ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Friday, February 1, 2013

ဂန္ဒဝင်အိပ်မက်(၄)


နာမည်ကျော်ပုဂ္ဂိုလ်တို့အကြောင်းဆိုလျှင် လူတွေက အလွန်စိတ်ဝင်စားကြသည်။ သာမန်မထင်မရှား
လူတစ်ယောက်က အကြီးအကျယ် ထိခိုက်ဒဏ်ရာရတာမျိုးကို သက်ဆိုင်ရာ မိသားစုဆွေမျိုးသားချင်းက
လွဲလို့ ဘယ်သူမှ အရေးတယူမရှိလှ။ နာမည်ကြီးပုဂ္ဂိုလ်တစ်ယောက် ခေါင်းပေါက်သွားတာလောက်
ကျတော့ အကြီးအကျယ်စိတ်ဝင်စားကြသည်။
နောက်ဆက်တွဲအဖြစ် ဘာကြောင့် ခေါင်းပေါက်ရတာလဲ၊ လင်မယားရန်ဖြစ်ပြီး ဆော်ကြ၊ နှက်ကြလို့လား၊
အရက်မူးပြီး ချော်လဲလို့လား၊ မနာလိုတဲ့လူတစ်ယောက်ယောက်က ရိုက်လိုက်တာလား သိချင်ကြသေးသည်။
ဒါတွင်မကဘဲ စိတ်ထင်နှင့် ခန့်မှန်းပြောကြတာလည်းရှိ၏။ ဒါကို နားစွန်နားဖျားကြားသူက တကယ်မှတ်
သွားတာမျိုး၊ ဒီအတိုင်းပဲဖြစ်မှာပါဆိုပြီး တကယ်ဖြစ်သယောင် ပြောတာမျိုးကစပြီး ကောလဟာလတွေ
ဖြစ်လာတတ်သည်။ လူတွေကလည်း ကောင်းတာထက် မကောင်းတာကို ပိုစိတ်ဝင်စားတတ်ကြသည်။

အဆိုတော်ကောင်လေးတစ်ယောက် သံဃာတော်တွေကို နံနက်တိုင်းဆွမ်းလောင်းတတ်တဲ့ ကိစ္စမျိုးကို
'ဩော်....ဘာသာရေးကိုင်းရှိုင်းသားပဲ'ဟု သာမန်လောက်သာ အသိအမှတ်ပြုတတ်သည်။ တကယ်လို့များ
သူက ဘုန်းကြီးကျောင်းလာတာ ဘောင်းဘီတိုနံ့နံ့လေး ဝတ်လာတယ်ဆိုလျှင်တော့ ဟိုးလေးတစ်ကြော်ဖြစ်ပြီပဲ။
ရုပ်ရှင်မင်းသမီးလေးတစ်ယောက် သူ့ခင်ပွန်းနှင့် ချစ်ချစ်ခင်ခင် အဆင်ပြေနေလျှင် သတင်းထူးမဟုတ်။
လင်မယားပြဿနာ တက်နေကြပြီဆိုလျှင် သတင်းထူးဖြစ်၏။ ဘယ်လိုဖြစ်ကြတာလဲ ဘယ်သူကကြားက
ဝင်ရှုပ်လို့လဲ သိချင်လာကြပြီ။ ဒီအခါမျိုးမှာ မင်းသမီးနှင့်တွဲပြီး ဇာတ်ကားအရိုက်များတဲ့ မင်းသားလည်း
အနေခက်ရပြီ။

ဒါမျိုးဆိုတာကလည်း ပရိသတ်သည်းချေကြိုက်ဖြစ်၏။ ဒီတော့ ဒီလိုသတင်းမျိုးကို ဦးစားပေးဖော်ပြတတ်သည့်
တချို့သောစာနယ်ဇင်းများမှ ပုဂ္ဂိုလ်များလည်း အလုပ်ရှုပ်ရပြီ။ သူ့ထက်ငါ သတင်းထူးသတင်းဦးရရန် ကြိုးစားကြ
ရပြီ။ ကာယကံရှင်တွေကလည်း တတ်နိုင်သမျှ လျှို့ဝှက်ထားကြသည်။ လူ့သဘာဝကလည်း လျှို့ဝှက်လေ
သိချင်လေကိုး။ စာနယ်ဇင်းသမားတွေဆိုတာလည်း ခက်ခက်ခဲခဲ လိုက်ယူရတဲ့သတင်းမျိုးကို ပိုပြီးအရသာ
တွေ့တတ်ကြသည်။ ဒီလိုနဲ့ပဲ ထိပ်တိုက်တွေ့ခဲ့ကြတာတွေလည်းရှိ၏။ ကောလာဟလတွေလည်း ဖြစ်ပေါ်လာ
တတ်၏။

မာရီလင်မွန်ရိုးကိစ္စကိုပဲကြည့်။ မွန်ရိုးသည် အအောင်မြင်ဆုံး၊ အကျော်ကြားဆုံးအချိန်၊ အရွယ်ကောင်းတုန်းအချိန်၊
လူ့ဘဝမှာနေလို့ အကောင်းဆုံးအချိန်မှာ ကွယ်လွန်ခဲ့ရှာသည်။ တရားဝင်သတင်းထုတ်ပြန်ချက်အရ မွန်ရိုးသည်
အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့ခြင်းဖြစ်သည်ဟု ဆို၏။ လူထုကမယုံကြ။ ဒီလောက်အောင်မြင်
ကျော်ကြားပြီး ချမ်းသာနေသူတစ်ယောက်က သေချင်နေတယ်ဆိုတာမဖြစ်နိုင်။ ပြီးတော့မွန်ရိုးသည် ကြမ်းပိုးဆေး
သောက်ပြီးသေကြောင်းကြံခြင်းဖြစ်သည်ဟု ဆိုသည်။ သူ့လို ချမ်းသာနေသူတစ်ယောက်က ဈေးကြီးအိပ်ဆေးတွေ
ဝယ်သောက်လို့ရပါလျက် ဒီလောက်နံစော်ပြီး အဝင်ဆိုးသည့် ကြမ်းပိုးဆေးသောက်တယ်ဆိုတာ ယုတ္တိမရှိ။

အိမ်ထောင်ရေး အဆင်မပြေလို့ဆိုတာကလည်း သိပ်သဘာဝမကျလှ။ မွန်ရိုးအနေဖြင့် သာယာချမ်းမြေ့သော
အိမ်ထောင်တစ်ခုကို ထပ်မံထူထောင်ဖို့ အခွင့်အရေးတွေ အများကြီးရှိသေးသည်။ အချစ်စစ် အချစ်မှန်ကို ရှာဖွေဖို့
အချိန်တွေအများကြီး ရနိုင်သေးသည်။ သူကသာလက်ခံမယ်ဆိုလျှင် နှစ်နှစ်ကာကာချစ်ခင်ပေါင်းသင်းမယ့်သူတွေ
အများကြီး အဆင်သင့်ရှိနေသည်။ ဒီအကြောင်းတွေကိုကြည့်လျှင် သူ့ကိုယ်သူ သေကြောင်းကြံတယ်ဆိုတာ
မဖြစ်နိုင်။ တစ်ယောက်ယောက်က လုပ်ကြံတာဖြစ်ရမည်ဟု တွက်ဆသူတွေရှိသည်။

ဘယ်သူဖြစ်နိုင်မလဲ။ သူ၏လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားမှုကို မနာလိုမရှုဆိတ်သော ပြိုင်ဘက်
တစ်ယောက်လည်းဖြစ်နိုင်သည်။ ထိုအခါ မွန်ရိုးနှင့် ခေတ်ပြိုင်တွေထဲက ဟိုလူလိုလို ဒီလူလိုလို အထင်ခံရလေသည်။
မွန်ရိုးနှင့် ရုပ်ရှင်တစ်ကားမှာ အတူတွဲသရုပ်ဆောင်ရင်း ကတောက်ကဆဖြစ်ခဲ့ဖူးသော မင်းသမီးတစ်ယောက်
ဆိုလျှင် အိမ်တိုင်ရာရောက် စာပို့ပြီးစွပ်စွဲတာ၊ ခြိမ်းခြောက်တာခံရလို့ အတော်စိတ်ထိခိုက်ခဲ့ရသည်။

တချို့ကလည်း မွန်ရိုးကို အရူးအမူးစွဲလမ်းနေသူ စိတ်ဝေဒနာရှင်တစ်ယောက်၏ လက်ချက်ဖြစ်ရမည်ဟု ဆိုသည်။
တချို့ကတော့ မွန်ရိုးကို အချစ်ကြီးချစ်ခဲ့ပြီးမှ ပိုင်ဆိုင်ခွင့်မရခဲ့သော ချစ်သူဟောင်းတစ်ယောက်ယောက်ဖြစ်နိုင်သည်ဟု
ကောက်ချက်ချသည်။ ဒီလိုနဲ့ မွန်ရိုး သတင်းကို သိချင်သူတွေ၊ အမျိုးမျိုးတွေးထင်သူတွေ များပြားလာခဲ့သည်။
ဒါကိုအခွင့်ကောင်းယူပြီး မဂ္ဂဇင်းတစ်စောင်က အလွတ်စုံထောက်တစ်ယောက်ငှားပြီး ရနိုင်သမျှသတင်း
အချက်အလက်တွေ စုဆောင်းစေသည်။ ဒီတော့မှ ပိုရှုပ်ကုန်တော့သည်။

သူရရှိလာသော သတင်းတစ်ခုအဆိုအရ မွန်ရိုးမှာ အမှန်တကယ် မသေသေးဘူးဆိုပဲ။ မသမာသူတစ်ယောက်က
မျက်နှာကို အက်ဆစ်ဖြင့်ပက်လိုက်သောကြာင့်ရုပ်ပျက်ဆင်းပျက် ဖြစ်သွားသဖြင့် လူမြင်မခံဝံ့ခြင်းဖြစ်သည်။ ထို့ကြောင့်
သေပြီဟု သတင်းလွှင့်လိုက်ခြင်းဖြစ်သည် ဟုဆို၏။ နောက်သတင်းတစ်ခုကတော့ မွန်ရိုးသည် အောင်မြင်
ကျော်ကြားလွန်းသော ဒဏ်ကိုမခံနိုင်တော့ဘဲ ငြီးငွေ့လာသည်။ ပတ်ဝန်းကျင်ရှိလူတွေက သူ့ကိုအမှန်တကယ်
ချစ်ခင်ကြခြင်းမဟုတ် သူ၏ အလှအပ၊ သူ၏ကိုယ်ခန္ဓာ၊ သူ၏ကျော်ကြားမှု၊ သူ၏ ဥစ္စာဓနကြွယ်ဝမှုတို့ကိုသာ
အလေးထားကြခြင်းဖြစ်သည်ဟု ထင်မြင်ယူဆလာသည်။

ထို့ကြောင့် လောဘ၊ မောဟ၊ ပြိုင်ဆိုင်မှု၊ လှည့်စားမှု၊ အတ္တကြီးမှုတွေ ပြည့်နှက်နေသော ရုပ်ရှင်လောကကိုရော၊
ဆက်နွယ်ပက်သက်နေသော ပတ်ဝန်းကျင်ကိုပါ စွန့်ခွာပြီး ဇာတ်မြုပ်နေဖို့ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် မွန်ရိုးသည်
စစ်ကိုင်းတောင်ရိုးရှိ လူသူအရောက်အပေါက် အနည်းဆုံးချောင်တစ်ချောင်မှာ သီလရှင်ဘဝဖြင့် အေးချမ်းစွာ
နေထိုင်လျက်ရှိပါသည်။ အနှောင့်အယှက်ကင်းကင်း ဘာဝနာပွားနိုင်အောင် သေပြီဟု သတင်းလွှင့်ခဲ့ခြင်းဖြစ်သည်ဟ
ဆိုသည်။ ထိုသတင်းကိုကြားသောအခါ စာနယ်ဇင်းသမားတွေရော တချို့ပရိတ်သတ်တွေပါ စစ်ကိုင်းတောင်ရိုးကို
လိုက်ကြတော့သည်။ ချောင်တကာစေ့အောင် လိုက်ရှာကြသည်။ ဖြူဖြူငယ်ငယ် သီလရှင်မှန်သမျှကို အလွတ်မပေးပဲ
စူးစူးစိုက်စိုက်ကြည့်ရှုအကဲခတ်ကြသည်။

တကယ်တော့ စစ်ကိုင်းတောင်ရိုး ဆိုသည်မှာ ရှုပ်ထွေးပွေလီလှသော လူ့လောကနှင့် ကင်းကင်းနေပြီး တရား
ကျင့်ကြံလိုသော သူတော်ကောင်းတို့ ခိုမှီးရာ အလွန်အေးချမ်းငြိမ်သက်သော နေရာဖြစ်၏။ ခုလိုလူတွေအများအပြား
ခြေရှုပ်နေကြသောအခါ သူတော်ကောင်းများအတွက် အနှောင့်အယှက်ဖြစ်လာသည်။ ထို့ကြောင့် သက်ဆိုင်ရာက
မေတ္တာရပ်ခံတားမြစ်လာရသည်။ ဂျာနယ်တစ်စောင်က သီလရှင်လေးတစ်ပါး တောင်ပေါ်မှနေ၍ မြစ်ပြင်ကို
ငေးကြည့်နေဟန်နောက်ကျောဘက် ခပ်စောင်းစောင်းမှ ရိုက်ကူးထားသောပုံကို ဖော်ပြပြီး မွန်ရိုးကို အဝေးမှ
ခိုးရိုက်ထားသလို ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်လိုက်သေးသည်။

သိက္ခာရှိသော မဂ္ဂဇင်းကြီးတစ်စောင်က မွန်ရိုးကွယ်လွန်စဉ် အလောင်းကို စစ်ဆေးခဲ့ရသော မှုခင်းဆရာဝန်ကို
အင်တာဗျူးလုပ်သည်။ ဆရာဝန်က မွန်ရိုးကွယ်လွန်ကြောင်း သူကိုယ်တိုင် စစ်ဆေးအတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း
ပြောပြသည်။ ဝါရင့် စာနယ်ဇင်းဆရာကြီးတစ်ယောက်ကလည်း ခိုင်မာတိကျမှုမရှိသော သတင်းကို အခြေပြု၍
ကိုယ့်ဂျာနယ် ကိုယ့်မဂ္ဂဇင်း ရောင်းကောင်းအောင် လုပ်စားခြင်းမှာ စာနယ်ဇင်းကျင့်ဝတ်နှင့် မညီကြောင်း
ဆောင်းပါးတစ်စောင်ရေးသည်။ ဒီတော့မှ ထိုကိစ္စ တစ်ခန်းရပ်သွားခဲ့ခြင်းဖြစ်၏။

ဒိုင်ယာနာကိစ္စတွင်လည်း ကောလဟာလက ဝင်နှောင့်လိုက်သေးသည်။ ဒိုင်ယာနာသည် လူချစ်လူခင်ပေါများသူ
ဖြစ်၏။ အလှူအတန်းရက်ရောသည်။ လူမှုရေးကိစ္စတွေမှာ တက်ကြွစွာ ဦးဆောင်တတ်သည်။ သို့ရာတွင် ဝမ်းနည်း
ကြေကွဲဖွယ် ဇာတ်သိမ်းနှင့် ကြုံရရှာသည်။ သူသည် ယာဉ်တိုက်မှုကြောင့် ကွယ်လွန်ခဲ့ရရှာခြင်းဖြစ်၏။ တချို့က
ထိုကိစ္စမှာ သွေးရိုးသားရိုးမဟုတ်ဟု ဆိုခဲ့ကြသေးသည်။ သူ၏ကိုယ်ပိုင်ကားပေါ်တွင် တခြားအမျိုးသားတစ်ယောက်
အတူရှိနေခဲ့ခြင်းသည်လည်း မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။

သို့ရာတွင် လူထုကတော့ မေတ္တာမပျက်ကြ။ ပိုပြီးတော့တောင် ကရုဏာသက်ပြီးဝမ်းနည်းကြေကွဲရသည်။ သူ့အတွက်
ဝမ်းနည်းခြင်းအထိမ်းအမှတ်တွေ ဆုတောင်းမေတ္တာပို့တာတွေ လုပ်ကြသည်။ တေးသံသွင်းလုပ်ငန်းတစ်ခုကတော့
'ဒိုင်ယာနာ အလွမ်းပြေ'ဆိုသော စီးရီးတစ်ခွေထုတ်ဖို့ စီစဉ်သည်။ နာမည်ကြီး သီချင်းရေးဆရာများက မေတ္တာဖြင့်
ကူညီရေးပေးကြသည်။ ထိုသီချင်းစီးရီးကိစ္စမှာလည်း ကသိကအောက်ဖြစ်စရာတစ်ခု ပေါ်လာသေးသည်။
လူတွေကြားမှာ ကောလာဟလသတင်းဖြစ်နေပုံက....

ထိုသီချင်းကို ပရိသတ်ပိုမိုခံစားနိုင်စေရန်အတွက် ဒိုင်ယာနာ၏ သားအကြီးဖြစ်သူ ဝီလျံကိုယ်တိုင်သီဆိုမည်။ ထိုအခါ
သားငယ်ဟယ်ရီက မကျေနပ်။ သူ့အမေနှင့်ပတ်သက်သော သီချင်းဖြစ်သောကြောင့် သူနှင့်လည်းဆိုင်သည်။ သူလည်း
ဆိုခွင့်ရှိသည်ဆိုပြီး ထိုသီချင်းကိုပင် သူ့အသံနှင့် စီးရီးတစ်ခွေ အပြိုင်ထုတ်မည်ဟု သတင်းထွက်လာသည်။ ပရိသတ်
တချို့က ဝီလျံကို အားပေးမည်။ သားကြီးဖြစ်သောကြောင့် ဒီအခွင့်အရေးကို ခံစားထိုက်သည်ဟု ဆိုသည်။
ဒီလိုဘယ်ရမလဲ၊ သားနှစ်ယောက်ရှိရာ ညီတူညီမျှရပိုင်ခွင့်ရှိတာပေါ့ဟု ဟယ်ရီကိုကရုဏာသက်သူတွေက ဆိုသည်။
ထိုကိစ္စအတွက် ညီအစ်ကိုနှစ်ယောက် မျက်နှာချင်းတောင်မဆိုင်တော့ဘဲ တစ်ယောက်နှင့်တစ်ယောက် မခေါ်နိုင်
မပြောနိုင်ဖြစ်နေကြသည်ဟု အတွင်းသိဆိုသူတွေက ပြောနေကြသည်။

တကယ့်ဖြစ်ရပ်မှန်ကတော့.....
ဝီလျံနှင့်ဟယ်ရီ ညီအစ်ကိုနှစ်ယောက်ကြားမှ ဘာပြဿနာမှမရှိ။ ဝီလျံက ဟယ်ရီကို အလွန်ညှာတာတတ်သည်။
ဟယ်ရီကလည်း အစ်ကိုဖြစ်သူကို အလွန်တွယ်တာသည်။ တစ်ယောက်နှင့်တစ်ယောက် စည်းစည်းလုံးလုံးချစ်ချစ်ခင်ခင်
ရှိကြသည်။ သီချင်းစီးရီးခွေကိစ္စမှာလည်း ဟယ်ရီက ဆိုတောင်ဆိုချင်တာမဟုတ်။ သူက ဘောလုံးကန်ဖို့သာ
စိတ်ဝင်စားသူဖြစ်၏။ အမေနှင့်ပက်သက်သော အလွမ်းပြေဂုဏ်ပြုခြင်း ဖြစ်သဖြင့် အမှတ်တရအဖြစ်ဝင်ဆိုပေးပါဟု
ဝီလျံက အတင်းတိုက်တွန်းသောကြောင့် ပါလာရခြင်းဖြစ်၏။ ညီအစ်ကိုနှစ်ယောက် အခွေ၏ အေဆိုဒ်၊ ဘီဆိုဒ်
တစ်ခြမ်းဆီဆိုဖို့ အစကတည်းက စီစဉ်ထားပြီး ဖြစ်၏။ဒါကို လူစိတ်ဝင်စားပြီး သီချင်းခွေရောင်းကောင်းအောင
စီးပွားရေးသမားတွေက လုပ်ကြံဖန်တီးသတင်းလွှင့်ခဲ့ခြင်းသာဖြစ်လေ၏။

ပန်းချီလောကမှာ ဖြစ်သွားတဲ့ကိစ္စကတော့ ကောလာဟလမဟုတ်။ အမှန်တကယ်ဖြစ်၏။ နာမည်ကျော် ပန်းချီဆရာ
ပီကာဆိုနှင့်ပတ်သက်သည်။ ပီကာဆိုသည် ထိပ်သီးပန်းချီဆရာကြီးဖြစ်၏။ သူသည် သမားရိုးကျ ပန်းချီပုံစံကို
ဖောက်ထွက်ပြီး ကိုယ်ပိုင်ဟန်ဖြင့် လမ်းသစ်ထွင်ခဲ့သူဖြစ်၏။ သူ့ပန်းချီတွေက ရေးချက်တွေကဆန်းသစ်သည်။
တခြားပန်းချီဆရာတွေ တွဲစပ်မသုံးရဲသောအရောင်များကို အချိုးညီအောင် ဖန်တီးနိုင်သောကြောင့်
အချင်းချင်းကပင် သူ့ကိုဖြုံကြရသည်။ သူ့ပန်းချီကားများသည် နက်နဲသည်၊ လျှို့ဝှက်သည်၊
အသိရခက်သည်။ သို့ရာတွင် ကြည့်မိသူတိုင်းကို ညှို့ငင်ဖမ်းစားနိုင်သည်။

သူ့ပညာမာနလည်းကြီးသည်။ သူ့လက်ရာကိုလည်း တန်ဖိုးထားသည်။ သူ့ပန်းချီကားတွေကို ဈေးကြီးကြီးရမှ
ရောင်းသည်။ တစ်ခါက နာမည်ကြီး စီးပွားရေးကုမ္ပဏီကြီးတစ်ခု၏ ဥက္ကဌက သူ့ရုံးခန်းမှာ ချိတ်ဖို့ ပန်းချီကား
တစ်ကား ဆွဲပေးရန်အလုပ်အပ်သည်။ ဆွဲရမှာက သူ၏ပုံတူဖြစ်၏။ ပီကာဆိုက ပန်းချီဆွဲခကို ပုံမှန်ထက်
ငါးဆလောက်ပိုတောင်းသည်။ ကုမ္ပဏီသူဌေးက....

"ဈေးက များလှချည်လားဗျ၊ ခင်ဗျားပုံက အဲဒီလောက်တန်လို့လား"ဟုမေးသည်။
"ကျွန်တော့်ပုံမဟုတ်ပါဘူးလေ၊ ခင်ဗျားပုံပါ၊ ခင်ဗျားရဲ့ပုံဟာ ဘယ်လောက်တန်နိုင်သလဲဆိုတာ
ခင်ဗျားဘာသာ သတ်မှတ်ကြည့်လေ"ပီကာဆိုက ပြန်ပြောသည်။
သူဌေးလည်း ခဏတွေနေပြီးနောက် ခေါင်းညိတ်လိုက်ပြီး.....
"အင်း...ဟုတ်တာပေါ့၊ ကျုပ်ရဲ့ပုံတူဟာ တန်ဖိုး ရှိရမှာပေါ့"ဆိုပြီး ပီကာဆိုတောင်းသည့်ဈေးပေးဖို့
သဘောတူလိုက်၏။ တကယ်တော့ ပီကာဆိုသည် များသောအားဖြင့် ခေတ်သစ်ပန်းချီတွေကိုသာ
ရေးဆွဲလေ့ရှိသည်။ ပုံတူပန်းချီရေးလေ့မရှိ။ ဒီသူဌေးရဲ့ပုံကတော့ ထူးခြားသော
ဥပဓိရုပ်ရှိသဖြင့် စိတ်ဝင်စားမိ၏။ ထို့ကြောင့် လက်ခံလိုက်ခြင်းဖြစ်၏။

ရေးဆွဲပြီးသွားတော့လည်း ပုံတူဆိုတဲ့အတိုင်း တကယ်ကိုတူပါပေသည်။ ဘယ်လောက်ထိလဲဆိုတော့
အဝတ်အစားက ပိတ်စအစစ်တွေကို ဖြတ်ပြီးကပ်ထားသလားထင်ရလောက်အောင် တူသည်။ အထူးသဖြင့်တော့
မျက်လုံးများ။ ဘယ်ကိစ္စမဆို ပြတ်ပြတ်သားသား ဆုံးဖြတ်လုပ်ကိုင်တတ်သော စူးစူးရှရှအကြည့်။
"တူလိုက်တာဗျာ၊ ကျွန်တော်နဲ့ ပြိုင်ဘက် စီးပွားရေးသမားတစ်ယောက် ပေါ်လာသလားအောက်မေ့ရတယ်"
သူဌေးသည် သူ့ပုံသူကြည့်ပြီး အံ့ဩသွားသည်။ ကျေနပ်ပြီး သဘောလည်းကျသွားသည်။

ပီကာဆိုသည် ကံကောင်းသည်ဟု ဆိုနိုင်သည်။ တချို့ပန်းချီဆရာများသည် သက်ရှိထင်ရှားရှိချိန်မှာ ဆင်းဆင်းရဲရဲ
ငတ်ငတ်ပြတ်ပြတ် နေခဲ့ကြရသည်။ သေပြီးတော့မှပင် သူတို့ပန်းချီကားတွေ ဈေးကောင်းရလာသော်လည်း ခံစားခွင့်
မရတော့။ လောလောဆယ် ခေတ်ပြိုင်ပန်းချီဆရာတွေ ထဲမှာလည်း စားဝတ်နေရေး အဆင်မပြေကြသူတွေများသည်။
ပန်းချီဆရာဆိုတာကလည်း နှစ်မျိုးနှစ်စားရှိသည်။ ကော်မာရှယ်ခေါ် စာနယ်ဇင်းသရုပ်ဖော်ပန်းချီဒီဇိုင်းလုပ်ခြင်း၊
ကုန်ပစ္စည်းအမှတ်တံဆိပ်၊ ပိုစတာ၊ လက်ကမ်းစာစောင်များရေးခြင်း၊ ဆိုင်းဘုတ်ရေးခြင်းစသော စီးပွားရေး
လုပ်ငန်းများနှင့် ဆက်နွယ်ရေးဆွဲခြင်းကတစ်မျိုး။ ဖိုင်းအတ်ဟုခေါ်သော ပန်းချီကားများရေးဆွဲခြင်းက တစ်မျိုး။

ကော်မာရှယ်သမားတွေက အလုပ်အပ်သူတွေဆီက အခကြေးငွေယူပြီး ရေးဆွဲပေးခြင်းဖြစ်၏။ သူတို့အနေဖြင့်
အလုပ်အပ်သူတွေ စိတ်တိုင်းကျဖြစ်အောင် ရေးဆွဲပေးရသည်။ ပုံမှန်ဝင်ငွေရှိသည်ဟု ဆိုနိုင်သည်။ ဖိုင်းအတ်သမား
ကတော့ ကိုယ်စိတ်ကြိုက် ဆွဲချင်တာကိုဆွဲသည်။ ပြီးတော့မှ ပြပွဲတင်သည်။ ပြပွဲမှာရောင်းရလျှင် ငွေရမည်။
မရောင်းရဘဲလည်း ရှိနိုင်သည်။ ကိုယ်က ကင်းဗတ်စ၊ ဘောင်၊ ဆေး၊ အချိန်၊ ပညာတို့ကို အချိန်ကြာမြင့်စွာ
ကြိုတင်ရင်းနှီးထားရသည်။ ဘယ်လောက်ကြာမှအကျိုးအမြတ်ပြန်ရမလဲ မပြောနိုင်။

ပန်းချီကားတစ်ကားကို ဆွဲပြီး မကြာခင် ရောင်းထွက်ချင်လည်း ထွက်မည်။ နှစ်ပေါင်းများစွာကြာချင်လည်းကြာမည်။
တစ်သက်လုံးမရောင်းရဘဲ ကွယ်လွန်ပြီးမှ ရောင်းချင်လည်းရောင်းရမည်။ ပန်းချီကားတစ်ကားတည်းနှင့် လေးငါး
ခြောက်လ စားလောက်အောင် ရချင်လည်းရသည်။ လပေါင်းများစွာကြာအောင် ဘာဝင်ငွေမှမရှိဘဲ စုတ်ပြတ်ချင်
ပြတ်နေတတ်သည်။

ပန်းချီကားတစ်ကားရေးဆွဲရာမှာလည်း ဘယ်လောက်ကြာမယ် မခန့်မှန်းနိုင်။ သုံးလေးရက်နှင့် ပြီးချင်လည်း ပြီးမည်။
လနှင့်ချီကြာချင်လည်းကြာမည်။ ရေးလက်စကို စိတ်ကြိုက်မတွေ့သဖြင့် နှစ်ပေါက်အောင် ကြာချင်လည်း ကြာသွား
နိုင်သည်။ တချို့ပန်းချီကားတွေကို ပြပွဲတင်သော်လည်း 'ရောင်းရန်မဟုတ်'ဟု စာချိတ်ချင်ချိတ်ထားမည်။ တစ်ခါ
တစ်လေ ကိုယ့်ဘာသာ ကြိုက်လွန်း၍ ပြပွဲတောင်မတင်ရက်ဘဲ သိမ်းထားတာမျိုးရှိသည်။

ပီကာဆိုမှာ ဖိုင်းအတ်သမားဖြစ်သည်။ ဖိုင်းအတ်သမားအများစုမှာ လူအများကြိုက်ကြိုက်မကြိုက်ကြိုက်
ကိုယ်ဆွဲချင်ရာ ဆွဲကြသူများဖြစ်၏။ ထို့ကြောင့် ပုံမှန်ဝင်ငွေလည်း မရှိဘဲ စားဝတ်နေရေးအဆင်မပြေတာက
များသည်။ ပီကာဆိုကတော့ထူးခြားသည်။ သူ့ပန်းချီတွေက ဈေးကောင်းရတတ်သည်။ ထို့ကြောင့်
သူများထက်စာလျှင် ချောင်ချောင်လည်လည် ရှိသည်ဟု ဆိုနိုင်သည်။ သူသည် အသက် ခြောက်ဆယ်စွန်းစွန်း
ရှိလာသည့်တိုင် လူငယ်လေးတစ်ယောက်လို နုပျိုဖြတ်လတ်ဆဲဖြစ်သည်။ စပို့ရှပ်၊ တီရှပ်၊ ဂျင်းဘောင်းဘီတို့
ဝတ်ဆင်လေ့ရှိသည်။ ရွယ်တူ တန်းတူလူကြီးတွေနှင့် မပေါင်းဘဲ လူငယ်ပန်းချီဆရာလေးတွေနှင့်သာ
အဖွဲ့ကျတတ်သည်။

သူ့လက်ရာတွေကို စွဲလမ်းပြီး သူ့ဆီမှာ ပန်းချီပညာသင်ချင်သူလူငယ်တွေလည်း တော်တော်များများရှိ၏။ သို့ရာတွင်
သူ၏ သင်ပုံသင်နည်း စနစ်၏ ဒဏ်ကိုမခံနိုင်သဖြင့် တပ်လန်သွားသူတွေသာများသည်။ ပီကာဆိုက 'ပန်းချီသင်၊
ရွာပြင်ထွက်'ဟုဆိုပြီး လယ်ကွင်းပြင်ကြီးထဲက တဲကလေးတစ်လုံးမှာ တစ်ယောက်တည်းသွားနေခိုင်းသည်။ ဆန်၊
ဆီ၊ ဆား၊ ငါးပိ ငါးခြောက်၊ ကြက်သွန်၊ အာလူး၊ ပဲ စသည်တို့ပေးထားသည်။ ကိုယ့်ဘာသာကိုယ် ချက်စားရသည်။
ဘာအသုံးအဆောင် ပစ္စည်းမှ ယူခွင့်မရှိ။ ရေဒီယို၊ ကက်ဆက်မပြောနဲ့ နာရီတောင်မထားရ။ လျှပ်စစ်မီးလည်းမရှိ။
ပန်းချီသင်တယ်ဆိုသည့်တိုင် ဘာမှ လေ့ကျင့်ရေးဆွဲခွင့်မရှိသေး။ ခဲတံ၊ စုတ်တံ၊ ဆေး၊ စက္ကူစသည်တို့ လုံးဝ
ဆောင်မထားရ။ ယုတ်စွအဆုံး မြေကြီးပေါ်မှာတောင် တုတ်ချောင်းနှင့် ခြစ်ခွင့်မရှိ။

ထိုလယ်ကွင်းထဲက တဲလေးထဲမှာ သုံးလတိတိ တစ်ယောက်တည်းနေရသည်။ ထိုအတောအတွင်းမှာ မနက်နေ
ထွက်လာတာ၊ ညနေဘက် နေဝင်သွားတာကို စောင့်ကြည့်ရသည်။ ကျန်တဲ့အချိန်တွေမှာ ကောင်းကင်ကိုကြည့်ရသည်။
တိမ်တွေကိုကြည့်ရသည်။ ဘေးပတ်ဝန်းကျင်ရှိ အရာဝတ္ထုများကို စေ့စေ့စပ်စပ် ကြည့်ရှုမှတ်သားရသည်။ ထိုသို့
ကြည့်ရှုမှတ်သားရင်းက ပန်းချီဆိုတာ ဘာလဲ၊ ဘာကြောင့် ပန်းချီဆွဲချင်တာလဲ၊ အရောင်တွေကို ဘယ်လိုခံစားမိသလဲ၊
ပန်းချီဆရာတစ်ယောက်ရဲ့စိတ်နေစိတ်ထားဟာ ဘယ်လိုဖြစ်သင့်သလဲဆိုတာတွေကို တွေးတော ကြံဆကြည့်ရသည်။
ပီကာဆိုက တစ်ပတ်တစ်ခါလာတွေ့သည်။ ထိုအခါ တပည့်ဖြစ်သူက မိမိတွေးတော ဆင်ခြင်မိတာတွေကို ပြောပြရသည်။

ဒီလိုသုံးလတိတိနေပြီးမှ ဒုတိယအဆင့်ကို တက်ခွင့်ရသည်။ ထိုအဆင့်မှာ တစ်လကြာသည်။ စိတ်ဖြင့်ရေးဆွဲသည့်
အဆင့်ဖြစ်၏။ လက်တွေ့မဆွဲရသေး။ မျက်စိမှိတ်ထားပြီး အရောင်တွေကို အာရုံခံစားရသည်။ မိမိလေ့လာကြည့်ရှု
ထားသော အရာဝတ္ထုများကို စိတ်ကူးဖြင့် ရေးဆွဲကြည့်ရသည်။ အရောင်တွေကို စိတ်ထဲမှာ တွဲစပ်ကြည့်ရသည်။
ထိုအဆင့်ကို လွန်မြောက်ပြီးတော့မှ လက်တွေ့ရေးဆွဲမှုကို စတင်သင်ကြားရသည်။ ပီကာဆိုထံသို့ ပန်းချီပညာသင်ရန်
ရောက်ရှိလာသူတွေထဲက အများစုမှာ လယ်ကွင်းထဲက တဲကလေးထဲမှာ တစ်လလောက်နေပြီးတာနဲ့ ပြန်ပြေးကြ
တော့သည်။ လက်တွေ့ရေးဆွဲရသည့်အဆင့်ထိ ဆန်ခါတင်ကျန်တာဆိုလို့ ဆယ်ယောက်မှာ တစ်ယောက်တောင်
မရှိ။ သူ့ဆီမှာ တပည့်ခံချင်သူများသည် နောက်ဆုံးတွင်.....

"ပန်းချီသင့်မယ့်အစား ရှောင်လင်ကျောင်းမှာ ကွန်ဖူးသွားသင်တာမှ သက်သာလိမ့်ဦးမယ်"ဟု ပြောပြီး ထွက်ပြေးကြ
ရသည်။ ပီကာဆိုကတော့...."ဒါတောင် သင်ရိုးညွှန်းတမ်းကို အများကြီးလျှော့ထားတာ၊ ငါပန်းချီသင်တုန်းကဆိုရင်
ကိုယ်နေမယ့်တဲကို ကိုယ့်ဘာသာဆောက်ခဲ့ရတာ၊ ကိုယ့်ဘာသာ ငါးမျှားပြီး စားခဲ့ရတာကွ"ဟု ပြောလေသည်။
ထိုကဲ့သို့သော ပီကာဆိုသည် အသက်ခြောက်ဆယ်ကျော်တော့မှပင် အသက်နှစ်ဆယ်ပင် မပြည့်တတ်သေးသော
မိန်းကလေးတစ်ယောက်ကို လက်ထပ်ယူလိုက်လေသည်။

အနုပညာလောကတစ်ခုလုံးအံ့ဩကုန်ကြသည်။ ဝေဖန်သုံးသပ်ချက်အမျိုးမျိုးလည်း ထွက်ပေါ်လာသည်။ တချို့က
ပီကာဆိုကို အားကျကြသည်။ ကောင်မလေးက ငယ်ငယ်ချောချောလေးကိုး။ အတော်စွံတဲ့ပုဂ္ဂိုလ်ပဲဟု ချီးကျူးကြသည်။
သူ့ပြိုင်ဘက်တွေကတော့ နည်းနည်းပြောချင်ဆိုချင်သည်။ တချို့ဇာတ်လမ်းလေးတောင် ဆင်လိုက်သေးသည်။
သူတို့အပြောအရဆိုလျှင်တော့.... ကောင်မလေးမှာ ငယ်ရွယ်စဉ်လူမှန်းမသိတတ်ခင်ကတည်းက မိဘတွေဆုံးသွားသဖြင့်
အဘိုးဖြစ်သူ၏ စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းခဲ့ရသည်။ သူတို့နှစ်ဦးမှာ အဘိုးတစ်ခု မြေးတစ်ခုဖြစ်သဖြင့်
တစ်ဦးအပေါ်တစ်ဦး သံယောဇဉ်က အလွန်ကြီးကြသည်။ တစ်နေ့မှာတော့ ကံကြမ္မာက သူတို့မြေးအဖိုးကို ရက်ရက်
စက်စက်ခွဲခွာ ပစ်လိုက်သည်။ အဘိုးဖြစ်သူသည် နှလုံးရောဂါဖြင့် ရုတ်တရက်ကွယ်လွန်သွားလေ၏။ မြေးမလေးမှာ
ခိုကိုးရာမဲ့ဖြစ်ရသည်။ သူ့အတွက် အဘိုးသာလျှင် အဖေ၊ အဘိုးသာလျှင် အမေဖြစ်သောကြောင့် ပိုခံစားရသည်။
အဘိုးကို လွမ်းသောစိတ်ဖြင့် ဗုန်းဗုန်းလဲမတတ်ဖြစ်ရသည်။ စိတ်ဝေဒနာသည်မလေး ဖြစ်လုလုအခြေအနေကို
ရောက်ခဲ့ရသည်။ ခုလို အဘိုးကို တမ်းတနေချိန်မှာပင် ပီကာဆိုနှင့် တွေ့ခဲ့ခြင်းဖြစ်၏။ ထိုအခါ ကောင်မလေးမှာ
အဘိုးအစားပြန်ရပြီဆိုသော အစွဲအလမ်းဖြင့် ပီကာဆိုကို တွယ်တာမိရာမှ လက်ထပ်ဖြစ်ခဲ့ခြင်းဟုဆိုသည်

ထိုကိစ္စမှာ ပီကာဆိုကို မနာလိုသူတွေက လုပ်ကြံဖန်တီးပြောဆိုကြခြင်းသာဖြစ်သည်ဟု ပီကာဆို ဘက်တော်သားတွေက
ပြန်လည်ချေပသည်။ ပီကာဆိုကတော့....
"လူတွေက အသက်ကြီးတာနဲ့ အိုမင်းတာကို မခွဲခြားတတ်ကြသေးဘူးဗျ"ဟု
ခပ်အေးအေးလေသံဖြင့်သာ တုံ့ပြန်ပြောဆိုလေ၏။

* * * * *

"မင်္ဂလာရယ်မှ....မဏ္ဍိုင်...လေး..."
"ဟေ့....ဟေ့....ဟေ့....အောင်ပါ....စေ..."
ကုမုဒြာဇာတ်ရုံကြီးအတွင်းမှာ မာသာဂရေဟမ်၏ အသံကဟိန်းထွက်လာသည်။
အသက်ခုနစ်ဆယ်နားကပ်နေသည့်တိုင် သူ့အသံက 'ပေါက်'နေတုန်း။ အဆွဲအငင်၊
အပင့်အရှိုက်တွေ ကျန်နေတုန်း။ အဆိုအဟဲ အောင်နေတုန်းရှိသေးသည်။

"တစ်ကြိမ်ငယ်မှ နှစ်ကြိမ်လေ.... သုံးကြိမ်ငယ်မှ
ဦးတင်....ရွာတော်ရှင်....မယ်လျှင်... ကန်တော့ပါ၏ ဘုရား...."
သက်ကြီးအနုပညာရှင်များ၏ ပဒေသာကပွဲဖြစ်လေ၏။ ဂန္ထဝင်အနုပညာကို ချစ်မြတ်နိုးသော လူငယ်တစ်စုက
အကုန်အကျခံပြီး စီစဉ်တင်ဆက်သည်။ သူတို့မှာလည်း စွန့်စွန့်စားစား လုပ်ခဲ့ရခြင်းဖြစ်၏။ ခေတ်ပရိသတ်က
အဘိုးကြီး အဘွားကြီးတွေ ဆိုတာ၊ ကတာကို စိတ်ဝင်စားပါ့မလားဟု စိုးရိမ်ခဲ့ကြရသည်။ တကယ်တမ်းကျတော့
ပရိသတ်မှာ ရုံပြည့်အောင်လာရောက်အားပေးကသည်။ ငွေတာရီရုပ်မြင်သံကြားဌာနကလည်း လာရောက်ရိုက်ကူးပြီး
တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့သည်။

ပထမဆုံးအစီအစဉ်က မာသာဂရေဟမ်၏ တစ်ချိန်ကနာမည်ကျော် အပျိုတော်အကဖြစ်၏။ အသက်အရွယ်
ထောက်လာသဖြင့် ငယ်ငယ်ကလောက် မသွက်လက်သော်လည်း မျက်ခုံးချီပုံ၊ မေးထိုးပုံ၊ လက်ချိုးပုံ၊
ခြေထိုးပုံတို့မှာ ရက်ပ်သမား၊ တက်ကနိုသမား လူငယ်တွေ ငေးယူရလောက်အောင် ပြောင်မြောက်လှသည်။
"သောက်တော်ဘူးရယ်နဲ့....အိုမကွာ..အိုမကွာ....မင်းကျော်စွာမို့ မကျော်လား...ဝေးရာကရှား"အကဝိဇ္ဇာကြီး
မာသာဂရေဟမ်၏ အဆိုအကကို ဆိုင်းဝိုင်းကြီးက မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ပို့ပေးနေသည်။ ဆိုင်းအဖွဲ့ကလည်း
မကောင်းဘဲ ခံနိုင်ရိုးလား။ ရွာစားကြီး စိန်မိုးဇက်၊ ငွေနှဲကျော် ချိုက်ကော့စကီးနှင့် ပတ်မတီး ရှိုပင်တို့
လက်စွမ်းပြတီးမှုတ်ဖျော်ဖြေကြတာကိုး။ သူတို့က သံပြိုင်လိုက်ဆိုရမည့်နေရာတွေမှာ ဝင်အော်ပေးကြသေးသည်။

"ကိုကြီးကျော်ရေ...."
"ဗျို့...ဗျို့"
"မောင်ကြီးကျော်...ရေ"
"ဗျာ...ဗျ"
"ဤဇမ္ဗူမှာ ပြိုင်ဘက်ရှား....မိုးကျနတ်သား..."

ဒုတိယအစီအစဉ်ကတော့ နှောင်းခေတ်အဆိုတော်ကြီးများ၏ ဖျော်ဖြေမှုဖြစ်၏။
တွမ်ဂျုံး၏ 'ယောက်ျားမှာလည်း အသည်းနဲ့ပါ'
ကော်နီဖရန့်စစ်၏ 'မေ့ကွက်ကိုရှာ'
အိန်ဂျဲဘတ်၏ 'ချစ်အားငယ်ရသူမယ'်
မေရီဟော့ကင်း၏ 'နက်ဖြန် သို့မဟုတ် ဘယ်သောအခါ'
အင်ဒီဝီလျံ၏ 'မုန်းရစ်လေဦး'
"ရွက်ဝါကြွေ နွေဦး.....လေရူးပွေစ....ညနေဆည်းဆာ...
ဥဩဆွေ.... နွေတေးရှင်ငှက်... ပင်ကိုင်းထက်မှာ...
သံစာစာ... နွေကြိုတေးကိုသာ....လေးတွဲ့မှန်စွာ....
တေးဖွဲ့ပြန်ရှာ...အဖော်ကွဲ...တစ်ကိုယ်တည်း...
ကိုယ်လည်းမင်း...လိုပါပဲ...ကိုယ့်ဘဝမှာ....
ညိုဝါရွှေ....ညောင်းရွက်လေအနော့....ပြေလျော့...ကြွေပေါ့...
နွေတစ်ကျော့...ရောက်ပြန်ပြီလေ...တစ်ခါ...."

ခံစားချက်အပြည့်ဖြင့် သီဆိုနေသော ဂန္ထဝင်အဆိုတော်ကြီး အင်ဒီဝီလျံ၏ သီချင်းသံတွင် ပရိသတ်များ
မိန်းမောနေကြသည်။ ထို့နောက် ဂီတလုလင် ဘီသိုဗင်၏ တစ်ကိုယ်တော် စန္ဒရားလက်စွမ်းပြတီးကွက်များဖြင့်
ပရိသတ်အာရုံကို ချုပ်ကိုင်ဖမ်းစားလိုက်ပြန်သည်။

ဆက်လက်ပြီး စူပါစတား အဆိုတော် ရုပ်ရှင်မင်းသား အဲဗစ် ပရက်စလေနှင့် ခေတ်ဟောင်းမင်းသမီးကြီးများ
ဖြစ်ကြသော အက်ဗာဂါဒနာ၊ မေရီပစ်ဖို့၊ အက်စသာဝီလျံ၊ ဂျူဒီဂါလင်တို့တစ်လှည့်စီစုံတွဲသီဆိုသော သီချင်းများဖြင့်
ဖျော်ဖြေသည်။ ဂျူဒီဂါလင်နှင့်တွဲ၍ သီဆိုသော 'တကူကူးကူ'သီချင်းကို ပရိသတ်တွေ အရမ်းသဘောကျပြီး
ပွဲတောင်းသဖြင့် နှစ်ကြိမ်ပြန် သီဆိုရသည်။

ထို့နောက် ခေတ်ဟောင်း အနုပညာရှင်ကြီးများကို ဂုဏ်ပြုသည့်အနေဖြင့် ခုတလော အလွန်နာမည်ကြီးနေသော
ဝက်စ်လိုက်ဖ်အဖွဲ့က ဒိုးပတ်ဝိုင်းဖြင့်ဖျော်ဖြေသည်။ မိုက်ကယ်ဂျက်ဆင်ကလည်း ဦးရွှေရိုးအကဖြင့် ပါဝင်ကူညီခဲ့
သေးသည်။ နောက်ဆုံးအစီအစဉ်ကတော့ သက်ကြီးအငြိမ့်ခန်းဖြစ်၏။ မင်းသမီးမှာ ဂျူလီအင်ဒရူးဖြစ်၏။ လူရွှင်တော်များ
အဖြစ် ဘော့ဟုပ်၊ ဂျယ်ရီလူးဝစ်နှင့် နော်မန်ဝစ်စဒမ်တို့က အသုံးတော်ခံကြသည်။ ဘော့ဟုပ်က ခွန်းထောက်တစ်ပုဒ်ဆိုသည်။
ထို့နောက် ပရိသတ်ကို မေတ္တာပို့၊ နှုတ်ဆက်စကားပြောပြီး...
"ကဲ...သူငယ်ချင်းတို့ရေ.... အခုလို ရုံပြည့်ရုံလျှံအောင် လာရောက်အားပေးကြတဲ့ ပရိသတ်ကြီးဟာ မင်းတို့ ငါတို့ကို ကြည့်ရုံ
သက်သက် မဟုတ်ဘူး၊ မင်းသမီး ဂျူလီအင်ဒရူးလေးရဲ့ ချစ်လှစွာသော ပီယဝါစာ စကားသံလေးတွေ၊ ကြည်လင်ချိုမြတဲ့
တေးသံလေးတွေ၊ နွဲ့နှောင်းသွက်လက်တဲ့ ကကြိုးကဟန်လေးတွေကို ကြားချင်မြင်ချင် ကြည့်ချင်လို့လာကြတာမဟုတ်လားကွယ့်"
"ဟုတ်ပါ့"
"ဒီတော့ မင်းသမီးခေါ်ကြဦးစို့ရဲ့"

ထိုအခါ နော်မန်ဝစ်စဒမ်က ဇာတ်စင်ထောင့်ဆီပြေးသွားသည်။ ဂျယ်ရီလူးဝစ်က....
"ဟေ့ကောင်....ဘယ်သွားမလို့လဲ"
"မင်းသမီးခေါ်ဖို့ ဆိုက်ကားသွားငှားမလို့လေ"
"ဒီလောက်တောင်ညံ့ရသလားဟဲ့၊ မင်းသမီးခေါ်တာ ဆိုက်ကားနဲ့ ရပါ့မလား၊ မသကာ လင်ခရူဆာလောက်တော့ ဖြစ်ရမှာပေါ့"

ဘောဟုပ်ကဝင်၍...
"ဟာ ဘာတွေလျှောက်ပြောနေတာလဲ၊ မင်းသမီးခေါ်ပါဆိုတာက စာချိုးလေးနဲ့လှမ်းခေါ်ဖို့ပြောတာ"
"ဩော်...ဒီလိုလား၊ ဒီလောက်တော့ဖြစ်ပါတယ်ကွ....အဟမ်း...အဟမ်း...ပုဝါနှစ်စအသာချပါလို့"
"မင်းခေါ်ပုံကြီး ရိုးနေပါပြီကွာ"
"ဒါဆိုလည်း မင်းပဲခေါ်လိုက်ပါတော့"

"ကဲခေါ်ပြီနော်...ခင်ကညာမြင် ဘဝင်မှာရွှင်လိုက်ပါတဲ့ အိုးဗျ ဘင်လာဒင်..."
"ဟာ...ဘယ့်နှယ် မင်းသမီးခေါ်ပါဆိုတာ ကဲ ကဲ မင်းတို့ခေါ်လို့တော့ မဖြစ်ပါဘူး၊ ငါပဲခေါ်ပါ့မယ်"
ဂျယ်ရီလူးဝစ်က ပရိသတ်ဘက်ကျောပေးပြီး ကျုံ့ကျုံ့လေးထိုင်နေသော မင်းသမီး ဂျူလီအင်ဒရူးကို
တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီးမှ....
"ထားခင်နှမ၊ ခါးရင်အစ၊ ငါးပဉ္စကောင်းခြင်း၊ အကယ်ဒမီ ရွှေစင်လေးလို၊ မယ်မဒီလိုမြင်ရင်
ငေးရပါတဲ့၊ ဂျယ်ရီရဲ့ ခင်ခင်လေး ဂျူလီရေ....."

ဂျူလီအင်ဒရူးသည် ထရပ်လိုက်ပြီး နွဲ့နှောင်းညင်သာစွာ လျှောက်လာသည်။ ပရိသတ်ကို
လက်အုပ်လေးချီ နှုတ်ဆက်လိုက်ပြီးမှ သီချင်းစဆိုသည်။
"အငြိမ့်မင်းသမီးများ ရည်းစားထားတဲ့ လူဆိုတာမျိုးနော် သဘောနည်းနည်းကြီးဦးမှပေါ့ သခင်ရယ်...
မီးရောင်အောက်ကိုဝင်ရင် လူပြက်တွေနဲ့ သောတော့ မောင့်သဘောက မကြည်မလင်..."

တီးလုံးအပိုဒ်တွင် အကဝင်လာသည်။ ဂျူလီအင်ဒရူး၏ ကဟန်မှာ တချို့မင်းသမီးတွေလို ခုန်ပေါက်
လူးလှိမ့်နေခြင်းမျိုးမဟုတ်။ အလွန်ညက်ညောသည်။ ကကြိုးတစ်ကွက်ချင်းမှာ ပန်းချီကားတစ်ချပ်စီလို
လှပသပ်ရပ်သည် လက်ခုပ်သံတွေမစဲတော့။


--------
မင်းလူ
--------

No comments:

Post a Comment