"Right and Wrong"!
...................
ဇင်ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ - ဘန်ခေ့ (Bankei) ဆိုတဲ့ ဇင်ဆရာတော် တစ်ပါး ရှိတယ်။ အစကတော့ ကမ္မဋ္ဌာန်းတရား ပွားများရင်း တစ်ပါးတည်း သီတင်းသုံးနေတာ သက်သက်ရယ်။ သူ့ရဲ့ ဉာဏ်ပညာ ဂုဏ်သတင်းကြောင့် အနယ်နယ် အရပ်ရပ်က တပည့်တပန်းအဖြစ်နဲ့ အများအပြား လာရောက်ခိုလှုံ ကြတယ်။
တစ်နေ့ အဲ့ တပည့်တွေ ထဲက တစ်ယောက် ဟာ ပစ္စည်းခိုးပါရော။ ဒါကို အခြား တပည့်ကျောင်းသားတွေက မိတယ်။ အဲ့ ခိုးသားတပည့်ကို ဆရာတော်ဆီ ဖမ်းခေါ်လာတယ်။ အဓိကက ဇင်ဆရာတော် ဘန်ခေ့ အနေနဲ့ ဒီခိုးသားတပည့်ကို ကျောင်းကနေ ထုတ်ပယ် လိုက်ဖို့၊ အမိန့်ချ အပြစ်ပေး လိုက်ဖို့ပဲ။ ဒါပေမယ့် ဘန်ခေ့က လျစ်လျှူရှုလိုက်တယ်။ အရေးမယူဘူး။ ပ-လပ် လိုက်သတဲ့။
နောင် အချိန်အတန်ကြာ၊ အဲ့တပည့်ဟာ ထပ်ခိုးပြန်တယ်။ ဒီလိုပဲ ထပ်မိတယ်။ ဒီတစ်ခါမှာလည်း ဆရာတော် ဘန်ခေ့ဟာ အဲ့ခိုးသားတပည့်ကို လျစ်လျူရှုလိုက် ပြန်သေးတယ်။
ပထမတစ်ခါ ဖမ်းတော့လည်း လွှတ်ပေးတယ် - ဒုတိယတစ်ခါ ဖမ်းတော့လည်း လွှတ်ပေးတယ် - ဆိုတော့ - သူခိုးဖမ်းပေးရတဲ့ ကျောင်းသားတွေ ဟာ နည်းနည်း စိတ်ညိုညင်လာကြတယ်။ ဖမ်း၊ ဖမ်းပြီးသာ လာပို့နေရပေမယ့် - ဆရာတော့်က အရေးမယူတော့ ဘာလုပ်ရမလဲ။ အမှန်အမှား တရားသဖြင့် ဒါလေးမှ မဆုံးဖြတ်ပေးနိုင်ရင်၊ အပြစ်ဒဏ် မပေးနိုင်ဘူးရင် သူတို့ ဘာလို့ ဖမ်းနေစရာ လိုသေးလဲ။ ဒီအတွေးတွေနဲ့ ဆရာတော်ကို လျောက်တယ်။ ဒီလိုသာ ဖြစ်နေရင် တပည့်တော်တို့ ထွက်သွားပါတော့မယ် - စသဖြင့်။
အဲ့အခါ - ဆရာတော်က -
"ငါ့သားတို့၊ မင်းတို့ဟာ အသိဉာဏ်ပညာ ရှိကြပါတယ်။ ဘယ်ဟာ အမှန်၊ ဘယ်ဟာ အမှား ခွဲခြားတတ်ကြတယ်။ ဒီလို ဉာဏ်ပညာ ပြည့်စုံပြီးသား မင်းတို့အနေနဲ့ ဆန္ဒရှိလို့ ထွက်သွားပါမယ် ဆိုလည်း သွားနိုင်ပါတယ်။ ငါ ခွင့်ပြုတယ်။ ဒါပေမယ့် ....
(ခိုးသားတပည့်ဘက်ကို ညွှန်ရင်း)
"မင်းတို့ရဲ့ ညီငယ် ဒီသူငယ်လေး ကတော့ ဘယ်ဟာ အမှန်၊ ဘယ်ဟာ အမှားလို့ သူ ခွဲခြား မသိသေးဘူး။ သူ - မင်းတို့လို ကောင်းကောင်း မသင်ယူနိုင်သေးဘူး။ ဒါနဲ့ပဲ - အမှန်အမှား မခွဲခြားနိုင်သေးတဲ့ သူ့ကို၊ ဉာဏ်ပညာ နည်းပါးသေးတဲ့ သူ့ကို - ဉာဏ်ရှိပြီးသားပါလို့ ဆိုတဲ့ မင်းတို့တွေက နှင်ထုတ်ချင်ကြသတဲ့လား။ မေတ္တာ မဲ့ကြမှာတဲ့လား။ ကရုဏာ တရား မထားနိုင်တော့ဘူး တဲ့လား။ သူ့ကို ထုတ်လိုက်တဲ့နောက်ရော - မင်းတို့ညီငယ် ဒီသူငယ်လေးဟာ မင်းတို့ ဖြစ်စေချင်တဲ့ အတိုင်း အမှန်အမှား သိသွားမှာတဲ့လား။
"ကောင်းပြီ။ သွားချင်လှပါတယ် ဆိုတဲ့ မင်းတို့ အားလုံး သွားနိုင်ပါတယ်။ ဒီသူငယ်ကိုတော့ သူ သိမြင်တဲ့ အထိ၊ သူအမှန်အမှား ခွဲခြားနိုင်တဲ့ အထိ ငါ တစ်ဦးတည်း သင်ကြားနေမှာပဲ။ ငါ့အနား ရှိနေဖို့ ငါခွင့်ပြုထားဦးမှာပဲ။"
ဆရာတော်ရဲ့ မြွက်ကြားစကား၊ ဆရာတော်ရဲ့ ကရုဏာစိတ်ထားကို ကြားတဲ့အခါ - ခိုးသားတပည့်ဖြစ်သူ ရဲ့ မျက်ဝန်းမှာ မျက်ရည်တွေ ပြည့်လျှမ်းလာခဲ့တယ်။ မိမိရဲ့ အပြစ်၊ မိမိရဲ့ လုပ်ရပ် အပေါ် လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းလာတယ်။ အဲ့အချိန်က စပြီး သူ့ရဲ့ ခိုးတတ်တဲ့ အကျင့်ဆိုး လည်း လုံးဝ ကွယ်ပျောက်သွားတော့တယ်။
.............................
Read on Zen Stories.
With My beloved Ma, Lin Lin Latt.
..............................
May 29th 2013 at 4:00 PM
No comments:
Post a Comment