင်းပါးကို တော်ရုံတန်ရုံ ပညာအခြေခံမျိုးနဲ့တော့ ဘယ်နားလည်နိုင်မလဲ .." ဆိုပြီး အစချီထားလိုက်တယ် ဆိုရင် ဆောင်းပါးကြီးက အသုံးမကျမှန်း သိနေပေမဲ့ မဝေဖန်ရဲတော့ဘူး ။ ဝေဖန်လိုက်ရင် ကိုယ်ပါ ပညာအခြေခံမကောင်းလို့ နားမလည်တဲ့သူ ဖြစ်သွားတော့မှာကိုး ။ လူဆိုတာ အဲဒီလို ကိုယ့်ကိုယ်ကို မသေချာမရေရာလေ့ရှိတဲ့ သက်ရှိတစ်မျိုးဖြစ်ပါတယ် ။ ဒီအားနည်းချက်ကြောင့် သူများအမြတ်ထုတ်တာကို ခံနေကြရတာပါ ။ တကယ်တော့ မကောင်းတာကို မကောင်းဘူးလို့ မပြောရဲတဲ့အတွက် ပိုပြီးတော့လည်း ညံ့ရာ ရောက်သွားရပါတယ် ။

တခါတုန်းက သာယာဝတီမင်းဟာ ကြက်ဟင်းခါးရွက်အစိမ်းကို ငါးပိချက်နဲ့ တို့စားရတာ ခံတွင်းတွေ့တော်မူတယ် ။ အဲဒါကို မူးကြီးမတ်ကြီးတွေကို စားခိုင်းတော့ ခါးလွန်းလို့ မစားနိုင်ကြဘူး ။အဲဒီတော့ ကြိတ်မိတ်မြိုချရင်း ပြုံးနေကြတာကို တွေ့သွားတဲ့အခါ ' ဘာပြုံးတာလဲ' လို့ မင်းကြီးကမေးတယ် ။ ဒီတော့ အမတ်ကြီး ဦးပေါ်ဦးက မင်းကြီးကို " နတ်ဝတ်ပုဆိုး တိမ်မီးခိုး "ဆိုတဲ့ပုံပြင်ကို လျောက်ထားခဲ့တယ် ။ တခါတုန်းက ဘုရင်ကြီးကို ရုက္ခစိုးက ' နတ်ဝတ်ပုဆိုး တိမ်မီးခိုး ' ဆိုပြီး ဘာမှမရှိတဲ့ဟာကို ရွှေကလပ်ပေါ်တင်ပြီး ဆက်သ သတဲ့ ။ ဘုန်းကံရှိသူတွေသာလျှင် မြင်ရမယ်လို့လည်း ဆိုလိုက်သေးတယ် ။ ဒီတော့ ဘုရင်ကြီးက ဘုန်းကံမရှိဘူးလို့ အထင်ခံရမှာစိုးလို့ ဘာမှမရှိတဲ့ဟာကြီးကို ၀တ်ဟန်ဆောင်တာကို မှုးကြီးမတ်ကြီးတွေက မကြည့်ရဲလို့ ခေါင်းငုံပြီးပြုံးနေကြရတဲ့ ပုံပြင်ပေါ့ ။ အမှန်တော့ အဲဒီရုက္ခစိုးဆိုတာကလည်း တကယ်မရှိခဲ့ပါဘူး ။ ဘုရင့်ဆုလာဘ်ကို မျှော်ကိုးတဲ့ တောတွင်းသားတစ်ယောက်က ရုက္ခစိုးကလွတ်လိုက်တာဆိုပြီး လူလည်လုပ်ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ် ။ ဒီပုံပြင်မှာလည်း မူကွဲရှိပါသေးတယ်။ အဲဒီမူကွဲပုံပြင်ထဲမှာတော့ ရက်ကန်းသည်က ဘုရင်ကြီးကို နတ်ဝတ်ပုဆိုး တိမ်မီးခိုးကို ဆက်သတယ်ပေါ့ဗျာ ။ ပြီးတော့ ငါးပါးသီလမလုံသူတွေ မမြင်ရဘူးဆိုပြီး လျှောက်ထားခဲ့တယ် ။မင်းကြီးက အဲဒီ နတ်ဝတ်ပုဆိုး တိမ်မီးခိုးကို  ၀တ်ပြီး တိုင်းခန်းလှည့်လည်ခဲ့ပါတယ် ။ တကယ်တမ်း မင်းကြီးမှာ ဘာပုဆိုးမှမပါဘဲ တွဲလောင်းကြီး ဖြစ်နေတာကို လူတိုင်းမြင်ပေမဲ့ ဘယ်သူမှမပြောရဲကြဘူး။ တနေရာမှာ ကလေးတစ်ယောက်က အမှန်ကို ထအော်တော့မှ အားလုံးဟာ ရက်ကန်းသည်ရဲ့ brainwash လုပ်တာခံလိုက်ကြရပြီဆိုတာကို သိလိုက်ကြရတာပါ ။ အဲဒီလိုအဖြစ်မျိုး ရှေးယခင်က ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ် ။

ပဉ္စမနည်းလမ်းကတော့ ဆောင်ပုဒ်တွေ ကြွေးကြော်သံတွေ ဖြစ်ပါတယ် ။ ဦးဦး မှော်ဆရာတို့ နိုင်ငံမှာလည်း နှစ်ပေါင်းများစွာ သတင်းစာတွေ ၊ ရုပ်မြင်သံကြားတွေ၊ ဗီဒီယိုတွေ ၊ လမ်းစုံလမ်းခွနေရာကောင်းတွေမှာ နှစ်ပေါင်းများစွာ မြင်တွေ့ခဲ့ကြရတဲ့ ဦးတည်ချက်ဆောင်ပုဒ်တွေ ၊ ကြွေးကြော်သံတွေက ဒီအချက်ထဲမှာ အကြုံးဝင်ပါတယ် ။ ကျနော့်တူလေးတွေ ငယ်စဉ်က မြန်မာ့ရုပ်မြင်သံကြားကပြသခဲ့တဲ့ စစ်ကားတွေကြည့်ပြီး ဗကပတို့ ၊ ကေအင်န်ယူတို့ကို အလွန်ဆိုးရွားတဲ့လူဆိုးဂိုဏ်းများအဖြစ်သာ အမြင်ရှိခဲ့ပါတယ် ။ သူတို့အမြင်မှာတော့ ဗိုလ်မြ ဆိုသူဟာ ဦးနှောက်မရှိတဲ့သူ၊ ကြောက်စရာကောင်းတဲ့ လူဆိုးကြီးပေါ့။ နိုင်ငံအနှံ့ တိုင်းရင်းသားသူပုန်ထရတဲ့ အကြောင်းရင်းတွေက ဘာလဲဆိုတာ သူတို့မှ မသိတာ ..

ဒီလိုဝါဒဖြန့်မှုများထဲမှာ ပညာရေးစနစ်ကိုအသုံးချခြင်းဟာလည်း အလွန်ဆိုးရွားပြီး ထိရောက်လွန်းတဲ့ အချက်တစ်ချက်ပါ ။ ဥပမာ သမိုင်းဘာသာရပ်တွင် မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေး ရည်ရွယ်ချက်ဖြင့် မရှိခဲ့တာကို အရှိလုပ် ၊ တကယ်ဖြစ်ခဲ့တာကို ဘာမှမဖြစ်ခဲ့သလို ဖျောက်ဖျက် ၊ မဖြစ်ခဲ့တာကို တကယ် ဖြစ်ခဲ့သလိုဖန်တီးပြီး သင်ကြားပေးမှုပါပဲ ။ ယခုခေတ်ကလေးအများစုသည် သမိန်ဗရမ်း နဲ့ တရုတ်စစ်သူကြီး ဂါမဏိ စီးချင်းထိုးပွဲ ၊ သမိန်ဗရမ်း နှင့် စလုံကျော်ခေါင် စီးချင်းထိုးပွဲမျိုးကို အဟုတ်ထင်နေကြတုန်းပါ ။ အမှန်တကယ်တော့ ဒီအဖြစ်အပျက်နဲ့ ပက်သက်ပြီး ခိုင်လုံတဲ့ သမိုင်းမှတ်တမ်းများလုံးဝမရှိဘဲ ထောက်ကွက် ဟာကွက်များနဲ့သာ ပြည့်နှက်နေတဲ့ ပုံတိုပတ်စသာဖြစ်ပါတယ် ။ နောက်ပြီး ၁၉၆၂ ခုနှစ်မှာ ဦးနေ၀င်းအစိုးရက တိုင်းပြည်ကို ချောက်ထဲကျတော့မဲ့ဆဲဆဲ လက်တစ်လုံးလောက်အလိုမှာ မတတ်သာတဲ့အဆုံး သမိုင်းပေး တာဝန်အရ ကယ်တင်လိုက်ရတယ်ဆိုတဲ့သမိုင်းကို ကျနော့်တူတော်မောင်တွေစိတ်ထဲ အဟုတ်မှတ်နေပါတယ်ဗျာ။ ဒါ့ပြင် သမိုင်းစာအုပ်ထဲမှာကိုပဲ နယ်ချဲ့အင်္ဂလိပ်ကို ကုလားဖြူဟု သင်ကြားခြင်း ၊ အိန္ဒိယသားများကို ကုလားဟုသင်ကြားခြင်းကလည်း ကလေးငယ်များကို ငယ်စဉ်ထဲက လူ လူခြင်း ခွဲခြားစိတ်ကို ရိုက်သွင်းပေးလိုက်ခြင်းလို့ပဲ မြင်ပါတယ် ။ အထက်ပါဥပမာတွေလိုပဲ သေးငယ်တဲ့ ကိစ္စလေးတွေကိုအကြောင်းပြုပြီး ကလေးသူငယ်တွေရဲ့စိတ်ထဲမှာ တဖြေးဖြေးနဲ့ လူမျိုးကြီးဝါဒ ၊ အစွန်းရောက်အမျိုးသားရေးဝါဒမှိုင်းမိလာပြီး ကိုယ်ပိုင်စဉ်းစားတွေးခေါ်နိုင်စွမ်း လျော့ပါးသွားကာ နောင်တွင်လည်း အလွယ်တကူ ဦးနှောက်ကျင်း ခံရနိုင်ပါတယ် ။

မြန်မာနိုင်ငံကို အင်္ဂလိပ်အုပ်စိုးစဉ်အခါကလည်း ကိုလိုနီပညာရေးတွင် နိုင်ငံတော်ဝါဒ ခေါ် အင်ပီရီရယ်လစ်ဇင်း ကို စာသင်ကျောင်းများတွင် တနည်းမဟုတ်တနည်း ထည့်သွင်းသင်ကြားခဲ့ပါတယ် ။ ဒါကြောင့် အင်္ဂလိပ်ဖတ်စာအုပ်တွေမှာ အင်္ဂလန်ဘုရင်ရဲ့ ဘုန်းကျက်သရေကြီးပုံတွေ ၊ မြန်မာဖတ်စာမှာ ဂျော့ဘုရင်ရဲ့ ဘုန်းတော် ဘွဲ့ရတုတွေ ၊ ပထ၀ီဝင်တွင် ဗြိတိသျှအင်ပိုင်ယာကြီး ကြီးကျယ်ပုံတွေ ၊ ဗြိတိသျှရာဇ၀င်တွေမှာ အင်္ဂလိပ်တို့ရဲ့စွမ်းရည်ထက်မြက်ပုံတွေကို အားပါးတရထည့်သွင်းသင်ကြားခဲ့ပါတယ် ။ ဒါတင်မကသေး မြန်မာရာဇ၀င်ကိုလည်း အင်္ဂလိပ်ပညာဝန် မစ္စတာ စီဒဗလျူကောက်က အင်္ဂလိပ်လိုရေးပြီး ကျောင်းသုံးစာအုပ်အဖြစ် သင်ကြားခဲ့ပါတယ် ။ ဒီလိုကျောင်းသုံးရေးရာမှာ ထင်ရှားအောင်ရေးတဲ့ အချက်တွေကတော့ (၁) မြန်မာမင်းများ ရက်စက်ပြီး အတွေးအခေါ်၊ စဉ်းစားဥာဏ်နည်းပုံ (၂) အင်္ဂလိပ်တို့က တရားသဖြင့်အုပ်ချုပ်သဖြင့် မြန်မာတို့ ကြီးပွားတိုးတက် အေးချမ်းသာယာရှိပုံကို အဓိကဖေါ်ညွှန်းထားခြင်းပဲ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာကလေးများ မိမိအမျိုးသားအုပ်ချုပ်ရေးကို ရွံမုန်းပြီး အင်္ဂလိပ်ကို အားကိုးနေစေရန် သွန်သင်ခြင်းဖြစ်ပါတယ် ။

နောက်ပြီး ကိုလိုနီခေတ်ကကျောင်းတွေမှာ ကျောင်းတက်ရင် God Save The King ဆိုတဲ့ ကျွန်သီချင်း ဆိုရတယ်။အခမ်းအနားတွေမှာ အဖွင့်အပိတ် အဲဒီသီချင်းဆိုရတယ်။ တကယ်တော့ ကိုလိုနီလက်အောက်ခံ များကို ကျွန်စိတ်ဝင်အောင် ရိုက်သွင်းနေခြင်းတစ်မျိုးပါ။ ဒါဟာ ကိုလိုနီပညာရေးစနစ်ရဲ့ ဦးနှောက်ကျင်းနည်း တွေပါပဲ ။

ဆဌမနည်းလမ်းကတော့ သင်္ကေတတွေပါ ။ ဥပမာ - အနီရောင်အောက်ခံ စတုရန်းကွက်ထဲက အဖြူရောင် စက်ဝိုင်းပေါ်မှာရှိတဲ့ အနက်ရောင်စကြာတံဆိပ်လိုဟာမျိုးကို ဆိုလိုတာပါ ။ ဒီဂျာမန်နာဇီပါတီရဲ့ စကြာတံဆိပ်ကို မြင်လိုက်ရတာနဲ့ နာဇီပါတီဝင်တွေရဲ့စိတ်ထဲမှာ ဂျူးလူမျိုးတွေကို သုတ်သင်သတ်ဖြတ်ချင်စိတ်တဖွားဖွား ပေါ်လာကြတာမျိုးပါပဲ။နာဇီပါတီက ဂျူးလူမျိုးတွေကို သုတ်သင်ခြင်းဟာ မှန်ကန်တယ်လို့ ၀ါဒဖြန့်ထားခဲ့တာကိုး။

ဒီတော့ အဲဒီလို ဦးနှောက်အကျင်းမခံရအောင် ဘယ်လိုလုပ်နိုင်မလဲ ?

ဦးနှောက်အကျင်းမခံရအောင် ကာကွယ်ဖို့အတွက် အချက် ၅ ချက်ရှိပါတယ် ။

ပထမအချက်က အခြေခံပညာရှိပြီး ဗဟုသုတကြွယ်ဝအောင် ကိုယ့်ဟာကိုယ် လုပ်ထားကြဖို့ပါပဲ။ အမှားအယွင်းဆိုတာ မသိခြင်းကစတယ်ဆိုတဲ့ စကားလည်း ရှိပါတယ် ။ကိုယ်ဟာ အကြောင်းအရာတစ်ခုကို အမှန်အကန်သိပြီဆိုတာနဲ့ အလိမ်ခံရနိုင်တဲ့အကြောင်းတစ်ခု လျော့သွားပြီလို့ မှတ်ပါ ။

ဒုတိယအချက်ကတော့ ခေတ်စကားနဲ့ပြောရရင် မပိန်းဖို့ လိုပါတယ် ။ ဥပမာ ခေါင်းလိမ်းဆီတစ်မျိုးဟာ ဆံပင်နက်တယ်ဆိုပြီး အတင်းကြော်ငြာပြီးရောင်းနေရင် အဲဒီဆေးထုတ်လုပ်သူတွေ ဘာကြောင့် သန်းကြွယ်သူဌေးမဖြစ်နေသေးတာလဲဆိုတာ ထည့်စဉ်းစားသင့်ပါတယ် ။ ဒီနေရာမှာပြောလိုတာက လုံးဝခါးခါးသီးသီး ငြင်းပယ်တဲ့သဘောတော့ မဟုတ်ပါဘူး ။ သဘာဝအတိုင်း ဆံပင်ပြန်နက်စေတဲ့ဆေးတွေ ပေါ်နေပါလား ဆိုတာကို သတင်းတစ်ရပ်အနေနဲ့တော့ လက်ခံထားရမှာ ဖြစ်ပါတယ်။

တတိယအချက်က မိမိရဲ့သိမြင်နိုင်တဲ့စွမ်းအားကို အသုံးချဖို့ပါပဲ ။ ဟိုဘက်အိမ်က အောင်ဘု စတော်ဘယ်ရီပင်ပေါ်က ပြုတ်ကျလို့ ခြေထောက်ကျိုးသွားတယ်လို့ ပြောလာရင် စဉ်းစားချိန်လည်းမရ ၊ အရေးလည်းမကြီးလို့ အေး အေး ဆိုပြီး ခေါင်းညိတ်ခဲ့ရင်တောင် ၊ နောက်ပြီးကျရင် စတော်ဘယ်ရီပင်ပေါ် လူတက်လို့ရလို့လားဆိုတာကို အေးအေးဆေးဆေး ပြန်စဉ်းစားကြည့်ဖို့ လိုပါတယ် ။

စတုတ္ထအချက်က ၀ါဂွမ်းကို ရေထဲနှစ်လိုက်သလို ကြားသမျှအကြောင်းအရာတွေကို အကုန်စုပ်မယူလိုက်ဖို့ပဲ ဖြစ်ပါတယ်။ ကြား ကြားသမျှအရာတွေမှန်သမျှ နှစ်မျိုးနှစ်စားပဲရှိပြီး အဲဒါတွေကတော့ ဖြစ်ရပ်မှန်နဲ့ ထင်မြင်ချက်တို့ပဲ ဖြစ်တယ်ဆိုတာကို သတိရနေရမှာပါ။ ကြားသမျှအကြောင်းအရာတွေကို နားထောင်ထားပြီး ဒီဟာတွေဟာ ဖြစ်ရပ်မှန်လား ၊ ထင်မြင်ချက်ကို ခံစားချက်ထည့်ပေါင်းထားတာလားဆိုတာ ဆန်းစစ်ရပါမယ် ။ ဒီနေရာမှာ ကိုယ်ကြားခဲ့တဲ့သတင်းရဲ့ ဇစ်မြစ်ကိုလည်း ထည့်စဉ်းစားရပါမယ် ။

ပဉ္စမအချက်ကတော့ ကိုယ်ကြားရတဲ့အချက်ကို လူအများဘယ်လောက်လက်ခံကြတယ်၊ ဘယ်လိုထင်မြင် ကြတယ်၊ ဘယ်လိုတုန့်ပြန်ကြတယ်ဆိုတာ လေ့လာစူးစမ်းဖို့ပဲ ဖြစ်ပါတယ် ။ ဒါဟာ အဖြေမှန်လို့ ဆိုလိုတာ မဟုတ်ပါဘူး ။ ဒီအချက်ပေါ်မှာအခြေခံပြီး ထပ်မံတွေးစရာတွေ အများအပြား ရှိလာနိုင်ပါတယ် ။ ကိုယ့်ရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းပေါ် မူတည်ပြီးတော့ပေါ့ဗျာ ...

ဒီအချက် ၅ ချက်ကို နားလည်မယ်ဆိုရင် ဦးနှောက်အကျင်းမခံရဘူးလို့  သုတေသီတွေက သုတေသနပြုပြီး တင်ပြထားကြပါတယ် ။

ဒါကြောင့် ကြက်ဟင်းခါးရွက် ချိုတယ်လို့ ဘယ်ရုက္ခစိုးက မစားရ၀ခမန်း ပြောနေ ပြောနေ ကိုယ်လေ့လာဆည်းပူးခဲ့တဲ့ ပညာဗဟုသုတတွေကို အခြေခံပြီး ကိုယ့်ဦးနှောက်ကို ကိုယ်အားကိုးခြင်းသည်သာလျှင် အမှန်ကန်ဆုံးနည်းလမ်းဖြစ်ပါတယ် ခင်ဗျာ ..။

( ဦးဦး မှော်ဆရာ )
Ref : New Leader by Edward Hunter
        Brainwashing : The Science of Thought Control by Kathleen Taylor
        နီမင်းဆွေ - နတ်ဝတ်ပုဆိုး တိမ်မီးခိုးနှယ်
        Propaganda Critic

No comments:

Post a Comment