တွေးမိသမျှ ဗြုပ်စဗျင်းတောင်း (၆)
▬▬▬▬▬▬▬▬▬▬▬▬▬
တနေ့မှာ နုညက်ဇ်ဆိုတဲ့ လူငယ် တောင်တက်သမား တယောက်ဟာ တောင်တက်ခရီးတွေသွားရင်းနဲ့ အီကွေဒေါမှာ ရှိတဲ့ တောင်တခုကိုတက်ရာ တောင်ပေါ်ကနေ ပြုတ်ကျပြီး တောင်ကြားတခုကို ရောက်သွားတယ် ။ ကံကောင်းလို့ အသက်မသေပေမဲ့ သူဟာ
အပြန်လမ်းအတွက်တော့ ရှာမတွေ.အောင်ဖြစ်နေတုန်း ရွာတရွာကို ရှာဖွေတွေ.ရှိခဲ့တယ် ။
ရွာရဲ့ ဖွဲ.စည်းထားတဲ့ ပုံစံဟာ သူ့အတွက် အလွန်ထူးဆန်းနေတယ် ။ အိမ်တွေမှာ ပြူတင်းပေါက်တွေ မရှိဘူး ။ လမ်းတွေဟာလည်း ကွန်ယက်ပုံစံဖွဲ.စည်းထားပြီး ဘောင်တွေနဲ့ ကာထားတယ် ။
ရွာသားတွေဟာ နယ်ချဲ.စပိန်တွေရဲ့ရန်က လွတ်မြောက်ရာ ထွက်ပြေးရာက လူသူအလွန်ဝေးတဲ့ တောင်ကြားမှာ လာရောက်နေထိုင်ကြရင်း ရောဂါကပ်ဆိုးကြီးတခု ဆိုက်ရောက်ရာ နေမျက်စိကွယ်ကုန်ကြတဲ့ အပြင် သူတို့ မွေးဖွားလာတဲ့ ကလေးငယ်တွေက အစ
အကန်းလေးတွေပဲ မွေးဖွားလာကြတော့တယ် ။ ဒီလိုနဲ့ နှစ်တွေကြာလာတော့ ရွာသားတွေဟာ အမြင်အာရုံနဲ့ ပတ်သက်လို့ ဘာမှ မသိကြတော့ဘူး ။
နူးညှက်ဇ်ဟာ ရွာသားတွေ အားလုံးဟာ မျက်ကန်းတွေဖြစ်နေတာကို ထူးဆန်းစွာ တွေ.လိုက်ရတယ် ။ မျက်ကန်းတွေကြားမှာ တဖက်လှဟာ ဘုရင်ပဲ ဆိုတဲ့ စကားကို သတိရလိုက်တယ် ။ ဒါနဲ့ သူဟာ အကြံကြီးပြီး မျက်ကန်းရွာသားတွေကို ဘုရင်လုပ်ဖို့
ကြံစည်တော့တယ် ။ ဒီလိုနဲ့ သူဟာ ရွာသားတွေကို မိတ်ဖွဲ.တယ် ပြီးတော့ သဘာဝလောကကြီးဟာ ဘယ်လိုလှပကြောင်း အမြင်အာရုံဟာ လူတယောက်အတွက် ဘယ်လို အရေးကြီးကြောင်းကို စတင် ဟောပြောတော့တယ် ။ နူးညှက်ဇ်ဟာ အမြင်အာရုံနဲ့ ပတ်သက်လို့
ဘာမှ မသိတဲ့ ရွာသားတွေကို ဘယ်လိုမှ စည်းရုံးလို့မရခဲ့ဘူး ။ ရွာသားတွေကို စည်းရုံးလို့ မအောင်မြင်မှုအပေါ် ဒေါသထွက် မကျေနပ်ပေမဲ့လည်း အိမ်အပြန်လမ်းအတွက်ကလည်း မသေချာတော့ သူဟာ စိတ်လျှော့လိုက်ပြီး ရွာသားတွေနဲ့ အတူနေဖို့
ဆုံးဖြတ်ချက်ချလိုက်တယ် ။
နူးညှက်ဇ်ဟာ ရာကော့ဗ်ဆိုတဲ့ ရွာသား တယောက်ထံမှာ အလုပ်လုပ်ခွင့်ရခဲ့တယ် ။ ဒီလို အလုပ်လုပ်ရင်းနဲ့ သူဟာ အလုပ်ရှင်ရဲ့ သမီးလေးကို ချစ်မိသွားတယ် ။ တနေ့တော့ သူတို့နှစ်ဦးလည်း ချစ်သူဘဝကိုရောက်သွားကြတယ် ။ နူးညှက်ဇ်ဟာ သူရဲ့ ဘုရင်ဖြစ်လိုတဲ့
အကြံအစီကိုလက်မလျှော့ဘဲ သူ့ချစ်သူကောင်မလေးကို အမြင်အာရုံရဲ့ အကျိုးကျေးဇူးတွေကို ရှင်းပြတယ် ။ ဒါပေမဲ့ ချစ်သူကောင်မလေးကတော့ သူ့ရဲ့စကားတွေဟာ စိတ်ကူယဉ်အိမ်မက်တွေပဲလို့ ထင်ပြီး သူပြောတာတွေကို လက်မခံခဲ့ဘူး ။
ဒီလိုနဲ့ နူးညှက်ဇ်ဟာ အလုပ်ရှင်ရဲ့ သမီးကို လက်ထပ်ခွင့်တောင်းတယ် ။ ရွာရဲ့ ဓလေ့ထုံးစံ အရ ရွာသူကြီးထံ ပြောပြပြီး လက်ထပ်ခွင့်ယူရတယ် ။ ဒီတော့ ရွာသူကြီးက လက်မထပ်ခင် နူးညှက်ရဲ့ အမြင်အာရုံနဲ့ ပတ်သက်လို့ ဖြစ်နေတဲ့ စိတ္တဇရောဂါကို ကုသရမယ်လို့
ဆုံးဖြတ်တယ် ။
ရွာမှာ ရှိတဲ့ သမားတော်ကို နူးညှက်ဇ်ရဲ့ရောဂါကို ပြကြတော့ ၊ သမားတော်က နူးညှက်ဟာ အမြင်အာရုံနဲ့ ပတ်သက်ပြီး စိတ္တဇ ဖြစ်နေခြင်းကြောင့် သူ့ရဲ့ မျက်လုံးတွေကို ဖေါက်ထုတ်ပြစ်ရမယ်လို့ ဆုံးဖြတ်ချက်ချတယ် ။ နူးညှက်ဇ်လည်း ကောင်မလေးကို လက်ထက်ချင်တဲ့
အချစ်စိတ်မွှန်နေတော့ မျက်လုံးတွေကို ဖေါက်ထုတ်ပြစ်ဖို့ သဘောတူလိုက်တယ် ။ သို့သော် သူ့အနေနဲ့ တသက်လုံး အမြင်အာရုံ ချို.တဲ့နေတဲ့ ဘဝကို ရင်ဆိုင်ဖို့သတ္တိမရှိဘူး ။ ဒီလိုနဲ့ မျက်လုံးဖေါက်ထုတ်မဲ့နေ့ နံနက်မှာ ရွာသားတွေ အိပ်နေတုန်း နူးညှက်ဇ်ဟာ ရွာကနေ
ထွက်ပြေးခဲ့တယ် ။
နူးညှက်ဇ်တယောက် မျက်ကန်းတွေရဲ့ ဘုရင်ဖြစ်ချင်စိတ်ကို စွန့်လွတ်ပြီး မျက်ကန်းတို့ရဲ့ ရွာကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တယ် ။
ဝတ္ထုတိုလေးကတော့ ဒီလောက်ပါပဲ ၊
၁၉၁၁ ခုနှစ် ဂျီအိပ်ခ်ျ ဝဲလ် ရေးခဲ့တဲ့ အကန်းတို့ရဲ့ ကမ္ဘာဆိုတဲ့ ဝတ္ထုတို လေးပဲဖြစ်ပါတယ် ။ သူက လူတွေကို သရော်ချင်လို့ ရေးခဲ့တဲ့ ဝတ္ထုတပုတ်ဖြစ်ပြီး ယနေ့ အချိန်ထိ နာမည်ကြီး ဝတ္ထုတပုတ် အဖြစ် ထင်ရှားနေဆဲဖြစ်တယ် ။
ဒီဝတ္ထုက ကျွန်တော့ ကို အတွေးတွေ အများကြီးပေးခဲ့တယ် ။
ဘဝမှာ ဖြစ်ပျက်နေတဲ့ အရာတော်တော်များများကို ကြုံရတိုင်း ဒီဝတ္ထုလေးကို ကျွန်တော် သတိရမိတယ် ။
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း ဒီလို အကန်းကမ္ဘာ ပတ်ဝန်းကျင်တွေနဲ့ ပြည့်နေတတ်ပါတယ် ။ ကိုယ်နဲ့ အယူအဆ လုံးဝမတူတဲ့ ပတ်ဝန်းကျင် ၊ ကိုယ်နဲ့ အယူအဆတူတဲ့ ပတ်ဝန်းကျင်မှာရောက်ပြန်တော့လည်း ကိုယ့်ပတ်ဝန်းကျင်က အခြားသူတွေကို အကျိုးမဖြစ် ၊
ကျွန်တော်တို့ဟာ တခါတရံ ကိုယ်တိုင်က အကန်း ၊ တခါတရံကိုယ်က တောင်တက်သမားလို သူတို့ရဲ့ဆန့်ကျင်ဘက် မှာဖြစ်နေတတ်တယ် ။
ကိုယ်ဆုပ်ကိုင်မိတဲ့ အမှန်တရားလို့ ကျွန်တော်တို့သတ်မှတ်ထားတဲ့ အရာတွေဟာ ပတ်ဝန်ကျင်နဲ့ သဟဇာတ မဖြစ်တဲ့အခါ ရွေးချယ်စရာက လူတွေကို အမြင်အာရုံ ကောင်းကြောင်းတွေကို နားလည်သည် အထိ ရှင်းပြမလား၊ သူတို့နဲ့ တန်းတူသွားအောင် ကိုယ့်ရဲ့
မျက်လုံးတွေကို ဖာက်ထုတ်ပြစ်လိုက်ရမလား ၊ ဒါမှ မဟုတ် သူတို့နဲ့ ဝေးရာကို ပြေးမလား ဆိုတာပဲ ။
ကျွန်တော်တို့လည်း ဒီဝတ္ထုလေးထဲကလိုပဲ မကြာမကြာ အကန်းကမ္ဘာကို ရောက်သွားတတ်ပါတယ် ။ ဒီဝတ္ထုတိုလေးက ယနေ့ လူ့အသိုင်းအဝိုင်းမျိုးစုံကို ကိုယ်စားပြုနေတယ်။
ပြီးတော့ တက္ကသိုလ် ကျောင်းသားဘဝက မှတ်သားဘူးတဲ့ စကားလေး တခွန်းကိုလည်း ပြန်ကြားယောင်မိတယ် ။
အဖိုးအို တဦးဟာ ရွာသားတွေနဲ့ အမြဲ အဆင်မပြေဘူး ၊ အများနဲ့ တယောက် ဘယ်သူကမှား ဘယ်သူကမှန်သလဲ ဆိုတာ အဖိုးအို ရဲ့ မြေးလေးက ကောက်ချက်ချတယ် ။
ငါ့အဖိုး နဲ့ တရွာလုံး မှာ ငါ့အဖိုးက မှန်တယ် တရွာလုံးမှားတယ် ။ အများနဲ့ တယောက် ၊ ဒီတရွာလုံးမှာ တယောက်တလေတောင်မှ ငါ့အဖိုးကို တည့်အောင် မပေါင်းနိုင်ကြဘူး ။
ငါ့အဖိုးက တယောက်ထဲ သမား လူအများကြီးကို ဘယ်လို တည့်အောင်ပေါင်းနိုင်မှာလည်း ။
တရွာလုံးနဲ့ တယောက်မှာ တရွာလုံး အမှား ၊ ငါ့အဖိုး အမှား မဟုတ်ဘူး ဟူသတည်း ။
ရဲသူရိန်မင်း
04.07.2013
No comments:
Post a Comment