ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, February 23, 2013

ဘဝဗိသုကာလေး


**ပလက်ဖောင်းပေါ်က ဗိသုကာပညာရှင်လေး**


ဒီနေ့ ကျွန်မတို့ ကျောင်းမှာဆုပေးပွဲလုပ်ပါတယ်..
.။ဆုတက်ယူတဲ့
ကလေးလေးတွေကြည့်ပြီး ရင်မှာ ပီတိဖြစ်နေမိခဲ့ပါတယ်...။အတွေးထဲလည်း စကားတွေအများကြီးပြောနေခဲ့မိတယ်...။ဒီလိုနဲ့  ဆုပေးပွဲအပြီး ကျွန်မလည်းအိမ်ပြန်ခဲ့ပါတယ်...။အင်းဝကနေ တာဝန်လာကျတဲ့ ကျွန်မသူငယ်ချင်းမလေး မျက်နှာမကြည်လင်တာကြောင့် သူမစိတ်တစ်ခုခု
ညစ်နေပြီဆိုတာကျွန်မသိလိုက်ရပါတယ်..။မေးကြည့်မိတော့...ဆုပေးပွဲကိုလာကြတဲ့ ကျောင်းသားမိဘတွေကိုကြည့်ပြီးသူ့ ဇာတိမြေလေးကိုလွမ်းလာတာရယ်..သူ့ မိဘတွေကို လွမ်းလာတာရယ်ကြောင့်လို့  သိခဲ့ရပါတယ်..။ကျွန်မလည်းသူမစိတ်ပြေလက်ပျောက်ဖြစ်ဖို့ အတွက် ကျွန်မအိမ်ကို အလည်ခေါ်လာခဲ့ပါတယ်..။ဒီနေ့ တော့ ခါတိုင်းနေ့ များလို
ကျွန်မတစ်ယောက်တည်း အထီးမကျန်တော့ဘဲ ကျွန်မနောက်မှာ အဖော်သူငယ်ချင်းမလေးပါလာခဲ့ပါတယ်။ဒီ့အတွက်
ကျွန်မပျော်နေခဲ့မိတယ်..။ကျွန်မသူငယ်ချင်းမလေးကိုလည်း စိတ်ညစ်တာပျောက်စေချင်ခဲ့မိတယ်..။

သူမ စိတ်သက်သာရာရအောင် စကားတွေလျှောက်ပြောလာရင်း တစ်နေရာအရောက်လမ်းဘေးပလက်ဖောင်းတစ်ခုမှာ
ထိုင်ပြီး တစ်ခုခုကိုစိတ်ဝင်တစားလုပ်နေတဲ့ ကလေးလေးတစ်ယောက်ကို ကျွန်မ လှမ်းမြင်ခဲ့ပါတယ်..။အသေအချာကြည့်လိုက်တော့ အိမ်လေးတွေလုပ်ရောင်းတဲ့ဈေးသည်လေးတစ်ဦး..။ဆိုင်ကယ်ကို ဆက်မောင်းလာရင်း..ကျွန်မစိတ်ထဲ စောနကကလေးလေးရောင်းတဲ့ အိမ်လေးတွေအားပေးချင်လာမိတယ်..။ဈေးရောင်းမကောင်းမှာကိုလည်း စိုးရိမ်မိလာတယ်..။ကျွန်မတို့ မြန်မာကားတွေထဲကလို ဈေးရောင်းမကောင်းရင် အိမ်ကနေ ရိုက်နှက်မယ့် မိထွေးများရှိနေမလားဆိုပြီး
ကျွန်မတွေးမိတာနဲ့ တစ်ပြိုင်နက်...ကျွန်မဆိုင်ကယ်လေးကို ကလေးလေးရှိရာကို ပြန်လှည့်ခဲ့ပါတော့တယ်..။

ကလေးလေးနားအရောက် "သား အိမ်လေးတွေဘယ်လိုရောင်းလဲ"လို့  ကျွန်မမေးလိုက်ပါတယ်..။ကလေးလေးက"တစ်လုံးကို ငါးရာပါဆရာမ "လို့ ပြန်ဖြေပါတယ်..။ကျွန်မစိတ်ထဲ ကလေးလေးကို စကားပြောချင်စိတ်တွေပေါက်လာမိတာနဲ့ သိချင်တာလေးတွေ
မေးခဲ့မိပါတော့တယ်..။

"သားသားနာမည်ဘယ်လိုခေါ်လဲ"

"ဝေဖြိုးပါဆရာမ"

"သားသားကျောင်းတက်သေးလား"

"မတက်ဘူးဆရာမ "

"ဘယ်နှစ်တန်းနဲ့ ထွက်ခဲ့တာလဲသား"

"သားကျောင်းကိုလုံးဝကိုမနေခဲ့ရတာပါဆရာမ သားအမေက သားသုံးလသားမှာ ရောဂါနဲ့ သေသွားတာပါ...။သားကအဖေ
နဲ့ နေတာပါ...။သားတို့ ကဆင်းရဲတော့ ကျောင်းမနေနိုင်ပါဘူးဆရာမ.."

"သားအဖေက ဘာအလုပ်လုပ်တာလဲ"

"ခုအိမ်လေးတွေဆောက်တာပါဆရာမ သားက အဖေလုပ်ပေးတာလေးတွေကို လိုက်ရောင်းတာပါ.."

"ဟုတ်လား သားကြီးလာရင် ဘာလုပ်မယ်စိတ်ကူးလဲ"

"ဒီအလုပ်ပဲ လုပ်ရမှာပေါ့...။သားက ဒါပဲလုပ်တတ်တာလေ..။
သားကိုအဖေက အရမ်းချစ်တယ်ဆရာမရဲ့..။သားကို ဘယ်
တုန်းကမှစုတ်စုတ်ချာချာမထားခဲ့ဘူး..။သားစားချင်တာလည်းကျွေးတယ်သားမလိမ်မာတာရှိရင်တော့ ရိုက်တယ်"

စုတ်စုတ်ချာချာမထားဘူးဆိုတဲ့စကားလေးက ကျွန်မရင်ထဲ နင့်လို့ 
သွားခဲ့စေပါတယ်..။သားတစ်ယောက်ရဲ့ အဖေအပေါ်ထားတဲ့ စိတ်..
မိမိဘ၀အပေါ် စိတ်ပျက်အားငယ်ခြင်းမရှိတဲ့ကလေးရဲ့စိတ်..အဲဒီစိတ်က
ကျွန်မကို အသိတစ်ခုတိုးစေခဲ့မိတယ်လေ..။

"သား ခုလိုအလုပ်လုပ်ရတာ စိတ်ညစ်မိလား.."

"ဟင့်အင်း မညစ်ပါဘူးဆရာမ ...။အဖေကပြောတယ် ဘ၀ဆိုတာ ဒီလိုပဲတဲ့..။အလုပ်လုပ်ရမယ်တဲ့..။အလုပ်မလုပ်ရင်လူမဟုတ်ဘူးတဲ့..
ခွေးနဲ့ တူမှာတဲ့.."

ကလေးငယ်အဖြေတွေမှာ တန်ဖိုးမဖြတ်နိုင်တဲ့ ဖလော်တွေပါနေတာကို ကျွန်မသတိထားမိလာပါတယ်..။တစ်နယ်တစ်ကျေးမှ လာရောင်းရတာဖြစ်ကြောင်း အိမ်ငှားနေရကြောင်း အိမ်ငှားခဈေးအရမ်းကြီးတဲ့အကြောင်း..ရောင်းရငွေထဲက
အိမ်ငှားခကို မနည်းစုရကြောင်း...သူ့ အမေက သူတို့ သားအဖ
ဘုရားပွဲဈေး သွားရောင်းနေတုန်း အိမ်မှာ သေသွားခဲ့
ကြောင်း...အဖေပြောပြလို့ သိရတယ်လို့ ဆိုပါတယ်..။ကျွန်မ
မေးခွန်းတွေမေးနေစဉ်တစ်လျောက်လုံး ကလေးရဲ့..မျက်နှာကို
စေ့စေ့ကြည့်နေခဲ့ပါတယ်..။သူ့ မျက်ဝန်းထဲက အဖြေကိုရှာနေခဲ့ပါတယ်..။သူ့ ဘ၀သူ အားငယ်တဲ့အရိပ်အယောင်
ဘာတစ်ခုမှ မတွေ့ ရပါဘူး..။သူ့ စိတ်ထဲမှာသူ့ အဖေဆီကရတဲ့ပညာနဲ့ 
ကြီးလာရင်အသက်မွေးမယ်..အဖေကိုလုပ်ကျွေးမယ်ဆိုတာတွေကို မြင်နေရပါတယ်..။ကျွန်မ ကလေးလေးကို မချီးကျူးဘဲမနေနိုင်ပါဘူး..။သူ့ နေရာမှာ ကျွန်မဆိုရင်..သူလိုတွေးတတ်ပါ့မလားတောင်မသိပါဘူး...။ကျွန်မလည်း ကလေးလေးကို မုန့် ဖိုးလေးနှစ်ထောင်ပေးလိုက်ပါတယ်..။ကလေးက အစကမယူပါဘူး..။သူ့ အိမ်လေးကိုပဲဝယ်ပါတဲ့..။အလကားမယူရဘူးလို့ 
အဖေက မှာထားတယ်တဲ့လေ..။ကျွန်မအတင်းပေးတော့မှ ယူရှာပါတယ်..။အဲဒီမှာ ကလေးလေးက အိမ်ကလေးတစ်လုံး ကျွန်မကို လက်ဆောင်ပေးလာပါတယ်..။အဲဒီအိမ်ကလေးက ခုကျွန်မစာကြည့်စားပွဲပေါ်မှာ နေရာယူလို့ နေပါတော့တယ်..။

တကယ်တော့ဘ၀ဆိုတာကျွန်မတို့ ရွေးချယ်ခွင့်မရှိတဲ့အရာပါ..။ကျွန်မ
တို့ တွေ ရထားတဲ့ဘ၀ကို ဘာလို့ များ စိတ်ပျက်အားငယ်နေမလဲနော်..။
ရှင်သန်ခွင့်ရှိနေတဲ့အချိန်လေးမှာ..မိမိတို့ ရရှိထားတဲ့ဘ၀ဆိုတဲ့အပင်လေးကို ပိုးမထိုးအောင်..ရှင်သန်ကြီးထွားအောင် လုပ်ရမှာ ကျွန်မတို့ တာဝန်ပဲ
မဟုတ်ဘူးလားနော်..။ကလေးလေးကို နှုတ်ဆက်ပြီး ပြန်အလာမှာ
တော့ ကျွန်မသူငယ်ချင်းမျက်နှာက စိတ်ညစ်နေတဲ့ အရိပ်တွေ လုံးဝမရှိတော့တာကို ကျွန်မတွေ့ ခဲ့ရပါတယ်..။သူငယ်ချင်း
မလေး ဘယ်လိုနေရမယ်ဆိုတာကို ကောင်းကောင်းကြီး သဘောပေါက်သွားပြီထင်ပါတယ်..။

(မိမိဘ၀ကို အကောင်းဆုံးတည်ဆောက်နိုင်တဲ့ ဗိသုကာပညာရှင်များ
ဖြစ်ကြပါစေနော်)


ချစ်ခင်လေးစားလျှက်
ဆုဂျေ
7.2.2013

No comments:

Post a Comment