မြို့ရင်ကိုခွဲ စူးစူးရဲ စီးဆင်း နေတဲ့မြစ် အထက် ပင်းဒယ ကောင်းကင်သစ်ရင် အစိမ်းရောင် ပြာပြာ သည်းသည်းလှုပ် ရွာတော့ အနီရောင် ညိုညို။ ဇော်ဂျီမြစ်ဟာ ကျောက်ဆည်မြို့ အလယ်ကို ဖြတ်ပြီး ရစ်ခွေ စီးဆင်း နေတယ်။
ဒီမြင်ကွင်းဟာ ကောက်ကြောင်း သေသပ်တဲ့
ပန်းချီကား တစ်ချပ်ကို ကြည့်ရ သလိုပါ။ အနော်ရထာ မင်းစော တည်ဆောက်ခဲ့တဲ့
ဇော်ဂျီဆည်ဟာ သမိုင်းမှာ ထင်ရှားတဲ့ အချက်အလက် တစ်ခုဆိုရင် မမှားပါဘူး။
စိုက်ပျိုးရေးကို အခြေခံတဲ့ အရပ် ဒေသမို့ အများက လယ်တွင်း ကိုးခရိုင်
ရယ်လို့ သိထားကြ လေရဲ့။ ဇော်ဂျီမြစ်ရဲ့ မြစ်ဖျားခံရာ အရပ်ဒေသ ကတော့
တောင်ပိုင်း ရှမ်းပြည်နယ် ပင်းဒယ မြို့ပါ။ ၀ါဆို၊ ၀ါခေါင်လတွေ
မရောက်ခင်တော့ ဇော်ဂျီမြစ်ရဲ့ အနေ အထားဟာ ကြည်လင် သန့်ရှင်းပြီး
စိမ်းပြာရောင် တောက်ပနေတယ်။ ဇော်ဂျီဆည် ပေါ်ကနေ တသွင်သွင် စီးဆင်းနေတဲ့
ရေကျသံဟာ ဂီတ သံစဉ် တစ်ခုလို နားဝင်ပီယံ ရှိလှတယ်။ ဒါပေမဲ့ ၀ါဆို၊ ၀ါခေါင်
ရောက်တာနဲ့ မြစ်ဖျားခံရာ အထက် ပင်းဒယမှာ မိုးကြီး လေကြီး သည်းထန်တော့တယ်။
အဲဒီအခါ ဒေါသတကြီး စီးဆင်းလာတဲ့ တောင်ကျ ရေတွေဟာ အားလုံးကို တိုက်စားရင်း
ကျောက်ဆည် ဒေသရဲ့ ဇော်ဂျီ မြစ်ဆီကို စီးဝင်တော့တယ်။ အဲဒီအခါ ကြည်လင်ပြီး
စိမ်းပြာရောင် ရှိတဲ့ မြစ်ရေဟာ အနီရောင် ညိုပုပ်ပုပ် အရောင်အသွေး
ဖြစ်သွားလေရဲ့။ ဇော်ဂျီ ဆည်ရင်းမှာ ကြီးမားတဲ့ လှိုင်းလုံးကြီးတွေ
ဖြစ်လာသလို မြစ်လယ်မှာတော့ စုပ်ဝဲကြီးတွေ၊ မှုတ်ဝဲကြီးတွေ၊ ၀ဲကတော့ ကြီးတွေ
ပေါ်လာတော့တယ်။ နောက်ကျိနေတဲ့ မြစ်ရေပြင်မှာ မကောင်း ဆိုးဝါးတွေ ကခုန်
နေသလား ထင်ရတယ်ပေါ့။ ပင်းဒယ ကနေ စုန်ဆင်းလာတဲ့ တောင်ကျ ရေထဲမှာ သစ်ကြီး
ဝါးကြီးတွေ၊ ထင်းတိုထင်းစ တွေ၊ တိရစ္ဆာန် အသေတွေ ပါလာပြီး ဇော်ဂျီ မြစ်ထဲကို
မျောလာလေရဲ့။ ဒိုက်သရော တွေပေါ်မှာတော့ အဆိပ်ပြင်း သတ္တ၀ါတွေ ပါလာတတ်တယ်။
အဲသလို ၀ါဆို၊ ၀ါ ခေါင်လတွေ ရောက်တိုင်း ဇော်ဂျီမြစ် ရေဟာ အနီရောင်
ညိုပုပ်ပုပ်နဲ့ နောက်ကျိတဲ့ အသွင်ပြောင်း သွားတဲ့အခါ ဒီဒေသ အခေါ်ကတော့
“ဟုန်းရေ”လို့ ခေါ်ကြတယ်။ ဘာ့ကြောင့် ဟုန်းရေလို့ ခေါ်သလဲ ဆိုရင်တော့ ဘယ်သူမှ
တိတိပပ မပြောနိုင် ကြပါဘူး။
ဒီလို အချိန်မှာ ဇော်ဂျီမြစ်ရိုး ရပ်ကွက်တွေမှာ နေတဲ့ လူတွေက-
“မနေ့ညက ဟုန်းရေ မတက်ခင် ဆည်အော်သံ ကြားတယ်”
လို့ ပြောကြတယ်။
ဆည်အော်သံ ဆိုတာ ဆန်းဆန်း ပြားပြားတော့ မဟုတ်ဘူး။ ဆည်ပေါ်ကနေ တစ်ဟုန်ထိုး စီးဆင်းနေတဲ့ မြစ်ရေဟာ သာမန်စီးဆင်း နေတဲ့ အသံထက် ပိုကျယ် လောင်တာကို ပြောတာ။ ညလူခြေ တိတ်ချိန်ဆိုတော့ ကျယ်လောင်တဲ့ သည်ရေစီး သံကို မြစ်ရိုး တစ်လျှောက်က လူအားလုံး ကြားနိုင်တယ်ပေါ့။ ဒါကို ဆည်အော်တယ်လို့ ပြောကြတာ။
“ဒါဆိုရင် ဒီမြစ် လူစား လိမ့်ဦးမယ်”
ခက်တာက အဲသလို ဆည်အော်သံ ကြားတယ်လို့ ယူဆပြီးတဲ့ နောက်ရက်တွေမှာ အနိဋ္ဌာရုံ တစ်ခုကတော့ လူတစ်ယောက်လောက် ရေနစ်သေဆုံး တတ်လို့ပါ။ မနှစ်က ဟုန်းရေ တက်တုန်းကလည်း လူတစ်ယောက် ရေနစ်သေဆုံး ဖူးတယ်။ ဒါပေမဲ့ နည်းပညာ ခေတ်ကြီးနဲ့ ဆန့်ကျင်နေတဲ့ ဒီဖြစ်ရပ် တွေဟာ တိုက်ဆိုင်မှုပဲ ဖြစ်ပါလိမ့်မယ်။ မြစ်က လူစားတယ် ဆိုတာ အမှန်တရား မဟုတ်ပါဘူး။ လူတွေရဲ့ နမော်နမဲ့ နိုင်မှု၊ အန္တရာယ်ကို မထေမဲ့မြင် လုပ်မှု၊ အသက်ကို တွေးတော ဆင်ခြင်ဉဏ်နဲ့ မထိန်းကွပ်နိုင် မှုနဲ့ ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးကို သူတို့ရဲ့ ရှိရင်းစွဲ ဥပါဒါန်နဲ့ ဆွဲစေ့လိုက် တာပါ။ အင်အား ကြီးမားတဲ့ ရေစီးသံဟာ လူခြေ တိတ်ချိန်မှာ ကြားရတာ ဆိုတော့ မြစ်ရိုးတစ် လျှောက်က လူတွေရဲ့အိပ်စက်မှု တွေကို ရပ်တန့်ပစ် လိုက်တယ်။
“ဟုန်းရေတွေ တက် လာပြီဟေ့”
ညကြီး အချိန် မတော်မှာ ဇော်ဂျီမြစ်ရိုး ပေါ်ကနေ တစ်စုံ တစ်ယောက်က အော်လိုက်တာနဲ့ မြစ်ရိုး တစ်လျှောက်က လူတွေအားလုံး လှုပ်လှုပ်ရွရွ ဖြစ်ကုန်တယ်။ ဟုန်းရေတက်ရင် သူတို့ ဘာလုပ်ရမ လဲဆိုတာ ဘယ်သူ့မှ မေးစရာ မလိုဘူး။ ညအမှောင် ကြီးထဲမှာ ဘက္ထရီ မီးလေးတွေ ကိုယ်စီကိုင်ရင်း ဇော်ဂျီမြစ်ကမ်း စပ်ကို ဆင်းလာကြတယ်။ သူတို့ တခြား လက်တစ်ဖက်စီ မှာလည်း လူတစ်ရပ်စာ သာသာ ၀ါးလုံးရှည် တစ်ချောင်းစီ ကိုင်လာတယ်။ ၀ါးလုံး ထိပ်မှာတော့ သံချိတ်ကောက် လေးတွေတပ်လို့။ ဇော်ဂျီမြစ် ရဲ့ ဟိုဘက်ကမ်း၊ ဒီဘက်ကမ်းမှာ ဘက္ထရီ မီးလုံးလေးတွေ တန်းစီနေတယ်။ လူတွေလည်း တန်းစီပြီး ဆူညံပွက်လော ရိုက်နေရဲ့။ မြစ်လယ်ရေ စီးကြောင်းကနေ ကမ်းဘက်ကို ခွဲထွက်လာတဲ့ ရေစီးကြောင်းမှာ ထင်းတို ထင်းစတွေ အမြောက်အမြား ပါလာတယ်။ အဲဒီထင်းတို ထင်းစတွေကို လက်ထဲက ၀ါးလုံးချိတ်နဲ့ ဆယ်ယူကြတာ၊ တစ်ညလုံး ထင်းဆယ်ကြတာ မိုးစင်စင် လင်းတဲ့ အထိပေါ့။ မိုးလင်းရင်တော့ ကမ်းစပ် တစ်လျှောက်မှာ တစ်ညလုံး ဆယ်ထားတဲ့ ထင်းတွေ ကိုယ့်အမှတ် အသားနဲ့ကိုယ် ပုံထား လိုက်တာများ တောင်ပုံရာပုံ။ မီးဖိုချောင် အတွက်တော့ နှစ်ပတ်စာလောက် လောင်စာ ဖူလုံသွားတယ်။
ဒါ့ကြောင့် ဟုန်းရေတက်တိုင်း မြစ်ရိုးက လူတွေ ထင်းဆယ်ကြတာ ဇော်ဂျီ မြစ်ကမ်းစပ် ဒူးဆစ်မြုပ်ရုံ အထိတော့ တိုးပြီး ထင်းဆယ်ရဲ ပေမယ့် အဲဒီရှေ့ကိုတော့ ဘယ်သူမှတိုး မဆယ်ရဲဘူး။ ရေစီးအား ကြမ်းတော့ လူတစ်ယောက် ခန္ဓာကိုယ်လောက် ကတော့ သစ်ရွက်ကလေး တစ်ရွက်ပါ သွားသလို အသာလေးရယ်။ စုပ်ဝဲကြီးတွေ၊ မှုတ်ဝဲကြီး၊ ၀ဲကတော့ကြီး တွေရှိတဲ့ မြစ်လယ်မှာတော့ အဖိုးတန်တဲ့ သစ်ကြီး ၀ါးကြီးတွေ မျောလာတတ်တယ်။ ဒါပေမဲ့ ကမ်းစပ်မှာ ၀ါးလုံးနဲ့ ထင်းဆယ် နေသူအားလုံး သစ်ကြီး ၀ါးကြီးတွေကို ကြည့်ပြီး မြင်သာမြင် မကြင်ရ တဲ့အဖြစ်၊ မှောင်မည်းနေတဲ့ မြစ်လယ်မှာ ဘယ်သူမှ အဲဒီ သစ်ကြီး ၀ါးကြီးတွေကို လိုက်မဆယ်ရဲ ကြဘူး။ ခြေကုန်လက်ပန်း ကျရင်ဖြစ်ဖြစ်၊ စုပ်ဝဲကြီးက ဆွဲခေါ် သွားရင်ဖြစ်ဖြစ် အသက် ဆုံးရှုံးနိုင်တယ်။ ဒါပေမဲ့ ၀ုန်းခနဲ လူရိပ်သဏ္ဌာန် တစ်ခုမြစ်ထဲ ထိုးဆင်းသွားပြီး မြစ်လယ် မှာမျောနေတဲ့ သစ်လုံးကြီးဆီ လက်ပစ် ကူးသွားတာ မြင်ရင် ညိုမောင်ဆိုတာ ဒက်ခနဲ သိကြတယ်။ ညိုမောင်ဆိုတာ ဇော်ဂျီမြစ် ရေပြင်မှာ တောကစား ထွက်နေကျ တံငါသည် တစ်ယောက်ပါ။ ဒီလို ဟုန်း ရေတက်တိုင်း ကြမ်းတမ်း ခက်ထန်တဲ့ မြစ်ထဲကို ကူးရဲ ခတ်ရဲသူ ဆိုလို့ ညိုမောင်တစ် ယောက်ပဲရှိတယ်။ ဒါဆိုရင် တခြား တံငါသည် တွေကော ညိုမောင်လို မလုပ်နိုင်ဘူး လားလို့ အမေးရှိရင် မလုပ် နိုင်ဘူးလို့ ဖြေရလိမ့်မယ်။ မလုပ်နိုင်ဘူး ဆိုတာထက် မလုပ်ရဲဘူး ဆိုရင် ပိုမှန်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တခြား တံငါသည် အများစုဟာ အရက် သေစာကို တရှိုက်မက်မက် သောက်နေကြပြီး ခန္ဓာကိုယ် လေးတွေက ပိန်လှီခြောက် သွေ့နေတယ်။ ခက်ထန်ကြမ်း တမ်းတဲ့ရေစီးကို သူတို့အား အင်လေးနဲ့ ရုန်းမ ထွက်နိုင်ဘူး။
နောက်တစ်ချက်က ညိုမောင်လို သတ္တိ မရှိတာ လည်းပါတာပေါ့။ ညိုမောင်ကတော့ တံငါသည် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ နေထိုင်ပေမယ့် အရက်မသောက်၊ ဆေးလိပ်မသောက်၊ ကွမ်းမ၀ါးတဲ့ အပြင် အတွင်း စိတ်သန္တာန် လေးလည်း ကောင်းသူပါ။ ညိုမောင်းတဲ့ အသား အရေကို ပိုင်ဆိုင်ထားတဲ့ ညိုမောင်ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံဟာ ဖုထစ် ကြွရွနေတဲ့ ကြွက်သားတွေက အထင်းသား။ ဟုန်းရေ တက်တိုင်း သစ်ကြီး ၀ါးကြီးတွေ မျောလာလို့ ညိုမောင် လိုက်ဆယ်ပြီးရင် ဆည်နဲ့မလှမ်း မကမ်းမှာ ရှိတဲ့ မဟာ ဂန္ဓာရုံ ဘုန်းတော်ကြီးကျောင်း ကိုလှူတာ၊ ဒီအလုပ်က ညိုမောင် လုပ်နေကျ။ ဘုန်းတော်ကြီး ကျောင်းအတွက် တိုင်တစ်လုံး ဖြစ်စေ၊ ထုပ်တစ် တန်းဖြစ်စေ အသုံးတည့်ရင် သူ့ကုသိုလ်လေး ပါသွား ချင်တယ်ပေါ့။
“တံငါသည် ဆိုတာ အကုသိုလ် ကောင်ဗျ။ ကျုပ်လည်း အကုသိုလ် ကောင်ပဲ။ ဒီတော့ ကုသိုလ်လေး နည်းနည်းရရ ဆိုပြီး ဒီသစ်လုံး တွေကို ဘုန်းကြီးကျောင်း လှူတာ”
ညိုမောင် ဒီစကားကို မကြာခဏ ပြောတယ်။ ညိုမောင်ဟာ တံငါသည် ပီပီ ငါးရှာစားတဲ့ အလုပ်က လွဲလို့တခြား မသမာတဲ့ နည်းနဲ့ ငွေမရှာဘူး။ တံငါသည် ဆိုတာ အကုသိုလ် အလုပ် ဆိုပေမယ့် သမာ အာဇီဝ ကျကျပဲ ညိုမောင်လုပ်တယ်။ ဒါ ကြောင့်မို့ ဇော်ဂျီမြစ်ရိုးမှာ ကျင်လည်တဲ့ တခြားတံငါ သည်တွေနဲ့ စရိုက်ရော စိတ်ဓာတ်ပါ ဆန့်ကျင်ဘက်။
ဒါ့ကြောင့် ဟောဒီ ဇော်ဂျီ မြစ်ရိုးမှာ ညိုမောင် တစ်ယောက်တည်းပဲ သီးသန့်ရပ် တည်တယ်။
မနေ့ညက ညဥ့်နက်မှ ဟုန်းရေ တက်လာတယ်။ ဒေါသူပုန် ထပြီးအုန်းအုန်း ကျွက်ကျွက် ညံနေတဲ့ မြစ်ထဲမှာ လူတွေ အုတ်အော်သောင်းတင်း ထင်းဆယ်ကြပေမယ့် လူတစ်ယောက် တလေမှ ဘေးအန္တရာယ် ဖြစ်သံ မကြားပါဘူး။ မနက်လင်းတော့ ဒီ အရပ်က လူတွေရဲ့ ထုံးစံအတိုင်း ဟုန်းရေတက်လို့ မြစ်ရေကြီး တာကို ပွဲလမ်းသဘင် ကြည့်သလို ကြိတ်ကြိတ်တိုးပဲ။ ဇော်ဂျီ မြစ်ရိုးမှာ တစ်ပွဲတိုး ဈေးသည်လေးတွေနဲ့ စည်ကားလို့။ ငှက်ပျောသီး၊ ပြောင်းဖူးဖုတ်၊ တိုဟူးသုပ်၊ မုန့်တီသုပ် သည်တွေအပြင် ရေခဲချောင်း သည်တွေရဲ့ ခေါင်းလောင်း သံတွေက အဆက်မပြတ်။ ဒီမြင်ကွင်း ကလည်း ၀ါဆို၊ ၀ါခေါင် ရောက်တိုင်း REPEAT လုပ် ပြန်ရစ် ကြည့်ရတဲ့ ရုပ်ရှင်လို မဆန်း တော့ပါဘူး။ တောင်ပိုင်း ရှမ်းပြည်နယ် ပင်းဒယ ကောင်းကင်မှာ မည်းမှောင်နေသေး သ၍ ဇော်ဂျီမြစ်ရဲ့ ဒေါသတွေကို သိမ်းဆည်းခွင့် မရနိုင် သေးဘူး။ ဆည်ရင်းမှာ လှိုင်းလုံးကြီး တွေ ဖွဲ့တည် ပုံက မကောင်း ဆိုးဝါးတွေ ထခုန် နေသလိုပါ။ ဇော်ဂျီဆည်ကို အနားကွပ် ထားတဲ့ ကျောက်ဆလန် နှစ်ခုရှိတယ်။ အဲဒါ တောင်ဘက်ကမ်းနဲ့ မြောက်ဘက်ကမ်းပေါ့။ ရေကြီးတာကို အနီးကပ် ကြည့်တဲ့ သူတွေဟာ အဲဒီကျောက် ဆလန်ပေါ် အထိ တက်ကြည့်ကြတယ်။ ဘယ်လောက်ထိနီး ကပ်သလဲ ဆိုရင် လှိုင်းလုံးကြီးတွေ ရိုက်ခတ်လို့ လွင့်စဉ်လာ တဲ့ ရေစက် ရေပေါက်တွေဟာ အဲဒီ ကျောက်ဆလန် ပေါ်က လူတွေဆီ ထိရောက်တယ်။ ဆည်ပေါ်မှာ အားကောင်းမောင်းသန် စီးဆင်း နေတဲ့ရေကို ကြာကြာစိုက် ကြည့်ရင်း မူးဝေသွားတဲ့ အထိဖြစ်တယ်။ ရေစီးအားက အဲသလောက် မြန်တာ။ တဖြည်းဖြည်းနဲ့ ကျောက်ဆလန်ပေါ် တက်ကြည့်တဲ့လူ တွေ ပိုများလာတယ်။ ခြေတစ်ဖ၀ါးစာ ချလို့ ခက်နေလောက်အောင် တိုးဝှေ့ကြည့် နေတုန်း-
“အမလေး လုပ်ကြပါ ဦး။ ကယ်ကြပါဦး။ ကျွန်မ သမီးလေး ဆည်ထဲကျ သွားပြီတော့်”
ထိတ်လန့် တုန်လှုပ်မှု အထွတ်အထိပ် ရောက်နေတဲ့ အော်ဟစ်သံကြောင့် လူတွေအားလုံး ချောက်ချားသွားတယ်။ ကလေးမလေး တစ်ယောက် ကျောက်ဆလန်ပေါ် ကနေ ဆည်ထဲကို ခြေချော်ကျသွား တဲ့မြင်ကွင်းဟာ သိပ်မြန်ဆန် လွန်းတယ်။ အားကောင်းတဲ့ ရေစီးထဲမှာ တလိမ့်ခေါက်ကွေး ပါသွားပြီး ဆည်ရင်းက လူတစ်ရပ်စာ မက လှိုင်းလုံးကြီးတွေ ကြားမှာ ပျောက်ကွယ်သွားတယ်။ ကလေး မလေးကို ကယ်ဖို့ဆယ်ဖို့ မပြောနဲ့။ မြင်လိုက် ရတာတောင် ခဏလေးရယ်။ ကယ်ဖို့ ဆိုတာလည်း မဖြစ် နိုင်ပါဘူး။ ကယ်တဲ့ လူရှိရင်လည်း အဲဒီလူပါ အသက် ဆုံးရှုံးမှာ သေချာတယ်။ ကျောက်ဆလန် ပေါ်က လူတွေအားလုံး ကြောက်အား လန့်အားနဲ့ ဆင်းပြေးကုန်ကြ လေရဲ့။ မိခင်ဖြစ်သူ ခမျာတော့ ရင်ကွဲပက်လက် ကျန်ရင်း သတိမေ့မြော သွားတယ်။ မိခင် ဖြစ်သူကို ဒေသခံလူ တချို့က ပြုစုပြီး လွတ်ရာကျွတ်ရာ ခေါ်သွား ကြသလို ကလေးမလေး အလောင်းများ ဘယ်နေရာ ပေါ်မလဲ ဆိုတဲ့ လူအုပ်ကြီး ကလည်း မြစ်ရိုးအတိုင်း အောက်ကို ရွေ့ လျားလို့။ သောကတွေ အပြိုင်းအရိုင်း တောက်လောင်နေတဲ့ မိခင်ကို ဒေသခံ လူတွေက မေးမြန်းကြည့်တော့ ဒီက မဟုတ်ဘဲ မန္တလေး ကတဲ့။ ကျောက်ဆည် ပွဲရုံတွေဆီ ကုန်ကြွေး လာတောင်းရင်း မြစ်ရေ ကြီးတာကို သားမိ နှစ်ယောက် ၀င်ကြည့်တာတဲ့။ ဖြစ်ချင်တော့ အခုလို ကြမ္မာဆိုးနဲ့ လာတွေ့တာပေါ့။ ဒေသခံတွေက မန္တလေး လိပ်စာနဲ့ ဖုန်းနံပါတ် မေးပြီး သက်ဆိုင်ရာ ဆွေမျိုးသားချင်း တွေဆီ အရေးပေါ် ဖုန်းဆက်လိုက်တယ်။ အဲဒီနေ့ တစ်နေ့လုံး တစ်ညလုံး ကလေးမ လေးရဲ့ အလောင်း ဘယ်ဆီမှ ပေါ်မလာ ဘူးဆိုတဲ့ သတင်းနဲ့ပဲ နေ့စွဲတစ်ခု သေဆုံးသွားတယ်။ “ဆည်အော်ရင် မြစ်က လူစားတယ်” ဆိုတဲ့ ဥပါဒါန် ကြီးက ပိုရောင်ကိုင်း လာတာ သေချာပါတယ်။
ကားကို မန္တလေး ကနေ ဘယ်အချိန် ထမောင်းလာ သလဲတော့ မသိဘူး။ မနက် လင်းအားကြီး အချိန်မှာ ဇော်ဂျီ မြစ်ကမ်းစပ်ကို ပါဂျဲရိုး တစ်စီး၊ လင်ခရူဆာ တစ်စီး ဆိုက်လာတယ်။ သေဆုံးသူ ကလေးမ လေးရဲ့ ဆွေမျိုးသားချင်း တွေလေ။ ပိုက်ဆံရှိ အသိုင်း အ၀ိုင်းက ဆိုတာကတော့ မြင်ရုံနဲ့ သိသာတယ်။ သေဆုံးသူ ကလေးမ လေးရဲ့ ဖခင်ကလည်း ရောက်ရောက်ချင်း ငိုတော့တာပဲ။ သား သမီးဆိုတော့ ယူကျုံးမရ ပေါ့။ ဆွေမျိုးတွေ ကလည်း အပူလုံးကြွ ဆိုသလိုပါ။ အဲဒီလို သောကနဲ့ ပရိဒေ၀ မီးတွေ ဟုန်းဟုန်း တောက်လောင်နေတဲ့ ဆီကို ပထမဆုံး ချဉ်းကပ်လာသူ တွေကတော့ အရက်သမား တံငါသည် သုံးယောက်ပါ။
“ဦးလေးတို့ သမီးရဲ့ အလောင်းကို ကျုပ်တို့ရှာပေး နိုင်ပါတယ်။ အလောင်းဘယ်မှ မပေါ်ဘူး ဆိုတော့ ဟောဒီ ရေအောက် တစ်ဝိုက်မှာပဲ ရှိတယ်။ ဦးလေးတို့ ဘယ်လို သဘော ရသလဲ”
ကိုယ့်လက်ပေါ်မှာ ရောဂါ ဝေဒနာ တစ်ခုခုနဲ့ သေဆုံးသွားတာ မဟုတ်ပေမယ့် ဘယ်မိဘ မဆို ကိုယ့်ရင်သွေးရဲ့ ခန္ဓာကိုယ် ကိုတော့လိုချင် ကြတာချည်းပါ။ ရေအောက် တစ်နေရာရာ မှာရှိနေတဲ့ သမီးလေး ကိုတော့ လှလှပပ သဂြုင်္ိဟ်ချင် ကြတာပဲ။ လောကထဲမှာ လူလုပ်စရာ သက္ကရာဇ်တွေ အများကြီး ကျန်နေသေး ပေမယ့် ကံကြမ္မာ ဇာတ်ညွှန်းအတိုင်း ကလိုက်ရတဲ့ သမီးလေးရဲ့ နောက်ဆုံး ခရီးကို မိဘတွေ မျက်နှာ မငယ်ချင်တာ အမှန်ပါ။ ဒီတော့-
“အားကိုးပါတယ်ကွယ်။ ငွေကုန်ချင် သလောက် ကုန်ပစေ။ သမီးလေးကို ပြန်ရရင် တော်ပါပြီကွယ်”
ဖခင်ဖြစ်သူဆီက ကြေကွဲပျံ့လွင့် လာတဲ့ အသံနောက်မှာ အရက်သမား တံငါသည် သုံးယောက်ရဲ့ မျက်နှာတွေ ၀င်းလက်သွားတယ်။ နောက်ပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြတယ်။ အဲဒီ အကြည့် တွေထဲမှာ ခိုဝင်နေတဲ့ အဓိပ်္ပာယ် တချို့ကိုတော့ သူတို့ သုံးယောက်က လွဲပြီး ဘယ်သူမှ မသိနိုင်ပါဘူး။ တံငါသည် အသက် အကြီးဆုံး တစ်ယောက်က-
“ဒါဆိုရင် ပထမဆုံး ကန်တော့ပွဲ တစ်ပွဲ ၀ယ်ရမယ်။ နောက် အရက်နှစ်လုံး ၀ယ်ရမယ်”
ကန်တော့ပွဲ ကတော့ဆည်ကို စောင့်ရှောက်တဲ့ ဆည်တော် သခင်မကို တင်ဖို့လိုတယ်။ အရက်ကတော့ အေးစက်တဲ့ ရေအောက်မှာ အချိန်ကြာကြာ ရှာဖွေ ရမှာမို့ အအေးဒဏ် ကာကွယ်ဖို့ သောက်မှာတဲ့။ ဒါကလည်း အကြောင်းပြချက် တစ်ခုပါ။ အရက်ကို စွဲစွဲမြဲမြဲ သောက်လာတဲ့ သူတွေပဲ။ အလောင်း ဘယ်အရပ်မှာမှ မပေါ်ဘူး ဆိုရင် ရေအောက် တစ်နေ ရာရာမှာ တစ်ခုခုနဲ့ ငြိတွယ်ရပ်တန့် နေပြီဆိုတာ သူတို့သိတယ်။ ရေပြင် ဘယ်နား တစ်ဝိုက်မှာ ရှာရင်တွေ့ နိုင်တယ် ဆိုတာလည်း ရှစ်ဆယ် ရာခိုင်နှုန်းလောက် သေချာပြီးသား။ ဒါကလည်း သူတို့ရဲ့ အတွေ့ အကြုံ အရပေါ့။
“တစ်ယောက်ကို တစ်သောင်းနှုန်း ပေးရမယ် ဦးလေး။ ဒီနေ့ရှာလို့ မတွေ့လို့ နောက်တစ်နေ့ ထပ်ရှာရင် တစ်ယောက်ကို နှစ်သောင်းပါ။ ဒါ ဒီက ထုံးစံပါ”
ထုံးစံဆိုတဲ့ စကားကတော့ သူတို့ ပါးစပ်က အထူး ပြုလုပ်ချက်ပေါ့။ ကာယကံ ရှင်တွေရဲ့ အထူ အပါးကို ကြည့်ပြီး ကြေးပစ်တာ။ ကာယကံရှင် ဘက်ကလည်း သမီး ပြန်ရချင်ဇောနဲ့ သဘော တူရုံမှ တစ်ပါးပေါ့။ ဒါနဲ့ တံငါသည် သုံးယောက် ရေအောက် အလောင်းရှာဖွေ ရေးလုပ်ငန်း စတယ်။ ပထမဆုံး ကန်တော့ပွဲကို တစ်ယောက်က ချီပြီးဆည်ဘက် မျက်နှာမူရင်း တတွတ်တွတ် ရွတ်တယ်။ ဘာတွေ ရွတ်နေတယ် ဆိုတာလဲ ဘယ်သူမှ နားမလည်ဘူး။ ကန်တော့ပွဲ ကိစ္စပြီးတော့ သုံးယောက်သား ဇော်ဂျီမြစ်ကို ထိုင်ကန်တော့တယ်။ အဲဒီ ကိစ္စတွေ ပြီးတော့ ဟုန်းရေတွေ နောက်ကျိနေတဲ့ ရေပြင်အောက်ကို အသီးသီး ငုပ်လျှိုး သွားလေရဲ့။ ရေပြင်ပေါ်ကို ဘွားခနဲပြန် ပေါ်လိုက် ခဏနေ ပြန်ငုပ် သွားလိုက်နဲ့ ဒီမြင်ကွင်းကို ကိုယ့်ထမင်း ကိုယ်စားပြီး ရေပြင်ပေါ်က ပဟေဠိ တစ်ပုဒ်ကို လာကြည့်ကြတဲ့ ပရိသတ် ကလည်း မနည်းပါဘူး။ တကယ်တော့ တံငါသည် သုံးယောက် အလောင်း ရှာနေတဲ့ ရေပြင်ဟာ ဆည်ရင်းကနေ ကမ်းစပ်ဘက်ကို ခွဲထွက်လာတဲ့ ရေစီးကြောင်း အောက်တည့်တည့်မှာ ရှာနေတာ။ ဒါလည်း သူတို့သိထား ပြီးသား တံငါသည်ရဲ့ လျှို့ ၀ှက်ချက် တစ်ခုပါ။ အကြိမ် ကြိမ်ငုပ်လိုက်၊ အကြိမ်ကြိမ် ပြန်ပေါ်လိုက်နဲ့ နာရီဝက်လောက် အကြာမှာ တံငါသည် သုံးယောက် ကမ်းပေါ်ကို ပြန်တက်လာတယ်။ လောလော ဆယ်တော့ သူတို့လက်ထဲမှာ ကလေးမလေး အလောင်း မပြောနဲ့ ခရု သေးသေးလေး တစ်ကောင်တောင် ပါမလာဘူး။ ပြီးတော့ ကမ်းစပ်မှာ အရက်ထိုင် သောက်ကြတယ်။ အရက် နှစ်လုံးကို ခဏလေးနဲ့ ကုန်အောင် သောက်လိုက်ကြတယ်။ သောကတွေနဲ့ တောက်လောင်နေတဲ့ မိဘနဲ့ ဆွေးမျိုး အသိုင်းအ၀ိုင်း ကတော့ အရက် သောက်ပြီးရင် ရေထဲ ပြန်ဆင်းလိမ့်မယ် ထင်ထားပေမယ့်-
“အလောင်းက ဒီနား တစ်ဝိုက်က ရေအောက်မှာ ရှိတာ သေချာတယ် ဦးလေး။ ဒီနေ့တော့ ကျုပ်တို့ အအေး ပတ်ဖျားမှာ စိုးရတယ်။ နက် ဖြန်ဆိုရင် ဦးလေးရဲ့ သမီးကို သေချာပေါက် ရမှာပါ”
နက်ဖြန်ဆိုရင် သူတို့အတွက် တစ်ယောက်ကို နှစ်သောင်းစီ ရမှာလေ။ ဒါ ကြောင့်မို့ နက်ဖြန် ဆိုတာကြီးကို ကောက်ကျစ်တဲ့ နည်းနဲ့ ဆွဲဆန့်ထားတာ။ ငွေနှစ် သောင်းဆိုတာ သူတို့ ငါး တစ်ပတ်စာ ရှာလို့ရတဲ့ ၀င်ငွေထက် အဆပေါင်း များစွာ ရှိနေတာကိုး။ မိုးရွာတုန်း ရေခံတတ်တဲ့ အတတ် ပညာလည်း ဒီတံငါသည် တွေတတ်တယ်။ ကာယကံရှင်တွေ ဘက်ကတော့ စမိမှတော့ အဆုံးထိ ဆိုသလို နက်ဖြန်ဆို တာကို မျှော်လင့်နေရ ဦးမှာပါ။
“တောက်”
ညိုမောင် ပေါက်နေတဲ့ ကွန်ကို ထိုင်ချုပ် နေရာက တောက်ခေါက်လိုက်တယ်။ မေးကြောကြီးတွေ ထောင်လာတဲ့ အထိ အံကိုတင်းတင်း ကြိတ်လို့။ မြစ်ထဲမှာ အရက်သမား တံငါသည် သုံးယောက် အလောင်း ရှာနေတဲ့ သတင်းကို ဒီနေ့မနက် အစောကြီးကမှ ကလေးတစ်ယောက် လာပြောလို့ သိရတာ။ ဒီကောင်တွေ အကြောင်း ညိုမောင် ကောင်းကောင်းသိတယ်။ ဒီလို ဟုန်းရေတက် ချိန်ရောက်တိုင်း မြစ်ထဲမှာ ရေနစ်တာ မျိုးနဲ့ကြုံရင် ဒီကောင်တွေ အတွက် ရိုက်စားပဲ။ အလောင်း မပေါ်ဘူးဆိုလေ အဲဒီ မစ္ဆရိယ ကောင်တွေ ကြိုက်လေပဲ။ ညိုမောင်လည်း ဟောဒီ မြစ်ထဲမှာ ဟုန်း ရေတက်ချိန်ကို အကြိမ်ပေါင်း များစွာ ဖြတ်သန်းခဲ့ ပြီးပြီ။ ဘယ်နေရာမှ အလောင်း မပေါ်ဘူးဆိုရင် ရေအောက် ဘယ်နေရာမှာ အလောင်းရှိ တယ်ဆိုတာ ညိုမောင် သိတာပေါ့။ ဒါက တံငါသည် တွေရဲ့အတတ်ပညာပဲ။ အခုဟာက ရိုးရိုးသားသား မဟုတ်ဘူး။ အပူသည်ကို မီးမြှိုက်တာ။ ကိုယ်ချင်းစာစိတ် ကင်းမဲ့တာ။ ပုထုဇဉ် ထဲမှာ ချမ်းသာသူ ဖြစ်ဖြစ်၊ ဆင်းရဲသူပဲ ဖြစ်ဖြစ် ပရိဒေ၀မီး တောက်လောင်ပြီ ဆိုရင် အချိုးတူ ခံစားရတဲ့ ဝေဒနာ မဟုတ်လား။
ဒါဟာ သောကမျက် ရည်အောက်က ငွေကို ညှစ်ယူတာ။ ညိုမောင် သူ့ရင်ထဲမှာ ဆုံးဖြတ်ချက် တစ်ခု ချလိုက်တယ်။ ပခုံးပေါ်ကို ချုပ်လက်စ ပိုက်ကွန် ဆွဲတင်ပြီး ဇော်ဂျီမြစ် ဆိပ်ကိုခြေလှမ်း ကျဲကြီးတွေနဲ့ ထွက်လာခဲ့တယ်။ ညိုမောင် မြစ်ကမ်း ဘေးရောက်သွားတော့ တံငါသည် အရက်သမား သုံးယောက် လုပ်ငန်း စနေပြီ။ ထုံးစံအတိုင်း ရေအောက်ငုပ်သွားလိုက်၊ ရေပေါ် ပြန်တက်လိုက်ပေါ့။ ကမ်းစပ်ပေါ်က မြက်ခင်း စိမ်းစိမ်းထဲမှာ လက်ကျန်မရှိ တော့တဲ့ အရက်နှစ်လုံးက တုံးလုံးပက်လက်။ ညိုမောင်က သူတို့ရေငုပ်ပြီး အလောင်း ရှာနေတဲ့နေရာနဲ့ အနီးဆုံးကမ်း စပ်မှာ ထိုင်ပြီး ပိုက်ကွန်ချုပ် ဟန်နဲ့ အကဲခတ် နေတယ်။ အရပ်ထဲက လာကြည့် နေကြတဲ့ မျက်လုံးပေါင်း များစွာကလည်း ရေပြင်ပေါ်သာ အာရုံစိုက်လို့။ ခဏ အကြာမှာ တံငါသည် သုံးယောက်စလုံး ကမ်းပေါ်ကို တက်လာတယ်။ သူတို့ပုံစံက ခြေကုန်လက်ပန်း ကျနေတဲ့ ပုံစံမျိုး။ ကလေး မလေးရဲ့ဖခင် ဖြစ်သူကကမ်း ပေါ်ကနေ ဆီးပြီး-
“သူငယ်တို့၊ မတွေ့သေး ဘူးလား။ ဦးလေး ရင်မော လှပြီကွယ်”
တံငါသည် သုံးယောက်ထဲက တစ်ယောက်က လက်ကာပြတယ်။ သဘောကတော့ သူတို့ မောနေလို့ ဘာမှမပြော နိုင်သေးဘူး ဆိုတဲ့သဘော။
အဲဒီမှာတင် အပူလုံး ကြွနေတဲ့ မိခင်က-
“အဖြစ်ဆိုး လှချေလား သမီးလေးရယ်။ အမေတို့ကို ထားခဲ့တာ လားဟင်။ သမီး မလာရင် အမေလာမယ် သမီးရေ။ အမေ လာပြီဟေ့”
ကြေကွဲစိတ်နဲ့ ထိန်းမရ တော့ဘဲ မိခင်ဟာ ယူကျုံး မရဖြစ်ပြီး မြစ်ထဲကို ပြေးဆင်းတယ်။ ဒါပေမဲ့ ကမ်းစပ်မှာ ထိုင်နေတဲ့ ညိုမောင် က ဆတ်ခနဲ ထပြီး အချိန်မီ တားဆီးလိုက်တယ်။ ရုတ်တရက် မှင်တက်မိ နေကြတဲ့ ဆွေမျိုးသားချင်း တွေလည်း အဲဒီတော့မှ မိခင် ဖြစ်သူကို မလွတ်တမ်း ကိုင်ဆွဲထား လိုက်ကြတယ်။
“၀ုန်း”
ရုတ်တရက် ရေပြင်နဲ့ တစ်စုံ တစ်ခုနဲ့ ရိုက်ခတ်မြည် ဟည်းသံကြီး ကြားလိုက်ရတယ်။ တခြားလူ ဟုတ်ရိုးလား။ ညိုမောင်လေ၊ မြစ်ထဲကို ဒိုက်ဗင်ထိုးပြီး ငုပ်ဆင်းသွားတာ။ ရေအောက်မှာ ၅ မိနစ် တောင်မကြာဘူး ထင်ပါတယ်။ “၀ုန်း”ဆို ညိုမောင် ရေပြင် ပေါ် ပြန်တက်လာတယ်။ ညိုမောင့် ပခုံးပေါ်မှာ ဂါဝန် အနီရောင် အပွင့်ရိုက် ကလေးနဲ့ ကလေးမလေး အလောင်း။ ကမ်းစပ်ပေါ်က ကြည့်နေတဲ့ လူတွေဆီက အာမေဍိတ် သံတွေ၊ ငိုယိုသံတွေ၊ အံ့သြသံ တွေနဲ့ ဆူညံ သွားတော့တယ်။ ညိုမောင်ဆိုတာ ဒီ ဇော်ဂျီမြစ်ကို အဆွေ ခင်ပွန်းဖွဲ့ပြီး ၀မ်းစာ ရှာလာတဲ့ သက်တမ်းရင့် တံငါသည် တစ်ယောက်ပဲ။ ဒီရေကြောကို နပ်တာပေါ့။ အရက်သမား တံငါသည် ငစဉ်းလဲ တွေရဲ့ လျှို့ဝှက်ချက်ကို ညိုမောင် သိတာပေါ့။ ဒီကောင်တွေ အလောင်း စရှာတဲ့ နေ့ကတည်းက ရေအောက်မှာ ကလေး မလေးရဲ့အလောင်းကို တွေ့ပြီးသား။ တစ်ခုခုနဲ့ အလောင်းက ငြိနေတာ။ ဘယ်မှ မျောပါ မသွားဘူး။ ဒါကို အလောင်း မတွေ့ လေဟန်နဲ့ ငွေထပ်တောင်းဖို့ ရက်ရွှေ့လိုက်တာ။ သေဆုံးသူ ကလေးမ လေးရဲ့ မိဘ နှစ်ပါးနဲ့ ဆွေမျိုးသားချင်း တွေဆီမှာ ရေပြင်ကို ဖောက်ထွင်း မြင်နိုင်တဲ့ အိတ်(စ)ရေး X-RAY မျက်လုံးတွေမှ မရှိတာ။ သူတို့ လိမ်သမျှ၊ သူတို့ ပြောသမျှပေါ့။ အခုတော့ တံငါသည် အကုသိုလ် သမား အချင်းချင်း အတူတူ အဖြူရောင် နှလုံးသားနဲ့ မဟုတ်မခံ စိတ်ရှိသူ ညိုမောင်ကြောင့် ကလေးမလေး အလောင်းကို မြန်မြန်ဆန်ဆန် မိဘတွေဆီ အပ်နိုင်တာ။ ညိုမောင်က သူပွေ့လာတဲ့ ကလေး မလေးရဲ့ အလောင်းကို မိဘနှစ်ပါး ရှေ့မှာ ညင်ညင်သာသာ ချလိုက်တယ်။ ပြီးတော့ညိုမောင် လှည့်ထွက်ဖို့ ဟန် အပြင်မှာ-
“ဟေ့- သူငယ်၊ ခဏလေး နေပါဦး”
ကလေးမ လေးရဲ့ ဖခင်က ညိုမောင့်ကို လှမ်းတားလိုက်တယ်။ နောက် သူ့ ပိုက်ဆံ အိတ်ထဲက ငွေစက္ကူ တစ်ထပ်ကို ဆွဲထုတ်ရင်း-
“ဒါလေးကိုတော့ မောင်ရင် လက်ခံ ပေးပါနော်”
ညိုမောင်က ငွေစက္ကူ တွေကို တစ်ချက်မှ မကြည့်ဘဲ အလောင်းပိုင်ရှင် သောက သမားကြီး မျက်နှာကို စိုက်ကြည့်ပြီး အဓိပ္ပာယ် ကောက်လို့လွယ်တဲ့ အေးချမ်းမှု အပြုံး သဲ့သဲ့လေးနဲ့ လှည့်ထွက် လာခဲ့တယ်။ ညိုမောင်ဟာ တွက်ချက်ရ ခက်ခဲတဲ့ ပုစ္ဆာတစ်ပုဒ် မဟုတ်ဘူး ဆိုတာတော့ ကလေးမ လေးရဲ့ ဖခင် နားလည် လောက်မှာပါ။ ဈေးကွက် ပျက်သွားတဲ့ အရက်သမား တံငါသည် သုံးယောက်ကတော့ ပါးစပ်နား ရောက်နေတဲ့ ထမင်းလုတ်ကို ပုတ်ချသွားတဲ့ ညိုမောင်ကို မကျေမချမ်း အကြည့်တွေနဲ့ ကြည့်နေလေရဲ့။ ညိုမောင်ကလည်း အဲဒီ အကြည့်တွေရှိ တဲ့ဆီကို ခြေလှမ်းကျဲကြီး တွေနဲ့အရောက် သွားပြီး-
“အကုသိုလ်ဆိုတာ တစ်ခုထက် ပိုလုပ်ရင် သံသရာမှာ အကျည်း တန်တယ်ကွ။ မင်းတို့ မသေမချင်း မှတ်ထား။ တံငါသည် လုပ်ဦးမယ် ဆိုရင် ငါးပဲရှာစား။ အလောင်း ရှာမစားနဲ့”
ညိုမောင်လို တံငါသည် ပါးစပ်က ဒဿနဆန်ဆန် စကားလုံးတွေ လေသံ မာမာနဲ့ ခုန်ဆင်းလာတယ်။ အရက်သမား တံငါသည် သုံးယောက်ကတော့ ညိုမောင့် စကားကို နားလည်မယ် မထင်ပါဘူး။ နောက်ပြီး ညိုမောင့်ကို မကျေမနပ် ဘာမှပြန် မပြောရဲဘူး။ ပြောလိုက်လို့ လက်ရုံး လက်မောင်းတန်းကြ စတမ်းဆိုရင် သူတို့ရဲ့ ပိန်လှီနေတဲ့ ခန္ဓာကိုယ် လေးတွေ စကြ၀ဠာ အပြင်ဘက်ကို လွင့်စဉ် သွားမလားဘဲ။ ဇော်ဂျီမြစ် ထဲက နောက်ကျိပြီး ဒေါသူ ပုန်ထနေတဲ့ ဟုန်းရေတွေ မြစ်ရေသင်ဖြူး ခင်းဖို့ ငါးရက်လောက်တော့ စောင့်ရ လိမ့်ဦးမယ်။

No comments:
Post a Comment