ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Wednesday, May 8, 2013

အပျိုစင်(ရသ)



"ဘယ်သူ အပျိုစစ်ပါသလဲ"

ကျွန်မနဲ့ သူက ချစ်သူတွေပါ
လက်ဖက်ရည်ကြိုက်တတ်တဲ့ ကျွန်မဟာ ဆိုင်မှာပူပူလေး ထိုင်သောက်ရတာကို နှစ်သက်ပါတယ်။
အဲဒီအခါ သူပြောလေ့ရှိတာကတော့
"မင်းကွာ ... အပျိုလေးတန်မဲ့ ဆိုင်ထိုင်ရသလား" တဲ့ ။
ကျွန်မ အော်ရယ်ပစ်လိုက်တယ်..
လူတွေအများကြီးရှေ့မှာ ဆိုင်ထိုင်ဖို့ရာကို သင့်တော်တယ်ဆိုတဲ့ဆိုင်မှာ
ရိုးသားတဲ့ အရည်ကို ရိုးသားစွာသောက်နေတာပါရှင်..
ဒါပေမဲ့ မဖြေရှင်းတော့ပါဘူး .. ကိုယ်မှန်တယ် ထင်ရင် မဖြေရှင်းပဲ ရွေးတဲ့လမ်းကို ဖြောင့်အောင်လျှောက်တတ်တာ ကျွန်မ အကျင့်ကိုး ..

ဟော...ထပ်ပြောပြန်ပြီ..
"မင်းကွာ... အပျိုလေးဖြစ်ပြီး ရယ်တာကြီးကိုက" တဲ့ ..
ထုံးစံအတိုင်း ကျွန်မ မဖြေရှင်းပါဘူး..
စာရင်းကိုင် တယောက်ဖြစ်တဲ့ ကျွန်မဟာ တခါတရံ အလုပ်များပါတယ်၊ အဲဒီအခါ အိမ်ပြန်နောက်ကျတတ်တဲ့ ကျွန်မကို
"မင်းကွာ ... အပျိုဆိုတာ အိမ်ပြန်သိပ် မိုးမချုပ်သင့်ဘူး" တဲ့..
ဒီလိုနဲ့ပဲ ချစ်သူဘ၀ကိုဖြတ်သန်းခဲ့ပြီးတော့ သူလဲနိုင်ငံခြားကို
အလုပ်လုပ်ဖို့ ထွက်သွားပြီပေါ့။
သူနိုင်ငံခြားသွားလို့ သိပ်မကြာခင်မှာပဲ ကျွန်မတပည့်တယောက်ရခဲ့တယ်၊
နာမည်ကချောချောတဲ့ ..

ကောင်မလေးရဲ့ မျက်နှာမှာအထင်ရှားဆုံးကတော့ ပါးနှစ်ဘက်လုံးမှာပါတဲ့ ပါးချိုင့်ပါပဲ။ LCCI (3) ကို ချောချောအိမ်မှာ Guide လုပ်ပေးဖို့ပေါ့..
စာမေးပွဲဖြေဖို့ နီးကပ်လာတဲ့တစ်နေ့မှာ မအောင်မှာစိုးတဲ့ ကျွန်မ
စာပြဖို့ စောစောအရောက် ချောချောဆေးရုံတင်ထားရတယ်လို့
ဆီးပြောတာနဲ့ ဆေးရုံကိုလိုက်သွားမိတယ်။
ကိုယ်ဝန်(၂)လ ရှိတာသိလို့ စိတ်ညစ်ပြီး ပိုးသတ်ဆေးသောက်တာတဲ့..
လူဦးလို့ပေါ့ .. မသေကောင်း မပျောက်ကောင်းရှင်
ကျွန်မလဲ အားပေးစကားပြောပြီး အိမ်ပြန်လာခဲ့တယ်။

ကျွန်မစိတ်ထဲ မရှင်းဘူးရှင်၊ ကျွန်မသိသလောက်တော့ ချောချောဟာ
အိမ်သားတွေ မပါဘဲ အပြင်မထွက်တတ်ဘူးရှင့်..
ရော် ... ဘာတွေလဲကွယ်...
အဲဒီနေ့ကတည်းက စကားပြောရင် ဖြေးညှင်းစွာ၊ ရယ်ရင်လည်း
တိုးတိုးလေး ရယ်တတ်တဲ့ ပါးချိုင့်နှစ်ဘက်နဲ့ ချောချောကို နောက်ထပ်
မတွေ့ရတော့ပါဘူး။

အချိန်တွေကြာလာခဲ့ပြီး တနေ့မှာတော့ ဖိတ်စာတစ်စောင်နဲ့ စာအိတ်တစ်လုံးကို ကျွန်မရခဲ့တယ်။
ဖိတ်စာကသူ့ရဲ့မင်္ဂလာဆောင်ဖိတ်စာပေါ့၊ ဆက်ဆက်လာပါတဲ့။

သွေးကြောင်ရင် ဘေးချောင်မှာ ရပ်နေမှာပေါ့၊ ကျွန်မဆက်ဆက်သွားမှာပါ။
စာအိတ်ကလည်း သူရေးထားတဲ့စာပါပဲ၊ ဆက်ဖတ်ဖို့ မလိုအပ်တော့ဘူးလို့ ထင်တာနဲ့ ဒီတိုင်းပဲ ပစ်ထားလိုက်တယ်။

မင်္ဂလာဆောင်ရက်မှာ အသဲမကွဲဘူးဟေ့လို့ ပြချင်တဲ့ ကျွန်မ အလှဆုံးကို ပြင်ပစ်လိုက်တယ်။
အချစ်ဦးနဲ့ လွဲရပေမဲ့ အချစ်ဆုံးနဲ့ ဆုံနိုင်ခွင့် ရှိပါသေးတယ်ရှင်..

အချစ်မပါဘဲ ဘ၀ကိုအောင်မြင်အောင် တည်ဆောက်ခဲ့တဲ့ သူတွေမှ အများကြီးပါ။
ဟော.. လာနေပြီ .. မင်္ဂလာမောင်နှံ သူရွေးတဲ့ သတိုးသမီးကို သေသေချာချာကြည့်မှ..
ပါးချိုင့်.. သတိုးသမီးမျက်နှာပေါ်က ထင်ရှားလှတဲ့ ပါးချိုင့် ..
ချောချော .. သြော် သတိုးသမီးက ချောချောကိုး။
အိမ်ပြန်ရောက်တာနဲ့
ဖွင့်ဖောက်ဖတ်ဖို့ မလိုအပ်တော့ဘူးလို့ထင်ပြီး
ပစ်ထားတဲ့သူ့ရဲ့ စာကို ချက်ချင်းဖွင့်ကြည့်မိတယ်..

စာထဲပါတာကတော့ ..
"ငါပြန်လာတာ နင့်ကို အသိမပေးတာက အိမ်ထောင်ပြုတော့မှာမို့ပဲ..
အိမ်ကရှာပေးတာ၊ ငါလဲနှစ်သက်တယ်။
သူ့မှာ ငါကြိုက်တဲ့ အပျိုစင်အချက်တွေရှိတယ်" လေတဲ့။

ကျွန်မ ဒီစာကို မှန်ဘောင်သွင်းပြီး ရွှေကွပ်ထားလိုက်တယ်။
ကျွန်မကို တသက်လုံး ရယ်နေအောင်လုပ်ပေးမဲ့ ဟာသစစ်စစ်တစ်ပုဒ် အနေနဲ့ပေါ့။

ကျွန်မလေ ၀တ္တုမရေးတတ်လို့ပါ..
ရေးများရေးတတ်ရင်ဖြင့် ၀တ္တုခေါင်းစဉ်ကို
"ဘယ်သူ အပျိုစစ်ပါသလဲ" လို့ ပေးမိမှာပါ။


ချစ်လွမ်းမောင်

No comments:

Post a Comment