ကျွန်တော်
စဉ်းစားမိတာလေး တစ်ခုရှိတယ်ဗျ။ ဥပမာဆိုပါတော့
ခင်ဗျားမှာ အင်မတန် တန်ဘိုးကြီးတဲ့ သဘာဝ တွင်းထွက် ပတ္တမြား တစ်ပွင့်ရှိတယ်။ အဲဒီ ပတ္တမြားဟာ
တန်ဘိုးမဖြတ်နိုင်အောင်ကို အရည်အသွေးကောင်းတယ်။ အရည်အသွေးကောင်းမှန်းလည်း သူများပြောလို့သိတာမဟုတ်ဘူး။
ခင်ဗျားကိုယ်တိုင် ပတ္တမြားနဲ့ ပါတ်သတ်တဲ့ အကြောင်းကို တတ်သိတဲ့ ၊ နားလည်တဲ့ အသိဥာဏ်အတတ်ပညာရှိလို့
သိထားတယ်။ တွင်းထွက် ပတ္တမြား အစစ် တန်ဘိုးမဖြတ်နိုင်တဲ့ ကျောက်တစ်ပွင့်မှန်း သံသယမရှိ
လုံးဝ သိနားလည်နေတယ် ဆိုပါတော့---
အဲဒီ ပတ္တမြား ကျောက်တစ်ပွင့်ကို အခြား တစ်စုံတစ်ယောက်သောသူက
တန်ဘိုးမရှိပါဘူးကွာ-- တွင်းထွက်ကျောက်မဟုတ်ပါဘူး ချက်ကျောက်ကြီးပါကွာ-- အရောင်ဆိုးထားတဲ့ကျောက်အတုကြီးပါလို့ ပြောလာတယ်ဆိုရင်
ခင်ဗျား ဘယ်လိုခံစားရမလဲ-- ဘယ်လိုတုန့်ပြန်မလဲ--
ဒေါသတွေ တဟုန်းဟုန်းတောက်ပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ငြင်းခုန် တုန့်ပြန်မလား???
(ဒါမှမဟုတ်)
ဒီလူ ပတ္တမြားနဲ့ပါတ်သတ်တဲ့ အသိဥာဏ် မရှိပဲ
လျှောက်ပြောနေတယ်။ ဘာမှ အသိဥာဏ်မရှိပဲ လျှာချောင်တတ်တယ်။ သူကို ပြန်ရှင်းပြဘို့ သူ့မှာ
နားလည်နိုင်တဲ့ အသိဥာဏ်တောင် ရှိမှာမဟုတ်လို့ လေကုန်ခံပြီး မပြောတော့ဘူး လို့ ပြုံးပြုံးလေးနဲ့ တွေးပြီး ဒီလူကို အဖက်လုပ်
စကားမပြောတော့ပဲ နေမလား??
ကျွန်တော်ကတော့ ဒုတိယ အဖြေကို သဘောကျတယ်။
ဟုတ်တယ် ဘာမှမသိတဲ့လူနဲ့ လေကုန်ခံငြင်းခုန်နေလို့
အလကားပဲ။ သူ ဘာပဲပြောပြော ပတ္တမြား အစစ်ဟာ သူ့ကြောင့် ပတ္တမြား အတုတော့ မဖြစ်သွားနိုင်ဘူးဆိုတာ
သိထားတယ်လေ။
ကျွန်တော်တို့ ဘာသာရေး အပေါ်မှာ လက်ခံယုံကြည်ထားတာလဲ
အလားတူပါပဲ။ ကျွန်တော်တို့ မိရိုးဖလာမို့ ဗုဒ္ဓဘာသာကို လက်ခံထားတာမဟုတ်ပါဘူး။ သူများပြောလို့မဟုတ်ဘဲ
ကိုယ်တိုင် နှစ်နှစ်ကာကာ သိထား ယုံကြည်ထား ကြည်ညိုထားတာ ဖြစ်လေတော့ ဒီဘာသာအပေါ် သူများတကာက
ဝေဖန်ရှုတ်ချတာမျိုး ကြုံလာခဲ့ရင် ဒေါသတကြီး တုန့်ပြန်မှာ မဟုတ်ပါဘူး။ ခွေးဟောင်၍ တောင်မရွေ့
ဆိုတဲ့စကားပုံလိုပဲ ဗုဒ္ဓရဲ့ မွန်မြတ်တဲ့ တရားတော်တွေဟာ ဘယ်သူရဲ့ ဝေဖန်ဆန်းစစ်ချက်မဆို
ခံနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ တနည်းပြောရရင် ဗုဒ္ဓတရားတော်တွေဟာ ဘရိန်းဝက်ခ်ျ(Brainwash)
လုပ်ထားမှု မရှိဘူးလို့တောင်ပြောလို့ရပါတယ်။ သို့သော်လည်း ခောတ်ကာလ ကြာလာခဲ့ပြီဖြစ်တော့
အကာဖုန်းထားတဲ့ အစိတ်အပိုင်းတွေတော့ ရှိတာ သဘာဝပါ။ အခြားဘာသာဝင်တွေက လက်ညိုးထိုး အပြစ်ပြောတဲ့
အကြောင်းအရာတွေ အားလုံးဟာ ထူးဆန်းစွာပဲ ဗုဒ္ဓရဲ့ အနှစ်သာရ တရားမဟုတ်ပဲ ဗုဒ္ဓဘာသာကို ကြည်ညိုလွန်းတဲ့
နောက်လူတွေရဲ့ ကွန့်ထားတဲ့ အချက်တွေပဲဖြစ်နေလို့ပါပဲ။
ကျွန်တော်ကတော့ ဗုဒ္ဓရဲ့ တရားတော်တွေကို အများကြီးတော့
လေ့လာဆည်းပူးထားခြင်းမရှိပါဘူး။ အဓိက ခံယူထားတာကတော့ ``ကံ - ကံရဲ့ အကျိုးကို ယုံကြည်မှု`` တစ်ခုတည်းပါပဲ။ ကံ
ဆိုတဲ့နေရာမှာ ပစ္စုပ္ပန် ကံ ရယ် ၊ အတိတ်ကံရယ် နှစ်မျိုးရှိပါမယ်။ နှစ်မျိုးလုံးကို ယုံကြည်မှုရှိပါတယ်။
သို့သော်လည်း ပစ္စုပ္ပန် ကံက အဓိက အကျိုးပေးတယ်လို့ယုံကြည်ပါတယ်။ ဥပမာ ကြံတစ်ချောင်းကို
အရင်းက စစားရင် - အရင်းမှာ ရှိတဲ့ အရသာကိုပဲ ခံစားရမှာပါ အရင်းက စစားပြီး အဖျားက အရသာကို ရရှိတယ်ဆိုတာမျိုးတော့
မယုံပါဘူး။ သို့သော်လည်း ရံဖန်ရံခါ အတိတ်ကံရဲ့ အကျိုးသက်ရောက်မှုလည်း ခံရတတ်တယ်လို့
ယုံကြည်ထားပါတယ်။ နာဂစ် မုန်တိုင်းကြောင့် သေဆုံးခဲ့ရတဲ့ လူ ပေါင်း များစွာဟာ အတိတ်ကံရဲ့
အကျိုးရလဒ်လို့ သတ်မှတ်ချင်ပါတယ်။ နောက်ပီး အတိတ်ကံရဲ့ အကျိုးလို့ ယုံကြည်မှုဟာ လက်ရှိပစ္စုပ္ပန်
ရဲ့ ပူဆွေးသောကေ၇ာက်မှုကိုလည်း အထိုက်အလျှောက် သက်သာရာ ရစေပါတယ်။ အကျိုးများစေပါတယ်။
ကျွန်တော် တစ်ခါက ကားအက်ဆီးဒန့် ဖြစ်တော့ ကံကောင်းထောက်မစွာ အသက်မသေပေမယ့် ကျွန်တော့်
ဘယ်ဘက် လက်မတစ်ချောင်းကတော့ အရင်းကနေ တိကနဲ လုံးဝ ပြတ်တောက်သွားပါတယ်။ အဲဒီလို လောကဓံခံရပေမယ့်
အတိတ်ကံကို လက်ခံယုံကြည်ထားသူမို့ အကြွေး တစ်ခုကို ပေးဆပ်ပြီးလိုက်တဲ့ သူတစ်ယောက်လို
လုံးဝတုန်လှုပ်မှု အားငယ်မှု စိတ်ပျက်မှု ခံစားချက်တွေ မရှိခဲ့ပါဘူး။ အတိတ်ကံရဲ့ အကျိုးပေးမှု
မဟုတ်ဘူးဆိုရင်တောင် အဲဒီလို ယုံကြည်မှုကြောင့် လက်ငင်း စိတ်ချမ်းမြေ့ တဲ့အကျိုး(ဝါ)လောကဓံ
တရားနဲ့ ကြုံတွေ့တဲ့အခါ မတုန်လှုပ်စေတဲ့ မင်္ဂလာတရား ကို ရစေလို့ အကျိုးမမဲ့ပါဘူး။ သို့သော်လည်း
ဖြစ်သမျှ အတိတ်ကံပဲပုံချပြီး လက်တွေ့ ပစ္စုပ္ပန် ကံကို လျှစ်လျှူရှု့ တာကိုတော့ လက်မခံပါ။
ပြုသူအသစ် ဖြစ်သူအဟောင်း ဆိုတဲ့ ဆိုရိုးစကားကို လည်း လက်မခံပါ။ ကံကံရဲ့ အကျိုးဟာ လက်ငင်းဘဝမှာပဲ
အကျိုးပေးပါတယ်။
ဆိုရိုးစကား တစ်ခုရှိပါတယ်။ ``မကောင်းမှုဟူသည်
ဆိတ်ကွယ်ရာ မရှိ`` တဲ့။ မှန်ပါတယ်။ ``ရာဇဝတ်ဘေး ပြေးမလွတ်`` ဆိုတဲ့ စကားလည်း ရှိပါတယ်။
မတူပါဘူး။ ရာဇဝတ်ဘေး ပြေးလွတ်ခဲ့တာတွေ အများကြီးပါ။ သို့သော်လည်း မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိဆိုတာကတော့
အကုသိုလ်ကံဆိုတာ ဘယ်သူမှ မသိပေမယ့်လည်း တူသောအကျိုးကိုတော့ ပေးမှာ မုချဧကန်ပါပဲ။ဒီလို
ကံ ကံရဲ့အကျိုးကို ပြန်ပေးတဲ့နေရာမှာ အဲဒီ ကံကြမ္မာကို ထိမ်းကျောင်းချုပ်ကိုင်စီမံပေးတဲ့
အခြားသူတစ်ဦးမရှိဘူးလို့ ယုံကြည်ထား ပါတယ်။ ဥပမာ ယမမင်းကြီးတို့ ၊ ဖန်ဆင်းရှင်တို့ ကယ်တင်ရှင်တို့ စတာတွေပါ။ ကံ ကံရဲ့အကျိုးတရားဟာ
သူ့အလိုလို အော်တိုဖြစ်နေတာပါ။ ဘာမှတ်တမ်းမှ မလိုသလို လွဲချော်မှု ဆိုတာလည်း စိုးစဉ်းမျှ
မရှိလို့ယုံပါတယ်။ နောက်ပြီး ၃၁ ဘုံကို ယုံပါတယ်။ အနန္တ စင်္ကြာဝဋ္ဌာ နဲ့ နှိုင်းယှဉ်ရင်
ကျွန်တော်တို့ကမ္ဘာရှိတဲ့ နေစင်္ကြာဝဋ္ဌာ ဟာ လေဟာနယ်ထဲက မြူမှုလောက်ပမာဏပဲ ရှိပါတယ် ။ အဲဒီ
လောက်သေးငယ်တဲ့ နေစကြာင်္ဝဋ္ဌာထဲမှာတောင် သက်၇ှိ လူသားတွေ နေထိုင်တဲ့ ကမ္ဘာ ရှိတယ်ဆိုရင်
အနန္တ စကြာင်္ဝဋ္ဌာကြီးမှာ သက်ရှိတွေ နေတဲ့ ဘုံဋ္ဌာနတွေ ရှိမှာပေါ့။ ဖြစ်နိုင်စွမ်းအင် နဲ့
သုံးသပ်ကြည့်တာပါ။ အဲဒီ သက်ရှိဘုံတွေမှာ ရှင်သန်ဘို့ လုံ့လ လုံးဝစိုက်ထုတ်စရာမလိုအောင်
ပြည့်စုံတဲ့ သဘာဝ အရင်းမြစ်ရှိတဲ့ သက်၇ှိဘုံတွေကတော့ လူတွေပြောနေတဲ့ နတ်ပြည်ပေါ့။ ဒါမှမဟုတ်
အသက်ရှင်နေထိုင်ဘို့ အလွန်ခက်ခဲကြမ်းတမ်းတဲ့ နိုင်ရာစား လောကဘုံကြီးမျိုးကြတော့ လူတွေပြောနေတဲ့
ငရဲဘုံပေါ့။ အဲဒီမှာ ငရဲထိမ်းတွေ မရှိဘူး။ အားကြီးတဲ့ သူက ငရဲထိမ်းလိုဖြစ်နေပြီး အားငယ်သူက
အနိုင်ကျင့် သတ်ဖြတ်စားသောက်ခြင်းခံရသူက ငရဲသားပေါ့။
ဒါဆိုရင် သံသရာတစ်လျှောက် မိမိတို့ပြုလုပ်ခဲ့ပြီးတဲ့ ကံတွေကို
လျှော်ဖွတ်သန့်စင်လို့ရလား။ ကျွန်တော့အမြင်တော့ရပါတယ်။ အကုသိုလ်ကို ကုသိုလ်နဲ့ လျှော်ဖွတ်ရမယ်။
သို့သော်လည်း သာမာန်အညစ်အကြေးကို တစ်ခါလျှော်ဖွတ်တာနဲ့ ပြောင်စင်ပေမယ့် စွန်းထင်းစွဲနေတဲ့
အညစ်အကြေးကျတော့ လွယ်လွယ်လျှော်ဖွတ်လို့မရသလိုပါပဲ။ အချို့ အကုသိုလ်တရားကျတော့ တန်ပြန်
အကျိုးကို ပေးဆပ်ရစမြဲပါပဲ။ အခု အွန်လိုင်းမှာ မုန်းတီးရေး စာတွေဖတ်မိတိုင်း မပဋာရဲ့
ဆုတောင်းကို သတိရမိတယ်။ မပဋာဟာ အရင်ဘဝက သူ့အိမ်ကို ဓါးပြဝင်တိုက်ပြီး တစ်အိမ်လုံးကို
သတ်ပစ်လိုက်တဲ့ ဓါပြတွေကို စိတ်နာပြီး နောင်ဘဝမှာ ဆုံတွေ.ရရင် အဲဒီ ဓါးပြတွေအားလုံး
သူ့ရှေ့မှာ အသေဆိုးနဲ့သေရတာကို မြင်လိုပါ၏ လို့ ဆုတောင်းတယ်တဲ့။ ဆုပြည့်ပါတယ်။ အဲဒီဓါးပြတွေဟာ
နောင်ဘဝမှာ သူ့ယောကျာင်္း ၊ သူ့သား နှစ်ယောက် ၊ သူ့မိဘ၊ သူ့ဆွေမျိုးတွေ အဖြစ် သူ့ရှေ့မှာပဲ
အသီးသီး အသေဆိုးနဲ့ သေခဲ့ကြရတယ်။ ဒါကြောင့် အရမ်းမမုန်းပါနဲ့။ အရမ်းလည်းမချစ်ပါနဲ့။
လောကမှာ ``ကံ ကံရဲ့အကျိုး``ကို ယုံကြည်ရင်
ဗုဒ္ဓဘာသာ။ အခြား ဖန်ဆင်းရှင်နဲ့ တန်ခိုးရှင်ရဲ့ အလိုကျ စေစားရာဖြစ်နေရတယ်လို့ ယူဆရင်
အခြားဘာသာ လို့များ ခွဲခြားလိုက်ရင် ဗုဒ္ဓရဲ့ တရားတွေကို ပေါ်တင် လက်မခံထားရင်တောင် တစ်ကမ္ဘာလုံးနီးပါး
ကံ ကံရဲ့ အကျိုးတရားကိုတော့ ယုံကြည်နေကြမယ် လို့ ထင်ပါတယ်။ ပတ္တမြားမှန်ရင် နွံမနစ်ပါဘူး။
တရားမှန် အစမ်းသပ်ခံ အဝေဖန်ခံတဲ့ တရားတွေမို့ ကမ္ဘာမှာ သက်တမ်းအရှည်ဆုံး ဘာသာရေးတစ်ခုအဖြစ်နောက်ဆုံးအချိန်ထိ
ကျန်ရစ်နေမယ်လို့ အပြည့်အဝ ယုံကြည်ပါ၍ ဗုဒ္ဓဘာသာကို ကွယ်ပျောက်မည်ကို လုံးဝ စိုးရွံ့မှု
မရှိကြပဲ ယုံကြည်မှုအပြည့်ထားကြပါစေကြောင်း ကျွန်တော် တွေးမိတွေးရာ တင်ပြလိုက်ပါတယ်ခင်ဗျား။
(မှတ်ချက်။ ။ ကိုယ်ပိုင်တွေးမိတွေးရာများပါ ကျမ်းကိုးကျမ်းဆိုများနှင့်လွဲချော်ခဲ့သော
ဆုံးမနိုင်ပါသည်)
ကိုစိုးနိုင်
(မြန်မာ့အရုဏ်သစ်)
No comments:
Post a Comment