ပညာရဲရင့်
ပွဲလည်တင့်
မင်းကြီးသာသနာ့ရိပ်ခိုသွားပြီး မင်းသားလေး
ထီးနန်းစိုးစံနေပြီဖြစ်ကြောင်း သတင်းစကားဟာ အနီးအနား တိုင်းပြည်တွေကို ပျံ့နှံ့သွားသတဲ့။
အဲဒီတိုင်းပြည်တွေမှာ ရောက်နေပြီး ရှင်ဘုရင်တွေကို မျှောက်ပင့် ကပ်ဖားကာ အမှုထမ်းနေတဲ့
တစ်ခါက မင်းသားလေးထံမှ ထွက်ပြေးသွားတဲ့ ချွေရံသင်းပင်း တွေဟာ သူတို့ရဲ့ ဘုရင်တွေကို
မင်းသားလေးရဲ့ပျော့ညံ့မှု ပညာမတတ်မှု ၊ အုပ်ချုပ်ရေး ၊ စီမံခန့်ခွဲရေး ၊ စစ်ရေး အစရှိတဲ့
မင်းရေးမင်းရာတွေ တစ်ခုမှမတတ်ဘဲ မကျွမ်းကျင်ဘဲ သူ့ဖခင်ဘုရင်ကြီးက ထီးနန်းလွှဲလိုက်တာဟာ
အခွင့်ကောင်းအခါကောင်းဖြစ်ကြောင်း ခုနေ သာယာဝပြောတဲ့ အဲဒီမင်းသားလေးရဲ့ တိုင်းပြည်ကို
လက်ဦးမှုယူကာ စစ်ထိုးပါက ကြက်ငှက် ဖမ်းရတာထက်ပင် လွယ်ကူပြီး အသင်မင်းကြီး၏ ဂုဏ်ကျက်သရေနှင့်
သြဇာတိက္ကမသည် လည်း ဆယ်ဆမက တိုးလာမှာဖြစ်ကြောင်း အားရဝမ်းသာ လျှောက်ထားကြသတဲ့။
(လောကမှာ
ကျေးဇူးတရားကန်းတတ်တဲ့ မျှောက်ပင့်စားတတ်သူ တွေကို ပညာမျက်စိနဲ့ကြည့်ပြီး ရှောင်ရှားသင့်
တာပေါ့)
ဒီလိုမျှောက်ပင့်ပြီး စစ်ထိုးဘို့ အကြံပေးကြတာဟာ
၇ - နိုင်ငံတောင်ရှိသတဲ့။ မင်းသားလေးရဲ့ ချွေရံသင်းပင်းဟောင်းတွေဟာ တိုင်းပြည်အသီးသီးကို
ထွက်ပြေးတိမ်းရှောင်သွားကြပြီး သူတို့ရဲ့ အကျင့်စရိုက် တွေအတိုင်း မင်းနားနေ မင်းအကြိုက်လိုက်ပြီး
မင်းမျှောင်လုပ်စားနေကြတာပေါ့။ ဒီလိုနဲ့ ၇-နိုင်ငံသော စစ်တပ်ကြီးတွေဟာ သူ့ထက်ငါ ဦးအောင်စစ်ထိုးဘို့
ပြင်ဆင်လာကြတာပေါ့။
ဒီသတင်းကို မင်းသားလေးရဲ့ မူးမတ်တွေအားလုံးသိသွားကြတော့
အားလုံးစိုးရိမ်ထိတ်လန့်သွား ကြသတဲ့။ တစ်နိုင်ငံချင်းဆိုရင် အမှုထားစရာတောင်မလိုပေမယ့်
၇- နိုင်ငံတစ်ပြိုင်တည်းစစ်ထိုးရင်တော့ မိမိတို့တပ်ကို ၇-စု ခွဲတိုက်ရမှာဆိုတော့ အရေးနိမ့်နိုင်တဲ့အတွက်
ခေါင်းချင်းဆိုင်ဆွေးနွေးနေကြတယ်တဲ့။
မင်းသားလေးကတော့ တောတွင်းက အဖိုးအိုတို့ရဲ့ သင်ကြားပြသခဲ့တဲ့
ပညာရပ်တွေရော ၊ သူကိုယ်တိုင်စဉ်းစားဆင်ခြင်နိုင်တဲ့ အသိဥာဏ်တရားတွေနဲ့ပါ ပြည့်ဝနေတဲ့သူဆိုတော့
အဲဒီ ၇-နိုင်ငံဟာ စည်းလုံးစွာနဲ့ အတူစစ်ထိုးကြမှာ မဟုတ်ဘူးဆိုတာ ယုံကြည်သိမြင်ပြီး
စိတ်အေးစွာနေသတဲ့။ နောက်ပြီး တောထဲမှာ လူရိုင်းတွေဆီက အံ့မခန်းတိုက်ကွက်တွေကို သူကိုယ်တိုင်
ပြန်လည်ပြုပြင် တီထွင်ထားတဲ့ တိုက်ခိုက်ရေးပညာတွေကိုလည်း အထူးအားထုတ်ပြီး လေ့ကျင့်နေသတဲ့။
တစ်လလောက်နေတော့ ၇- နိုင်ငံစစ်တပ်တွေဟာ
မင်းသားလေးရဲ့ နိုင်ငံနယ်နမိတ်ကို ဝိုင်းမိကြပြီး သူအရင်စစ်ထိုးမယ် ငါအရင်စစ်ထိုးမယ်လို့
ငြင်းခုံရင်း မသင့်မမြတ်ဖြစ်ကာ အချင်းချင်းရန်စောင်နေကြသတဲ့။
မင်းသားလေးလည်း ၇- နိုင်ငံမင်းတွေထံ သံတမန်စေလွှတ်သတဲ့။
သံတမန်တွေကတစ်ဆင့် ၇-နိုင်ငံ မင်းတွေထံ အကြောင်းကြားစေတာကတော့---
အကြည်တော်အဆွေတို့---------
အဆွေတော်တို့နှင့် စစ်ထိုးရန် အနည်းငယ် စိုးစဉ်းမျှ
စိုးရိမ်ကြောင့်ကြမှု မရှိသော်လည်း တိုင်းသူ ပြည်သားတို့ ဒုက္ခမရောက်စေချင်သဖြင့် ကျွန်ုပ်သည်
စစ်ကိုမလိုလားပါသောကြောင့် အသင်တို့ ကြိုက်နှစ်သက်၍ ယှဉ်ပြိုင်လိုသော ပညာရပ်တို့ကို
မူးမတ်ပရိဿတ်တို့၏ အလည်၌ ကျွန်ုပ်နှင့် မည်သည့် ပညာရပ်မဆို ယှည်ပြိုင်စေလိုပါသည်။
အကယ်၍ သင်တို့နိုင်သည်ဆိုပါက ကျွန်ုပ်တို့နိုင်ငံကို
သွေးမြေတစ်စက်မကျစေရဘဲ ပေးအပ်မည်ဖြစ်၍ ကျွနုပ်နိုင်ပါက သင်တို့ထံမှ အကျွန်ုပ်အလိုရှိသော
မင်းမှုထမ်းများကို ပေး၍ ငြိမ်းချမ်းစွာ တပ်ကိုပြန်လည်ဆုတ်ခွာရမည်။
ဤတောင်းဆိုချက်ကို လက်ခံပါက ချက်ချင်း အကြောင်းပြန်ပါ။
ဟုအဓိပ္ပာယ်ရသတဲ့။
မင်းအပေါင်းတို့လည်း မင်းသားလေးရဲ့တောင်းဆိုချက်ဟာ
သူတို့အတွက် ဘာမှ မထိခိုက်တာက တစ်ကြောင်း ၊ မင်းသားလေးရဲ့ အရည်အချင်းမှန်ကိုမသိကြဘဲ
မင်းမျှောင်ကပ်ဖားတွေဖြစ်တဲ့ မင်းသားလေးရဲ့ ချွေရံသင်းပင်းဟောင်းတွေရဲ့ စကားအရ မင်းသားလေး
ဟာ ဘာပညာမှ မတတ်ဘူးဆိုတာကို သိထားတာ ကတစ်ကြောင်း တက္ကသိုလ်မှ သူတို့ကိုယ်တိုင် မင်းသားလေးရဲ့အကြောင်းကို
သိထားပြီးဖြစ်လို့ စဉ်းစား ခြင်းတောင်မပြုဘဲ လွယ်ကူစွာ လက်ခံသဘောတူလိုက်ကြသတဲ့။
ဒီလိုနဲ့ ချိန်းထားတဲ့ရက်မှာ ထောင်သောင်းများစွာသော
မူးမတ်ဗိုလ်ပါ ပရိဿတ်ရဲ့အလယ်မှာ ကြီးမားတဲ့ စင်ကြီးထိုးပြီး လူထုအားလုံးဟာလည်း အုတ်အော်သောင်းနင်းနဲ့
ထင်မြင်ချက်အမျိုးမျိုးပေးနေကြ တာပေါ့။ များသောအားဖြင့် မင်းသားလေးကို အထင်သေးနေကြပြီး
ရူးသွားပြီလို့တောင် ပြောနေကြတာပေါ့။ လာပြီးစစ်ထိုးတဲ့ ၇- နိုင်ငံရဲ့ စဉ်းစားဥာဏ်ရှိတဲ့
မူးမတ်အချို့ကတော့ မင်းသားလေးရဲ့ သဝဏ်လွှာရပြီးကတည်းက မင်းသားလေးကို မထင်မသေးရဲကြဘူးတဲ့။
ယှည်ပြိုင်ရမယ့်အချိန်ရောက်တော့ သူအရင်ပြိုင်မယ် ငါအရင်ပြိုင်မယ်လုပ်နေကြတော့ မဲလိပ်နှိုက်ပြီး ရွေးချယ်ရတာပေါ့။
ပထမဆုံးယှဉ်ပြိုင်ဘို့မဲပေါက်တဲ့ နိုင်ငံရဲ့မင်းကြီးဟာ သူနဲ့ တက္ကသိုလ်မှာ အတူတတ်ခဲ့ဘူးပြီး
တိုက်ခိုက်ရေးမှာ တစ်ကျောင်းလုံးပထမ အနိုင်ရခဲ့တာကြောင့် အခြား ၆ -နိုင်ငံမင်းကြီးတွေဟာ
သူတို့တော့ မရနိုင်တော့ပါဘူးဆိုပြီး မကျေနပ်ကြဘူးတဲ့။
ယှဉ်ပြိုင်မယ့်စင်ပေါ်မှာ မင်းနှစ်ပါးဆုံတွေ့ကြပြီး ပြိုင်ဆိုင်ချင်တဲ့ ပညာကို
ရွေးစေတော့ မင်းသားလေး မျှော်လင့်ထားသလို ဓါးရေးကိုယှဉ်ပြိုင်မယ်လို့ အဆိုပြုသတဲ့။
ယှဉ်ပြိုင်မယ့်မင်းဟာ မင်းသားလေးကို အထင်သေးပြီး မြန်မြန်ပွဲပြီးစေတဲ့ သဘောနဲ့ မင်းသားလေးဆီကို
ကျားတစ်ကောင်ကဲ့သို့ ခုန်လွှားကာလက်သုံးတော်ဓါးနဲ့ မာန်ဟုန်ပြင်းစွာ စလွယ်သိုင်း ခုတ်ပိုင်းလိုက်တဲ့အခါ မင်းသားလေးလည်း လျှက်စီးလက်သကဲ့သို့ လွတ်ယုံမျှ
တိမ်းရှောင်လိုက်ပြီး ကိုင်စွဲထားသော ဓါးဖြင့် ကာထုတ်လိုက်ရာ ရန်သူမင်းရဲ့ ဓါးဟာ လေထဲမှာ
ဝါးတစ်ရိုက်ခန့် မြောက်တတ်သွားတယ်တဲ့။ မြောက်တတ်သွားတဲ့ ရန်သူမင်းရဲ့ ဓါးကို မြေမှာမကျစေဘဲ
လေထဲကို ဂျွန်းပြစ်ခုန်ပြီး ဓါးကို ဓါးခြင်း ခုတ်ပိုင်းလိုက်တဲ့အခါမှာ ``ချွင်`` ``ချွင်`` ဟု အသံထွက်လာပြီး မီးပွင့်သွားကာ ရန်သူ့ဓါးဟာ
နှစ်ပိုင်းပြတ်သွားပြီး မြေပေါ်ကျသွားသတဲ့။
ရန်သူမင်းဟာ မထင်မှတ်တဲ့ တိုက်ကွက်နဲ့ မင်းသားလေးရဲ့အံ့မခန်း
ခွန်အားတွေကို ကိုယ်တိုင်တွေ့လိုက်ရတော့ မယုံနိုင်လောက်အောင် ကျက်သေသေသွားကာ ငိုင်တွေနေသတဲ့။
ဒီအခွင့်အရေးဟာ ရန်သူမင်းကို အလွယ်တကူ သတ်ဖြတ်နိုင်ပေမယ့် မင်းသားလေးဟာ အလစ်အငိုက်ဖမ်း
ပြီး အနိုင်မယူချင်တာကြောင့် ဓါးတစ်လက်ကိုတောင်းစေပြီး နောက်တစ်ကြိမ်ယှဉ်ပြိုင်စေတယ်။
ရင်သူမင်းဟာ ဒီတစ်ကြိမ်တော့ လုံးဝအထင်မသေးရဲတော့ဘဲ
သတိကြီးစွာနဲ့ ပညာကုန်သုံးပြီး တိုက်ခိုက် တာပေါ့။ ကြည့်ရှု့နေတဲ့ မင်းပရိဿတ်အပေါင်းဟာလည်း
ရင်သတ်ရှု့မောစွာနဲ့ ``ဟာ``ကနဲ ``ဟယ်``ကနဲ ရင်ဘတ်ကိုဖိပြီး
အံ့သြဘနန်းကြည့်နေကြရသတဲ့။
ဘာဖြစ်လို့လဲဆိုတော့ မင်းသားလေးရဲ့ တိုက်ကွက်
၊ ကာကွက် ၊ ခံကွက် ၊ တတ်ကွက် တွေဟာ သူတို့တွေ တစ်ကြိမ်ခါမှ မမြင်ဘူးတဲ့ အကွက်ဆန်းတွေဖြစ်နေပြီး
ဓါးရေးသွက်လှသလို ကြည့်လို့လဲ အလွန်ကောင်းသတဲ့။
တိုက်ခိုက်ေ၇း ပထမရထားတဲ့ ရန်သူမင်းဟာ ဇီးကင်းလောက် ရှိတဲ့ချွေးတွေကျလာပြီး မောဟိုက်နေပေမယ့်
မင်းသားလေးကတော့ သာမန်ကစားနေသလောက်သာ ထင်ရသတဲ့။
မင်းသားလေးဟာ ရန်သူမင်းကို အသေသတ်နိုင်လောက်တဲ့
ဓါးကွက်တွေ အကြိမ်ကြိမ်ရပေမယ့် အသေမသတ်ဘဲ သူ့ဓါးကို ရန်သူမင်းရဲ့အနားက ကပ်ကာသီကာ
``ဝှစ်ကနဲ````ဝှစ်ကနဲ`` ခုတ်ပြနေတာ ကြောင့် ရန်သူမင်းဟာ အကြောက်တ၇ားဝင်လာပြီး ပွဲမပြီးခင်
ဒူးထောက်ကာ အရှုးံပေးလိုက်သတဲ့။
မင်းသားလေးရဲ့ မင်းပရိဿတ်သာမကဘဲ အားလုံးသော
၇-နိုင်ငံမင်းပရိဿတ်တွေဟာ အုတ်အော်သောင်းနင်း သြဘာပေးကြတာပေါ့။ စာချုပ်အတိုင်း မင်းသားလေးကို
``အဘယ် မင်းမှုထမ်းများအား အလိုရှိပါသလဲ`` လို့မေးတော့ မင်းသားလေးဟာ သူ့ကို စွန့်ပြစ်သွားပြီး
ရန်သူဘုရင်ထံ မှာ ခိုဝင်အမှုထမ်းနေတဲ့ တစ်ချိန်က သူ့ရဲ့ချွေရံ သင်းပင်းဟောင်းတွေကို
တောင်းယူလိုက်သတဲ့။
နောက်ထပ်ယှဉ်ပြိုင်ဘို့ နိုင်ငံတွေ ရွေးတော့
လေးနိုင်ငံရဲ့ ဘုရင်တွေဟာ မင်းသားလေးရဲ့ကြင်နာမှု ညှာတာမှု နဲ့ မင်းသားလေးရဲ့ အံ့သြစရာကောင်းတဲ့
ဓါးရေး ဓါးကွက် တွေကို မျက်မြင်တွေ့ကြရပြီး အလွန်လေးစား အထင်ကြီးသွားလို့ မယှဉ်ပြိုင်ကြတော့ဘဲ
မင်းသားလေး အလိုရှိတဲ့ မင်းမှုထမ်းတွေကို ကျေနပ်စွာ ဆက်သတဲ့အပြင် နှစ်စဉ်နှစ်တိုင်း
မင်းသားလေးကို အခွန်ငွေတစ်သိန်းစီ ဆက်သပါမယ်လို့ လိုလိုလားလား ဆန္ဒပြုကြသတဲ့။
ဒါပေမယ့် မင်းသားလေးကို ယှဉ်ပြိုင်လိုသေးတဲ့
နိုင်ငံနှစ်နိုင်ငံ ရှိနေသေးတယ်။ အဲဒီနှစ်နိုင်ငံ ဘုရင်နှစ်ပါးဟာ မယားညီအကို တော်ကြတယ်။
သူတို့နှစ်ဦးရဲ့ စွမ်းရည်ကတော့ ဆေးပညာမှာ တစ်ဖက်ကမ်းခတ် တော်ကြတာပဲ။ ဘယ်လောက်တော်သလဲဆိုရင်
တိုင်းသူပြည်သားတွေရဲ့ပါးစပ်ဖျားမှာ သေတဲ့သူကိုတောင် အသက်တဖန်ပြန်ရှင်စေအောင် ကုသပေးနှိုင်တယ်လို့
သတင်းကြီးနေတယ်။
မင်းသားလေးဟာ မည်သည့်ပညာမဆို ယဉ်ပြိုင်နိုင်ကြောင်း
လမ်းဖွင့်ထားတဲ့အတွက် သူတို့ရဲ့ ဆေးပညာမှာ ဘယ်သူမှ ယှဉ်ပြိုင်ဘက်မရှိဘူးလို့ ယုံကြည်ထားတော့
ဒီပွဲမှာ သူတို့ နိုင်မယ်လို့ အပိုင်တွက် ထားသတဲ့။
ဒါနဲ့ ယှဉ်ပြိုင်ဘို့အတွက် လိုအပ်တဲ့အစီအမံတွေလုပ်ဘို့
ငါးရက်တိတိ ရက်ချိန်းဆုတ်လိုက်သတဲ့။ အရှုံးပေးပြီးသာ ငါးနိုင်ငံရဲ့ မူးမတ်ဗိုလ်ပါအပေါင်းကလည်း
ဒီပွဲကို ကြည့်ချင်သေးတာကတစ်ကြောင်း အကယ်၍ မင်းသားလေး ရှုံးခဲ့ပါက ပြိုင်ပွဲကို မင်းသားလေးက
ရွေးချယ်ခွင့်မရှိလို့ တ၇ားမျှတမှုမရှိတဲ့အတွက် မင်းသားလေးပိုင်တဲ့ နှိုင်ငံကို သူတို့စစ်တပ်နဲ့
ပြန်လည်တိုက်ယူပေးဘို့ အချင်းချင်းတိုင်ပင်ထားကြသတဲ့။
မင်းသားလေးရဲ့ မူးမတ်အပေါင်းဟာလည်း မင်းသားလေး
ဘယ်လို ဆေးစွမ်းပြမှာလဲလို့ တွေးပြီး စိုးရိမ် နေကြတယ်။ နန်းတွင်းက ရှေးဟောင်း ဆေးကျမ်းတွေအားလုံး
စုစည်းပြီး ပြန်လည်လေ့လာကြ ၊ ဖတ်ရှု့ကြ ၊ စမ်းသပ်သုတေသနပြန်လုပ်ကြနဲ့ မင်းသားလေးကို
အကူအညီပေးနိုင်အောင် လုပ်ဆောင်နေကြသတဲ့။
မင်းသားလေးကတော့ စိုးရိမ်ပူပန်မှု မပြုဘဲ
ရန်သူမင်းနှစ်ပါးက ဘယ်လို ဆေးစွမ်းပြမှာလဲကိုသာ သူ့ရဲ့လူယုံတော်တွေကို လျှို့ဝှက်စုံစမ်းစေသတဲ့။
ပထမရက်မှာဘဲ ရန်သူမင်းတွေက ဘယ်လိုဆေးစွမ်းပြမယ် ဆိုတာ သိပြီး မူးမတ်တွေခေါ်ယူကာ မစိုးရိမ်ကြဘို့
မိမိနိုင်မှာဖြစ်ကြောင်းပြောပြကာ ကျန်လေးရက်ကို ပျော်ပွဲရွှင်ပွဲတွေ ကျင်းပစေပြီး မင်းသားလေးနဲ့
လူအချို့ကတော့ လျှို့ဝှက်ခန်းမကြီးထဲမှာ နေ့မနား ညမနား တစ်စုံတစ်ခုကို လေ့ကျင့်နေကြသတဲ့။
ဒီလိုနဲ့ ငါးရက်ပြည့်တော့ ပြိုင်ပွဲစကြတာပေါ့။
၇-နိုင်ငံက မင်းပရိဿတ်တွေရဲ့အလယ် စင်မြင့်ပေါ်မှာ လူတစ်ယောက်ကို ကားစင်နဲ့ ကြိုးချည်ထားတယ်။
ခဏနေတော့ လူသတ်သမား (လူ့ဘီလူးကြီး) တစ်ကောင်ဟာ ဧရာမ ဓါးကြီးကို ပုခုံးပေါ်တင်ပြီး စင်ပေါ်ကိုတတ်လာပြန်ပါတယ်။
လူ့ဘီလူးကြီးဟာ ကြီးမားတဲ့ ဓါးကြီးကို နေရောင်အောက်မှာ လက်ကနဲနေအောင် ထောင်ပြလိုက်ပြီး
ကားစင်မှာ တင်ပြီး ချုပ်နှောင်ထားတဲ့ အကျဉ်းသားရဲ့ ခြေနှစ်ဖက်ကို ပေါင်ရင်းကနေပြီး
ခုတ်ဖြတ်ပြစ်လိုက်သတဲ့။
အကျဉ်းသားရဲ့ စူးစူးဝါးဝါး နာကျင်လို့အော်တဲ့အသံ၊
ပရိဿတ်များရဲ့ ဟာ ကနဲ့ ဟင်ကနဲ အလန့်တကြားအော်ဟစ်သံ
၊ မကြည့်ရဲတဲ့ ပရိဿတ်လည်း မျက်နှာလွှဲလိုက်
ကြသတဲ့။ စင်ပေါ် မှာတော့ သွေးသံရဲရဲနဲ့ အကျဉ်းသားဟာ မေ့မြောနေတယ်။
လူ့ဘီလူးကြီးဟာ ဖြတ်ထားတဲ့
ခြေနှစ်ချောင်းကို ၇-နိုင်ငံက အကဲဖြတ်ဒိုင်လူကြီးတွေကို လိုက်ပြနေတယ်။ ပြီးတော့ ခြေနှစ်ချောင်းကို
အကျဉ်းသားနားမှာ ပြန်ထားပြီး ပရိဿတ်ကို အလေးပြု ပြန်ဆင်းသွားသတဲ့။
လူ့ဘီလူးကြီးဆင်းသွားတာနဲ့ ရန်သူမင်းနှစ်ပါးဟာ
ချွေရံသင်းပင်းတွေနဲ့ စင်ပေါ်ကို တတ်လာတဲ့အခါ ပရိဿတ်ကြီးဟာ အုတ်အော်သောင်းနင်း လက်ခုတ်တီး
အားပေးကြတာ သောသောညံသွားတယ်တဲ့။ ရန်သူမင်းနှစ်ပါးဟာ ပရိဿတ်ကို ဦးညွှအလေးပြုပြီး အနက်ရောင်
ပိတ်စနဲ့ အခန်းတစ်ခန်းသဖွယ် ပြုလုပ်လိုက်တယ်တဲ့။ ပရိဿတ်ဟာ အခန်းထဲမှာ ဘယ်လိုခွဲစိတ်ကုသနေမှန်း
မမြင်ရပေမယ့် ရင်တစ်ထိတ်ထိတ်နဲ့ အပ်ကျသံကြားရလောက်အောင် စိတ်ဝင်တစား စောင့်ကြည့်နေကြတယ်။
အတန်ကြာ မှ အနက်ရောင်လိုက်ကာစကြီးဟာ တဖြည်းဖြည်း ပွင့်လာပြီး ရန်သူမင်းနှစ်ပါးဟာ ပရိဿတ်ကို
အလေးပြုပြီး ပြန်ဆင်းသွားတယ်တဲ့။
ကျန်ခဲ့တဲ့ အခြွေအရံတစ်ယောက်က ကားစင်မှာ
ချည်နှောင်ထားတဲ့ အကျဉ်းသားကို ကြိုးဖြေပေးလိုက်တဲ့အခါ အကျဉ်းသားဟာ စင်ပေါ်မှာ သာမန်လူတစ်ယောက်လို
လမ်းလျှောက်ပြတော့ ပရိဿတ်ကြီးလည်း ဝက်ဝက်ကွဲမျှ လက်ခုပ်သြဘာပေးကြတာပေါ့။
မင်းသားလေးပြိုင်ဘို့ အလှည့်ကျရောက်လာတယ်။
အလှည့်မကျခင် အချိန်အနည်းငယ် ဟပေးထားတာမို့ အဲဒီအချိန်လေးမှာ ပရိဿတ်ကြီးဟာ မင်းသားလေး
ဘယ်လိုမှ နိုင်အောင် မပြိုင်နိုင်လောက် ဘူးလို့ အချင်းချင်းဝေဖန်နေကြတယ်။ အချို့ စစ်သေနာပတိတွေဟာ
သူတို့ရဲ့တပ်တွေကို တိတ်တဆိတ် အသင့်ပြင်ထားဘို့ လျှို့ဝှက်ညွှန်ကြားထားတယ်တဲ့။ မင်းသားလေးရှုံးရင်
မင်းသားလေးရဲ့နိုင်ငံကို သူတို့ရဲ့စစ်အင်အားနဲ့ ကာကွယ်ပေးဘို့ပေါ့။
အချိန်ရောက်လာတော့ ပရိဿတ်ကြီးဟာ စင်ပေါ်ကို
စိတ်ဝင်စားစွာနဲက ငြိမ်သက်စွာ စူးစိုက်ကြည့်နေကြတယ်။ အဲဒီအချိန်မှာ မင်းသားလေးဟာ သူ့ရဲ့ကြင်ယာတော်
မင်းသမီးလေးကို လက်ဆွဲပြီး စင်ပေါ်တတ်လာတော့ ပရိဿတ်ကြီးက မထင်မှတ်တဲ့ မြင်ကွင်းမို့
အားလုံး ဟာကနဲ အံ့သြကုန်ကြတယ်။ မင်းသမီးလေးဟာ နတ်သမီးတမျှ လှပြီး မင်းသားလေးအင်မတန်ချစ်မြတ်နိုးမှန်း
တိုင်းသူပြည်သားတွေအားလုံး သိတယ်တဲ့။
မင်းသမီးလေးဟာ စင်ပေါ်မှာ အဆင်သင့်တင်ထားတဲ့ ထိုင်ခုံပေါ်ကို ထိုင်နေတယ်။
မင်းသားလေးဟာ အရပ်လေးမျက်နှာက ပရိဿတ်ကို ဦးညွှတ်လေးပြုပြီး လက်သုံးတော် သံလျှက်ဓါးကို ထုတ်ကာ လေထဲမှာ သုံးလေးပါတ်လောက်
ဂျွန်းထိုးအလှပြပြီး မင်းသမီးလေးရဲ့ လှပတဲ့လည်တိုင်ကို တိကနဲ ပိုင်းဖြတ်လိုက်သတဲ့။
မင်းသမီးလေး လည်တိုင်က ထွက်တဲ့ သွေးတွေဟာ စင်အနားက ဒိုင်တွေကိုတောင် စင်ကုန်တာပေါ့။
ပရိဿတ်ကြီးဟာ အံ့သြလွန်းပြီး
ဘာမှကို ပြန်မပြောနိုင်အောင် ကျက်သေသေနေတော့တာပေါ့။ ရန်သူမင်းနှစ်ပါးတောင် ပါးစပ်ကြီးအဟောင်းသားနဲ့
မင်းသားလေးရဲ့လုပ်ရပ်တွေကို အံ့သြလွန်းပြီး ငေးကြည့်နေရသတဲ့။
မင်းသားလေးဟာ မင်းသမီးလေးရဲ့ ဦးခေါင်းပြတ်ကို
ဒိုင်တွေကို သေချာ ပြအပြီး စင်ပေါ်ပြန်တတ်ကာ မင်းသမီးလေးရဲ့ ခန္ဓာကိုယ်နဲ့ ဦးခေါင်းကို
အကာအကွယ်မလုပ်ဘဲ တပ်ဆင်လိုက်တယ်။ နောက်တော့ ဆေးသေတ္တာထဲက အနက်ရောင် ဆေးအချို့ကို လည်ပင်းပတ်ပတ်လည်
မံလိုက်ပြီး ပုဝါနဲ့ စည်းနှောင်လိုက် သတဲ့။ ပုဝါနဲ့စည်းအပြီးမှာ ကွမ်းသီးခန့် အလုံးတစ်လုံးကို
အိတ်ထဲကနှိုက်ပြီး စင်ပေါ်ကို ပစ်ပေါက်လိုက်တဲ့ အချိန်မှာ အုန်းကနဲ ပေါက်ကွဲပြီး အနက်ရောင်
မီးခိုးလုံးကြီး ပေါ်ထွက်လာကာ မင်းသမီးလေးကို ပရိဿတ် မမြင်ရအောင် ဖုန်းကွယ်သွားတယ်။
တချိန်တည်းမှာပဲ အနက်ရောင် မီးခိုးလုံးကြီးရဲ့ကြားထဲက
မင်းသမီးလေးဟာ လှပကျော့ရှင်းစွာ ထွက်ပေါ်လာတော့ ကျက်သေသေနေတဲ့ ပရိဿတ်ကြီးလည်း သတိပြန်ဝင်လာပြီး အရင်ကထက် အဆများစွာ လက်ခုပ်သြဘာပေး လိုက်ကြတာ အတောမသတ်နိုင်လောက်အောင်
ဖြစ်နေတာပေါ့။
ပြိုင်ဘက်ရန်သူမင်းတစ်ပါးက မင်းသားလေးဟာ မျက်လှည့်ပညာသုံးပြီး မိမိတို့ကို
အနိုင်ယူတာ ရိပ်မိပြီး ကန့်ကွက်မယ်လို့အထမှာ ကျန်မင်းက လက်ကို ဆွဲကိုင်ထားပြီး မိမိတို့လည်း
မျက်လှည့်ပညာဖြင့် ပရိဿတ်ကို လှည့်စားထားခြင်းကို မင်းသားလေးကောင်းစွာ သိကြောင်း၊ မျက်လှည့်ချင်းအတူတူ မင်းသားလေး ရဲ့ပြကွက်မှာ
သူပင်ရင်သပ်ရှု့မောသော အင်မတန်ပညာသားပါသည့် လှည့်ကွက်မို့ အရှုံးပေးလိုက်ရန်ပြောသတဲ့။
ဒီလိုနဲ့ မင်းသားလေး အလိုရှိတဲ့ မင်းမှုထမ်းတွေကို ပေးလိုက်ကြတယ်တဲ့။ ပရိဿတ်ကြီးဟာ ပြိုင်ပွဲအားလုံးမင်းသားလေး
နိုင်လို့ ဝမ်းသာစွာနဲ့ အုတ်အော်သောင်းနင်း ဖြစ်နေချိန်မှာ စင်ပေါ်က မင်းသားလေးရဲ့ အောင်မြင်တဲ့
အသံကြားလိုက်ရလို့ အားလုံးငြိမ်သက်စွာ နားထောင်လိုက်ကြတယ်။
``အဆွေတော် ၇- နိုင်ငံမင်းများနဲ့ မူးကြီးမတ်ရာ
စစ်သေနာပတိ မင်းပရိဿတ်အားလုံးခင်ဗျား ကျွန်ုပ် စကားအနည်းငယ် ပြောချင်ပါတယ်။ တချိန်ခါက
အကျွန်ုပ်ဟာအသင်တို့ သိထားသလို ပေါ့ပျက်ပျက်နဲ့ ပညာရဲ့တန်ဘိုးကို မသိနားမလည်တဲ့ အသုံးမကျတဲ့
မင်းသားတစ်ပါးပါ။ အဲဒီလို အသုံးမကျတဲ့ မင်းတစ်ပါးဖြစ်လာအောင် ကျွန်ုနားမှာ ကပ်မျှောင်စားနေတဲ့
မင်းမှုထမ်းတွေရဲ့ သွေးဆောင် ဖျက်ဆီးတာလဲ အကြောင်းတစ်ကြောင်းပါပါတယ်။ တက္ကသိုလ်က အပြန်
တောနက်ကြီးထဲမှာ အဲဒီ မင်းမှုထမ်း တွေဟာ မင်းပြစ်မင်းဒဏ် ခံရတော့မှာကိုသိပြီး လက်ဝတ်ရတနာတွေကို ယူကာ ကျွန်ုပ်တစ်ယောက်တည်း တောကြီးထဲမှာ
ပစ်ထားပြီး ထွက်ပြေးကြပါတယ်။ သူတို့ကတော့ ယခု အကျွန်ုပ် သင်တို့ဆီက တောင်းယူထားတဲ့
မင်းမှုထမ်းများပင်ဖြစ်ပါတယ်``
ပရိဿတ်သည် ရုတ်ရုတ် ရုတ်ရုတ်ဖြစ်ကာ တီးတိုးပြောဆိုနေကြကုန်၏။ သူတို့သည်
ထိုအဖြစ်အပျက်ကို မသိခဲ့ကြပေ။ မင်းသားလေး၏ ယခင်က အလုပ်အကြွေး မင်းမှုထမ်းများကို စင်ပေါ်သို့
ခေါ်တင်လိုက်လေသည်။ထို့နောက် မင်းသားလေးက ဆက်ပြောပြန်ပါသည်။
``ကျွန်ုပ်ကို ပစ်ပြီး ထွက်ပြေးကြသည်အထိ
ထိုသူများအပေါ်၌ ကျွန်ုပ်သည် တစ်စုံတရာမျှ အပြစ် မတင်ခဲ့ပါ။ ကျေးဇူးတရား မသိတတ်သူတွေဟုသာ
သတ်မှတ်ပြီးခွင့်လွှတ်ပေးခဲ့ပါသည်။ သို့သော် ၇-ပြည်ထောင် မင်းတို့ အကျွန်ုပ်၏ တိုင်းပြည်အား
တိုက်ခိုက်သိမ်းယူစေရန် အဓိက တွန်းအားပေး အခါတော်ပေးလုပ်သူများမှာ တစ်ချိန်က ကျွန်ုပ်၏
ကျေးဇူးတရားဖြင့် မကင်းကွာခဲ့သော ကျေးဇူးတ၇ား မသိတတ်သည့် မူးမတ်များဖြစ်ကြောင်း သိရှိရသဖြင့်
ထိုသူတို့သည်ကား ကျေးဇူးတရားကို မသိတတ်ရုံမျှမက ကျေးဇူးကန်းသည့်အဆင့်သို့ပင် ရောက်နေပြီဖြစ်သဖြင့်-------``
မင်းသားလေးသည် စကားကို ရပ်လိုက်ပြီး ပရိဿတ်ကို
အကဲခတ်လိုက်သည်။ ပရိဿတ်သည် အလွန်စိတ်ဝင်စားစွာဖြင့် မင်းသားလေး ဘာဆက်ပြောမလဲဟု ငြိမ်သက်စွာ
နားစိုက်ထောင်နေသည်။ မင်းသားလေးသည် လက်စွဲတော် သံလျှက်ကို ထုတ်လိုက်ပြီး လေဆင်နှာမောင်းကဲ့သို့
ပြင်းစွာသောအဟုန်ဖြင့် လေထဲတွင် မြောက်တတ်သွားကာ လျှက်ပြတ်လိုက်သကဲ့သို့ စင်ပေါ်တွင်ရှိသော
ကျေးဇူးကန်းသည့် တချိန်က သူ၏ မင်းမှုထမ်းများအား သတ်ဖြတ်သုတ်သင်လိုက်လေတော့သည်။
ညှာတာသင့်သည့်နေရာတွင် အလွန်သည်းခံညှာတာသလောက်
ပြတ်သားရမည့်နေရာတွင်လည်း ရက်ရက်စက်စက် ပြတ်သားသည့် မင်းသားလေး၏ စိတ်ဓါတ်ကို ရန်သူမင်းနှစ်ပါးပင်
အလွန် လေးစားသဖြင့် မတ်တတ်ရပ်ပြီးအားရပါးရ လက်ခုပ်တီးလိုက်ရာ မြန်ဆန်လွန်းလှသော အချိန်အတွင်း
မထင်မှတ်သော လုပ်ရပ်တွေကြောင့် တွေဝေနေသော မင်းပရိဿတ်ကြီးမှာ မင်းသားလေးကို အားရပါးရ
ထောက်ခံ အားပေးသော လက်ခုပ်သံများမှာ မိုးယံသို့တိုင်အောင် မြည်ဟီးသွားလေတော့သတည်း။ ။
ကိုစိုးနိုင်
No comments:
Post a Comment