ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Monday, July 1, 2013

ကံ၏အကျိုးတရား

ကံ၏အကျိုးတရားသည် အဘယ်ဌာနတွင် တည်ရှိနေပါသနည်း
***************************************
https://www.facebook.com/World0fWisdom

ကံ၏အကျိုးတရားကြောင့် ဇာတိပဋိသန္ဓေတဖန်ပြန် ၍နေရသည်ဟူသောအချက်ကို ရှင်းပြနိုင်ပါမည်လော ဆရာတော်။
ထို ကံ၏အကျိုးတရားသည် အကြင်ပုဂ္ဂိုလ်တဦးတယောက် မစုတေမီ အဘယ်အရပ်၊ အဘယ်ဌာနတွင် တည်ရှိနေ
ပါသနည်း။
ဤကံ၏အကျိုးတရားကို ဆရာတော် ပြနိုင်ပါမည်လော။

(ကံ၏အကျိုး ဟူသောစကားနှင့် ကမ္မဝိပါက စကားသည် အတူတူပင်ဖြစ်ပါသည်။ မှတ်ချက်)

(မေးမြန်းလျှောက်ထားသူ - ဒေါက်တာ အေ၊ အမ်၊ ဘေကာ အမ်အေ၊ ပီအိပ်(ခ်ျ)ဒီ၊ ဘားအက်လော၊ ဒီအက်(စ်)စီ၊ ကွယ်လွန်သူ အိန္ဒိယတရားဝန်ကြီးချုပ်ဟောင်း၊ ဖြေဆိုသူ - ဆရာတော် အရှင်အရိယဓမ္မ။)

ဆရာတော်အရှင်အရိယဓမ္မ။ ကံရဲ့ အကျိုးတရား၊ တနည်းအားဖြင့် ကာယကံ၊ ဝစီကံ၊ မနောကံတို့ရဲ့ အကျိုးတရားဟာ လက်နဲ့ ကိုင်ဖမ်းလို့လည်း မဖြစ်ဘူး၊ မျက်စိနဲ့ကြည့်လို့လည်း မမြင်အပ်ဘူး။ ဒီကံရဲ့အကျိုးတရားဆိုတာဟာ ကံဆိုတဲ့ တရားရဲ့ ပင်ကိုယ် အနုသယအားသာလျှင် ဖြစ်တယ်။ အကြောင်းတရားတိုင်းမှာ အကျိုးတရားရှိတာချည်းပဲ။ အခု ဟောဒီ ပရိဿတ်မှာရှိနေတဲ့လူတိုင်းလူတိုင်းဟာ အတိတ်ဘဝက ကံအကြောင်းတရားကြောင့် စွမ်းရည်သတ္တိအမျိုးမျိုး၊ ဂုဏ်သတ္တိအမျိုးမျိုး၊ စိတ်နေသဘောထားအမျိုးမျိုး၊ အကျင့်စာရိတ္တအမျိုးမျိုး၊ ပတ်ဝန်းကျင် အမျိုးမျိုးနဲ့ ရုပ်လက္ခဏာ အမျိုးမျိုး ကွဲပြားနေကြရတယ်။ ဒါဟာ အတိတ်ဘဝကကံရဲ့ မျက်မြင်အကျိုးတရားတွေပဲ။ ဒီကံတရားရဲ့ အဓိကစေ့ဆော် တိုက်တွန်းမှုဟာ စေတနာနှင့်တကွသော စိတ်ဖြစ်တယ်။ ရိုးရိုးပြောနေဆိုနေကျစကားနဲ့ ပြောရမယ်ဆိုရင်တော့ “ရည်ရွယ်ချက်” လို့ပဲ ခေါ်ရမှာပေါ့။ ယခုမျက်မြင်လောက တရားရုံးတွေမှာလည်း “ရည်ရွယ်ချက်” ကို အဓိကထားပြီး တရားစီရင်နေကြတာပဲ မဟုတ်လား ဒကာကြီး။

ဒကာကြီး။ ယခုမျက်မှောက်ဘဝမှာ တွေ့ကြုံခံစားနေကြရတဲ့ ကံရဲ့အကျိုးကိုတော့ တပည့်တော်တို့ ယုံကြည့်ပါတယ် ဆရာတော်။ ဒီအကျိုးတရားကြောင့် အချို့က လစာတွေ၊ အမြတ်တွေ၊ ဆုတွေရပြီး တချို့ အပြစ်ဒဏ်တွေခံကြရတာ လည်း မျက်မြင်ကိုယ်တွေ့ပါပဲ ဆရာတော်။ ဒါပေမယ့် ယခုမျက်မှောက်ဘဝရဲ့ ကံအကြောင်းတရားကြောင့် အနာဂတ် ဘဝမှာ ဇာတိပဋိသန္ဓေ အသစ်တဖန်ပြန်နေခြင်း ဆိုတာကိုတော့ မယုံကြည်နိုင်ဘဲ ဖြစ်နေပါတယ်ဆရာတော်။ တကယ်လို့ ကံရဲ့အကျိုးတရားကြောင့် ဇာတိပဋိသန္ဓေ တဖန်ပြန်နေရတယ်ဆိုတဲ့သဘောနဲ့ပဲ ယုံကြည်လက်ခံထားဦး တော့ ဒီကံရဲ့အကျိုးတရားဟာ အကြင်သူတဦးတယောာက် အသကှ်င်နေစဉ်ကာလအတွင်း ဦးခေါင်းထဲမှာပဲ ကိန်းဝပ် နေသလား၊ ဦးနှောက်ထဲမှာပဲ ကိန်းဝပ်နေသလား၊ အသည်းနှလုံးထဲမှာပဲ ကိန်းဝပ်နေသလား၊ ဝမ်းဗိုက်ထဲမှာပဲ ကိန်းဝပ်နေသလား၊ လက်တွေထဲမှာပဲ ကိန်းဝပ်နေသလား၊ သူ့အနားမှာပဲ ကိန်းဝပ်နေသလားဆိုတာ သိလိုလှပါတယ် ဆရာတော်။

ဆရာတော်။ အင်း ဒီခက်ခဲနက်နဲတဲ့ပြဿနာကို ပုံပမာနဲ့ရှင်းပြမှပဲ ဒကာကြီးနားလည်သဘောပေါက်မှာဆိုတော့ ကံရဲ့ အကျိုးတရားဟာ အကြင်သူတဦးတယောက် မစုတေမချင်း မည်သည့်နေရာ၊ မည်သည့်ဌာနမှာ ကိန်းဝပ်နေတယ် ဆိုတာ ဥပမာနဲ့ရှင်းပြမယ်။ ကဲ ဒကာကြီး၊ နှလုံးသွင်းပေတော့။

ဥပမာ၊ လူတယောက်ဟာ ညအချိန်စာရေးချင်တယ်တဲ့။ အဲဒီတော့ သူဟာ ဖယောင်းတိုင် တတိုင်ကိုထွန်းတယ်။ ပြီးတော့ စာရွက်တရွက်ကိုယူတယ်။ အဲဒီနောက် မင်အိုးထဲမှာ မင်တံကိုစိုက်ပြီး စာတစောင်ကိုရေးတယ်။ အဲဒီလို စာရေးပြီးတဲ့နောက် သူဟာ မင်အိုးတွေ မင်တံတွေကို သိမ်းပြီးတော့ကာ မီးမှုတ်ပြီးအိပ်လိုက်တယ်။ စိတ်နဲ့ခန္ဓာကိုယ် ဆိုတဲ့ မင်တံနဲ့မင်အိုးကိုလည်း သိမ်းလိုက်ပြီ။ စေတနာနဲ့တူတဲ့ မီးကိုလည်း ငြိမ်းလိုက်ပြီ။ နောက်ဆုံး ကာယကံမှုနဲ့ တူတဲ့ လက်ကလည်း မရေးတော့ဘူး။ ရပ်လိုက်ပြီ။ ဒါပေမယ့် အကျိုးတရားဆိုတဲ့ စာဟာတော့ ဟိုစာရွက်ပေါ်မှာပဲ ရှိ နေတယ် မဟုတ်လား။ အဲဒီအကျိုးတရားဟာ နှစ်ကာလရှည်လျားစွာ တည်ရှိနေဦးမှာပေါ့။ အဲဒီလိုပဲ ကံရဲ့အကျိုးတရား ဟာလည်း ထိုသူသေသည်အထိ တည်ရှိနေပြီး ဇာတိပဋိသန္ဓေ တဖန်ပြန်နေစေတာပေါ့ ဒကာကြီး။

ဒကာကြီး။ ဒီကိစ္စမှာတော့ ရေးလိုက်တဲ့စာဟာ စာရွက်ပေါ်မှာ တင်ပြီးကျန်နေခဲ့တော့ မျက်မြင်ဖြစ်ပြီး ရှင်းပါတယ် ဆရာတော်။ ဒါပေမယ့် ကံရဲ့အကျိုးတရား ကိန်းဝပ်တဲ့နေရာဌာနနဲ့ပတ်သက်လို့တော့ မရှင်းသေးဘူး ဆရာတော်။

ဆရာတော်။ ကဲ ဒါဖြင့် ဒကာကြီးကို ဦးပဉ္ဇင်းက မေးရဦးမယ်။ ဒကာကြီး ဖြေပါဦး။

ဒကာကြီး။ မှန်ပါ့၊ ဖြေပါ့မယ် ဆရာတော်။

ဆရာတော်။ လေဟာ ဘယ်နေရာမှာ ကိန်းဝပ်နေသလဲ ဒကာကြီး။

ဒကာကြီး။ ဘယ်နေရာမှာမှ မကိန်းဝပ်ပါဘူး ဆရာတော်။

ဆရာတော်။ လေဟာ ဘယ်နေရာမှာမှ ကိန်းဝပ်မနေသော်လည်း တကယ်ကတော့ ရှိသလိုပဲ ကံရဲ့အကျိုးတရားဟာ လည်း ကိန်းဝပ်တဲ့နေရာမရှိသော်လည်း အကြင်သူတဦးတယောက် စုတေသည်အထိရှိနေပြီး ထိုသူကို ဇာတိပဋိသန္ဓေ တဖန်ပြန်နေစေတယ် ဒကာကြီး။

ဒကာကြီး။ တပည့်တော်ဖြင့် ဆရာတော် အခုပေးတဲ့ ဥပမာနဲ့လည်း ဒီပြဿနာကို ရှင်းရှင်းလင်းလင်း နားမလည်သေး ပါဘူး ဆရာတော်။ ကံရဲ့အကျိုးတရားကြောင့် ဇာတိပဋိသန္ဓေတဖန်ပြန်နေရတယ် ဆိုတဲ့ သဘောနဲ့ပတ်သက်လို့ မယုံ တဝက်၊ ယုံတဝက် ဖြစ်နေပါသေးတယ်။ အဲဒီတော့ ဒီထက်ထင်ရှားပြတ်သားတဲ့ ဥပမာကို ဆောင်တော်မူပါဦး ဆရာတော်။

ဆရာတော်။ ဒီလို ထင်ရှားပြတ်သားတဲ့ ဥပမာကို ဆောင်ရအောင် ဒကာကြီးကို ဦးပဉ္ဇင်းက ပြန်ပြီး မေးခွန်းထုတ်ရလိမ့် မယ်။

ဒကာကြီး။ ထုတ်တော်မူပါ ဆရာတော်။

ဆရာတော်။ ဒကာကြီးမှာ ပညာအရည်အချင်းနဲ့ပတ်သက်လို့ ဘွဲ့ဘယ်နှစ်ဘွဲ့ ရှိပါသလဲ။

ဒကာကြီး။ ပညာအရည်အချင်းနဲ့ပတ်သက်လို့ တပည့်တော်ဘွဲ့ ငါးဘွဲ့ရထားပါတယ် ဆရာတော်။

ဆရာတော်။ အဲဒီဘွဲ့တွေကို ပြောပြစမ်းပါဦး ဒကာကြီး။

ဒကာကြီး။ ဒီဘွဲ့တွေကတော့ အမ်အေ၊ ပီအိပ်(ခ်ျ)ဒီ၊ ဒီအက်(စ်)စီ၊ ဒီလစ်(တ်) နဲ့ ဘားအက်(တ်)လော ဘွဲ့များ ဖြစ်ပါတယ် ဆရာတော်။

ဆရာတော်။ ဒီဘွဲ့တွေကိုရအောင် ဒကာကြီး ဘယ်နှစ်နှစ်ကြာအောင် ကြိုးစားရသလဲ။

ဒကာကြီး။ ဒီဘွဲ့အားလုံးကိုရဖို့ရန် အနှစ်သုံးဆယ်လောက်ကြိုးစားခဲ့ရပါတယ် ဆရာတော်။

ဆရာတော်။ အခုနက ဒကာကြီးပြောခဲ့တဲ့ ဘွဲ့ငါးဘွဲ့လုံးဟာ ဒကာကြီးမှာ ရှိသလား။

ဒကာကြီး။ တပည့်တော်မှာ ဒီဘွဲ့ငါးဘွဲ့လုံး ရှိပါတယ် ဆရာတော်။

ဆရာတော်။ ဒကာကြီးမှာ ဒီဘွဲ့ငါးဘွဲ့လုံးနဲ့ ပတ်သက်တဲ့ အရည်အချင်းတွေရှိမယ်ဆိုရင် အဲဒီအရည်အချင်းတွေထဲက ဒီအက်(စ်)စီဘွဲ့ (သိပ္ပံပညာပါရဂူဘွဲ့) ရဲ့ အရည်အချင်းတွေကို ရွေးထုတ်ပြီးတော့ ဦးပဉ္ဇင်းကို ပြစမ်းပါ။

ဒကာကြီး။ (ခေတ္တခဏမျှ စဉ်းစားပြီးနောက်) ဒီသိပ္ပံပညာဘွဲ့နဲ့ပတ်သက်တဲ့ လက်မှတ်ကို တပည့်တော် ထုတ်ပြနိုင် ပါတယ် ဆရာတော်။

ဆရာတော်။ ဦးပဉ္ဇင်းက ဒကာကြီးဟာ ဒေါက်တာ အမ်ဘေကာလို့ တိတိကျကျ မပြောနိုင်ဘူး။ အဲဒီတော့ ဒကာကြီးက စာရွက်စာတမ်းတွေ၊ လက်မှတ်တွေကို ထုတ်ပြလို့ အပိုပဲ။ ဦးပဉ္ဇင်းတိတိကျကျလိုချင်တာကတော့ ဒကာကြီးမှာရှိတဲ့ ဒီ သိပ္ပံပညာပါရဂူဘွဲ့နဲ့ဆိုင်ရာ အရည်အချင်းတွေကိုသာ လိုချင်တာပဲ။

ဒကာကြီး။ ဒီလို ဒီဘွဲ့နဲ့ဆိုင်တဲ့ အရည်အချင်းတွေကို သီးသန့်ထုတ်နှုတ်ပြဖို့ကတော့ လုံးဝ မဖြစ်နိုင်ပါဘူးဆရာတော်။

ဆရာတော်။ ဒကာကြီးပြောတဲ့အတိုင်းဆိုရင် ဒကာကြီး အခုနကပြောခဲ့တဲ့ ဘွဲ့ငါးဘွဲ့နဲ့ပတ်သက်တဲ့အရည်အချင်းတွေ ဒကာကြီးမှာ မရှိဘူးလို့ဘဲ ဦးပဉ္ဇင်း ယူဆရတော့မှာပေါ့။

ဒကာကြီး။ အမှန်ကတော့ တပည့်တော်မှာ ဒီဘွဲ့ငါးဘွဲ့နဲ့ ပတ်သက်တဲ့အရည်အချင်းတွေ ရှိပါတယ်ဆရာတော်။ ဗြိတိသျှ အစိုးရကတောင် ဒီအရည်အချင်းတွေ တပည့်တော်မှာ ရှိတယ်လို့ အသိအမှတ်ပြုထားပါတယ်။

ဆရာတော်။ ဒကာကြီးက အခုလို အခိုင်အမာပြောရင်ဖြင့် ဒကာကြီးရဲ့အရည်အချင်းတွေဟာ ဒကာကြီးရဲ့ ဦးခေါင်းထဲမှာ ရှိတယ်ပေါ့။

ဒကာကြီး။ ဦးခေါင်းထဲမှာတော့ မရှိပါဘူး ဆရာတော်။

ဆရာတော်။ ဒါဖြင့် အသည်းနှလုံးထဲမှာလား။

ဒကာကြီး။ အသည်းနှလုံးထဲမှာလည်း မဟုတ်ပါဘူး ဆရာတော်။

ဆရာတော်။ ဒါဖြင့် ဝမ်းဗိုက်ထဲမှာလား။

ဒကာကြီး။ ဝမ်းဗိုက်ထဲမှာလည်း မဟုတ်ပါဘူး ဆရာတော်။

ဆရာတော်။ ဒါဖြင့် လက်တွေထဲမှာလား။

ဒကာကြီး။ လက်တွေထဲမှာလည်း မဟုတ်ပါဘူး ဆရာတော်။

ဆရာတော်။ ဒါဖြင့် ဒကာကြီးအနားမှာပဲလား။

ဒကာကြီး။ အနားမှာလည်း မဟုတ်ပါဘူး ဆရာတော်။

ဆရာတော်။ ဒကာကြီးဟာ နှစ်ပေါင်း ၃၀နီးပါး ဒီဘွဲ့ငါးဘွဲ့နဲ့ ပတ်သက်တဲ့အရည်အချင်းတွေနဲ့ ပြည့်စုံအောင်ကြိုးစား လာခဲ့ရတယ်။ ဒီအရည်အချင်းတွေနဲ့ ပြည့်စုံလာတာလည်း နှစ်ပေါင်း ၂၀ နီးပါးရှိပြီ။ ဒီအရည်အချင်းတွေနဲ့ ဒကာကြီး ဟာ တကယ်ပြည့်စုံတယ်ဆိုပြီး ဗြိတိသျှအစိုးရက ဒကာကြီးကို ဥပဒေပညာဆိုင်ရာ ကောလိပ်ကျောင်းမှာ ကျောင်း အုပ်ကြီး ရာထူးကို ပေးအပ်ခဲ့တယ်။ ဒါပေမယ့် ဒကာကြီးဟာ ဒကာကြီးရဲ့အရည်အချင်းတွေကို ဘယ်မှာသိုလှောင် ထားတယ်ဆိုတာကို ဒကာကြီးမပြောပြနိုင်ဘူး။ ဒီအရည်အချင်းတွေ ဘယ်မှာ ကိန်းဝပ်နေတယ် ဆိုတာကိုလည်း မပြောပြနိုင်ဘူး။ ဒါတွင်မကဘူး ဒကာကြီးမှာ အခုရှိနေတဲ့ အရည်အချင်းတွေဟာ ယခုမျက်မှောက်ဘဝမှာ ဒကာကြီးရဲ့ အားထုတ်မှု၊ ကြိုးစားမှုတို့မှ ပေါ်ထွက်လာရတဲ့ အကျိုးတရားတွေပဲ။ တနည်းအားဖြင့်ပြောမယ်ဆိုရင် ဒကာကြီးရဲ့ မျက်မှောက်ဘဝကံရဲ့အကျိုးတရားတွေချည်းပဲ။ ဒီအကျိုးတရားတွေကိုဒကာကြီးဟာ သေသည့်တိုင်အောင်ခံစားရမယ်။ ဒါပေမယ့် ဒကာကြီးဟာ ဒီအကျိုးတရားတွေကို ပြလည်းမပြနိုင်ဘူး။ ဘယ်နေရာမှာ သူတို့ကိန်းဝပ်နေတယ်လို့လည်း မပြောနိုင်ဘူး။ ဒီကံရဲ့အကျိုးတရားဆိုတာ အကြင်သူတဦးတယောက်သေသည်အထိ ထိုသူလုပ်ခဲ့ကိုင်ခဲ့တဲ့ လုပ်ရပ်များ အတိုင်း သူလုပ်ခဲ့တာ ကောင်းရင်လည်း ကောင်းသလို၊ ဆိုးရင်လည်း ဆိုးသလို၊ ကောင်းကျိုး၊ ဆိုးကျိုးတို့ကို ပေးနေတာပဲ။ ပြီးတော့ အခုဘဝမှာ လုပ်တဲ့လုပ်ရပ်အလိုက် အနာဂတ်ဘဝမှာလည်း ကံရဲ့အကျိုးပေးတရား ကောင်းရင် လည်း ကောင်းမွန်စွာနဲ့ ဇာတိပဋိသန္ဓေ တဖန်ပြန်နေရမယ်။ ဆိုးရင်လည်း ဒုက္ခဆင်းရဲကြီးစွာနဲ့ ဇာတိပဋိသန္ဓေ တဖန် ပြန်နေရမယ်။ ကဲ ဒကာကြီး၊ ဒီ မမြင်အပ်၊ မမြင်နိုင်တဲ့ ကံရဲ့အကျိုးတရားကြောင့် ဇာတိပဋိသန္ဓေ တဖန် ဘယ်လို ပြန်နေရတယ် ဆိုတဲ့သဘောကို နားလည်သွားပြီလား။

ဒကာကြီး။ မှန်ပါ့၊ ဆရာတော်ရဲ့ ဥပမာကြောင့် တပည့်တော် ဒီပြဿနာကို ကောင်းကောင်းကြီး နားလည် သဘော ပေါက်သွားပါပြီ။ ဒီ ကံရဲ့အကျိုးတရားနဲ့ပတ်သက်လို့ တပည့်တော်မှာ သံသယမရှိ၊ ချွင်းချက်မရှိ ယုံကြည်ပါပြီ ဆရာတော်။ ဒါတွင်မကဘူး၊ မှားယွင်းတဲ့ သမရိုးကျ ဖန်ဆင်းရှင်ဝါဒမှားတွေလည်း ပြေပျောက်ကုန်ပါပြီ ဆရာတော်။

ထိုအချိန်တွင် ပရိဿတ်ထဲမှ ဖာရစီလူမျိုး ဒကာတယောက်က ထ၍ ...
ဆရာတော်ရဲ့ ကံ၏အကျိုးတရားနဲ့ပတ်သက်တဲ့ အသိဉာဏ်၊ ပညာသားပါတဲ့ ဟောပြောမှုကြောင့် အမျိုးမျိုးသော အယူ အဆမှားတွေ၊ သမရိုးကျအမြင်မှားတွေဟာ အားလုံး အမှောင်ထုကို နေရောင်ခြည်ကခွင်းလိုက်သလို ကွယ်ပျောက် ကုန်ပါပြီ။ ဒီအကြောင်းတရားရှိရင် အကျိုးဟာလည်းမလွဲမသွေရှိရမယ်ဆိုတဲ့ မြင့်မားမှန်ကန်လှတဲ့ဒေသနာကို ဘယ်သူ ကမှ မချိုးဖျက်နိုင်ဘူးဆိုတာကိုလည်း တပည့်တော်တို့ အခိုင်အမြဲ ယုံကြည်ကြပါပြီ ဆရာတော်။

ထိုနောက် ပရိဿတ်ထုကြီး တရပ်လုံးက သာဓုအနုမောဒနာ ခေါ်ကြလေသည်။

ဗုဒ္ဓဝါဒပြဿနာများ

https://www.facebook.com/World0fWisdom
.....................................................

http://www.myanmarengineer.org/forums/showthread.php?1350-ဗုဒ္ဓဝါဒပြဿနာများ-အရှင်အရိယဓမ္မ%2Fpage5
မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

No comments:

Post a Comment