ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, February 16, 2013

အသက်နဲ့လဲစောင့်သောသီလ

သီလ ကို အသက်နဲ့ကာကွယ်ခဲ့သူ စူဆန်နာ
-----------------------------------------

ဘီစီ ခြောက်ရာခန့်က ရဟူဒီ လူမျိုး (အခုခေတ် အီစ္စရေး (၀ါ) ဂျူးလူမျိုး) များ Babylon (အခုခေတ် အီရတ်) နိုင်ငံမှာ စစ်သုံ့ပန်း အနေနဲ့ ရောက်သွားပြီး နောက်ပိုင်း နေသားကျလာရာက ရဟူဒီ ဘာသာတရားထွန်းကား လာသောအချိန်ကာလ ဖြစ်သည်။

ရဟူဒီများဟာ ဘေဘုလုံ ဥပဒေများကို မသုံးပဲ သူတို့လူ့အဖွဲ့အစည်းအတွက် တရားသူကြီးများကို ခန့်ထားပြီး တရားစီရင်လျှက်ရှိသည်။

အဲဒီ ရဟူဒီ လူ့အဖွဲ့အစည်းတွင် ဂျော်ကင်မ် ဆိုတဲ့ သူဌေး တစ်ယောက်မှာ အင်မတန် ချောမောလှပပြီး အကျင့်သီလ နဲ့ ပြည့်စုံ (ဘာသာ တရားကိုင်းရှိုင်း) တဲ့ ဇနီး တစ်ယောက်ရှိတယ်။ သူ့နာမည်က စူဆန်နာ တဲ့။

သူတို့အိမ်ဟာ သူဌေးအိမ် ဖြစ်တဲ့ အလျှောက် လူ့အသိုင်းအ၀ိုင်းထဲက မျက်နှာကြီး၊ လူကြီးလူကောင်းတွေ အ၀င်အထွက် များတဲ့ အိမ် ဖြစ်တယ်။ အဲဒီအိမ်ကို ၀င်ထွက်နေတဲ့ လူကြီးတွေထဲမှာ မကြာခင်ကမှ တရားသူကြီးခန့်ထားခြင်း ခံရတဲ့၊ လူကြီး နှစ်ယောက်လဲ အပါအ၀င် ဖြစ်တယ်။

အဲဒီ တရားသူကြီး နှစ်ယောက်ဟာ အားတိုင်း အမြဲလာလည်တတ်ပြီး သူတို့မျက်စိထဲမှာ သူဌေးကတော်လေး စူဆန်နာဟာ မသိမသာ တဏှာစိတ် စွဲကျန်စေခဲ့တယ်။ သူဌေးကတော်လေးရဲ့ လှုပ်ရှားသွားလာပုံတွေကို လေ့လာတတ်လာတယ်။ 

တနေ့တော့... 

လူကြီး နှစ်ယောက်စလုံး စောစောအိမ်ပြန်မယ် ဆိုပြီး ထပြန်သွားတယ်။ တနေရာမှာ နှစ်ယောက်စလုံး မတိုင်ပင်ထားပဲ လာစုံပြီး အချင်းချင်း အံ့သြကြတယ်။ အဲဒီနေရာကတော့ သူဌေးကတော် အမြဲတမ်း နေ့လည်ပိုင်း ပူပြင်းတဲ့ အချိန် ရေလာချိုးချိုးနေတဲ့ ဥယျာဉ်ခြံအလယ် ရေကန်နားက ချုံပုတ်ထဲမှာပါ။

မထူးတော့ပြီမို့ နှစ်ယောက်စလုံး အကြံတူ ဥာဏ်တူချင်း တိတ်တိတ်လေး တိုင်ပင်ကြတယ်။

သူဌေးကတော်ဟာ အစေခံများကို ရေကန်နားမှ ထွက်သွားခိုင်းပြီး တစ်ယောက်ထဲ ခြုံထည်အ၀တ်ကိုချွတ် ရေစိမ်မယ် လုပ်နေတုန်း၊ ရုတ်တရက် ချုံထဲက လူကြီး နှစ်ယောက် ပေါ်လာတယ်။

အော်ဖို့ .. ပြေးဖို့ မကြံနဲ့... ငါတို့ နှစ်ယောက် တရားသူကြီးတွေ ဆိုတာ သိတယ်နော်... ခင်များ အော်လိုက်တာနဲ့ ငါတို့ နှစ်ယောက်လဲ ချက်ချင်းအော်လိုက်မယ်။ ဒီနေရာမှာ ယောက်ျား တစ်ယောက်နဲ့ ဖေါက်ပြန်နေတယ် လို့ အော်လိုက်မယ်။ ဒီတော့ ငါတို့ နှစ်ယောက်ရဲ့ အလိုတူ အသာတကြည် လိုက်ခံလိုက်ပါ။... လို့ခြိမ်းခြောက်လာတယ်။ 

မိန်းကလေးက စဉ်းစားလိုက်တယ်... ကျမ အော်လိုက်ရင်လဲ သူတို့က ငါ့ကို သေဒဏ်စီရင်ဖို့ လုပ်တော့မယ်။ သူတို့ အလိုလိုက်ပြန်ရင်လဲ ကျမ ရဲ့ သီလ ဟာ ထာဝရ ကျရှုံးပြီပဲ။ သေမထူး၊ နေမထူးပါ။

ချက်ချင်း အော်လိုက်တယ်.... 

လူကြီး နှစ်ယောက်လဲ သူ့ထက်သာအောင် အော်လိုက်တယ်.... အိမ်က ဧည့်သည်များနဲ့ အိမ်သူအိမ်သားများ၊ သူ့ အခြွေအရံများ ချက်ချင်း ပြေးလာတယ်။ သူ့မှာ အ၀တ်မဲ့ တန်းလန်းဖြစ်နေတာကို လူတွေ တွေ့သွားတယ်။ လူကြီး နှစ်ယောက်လဲ လူအုပ်ကြီးကို တိုင်ပြောလိုက်တယ်။ ယောက်ျား တစ်ယောက်နဲ့ ဖေါက်ပြန်နေတုန်း ငါတို့ နှစ်ယောက် လာတွေ့တယ်။ အဲဒီ ယောက်ျားကတော့ ထွက်ပြေးသွားလို့ ဘယ်သူမှန်း မသိလိုက်ပါ။ ဆိုသတဲ့။

ရှေးခေတ် ရဟူဒီ လူမျိုးများဟာ အမျိုးသမီးများရဲ့ ထွက်ဆိုချက်ကို ဂရုမစိုက် တတ်ပါဘူး။ အဲဒီ လူကြီးနှစ်ယောက်ကို လူတွေက ယုံကြတယ်။ တနေ့တော့ သူ့ကို လူပရိသတ် ရှေ့မှာ တရားစီရင်ဖို့ အချိန်ကျလာတယ်။ အပြီး ကွပ်မျက်ဖို့ပါ။

အဲဒီ အချိန်မှာ ဒံယေလ (Daniel) ဆိုတဲ့ လူငယ် တစ်ယောက်ဟာ ရုတ်တရက် (ကျမ်းအခေါ် ဘုရားသခင်ရဲ့ ၀ိညာဉ်ဟာ အဲဒီ လူငယ်ပေါ် ဆင်းလာပြီး၊) စကားတစ်ခွန်း အော်ပြောလိုက်တယ်။ လူပရိသတ် အားလုံး သူ့ကို စူးစမ်းတဲ့ အကြည့်နဲ့ ကြည့်ကြတယ်။

သူပြောတာက... စူဆန်နာ ကို မကွပ်မျက်ခင် အဲဒီ လူကြီး နှစ်ယောက်ကို မေးခွန်း တခုမေးချင်တယ်... ခွင့်ပြုပေးပါ။ တဲ့။

ဘာခက်တာမှတ်လို့ မေးစေ.. ပေါ့။

ဒီတော့... ဒံယေလ က အဲဒီ လူကြီး နှစ်ယောက်ကို နေရာ သီးသန့်စီ ခွဲထားပြီး၊ ပရိသတ်ရှေ့ မေးခွန်း တစ်ခု မေးတယ်။

ခင်များတို့ နှစ်ယောက်က သူတို့ ဖေါက်ပြန်နေတာ အတူတကွ တွေ့တယ် ဆိုတော့... ဘယ်သစ်ပင် အောက်မှာ ဖေါက်ပြန်နေကြသလဲ.. လို့ မေးတယ်။

တစ်ယောက်က အုတ်ခြစ်ပင် (Mastic tree) အောက်မှာ လို့ ဖြေတယ်။
နောက် တစ်ယောက်က ၀က်သစ်ချပင် (Evergreen Oak) လို့ ဖြေတယ်။

အဲဒီမှာ ပရိသတ် အပေါင်းလဲ အဲဒီလူကြီး နှစ်ယောက် ညာပြောမှန်းသိသွားတယ်။ စူဆန်နာ ကတော့ သေဒဏ်က လွတ်ပြီး၊ အဲဒီ လူကြီး နှစ်ယောက်ကို ကွပ်မျက်လိုက်တယ် လို့၊ ဆိုထားပါတယ်။

ဒါဟာ အမျိုးသမီး တစ်ယောက်ရဲ့ ရာဇ၀င်တွင်တဲ့ သီလ စောင့်တည်မှု ပါ။

(ဟီဘရူး ကျမ်းစာ Book of Daniel Chapter 13 ကို ဆီလျှော်အောင် ဖြည့်စွတ်ပြီး ဘာသာ ပြန်ထားတာပါ။)

Source: http://biblescripture.net/Daniel.html

No comments:

Post a Comment