ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း
Wednesday, May 15, 2013
သုံးဆယ့်တစ်ဘုံကိုရှာဖွေတွေ့ရှိခြင်း
၃၁ ဘုံကို ရှာဖွေတွေ့ရှိခြင်း
        ကျွန်တော်သည် ဗုဒ္ဓဘာသာဝင် ဖြစ်ပါသည်။ ငယ်စဉ်က ရှင်သာမဏေ သုံးဝါထိ ၀တ်ခဲ့ဖူးပါသည်။ ရှင်သာမဏေဘ၀နှင့် ဘုန်းတော်ကြီးကျောင်းတွင် တွဲ၍ ဖွင့်လှစ်ထားသော လောကဓာတ်အတန်းကျောင်း၌ ခုနစ်တန်းအထိ ပညာသင်ကြားခဲ့ပါသည်။ ကျောင်းပိတ်ချိန်များတွင် ဘုန်းကြီးစာ သင်ကြားခဲ့ရပါသည်။ ပရိတ်ကြီး စသည်မှ သေခိယအထိ သင်ကြားခဲ့ဖူးပါသည်။ ၃၁ ဘုံသည် ထိုစဉ်ကပင် ကျွန်တော်နှင့် ရင်းနှီးနေခဲ့ပါသည်။
        ကျောင်းပြီးသောအခါ လုပ်ငန်းခွင်သို့ ၀င်ခဲ့ပါသည်။ မြန်မာပြည်တစ်ခွင် လှည့်လည်၍ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ သာသနာထွန်းကားရာ အရပ်များဖြစ်ကြသည့် မန္တလေး၊ ရွှေဘို၊ အင်းတော်၊ မုံရွာ၊ ပခုက္ကူ၊ သထုံမှသည် ထားဝယ်သို့အထိ ပေါက်ရောက်ခဲ့ပါသည်။ ဗုဒ္ဓဘာသာ စာပေများနှင့် ထိတွေ့ခဲ့ရပါသည်။ အသက် ၅၀ ကျော်လာသောအခါ ထိတွေ့ရုံမဟုတ်တော့ပဲ ရှာကြံ၍ လေ့လာလိုက်စားခဲ့ပါသည်။ ယခု အသက် ၆၀ ကျော်၍ ပင်စင်ယူရသောအခါ တာဝန်ယူရသောအလုပ်ဟူ၍ မရှိတော့ပါ။ စာဖတ်ဝါသနာပါပါသည်။ အားနေသောအချိန်များတွင် စာဖတ်စရာအလုပ်သာ ရှိပါသည်။ အထူးသဖြင့် ဗုဒ္ဓဘာသာစာပေများကို ဦးစားပေး၍ ဖတ်ပါသည်။
        တစ်နေ့သောအခါ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း ရေးသားသော “သမိုင်းနှင့် စကားပြောခြင်း” စာအုပ်ကို ဖတ်မိပါသည်။ ၎င်းစာအုပ်ထဲတွင် “ပါရဂူဘွဲ့အတွက် စာတမ်းရေးတဲ့အခါ ဗုဒ္ဓဘာသာရဲ့ အခြေခံကို သိမှဖြစ်မယ်ဆိုပြီး ပိဋကတ်သုံးပုံ မြန်မာဘာသာပြန်ကို ဖတ်တယ်။ ပါဠိရောထွေးနေလို့ နားမလည်၊ မရှင်း။ ဒါကြောင့် အင်္ဂလိပ်လို ပြန်ထားတာ ဖတ်တယ်။ တောက်လျှောက်ဖတ်တာ ရှိတယ်။ အဲဒီလိုနှင့် ဗုဒ္ဓသာသနာအကြောင်း သိလာတယ်။ (ဗုဒ္ဓရဲ့ဆုံးမချက်များ) ကို နားလည် သဘောပေါက်လာတယ်။ တွေ့မြင်နေရတဲ့ ဗုဒ္ဓသာသနာဝင်ဆိုသူတွေရဲ့ အပြုအမူ အနေအထိုင် အလေ့အကျင့်တွေဟာ ဗုဒ္ဓရဲ့ ဆုံးမချက်တွေနှင့် ကွဲပြားခြားနားနေတာတွေ တွေ့နေရတော့ လူအများ လုပ်နေတာတွေဟာ နေရာမကျဘူးလို့ သိလာလို့ သူတို့နှင့် ရောနှောမနေပါ။ ခင်ရှင်းရှင်းပဲနေတယ်” ဖတ်ရသည်။
        ပင်စင်စား အသက် ၆၀ ကျော် အရွယ်တွင် အချိန်တွေ ပိုနေပါသည်။ ဗုဒ္ဓဘာသာစာပေများကို ဖတ်ရုံ၊ မှတ်ရုံအဆင့်မျှသာ မဟုတ်တော့ပဲ လေ့လာသောအဆင့်ထိ ရောက်လာပါတော့သည်။ စုဆောင်းထားသော စာအုပ်များမှ ဘာသာရေးနှင့်ဆိုင်သော စာအုပ်များကို သီးခြားခွဲထုတ် စုပုံရပါသည်။ ပထမဆုံး အရှင်ဓမ္မဿာမိဘိဝံသ စီရင်ရေးသားတော်မူသော “မူလ မဟာဗုဒ္ဓ၀င်” ကို ဖတ်ပါသည်။ မြသန်းတင့် ဘာသာပြန်သော “လာခြင်းကောင်းသော အရှင်” ကို ဖတ်ပါသည်။ ဆရာပါရဂူ ဘာသာပြန်ဆိုသော “ချစ်သမီးထံသို့” ဖတ်ပါသည်။ “နိဗ္ဗာန်” ကို ဖတ်ပါသည်။ ဖတ်သည်ဆိုရာ၌ မှတ်သားလေ့လာသော အဆင့်ထိ ဖြစ်ပါသည်။ ကျွန်တော့် စိတ်ထဲတွင် ခံစားနေရသော သံသယစိတ်သည် ပျောက်ပျက်၍ မသွားပါ။
        ကျွန်တော်၏ အသက် ၆၀ ကျော်နေပါပြီ။ သံသယစိတ်နှင့် ကျွန်တော် မသေချင်ပါ။ သေလျှင်လည်း သံသယစိတ် ကင်းပြီး သေချင်ပါသည်။ နေရသေးလျှင်လည်း သံသယစိတ်ရှင်းပြီး နေချင်ပါသည်။
        ပင်စင်ယူပြီးသည့် အချိန်မှစ၍ ရုပ်သံများမှ လွှင့်သော တရားတော်များကို နေ့စဉ် နာယူမြဲဖြစ်ပါသည်။ ၀ိပဿနာအလုပ်ကိုလည်း ရံဖန်ရံခါ လုပ်ပါသည်။ တစိုက်မတ်မတ်တော့ မလုပ်ပါ။ ခံစားနေရသော သံသယစိတ် ပယ်ပျောက်ရန် ၀ိပဿနာစာပေများကို လေ့လာရန် သတိဝင်လာပါသည်။ ၀ိပဿနာတရားစာအုပ်များလည်း ကျွန်တော့်တွင်ရှိပြီး ဖြစ်ပါသည်။ ပထမဦးဆုံး မိုးကုတ်ဆရာတော်ဘုရားကြီး၏ ၀ိပဿနာစာအုပ်များကို မှတ်သားနာယူလေ့လာပါသည်။ လေ့လာမှုအားကြီးတော့ ၀ိပဿနာအလုပ်ကို အချိန်ယူ၍ လုပ်ဖြစ်လာပါသည်။ ထို့နောက် သထုံတွင် တာဝန်ထမ်းဆောင်စဉ်က မူလမင်းကွန်းဇေတ၀န် အရှင်တိက္ခာစာရ၏ “မူလမင်းကွန်း ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိနှင့် မဇ္ဈိမပဋိပဒါ အပ္ပမာဒ လမ်းစဉ် အမှတ် (၁) (၂) (၃)” တို့ကို ဆက်လက်၍ ဖတ်မှတ်လေ့လာပါသည်။ ထို့နောက် လက်ပံတန်းမြို့၊ ဒုတိယ သဒ္ဓမ္မ ပါလကမ္မဋ္ဌာန်း ဆရာတော်၏ “၀ိပဿနာပါရဂူ” ကျမ်း၊ စစ်ကိုင်းတောင်ရိုး၊ သီရိသုမနချောင်၊ မဂ္ဂင်ဓမ္မရိပ်သာ ဆရာတော် ဦးသုမန၏ “ဉာတပရိညာစခန်း၊ အခြေခံ ပဋိစ္စသမုပ္ပါဒ်” ကျမ်းများကို ဖတ်ရှုမှတ်သား လေ့လာခဲ့ပါသည်။ ၀ိပဿနာအလုပ်ကိုလည်း ယခင်ကထက် အချိန်ယူ၍ လုပ်ဖြစ်လာပါသည်။ ခံစားနေရသော သံသယစိတ် မပျောက်သော်လည်း ၀ိပဿနာအလုပ်မှ ရရှိသော ငြိမ်းအေးမှု ခံစားလာရပါသည်။ 
        စာအုပ်များကို ရှာဖွေ၍ ဆက်၍ ဖတ်ရှုမှတ်သားလေ့လာရပြန်ပါသည်။ ဦးစိန်ထွန်း (မာမက-သုတေသီ)၏ “ကမ္ဘာပတ်၍ ဘုရားရှာခြင်း” နှင့် “ဗုဒ္ဓဘာသာ၊ သံဃာ့ဂိုဏ်းကွဲများနှင့် ဂိုဏ်းကြီး ၉ ဂိုဏ်း” ၊ ဆရာညိုသောင်း၏ “ဘာသာကြီးလေးခု အနှစ်သာရများ” စသည့် စာအုပ်များ ဆက်တိုက်ဖတ်မှတ်ပါသည်။ အကြိမ်ကြိမ် ဖတ်ပါသည်။ ဆရာညိုသောင်း၏ စာအုပ်ထဲမှာ ဘုံ ၃၁ ပါးကို ဖတ်မိပါသည်။ စာအုပ်ထဲကအတိုင်း ပြန်လည်ဖော်ပြပါမည်။
        “၃၁ ဘုံ၌ ကျင်လည်နေသမျှသော သတ္တ၀ါတို့သည် ကံကြောင့်သာ ကျင်လည်ရခြင်း ဖြစ်သည်။ အကုသိုလ်ကံကြောင့် ငရဲ၊ ပြိတ္တာ၊ အသူရကာယ် ဆိုသော အပါယ်လေးပါးဘုံသို့ ရောက်ကြရသည်”
        “ကာမာဝစရ ကုသိုလ်ကံကြောင့် လူ့ဘုံနှင့် နတ်ပြည် ၆ ထပ်တည်းဟူသော ကာမသုဂတိ ၇ ဘုံသို့ ရောက်ကြရသည်။ ရူပါဝစရ ကုသိုလ်ကံကား ရူပဗြဟ္မာ ၁၆ ဘုံသို့ တွန်းပို့နိုင်သည်။ အရူပါဝစရ ကုသိုလ်ကံသည် အရူပဗြဟ္မာ ၄ ဘုံသို့ ရောက်နိုင်သောကံ ဖြစ်သည်” (စာ - ၂၁၇)
        “လောဘ ဖြစ်လာလျှင် ပြိတ္တာဘုံသို့ ရောက်ရတော့သည်။ ဒေါသဖြစ်လျှင် ငရဲဘုံသို့ ရောက်ရတော့သည်။ မောဟဖြစ်ကာ တိရစ္ဆာန်နှင့် အသူရကာယ်ဘုံသို့ ရောက်သွားရတော့သည်”
        “ကိုယ်ကို အမှီပြု၍ ပေါ်လာသော ကံသည် ကာယကံဖြစ်သည်။ နှုတ်ကို မှီ၍ဖြစ်ပေါ်လာသော ကံသည် ၀စီကံဖြစ်၏။ ထိုနည်းအတိုင်း စိတ်ကိုဖြစ်သော ကံသည်ကား မနောကံ ဖြစ်သည်။”
        “သူတစ်ပါးအသက်ကို သတ်ခြင်း၊ သူတစ်ပါးဥစ္စာကို ခိုးယူခြင်း၊ သူတစ်ပါး၏ သားမယား (သို့) လင်ယောက်ျားတို့နှင့် ကျူးလွန်ခြင်းတို့သည် ကာယကံများ ဖြစ်သည်” (စာ - ၂၁၈)
        “မမှန်ကန်သော စကားကို ပြောဆိုခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ သိမ်ဖျင်းသော စကားကို ပြောဆိုခြင်း၊ ကုန်းတိုက်ချောပစ်ခြင်း သည် ၀စီကံဖြစ်သည်။
        သူတစ်ပါးပစ္စည်းကို မတရားယူလိုခြင်း၊ သူတစ်ပါးအသက်ကို ပျက်စီးရန် ကြံဆောင်ခြင်း၊ မှားသောအယူကို အမှန်ဟု ယူဆခြင်းသည်ကား မနောကံတို့ ဖြစ်သည်။ (စာ - ၂၁၉)
        ကာမတစ်ဆယ့်တစ်ဘုံ၌ ဖြစ်ပွားတတ်သောကံကို ကာမာဝစရကံဟု ခေါ်၏။ ကာမတစ်ဆယ့်တစ်ဘုံဆိုသည်ကား အထက်၌ဆိုခဲ့သည့် အပါယ်လေးဘုံ၊ လူ့ဘုံနှင့် နတ်ပြည် ၆ ထပ်တို့ကို ခေါ်ဆိုသည်။ ဤကာမတစ်ဆယ့်တစ်ဘုံ၌ ဖြစ်ပွားသော ဘုံသားတို့၏ စိတ်၌ဖြစ်သော ကံကို ကာမာဝစရကံဟု ခေါ်ခြင်း ဖြစ်သည်။ (စာ - ၂၁၉၊ ၂၁၀)
        ကာမာဝစရ ကုသိုလ်ကံဖြစ်ပေါ်လာရခြင်း၏ အကြောင်းကား ဒါန၊ သီလ၊ ဘာဝနာ တရားတို့ပင် ဖြစ်သည်။ ဒါန၊ သီလ၊ ဘာဝနာဟု ခေါ်သော ကာမာဝစရကုသိုလ်ကံကြောင့် ရရှိခံစားရမည့် ဂတိသည်ကား ကာမသုဂတိ ၇ ဘုံတို့၌ ဖြစ်သည်။
        ဒါန၊ သီလ၊ ဘာဝနာ ဟူသော ကာမာဝစရ ကုသိုလ်ကံ သုံးပါးတွင် ဘာဝနာ ကုသိုလ်ကံသည် သမထ ဘာဝနာ၊ ၀ိပဿနာ ဘာဝနာ ဟူ၍ နှစ်မျိုးကွဲပြားသည်။
        သမထတရားများအနက်မှ ကသိုဏ်းဆယ်ပါးနှင့် အာနာပါနကို ပွားများလျှင် ပဉ္စမဈာန်အထိ ရရှိနိုင်သည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာများကို ပွားများလျှင် စတုတ္ထဈာန်အထိ ရရှိနိုင်သည်။ ဥပေက္ခာတရားကို ပွားများလျှင်ကား ပဉ္စမဈာန်ကို ရရှိနိုင်သည်။ (စာ - ၂၂၀)
        ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန်ဆိုသော ဈာန်စိတ်နှင့် ယှဉ်တွဲသည့် စေတနာ စေတသိက်ကို ရူပါဝစရ ကုသိုလ်ကံဟု ခေါ်ဆိုသည်။
        ပထမဈာန်ကုသိုလ်ကံကြောင့် ပထမဈာန် သုံးဘုံသို့ ရောက်ရှိသွားနိုင်သည်။ ဒုတိယနှင့် တတိယဈာန်တို့၏ ကုသိုလ်ကံကြောင့် ဒုတိယဈာန် သုံးဘုံတိုင်အောင် ရောက်ရှိနိုင်သည်။ စတုတ္ထဈာန် ကုသိုလ်ကံကြောင့် တတိယဈာန် သုံးဘုံသို့ ရောက်ရှိရသည်။ ပဉ္စမဈာန် ကုသိုလ်အဟုန်ကြောင့် စတုတ္ထဈာန် ခုနစ်ဘုံအထိ ပေါက်ရောက်နိုင်၏။ ပဉ္စမဈာန်ကို ရရှိပြီးသော ပုဂ္ဂိုလ်သည် ရူပဗြဟ္မာ ၁၆ ဘုံတိုင်အောင် ရောက်ရှိသွားနိုင်ပြီ ဖြစ်၏။ ထိုပုဂ္ဂိုလ်သည် ရုပ်တရားအပေါ် အပြစ်မြင်နေပြန်၏။ ရုပ်ရှိ၍ နာကျင်ခံရသော ဆင်းရဲကို တွေ့ကြုံရသည်။ ရုပ်မရှိသော အရူပဘုံတွင်ကား ဤဆင်းရဲမျိုးမှ လွတ်ကင်းနိုင်လိမ့်မည်ဟု ထင်မြင်လာသည်။ ကသိုဏ်း ပညတ်ကို စွန့်ပယ်လျက် ကောင်းကင် ပညတ်ကို ပရိကံပြုသောအခါ…
၁။ အာကာသာနဉ္စာ ယတန ဟု ခေါ်သော ပထမ အရူပဗြဟ္မာဘုံ။ ၂။ ၀ိညာနဉ္စာ ယတန ဟု ခေါ်သော ဒုတိယ အရူပဗြဟ္မာဘုံ။
၃။ အာကိဉ္စညာ ယတန ဟု ခေါ်သော တတိယ အရူပဗြဟ္မာဘုံ။
၎။ နေ၀သညာနာသညာ ဟု ခေါ်သော စတုတ္ထအရူပဗြဟ္မာဘုံ သို့ အဆင့်ဆင့် ရောက်ရလေသည်။ (စာ - ၂၂၂)
        ပုဂ္ဂိုလ်သတ္တ၀ါတို့သည် သေအံ့ဆဲဆဲ အခါ၌ ဂတိနိမိတ်ခေါ် မိမိ၏ နောင်ဘ၀ဖြစ်မည့် ဘ၀၏ အာရုံကို ထင်မြင်သည်။ မိမိ၏ သွားရမည့် ခရီးကို ကြိုတင်မြင်ခြင်း ဖြစ်သည်။ လူ့ပြည်သို့ သွားရမည့်သူသည် လူ့ပြည်ဆိုင်ရာ နိမိတ်များ၊ အပါယ်ဘုံသို့ ရောက်ရမည့် သူများသည် အပါယ်ဘုံဆိုင်ရာ နိမိတ်များ၊ နတ်ဘုံနှင့် ဗြဟ္မာဘုံသို့ ရောက်ရမည့်သူများသည်လည်း ဆိုင်ရာနိမိတ်များ ထင်လာကြသည်။ (စာ - ၂၂၅။ ၂၂၅) ”
        ဆရာညိုသောင်း၏ စာအုပ်မှ “ဗုဒ္ဓဘာသာ” အခန်းကို ဖတ်၍ မှတ်ပါသည်။ လေ့လာပါသည်။ ကျွန်တော့်တွင် ခံစားနေရသော သံသယစိတ်တို့သည် ပြေပျောက်မသွားပါ။ အခေါက်ခေါက် အခါခါ ဖတ်ပါသည်။ လူ့ဘုံသာ တွေ့ရ၊ မြင်ရသည်။ ကျန်ဘုံ ၃၀ မှာ သေပြီးမှ ကုသိုလ်၊ အကုသိုလ်တို့၏ စေ့ဆော်မှုကြောင့် ဖြစ်ပေါ်လာရမည် ဖြစ်သည်ဟု ဆိုသည်။ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်တို့မှာ ကျွန်တော်တို့ အနီးနားမှာ ရှိနေသည်။ တိရစ္ဆာန်များကိုတော့ ကျွန်တော်တို့ မြင်ရသည်။ ပြိတ္တာနှင့် အသူရကာယ်တို့ကို မမြင်ရ မတွေ့ရ။ ငရဲဘုံကတော့ မြေအောက်မှာ၊ နတ်ဘုံနှင့် ဗြဟ္မာဘုံတွေကတော့ မိုးပေါ်မှာ ရှိကြသည်ဟု ဆရာတော်များကလည်း မိန့်ကြားတော်မူကြသည်။ လူကြီးသူမများကလည်း ပြောပြကြသည်။ ကျွန်တော် ဘယ်လိုမှ ယုံကြည်၍ မရပါ။ ဘုန်းကြီးကျောင်းနှင့်တွဲလျက် အလယ်တန်းကျောင်းတုန်းက ၇ တန်းနှစ်မှာ မြန်မာစာနှင့် သမိုင်း သင်ပြသော ဆရာဦးတင်လှိုင်က “မြတ်စွာဘုရားသည် လူသားစစ်စစ် ဘုရားဖြစ်သည်။ လူတွေ မမြင်ရတဲ့ မြေထဲက ငရဲနှင့် မိုးပေါ်က နတ်ပြည်အကြောင်းတော့ ဟောမယ်မထင်” ဟု စာသင်ရင်း အမှတ်မထင် မှတ်ချက်ပေးဘူးပါသည်။ ကျွန်တော့် စိတ်တွင် ယနေ့အထိ စွဲထင်နေပါသည်။
        ဆရာတော်ကြီးများ ဟောကြားထားသည့် သမထအလုပ်၊ ၀ိပဿနာအလုပ်များကို ဆရာတော်ကြီးများ၏ နည်းအတိုင်း လက်တွေ့လုပ်ကြည့်သည်။ ငြိမ်းအေးမှု ရသည်။ စိတ်ကျေနပ်မှုရသည်။ ၃၁ ဘုံကိစ္စက လက်တွေ့စမ်းသပ်ကြည့်လို့ကလည်း မရတော့ အခက်တွေ့ရသည်။ ဘုရားဟော ရှေးကတည်းက ဟောကြ ပြောကြဆိုတော့ မယုံလို့ကလည်း အခက်။
        ကျွန်တော် စဉ်းစားမိပါသည်။ ဒေါက်တာသန်းထွန်း ပြောသကဲ့သို့ ဟုတ်၊ မဟုတ် ပိဋကတ်တော် မြန်မာပြန်များကို လေ့လာကြည့်ရပါမည်။ ရန်ကုန်သို့ စုံစမ်းကြည့်သောအခါ ပိဋကတ်သုံးပုံ၊ မြန်မာဘာသာပြန်မှာ အုပ်ရေ ၃၀ ရှိသည်။ တစ်သိန်း သုံးသောင်းကျပ် တန်ဖိုးရှိပါသည်။ မှာယိုလုက်ရာ တစ်ပတ်အတွင်း ရောက်ရှိလာပါသည်။
        စာအုပ်များ ရောက်ရှိလာသောအခါ ကျွန်တော်၏ မိသားစုက စာအုပ်ပုံကို ကြည့်လိုက် ကျွန်တော့်မျက်နှာကို ကြည့်လိုက်နှင့် အံ့သြနေကြပါသည်။ “ဦးကျည်ပွေ့တောင် အသက် ၆၀ မှ စာသင်တာပါ။ အရကျက်မှာမှ မဟုတ်ပဲ။ သုံးနှစ်လောက် လေ့လာရင် ပြီးပါတယ်”  စကားဆုံးသောအခါ အံ့သြသော မျက်နှာအမူအရာများနှင့် ကျွန်တော့် အနားမှ အားလုံး ထွက်ခွာသွားကြပါတော့သည်။
        ကာမာဝစရ ကုသိုလ်ဆိုသည်မှာ အကြောင်းညီညွတ်သော အချိန်အခါ၌ ကြည်လင်သော စိတ်ခံစားမှုနှင့်တကွ ဖြစ်သော၊ ဉာဏ်နှင့်ယှဉ်သော ကုသိုလ်စိတ်သည် ရူပါရုံကို ဖြစ်စေ၊ ရသာရုံကိုဖြစ်စေ၊ ဖောဋ္ဌဗွာရုံကိုဖြစ်စေ၊ ဓမ္မာရုံကိုဖြစ်စေ၊ ကောင်းသောကြံစည်မှု၊ ကောင်းသော အားထုတ်မှု၊ ကောင်းသော သတိ၊ ကောင်းသော သမာဓိဟု ဆိုအပ်သော မဂ္ဂင် ၄ ပါး၊ အလောဘ၊ အဒေါသ၊ အမောဟ ဟု ဆိုအပ်သော တရား ၃ ပါးတို့ကို မျက်မှောက်ပြုလျက် ပျင်းရိခြင်းမရှိ၊ စိတ်ပျံ့လွင့်ခြင်း မရှိစေရန် သမထတရားနှင့် နေခြင်းကို ကာမာဝစရ ကုသိုလ်စိတ်ဟု သတ်မှတ်ရပါမည်။
        ကာမာဝစရ ကုသိုလ်ကို ပွားများလျက် ကြံစည်မှု (၀ိတက်)၊ သုံးသပ်မှု (၀ိစာရ)၊ နှစ်သက်မှု (ပီတိ)၊ ချမ်းသာမှု (သုခ)၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိမှု (စိတ္တသောကဂ္ဂတာ) ဟု ဆိုအပ်သော ‘ဈာန်’ နှင့် နေ၍ရပါသည်။ ထိုကဲ့သို့ ဈာန်နှင့် နေသူကို ဗြဟ္မာ (သူတော်စင်) ဟု ခေါ်ဆိုသတ်မှတ်ရမည် ဖြစ်ပါသည်။
        ကာမာဝစရ ကုသိုလ်တွင် ပထမစိတ်မှ အဋ္ဌမစိတ်အထိ ပွားများအားထုတ်လျက် ဈာန်နှင့် နေ၍ရပါသည်။ ဓမ္မသင်္ဂဏီကျမ်း၊ စိတ္တုပ္ပါဒကဏ္ဍ၊ (ပါဒ ၁၊ ၁၂၁၊ ၁၄၆၊ ၁၄၇၊ ၁၄၉၊ ၁၅၀၊ ၁၅၆၊ ၁၅၇၊ ၁၅၉) တို့တွင် ဖွင့်ဆိုထားပါသည်။
        ရူပါဝစရ ကုသိုလ်ဆိုသည်မှာ ကာမာဝစရ ကုသိုလ်ကို ပြုဖန်များသောအခါ ကာမဂုဏ်အာရုံတို့မှ ကင်းဆိတ်ပြီးလျှင် ရူပဘုံသို့ ရောက်ကြောင်း ဈာန်ကို ပွားများအားထုတ်ရန် စိတ်၌ ပြင်းပြလာ၏။ ပထ၀ီ ကသိုဏ်းလျှင် အာရုံရှိသော (ကမ္မဋ္ဌာန်း (သို့) ကသိုဏ်း ၄၀ မှ တစ်ပါးကို အာရုံရှိသော) ဈာန်ကို ပွား၏။ မဂ္ဂင် ၅ ပါး၊ ဗိုလ် ၇ ပါး၊ ဣနြေ္ဒ ၈ ပါးနှင့် ပြည့်စုံလျက် ကိုယ်၊ စိတ် ငြိမ်းချမ်းမှု၊ ပေါ့ပါးမှု၊ ခံ့ထည်မှု၊ အလေ့အကျင့်ရှိမှု၊ ဖြောင့်မှတ်မှု၊ နူးညံ့မှုတို့နှင့် နေ၏။ လောဘ၊ ဒေါသ၊ မောဟ တရားများ ကင်းလျက် သမထတရားနှင့် စူးစိုက်၍ အာရုံပြု၍ နေခြင်းကို ရူပါဝစ ကုသိုလ်ဟု ခေါ်ဆိုသတ်မှတ်ရမည် ဖြစ်ပါသည်။
        ဤကဲ့သို့ နေထိုင်ခြင်းကို ရူပါဝစရ ကုသိုလ် ပထမဈာန်စိတ် (ပထမဈာန်ကို ရရှိနေ၍) နှင့် နေခြင်းဟု သတ်မှတ်ပါသည်။
        ရူပါဝစရ ကုသိုလ်ကို အကျင့်လေးပါးနှင့် အာရုံလေးပါး ရောနှော၍ ဈာန် ၁၆ ပါး ပွားများထားပါသည်။ ၎င်းဈာန် ၁၆ ပါးမှ တစ်ပါးစီ တစ်ပါးစီကိုလည်း (ပထမ၊ ဒုတိယ၊ စတုတ္ထ၊ ပဉ္စမ) ဈာန်များတွင် အာရုံပြု၍ ဘုံများနှင့်နေ၍ ရပါသည်။
        ရူပါဝစရ ကုသိုလ်ကို မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟု ဆိုအပ်သော ‘ဗြဟ္မာ့ဝိဟာရ’ တရား ၄ ပါးနှင့် ပွားများလျက် (ပထမ၊ ဒုတိယ၊ စတုတ္ထ) သက်ဆိုင်ရာ ဈာန် (ဘုံ)နှင့် နေ၍လည်း ရပါသည်။ (ပါဒ ၁၇၆၊ ၂၆၂) အထိ။
        ဗြဟ္မာ့ဝိဟာရတရား ၄ ပါးဖြစ်သော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တရားတို့မှ တစ်ပါးစီကိုလည်း အကျင့်နှင့် အာရုံ ရောနှောသော ဈာန် ၁၆ ပါးတွင် တစ်ပါးစီ ခွဲ၍ ပွားများအားထုတ်လျှင် ရပါသည်။
        ဆရာညိုသောင်း၏ ရေးသားချက်နှင့် အဘိဓမ္မာ၏ ဆိုလိုရင်းမှာ များစွာ ကွဲပြားခြားနားနေပါသည်။ ရူပဗြဟ္မာ ၁၆ ဘုံဆိုသည်မှာ ရူပါဝစရကုသိုလ် ၁၆ ပါးမှ ရရှိသော ရူပါဝစရကုသိုလ် ဈာန်စိတ် ၁၆ ပါးကို ယူဆသတ်မှတ်ရမည် ဖြစ်ပါသည်။ ကာမာဝစရ ကုသိုလ်နှင့် ရူပါဝစရ ကုသိုလ်တို့သည် ဒါန၊ သီလကြောင့် ရရှိသည်ဟု အဘိဓမ္မာတွင် မတွေ့ရပါ။ ဒါန၊ သီလ ဟူသော အသုံးအနှုန်းပင်လျှင် ဓမ္မသင်္ဂဏီကျမ်းတွင် ရေးသားဖောတ်ပြချက်ကို လုံးဝ ရှာမတွေ့ပါ။ ဈာန်များကို အဆင့်ဆင့် ပွားများ၍ ရရှိအပ်သော မျက်မှောက်တွင် ထင်ထင်ရှားရှား တွေ့ရှိအပ်သော၊ ရရှိအပ်သော ကုသိုလ်အဆင့်ဆင့်သာ ဖြစ်ပါသည်။ တမလွန်ဘ၀ရောက်မှ ရရှိအပ်သော ဗြဟ္မာ့ဘုံများ မဟုတ်ပါ။
        ထို့အတူ အရူပါဝစရ ကုသိုလ်ကံသည် အရူပဗြဟ္မာ့ဘုံသို့ တွန်းပို့နိုင်သည်ဟု ဆိုခြင်းမှာလည်း ဓမ္မသင်္ဂဏီကျမ်းအလာနှင့် ကွဲလွဲနေပါသည်။ အရူပါဝစရ ကုသိုလ်ကိုပင်လျှင် ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန် ဟူ၍ အဆင့်ဆင့် ခွဲခြား သတ်မှတ်ထားခြင်း ဖြစ်ပါသည်။ တမလွန်ဘ၀ ရောက်ရှိမှ ရရှိပါသော အရူပဗြဟ္မာဘုံဟူ၍ မဆိုလိုပါ။
        မျက်မှောက်ဘ၀တွင် ရရှိအပ်သော ဈာန်များဖြစ်ကြောင်း ဓမ္မသိင်္ဂဏီကျမ်းတွင် လာရှိသည့်အတိုင်း ဖော်ပြအပ်ပါသည်။
ပထမရုပ္ပဈာန် ။     ။ အဘယ်တရားတို့သည် ကုသို မည်ကုန်သနည်း။ အကြင်အခါ၌ အရူပဘုံ၌ ဖြစ်ခြင်းငှာ အကြောင်း(ဈာန်) ကိုပွား၏ (အရူပဘုံသို့ ရောက်ကြောင်းဈာန်ကို ပွား၏)။ အလုံးစုံသော အခြင်းအရာအားဖြင့် (ကသိုဏ်း) ရုပ်၌ဖြစ်သော အမှတ်သညာ (ရူပဈာန်၊ အရူပဈာန်၏ အာရုံ) တို့ကို ကောင်းစွာ လွန်မြောက်ခြင်းကြောင့် (၀တ္ထုအာရုံ နှစ်ပါးစုံတို့၏) ထိခိုင်မှုကြောင့် ဖြစ်သော အမှတ်သညာ ‘ပဋိဃသညာ’ တို့၏ ချုပ်ငြိမ်းခြင်းကြောင့် အမျိုးမျိုးဖြစ်သော (အာရုံ၌ဖြစ်သော) အမှတ်သညာ ‘နာနတ္ထသညာ’ တို့ကို နှလုံးမသွင်းခြင်းကြောင့် အဆုံးမရှိသော ကောင်ကင်ဟူသော (ပထမရုပ္ပဈာန်၏) တည်ရာ (အာရုံ) ၌ဖြစ်သော အမှတ်သာ “အာကာသာ နဉ္စာယတနသညာ” နှင့်တကွ ဖြစ်သော ကိုယ်ချမ်းသာမှု သုခကိုလည်း ပယ်ရှားရရှိအပ်သော ဈာန်။
ဒုတိယရုပ္ပဈာန် ။     ။ အာကာသာ နဉ္စာယတနဈာန်ကို လွန်မြောက်၍ အဆုံးမရှိသော ၀ိညာဏ် (စိတ်) ဟူသော (ဒုတိယရုပ္ပဈာန်) ၏ တည်ရာ (အာရုံ)၌ ဖြစ်သော အမှတ်သညာ ‘၀ိညာဏ် နဉ္စယတနသညာ’ နှင့်တကွ ဖြစ်သော ကိုယ်ချမ်းသာမှု သုခကိုလည်း ပယ်ရှား၍ ရအပ်သော ဈာန်။
တတိယရုပ္ပဈာန် ။     ။ ၀ိညာဏ် နဉ္စယတနဈာန်ကို ကောင်းစွာလွန်မြောက်၍ ၀ိညာဏ်၏ စိုးစဉ်းအနည်းငယ်မျှ အကြွင်းမရှိခြင်းဟူသော (တတိယရုပ္ပဈာန်၏ တည်ရာ အာရုံ၌ဖြစ်သော အမှတ်သညာ) ‘အာကိဉ္စညာယတန သညာ’ နှင့်တကွဖြစ်သော ကိုယ်ချမ်းသာမှု သုခကိုပယ်ရှား၍ ရအပ်သော ဈာန်။
စတုတ္ထရုပ္ပဈာန် ။     ။ အာကိဉ္စညာယတနဈာန်ကို ကောင်းစွာ လွန်မြောက်၍ ရုန့်ရင်းသော အမှတ်သညာကား မရှိ၊ သိမ်မွေ့သော အမှတ်သညာသာ ရှိသော (စတုတ္ထရုပ္ပဈာန်၏) တည်ရာ (အာရုံ) ၌ဖြစ်သော အမှတ်သညာ ‘နေ၀သညာ နာသညာ ယတန သညာ’ နှင့်တကွ ဖြစ်သော ကိုယ်ချမ်းသာမှု သုခကို ပယ်ရှား၍ ရအပ်သော ဈာန်။
        အရူပါဝစရ ကုသိုလ် (အရူပဈာန်) ကိုလည်း ဆန္ဒာဓိပတိ၊ ၀ိရိယာဓိပတိ၊ စိတ္တာဓိပတိ၊ ၀ီမံသာဓိပတိ ဟူသော ဓိပတိတရား ၄ ပါးနှင့် ပွားများ၍ ဈန်တစ်ခုစီကို ၁၉ ပါး ပွားများ၍ ရပါသည်။ (ပါဒ ၂၇၃၊ ၂၇၄၊ ၂၇၅၊ ၂၇၆) တို့တွင် လေ့လာ၍ ရပါသည်။
        ကျွန်တော်သည် ဆရာညိုသောင်း၏ စာအုပ်ကိုလည်း အထပ်ထပ် အခါအခါ ဖတ်ပါသည်။ ဓမ္မသင်္ဂဏီကျမ်းကိုလည်း အထပ်ထပ် အခါအခါ ဖတ်၍ မှတ်ပါသည်။
ဆရာညိုသောင်း၏ စာအုပ်တွင် ရူပဗြဟ္မာ ၁၆ ဘုံနှင့် အရူပဗြဟ္မာ ၄ ဘုံတို့ကို တမလွန်ရောက်မှ ရရှိသည်ဟု ဆိုပါသည်။ ဓမ္မသင်္ဂဏီကျမ်းတွင် ရူပါဝစရ ကုသိုလ်ဈာန်  ၁၆ ပါးနှင့် အရူပါဝစရ ကုသိုလ်ဈာန် ၄ ပါးတို့မှာ မျက်မှောက်ဘ၀တွင် ပွားများကျင့်ကြံ၍ မျက်မှောက်ဘ၀တွင်ပင် ရရှိအပ်ကြောင်း ဖော်ပြထားပါသည်။ 
        ဆက်စပ်၍ ကျွန်တော် တွေးကြည့်ပါသည်။ တစ်ကြိမ်မက၊ နှစ်ကြိမ်မက၊ အကြိမ်ကြိမ် တွေးကြည့်မိပါသည်။ ဆရာညိုသောင်း၏ ရေးသားဖော်ပြချက်နှင့် ဓမ္မသင်္ဂဏီကျမ်း၏ အဆိုမှာ သဘောသဘာဝချင်း တူညီနေပါသည်။ ရူပဗြဟ္မာ ၁၆ ဘုံ၊ ရူပါဝစရ ကုသိုလ်ဈာန် ၁၆ ပါး၊ အရူပဗြဟ္မာ ၄ ဘုံ၊ အရူပါဝစရ ကုသိုလ်ဈာန် ၄ ပါးတို့ကို ထပ်တူပြု၍ ကျွန်တော် စဉ်စာမိပြန်ပါသည်။ တရားသဘောမှာ တူနေပါသည်။ တမလွန်နှင့် မျက်မှောက်ကာလကတော့ ကွာခြားနေပြန်ပါသည်။ ၃၁ ဘုံမှ ဘုံ ၂၀ ကိုတော့ တွေ့ပါပြီ။ ကာမာဝစရ ကုသိုလ်နှင့် နေသူကိုလည်း “လူ” ဟူ၍ ခေါ်ဆိုပြီး “လူ့ဘုံ” ဟု သတ်မှတ်၍ ရမည်ထင်ပါသည်။
        တစ်ဆင့်တက်၍ ကျွန်တော် ဆက်၍ စဉ်းစားမိပါသည်။
ရူပါရုံကို မိုးမမြင်၊ လေမမြင် အလွန်အကြူးခံစား၍ နေ၏။ ရတနာသုံးပါးကို သတိမရ။ ကာမာဝစရကုသိုလ်ကို မပြု။ အမှတ် ၁ နတ်လောက ဖြစ်၏။
သဒ္ဒါရုံကို မိုးမမြင်၊ လေမမြင် အလွန်အကြူးခံစားနေ၏။ ရတနာသုံးပါးကို သတိမရ။ ကာမာဝစရကုသိုလ်ကို မပြု။ အမှတ် ၂ နတ်လောက ဖြစ်၏။
ဂန္ဓာရုံ မိုးမမြင်၊ လေမမြင် အလွန်အကြူးခံစားနေ၏။ ရတနာသုံးပါးကို သတိမရ။ ကာမာဝစရကုသိုလ်ကို မပြု။ အမှတ် ၃ နတ်လောက ဖြစ်၏။
ရသာရုံ မိုးမမြင်၊ လေမမြင် အလွန်အကြူးခံစားနေ၏။ ရတနာသုံးပါးကို သတိမရ။ ကာမာဝစရကုသိုလ်ကို မပြု။ အမှတ် ၄ နတ်လောက ဖြစ်၏။
ဖောဋ္ဌဗ္ဗာရုံ မိုးမမြင်၊ လေမမြင် အလွန်အကြူးခံစားနေ၏။ ရတနာသုံးပါးကို သတိမရ။ ကာမာဝစရကုသိုလ်ကို မပြု။ အမှတ် ၅ နတ်လောက ဖြစ်၏။
ဓမ္မာရုံ မိုးမမြင်၊ လေမမြင် အလွန်အကြူးခံစားနေ၏။ ရတနာသုံးပါးကို သတိမရ။ ကာမာဝစရကုသိုလ်ကို မပြု။ အမှတ် ၆ နတ်လောက ဖြစ်၏။
        နတ်ပြည် ၆ ထပ်ကို ကျွန်တော် ရှာဖွေ၍ တွေ့ပါပြီ။ နတ်ပြည်မှ နတ်သား၊ နတ်သမီးများသည် ကာမဂုဏ် အာရုံများတွင် နစ်မျောနေပြီး ကုသိုလ်ပြုရမည်ကို သတိမရကြသည့်အတွက် နိဗ္ဗာန်သို့ မရောက်နိုင်ကြပါ။ ငြိမ်းအေးမှုကို မရနိုင်ကြပါ။ စာပေများတွင် ကျွန်တော် ဖတ်ဖူး၊ လေ့လာဖူးပါသည်။
        ကျန်ရှိနေသော ၄ ဘုံကို အထူးရှာဖွေရန် မလိုပါ။ ကျွန်တော်တို့၏ မျက်မှောက်တွင် အစဉ်မပြတ် တွေ့နေ၊ မြင်နေ၊ ကြုံနေရပါသည်။
        ငတ်ပြတ်၍ တောင်းစားနေသူများ၊ အမှိုက်ပုံများတွင် ရှာဖွေကောက်စားနေသူများသည် ပြိတ္တာဟု ဆိုအပ်သော သူများဖြစ်ရပါမည်။ လောဘ၊ ဒေါသ၊ မောဟတရားများ ဖုံးလွှမ်းလျက် ကိုယ်ချင်းစာနာစိတ် မရှိပဲ ရှာဖွေစုဆောင်းထားသမျှသော ပစ္စည်းဥစ္စာများကို မပေးရက်၊ မလှူရက်၊ မစားရက်၊ မသောက်ရက်နှင့် နောက်ဆုံး ဆေးကုသမှုပင် မခံယူတော့ပဲ အသေခံသွားသူ အသူရကာယ် များကိုလည်း မတွေ့ချင်၊ မမြင်ချင် အဆုံးပင် ဖြစ်သည်။ အိပ်-စား-ကာမ ဤသုံးဝနှင့် တိရစ္ဆာန်လို နေသူများလည်း မရှားပေ။ ပေတ၀တ္ထုမှ (နေ့စံ-ညခံ၊ ညခံ-နေ့စံ) ငရဲများကို ကျွန်တော်တို့တစ်တွေ မခံရဖူးသူ မရှိသလောက် ရှားပါးပါသည်။
        ၃၁ ဘုံကို ရှာဖွေတွေ့ရှိပါပြီ။
        သေရရင်လည်း သေပျော်ပါပြီ။ မသေရသေး၍ လူ့ဘ၀တွင် (၃၁ ဘုံတွင်) နေရသေးလျှင်လည်း ကာမာဝရ ကုသိုလ်၊ ရူပါဝစရ ကုသိုလ်၊ အရူပါဝစရ ကုသိုလ်တို့ကို ပွားများ၍ နေရသော် နေရကျိုးနပ်ပြီဟု ဆိုနိုင်ပါသည်။
        ကာမာဝစရ ကုသိုလ်၊ ရူပ၀စရ ကုသိုလ်၊ အရူပ၀စရ ကုသိုလ်တို့မှ တစ်ဆင့်တက်သော် လောကုတ္တရာ ကုသိုလ်ဟု ဆိုအပ်သော သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်နှင့် အရဟတ္တမဂ်နှင့် အရဟတ္တဖိုလ်အထိ ဆိုက်ရောက်နိုင်ကြောင်းကိုလည်း ဓမ္မသင်္ဂဏီကျမ်း (ပါဒ ၂၇၇ မှ ၃၆၄) တွင် ဖော်ပြထားသည်ကို ဖတ်ရှု မှတ်သားရပါသည်။
        ၃၁ ဘုံတွင် ကျင်လည်ကြကုန်သော သတ္တ၀ါ (လူသား) တို့သည် အမြင့်ဆုံး အရူပဘုံသို့ ရရှိ၍ ဈာန် ခံစား စံစား နေရသော်လည်း (ဗြဟ္မာ့ပြည် တ၀င်းဝင်း၊ ၀က်စားကျင်း တရှုပ်ရှုပ်) မတည်မြဲနိုင်ပါ။ လောကုတ္တရာကုသိုလ် အဆင့်သို့ ရောက်မှသာ ထာဝရ ငြိမ်းအေးမှု (နိဗ္ဗာန်) ကို ရရှိနိုင် မျက်မှောက်ပြုနိုင်ကြောင်းကိုလည်း လေ့လာမိပါသည်။ နိဗ္ဗာန်သို့ မရောက်ရှိမီ ၃၁ ဘုံတွင် ကျေနပ်ပါက လောဘကြောင့် ဖြစ်သော အကုသိုလ် ၈ ပါး၊ ဒေသကြောင့်ဖြစ်သော အကုသိုလ် ၂ ပါး၊ မောဟကြောင့် ဖြစ်သော အကုသိုလ် ၂ ပါး၊ စုစုပေါင်း အကုသိုလ် ၁၂ ပါးတို့နှင့် ထိခိုက်မှုကြောင့် ဆင်းရဲတစ်ဖန် ဖြစ်ရပြန်ကြောင်းကို ဓမ္မသင်္ဂဏီကျမ်း (ပါဒ ၃၆၅ မှ ၄၃၀) တွင် အသေးစိတ် ရှင်းလင်း ဖော်ပြထားပါသည်။
       ဒေါက်တာ သန်းထွန်း၊ ဆရာညိုသောင်းနှင့် ဆရာဦးတင်လှိုင်တို့ကို အထူးပင် ကျေးဇူးတင်ပါသည်။
       ဓမ္မသင်္ဂဏီကျမ်းမြတ်ကို ပါဠိဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုပေးကြသော ရဟန်းပညာရှိ၊ လူပညာရှိများကို ပူဇော်ကန်တော့ပါသည်။
      မြတ်စွာဘုရားသခင်အား စိတ်မှာ ရိုကျိုး၊ လက်အုပ်မိုး၍ ရှိခိုးပူဇော် ကန်တော့ပါသည်။
စိန်တလုံး
စာရေးဆရာ စိန်တလုံး၏ ၂၀၁၁ ဇွန်လထုတ်၊ အတွေးအမြင် စာအုပ် အမှတ်(၂၃၁) ပါ ဆောင်းပါးအတိုင်း တင်ပြခြင်းဖြစ်ပါသည်။
No comments:
Post a Comment