ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, January 12, 2013

တခြားသူတွေအပေါ် လွှဲချလိုက်တဲ့အရာတွေ

 

တခြားသူအပေါ် လွှဲချလိုက်တဲ့အရာတွေ


အသန့်ကြိုက်တဲ့ ကောင်မလေးတစ်ယောက်ဟာ မနက်လင်းတာနဲ့ သူ့အိပ်ခန်းက မှန်ပြတင်းပေါက်ကို ပွတ်တိုက်သန့်ရှင်းနေခဲ့တာ ရက်တော်တော်ကြာနေခဲ့ပြီ။ ဒါပေမဲ့ သူဘယ်လိုပဲ ကြိုးစားပွတ်တိုက်လည်း မှန်ပေါ်မှာရှိတဲ့ အမည်းစက်တစ်စက်က မပြောင်နိုင်ဘဲရှိနေခဲ့တယ်။ အဲဒီအမည်းစက်တစ်စက်ကြောင့် မှန်ပြတင်းတစ်ခုလုံး ညစ်ပတ်တယ်လို့ သူထင်နေခဲ့တယ်။

အဲဒီအတွက်နဲ့ သူခေါင်းရှုပ်နေချိန်မှာ မိခင်ဖြစ်သူက သူ့အခန်းထဲဝင်လာတယ်။ မိခင်ကိုအကျိုးအကြောင်း သူပြောပြပြီး “အဲဒီအမည်းစက်က ဘယ်လိုတိုက်တိုက် တိုက်ရခက်လွန်းတယ်” လို့ ညည်းတော့တယ်။ အဲဒီစကားကိုကြားတော့ မိခင်ကရယ်ပြီး သမီးမျက်နှာပေါ်က မျက်မှန်ကိုချွတ်လိုက်တယ်။ တဆက်တည်းမှာပဲ “သမီး… အမည်းစက်က ဘယ်မှာရှိသလဲ သေချာကြည့်လိုက်ပါ” လို့ပြောတယ်။ တကယ်တော့ ကောင်မလေးက သူ့တပ်ထားတဲ့မျက်မှန်ပေါ်မှာ အမည်းစက်တစ်စက်ကပ်နေကြောင်းကို သတိမထားမိဘဲ ပြတင်းပေါက်မှန်ပေါ်မှာပဲ အမည်းစက်ရှိနေတယ်လို့ ထင်နေခဲ့တယ်။ အဲဒီအတွက် သူ့ကိုယ်သူရှက်မိပါတယ်။
မိခင်ရင်ခွင်ကခွာတာ သိပ်မကြာသေးတဲ့ ခိုတစ်ကောင်ဟာ သူ့အသိုက်ကိုသူ သပ်သပ်ရပ်ရပ် ပြင်ဆင်နေခဲ့တယ်။ ဒါပေမဲ့ သိပ်မကြာဘူး… သူ့အသိုက်မှာ အနံ့ဆိုးတချို့ရတယ်လို့ သူခံစားမိတယ်။ အဲဒီအနံ့ဆိုးကို သူမခံနိုင်ခဲ့ဘူး။ ဒီလိုနဲ့ နောက်အသိုက်တစ်ခုကို သူပြောင်းခဲ့တယ်။ ဒါပေမဲ့ ဒီအသိုက်သစ်မှာလည်း အနံ့ဆိုးကို သူရပြန်တယ်။ ဒီအတွက် ဘယ်လိုဖြေရှင်းရမှန်းမသိဘဲ သူခေါင်းခြောက်နေခဲ့တယ်။ နောက်ဆုံးမှာ သက်ကြီးခိုပညာရှိကို သူသွားရှာခဲ့ပြီး သူ့ဒုက္ခကို ပြောပြလိုက်တယ်။ ခိုပညာရှိက သူညည်းတွားတာတွေကို နားထောင်ပြီးနောက် “မင်း အသိုက်ပဲပြောင်းနေလဲ ဘာမှထူးလာမှာ မဟုတ်ဘူး။ မင်းသည်းမခံနိုင်တဲ့ အနံ့ဆိုးက မင်းအသိုက်ကလာတာမဟုတ်ဘဲ မင်းကိုယ်ပေါ်က ရနေတာမို့ပါ” လို့ ပြောလိုက်တယ်။

ဘဝမှာ ဒီလိုခပ်ဆင်ဆင်အဖြစ်မျိုးတွေ သင်မကြာခဏကြုံခဲ့ရပါသလား!

များသောအားဖြင့် ကျွန်တော်တို့ဟာ မကောင်းတဲ့အကျိုး၊ ရလဒ်တွေကို တခြားအရာ၊ တခြားလူအပေါ် ပုံချတတ်ကြပြီး ကိုယ်ကိုယ်တိုင်အပေါ်မှာ အဖြေရှာဖို့ကိုတော့ မေ့နေတတ်ကြတယ်။ တကယ်တော့ ဒါဟာ စိတ်ပညာဘာသာရပ်ကပြောတဲ့ အကျိုးအကြောင်းဆက်စပ်သက်ရောက်မှုဖြစ်တယ်။ အကျိုးအကြောင်းဆက်စပ် သက်ရောက်မှုဆိုတာ လေ့လာဆန်းစစ်သူတွေက အဆန်းစစ်ခံသူတွေရဲ့ ပြင်ပလှုပ်ရှားမှုနဲ့ အတွင်းစိတ်နေစိတ်ထားကို ဆင်ခြင်သုံးသပ်တာဖြစ်တယ်။


သာမန်အားဖြင့် လူတွေဟာ အပြုအမူတစ်ခု ပြုလုပ်ပြီးနောက် ကိုယ့်အပြုအမူကို ဘယ်လိုဖြေရှင်းချက် ထုတ်တတ်ကြသလဲ? တူညီတဲ့အပြုအမူတစ်ခုမှာ မတူတဲ့လူနှစ်ယောက်ရဲ့ ဖြေရှင်းချက်ကရော တူညီနိုင်မလား? လူတိုင်းရဲ့စည်းကမ်းတကျ လိုက်နာနိုင်မှုကရော တူသလား? မတူတဲ့အကြောင်းအရာက မတူတဲ့လူရဲ့အပြုအမူအပေါ် မတူတဲ့အကျိုးတွေ သက်ရောက်နိုင်သလား? ဒါတွေဟာ လူအများစိတ်ဝင်စားတဲ့ မေးခွန်းတွေဖြစ်တယ်။ စိတ်ပညာရှင်တွေကလည်း ဒီမေးခွန်းတွေအပေါ် ဆန်းစစ်မှုတွေ လုပ်ခဲ့ကြတယ်။ ဒီလိုနဲ့ အကျိုးအကြောင်း ဆက်စပ်သက်ရောက်မှုဆိုတဲ့ ဘောင်တစ်ခုပေါ်လာခဲ့တယ်။


သာမန်အားဖြင့် လူတွေဟာ အပြုအမူတစ်ခုကို အတွင်းစိတ်နဲ့ပြင်ပဆိုပြီး အကျိုးအကြောင်းပြကြတယ်။ ပြုမူသူကိုယ်တိုင်က ကိုယ်ပြုလုပ်လိုက်တဲ့အပြုအမူကို ပြင်ပက ဘေးရပ်ကြည့်သူအပေါ် ဒါမှမဟုတ် တခြားတစ်ယောက်ပေါ် အကြောင်းပြချက်ရှာတယ်။ ပြီးမှ အဲဒီအပြုအမူအပေါ် သက်ရောက်တဲ့ သူ့ရဲ့အတွင်းစိတ်ကို ဖော်ပြတယ်။


သာဓကအနေနဲ့ ပြရရင်--- စာမေးပွဲဖြေပြီးသွားတဲ့ မောင်မောင်ကို အမှတ်မကောင်းလို့ဆိုပြီး အမေဖြစ်သူက ဆူတယ်။ ဒါကို မောင်မောင်က.....

“ဒီတစ်ခေါက်ဖြေတဲ့ စာမေးပွဲက အရမ်းခက်လွန်းတယ်”၊
“ဖြေချိန် မလောက်လို့”၊
“စာမေးပွဲမှာပါမယ့် စာတွေကို သားပြန်မနွေးမိလို့” စတဲ့ ဆင်ခြေတွေပေးတယ်။ ဒါပေမဲ့ မောင်မောင်ရဲ့အမေက “နင် စာထဲစိတ်မပါလို့… စာတွေကောင်းကောင်းမလုပ်လို့” လို့ တပ်အပ်ပြောနိုင်တယ်။


မိန်းမဖြစ်သူ ပန်းကန်ဆေးနေတုန်း ရုတ်တရက် ပန်းကန်ပြုတ်ကျပြီး “ခွမ်း” ကနဲအသံမြည်သွားတယ်။ ဒါကို မိန်းမက “ပန်းကန်ပေါ်က ဆီတွေသိပ်များလို့ လက်ချော်သွားတာ”လို့ ယောက်ျားကိုညည်းပြတယ်။ ယောက်ျားက “ကြည့်ရတာ နင်နမော်နမဲ့လို့ဖြစ်မယ်” လို့ ရယ်ပြီးပြောတယ်။


ဒီသာဓကတွေအတိုင်း ဘဝမှာ ကျွန်တော်တို့အမြဲကြုံတွေ့ရတယ်။ ဒါတွေကိုကြည့်ချင်းအားဖြင့် ကျွန်တော်တို့ဟာ အပြစ်တွေ၊ တာဝန်တွေကို တခြားအရာပေါ်၊ တခြားသူပေါ် ပုံချတတ်ကြောင်း သိပ်ဖြေရှင်းစရာမလိုခဲ့ဘူး။ လမ်းပေါ်မှာ ကားငယ်လေးတစ်စီး ပျက်နေတယ်။ ကားမောင်းသူက လက်တပြပြနဲ့ တခြားကားတစ်စီးစီးက သူ့ကိုအကူအညီပေးဖို့ မျှော်လင့်နေတယ်။ ဒါပေမဲ့ ဘယ်ကားမှ မရပ်ခဲ့ဘူး။ ဒါကို လမ်းသွားလမ်းလာလူတချို့က “တစ်ယောက်ယောက်က သူ့ကိုသွားကူမယ်ဆိုတာသိလို့ ကျွန်တော်တို့လည်း သိပ်ဂရုစိုက်မနေတော့ဘူး” ဆိုတဲ့ စကားတစ်ခွန်းနဲ့ တာဝန်ကိုတခြားသူအပေါ် လွှဲချလိုက်တယ်။ အလုပ်မှာ သူဌေးက လုပ်ငန်းစဉ်ဇယားဆွဲထားတာ မသပ်ရပ်ဘူး၊ အစီအစဉ်မကျဘူးလို့ ဆူတယ်။ ဒါကို ဝန်ထမ်းတွေက သူ့ပေါ်၊ ကိုယ့်ပေါ်လွှဲချကြတယ်။ ပြဿနာကိုဖန်တီးတာ ကိုယ်မဟုတ်ဘူးလို့ လူတိုင်းထင်ကြတယ်။

တကယ်တော့ လောကကြီးအပေါ်မြင်တဲ့ လူတွေရဲ့အမြင်ကို ကျွန်တော်တို့ ထိန်းချုပ်လို့မရနိုင်ပါဘူး။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်ရဲ့ အပြုအမူကို ကျွန်တော်တို့ထိန်းချုပ်လို့ရနိုင်ပါတယ်။ ပြဿနာ၊ အခက်အခဲတွေ့ကြုံချိန်၊ စိတ်ညစ်ဝမ်းနည်းစရာတွေ့ကြုံချိန် ကိုယ့်ကိုယ်ပေါ်ကနေ အကျိုးအကြောင်းရှာတတ်ဖို့က အရေးကြီးပါတယ်။ ငါ အားစိုက်ထုတ်ခဲ့ပြီလား? ငါအစွမ်းကုန်ကြိုးစားခဲ့ပြီလားလို့ ကိုယ့်ကိုယ်ကိုမေးကြည့်ပါ။ အခက်အခဲဖြစ်ရတဲ့ အကြောင်းရင်းကိုရှာပါ။ ကိုယ့်ရဲ့ချွတ်ယွင်းချက်၊ မပြည့်ဝချက်လို့ အတွင်းစိတ်အကြောင်းပြချက်ကို အရင်ရှာပြီးမှ ပြင်ပအကြောင်းပြချက်ကို တွေးတောစဉ်းစားပါ။ ဒီလိုမှ ပြဿနာ၊ ကိစ္စရပ်တွေကို အခက်အခဲမရှိ အပြီးသတ် ဆုံးဖြတ်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။
 

မူရင်း --
http://www.rs66.com/a/1/87/weishimewomenzongshijiangzerenguijiuyubieren_76729_2.html


နိုင်းနိုင်းစနေ ဘာသာပြန်သည်။

No comments:

Post a Comment