ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Monday, October 15, 2012

ဒေါသ ထွက်လွယ်သူများ သတိ



ဒေါသထွက်လွယ် တုန့်ပြန်လွယ်သူများ သတိပြုရန်---

တကယ်တော့ ဒီအဖြစ်ပျက်လေးဟာ ဟိုးး လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်လေက်ကပါ။  သတင်းအနေနဲ့ မဟုတ်ဘဲ ဒေါသထွက်လွယ်တဲ့သူတွေအတွက် (ကျွန်တော် ထိပ်ဆုံးက) အမြဲဆင်ခြင်သင့်တဲ့ အဖြစ်အပျက်လေး မို့ ချေးခြောက်ရေးနှုးတယ် ပြောပြော ၊ ဒေါသ ထိန်းဆေးလေး ဖြစ်လိုဖြစ်ငြား တင်ပြချင်ပါတယ်။

၁))

အဲဒီတုန်းက ကျွန်တော် ၁၀ တန်းကျောင်းသားပါ။ ကျွန်တော့်မိဘတွေလည်း ရန်ကုန်ကို မပြောင်းသေးဘူး။ ရွာမှာပဲ ရှိတုန်းမို့ ကျွန်တော် ကျောင်းပိတ်ရင် ရွာကိုအမြဲပြန်ပါတယ်။ အညာနွေဟာ ဘယ်လောက်ပူပူ မိဘအိမ်မှာ နေရတာလောက် လုံခြုံအေးချမ်းတာတော့ မရှိဘူး။ ရွာအိမ်ရဲ့ ကပ်ရပ် အိမ်နီးခြင်းအိမ် တစ်အိမ်က ဒေါ်ရွှေကြည်တို့အိမ်ပါ။ သူ့ယောကျာင်္းက ဦးအောင်သိန်း နွားတွေကို ကန်ထရိုက်ယူ ကျောင်းပါတယ်။ ကန်ထရိုက်နွားကျောင်းသားပေါ့။ မရွှေကြည်က နေ့လည်ဆို ရွာထဲမှာ မုန့်ရောင်းပါတယ်။ ရွာမှာ စီးပွားရေး သိပ်အဆင်မပြေတဲ့ မိသားစုတွေဆိုတော့ သားသမီးတွေကို ဒီအတိုင်း လွှတ်ထားတတ်တာလည်း သဘာဝ လိုဖြစ်နေပါတယ်။

၂))

တစ်နေ့တော့  အသက်(၈)နှစ်လောက်ရှိမယ့် သူတို့သမီးလေးဟာ ရွာမြောက်ဘက်ကို ခွေးတိုးပေါက် လို့ ရွာက ခေါ်တတ်တဲ့ ရွာစည်းရိုး လူတစ်ယောက်စာဝင်ပေါက်ကနေ သူ့အပေါင်း အသင်းတွေနဲ့ ဆော့ဖော်ဆော့ဘက်တွေပေါ့  ရွာအပြင်ကို ထွက်သွားပါတယ်။ ဒါကလည်း အမြဲထွက်နေကျ သွားနေကျ ၊ အပေါင်းအသင်းတွေနဲ့ ဆော့ကစားနေကျပါ။ တစ်မနက်လုံး ရွာအပြင် တောစပ်တွေမှာ ဆော့ရင်း နေပူပူ နေ့လည် မွန်းတည့်ခါနီးရောက်တော့ အာပြဲလန်နေအောင် ငိုယိုပြီး ရွာထဲကို ပြန်ဝင်လာပါတယ်။ အဲဒီလိုပြန်လာတာကလည်း  ထူးခြားတယ်လို့မဟုတ်ဘူး။ ကလေးချင်း ရန်ဖြစ်ရင် ငိုပြန်လာနေကျပါ။

``အမေရေ-----  ကျူပ် ဘာမှ မမြင်ရတော့ဘူး   အီးးးဟီးးးး  ဟီးးးး``

အဲဒီလို  သူ့မျက်ခွံတွေကို သူ့ဖာသာ လက်နဲ့ ဖွင့်ပြီး  ငိုတာက မပြောင်းဘဲ အဲလိုပဲ ငိုနေပါတယ်။ ကျွန်တော်က အိမ်ခေါင်းရင်း အရိပ်ကောင်းတဲ့ ဂျောင်ညမ်းပင်ကြီးအောက်မှာ ထန်းပက်လက် ကုလားထိုင်နဲ့ စာထိုင်ဖတ်နေတော့  အဲဒီငိုသံကို အဆက်မပြတ်ကိုကြားနေရတာပဲ။ ခဏနေတော့ သူ့အမေ ဈေးရောင်းက ပြန်လာပါတယ်။ ဈေးရောင်းကပြန်လာကာစမို့ ပင်ပန်းတာက တစ်မျိုး ၊ နေပူလို့ စိတ်ရှုပ်နေတဲ့ သူ့အမေဟာ သူ့သမီး ငိုနေတာကို တိတ်ဘို့ အော်ငေါက်ပြောပါတယ်။ သူ့သမီးက သူ့အမေပြန်လာတော့ မတိတ်တဲ့အပြင် ပိုပြီး ငိုအားရှိလာပါတယ်။ သူ့အမေက ပထမတော့ ဘာဖြစ်တာလဲ  ဘာလို့ငိုတာလဲ စသဖြင့် ဒေါနဲ့မေးပါတယ်။ မဖြေပဲ ဆက်ပြီးငိုနေတော့ စိတ်မရှည်တော့ဘဲ  ဝါးခြမ်းပြားနဲ့ ရိုက်ပါတော့တယ်။ အဲလိုရိုက်ပေမယ့်လည်း ဘယ်လောက်ရိုက်ရိုက် ``အမေေ၇---  ကျုပ် ဘာမှ မမြင်ရတော့ဘူး    အီးးးး ဟီးးး`` ဆိုတာကို လုံးဝမပြောင်းပဲ ထပ်ချည်းတလဲလဲ အဲလိုပဲ ငိုနေပါတယ်။ တော်တော်ကြာတယ်  အမေက မေးလိုက် မဖြေပဲ ငိုနေလို ရိုက်လိုက် ။ နောက်တော့ သူ့အမေဟာ ဒေါသထွက်ပြီးရင်းထွက်လာပြီး  --

``တိတ်လို့ပြောလည်းမတိတ်ဘူး   ဘာဖြစ်တာလဲမေးလည်းမပြောဘူး   ငါ့အိမ် ကျက်သရေတုံးတယ်  သင်္ချုင်းမှာ သွားငို  သွား  သွား  ငါ့အိမ်ထဲကထွက်  ``

-- ဆိုပြီး  သူ့သမီးကို တရွတ်တိုက် အိမ်ထဲက ဆွဲထုတ်ပြီး နွားချေးတွေ စုပုံထားတဲ့ နွားချေးကုန်းပေါ်ရောက်တဲ့အထိ မေးလိုက် ရိုက်လိုက် လုပ်နေပါသေးတယ်။ ကြာတော့ အိမ်အနောက်ဘက်က ဘကြီးတင်က အမြင်မတော်တော့

``ဟဲ့ ရွှေကြည် နင့်ကလေးကို စွတ်ရိုက်မနေနဲ့  သွေးရိုးသားရိုးမဟုတ်လောက်ဘူး``

      လို့ဝင်ကန့်ကွက်မှ သတိဝင်သွားပြီး သမီးလုပ်သူကို သေချာကြည့်တော့ ငိုသံ လုံးဝ တိတ်သွားပြီး  ဘဝတစ်ပါးကို ကူးသွားပြီ ဖြစ်ကြောင်း  သိလိုက်ရပါတော့တယ်။

(မိခင်ဘက်က ဝင်ပြီး ခံစားကြည့်ပါ    ရူးမတတ် နောင်တရလိုက်မယ့်ဖြစ်ခြင်း။)

**** သမီးရဲ့ အမေ  မရိုက်တော့ပါဘူး---  ငိုပါဦးသမီးရဲ့   အမေ မသိလို့ပါသမီးရဲ့  -- အမေမိုက်ကြီးကို ခွင့်လွှတ်တယ်လို့ ထပြောသွားပါဦး သမီးရဲ့--  ```

မှတ်ချက်။   ။ ရွာအပြင်ဘက် သစ်ခေါင်းထဲ ကလေးသဘာဝ နှိုက်ဆော့သဖြင့် သစ်ခေါင်းထဲမှ မြွေဟောက် ကိုက်လိုက်ခြင်းဖြစ်သည်။ အဆိပ်တတ်ပြီး မျက်စေ့ စကွယ်ခြင်းဖြစ်နိုင်သည်။
ကြားရတဲ့သူတွေ  မြင်ရတဲ့သူတွေမှာတော့ ရင်တွေနင့်လို့။

(တစ်ခါက သေခါနီး သမီးကို ရိုက်ပြီးဆုံးမတဲ့အမေ ဆိုပြီး ဂျာနယ်မှာ ဖော်ပြခဲ့ဘူးပါတယ်)
ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)

No comments:

Post a Comment