ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက်ဖတ်လေ့ရှိေ သာ စာပေအမျိုးအစားထဲတွင် ခရီးသွားစာပေလည်းပါ၏။ စတင်စွဲလမ်းခဲ့ရတာကတော့ ငါးတန်းကျောင်းသားဘ၀မှာပင်ဖြစ်၏ ။
ကျွန်တော် တိုက်ဖွိုက်ရောဂါဖြစ်ပြီး အိပ်ရာထဲမှာ တစ်လလောက်လဲနေသည်။
ကစားလည်းမကစားရ၊ အပြင်လည်းထွက်လို့မရသဖြင့် ပျင်းရိ ငြီးငွေ့နေသည်။
ကျွန်တော်၏အဖော်ကတော့ စာအုပ်များပင်ဖြစ်၏။
အိမ်မှာရှိသည့်စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ်ဖတ်သည်။
ဆရာသိပ္ပံမောင်ဝ၏စာတွေကို စွဲသွားသည်။ ဆရာ့စာတွေထဲမှာ
သူရောက်ခဲ့သည့်အရပ်ဒေသအကြောင်းေ တွ ရေးလေ့ရှိ၏။ အညာ မြေလတ်ဒေသ၊
မြစ်ဝကျွန်းပေါ်၊ ချင်းတောင် စသည့်အကြောင်းအရာများ၊
အောက်စဖို့ဒ်တက္ကသိုလ်သွား မှတ်တမ်း၊ ဒါတွေအားလုံး
ခရီးသွားစာပေများပင်ဖြစ်၏။
ကျွန်တော်သည် အိပ်ရာကမထဘဲ စာအုပ်တွေဖတ်ရင်း ကိုယ်ကိုယ်တိုင်
ခရီးသွားနေသလို ခံစားရ၏။ ပျင်းရိငြီးငွေ့ပြီး တစ်ယောက်တည်းနေသူအဖို့
ခရီးသွားစာပေသည် အကောင်းဆုံးအဖော်ပင် ဖြစ်တော့သည်။
ထိုအခါမှစ၍ ခရီးသွားစာပေကို ကျွန်တော် အစွဲကြီးစွဲသွားခဲ့လေသည်။
ဒီနောက်မှာတော့ ခရီးသွားအတွေ့အကြုံများနှင့်ပတ် သက်သောစာအုပ်တွေကိုရှာဖွေပြီး မက်မက် မောမောဖတ်ဖြစ်တော့သည်။ ဆရာဇော်ဂျီနှင့်ဆရာမင်းသုဝဏ်ရေး သည့် ခရီးသည်ဆိုသောစာအုပ်ကလေးကို အလွန်နှစ်သက်မိ၏။ စာအုပ်ထဲတွင် ဆရာကြီးများ၏ပြည်တွင်းပြည်ပသွား ရောက်ခဲ့သည့်ခရီးများအကြောင်း ရေးထားသည်။
ဆရာကြီးတို့၏ အင်္ဂလန်နိုင်ငံသို့ပညာတော်သင်ခရီးအကြောင်း ရေးထားတာ
ဖတ်လို့ပင်မ၀နိုင်။ ဟိုအချိန် ၁၉၃၆ခုနှစ်ခန့်က ရန်ကုန်မှ
လန်ဒန်သို့သွားရာမှာ ခုခေတ်လို လေယာဉ်နှင့်မဟုတ်။ ပင်လယ်ကူး သင်္ဘောများစွာ၊
မြို့ပေါင်းများစွာ၊ ဆိပ်ကမ်းပေါင်းများစွာမှာ ကပ်ခဲ့သည်။ ဒေသအမျိုးမျိုး၊
လူမျိုးအဖုံဖုံ၏ ဓလေ့ စရိုက်ကို သိရသည်။
ထို့နောက် ဆရာသိန်းဖေမြင့်၏ ခရီးသွားစာအုပ်တွေ ဖတ်ဖြစ်သည်။
စစ်အတွင်းခရီးသည်၊ အရှေ့မြောက်တိုင်းတစ်ခွင်၊ မြစ်ဖျားဧရာရောင်စုံဖြာ၊
အဏ္ဏ၀ါခရီးသည်နှင့်ပုလဲဒေ၀ီ။
ဆရာသည် ခရီးအလွန်သွားသူဖြစ်၏။ သွားသမျှကိုလည်း ပြန်ရေးလေ့ရှိ၏။ စာရေးချင်လို့ကို တမင်တကာလျှောက်သွားခြင်းလည်ြး ဖစ်နိုင်၏။
ဆရာက စာရေးအလွန်ကောင်းသူဖြစ်၏ ဘာအကြောင်းရေးရေး
စိတ်ဝင်စားစရာဖြစ်အောင်၊ ဖတ်စရာကောင်းအောင် ရေးသူဖြစ်၏။
အလွန်ပျင်းစရာကောင်းနိုင်သည့် ဘာသာရပ်ဆိုင်ရာအကြောင်း တစ်ခုကိုပင်
ဝတ္ထုတစ်ပုဒ်ဇာတ်လမ်းဆင်၍ ရေးသွားရာ လက်က မချနိုင်အောင်ဖြစ်ရ၏။
အဏ္ဏ၀ါခရီးသည်နှင့် ပုလဲဒေ၀ီစာအုပ်တွင် အဏ္ဏ၀ါသိပ္ပံအကြောင်းကို
မောင်သန့်စင်၊ ပုလဲဒေ၀ီတို့အကြောင်း ရေသူမအကြောင်း များနှင့် ရောမွှေကာ
ရေးခဲ့သည်။ ၀တ္ထုထဲကဇာတ်ကောင် မောင်သန့်စင်၏ မုတ်ဆိတ်မွေးမှာ ပြောစမှတ်
ဖြစ်ခဲ့ရသေးသည်။
ထို့အတူ ခရီးသွားစာပေရေးခဲ့ကြသော စာရေးဆရာ၊ ဆရာမကြီးများ၏စာများကိုလည်း စွဲစွဲလမ်းလမ်း ဖတ်ခဲ့ရသည်။
ဆရာမြသန်းတင့်၏ ငွေသောင်ယံဟွန်ဒါယဉ်ကျေးမှု၊ မေရီပိုဗေးနှင့်
အီကွေတာညများ။ ဆရာနတ်နွယ်၏ သီတာခုနစ်တန် တောင်စဉ်ခုနစ်ထပ်။
ဆရာမင်းကျော်၏လျှပ်တစ်ပြက်ဂျပန် ။ ဆရာမောင်နေ၀င်း၏ ရန်ကုန်ဘန်ကောက်မှ
ရွှေတြိဂံသို့။ ဆရာကျော်အောင်၏ ဟောင်ကောင် နွေဦးညများ။
ဆရာမကြီးဒဂုန်ခင်ခင်လေး၏ ကမ္ဘာလှည့်ဆောင်းပါးပေါင်းချုပ်။ ဆရာယိမ်းနွဲ့ပါး၏
ခါကာဘိုခရီးသည်။ ဆရာမ ကြည်ဦး၏ဗုဒ္ဓဂယာနှင့် အလောင်းတော်ကဿပခရီးအကြောင်းဆော င်းပါးများ။
ခရီးသွားစာပေကို တရုတ်တို့က စတင်ရေးသားခဲ့သည်ဟု ယူဆရသည်။ တရုတ်တို့သည် ကမ္ဘာပေါ်မှာ စက္ကူကို ပထမဆုံးအသုံးပြုခဲ့သူများလည်ြး ဖစ်ကြ၏။ သူတို့သည် မှတ်တမ်းရေးခြင်းကိုလည်း ၀ါသနာပါကြသူများ ဖြစ်ကြ၏။
တရုတ်ရဟန်းတော်တစ်ပါး၏ မဇ္ဈိမဒေသခရီးအကြောင်း ရေးထားသည့် ဖာဟီယန်ခရီးစဉ်စာအုပ်မှာ ထင်ရှားသည်။
အနောက်နိုင်ငံသားတွေကတော့ နယ်သစ်ပယ်သစ်ရှာဖို့ ခရီးထွက်ကြသည်။
သူတို့သည် မှတ်တမ်း မှတ်ရာပြုလုပ်ရာတွင် အလွန်ထက်သန်ကြသူများဖြစ်၏။
သွားသမျှခရီးတိုင်းကို တိတိကျကျ မှတ်တမ်း တင်တတ်ကြသည်။ ထို့ကြောင့်
အနောက်တိုင်းစာပေတွင် ခရီးသွားစာပေအများအပြားတွေ့ရသည် ။
မာကိုပိုလို၏ခရီးစဉ်မှာ အလွန်ကျော်ကြားလှသည်။ သူ့ကြောင့်ပင်
အရှေ့တိုင်းနိုင်ငံများ အကြောင်းကို ဥရောပသားတို့
ပြည့်ပြည့်စုံစုံသိကြရခြင်းဖြစ် ၏။ ဗာစကိုဒဂါးမားတို့၊
ကိုလံဘတ်စ်တို့သည်လည်း ခရီးသွားမှတ်တမ်းများ ရေးခဲ့ကြသည်။
ထိုမှတ်တမ်းများ၏ကျေးဇူးကြောင့် နယ်သစ်ပယ်သစ်များအကြောင်း သိရပြီး
နောင်တစ်ချိန် နယ်ချဲ့ရာတွင် ထိရောက်အောင်မြင်ခဲ့ကြခြင်းဖြစ် ၏။
ကျွန်တော်တို့မြန်မာများသည် ရှေးရှေးအခါက ခရီးသွားခြင်းအလေ့အထ
နည်းပါးကြသည်။ မသွား မဖြစ်သည့်ကိစ္စမျိုး၊ ကုန်ရောင်းကုန်ဝယ်ကိစ္စမျိုး၊
စစ်ချီတက်ခြင်းမျိုးကလွဲလျှင် ကိုယ့်ရပ်ကိုယ့်ရွာကို ခွာလေ့မရှိ။
တကယ်တော့ မြန်မာတို့အဖို့ အရပ်တစ်ပါးသို့ စွန့်စွန့်စားစားသွားနေစရာလည်း မလို။
နယ်သစ် ပယ်သစ်ရှာစရာလည်း အကြောင်းမရှိ။ ပိုင်ဆိုင်သောနယ်က အကျယ်ကြီး။
လူဦးရေက နည်းနည်းလေး။ ပြီးတော့ စားနပ်ရိက္ခာ၊ သယံဇာတတွေက အလျှံပယ်ရှိသည်။
ပြီးတော့ ဟိုတုန်းက မြန်မာများသည် မှတ်တမ်းမှတ်ရာများ
ရေးသားသိမ်းဆည်းထားတတ်သည့် အလေ့အထနည်းပါးကြ၏။ ပုဂံခေတ်တုန်းကတော့
ကျောက်စာရေးထိုးသည့်အလေ့ရှိသြ ဖင့် ကြာရှည် ခံသေးသည်။ ပေစာခေတ်ကျတော့ ထိန်းသိမ်းမှုအားနည်းသဖြင့် ပျောက်ပျက်ကုန်တာများသည်။
နန်းတော်အတွင်းမှာသာ မှတ်တမ်းမှတ်ရာများ စနစ်တကျထားရှိသည်။ ထို့ကြောင့်
ခရီးသွား စာပေမျိုး ရှေးခေတ်မှာ အတွေ့ရအလွန်နည်းသည်။ ရှင်ဘုရင်များ
တိုင်းခန်းလှည့်လည်ခြင်း၊ စစ်ချီတက်ခြင်းနှင့်ဆိုင်သောမှ တ်တမ်းမျိုး တွေ့ရသော်လည်း ခရီးသွားစာပေပုံစံမျိုးမဟုတ်။
ကဗျာလင်္ကာပုံစံနှင့်ရေးကြတာမျိုးတော့ရှိ၏။ ထိုအထဲတွင်
ဆရာတော်ရှင်ဥတ္တမကျော်၏ တောလားများမှာ ခရီးသွားစာပေ၏အစဟု
ဆိုကောင်းဆိုနိုင်သည်။ ရှင်မဟာရဌသာရ၏ ရွှေစက်တော်သွား တောလားသည်လည်း
ခရီးသွားစာပေ၏ အစအဦးစာရင်းဝင်နိုင်ပါသည်။
ခရီးသွားစာပေစစ်စစ်ပုံစံကို စကားပြေဖြင့် ပီပီပြင်ပြင်ရေးခဲ့သူမှာ
ကင်းဝန်မင်းကြီးဦးကောင်းပင် ဖြစ်၏။ ပြင်သစ်နိုင်ငံသွား နေ့စဉ်မှတ်တမ်းနှင့်
လန်ဒန်မြို့သားနေ့စဉ်မှတ်တမ်းတို့ဖြစ်သည်။
ခရီးသွားစာပေသည် တကယ်အရေးကောင်းလျှင် ၀တ္ထုတစ်ပုဒ်ဖတ်ရသလိုပင် အရသာရှိလှသည်။ ရေးသူက သရုပ်ဖော်ကောင်းလျှင်ကောင်းသလော က်
မျက်စိထဲမှာ ရှုခင်းရှုကွက်များ မြင်ယောင်လာသည်။ ထိုအရပ်ကို
ကိုယ်ကိုယ်တိုင်ရောက်ရှိနေသလို ခံစားစေသည်။ ရေမြေတောတောင်များသာမက ဒေသခံ
လူတို့၏၀တ်စားဆင်ယင် နေထိုင်စားသောက်ပုံဓလေ့များနှင့် သူတို့၏ဘ၀များအကြောင်းကိုပါ ခြယ်မှုန်းပြ နိုင်လျှင် အဖိုးတန်သောခရီးသွားစာပေဖြစ်လာေ လသည်။
တချို့လူတွေ နောင်ရေးအတွက်စိတ်အေးရအောင် စီးပွားရှာဖွေစုဆောင်းကြသလို
ကျွန်တော် သည်လည်း နောင်ရေးအတွက် ခရီးသွားစာပေနှင့်ပတ်သက်သော
စာအုပ်စာတမ်းများကို လက်လှမ်းမီသမျှ စုဆောင်းဖို့ ကြိုးစားနေပါသည်။
ကျွန်တော်အသက်ကြီးလာပြီး အိုမင်းမစွမ်းဖြစ်သည့်အခါ စိတ်သွားတိုင်း
ကိုယ်မပါနိုင်တော့သည့်အခါ အိမ်ထဲမှာပင် စာအုပ်တွေကိုဖတ်ပြီး
စိတ်ကူးနှင့်ခရီးသွားရင်း အေးချမ်းစွာ နေနိုင်မည်ဟု မျှော်လင့်ထားပါသည်။
------------------------
မင်းလူ
တိုင်းရင်းသားမဂ္ဂဇင်း
နိုဝင်ဘာ၊ ၁၉၉၉
No comments:
Post a Comment