ဘဝတစ်ကွေ့က သူငယ်ချင်းတစ်ယောက်
မိဘတွေက ကိုယ့်ရဲ့သားသမီးတွေကို
သူတို့ငယ်စဉ် အမှားအမှန် ပိုင်းခြား ဆုံးဖြတ်နိုင်တဲ့ အသိဥာဏ် မရှိသေးခင်မှာ ကိုယ်လက်ခံ
ကိုးကွယ်ထားတဲ့ ကိုယ်နှစ်သက်ယုံကြည်ထားတဲ့ ဝါဒ ၊ ဘာသာတရား အတွေး အခေါ်တွေကို မျိုးစေ့ချပေးထားသင့်သလား။
အဲဒါကို Brainwash လုပ်ထားတယ်လို့ ခေါ်လို့ဖြစ်မလား။ ဘာသာရေး လွတ်လပ်မှုပေးမထားဘူးလို့
Human Right ပေတံနဲ့ တိုင်းတာ ခြင်းမျိုး သတ်မှတ်သင့်လား။ လက်ဦးဆရာ မည်ထိုက်စွာသား
ပုဗ္ဗာစရိယ မိနှင့်ဖ တာဝန်လို့ရော သတ်မှတ်သင့်လား။
ဆုံးမပြုပြင် စည်းရုံးသိမ်းသွင်းလမ်းပြခြင်း နဲ့
အတင်းအဓမ္မ ပုံစံသွင်းထားခြင်း တို့ရဲ့ မြင်သာတဲ့ ကွာဟချက်တွေဟာ ဘာလဲ။ ဘာသာရေး
လွတ်လပ်ခွင့်ကာလမှာ ကိုယ်ယုံကြည်ကိုးကွယ်တဲ့ဘာသာကို ကိုယ့်ရဲ့ ပါတ်ဝန်းကျင်ကို လမ်းပြစည်းရုံးသင့်
မသင့် ။ Brainwash လုပ်တယ်ဆိုတာ မှားယွင်းတဲ့ အယူအဆဟောင်းတွေကို ဖယ်ရှားပြီး မှန်ကန်တဲ့
(ဝါ) မှန်ကန်တယ်လို့ လက်ရှိယူဆနေတဲ့ အတွေးမြင်သစ်တွေ နဲ့ လဲလှယ်တာကို Brainwash လို့ခေါ်တာ
မဟုတ်ဘူးလား။ ဒါမှမဟုတ် ကိုယ့်ဖြစ်စေချင်တဲ့ အယူအဆကို တစ်ဖက်လူ စဉ်းစားဥာဏ် မသုံးဖြစ်အောင်
မှိုင်းတိုက်ပြီး ကိုယ်ဖြစ်စေချင်သလို ဖြစ်အောင် လုပ်တာကိုပဲ Brainwash လို့ သတ်မှတ်တာလား။
၁))
ကျွန်တော်
တက္ကသိုလ် ပထမနှစ်ကျောင်းသား တုန်းက အဖြစ်ပျက်လေး တစ်ခုကို ပြောပြချင်ပါတယ်။ ဘာသာရေး
တိုက်ခိုက် ဝေဖန်ခြင်း မဟုတ်ပါဘူး လို့ကြိုတင် မေတ္တာရပ်ခံထားပါရစေ။ အဲဒီတုန်းက ကျွန်တော့သူငယ်ချင်းတွေထဲမှာ
အောင်လင်း ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ တရုတ်သွေးပါလို့ အသားဖြူဖြူ အရပ်အမောင်း
ထွားထွား ရုပ်ဖြောင့်ဖြောင့်ပါ။ သဘောလည်းကောင်းတယ်။ သူ့မိဘတွေက စီးပွားရေးလည်း ပြည့်စုံပါတယ်။
အဲ -- ပြောစရာ တစ်ခုရှိတာက သူ့မိဘ နှစ်ဦးဟာ
တစ်ယောက်က ဗုဒ္ဓဘာသာဖြစ်ပြီး တစ်ယောက်က ခရာစ်ယံ ဘာသာပါ။ သူ ပထမနှစ် ရောက်တဲ့အထိ သူ့ကိုယ်သူ
ဘယ်ဘာသာကို ကိုးကွယ်ရမယ်မှန်း မဆုံးဖြတ်ရသေးဘူး။ မိဘတွေကလည်း သူ့ဘာသာကို ကိုးကွယ်ပါ
ငါ့ဘာသာကို ကိုးကွယ်ပါလို့ လုံးဝ မပြောဘူး။ ဒီအတိုင်း လွတ်လပ်စွာရွေးချယ်ခွင့် ပေးထားပုံပါပဲ။
အောင်လင်း ဟာ ရပ်ကွက်ထဲ ကထိန်လှည့်တာတို့ ဆွမ်းဆန်စိမ်း အလှုခံ ထွက်တာတို့တွေမှာ သူ့ကို
တွေ့ရတတ်သလို ခရာစ်ယံ ဘုရားရှိခိုးကျောင်း ချာ့စ် ကိုလည်း ရောက်တာပါပဲ။ ကျွန်တော်တို့ကလည်း
လူငယ်လေးတွေဆိုတော့ ဘာသာရေးအကြောင်း သိပ်မပြောဖြစ်ကြဘူး။ သူ ဖောင်တွေ ဘာတွေဖြည့်ရမယ့်
အခါဆိုရင်တော့ ဗုဒ္ဓဘာသာ လို့ဖြည့်ပါတယ်။ ဒါကလည်း ကိုလင်းထက်ဆွေ ပြောသလို တစ်ချိန်ချိန်မှာ
အရာရှိကြီးစာမေးပွဲ တွေများဖြေဖို့ အခွင့်ကြုံလာရင် ဗုဒ္ဓဘာသာ ကို ဦးစားပေးတယ်လို့
ပြောနေ ဆိုနေကြလို့ပါပဲ။ ဦးစားပေးတယ် ဆိုတဲ့အပိုင်းမှာလည်း အရည်အချင်း တူနေပြီး ဆုံးဖြတ်ဘို့ခက်နေတဲ့အပိုင်းမှာ
အခြားဗြူးကနေ ရွေးချယ်ပေးတဲ့သဘောပါ။ ဦးနုတို့ခောတ် ပါလီမာန်မှာ အစ္စလာမ် အမတ်တစ်ဦးက
မြန်မာပြည်မှာ ဈေးတွေထဲမှာပေါ့ ဝက်သားကို ပေါ်တင် မရောင်းချဘို့။ ရောင်းမယ်ဆိုရင် အများမမြင်အောင်
ပုန်းလျှိုးကွယ်လျှိုး ရောင်းဘို့၊ဝယ်တဲ့ ဝက်သားကို အိမ်သယ်တဲ့အခါ လမ်းမှာလည်း မြင်သာအောင်
မသယ်ဘို့ အဆိုတင်သွင်းဘူးတယ်လို့ ကြားဖူးပါတယ်။ လူကြီးပိုင်းတွေက အဲလိုအတိုက်အခံတွေ
များလာမှာ ကြောက်တဲ့ပုံ ရပါတယ်။ ကွန်ဆာဗေးတစ် က ကွန်ဆာဗေးတစ်ဆန်ဆန်လုပ်ခဲ့တာလည်း မှားတယ်လို့
ပြောမရပါဘူး။ သူက သူယုံကြည်ရာလုပ်တာမို့ပါ။ လစ်ဘရယ်ကလည်း လစ်ဘ၇ယ် အာဏာရရင် လစ်ဘရယ်
ဆန်ဆန် လုပ်ရမှာပဲ။ အဲဒါလည်း သူ့ယုံကြည်ရာမို့ အပြစ်မပြောသာပါ။ (ဆောရီး လမ်းကြောင်းတွေ လွဲကုန်ပြီ) ။
အောင်လင်းဟာ
ပထမနှစ် တတ်တုန်းက ဘယ်ဘာသာကို ကိုးကွယ်ရမယ်မှန်း မဆုံးဖြတ်ရသေးပေမယ့် ဒုတိယနှစ် ကျောင်းတွေ
ပြန်ဖွင့်တော့ သူဟာ လုံးဝကို ပုံစံပြောင်းသွားပါတယ်။ ခရာစ်ယံ ဘာသာကို အတော်လေး ယုံကြည်စွာပြောလာပါတယ်။
ခရာစ်တော်ရဲ့ ကယ်တင်ခြင်းအကြောင်း။ မေတ္တာတော်အကြောင်း။ အပြစ်ရှိတဲ့ လူသားတွေအတွက် အနစ်နာခံခဲ့တဲ့
ဂရုဏာတော်အကြောင်း တော်တော်လေးပြောလာတယ်။ ကျောင်းပိတ်တုန်း ချာ့စ်ကျောင်းသွားရင် ခရာစ်ယံ
ဆရာတစ်ယောက်က သူ့ကို တရားဟောတဲ့အခါ သူဟာ ခရာစ်ယံဘာသာကို တော်တော်ယုံကြည် အားကိုးသွားပါတယ်။
ကျွန်တော်တို့ကတော့ ငါတို့ကိုးကွယ်တဲ့ ဘာသာ ကိုးကွယ်မှလို့ အတ္တမထား ထားတော့ ``ကောင်းပါတယ်လေ ဟိုလိုလို ဒီလိုလို ဖြစ်နေမယ့်အစား အခုလို တစ်ခုခုကိုရွေးချယ်လိုက်တာ
ကောင်းပါတယ်`` လို့ စိတ်အေးလိုက်ပါတယ်။ အဲ
စိတ်မအေးနိုင်တာက သူဖြစ်နေတယ်။ ကျွန်တော်တို့အတွက် သူ စိတ်ပူနေတယ်။ အချိန်မီ
ခရာစ်တော်ရဲ့ မေတ္တာတော်အောက်ခိုလှုံဘို့ ကယ်တင်ခြင်းကို ခံရအောင်လို့ ၊ အပယ်ဘုံ ပိတ်အောင်လို့ စသဖြင့်ပေါ့ ။ သူ နားလည်သလို ကျွန်တော်တို့ကို စည်းရုံးတယ်။ တရားဟောတယ်ပေါ့။
အဲဒီအချိန်မတိုင်မီ ကတည်းက ကျွန်တော်က မိရိုးဖလာ ဗုဒ္ဓဘာသာ မဟုတ်တော့ဘူး။ ဆိုလိုတာက
ဗုဒ္ဓဘာသာကို အမွေခံဘာသာလောက်အဖြစ် ယုံကြည်တာမဟုတ်ဘူး။ တကယ်ကို စိတ်ထဲက မှန်တယ်လို့
သတ်မှတ်ပြီး ယုံကြည်သူဆိုတော့ သူ့စကားတွေဟာ ကလေးကလားဆန်နေတယ်။ သို့သော်လည်း သူ့ရဲ့
အတွင်းစိတ် သူငယ်ချင်းတွေအပေါ် ပူပန်နေတဲ့ လေးစားလောက်တဲ့စိတ်ကြောင့် သူပြောတာ လက်မခံပေမယ့်
နင်လား ငါလား အတိုက်ခံတော့မလုပ်ပါဘူး။ ကျွန်တော်တို့ လက်မခံတော့ သူညံ့လို့ပဲ သူ့ဆရာပြောရင်ဟောရင်တော့ သေချာပေါက် ကျွန်တော်တို့
ခရာစ်တော်ရဲ့ မေတ္တာရိပ်ကို ခိုလှုံဆည်းကပ်မှာပဲလို့ အမြင်ပြောင်းသွားတယ်။
၂))
ဒါနဲ့ ကျွန်တော်တို့
အစီစဉ်လေးတစ်ခုလုပ်ကြတယ်။ ကျောင်းပိတ်တဲ့ရက်တစ်ရက်မှာ
ဆုံနေကြ လက်ဖက်ရည်ဆိုင်လေးမှာ ဆုံကြမယ်။ သူက သူ့ရဲ့ ဆရာကို ခေါ်လာခဲ့မယ်။ ကျွန်တော်တို့က
သူ့ဆရာကတစ်ဆင့် ခရာစ်တော်ရဲ့ မေတ္တာတော်ကို ခံယူပေးပါ။ အဲဒီနေ့ စားသမျှ သူဒကာခံမယ်။
ကျွန်တော်တို့လည်း သူအရမ်းစိတ်အားထက်သန်နေတာရယ်၊ ဒီလို လူတစ်ယောက်ကို အရမ်းအက်တစ်ဖြစ်လာ
အောင် သူ့ဆရာက ဘယ်လိုတရားမျိုးတွေ ဟောလိုက်လို့လဲ လို့သိချင်တာရယ် ကြောင့် သဘောတူလက်ခံလိုက်ပါတယ်။
အဲဒီနေ့က ကျွန်တော်ရယ် အခြားသူငယ်ချင်းနှစ်ယောက်ရယ် လက်ဖက်ရည်ဆိုင်လေးကို ကြိုရောက်နေတယ်။
ကျွန်တော်တို့ကတော့ ဆုံနေကြမို့ အလာပ သလာပ ရောက်တတ်ရာရာ ဟီးလေးဟားလေးနဲ့ လူငယ်ဘာဝ ပြောဆိုနေကြပါတယ်။
အတန်ကြာမှ အောင်လင်းဟာ သူ့ဆရာနဲ့အတူ ရောက်လာတယ်။ ကျွန်တော်တို့က အရင်ရောက်နှင့်နေသူမို့ အဲဒီ တရားဟော ဆရာကို နေရာထိုင်ခုံတွေ ချပေး ။ ဘာစားမလဲ
ဘာသောက်မလဲ စသဖြင့် လောကဝတ်ကျေကြပါတယ်။ တရားဟော ဆရာဟာ အသက်လေးဆယ်စွန်စွန်းလောက်ပဲရှိ မယ်
။ ကျွန်တော်တို့ က အဲဒီတုန်းက နှစ်ဆယ်ဝန်းကျင်လေး တွေပါ။ တရားဟောဆရာဟာ ခရာစ်တော်ရဲ့
မေတ္တာတော်တွေကို သက်ဝင်ယုံကြည်သူပီပီ ငြိမ်းချမ်း အေးချမ်းတဲ့ အရိပ်အငွေ့တွေ ခံစားရပါတယ်။
အမြဲပြုံးနေပါတယ်။ အားလုံးမိတ်ဆက်ပြီးမှ ဘာသာရေး စဆွေးနွေးပါတယ်။
၃))
ဘာသာရေးအကြောင်း
စပြီး မဆွေးနွေးခင်မှာ ဦးစွာ တစ်ဦးရဲ့ ယုံကြည် ကိုးကွယ်မှုအကြောင်း တစ်ဦးက တင်ပြရင်း
အမြင်ကွဲလွဲချက်တွေရှိလာတဲ့အခါ တစ်ဦးကို တစ်ဦး မေတ္တာမပျက်ပဲ ဒေါသတရားမထွက်ဘဲ အပြန်အလှန်
သည်းခံဘို့ အရင် နှုတ်ကတိယူကြပါတယ်။ တကယ်တော့ ကျွန်တော်တို့က သူငယ်ချင်းကို အလိုလိုက်ပြီး
ဒီပွဲလေးကို လက်ခံတာမို့ စကားစစ်ထိုးမှာ မဟုတ်ဘဲ တစ်ဘက်က ဟောပြောတာကို နားထောင်ဝေဖန်ရုံ
လုပ်မှာပါ။ တရားဟောဆရာဟာ ပထမ ခရာစ်တော်ရဲ့ အကြောင်းကို မိတ်ဆက်ပြောပါတယ်။ နောက် ခရာစ်တော်ရဲ့
မေတ္တာတရားအကြောင်း ၊ ခရစ်တော်ရဲ့ လူသားတွေအပေါ် ဂရုဏာ ထားပြီး လက်ဝါးကပ်တိုင်မှာ သတ်ဖြတ်ခံပြီး
အနစ်နာခံ ကယ်တင်တဲ့အကြောင်း ၊ ခရာစ်တော်ရဲ့ (တန်ခိုး လို့ပြောရမလားမသိ ) လူသားတွေအပေါ်
၊ လူနာတွေအပေါ် မေတ္တာဆေးနဲ့ ကုသပုံတွေ ၊ အပါယ်တံခါးပိတ်ပြီး ကောင်းကင်တံခါး ပွင့်ပုံတွေ စသဖြင့်ပေါ့ အမျှော်တရား ပေးပြီး ဟောပါတယ်။ အဲဒါအပြင်
နိုင်ငံခြား သတင်းစာတွေ ယူလာပြီး ဘယ်နေ့က ဘယ်မြို့ရဲ့
ဆေးရုံပေါ်မှာ လက်ဝါးကပ်တိုင် ကောင်းကင်က ဖြတ်သွားတော့ ဆေးရုံပေါ်က လူနာတွေ အားလုံး ဆေးမကုရဘဲ
နေကောင်းကုန်ကြတယ်ဆိုတဲ့အကြောင်း (အောင်လင်း ဟတ်ထိတဲ့ အချက်ပါ) ။ အဲဒီလို ခရာစ်ယံဘာသာအပေါ် အကောင်းမြင်
ဟောကြားပြီး နောက်တစ်ခါ ဗုဒ္ဓဘာသာအပေါ် ချို့ယွင်းချက်တွေ ရှေ့နောက်မညီတာတွေ စပြောပါတော့တယ်။
အဲဒီလိုပြောတော့ ကျွန်တော်နဲ့အတူ ပါလာတဲ့ သူငယ်ချင်းနှစ်ဦးဟာ နှုတ်ကတိ ယူထားတဲ့ကြားထဲက
စိတ်ဆိုးစေတဲ့အချက်တွေ ပါလာရင် ဒုတ်ထိုးအိုးပေါက် ပြန်တုန့်ပြန်ပါတော့တယ်။ ကျွန်တော်က
စားပွဲအောက်ကနေ ခြေထောက်နဲ့ တို့ပြီး ခဏခဏစိတ်ထိမ်းဘို့ သတိပေးနေရတယ်။ ကျွန်တော်ကတော့
စိတ်ဆိုးစရာမတွေ့ပါဘူး။ သူပြောတာတွေ စွတ်စွဲတာတွေအားလုံးက ဗုဒ္ဓရဲ့ တရားအနှစ်သာရတွေ
မဟုတ်လို့ပါဘဲ။ ကျွန်တော်ကတော့ ပြုံးပြီးပဲ နားထောင်နေပါတယ်။
၎))
ကျွန်တော်က
အမြဲပြုံးပြီး နားထောင်နေတော့ သူက ကျွန်တော့်အပေါ်ကို မျှော်လင့်လာပုံပေါ်ပါတယ်။ နောက်ပိုင်း
ကျွန်တော့်ကိုပဲ ဦးတည်ပြောတယ်။ သူ ကဲ့ရဲ့တဲ့အချက်တွေကို ကျွန်တော် မချေဖြတ်ပါဘူး။
သူပြောတဲ့အချက်တွေက ဗုဒ္ဓဘာသာက မှားတာမဟုတ်ဘဲ
ဗုဒ္ဓဘာသာဝင်တွေရဲ့ အတွေးခေါ်မှားတာကို ပြောနေတာလေ။ ကျွန်တော်က ဗုဒ္ဓဘာသာဝင်တွေကို ကိုးကွယ်တာမဟုတ်ဘူး
။ ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ်တာ။ ဒါပေမယ့်
သူပြောတာတွေထဲက ကျွန်တော် ပြန်တုန့်ပြန်ရမယ့် အချက်တစ်ချက်တော့ ရှိတယ်။ အဲဒါက ဘုရားကို သူဖွင့်တဲ့အဓိပ္ပါယ်ပဲ။ ဘုရားဆိုတာ သတ္တဝါတွေကို ကယ်တင်နိုင်တဲ့ အစွမ်းရှိမှ ဘုရားဆိုတဲ့
ဂုဏ်ပုဒ်နဲ့ ညီမယ့်အကြောင်း ။ သတ္တဝါတွေကို မကယ်တင်နိုင်ပဲ ကိုယ်ဖြစ်ရင်
ကိုယ်ခံရမယ်-- ကိုယ်အပြစ် ကိုယ်ခံရမယ်
-- မကယ်နိုင်ဘူးဆိုရင်တော့ ဘာရည်ရည်ချက်နဲ့
ကိုးကွယ်ဆည်းကပ်ရမလဲပေါ့။ ရှင်းရှင်းပြောရင် အားကိုးရမှ ဘုရား ၊ အားမကိုးရရင် ဘုရားမဟုတ်ဘူးပေါ့ ( ဗုဒ္ဓဘာသာကို တိုက်ရိုက်ဖဲ့တာ)။ အဲဒါကိုတော့
တုန့်ပြန်ရမယ်လို့ ကျွန်တော် စိတ်ထဲတေးထားလိုက်တယ်။
၅))
ဒါနဲ့
သူပြောသမျှ အကုန်နားထောင်ပြီး သူက ကျွန်တော်တို့ကို အလှည့်ပြန်ပေးတယ်။ ညီလေးတို့ ရဲ့ဘာသာရေး
အမြင်ကိုလည်း အကို့ကို ပြောပြပါ ။ အကိုသိချင်ပါတယ်ပေါ့။ ကျွန်တော့ကိုကြည့်ပြီး ပြောတော့
ကျွန်တော် စပြောရပါတယ်။
``အကို- ကျွန်တော်တို့က အခုမှ ကျောင်းတတ်နေဆဲ ကျောင်းသားတွေဆိုတော့
အကိုမြင်သာအောင် ကျွန်တော်တို့ ပါတ်ဝန်းကျင်နဲ့ ဆိုင်တဲ့ ဥပမာလေး ပေးပြီး ကျွန်တော်တို့ သဘောထား
ကိုပြောပြပါ့မယ်---``
`` အင်း ပြောပါ ညီလေး``
``ကျွန်တော်တို့ ကျောင်းတတ်တော့ စာသင်ခန်းထဲမှာ
စာသင်တာက အဖြစ်ပါ။ ဒါကြောင့် မဖြစ်မနေ ကျူရှင်ဆိုတာ တတ်ရပါတယ်။ ဒီတော့ ကျူရှင်ဖွင့်ထားတဲ့
ဆရာ နှစ်ယောက်က သူတို့ရဲ့ ကျူရှင်ကို လာတတ်အောင်
ကြော်ငြာရပါတယ်။ ဆရာတစ်ယောက်က ဒီလိုကြော်ငြာမယ်။ ``***ဟေ့
ငါ့ကျူရှင် မင်းတို့ယုံယုံကြည်ကြည်နဲ့
လာတတ်ကြ။ ငါ့ကျူရှင်ကို လာတတ်ရင် မင်းတို့သေချာပေါက် စာမေးပွဲအောင်ပြီ။ မင်းတို့ စာမေးပွဲအောင်ဘို့
ငါတာဝန်ယူတယ်။ အဓိကက ငါ့ကျောင်းကို မင်းတို့လာတတ်ဘို့ပဲ။ ငါ့ဆီ လာမတတ်ရင်တော့ သေချာတယ်
မင်းတို့စာမေးပွဲကျမှာပဲ။ မင်းတို့ရှေ့မှာ ငါရှိတယ်။ လာကြ လာကြ စာမေးပွဲအောင်ချင်ရင်
ငါ့ကျူရှင်ကို လာတတ်ကြ`` ။ နောက်တစ်ယောက်က တစ်မျိုး `` *** ဟေ့ ငါ့ကျူရှင်ကို လာတတ်သင့်မတတ်သင့်
မင်းတို့ဘာသာ ဆုံးဖြတ်ကြ ငါကတော့ မင်းတို့ကို
နားမလည်တာရှိရင် နားလည်အောင် မတတ်မချင်း သင်ပြပေးမယ် စာမေးပွဲအောင်တာ မအောင်တာကတော့ မင်းတို့သမိုင်းပဲ
မင်းတို့ကြိုးစားမှအောင်မယ် မင်းတို့ကျက်မှတ်မှ
ဖြေနိုင်မယ် မင်းတို့ဥာဏ်ရည်မှီဘို့လည်းလို မယ် ငါ့ကျူရှင် လာတတ်တာနဲ့ စာမေးပွဲအောင်မယ်လို့တော့
တစ်ထစ်ချ မယုံလိုက်နဲ့ ကိုယ်ကြိုးစားဘို့က
အဓိက ငါတတ်နိုင်တာကတော့မင်းတို့ နားမလည်တာတွေကို ရှင်းပြပေးဘို့ တာဝန်တစ်ခုပဲ ရှိတယ်။
မင်းတို့ ကို ငါက စာမေးပွဲအောင်ဘို့ လုပ်ပုံလုပ်နည်း လမ်းပဲ ပြပေးမယ်။ လုပ်တာမလုပ်တာ
ငါ့ကိစ္စမဟုတ်ဘူး `` အဲသလိုပြောမယ်ဆိုပါတော့
အကို --
အဲဒါဆို အကိုသာ ကျောင်းသားဆိုရင် ဒါမှ မဟုတ် အကို့သားသမီးကို ဘယ်ကျူရှင်မှာ ထားမလဲ။
နောက်ပီး အဲဒီ ကျူရှင်ဆရာနှစ်ယောက်မှာ ဘယ်သူက လက်တွေ့ဆန်ပြီး အဓိပ္ပါယ်ပြည့်ဝသလဲ။ ဘယ်သူက
တကယ်အားကိုးထိုက်တဲ့ ဆရာလို့ထင်လဲ---``
ကျွန်တော့်
စကားအဆုံးမှာ သူ ဘာကိုဆိုလိုတာလဲဆိုတာ ရိပ်မိတယ်။
ပြုံးလာတာကိုလည်းတွေ့ရတယ် ။ အဲဒီအပြုံးရဲ့နောက်ကွယ်က ခံပြင်းနေတာလည်း မြင်ရတယ်။ ပြုံးတယ်ဆိုတာ
ပါးစပ်ကိုပဲ ဟန်ဆောင်လို့ရတာလေ မျက်လုံးကတော့
ခံပြင်းတဲ့ အရိပ်ငွေ့တွေ မြင်နေရလို့။ ကျွန်တော်လည်း အလားတူ သူပြောနေသမျှ ကာလပါတ်လုံး
ပြုံးနေပေမယ့် ခံပြင်းချက်တွေ ရှိတာကိုလည်း လက်ခံပါတယ် ။ မြွေမြွေခြင်း ခြေမြင်တာပေါ့။
နောက်တော့ စကားဝိုင်းလေးက ပိုပြင်းထန်လာတယ်။ အပြန်အလှန်တွေရှိလာတယ်။ ဒီလိုနဲ့ ပိုနေမြဲ
ကျာနေမြဲ ဒုံရင်း ဒုံရင်း နဲ့ပဲ ဆွေးနွေးပွဲ
ပြီးသွားပါတယ်။
၆))
ဒုတိယနှစ်ပြီးလို့
တတိယနှစ် နှစ်စ မှာပဲ ကျွန်တော်က ရန်ကုန်တက္ကသိုလ် မိန်းထဲကို ပြောင်းသွားပါတယ်။ အထူးပြုဘာသာ ပြောင်းလို့ပါ။
အဲဒီဘာသာက မိန်းထဲမှာပဲ သင်ပါတယ်။ ဒီတော့ အောင်လင်းနဲ့ အဆက်သွယ်ပြတ်သွားတယ်။ ကျွန်တော်လည်း
မိန်းထဲမှာ အဆောင်ရတော့ အိမ်ကို မပြန်ဖြစ်ဘူး။ အင်းဝဆောင်မှာ နေရတာပါ။ တစ်ခါတစ်လေ အိမ်ပြန်ရင်လည်း
သူ့ကို မတွေ့ရဘူး။ သတင်းဆိုးတစ်ခုတော့ကြားရတယ်။ သူဟာ ဘာသာရေးမှာ အရမ်းခရေစီဖြစ်နေတယ်။
တစ်ခါကဆို ချာ့စ် ကျောင်းပေါ်က သူ့ကိုယ်သူ ဈာန်ရပီ ဆိုပြီး ခုန်ချလို့ ကံကောင်းလို့မသေဘဲ
ဆေးရုံတင်ထားရတယ်တဲ့။ ဒီလိုနဲ့ အဆက်သွယ်တွေ ပျက်သွားလိုက်တာ။ ဘွဲ့တွေရ ကျွန်တော်လည်း အိမ်ထောင်ကျ တစ်နေ့တော့ သတိရပြီး သူငယ်ချင်းတစ်ယောက်နဲ့တွေ့တုန်း --
``ဟေ့ကောင် ဒါနဲ့ အောင်လင်းကြီးရော ဘယ်ရောက်နေလဲ
မတွေ့တာကြာတောင်နေပြီ``
`` အန် -- မင်းတကယ်မသိတာလား``
`` ဘာဖြစ်လို့လဲ--`
``အောင်လင်း ဘွဲ့ရပြီး သိပ်တောင် မကြာဘူး ဆုံးသွားပြီလေ--``
``ဘာ-----``
ကျွန်တော်
တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်။ ရုပ်ပိုင်းကျမ္မာရေးအရ ဒီကောင် ဒီအရွယ်နဲ့ သေဘို့မဖြစ်နိုင်ဘူး။
အက်စီဒန့်ကြောင့်ထင်လိုက်တယ်။
``ဘာရောဂါနဲ့လဲ-- ဘယ်လိုဖြစ်တာလဲ``
``အဲဒါလဲ သေချာ မပြောတတ်ဘူး သူ့ကြည့်ရတာ စိတ္တဇ ဆန်တယ် တစ်ခါက ချာ့စ်ကျောင်းပေါ်က
ခုန်ချပြီး ကတည်းက နောက်ပိုင်း လုံးပါး ပါးသွားတာပဲ-``
*****
ကျွန်တော် ဆက်တွေးမိတယ်၊ ဒီကိစ္စမှာ ဘယ်သူ့မှာ
တာဝန်ရှိလဲ?
၁။ မိဘတွေက ငယ်စဉ်ထဲက ဘာသာရေး အသိဥာဏ် အမွေ မပေးလို့လား
၂။ ဘာသာရေးဆရာက လွန်လွန်ကျူးကျူး ဘရိန်းဝပ်ခ်ျ လုပ်လိုက်လို့လား
၃။ ဘာကြောင့်လဲ
-- ဘာကြောင့်လဲ -- ဘာကြောင့်လဲ -- (သေချာတာကတော့ တစ်ခုခု မှားသွားလို့ပဲ)
(အောင်လင်းရေ------------ ခရာစ်တော်ရဲ့ မေတ္တာတော်နဲ့ ကောင်းကင်ဘုံမှာ ပျော်ရွှင်ကျေနပ်နေပါစေလို့ ဆုတောင်း မေတ္တာပို့နေပါတယ်။)
ဝမ်းနည်း
သတိရခြင်းများစွာဖြင့်--
လူ့ဘဝမှာ
ကျန်နေဆဲဖြစ်တဲ့ မင်းရဲ့သူငယ်ချင်း
ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)
No comments:
Post a Comment