ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Friday, April 19, 2013

သင်ရော ဘယ်လိုလူစားလဲ


ပင်လယ်ရေပြင်ကျယိုကြီးနားရောက်တော့ လေပြင်းမုန်တိုင်းတွေ  သင်္ဘောပျက်တာတွေကိုလည်း မြင်ယောင်ကြည့်ဖြစ်နေတယ်။ သင်္ဘောပျက်လို့ဖောင်တစ်ခုပေါ်ရောက်နေတဲ့လူတစ်စုအကြောင်း ကိုလည်းအမှတ်ရပါရဲ့။မသေမပျောက်ဘဲ ဖောင်ပေါ်ရောက်နေတဲ့အတွက် ကံကောင်းတယ်လို့ ယူဆရမှာလား ----။
######
          ဖောင်ပေါ်မှာက လူ ခုနစ်ဦး။ အဲဒီခုနစ်ဦးထဲက တစ်ဦးကတော့ ကံကောင်းလို့ဖောင်ပေါ်ရောက်နေတားလောကမှာကောင်းမြတ်ပါပေတယ်ဆိုတဲ့ အရာတွေဟာ တကယ်တော့လူကို ဒုက္ခတွေပိုရောက်အောင်ဆွဲဆောင် လှည့်စားနေတာတွေဖြစ်တယ်။ ဒီတော့ ကောင်းမြတ်ပါပေတယ်ဆိုတဲ့ အရာတွေဟာ တကယ်တော့ကောင်းမြတ်တာတွေမဟုတ်ဘူးလို့ သူကမြင်တယ်။ အခုလည်းသဘောင်္ပျက်ပြီး ဖောင်ပေါ်ရောက်နေတာဟာ ကံကောင်းလို့ရောက်နေတာမဟုတ်ဘူး ဒုက္ခ များများလူမှာရောက်ဖို့အတွက် အချိန်ဆွဲထားတဲ့သဘောပဲလို့သူမြင်တယ်။
          ဖောင်ပေါ်က နောက်တစ်ဦးကတော့ အတ္တဗဟိုလ်ပြုသမား Egocentric အတ္တဗဟိုလ်ပြုဝါဒီ ဖြစ်တယ်။ သူ့ရဲ့လက်သုံးစကားကတော့ ဒီကနေ့မှာရနိုင်သမျှ ကာမဂုဏ်အာရုံတွေကို ခံစားသာယာပြစ်လိုက် ဆိုတာပဲတဲ့။ အခုလိုဖောင်ပေါ်ရောက်နေတုန်းမှာလဲ သက်သက်သာသာလေး နေလို့ရရင်သက်သက်သာသာပဲ နေလိုက်မယ်လို့ သူက သဘောထားတယ်။ အတ္တသမားပီပီ ဖောင်ပေါ်မှာ သူ့အတွက် သက်သက်သာသာ နေလို့ရအောင် သူများတွေထက် နေရာကျယ်ကျယ်ရအောင် ထိုင်နိုင်အိပ်နိုင်အောင်ယူထားတယ်။
          ဖောင်ပေါ်ကနောက်တစ်ဦးကတော့ အကောင်းမြင်သမား Optimist ဖြစ်တယ်။ သူက အကောင်းမြင် သမားပီပီ မိုးကုတ်စက်ဝိုင်းဆီ လှမ်းမျှော်ပြီး ကမ်းကိုမြင်ရတော့မှာပါလို့ ပြောနေတယ်။
          ဖောင်ပေါ်က နောက်တစ်ဦးကတော့ စူးစမ်းလေ့လာရေးသမား Ovserver ဖြစ်တယ်။ စူးစမ်းလေ့လာ ရေးသမားပီပီ သူကတော့ ပင်လယ်ရဲ့ အနေအထား လှိုင်းလေတွေရဲ့ အတိုးအဆုတ် ဖောင်ပေါ်ကလူတွေရဲ့ အပြုအမူ အစာငတ်ရေငတ်ဖြစ်နေကြပုံ ဖောင်ရဲ့ပျက်စီးလုနီးနီး အခြေအနေ ----- ဒါတွေ ဒါတွေကို မှတ်တမ်း တင်ဖို့ကြိုးစားနေတယ်။
          ဖောင်ပေါ်ကနောက်တစ်ဦးကတော့ အများအကျိုးဆောင်ရွက်တာ ကောင်းတယ်လို့ယူဆတဲ့ ပရဟိတ ဝါဒီ Altiuist ဖြစ်တယ်တဲ့။ ငါဟာ သူတစ်ပါးကို အကူအညီမပေးဘဲ မနေသင့်ဘူး။ သူတစ်ပါးအကျိုးကို ရွက်ဆောင်သင့်တယ်ဆိုတဲ့ အယူအဆ ခိုင်လုံဖို့အတွက် ဆင်ခြင်ဆင်လက်တွေကို သူကရှာနေတယ်တဲ့။
          ဖောင်ပေါ်က နောက်တစ်ဦးကတော့ အဆိုးအကောင်းဟူသမျှကို ကြိတ်မှတ်ပြီးခံတတ်သူ Stoic ဖြစ်တယ်။သူက ဘာကိုမှမယုံကြည်ဘူး သူယုံကြည်တာက ပင်လယ်ထဲခုံချပြီး ဘဝကိုမြန်မြန်အဆုံးစီရင် ပစ်လိုက်တော့မယ်။ ---- ဆိုတဲ့စိတ်ဖြစ်လာတိုင်း ခုန်မချဖြစ်အောင် အဆုံးမစီရင်ဖြစ်အောင် ငြင်းဆန်နေတဲ့ သူ့ရဲ့ ငြင်းဆန်ချက်ကိုတော့ မှန်တယ်လို့ယုံကြည်နေတာတဲ့။
          ဖောင်ပေါ်က နောက်ဆုံးတစ်ဦးကတော့ လောကကြီးအကြောင်း ဘာဆိုဘာမှမသိတဲ့ ကလေးငယ် ကလေးဖြစ်တယ်။ ဖောင်ရဲ့မခိုင်ခန့်တော့တဲ့အဖြစ် ညအမှောင်ထု ဖုံးလွှမ်းလာတော့မယ့်အဖြစ် ကိုစိုးရိမ်ရ ကောင်းမှန်းလည်းမသိ။ မုန်တိုင်းလာတော့မယ့် အတိတ်နိမိတ်တွေကိုလည်း ခလေးငယ်ဟာ ကြောက်ရကောင်း မှန်းမသိဘူး။ ကလေးငယ်အတွက်တော့ ဖောင်ပျက်ရင်လည်း ပျက်တဲ့အထဲပါမယ်။ ပင်လယ်ရေထဲကျမယ်။ ဒီအတွက် ကလေးငယ်ဟာ တွေးလည်းမတွေးတတ်ဘူး ဒီတော့ ကြောက်ရကောင်းမှန်းလည်းမသိဘူး။ စိုးရိမ်ထိတ်လန့်မှုလည်းမရှိဘူး။ အခြေအနေပေးရင်လည်း မိုးလင်းတဲ့အခါ ကမ်းခြေကိုဖောင်ဆိုက်မယ် ကလေးငယ်ဟာ ကမ်းပေါ်ရောက်မယ်။ ကလေးငယ်ရဲ့ဘဝဟာ အခြေအနေတွေက ဖန်တီးတဲ့အတိုင်းဖြစ်မှာပဲ။
          ဖောင်ပေါ်က လူခုနစ်ဦးဟာ လောကမှာရှိတဲ့ လူတွေမှာဖြစ်တတ်တဲ့ သဘောထား ခုနှစ်မျိုးကို ရည်ညွှန်းထားတာ။ လောကနဲ့ ဘဝကို အကောင်းမြင်တဲ့လူရှိတယ်။ အကောင်းမြင်ပေမယ့် လက်တွေ့မှာ ကောင်းတာမှန်တာတွေကို မလုပ်နိုင်သူ မဖြစ်ဖို့လည်း လိုမှာပဲ။ လောကနဲ့ ဘဝကို အဆိုးဘက်က ကြည့်မြင်တဲ့ လူလည်းရှိတာပဲ။ အဆိုးမြင်ရာကနေပီး စိတ်ဓါတ်တွေကျဆင်း ပြိုကွဲသွားသူမျိုး မဖြစ်ဖို့လည်း လိုလိမ့်မယ်။ ပြီးတော့ လူ့လောကမှာ အတ္တဗဟိုလ်ပြုသမားတွေလည်း ရှိတယ်။ ဒီလူတွေကတော့ ဘယ်သူသေသေ ငတေမာရင်ပြီးရော ---  ဆိုတာလို သူတစ်ပါးတွေ ဘယ်လိုဒုက္ခတွေေ၇ာက်ရောက် ငါကောင်းစားချမ်းသာရင်ပြီးရော ဆိုပြီးသဘောထားတယ်။ ဒီသဘောထားနဲ့ ကိုယ့်အကျိုးစီးပွားကိုပဲ ရှာရင်း လောကကြီးကို အရုပ်ဆိုးအောင်လုပ်ကြတယ်။ ပရ သမားကတော့ အများအကျိုးသယ်ပိုးခြင်းဟာ ကောင်းတယ် လို့မြင်တယ်။ ဒါပေမယ့် ပရ သမားအရေအတွက်က လူ့လောကမှာ အရေအတွက်အားဖြင့် သိပ်ကိုနည်းတယ်ဆိုတာ တွေ့နိုင်တယ်။ ဖောင်ပေါ်က ကလေးငယ်လို ဘာကိုမှ အလေးအနက်မသိသူ ဘာကိုမှ အလေးအနက်မထားသူ ဖြစ်သလိုကြုံသလို နေသူတွေလည်းရှိမယ်။ ဖြစ်ချိန်တန်ဖြစ် ပျက်ချိန်တန်ပျက် သူ့သဘောသူဆောင်သွားလိမ့်မယ်လို့ သဘောထားသူတွေလည်းရှိမယ် ။ အများကြီး ရှိနေကြလိမ့်မယ်။ ---- လို့တွေးရင်း ။။
          ဖောင်ပေါ်ကလူအမျိုးအစား ခုနှစ်မျိုးထဲမှာ  ``ငါ`` ဘယ်အမျိုးအစားမှာပါသလဲလို့ တွေးတယ်။ ဘယ်အမျိုးအစားထဲမှာမှ  မပါချင်ဘူးလို့  စိတ်ထဲမှာ ပြောလည်းပြောလိုက်ရော ကျောက်ဆောင်ကို ရိုက်လိုက် တဲ့ လှိုင်းကနေစင်လာတဲ့ ရေတွေက တစ်ကိုယ်လုံးကို တုပ်တုပ်နစ်အောင် ရွှဲစိုသွားတယ်။ ပြန်လှည့်ဆင်းသွားတဲ့ ပင်လယ်ရေရဲ့အသံက ``တဟားး  ဟားး``  ရယ်မောသွားသလိုပဲ။
###################################################
ဆရာ နန္ဒသိန်းဇံ
အင်တာဗျူးဂျာနယ် နံပါတ် ၁၂၁ (၃-၄-၂၀၀၂)


No comments:

Post a Comment