ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Friday, August 24, 2012

နော်--- ဖေဖေ နော်



ဆန်းတော့ဆန်းသည်။ ကိုယ့်ဘ၀မှာ တန်ဖိုးအထားရဆုံး အရာတွေ
ပျက်သုန်းပျောက်ကွယ်ပြီး တစ်ကိုယ်တည်း ကြေကွဲကျန်ရစ်သည့်အခါမျိုးမှာ
ကျွန်တော်တို့ မြင်ယောင်တမ်းတမိသော အရာတွေသည် ထူးခြားလှပါသည်။
နှစ်ပေါင်းများစွာစီမံကိန်းချ ဆောင်ရွက်လာခဲ့သည့်အရာများ၊
မျော်လင့်ချက်တွေဖြင့် အားထုတ်ကြိုးပမ်းခဲ့သည်များစသည်

ကြီးကျယ်သောအရာတွေ ကျွန်တော်တို့အမှတ်မရ။ သေးသေးမွှားမွှားဟုထင်ရသောအရာတွေ၊
တစ်ချိန်က ဂရုမထားမိခဲ့သည့် ဖြစ်ရပ်ကလေးတွေက ရုတ်တရက် အမှတ်တရဖြစ်လာသည်။
မိမိလက်ကို အသာအယာ ဆုပ်ကိုင်သွားတာလေး အဲသည်တုန်းက အလုပ်များနေသဖြင့်
အမှတ်တမဲ့နေလိုက်မိတာ။ မိမိအား မျှော်လင့်အားထားသံနှင့်ပြောသွားသော
စကားတစ်ခွန်း အဲသည်တုန်းက ဂရုတစိုက်နားမထောင်လိုက်မိတာစတာလေးတွေ။
သည်သဘောကို လောလောဆယ် ဂျွန်ကာမိုဒီ တွေ့ရှိနေရသည်။ အဂါင်္နေ့
နေ့လယ်ပိုင်းအချိန် သူ့အိမ်ခန်းပြတင်းပေါက်မှ လှမ်းမျှော်ကြည့်လျှင်
အပြင်မှာ လူတွေပေါ့ပေါ့ပါးပါး  သွားလာလှုပ်ရှားနေကြတာ မြင်နေရသည့်အချိန်။
သူကဆုံးရှူံးသွားခဲ့ပြီဖြစ်သည့် အလွန်အရေးကြီးသောအရာတွေအကြောင်း
 ခေါင်းထဲထည့်ရန် ကြိုးစားနေသည်။ မျှော်မှန်းချက်တွေဖြင့်
နှစ်ပေါင်းများစွာ ချမှတ်လာခဲ့သည့် စီမံကိန်းများ။ သို့သော်
ဘယ်လောက်ကြိုးစားသော်လည်း အဲသည်အရာတွေကခေါင်းထဲတွင် ပီပီပြင်ပြင်ထင်မလာ။
သူ့တို့ဆီမှာ အာရုံစူးစိုက်လို့မရ။
သူ့အာရုံထဲဝယ် အဲသည်အရာတွေသည် ကြီးမားကျယ်ဝန်းသလောက် ပီသခြင်းမရှိသည့်
နောက်ခံကားချပ်သဖွယ်သာရှိနေသည်။ လောလောဆယ် သူထူးထူးခြားခြား အမှတ်ရနေသည်က
သေးသေးမွှားမွှားအရာတစ်ခု။ သူထားရှိခဲ့သည့် ကြီးမားသောမေတာ ။
နှစ်ပေါင်းများစွာ သူရည်စူးလာခဲ့သည့် သူ့အစီအစဉ်များ၊
သူပြင်ဆင်ထားရှိခဲ့မူ့များနှင့် နှိုင်းယှဉ်က ဘာမှပြောပလောက်စရာမရှိသည့်
အရာလေးတစ်ခု။
အဲဒါက စကားလေးတစ်ခွန်းဖြစ်သည်။ လွန်ခဲ့သော နှစ်ပတ် သို့မဟုတ်
သုံးပတ်လောက်က တစ်ခုသောညချမ်းမှာ သမီးငယ်လေး သူ့အား ပြောခဲ့သည့်စကား။
ဒါသည်လည်း စဉ်းစားကြည့်မည်ဆိုလျှင်တော့ ထူးခြားလွန်းလှသည်မဟုတ်။
ကလေးတွေပြောတတ်သည့် စကားလေးတစ်ခွန်းသာပဲဖြစ်သည်။ သို့သော် ယခုတော့
အဲသည်စကားလေးသည် သူ့နားထဲကမထွက်နိုင်။
အဲသည်ညကျမှ သူက အစုရှယ်ရာရှင်များသို့တင်ပြရန်
နှစ်ပတ်လည်အစီရင်ခံစာမူကြမ်းကို ရုံးမှ အိမ်သို့ယူလာခဲ့မိသည်။
သည်အစီရင်ခံစာက အလွန်အရေးကြီးသည်။ သူ၏ အနာဂတ်သည်လည်ကောင်း၊ ဇနီးသည်နှင့်
သမီးငယ်လေးတို့၏ အနာဂတ်သည်လည်းကောင်း သည်ကုမဏီပေါ်တွင် အများကြီးမူတည်နေရာ
သူအထူးဂရုစိုက်ဖို့လိုနေသည်။ ထို့ကြောင့် ညစာမစားမီ တကြိမ်ပြန်ဖတ်ရန်
သူထိုင်သည်။ သည်စာတွင် အမှားအယွင်း အပြစ်အနာတစ်ခုမျှ ပါလို့မဖြစ်။
စာမျက်နှာလှန်ရုံရှိသေး၊ သမီးလေး မာ့ခ်ျ ရောက်လာသည်။
ချိုင်းကြားမှာစာတစ်အုပ်ညှပ်လျက်၊ အဖုံးက အစိမ်းရောင်။ သည်အပေါ်မှာ
ပုံပြင်ဇာတ်လမ်း သရုပ်ဖော်ပုံတစ်ခု ကပ်ထားသည်။
“ ဖေဖေ၊ ဟောဒီမှာ” သမီးကဆိုသည်။
သူလှည့်ကြည့်သည်။ “သြော်…စာအုပ်အသစ်ကလေးလား၊ လှတယ်နော်”
“ဟုတ်တယ် ဖေဖေ၊ ဖေဖေသမီးကို ဒီအထဲကပုံပြင်တစ်ပုဒ် ဖတ်ပြမလားဟင်”
“ခဏနေဦး သမီးရယ်၊ ဖေဖေ မအားသေးဘူး”
သည်လိုပြောပြီး အစီရင်ခံစာကို သူဆက်ဖတ်နေသည်။ မာ့ခ်ျက
အနားမှာဆက်ရပ်နေသည်။ အလုပ်ရုံတွင် အစားထိုးတပ်ဆင်သည့်
စက်ကိရိယာသစ်အချို့နှင့် စပ်လျဉ်းပြီး အစုရှယ်ယာရှင်များအား
ရှင်းလင်းတင်ပြသည့်အပိုဒ်ကို ဖတ်နေဆဲ မာ့ခ်ျအသံလေးမ၀ံ့တ၀ံ့ထွက်လာပြန်သည်။
“မေမေကပြောတော့ ဖေဖေ ဖတ်ပြချင်ဖတ်ပြမှာတဲ့” ၊ အဖေ့အား
မျှော်လင့်အားထားသံလေးဖြင့် သူပြောနေခြင်းဖြစ်သည်။
“ အဖေမအားလို့နော် သမီး၊ မေ့မေ့ကိုပြောပါလား၊ မေမေဖတ်ပြလိမ့်မပေါ့၊
ဖေဖေအလုပ်များနေလို့နော်….ဟုတ်လား”
“ဟင့်အင်း ဖေဖေ” မာ့ခ်ျ လေသံပျော့ပျော့နှင့်ပင် ငြင်းဆန်နေသည်။ “မေမေက
အပေါ်ထပ်မှာပိုလို့တောင် အလုပ်များနေသေးတယ်၊ ဖေဖေသမီးကို
ဒီတစ်ပုဒ်တည်းလေးပဲ ဖတ်ပြနော်၊ ဟောဒီမှာကြည့်……ပုံလေးနဲ့၊
ပုံလေးကလှတယ်နော် ဖေဖေ”
“ဟာ…ဟုတ်တယ်၊ သိပ်လှတာပဲ၊ ပုံလေးက အပျံစားပဲနော်သမီး၊ ဒါပေမဲ့ဖေဖေ
ဒီညလုပ်စရာတွေရှိသေးတယ်၊ နောက်တော့မှ…..”
အဲသည်နောက် အတော်အကြာကြီးအောင် တိတ်ဆိတ်ငြိမ်သက်နေသည်။ မာ့ခ်ျ
ဘာမှမပြော၊ စာအုပ်ကိုသာ အဲသည်ပုံလှလှလေးပါသည့်စာမျက်နှာမှာ ဖွင့်လျက်သား
ကိုင်ပြီး ရပ်နေသည်။ ကာမိုဒီ နောက်ထပ်စာနှစ်မျက်နှာလောက်ဆက်လှန်ဖြစ်သည်။
ပြီးခဲ့သည့်ဆယ့်နှစ်လအတွင်း ဈေးကွက်တွေ
 ရွေ့ပြောင်းဖြစ်ပေါ်ပုံများ၊ ယင်းကြောင့်ဖြစ်သည့် ပြသာနာများကို
ဖြေရှင်းရန် အရောင်းဌာနက ချမှတ်ခဲ့သည့်လုပ်ငန်းအစီအစဉ်၊ မိမိတို့
ကုန်ပစည်းများ
 ဈေးကွက်တွင်ထိန်းထားနိုင်ရေး၊ ပိုပြီးအရောင်းတက်လာရေးအတွက်
ရက်ပေါင်းများစွာ မျက်နှာစုံညီ ဆွေးနွေးညှိနှိုင်းပြီး ချမှတ်ခဲ့သည့်
ကြော်ငြာအစီအစဉ် စသည်တို့အကြောင်း သူ ညွှန်ကြားသည့်အတိုင်း အသေးစိတ်
ရှင်းလင်းတင်ပြထားသည်ကို စေ့စေ့စပ်စပ်ဖတ်ကြည့်နေသည်။
“ ဖေဖေ….ပုံကလေးကလည်းလှတယ်၊ ပုံပြင်ကလည်းသိပ်နားထောင်လို့ကောင်းမှာဖေဖေရ”
မာ့ခ်ျက ဆိုပြန်သည်။
“ဟုတ်တယ်၊ အင်း….နောက်တော့မှ သမီးရယ်၊ အခုသွားတော့နော်”
“ဖေဖေ ဖတ်ကြည့်ရင် ကြိုက်မှာ ဖေဖေရဲ့”
“အင်း….ကြိုက်မှာပါ၊ ဒါပေမဲ့ နောက်မှနော်”
“ဟင်…ဒါဆိုလည်း နောက် ဖတ်ပြနော်၊ နော် ဖေဖေနော်၊ နောက်ကျတော့ ဖတ်ပြနော်”
“ဖတ်မှာပေါ့၊ ဖတ်မှာ….စိတ်ချ သမီး”
သို့သော် မာ့ခ်ျ ထွက်မသွားပါ။ အဲသည်နားမှာ ငြိမ်ငြိမ်လေးပဲ ရပ်နေသည်။
အတော်ကြာကြီးကြာတော့မှ စာအုပ်ကို သူ့အဖေခြေထောက်နားက
ခွေးခြေလေးပေါ်တင်ပေးပြီး သူကဆိုသည်။၊
“ဖေဖေ အလုပ်အားတဲ့အခါကျတော့ ဖေဖေ့ဘာသာဖတ်ကြည့်နော်၊
ကိုယ့်ဘာသာကိုယ်ပဲဖတ်နော်၊ ဖေဖေဖတ်ကြည့်တဲ့အခါသာ သမီးလည်းကြားရအောင်
ကျယ်ကျယ်လေးဖတ်ပေးနော်”
“စိတ်ချသမီး….စိတ်ချ၊ နောက်တော့မှ…”
ယခု ဂျွန်ကာမိုင်္ဒီ အမှတ်ရနေတာ အဲဒါလေးပဲဖြစ်သည်။ လာမည့်နှစ်များတွင်
ချစ်သမီးလေးအတွက် ဘာတွေလုပ်ကိုင်ပေးမည်ဟု ကြံစည်စိတ်ကူးထားသည့်
အစီအစဉ်များမဟုတ်။ သူအမှတ်ရနေတာ လိမ်မာရေးခြားရှိသော သမီးငယ်လေး၏
အဲသည်နေ့ညက အပြုအမူလေးများပဲ ဖြစ်သည်။ အဖေ့လက်ကို
သူ့လက်ချောင်းလေးတွေနှင့် မရဲတရဲကိုင်ကာ တိုးတိုးလျှိုးလျှိုးလေး
ပြောသွားသည်။ “ကိုယ့်ဘာသာကိုယ်ပဲ ဖတ်နော်၊ ဖေဖေဖတ်ကြည့်တဲ့အခါသာ သမီးလည်း
ကြားရအောင် ကျယ်ကျယ်လေးဖတ်ပေးနော်” တဲ့။
ဒါကြောင့်လည်း ယခုတော့ အခန်းထောင့်စားပွဲပေါ်က စာအုပ်ကို
သူသွားကိုင်မိခြင်းဖြစ်သည်။ သမီးလေးဆော့ကစားပြီး ဟိုဟိုသည်သည်
ချထားခဲ့သော ကစားစရာတစ်ချို့ကို သူတို့ကောက်စုကာ သည်စားပွဲပေါ်
တင်ထားခဲ့ကြသည်။ စာအုပ်က အရင်ကလို အသစ်မဟုတ်တော့။ အစိမ်းရောင်ကတ်ထူပုံးက
ပဲ့ချင်ရွဲ့ချင်နေပြီ။ အတွင်းကစာရွက်တွေလည်း လှန်ထားသဖြင့် တွန့်နေပြီ။
သူက ရုပ်ပုံလှလှလေးရှိသည့် စာမျက်နှာကို လှန်သည်။
 ပုံပြင်ကို သူဖတ်သည်။ ရင်ထဲမှာ ကြေကွဲဆို့နင့်နေသဖြင့် စကားလုံးတွေ
ပီသအောင်ဖတ်မရ။ နူတ်ခမ်းတွေက မလှုပ်ရှားချင်၊ အရေးကြီးသည့်အရာတွေ၊
စဉ်းစားရမည့် အကြောင်းအရာတွေ သူမစဉ်းစားတော့၊ အလေးမထားတော့။
လာမည့်နှစ်များစွာအတွက် သူကြိုတင်မျှော်မှန်းခဲ့တာ၊ အသေးစိတ်
စဉ်းစားပြင်ဆင်ခဲ့တာတွေလည်း သူမတွေးတော့။ သည်အခိုက်အတန့်အဖို့မူ လမ်းထဲ
တရကြမ်းမောင်းဝင်ခဲ့သည့် အရက်မူးသမား ကားမောင်းသူ လူရမ်းကားကြောင့်
ကြုံတွေ့ခဲ့ရသည့် တုန်လှုပ်ချောက်ချားဖွယ်အဖြစ်ဆိုးကိုပင် သူအမှတ်မရတော့။
လူသေမူဖြင့် ဖမ်းဆီးခံရကာအကျဉ်းထောင်ထဲ
ရောက်နေပြီဖြစ်သည့် ၄င်းလူဆိုးအပေါ် ထွက်မိသည့် သူ၏ ဒေါသများ၊
ခါးခါးသီးသီး မုန်းတီးမူများသည်လည်း ဘယ်ဆီရောက်လေသည်မသိ။
စင်စစ် တံခါးဝမှာ တိတ်ဆိတ်စွာရပ်နေသည့် ဇနီးသည်ကိုပင် သူမမြင်မိ။
အမျိုးသမီးက မာ့ခ်ျနှင့် နောက်ဆုံးတွေ့ဆုံရန်အတွက်
အ၀တ်အစားလဲထားပြီးဖြစ်သည်။ အမျိုးသမီးမျက်နှာက ဖြူဖတ်ဖြုရော်။ သို့သော်
အသံမတုန်အောင် ကြိုးစားထိန်းပြီး ခင်ပွန်းသည်အား လှမ်းပြောသည်။
“မောင်….ကျွန်မ အဆင်သင့်ဖြစ်ပြီ၊ သွားကြစို့လေ”
ခင်ပွန်းသည်က စာဖတ်နေသည်။ “ တစ်ခါတုန်းက တောနက်ကြီးတစ်ခုထဲက
သစ်ခုတ်တဲကလေးတစ်လုံးမှာ မိန်းမချောလေးတစ်ယောက်နေတယ်၊ သူကလေးရဲ့ရုပ်သွင်က
ချောမောလွန်းလို့ ဌက်ကလေးတွေတောင် တေးဆိုဖို့မေ့ပြီး သူ့ကိုပဲ
သစ်ကိုင်းပေါ်တွေက ငေးကြည့်နေမိတတ်တယ်၊ တစ်နေ့မှာတော့……”
သူက သူ့ဘာသာ တစ်ကိုယ်တည်းဖတ်နေခြင်း ဖြစ်သည်။ သို့သော်
မာ့ခ်ျကလေးလည်းကြားရအောင် ခပ်ကျယ်ကျယ် ဖတ်ပေးနေသည်။ သူတစ်ကယ်
ကြားရှာလေမည်လားမသိ။

( မူရင်း။    Michael Foster ၏ Will You, Daddy? )

No comments:

Post a Comment