ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Friday, January 4, 2013

ဘာစီးနေလဲ



လူတွေတစ်ယောက်နဲ့တစ်ယောက်တွေ့တဲ
့အခါ နှုတ်ဆက်ပုံအမျိုးမျိုးရှိ၏။ ဒါကလည်း သူ့နေရာဒေသအလိုက် ကွဲပြားမှုရှိသည်။ သူ့တိုင်းပြည်၊ သူ့လူမျိုး၊ သူ့စရိုက်ကိုလိုက်ပြီး ခြားနားသွားခြင်းဖြစ်၏။ လက်ဆွဲနှုတ်ဆက်ခြင်း၊ လက်အုပ်ချီခြင်း၊ လက်သီးပေါ်လက်ဝါးအုပ်၍ နှုတ်ဆက်ခြင်း၊ တစ်ဦးနှင့်တစ်ဦးပွေ့ဖက်ခြင်း၊ ပါးချင်းပွတ်ခြင်း၊ ပါးကိုနမ်းရှုံ့ခြင်း၊ ဆလံပေးခြင်း၊
ဦးခေါင်းကိုညွှတ်၍ အရိုအသေပေးခြင်း၊ လက်နှစ်ဖက်ကို ဆုပ်ကိုင်ခြင်း၊ လက်မောင်းကို ဆုပ်ကိုင်ခြင်း စသည်ဖြင့် ကိုယ်အမူအရာသာမက နှုတ်မှလည်း အသံထွက် နှုတ်ဆက်ကြသည်။ ဟဲလို...ဟိုင်း စသည်ဖြင့် ဖြစ်၏။ ဒါကသွားရင်းလာရင်း အချိန်မရတဲ့အခါ အသိအမှတ်ပြုရုံနှုတ်ဆက်ခြင်းဖြစ်
၏။
    အချိန်နည်းနည်းပိုရမယ်ဆိုလျှင်တော့ သင့်တော်ရာစကား တစ်ခွန်းနှစ်ခွန်းလောက် အပြန်အလှန်ပြောကြရသည်။ ဒါကိုပဋိသန္ဓာရစကားဟုခေါ်နိုင်သည်။ အနောက်နိုင်ငံ (အထူးသဖြင့် ဥရောပနိုင်ငံများ)ရှိလူတွေက အချင်းချင်းတွေ့လျှင်-
    "ဒီနေ့ ရာသီဥတုသာယာတယ်နော်"
    "ဟုတ်တယ်၊ ပြီးခဲ့တဲ့ နှစ်ရက်သုံးရက်ကတော့ ဒီတစ်သက် နေရောင်ကိုမှ မြင်ခွင့်ရပါတော့မလားလို့တောင် ထင်မိတယ်ဗျာ"ဟု ပြောလေ့ရှိကြ၏။ ဒါကလည်း သူတို့နိုင်ငံတွေမှာ နေရောင်ကို သိပ်မမြင်ရဘဲ အုံ့မှိုင်းနေလေ့ရှိ၏။ ဒါကြောင့် ရာသီဥတုကို အမြဲယိုးမယ်ဖွဲ့နေကြရ၏။ ကျွန်တော်တို့ဆီမှာ "မိုးကလည်း ကောင်းလိုက်တာနော်"  "ဒီနွေက တော်တော်ပူတာပဲဗျ "ဟု ပြောကြသလိုမျိုးပေါ့။
    ကျွန်တော်တို့ဆီမှာ များသောအားဖြင့် နှုတ်ဆက်ကြတာကတော့-
    "နေကောင်းလား"
    ဒါကသူတို့ဆီမှာ ရာသီဥတု အမြဲဆိုးနေသလို ဒီကလူတွေလည်း အမြဲဖျားနာနေသောကြောင့် မဟုတ်ပါ။ ကျွန်တော်တို့က ကျန်းမာရေးသည် အရေးအကြီးဆုံးဟု ခံယူထားခြင်းကိုသာ ကိုယ်စားပြုတာဖြစ်ပါသည်။
    လမ်းမှာတွေ့လျှင် "ဘယ်သွားမလို့လဲ"ဟု မေးတတ်သည်။ တစ်ခါတစ်လ"စားပြီးပြီလား" မေးသည်။ "ကျောင်းသွားမလို့လား"၊ " ဈေးကပြန်လာတာလား" စသဖြင့် အခြေအနေကို လိုက်ပြီးမေးတာမျိုးလည်းရှိသည်။
    ခုနောက်ပိုင်းမှာတော့ နှုတ်ဆက်စကားပြောပုံအသစ်တွေထပ်ပေါ်လာသည်။
    ပညာရှင် အချင်းချင်းတွေ့တဲ့အခါမှာတော့-
    "ဘာတွေ့ထားသေးလဲ"
    ဆိုသော စကားကိုသုံးသည်။ တစ်ဦးနှင့်တစ်ဦး အလွယ်တကူရင်းနှီးကျွမ်းဝင်ဖို့ အဆင်ပြေဆုံး နှုတ်ဆက်စကားလိုဖြစ်နေလေသည်။
    ကားဝယ်စီးနိုင်သော အလယ်အလတ်အလွှာကလူတွေကျတော့ တစ်မျိုးဖြစ်၏။
    ခုချိန်မှာ ကားဝယ်စီးခြင်းသည် သွားလာရေး အဆင်ပြေလိုအပ်ချက်ကြောင့်၊ ဒါမှမဟုတ် လူကုံထံအဖြစ် ဂုဏ်ရှိဖို့အတွက်ကြောင့်ချည်းပဲ မဟုတ်တော့။ စီးပွားရေး သဘောတွေလည်း ပါလာသည်။
    ငွေပိုငွေလျှံလေးလည်းရှိလျှင် ကားလေးတစ်စီး ဝယ်ထားလိုက်တာက ဘဏ်တိုးထက် ပိုကိုက်သည်ဟု ယူဆကြသည်။ ကားဝယ်စီးလျှင် စီးလည်းစီးရသည်။ လူအထင်ကြီးလည်းခံရသည်။ လိုအပ်လျှင် ငွေဖော်ဖို့လိုသည်။ လုပ်တတ်ကိုင်တတ်လျှင် အမြတ်အစွန်းလည်းရှိသည်။ အမြတ်ခွန်ကို ပွတ်ကာသီကာ တိမ်းရှောင်နိုင်သည်။ အလွယ်ကူဆုံး စီးပွားရေးလုပ်ငန်းတစ်ခုလိုလည်း ဖြစ်နေ၏။ တခြားလုပ်ငန်းတွေလို ကရိကထမများလှ။ စာရင်းဇယားတွေ လုပ်စရာမလို။ ကိုယ်လက်ရှိလုပ်နေသော လုပ်ငန်းကိုလည်း အနှောင့်အယှက်မဖြစ်။ ထို့ကြောင့် ငွေကလေးရှိလျှင် ကားဝယ်တတ်တာ ခေတ်စားလာသည်။
    ဟိုအရင်ကဆိုလျှင် ကားဝယ်စီးနိုင်သော လူတန်းစားကို အထက်တန်းလွှာဟုခေါ်သည်။ ခုတော့ လူလတ်တန်းစားတွေ ကားဝယ်စီးနေပြီ။ အရင်က ကားတစ်စီးဝယ်ပြီးလျှင် နှစ်ပေါင်းများစွာကြာအောင် စီးသည်။ ကိုယ့်ကားကို တစ်လက်ကိုင်အဖြစ် ဂုဏ်ယူကြသည်။ တစ်ယောက်ယောက်ကို ညွှန်းချင်လျှင်ပင်-
    "ဖီးယက်ကားအနီလေးနဲ့ ကျောင်းလာတက်တဲ့ ကောင်မလေးလေ"
    "မာစီးဒီးရှိတဲ့အိမ် ဘယ်နားမှာလဲ"
    ဆိုတာမျိုးနှင့် လူနှင့်ကားကို ထပ်တူပြုကြသည်။ ခုနောက်ပိုင်းကျတော့ ကားတစ်စီးကို ကြာကြာမစီးကြတော့။ မြတ်လျှင် ပြန်ရောင်း၊ နောက်တစ်စီးဝယ်၊ ဈေးကိုက်လျှင် ပြန်ထုတ်၊ ကားထည်လဲစီးသလိုလည်းဖြစ် အမြတ်လည်းရ။
    ထိုအခါလူတစ်ယောက်ကို သူစီးနေကျကားနှင့် တွဲပြီး မှတ်လို့မရတော့။ ဒီနေ့ပစ်ကပ်ကားစီးပေမယ့် နောက်လကျတော့ ဆလွန်းကားဖြစ်ချင်ဖြစ်နေသည်။ နောက်သုံးလေးလအကြာမှာ ဗင်ကားပေါ်မှာ တွေ့ချင်တွေ့ရသည်။ ဒီတော့ သူတို့လိုလူတွေအချင်းချင်း တွေ့ကြတဲ့အခါ နှုတ်ဆက်တဲ့စကားက-
    "ဘာစီးနေလဲ"
    ဟူ၍ဖြစ်လေ၏။ ထိုအခါ အမေးခံရသူက-
    "ပတ်ဘလစ်ကာလေးတစ်စီး ဆွဲထားတယ်ဗျာ"
    "ဒါဆို မြတ်နေပြီပေါ့၊ ဈေးမြောက်နေတာပဲ"
    "သိပ်တော့ မကိုက်သေးပါဘူး၊ ကျွန်တော်ဝယ်တုန်းကလည်း ဈေးနည်းနည်းများသွားတယ်၊ ဒါနဲ့ခင်ဗျား ဖင်ထောင်လေးရော"
    "စူပါဆလွန်းနဲ့ လဲလိုက်တယ်လေ၊ နည်းနည်းတော့ လိုက်ရတာပေါ့"
    စသည်ဖြင့် လူထက်ကားကို ပို၍ ဂရုစိုက်ပြီးမေးကြ ဖြေကြသည်။
    ဒီလိုလူစားတွေထဲမှာ ကျွန်တော်မပါရှိပါ။ ကျွန်တော်က ကားလည်းမဝယ်စီးနိုင်သေး။ သို့ရာတွင် ကျွန်တော့်အပေါင်းအသင်းတွေထဲမှာ "ဝယ်စီး...ရောင်း" တွေရှိသည်။ အထူးသဖြင့် သင်္ဘောသားတွေဖြစ်၏။
    ဒီကောင်တွေက တစ်ခေါက်ပြန်လာလျှင် ကားတစ်မျိုးလဲစီးတတ်သည်။ သင်္ဘောပြန်မတက်ခင်အတွင်းမှာလည်း ခရီးသွားဟန်လွဲ ဝယ်ရောင်းလုပ်တတ်သည်။ သူတို့ကားရောင်း ကားဝယ်ကားကြည့်လုပ်တဲ့အခါ ကျွန်တော့်ကို အဖော်ခေါ်တတ်သည်။ ကျွန်တော်ကလည်း စာရေးဆရာတစ်ယောက်အနေဖြင့် ဗဟုသုတရှိထားဖို့လိုသဖြင့် လေ့လာရေးကွင်းဆင်းသည့် သဘောထားပြီး လိုက်သွားလေ့ရှိသည်။
    ဒီလိုနဲ့ ကားဝယ်ရောင်းတချို့၊ ကားပွဲစားတချို့နဲ့ခင်မင်သိကျွမ်းခွင့်ရသည်။ သူငယ်ချင်းတွေက ကားတစ်စီးကိုကြည့်ပြီးလျှင်-
    "ဟေ့ကောင် ဘယ်လိုလဲ မင်းကြိုက်လား"
    ဟု မေးတတ်သည်။ ထိုစကားမှာ ကျွန်တော့်ကို ဆရာတင်ခြင်းဟု ထင်စရာရှိသည်။ အမှန်မှာ သူတို့လူလည်ကျခြင်းသားဖြစ်၏။ ကျွန်တော်ကကြိုက်တယ်ပြောလည်း ဝယ်ချင်မှဝယ်တာ၊ ကျွန်တော်က အင်တင်တင်လုပ်ပေမယ့် ဝယ်ဖြစ်ချင်လည်း ဝယ်ဖြစ်သွားတာပါပဲ။ မတော်တဆ ရောင်းမှားဝယ်မှားဖြစ်လို့ သူတို့မိန်းမတွေက အပြစ်ပြောလာတဲ့အခါ-
    "ဟာ ဟိုကောင်နဲ့သေသေချာချာ တိုင်ပင်ပြီး ဝယ်တာပဲ"
    ဟု ကျွန်တော့်ကိုပါ တရားခံစားရင်းထဲ ဆွဲထည့်လို့ရအောင် အဖော်ညှိထားခြင်းသာဖြစ်၏။ ဘာပဲဖြစ်ဖြစ် ကားပွဲစားတွေ၊ ဝယ်ရောင်းတွေကတော့ ကျွန်တော့်ကို အထင်ကြီးချင်ကြသည်။ သင်္ဘောသားတွေကတောင် တိုင်ပင်ပြီး အဆုံးအဖြတ် တောင်းခံရတယ်ဆိုတော့ ကားအကြောင်းတော်တော်ကျွမ်းတဲ့ ဆရာကြီးတစ်ဆူ ဖြစ်မှာပဲဟု တချို့ကထင်ကြသည်။ အမှန်တော့ ကျွန်တော်ကသာ သူတို့ဆီက ပညာတွေလေ့လာသင်ယူနေရခြင်းဖြစ်၏။ အစတုန်းကဆို "စူပါရုဖ်"ဆိုလို့ ဘာများထူးခြားလဲဆိုပြီး ကားအမိုးကိုလက်နှင့်ခေါက်ကြည့်ခဲ့ရတဲ့ ကောင်မျိုးလေ။
    သူတို့ကတော့ ဒီပုဂ္ဂိုလ်ဟာ သင်္ဘောသားတွေရဲ့ ဆရာပဲဆိုပြီး တစ်ခါတစ်လေ ရောင်းမည့်ကား၏ အားသာချက်များအကြောင်း ရှင်းပြရာမှာ တကယ်ဝယ်မယ့်ကောင်တွေကို ကျော်ပြီး ကျွန်တော့်ကို အဓိကထားရှင်းပြနေတာမျိုးတောင်ကြုံရသည်။ ပြီးတော့ သူတို့စိတ်ထဲမှာ ဒီလောက်ကျွမ်းတဲ့ပုဂ္ဂိုလ်ဟာ ကိုယ်တိုင်လည်း ကားအမျိုးမျိုး ထည်လဲစီးနိုင်တဲ့သူမျိုးဖြစ်မှာပဲဟု ယူဆထားကြပုံရလေသည်။
    ဒီလိုနဲ့တစ်ရက်မှာတော့ ကားဝယ်ရောင်း ပွဲစားတစ်ယောက်နှင့် မြို့ထဲမှာဆုံသည်။ သူက သူတို့လောကသားတို့ထုံးစံအတိုင်း-
    "ဘာစီးနေလဲ"
    ဟု အထင်ကြီးစွာမေးသည်။ ကျွန်တော်က-
    "BM-20"
    ဟု ဖြေလိုက်သည်။ သူ ဦးနှောက်စားသွားသည်။ ကားလောကမှာ မျောက်ခေါင်း၊ ဖင်ကောက်၊ ဘောင်ပျောက်စသည်ဖြင့်။ တချို့ကျတော့ ကား၏ မျိုးကွဲအမည်ကိုဖြစ်စေ၊ ဝိသေသကိုဖြစ်စေခေါ်ကြသည်။ လီမိတက်၊ ဂျီတိုးရင်း၊ အီးဒီ၊ အက်စ်အာတူး၊ မတ်တူး စသည်ဖြင့်။
    ဒီတော့ ကျွန်တော်၏ BM-20 ကိုလည်း ဒီသဘောမျိုး သူစဉ်းစားမည်။ ကြားဖူးနေကျ အမျိုးအစားမဟုတ်သောကြောင့် ရှားပါးအဖိုးတန်ကားမျိုးဟု ထင်ချင်လည်းထင်မည်။ BM ဆိုတာ ဂျာမနီနိုင်ငံလုပ် ကမ္ဘာကျော် BMW ကားကို အတိုကောက် ခေါ်တာလား၊ 20 ဆိုတာရော အင်ဂျင်ပါဝါတူးပွိုင့်ဇီးရိုးကို ခေါ်တာလားဟု တွေးချင်တွေးမည်။ သူသည် ဝယ်ရောင်းလောကမှာ ဆရာတစ်ဆူဖြစ်သောကြောင့် BM-20 ကိုမသိပါဟုဆိုလျှင် သိက္ခာကျနိုင်သည်။ ထို့ကြောင့် သိသလိုလိုပုံစံဖြင့်-
    "ဩော်....ဩော်..ဒါနဲ့ ဘယ်လောက်ပေးလိုက်ရသလဲ"
    ဟု မေးသည်။ ကျွန်တော်က-
    "သိပ်မပေးလိုက်ရပါဘူး၊ သုံးရာလောက်ပါပဲ"
    ခပ်ပေါ့ပေါ့လေသံဖြင့် ဖြေလိုက်၏။ သူက-
    "အင်း....ဈေးကတော့ သိပ်မသေးလှဘူးနော်"
    ဟု ပခုံးတွန့်၍ပြောပြီး" နောက်ကြုံမှစီးကြည့်ဦးမယ်ဗျာ" ဟု ပြောပြီးထွက်သွားသည်။ သူသည် ပလက်ဖောင်းပေါ် ရပ်ထားသော ကားတွေထဲမှာ ပုံဆန်းဆန်းကားမျိုးများရှိမလားဟု မျက်လုံးကစားပြီး ဝေ့ကြည့်သွားသေးသည်။ ကျွန်တော် ပြုံးလိုက်မိ၏။ ကျွန်တော်ပြောသည့် BM-20 ဆိုသည်မှာ သူထင်သလို မော်တော်ကားမဟုတ်။ ကျပ်သုံးရာနှင့် ဝယ်ထားသော မိုးတွင်းစီးရော်ဘာဖိနပ်ပင်ဖြစ်လေ၏။
--------------------------------------------
မင်းလူ
ဝယ်သူ့စိတ်ကြိုက်ဂျာနယ်။
၁၈-၉-၂၀၀၁။

No comments:

Post a Comment