ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Friday, February 22, 2013

နှောင်းနောင်တ


 ကျွန်တော့်အမေဟာ သူများတွေရဲ့ အမေနဲ့မတူဘူး။ သူ့မှာ မျက်လုံးတစ်ဘက်ဘဲရှိတယ်….
အတော်ကို ရုပ်ဆိုးပါတယ်… သိပ်ကိုရှက်ဖို့လည်းကောင်းတယ်။ ဈေးဆိုင်လေး ခပ်သေးသေး
၊ စုတ်ပြတ်ပြတ်လေးမှာ အမေက ဟင်းသီး ဟင်းရွက်လေးတွေ ရောင်းတယ်..    ဒီလို
ဆင်းဆင်းရဲရဲ ဈေးရောင်းနေတဲ့ အမေ့ကို ကြည့်ပြီး ကျွန်တော် ရှက်တယ်။
အမေ့ကြောင့် လူတွေက ကျွန်တော်တို့ကို အထင်သေး ကြတယ်။ ဈေးသည်မရဲ့သားလို့လည်း
ကျွန်တော့်ကို ကဲ့ရဲ့ကြတယ်။သူများအမေတွေလို ချမ်းသာအောင် ဘာလို့မလုပ်သလဲဆိုတာ
အမေ့ကို ကျွန်တော် နားမလည်နိုင်ပါဘူး။ ဒါကြောင့် အမေ့ကို ကျွန်တော်မချစ်ဘူး..
မုန်းတယ်။

 ဒီနေ့ ကျွန်တော်တို့ကျောင်းမှာ အားကစား ပြိုင်ပွဲတွေ လုပ်တော့
ကျောင်းအုပ်ချုပ်သူတွေက ကျောင်းသား မိဘတွေကို ဖိတ်တယ်လေ။ ကျွန်တော်က အမေ့ကို
မလာစေချင်ဘူး။ အမေလာရင် ကျွန်တော် အရှက်ကွဲမယ်ဆိုတာ သိနေတယ်။ ဒါကြောင့်
အမေမလာပါစေနဲ့လို့ စိတ်ထဲက အခါခါ ဆုတောင်းမိတယ်။ ဒါပေမဲ့ ကျွန်တော်
ဆုတောင်းမပြည့်ပါဘူး။ အမေ  ကျောင်းကို ရောက်လာခဲ့တယ်။ ကျွန်တော် ဒေါသတွေ
အလိပ်လိုက်ထွက်မိတယ်။ အမေ ဘယ်လိုများ လုပ်လိုက်တာလဲ ..  လူတွေကြားမှာ
ကျွန်တော့်ကို သက်သက် အရှက် လာခွဲတာနဲ့ အတူတူဘဲ။ ရှက်စရာ ကောင်းလိုက်တာ..
အခုတော့ ကျွန်တော့်အမေဟာ ရုပ်ဆိုးဆိုးနဲ့ မျက်လုံးတစ်ဖက်ထဲ ရှိတဲ့သူဆိုတာ
ကျောင်းက သူငယ်ချင်းတွေ အကုန် သိကုန်ပြီ…သူငယ်ချင်းတွေ ကျွန်တော့်ကို
လှောင်သလိုလိုနဲ့ ဝိုင်းကြည့်တဲ့အခါ ကျွန်တော် မခံနိုင်တော့ဘူး ကျွန်တော်
အမေ့ကို ခါးခါးသီးသီး ကြည့်လိုက်မိတယ်။ ပြီးတော့ ကျောင်းထဲကနေ
ပြေးထွက်ခဲ့မိတော့တယ်။


 နောက်တစ်နေ့ ကျောင်းတက်တော့ အတန်းဖော်တွေက ကျွန်တော့ကို ၀ိုင်းပြီး စကြ
နောက်ကြတယ်။ "မင်းအမေက မျက်လုံး တစ်ဘက်တည်းရှိတယ်နော်၊ ရုပ်ကလည်းဆိုးလိုက်တာ "
တဲ့။ ဒီလိုပြောတာတွေ ကျွန်တော် မခံနိုင်ဘူး။ ဒေါသလဲထွက်၊ ရှက်လဲရှက်မိတယ်။
အမေ့ကို ကမ္ဘာမြေကြီးပေါ်ကနေ ပျောက်ကွယ် သွားပါစေလို့ကို ဆုတောင်းမိတယ်…
ကျွန်တော့်အမေက သူများအမေတွေလို ကြည့်ကောင်းတဲ့ရုပ်ရည်လဲ မရှိဘူး.. ပိုက်ဆံလဲ
မချမ်းသာဘူး..... မျက်လုံးတစ်ဖက်တည်းနဲ့ အတော့်ကိုကြည့်ရဆိုးတဲ့ ကျွန်တော်
အမေ့ကို အရမ်းမုန်းတယ်။ အိမ်ပြန်ရောက်တော့ ကျွန်တော် အမေ့အနားကိုသွားပြီး
အေးစက်မာကြောစွာနဲ့ မေးပစ်တယ်..


" အမေ.. အမေ့မျက်လုံးတစ်ဘက်က ဘယ်ရောက် သွားတာလဲ ..  အမေက သူများအမေတွေ လိုလဲ
မလှဘူး…. ရုပ်ကဆိုး. ဆင်းကလဲ ဆင်းရဲသေးတယ်…..အမေဟာ ကျွန်တော့ကို
အရှက်ခွဲဖို့သက်သက်များ အသက်ရှင်နေတာလား…  အမေဘာကြောင့် မြန်မြန်မသေတာလဲ"

အမေက ဘာမှကို ပြန်မပြောရှာပါဘူး။   ၀မ်းနည်းကြေကွဲနေတဲ့ မျက်နှာလေးနဲ့ တိတ်တိတ်
ဆိတ်ဆိတ်ဘဲ  လုပ်စရာရှိတာကို လုပ်နေခဲ့တယ်။ ကျွန်တော် အမေ့ကို အဲလို
ပြောလိုက်မိလို့ နည်းနည်းတော့ စိတ်မကောင်း ဖြစ်သွားမိတယ်… ဒီစကားက သိပ်ကို
ရက်စက်လွန်းရာကျသွားမယ်ဆိုတာ ကျွန်တော်သိပါတယ်..  ဒါပေမဲ့ တစ်ချိန်တည်းမှာဘဲ
အဲဒီလို ပြောလိုက်ရတာကိုလည်း ကျေနပ် သွားမိတယ်။ ကျွန်တော် တစ်ချိန်လုံး အမေ့ကို
အဲဒီစကားတွေ ပြောချင်နေခဲ့တာလေ။

အဲဒီည….      ကျွန်တော် တစ်ရေးနိုးလားတော့ ရေဆာတာနဲ့ ရေသောက်ဖို့ ထမင်းစား
ခန်းထဲကို  အသွား အခန်းထောင့်ကလေးမှာ ကုတ်ကုတ်လေးထိုင်ပြီး တိတ်တိတ်လေး
ငိုကြွေးနေတဲ့ အမေ့ကို ကျွန်တော် တွေ့လိုက်တယ်..   ကျွန်တော်
နိုးသွားမှာစိုးလို့ အသံမထွက်ရှာဘဲ တိုးတိုးလေး  ငိုနေတဲ့ အမေ။        အမေ့ကို
ကျွန်တော် တစ်ချက်ကြည့်ပြီး ထမင်းစားခန်းကနေ အမြန်ဆုံး ပြန်ထွက်လာခဲ့တယ်။ တကယ်တော့
နေ့လည်က အမေ့ကို ကျွန်တော်ပြောလိုက်မိတဲ့စကာြးေ
ကာင့် ကျွန်တော် ကိုယ်တိုင်လည်း
အသည်းနှလုံးထောင့် တစ်နေရာမှာလဲ တဆစ်ဆစ်နဲ့ ကိုက်ခဲ နေသလိုပါဘဲ။ ဒါပေမဲ့
အရုပ်ဆိုးလှတဲ့  မျက်လုံး တစ်ဖက်တည်းနဲ့ ငိုနေတဲ့အမေ့ကို ကျွန်တော် မုန်းတယ်။

ဒီတော့….  ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်မိတယ်….

*"ခုချိန်ကစပြီး ငါ့ခြေထောက်ပေါ်  ငါ ရပ်တည် နိုင်အောင် ကြိုးစား တော့မယ်…
ငါ့ဘ၀ကို အောင်မြင်အောင်လုပ်မယ်..ငါအမေ့ကို မုန်းတယ်..ပြီးတော့ ဒီ
စုတ်ပြတ်ဆိုးဝါး လှတဲ့ ဆင်းရဲခြင်းကို ငါမုန်းတယ်။ ဒီကနေ ငါ လွတ်အောင်
ရုန်းမယ်။   အမေ့ဆီကနေ…..  ပြီးတော့ ဆင်းရဲခြင်းဆီကနေ ငါ ရုန်းထွက်တော့မယ်။ "*

**
ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့အတူ အမေ့အိမ်ကနေ ထွက်လာပြီး ဆိုလ်းမြို့မှာ
ကျွန်တော် ပြင်းပြင်းထန်ထန် ကြိုးစားတယ်.. ကျွန်တော့်ဘ၀အတွက်၊
ရှေ့ခြေလှမ်းတွေအတွက်၊ ရည်မှန်းချက် အပြည့်နဲ့ပေါ့။ အထက်တန်းအောင်တော့
ဆိုလ်း တက္ကသိုလ်ကြီးမှာ ပညာသင်ခွင့် ရတယ်. ကျွန်တော် ကိုယ့်ကိုယ်ကို
ယုံကြည်ချက်တွေ ပိုပြီး ပြင်းထန် လာတယ်၊  ခိုင်မာလာတယ်။ ကျောင်းပြီးတော့
လှပချောမောတဲ့ အမျိုးသမီးလေးတစ်ယောက်နဲ့ ကျွန်တော် အိမ်ထောင်ပြုတယ်။
စီးပွားရေးလဲ အဆင်ပြေတော့ ကိုယ်ပိုင် အိမ်နဲ့ ဘာနဲ့ ဖြစ်လာတယ်။  သားသမီးတွေ
ရလာတယ်။   ခုတော့ ကျွန်တော့် ဘ၀မှာ  ပျော်ရွှင် သာယာတဲ့ အိမ်ထောင်နဲ့၊
အောင်မြင်တဲ့ လူတစ်ယောက်အဖြစ်  ရပ်တည်နေနိုင်ပြီ။  ဒီမှာနေရတာ ကျွန်တော်
သဘောကျတယ်။ ကျွန်တော်ဘ၀ရဲ့ အတိတ်၊ ရုပ်ဆိုးလှတဲ့ ကျွန်တော့်အမေအကြောင်း၊
ဆင်းရဲလွန်းတဲ့ ကျွန်တော့ငယ်ဘ၀  အဲဒါတွေကို သတိရစရာ ပြန်အမှတ်ရစရာ ဘာမှလဲ
မရှိတော့ဘူး။ အစဖော်ပေးမဲ့သူလည်း မရှိတော့ဘူး။ ကျွန်တော်ရဲ့ အတိတ်တွေ
အားလုံးကို မေ့ထားပြီး ခုလက်ရှိဘ၀မှာ ကျွန်တော် ပျော်နေပြီ။  ကျေနပ်နေပြီ။

ဒါပေမဲ့.. ဒါပေမဲ့ပေါ့.. ကျွန်တော် ဘ၀ကို အကျေနပ်ကြီး ကျေနပ်ပြီး
ပျော်ရွှင်နေတုန်းမှာ  လုံးဝ ဘယ်တုန်းကမှ မမျှော်လင့်ထားတဲ့ သူတစ်ယောက်
ကျွန်တော့်ရှေ့ကို ရောက်လာတယ်.. သူ့ကို ကျွန်တော် ရုတ်တရက်တော့ မမှတ်မိပါဘူး။
အတော်ကို အသက်ကြီးပြီး ပိန်ချုံးချိနဲ့နေတဲ့ အမျိုးသမီးတစ်ယောက်ပါ။
ဟောင်းနွမ်းဆွေးမြေ့နေတဲ့ အဝတ်အစားတွေက တော်တော်ကို နွမ်းရိလို့နေတယ်။ အဲဒီ
အဖွားကြီးကို ကျွန်တော် သေချာကြည့်လိုက်မိတော့

*"ဘုရားရေ..   အမေပါလား.."*
*အမေက ခုချိန်ထိ မျက်လုံးတစ်ဘက်ပျက်ကြီးနဲ့ရှိနေတုန်း။    ဘယ်လိုက ဘယ်လို
ကျွန်တော့ဆီရောက်လာတာလဲ။ ဆိုးလိုက်တာဗျာ*

**
ကောင်းကင်ကြီး တစ်ခုလုံး  ကျွန်တော့ရှေ့ကို ပြိုကျလာသလိုဘဲ….  အိမ်ရှေ့မှာ
ဆော့ကစားနေတဲ့ ကျွန်တော့သမီးလေးက မျက်လုံး တစ်ဖက်တည်းနဲ့ ရုပ်ဆိုးလှတဲ့ အမေ့ကို
မြင်တော့ လန့်အော်ပြီး အိမ်ထဲကို ပြေးဝင်သွားတယ်..  အိမ်ရှေ့မှာ ရပ်နေတဲ့
အမေ့ကိုတစ်လှည့်၊ လန့်ပြီး အိမ်ထဲပြေးဝင်သွားတဲ့ ကျွန်တော့်သမီးကို တစ်လှည့်
ကြည့်ရင်းနဲ့ ကျွန်တော့်ဒေါသတွေ ဒီရေလို တက်လာတယ်။

*"ခင်ဗျားဘယ်သူလဲ..  ဘာကြောင့် ဒီအိမ်ရှေ့မှာ လာရပ်နေတာလဲ။ ခင်ဗျားကို
ကျုပ်မသိပါလား ..  ကျုပ်သမီးလေး ခင်ဗျားရဲ့ ရုပ်ကြီးကို မြင်ပြီး လန့်သွားပြီ။
သွား…..   ခင်ဗျား ခုချက်ခြင်း ကျုပ်အိမ်ရှေ့က ထွက်သွား"*
*
*
ကျွန်တော် မသိဟန်ဆောင်ပြီး တကယ့်ကို  မမှတ်မိသလိုနဲ့ အမေ့ကို ပြောပစ်လိုက်တယ်..
အော်ငေါက်ပစ်လိုက်တယ်။

"အိုး ၀မ်းနည်းပါတယ်ရှင်…. ကျွန်မ အိမ်လိပ်စာမှားပြီး ၀င်လာမိတာပါ"…

အမေက တိုးတိုးတိတ်တိတ် တုန်ယင်နေတဲ့ လေသံလေးနဲ့ ပြန်ဖြေပြီး
ကျွန်တော့်မျက်စိရှေ့ကနေ တစ်ရွေ့ရွေ့နဲ့ ပျောက်ကွယ်သွားတယ်..
"တော်ပါသေးရဲ့..ဘုရား မ လို့..   အမေ ကျွန်တော့်ကို
မမှတ်မိဘူး..ကျွန်တော့်စိတ်တွေ အတော် သက်သာရာ ရသွားတယ်.. "   ကိုယ့်ကိုယ်ကို
ပြောမိတယ်.. "ငါနောက်ကို သတိထားစရာ မလိုတော့ဘူး…   ငါ့ဘ၀တစ်လျှောက်လုံး
ဒီအကြောင်းတွေ ထပ်ပေါ်လာတော့မှာ  မဟုတ်တော့ဘူး" အမေလှည့်မထွက်ခင်မှာ
မျက်လုံးထဲမှာ မျက်ရည်တွေ ရစ်ဝိုင်းနေတာကို သူတွေ့လိုက်မိသလိုလိုတော့ ရှိသား။
ဒါပေမဲ့ ကျွန်တော် အဲဒီအကြောင်းကို မစဉ်းစားချင်တော့ဘူး။ သာယာလှပ
အခြေကျနေပြီဖြစ်တဲ့ ကျွန်တော့်ဘဝထဲကို ဆင်းရဲပြီး ရုပ်ဆိုးလှတဲ့ အမေ့ကို
ခေါ်မသွင်းနိုင်တော့ဘူး။

တစ်နေ့ ကျွန်တော့်ဇာတိရွာကလေးက ငယ်ငယ်ကနေခဲ့တဲ့ကျောင်းကနေ ကျောင်းသားဟောင်းတွေ
ပြန်လည်တွေ့ဆုံပွဲ လုပ်မဲ့ ဖိတ်စာလေး ရောက်လာတယ်။ ကျွန်တော်ဒီမှာ ရှိနေတယ်ဆိုတာ
စီးပွားဖက်ဖြစ်နေတဲ့ ငယ်သူငယ်ချင်းဟောင်း တစ်ယောက်ကနေ သိသွားပြီး
ဖိတ်စာရောက်လာခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ အတိတ်အကြောင်းတွေ ပြန်လည် ခြေချမိမဲ့
အဲဒီနေရာကို ကျွန်တော်မသွားချင်ပါဘူး။ မသွားချင်ပေမဲ့ သူငယ်ချင်းမျက်နှာကြောင့်
ကျွန်တော် သွားရဦးမယ်။ ကျွန်တော့်မိန်းမကို အမှန်အတိုင်းမပြောဘဲ စီးပွားရေး
ကိစ္စနဲ့ ခရီးထွက်စရာ ရှိတယ်လို့ ကျွန်တော် လိမ်လိုက်တယ်။ ကျွန်တော့်ရဲ့
ဆင်းရဲတဲ့ငယ်ဘ၀အကြောင်း ကျွန်တော့်မိန်းမကို ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူးလေ။

မွေးရပ်မြေရောက်တော့ ကျွန်တော် တည်းခိုခန်းတစ်ခုမှာ တည်းပါတယ်။
ကျောင်းမှာပြုလုပ်တဲ့ တွေ့ဆုံပွဲပြီးတော့  ကျွန်တော် ငယ်ငယ်ကနေခဲ့တဲ့
အိမ်လေးကို သွားကြည့်ချင်စိတ်တွေ ပေါက်လာတယ်။ တကယ်တော့ အိမ်လို့သာ ခေါ်တာပါ..
အိမ်နဲ့တောင် မတူပါဘူး…  အမိုးအကာ မလုံတဲ့ တဲကုတ်လေးပါ…  စိတ်ထဲက ဘာရယ်မဟုတ်ဘဲ
စပ်စုချင်တဲ့စိတ်ကလေးနဲ့ အိမ်ကလေးက ဘယ်လိုများ ဖြစ်နေမှာပါလိမ့် လို့
တွေးမိပြီး ကြည့်ချင်တာနဲ့ ထွက်လာခဲ့တာပါ။ ကျွန်တော်ရောက်သွားတော့ အိမ်တံခါးက
သော့မခတ်ထားပါဘူး။ ကျွန်တော် တံခါးကို အသာတွန်းဖွင့်လိုက်တော့ တံခါးက
ပွင့်သွားခဲ့တယ်။ အဲ.. အဲဒီမှာ အဖွားအိုတစ်ယောက် အေးစက်စိုစွတ်နေတဲ့
မြေပြင်ပေါ်မှာ လဲကျနေတာ တွေ့လိုက်ရတယ်။   ဘယ်သူများဖြစ်မလဲ.
ကျွန်တော့်အမေဘဲပေါ့။ ဒါပေမဲ့ ကျွန်တော် မျက်ရည်ကျဖို့ မပြောနဲ့   ၀မ်းနည်းတဲ့
စိတ် နည်းနည်း လေးတောင်  မဖြစ်မိဘူး။ အမေမှန်းသိလိုက်ရလို့ အနားကို တိုးကပ်ပြီး
ငုံ့ကြည့်လိုက်တော့ အမေ့လက်ထဲမှာ စာရွက်ပိုင်းလေးတစ်ခု ဆုပ်ကိုင်ထားတာကို
တွေ့ရတယ်…  ဘာများဖြစ်မလဲလို့ ကျွန်တော်ယူကြည့်မိလိုက်တော့ အမေရဲ့ မပီမသ၊ မလှမပ
ပဲပင်ပေါက်လို လက်ရေး လေးတွေနဲ့ ရေးထားတဲ့ စာလေးတစ်စောင်..

*အမေချစ်တဲ့ သားလေးရေ…*

**
*အမေ မကျန်းမမာ ဖြစ်နေတာကြာပါပြီ။   အမေမသေခင် သားလေးဖတ်ဖို့ ဒီစာလေး
ရေးထားခဲ့ချင်လို့ပါ… အမေ နေရတော့မယ် မထင် ပါဘူးကွယ် ….
သားလေးရှိတဲ့ဆိုလ်းကိုလဲ နောက်တစ်ကြိမ် ဘယ်တော့မှ အမေရောက်နိုင်တော့မှာ
မဟုတ်ပါဘူး။   အမေ့ဆီ တစ်ခေါက်လောက် သားလေးကို လာလည် စေချင်လိုက်တာကွယ်။ အမေလေ
သားလေးကို အရမ်းလွမ်းလို့ပါ၊ တွေ့ချင်လွန်းလို့ပါ၊  ကျောင်းသား ဟောင်းတွေ
ပြန်လည်တွေ့ဆုံပွဲကို သားလေးလာမယ်ဆိုတာ သတင်းကြားမိတော့ အမေ ၀မ်းသာ လိုက်တာ..
ဒါပေမဲ့ သားလေးရဲ့ကျောင်းကို အမေမလာဖို့ ဆုံးဖြတ် ထားပါတယ်…  အဲဒါက
ငါ့သားအတွက်ပါကွယ်။ အမေလာရင် သားလေး သိမ်ငယ်မှာ အမေသိပါတယ်။ အမေ့မှာက
မျက်စိတစ်ဖက်ထဲ ရှိတာကိုး။ ဒီအတွက်နဲ့  သားကို အရှက်ရစေတာ အမေ
ဝမ်းနည်းပါတယ်သားရယ်။*

**
*ဘာကြောင့် အမေ့မှာ မျက်လုံးတစ်ဖက်ထဲ ရှိတယ်ဆိုတာ
အမေပြောပြပါ့မယ်သားရယ်…  အမှန်တော့ သားငယ်ငယ်တုန်းက  ဆော့ကစားရင်း
မတော်တဆဖြစ်ပြီး မျက်စိတစ်ဖက် ပျက်စီး သွားခဲ့တယ်။ မိခင် တစ်ယောက် အနေနဲ့
မျက်စိတစ်ဖက် မရှိတော့တဲ့ သားကို ဘယ်လိုလုပ် ကြည့်ရက်နိုင်ပါ့မလဲကွယ်။
သားကြီးလာရင် မျက်စိတစ်ဖက်တည်းနဲ့ လူတွေကြားမှာ ဘယ်လိုများ နေမလဲလို့
အမေတွေးကြည့်တိုင်း စိတ်ဆင်းရဲမိတယ်။ ယူကျုံးမရ ဖြစ်ရတယ်။ ကြီးလာရင် ငါ့သားလေး
ရှက်တော့မယ်ဆိုတာ အမေသိတယ်။ အမေက  အသက်ကြီးပြီ။  သားက လူ့ဘ၀ကို အရှည်ကြီး
လျှောက်လှမ်းရဦးမှာလေ…  ဒါကြောင့် အမေ့ရဲ့မျက်စိတစ်ဖက် သားကို ပေးလိုက်တာပါ။ *
*
*
*ငါ့သားလေး လောကကြီးကို အမေ့ရဲ့မျက်လုံးနဲ့ ကောင်းကောင်းမွန်မွန်
ပြန်မြင်လာနိုင်တဲ့ အတွက် သားကို ကြည့်ပြီး  အမေ၀မ်းသာမိတယ်။ ကျေနပ်မိတယ်။
အမေ့မှာ မျက်လုံးတစ်ဖက် သားကိုပေးလိုက်ရပေမဲ့ အဲဒီအတွက် အမေဘယ်တော့မှ
စိတ်မကောင်း မဖြစ် ပါဘူး။ ၀မ်းလဲ မနည်းခဲ့ဘူး၊    ငယ်ငယ်က အမေ့ကို သားလေး
စိတ်ဆိုးခဲ့ဖူးတယ်။ စိတ်ဆိုးပြီး အမေ့ကို ပြောခဲ့၊ ဆိုခဲ့တာတွေ  အမေ သားကို
ဘယ်တော့မှ ဗွေမယူခဲ့ပါဘူး။ ငါ့သားလေးငါ့ကို ချစ်လို့ပြောတာဘဲလို့
အမေတွေးခဲ့ပါတယ်..  အမေသားကို ချစ်တယ် သားရယ်၊ သားဟာ အမေ့ရဲ့ ဘ၀ ၊ အမေရဲ့
ကမ္ဘာပါကွယ်။*

**
စာကို ကိုင်ထားတဲ့ ကျွန်တော့လက်တွေ တစ်ဆတ်ဆတ် တုန်ရီလာသလို၊ ကျွန်တော့
ခြေထောက်တွေစာလည်း မြေပြင်ပေါ်မှာ ရပ်တည်နိုင်စွမ်း မရှိတော့ပါဘူး။
ကျွန်တော့်တစ်ကိုယ်လုံး အင်အားချည့်နှဲ့ကုန်ပါပြီ။ "အိုး..
ကျွန်တော့်အသည်းတွေကွဲပါပြီ။ အမေရယ် သားကိုခွင့်မလွှတ်ပါနဲ့၊ ဘယ်တော့မှ
သားမိုက်ကို ခွင့်မလွှတ်ပါနဲ့။"

ကျွန်တော် ရှိုက်ကြီးတငင် ငိုကြွေးနေမိပါပြီ။ ကျွန်တော် သိပ်မုန်းခဲ့တဲ့၊
မျက်လုံးတစ်ဖက်တည်းရှိခဲ့တဲ့ အမေဟာ ကျွန်တော့် အတွက် သူ့မျက်လုံးကို
စွန့်လွှတ်ခဲ့တယ် ဆိုတာ အမေသေမှ ကျွန်တော်သိလိုက်ရပါပြီ.. ကျွန်တော့်အတွက်
ပေးဆပ်အနစ်နာခံပြီး ချစ်သွားတဲ့ အမေ့ရဲ့မေတ္တာကို ဘယ်တုန်းကမှ မသိတတ် နားမလည်
တတ်ခဲ့တဲ့ ကျွန်တော် ၊ ဘယ်တုန်းကမှ မငိုခဲ့ဖူးတဲ့ ကျွန်တော် လူမိုက်ကြီး၊
ခုတော့ မဆုံးနိုင်တဲ့ မျက်ရည်တွေနဲ့ အမေ့အတွက် ငိုကြွေးနေမိပါပြီ။

 ကျွန်တော့်လို မိဘကျေးဇူး မသိတတ်တဲ့သား၊ မိဘစေတနာကို နားမလည်တဲ့ သားမျိုး၊
မိဘသေမှ နောင်တရတဲ့သားမျိုး ဘယ်တော့မှ မဖြစ်ကြပါ စေနဲ့ဗျာ။



အဆုံးမရှိသော အနန္တမေတ္တာရှင် မိခင်ကျေးဇူးကို အထူးအောက်မေ့သတိရလျှက် A Mother's
Sacrifice ( Unknown Author) ကို ရင်နင့်စွာ ဘာဘာပြန် ရေးဖွဲခဲ့ပါသည်။

No comments:

Post a Comment