ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, January 26, 2013

ဂန္ဒဝင်အိပ်မက်(၁)



ဤစာအုပ်ကို ရေးဖို့ စိတ်ကူးသန္ဓေတည်ခဲ့တာ လွန်ခဲ့သော ဆယ့်ခြောက်နှစ်ကျော်ကျော်ကပင်ဖြစ်၏။ မူလက ကဗျာအဖြစ်ရေးခဲ့ခြင်းဖြစ်ပါသည်။ ကလျာမဂ္ဂဇင်းကို စတင်ထုတ်ဝေဖို့ စီစဉ်ကြတော့ ကျွန်တော့်အစ်ကိုကြီးမောင်ဝဏ္ဏက အတိုင်ပင်ခံအယ်ဒီတာ အဖြစ်ဆောင်ရွက်သည်။ သူကမဂ္ဂဇင်းအမှတ်တစ်အတွက် ကဗျာတစ်ပုဒ် ရေးဖို့ကျွန်တော့်ကို တာဝန်ပေးသည်။

ကျွန်တော်က ကဗျာတစ်ပုဒ် ရေးပေးလိုက်သည်။ ထိုကဗျာသည် ဟိုအချိန်က စံနှုန်းနှင့်ကြည့်လျှင် မော်ဒန်
ဆန်သည်ဟု ဆိုနိုင်သည်။ ကလျာမဂ္ဂဇင်းမှာ ရိုးရိုးယဉ်ယဉ်ကလေးထွက်လာဖို့ မူချထားသည်ဆို၏။ ထို့ကြောင့် ကိုဝဏ္ဏက...
"ပထမဆုံးလမှာတော့ သိပ်အဆန်းထွင်လို့မကောင်းသေးဘူးကွ၊ ဒါကြောင့် မင်းကဗျာကို နောက်လမှ
သုံးတော့မယ်"ဟုဆိုသည်။ အမှတ်တစ်မှာ ကျွန်တော့်ကဗျာ ပါမလာ။ အမှတ်နှစ်ကျတော့ ကဗျာဖောင်ကို စာစီပြီး ရိုက်ဖို့အဆင်သင့်ဖြစ်နေသော အချိန်ကျမှ မန္တလေးမှ ဆရာတစ်ယောက်၏ ကဗျာက ကပ်ပြီးရောက်လာသည်။
အသက်ရော၊ ပညာရော၊ ဝါပါကြီးသောဆရာဖြစ်သောကြောင့် မီတဲ့လမှာ မဖြစ်မနေထည့်ပေးမှ သင့်တော်မည်။
ဒီတော့ ထည့်ဖို့ အဆင်သင့်ပြင်ပြီးသား ကဗျာတစ်ပုဒ်ကို ဖြုတ်ပစ်ရတော့မည်။ ကိုဝဏ္ဏသည် လူရင်းကိုဦးစားပေးသည့်အနေနှင့် ကျွန်တော့်ကဗျာကို ဖြုတ်လိုက်လေတော့သည်။ အမှတ်နှစ်မှာလည်း ကျွန်တော့်ကဗျာ မပါတော့။

အမှတ်သုံးကျတော့ကော။ ကံဆိုးချင်တော့ စာပေဆိုင်ရာ မူဝါဒအပြောင်းအလဲတစ်ခုဖြစ်လာသဖြင့် မဂ္ဂဇင်းမှာ ကာရန်လုံးဝမဲ့သည့်ကဗျာကို ထည့်သွင်းဖော်ပြဖို့အခက်အခဲရှိလာသည်။ ဒီလိုနဲ့ ကျွန်တော့်ကဗျာသည် ကလျာမဂ္ဂဇင်းမှာ ပါဝင်ခွင့်မရတော့ဘဲ ကျွန်တော့်လက်ထဲ ပြန်ရောက်လာသည်။
ဒီကြားထဲမှာ ထိုကဗျာကို ကိုဝဏ္ဏက ဆရာအောင်ပြည့်ကို ပြခဲ့သည်ဟုဆို၏။ ဆရာပြည့်က...

"စိတ်ကူးလေးကောင်းတယ်ကွ၊ ဝတ္ထုအဖြစ်နဲ့ပြန်ရေးပါလား"ဟုအကြံပေးသည်။ ကျွန်တော်ကလည်း ထိုစဉ်က ကဗျာအနေနဲ့သာ စိတ်ထက်သန်နေသောကြောင့် ဘာမှမလုပ်ဘဲသိမ်းထားလိုက်သည်။ နောက်တစ်နှစ် နှစ်နှစ်အကြာ ထိုကဗျာကို ပြန်ဖတ်ကြည့်ပြီး ဆရာပြည့်ပြောသလို ဝတ္ထုအဖြစ်ရေးလျှင်ကောင်းမည်ဟု ယူဆလာမိပြန်သည်။ သို့ရာတွင် မရေးဖြစ်သေး။
နှစ်အနည်းငယ်ကြာသောအခါ ဝတ္ထုတိုအဖြစ်ရေးတာထက် မဂ္ဂဇင်းဝတ္ထုရှည်အဖြစ်ရေးလျှင် ပိုပြီးပြည့်စုံမည်ဟု တွေးမိပြန်၏။ နှစ်မျက်နှာသုံးမျက်နှာလောက် ရေးပြီးနောက် ဆက်မရေးဖြစ်ဘဲ ရပ်သွားပြန်သည်။

ထို့နောက်တွင် မေ့မေ့ပျောက်ပျောက် ဖြစ်နေလိုက်ပြန်သည်။ လုံးဝမေ့သွားတာတော့ မဟုတ်။ တစ်ခါတစ်ခါ
သတိရပြီး တစ်နေ့နေ့တော့ ရေးကိုရေးမည်ဟု တေးထားခြင်းသာဖြစ်၏။
ခုနောက်ပိုင်းမှာတော့ ကျွန်တော်သည် တခြားစာတွေရေးနေရင်းကပင် ထိုဝတ္ထုကလေးကို မေ့လျော့ထားမိ
သလိုလည်း ခံစားလာရသည်။
ထို့ကြောင့် ဒီတစ်ခါတော့ ပြီးအောင်ရေးမည်ဟု ဆုံးဖြတ်လိုက်သည်။ လုံးချင်းဝတ္ထုပါးပါးလေးအဖြစ် ရေးဖို့လည်း စိတ်ကူးမိသည်။

ဤဝတ္ထုတွင် ပါဝင်သော ဇာတ်ကောင်များမှာ အပြင်လောကမှာ တကယ်ရှိခဲ့သော၊ ရှိနေဆဲဖြစ်သော နာမည်ကျော်ပုဂ္ဂိုလ်များဖြစ်ကြ၏။ ဝတ္ထုထဲက အဖြစ်အပျက်တွေကတော့ တကယ်မဟုတ်။ ကျွန်တော့်ဘာသာစိတ်ကူးယဉ်ပြီး ဇာတ်လမ်းဆင်ထားခြင်းဖြစ်၏။ နောက်တစ်ချက်ကတော့ ပါဝင်သော ဇာတ်ကောင်များသည် ခေတ်ပြိုင်များမဟုတ်ကြခြင်းပင်ဖြစ်၏။
ဟိုးနှစ်ပေါင်းများစွာက လူတွေရော၊ ခုခေတ်မှာ ရှိနေဆဲလူတွေကိုပါ ကာလတစ်ခုတည်းတွင်ရောနှော၍
ဇာတ်လမ်းထဲမှာ လှုပ်ရှားအသုံးတော်ခံစေခြင်းဖြစ်၏။

ဒီနေရာမှာ တင်ပြစရာတစ်ခုရှိပါသည်။ ဝတ္ထုထဲမှာပါဝင်သော ဇာတ်ဆောင်များနှင့် ပက်သက်၍ သူတို့အကြောင်း တီးမိခေါက်မိရှိထားလျှင် ပို၍ဖတ်လို့ကောင်းပါလိမ့်မည်။ စာဖတ်များခဲ့သူတွေအတွက်တော့ပြဿနာရှိနိုင်မည်
မထင်ပါ။ ဇာတ်လမ်းအသားပေး ဝတ္ထုမျိုးကိုသာဖတ်ချင်သူများအတွက်တော့ "ဘာတွေရေးထားမှန်းလဲ မသိဘူး" ဟုပြောစရာဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ ဖတ်ရတာ အခက်အခဲရှိခဲ့လျှင်တော့ အနူးအညွှတ်တောင်းပန်ပါသည်။
'ဒါသက်သက်စတန့်ထွင်တာပါ'ဟု စွပ်စွဲလျှင်လည်း 'ဟုတ်ပါတယ်ခင်ဗျာ'ဟုဝန်ခံရပါမည်။ စာရေးဆရာဆိုတာ တစ်ခါတစ်ခါ ခုလိုစိတ်ကူးအသစ်အဆန်းကလေးမျိုးကို စာဖတ်ပရိသတ် ရှေ့မှောက်စမ်းသပ်တင်ပြပြီး အစစ်ဆေးခံချင်တတ်သော 'ဉာဉ်'ကလေးရှိတတ်ပါသည်။

ဘာပဲဖြစ်ဖြစ်....ဤဝတ္ထုသည် မြန်မာစာပေလောကတွင်တစ်ခါမှ မပေါ်ပေါက်ဖူးသေးသော စာအုပ်
ဖြစ်ကြောင်းကိုတော့ ရဲရဲဝံ့ဝံ့ အာမခံပါသည်။ (ဟုတ်တယ်လေ၊ ခုမှ ပထမအကြိမ်ထုတ်ဝေလိုက်တာကိုး။)

လေးစားချစ်ခင်လျက်
မင်းလူ

* * * * *

တော်စတွိုင်းသည် အိမ်ခန်းတံခါးကိုပိတ်ပြီး သော့ခတ်လိုက်သည်။ ထုံးစံမို့သာ သော့ခတ်ရခြင်းဖြစ်၏။ ဒီအတိုင်း ဖွင့်ထားခဲ့လည်း စိတ်ချရတာပါပဲ။ သူတို့ရပ်ကွက်က လူရိုးလူကောင်းတွေချည်းနေကြသောကြောင့်တော့မဟုတ်။ အိမ်ထဲမှာ ခိုးစရာ အဖိုးတန်ပစ္စည်းမည်မည်ရရ မရှိသောကြောင့် သာဖြစ်၏။ သော့ဆိုသည်မှာ ခတ်ဖို့ထားခြင်းဖြစ်၏။
သော့ဝယ်ထားပြီးမှ မခတ်ဘဲ ထားလျှင် ဘာအဓိပ္ပါယ်ရှိတော့မလဲ။ နောက်တစ်ချက်ကလည်း သူခိုးဆိုတာ မခိုးခင်စနည်းနာတတ်သေးသည်။ အိမ်အခြေအနေ၊ အိမ်ရှင်တို့၏ စီးပွားရေးအခြေအနေ ကို လေ့လာပြီးမြိုးမြိုးမြက်မြက်ရလောက်တယ်ထင်မှ ဝင်ခိုးမှာပေါ့။ ဒါမှလည်း စွန့်စားရကျိုးနပ်မှာပေါ့။

သူ့အိမ်ကိုတော့ ဘယ်သူခိုးကမှ အဖက်လုပ်ပြီး ဝင်ခိုးလိမ့်မည်မထင်။ ရှားရှားပါးပါး စာပေဝါသနာရှင်သူခိုး
ဆိုလျှင်တော့ မပြောတတ်။ သူချမ်းသာသမျှက စာအုပ်တွေချည်းပဲကိုး။ သူတော်ကောင်း သူခိုးဆိုလျှင်တော့ သနားပြီး ပါတာလေးတောင် ထားသွားကောင်းထားသွားလေမလားမသိ။ သို့ရာတွင် သူခိုးဆိုမှတော့ စကတည်းက ယူဖို့သာ ရည်ရွယ်ပြီး လာခဲ့တာမဟုတ်လား။ အင်းပေါ့လေ၊ ခမျာများမှာလည်း မရှိလို့ ခိုးစားကြရရှာတာပေါ့။ ရှိမှတော့ ဘယ်ခိုးတော့မလဲ။ ဝှက်ပဲဝှက်တော့မှာပေါ့။ ရှိတဲ့လူတွေက သူတို့ပိုင်ဆိုင်တာတွေကို လုံခြုံအောင်ဝှက်ထားကြပြီး မရှိတဲ့လူတွေက ဒါကို ရအောင်ရှာယူခြင်းကို 'ခိုးသည်'ဟု အဓိပ္ပါယ်ဖွင့်ဆိုကြတာပါပဲ။

သူသည် ဆင်းရဲသားများအပေါ် အမြဲစာနာတတ်သူပီပီသူခိုးတွေအတွက်တောင် ဖေးဖေးမမတွေးမိလိုက်သေးသည်။ အပြင်ထွက်တဲ့အခါတိုင်း အိမ်ကိုသော့ခတ်သွားရတာက အိမ်စောင့်မရှိသောကြောင့်ဖြစ်၏။ အိမ်ကို စောင့်ရှောက်မယ့်လူ
လုံးဝမရှိတာတော့မဟုတ်။ ခုလောလောဆယ် မရှိခြင်းသာဖြစ်၏။
အိမ်ကိုသော့ခတ်ထားခဲ့ရတဲ့အခါတိုင်း ရင်ထဲမှာ မချိလှ။ အရင်က သာသာယာယာ စိုစိုပြည်ပြည်ရှိခဲ့သော အိမ်ကလေးသည် ခုတော့ တိတ်ဆိတ်ခြောက်ကပ်နေသည်။ ဒါ မိမိမှာသာအပြစ်မကင်းခြင်းဖြစ်သည်ဟု အမြဲခံစားရသည်။

အခြေအနေအရ ဇနီးနှင့်သားသမီးများကို သူတို့ရွာမှာ ခဏပြန်နေခိုင်းထားရသည်။ ခဏဆိုသော်လည်း ခြောက်လလောက်တောင်ကြာခဲ့ပြီ။ ဒီတစ်မိုးကုန်ရင်တော့ ပြန်ခေါ်နိုင်ကောင်းပါရဲ့ ဟုတွက်ဆထားသည်။ သူတို့ကို ပြန်မခေါ်နိုင်ဘဲ ကိုယ်ကိုယ်တိုင်ပါရွာမှာသွားလိုက် နေရ တာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်သည် ဆိုသောအတွေးက ကပ်ပါလာပြန်သည်။
သူတို့လမ်းက မိုးတွင်းဘက်ဆို သိပ်မကောင်းလှ။ မြေသားလမ်းအဖြစ်သာ ရှိနေသေးသဖြင့် ဗွက်ပေါက်ချင်သည်။ ဒီနှစ်မိုးဦးကလည်း ကောင်းခဲ့သဖြင့် တချို့နေရာတွေမှာ ချိုင့်ကျင်းတွေ ဖြစ်နေပြီး ရေတွေအိုင်နေတတ်သည်။ အိုင်ထဲက ရေများသည်
အပေါစား ဆေးဆိုးလက်ဖက်ခြောက်နှင့်ဖျော်ထားသည့် လက်ဖက်ရည်နှင့်တူနေသည် ဟု စာရေးဆရာပီပီ အလင်္ကာနှင့်တွေးမိသေး၏။

လမ်းထိပ်ရောက်တော့ ချက်ကော့ကိုဝင်ခေါ်သွားဖို့ သတိရသည်။ ထို့ကြောင့် ချက်ကော့တို့လမ်းဘက်သို့ ချိုးကွေ့ဝင်လာခဲ့သည်။ သူတို့လမ်းက အမြင့်ပိုင်းကျသဖြင့် နည်းနည်းပိုကောင်းသည်။ ရေအိုင် ခပ်သေးသေးလေးတွေသာရှိ၏။
ချက်ကော့သည် သူနှင့် နဂိုကတည်းက ခင်မင်ခဲ့သူဖြစ်၏။ မြို့သစ်ကိုပြောင်းလာကြပြီး တစ်ရပ်ကွက်တည်းနေဖြစ်ကြသောအခါ ပို၍တွဲမိလာသည်။ တစ်ယောက် အကြောင်း တစ်ယောက်နားလည်ကြသဖြင့် ပေါင်းရသင်းရတာ အဆင်ပြေသည်။ စာပေနယ်ထဲမှာ
ရုန်းကန်လှုပ်ရှားနေကြရသော ဘဝတူများဖြစ်သောကြောင့်လည်း အပြန်အလှန်စာနာမှုရှိ၏။

ချက်ကော့က ဝတ္ထုတိုအရေးကောင်းသူဖြစ်၏။ သူ၏ဝတ္ထုတိုများကို စာပေဝေဖန်ရေးဆရာများက ချီးကျူးကြသည်။ ချီးကျူးရုံသာ ချီးကျူးနိုင်သည်။ စားဝတ်နေရေး ပြေလည်ဖို့တော့ သူတို့လည်း မတတ်နိုင်ကြ။ ထို့ကြောင့် ဝတ္ထုတိုမှ ရသည့် စာမူခဖြင့်မိသားစုဘဝကို
ထိန်းထားနိုင်ဖို့အခက်အခဲရှိသည်။ ဒီအချက်ကပင် ချက်ကော့၏ အိမ်ထောင်ရေးအဆင်မပြေမှု၏ အကြောင်းရင်းဖြစ်လေ၏။
ခုပဲကြည့်။ ချက်ကော့၏ အိမ်ရှေ့မှာ ရပ်လိုက်စဉ်မှာပင် အိမ်ထဲကချက်ကော့မိန်းမ၏ အသံစာစာကိုကြားနေရပြီ။
"ဘာတဲ့၊ ဝတ္ထုတိုရွှေခေတ် ရောက်တော့မှာပါတဲ့၊ ဟုတ်စ.... ဟား ဟား၊ ရယ်များတောင် ရယ်လိုက်ချင်သေး၊ အဲဒီရွှေခေတ်မှာ ဝတ္ထုတိုတစ်ပုဒ်ကို စာမူခသောင်းချီပေးမှာမို့လို့လား၊ သိပ်စိတ်ကူးယဉ်မနေနဲ့၊ ခုဟာက ဝတ္ထုတိုရွှေခေတ်မဟုတ်ဘူး၊ ဆန်ခေတ်၊ ဆန်ခေတ်....သိရဲ့လား "

ချက်ကော့က တစ်စုံတစ်ခုပြန်ပြောသည်။ အသံတိုးသဖြင့် ဘာတွေပြောနေမှန်းမသိရ။ သူ့မိန်းမ၏အသံကသာ လွှမ်းထွက်လာပြန်၏။
"လောလောဆယ် အိမ်မှာ ဆန်မရှိတာက ပိုအရေးကြီးတယ်၊ ဒီနေ့ မဂ္ဂဇင်းတိုက်က စာမူခ ရစရာရှိတယ်လို့ပြောတယ်မဟုတ်လား၊
ကောင်းပြီ၊ ညနေ အပြန်ကျရင် ညဈေးက ဆန်ဝင်ဝယ်ခဲ့၊ ဆန်မပါရင်ပြန်မလာနဲ့"
တော်စတွိုင်းသည် နားစွင့်နေရင်းက ပြုံးလိုက်မိ၏။ စာရေးဆရာဇနီးပီပီ နဘေကာရန်နဲ့ ပြောတတ်သားပဲဟု တွေးမိသောကြောင့်ဖြစ်၏။
ဘာတဲ့။ 'ဆန်မပါရင် ပြန်မလာနဲ့'တဲ့။ နဘေထပ်တွေ သုံးလေ့ရှိသော ကဗျာ ဆရာရှယ်လီကိုပြောပြရဦးမည်။ သူ့အတွက် ကဗျာတစ်ပုဒ်
လမ်းစ ရချင်ရသွားနိုင်သည်။

ခုလိုအချိန်လှမ်းခေါ်လိုက်မှ ချက်ကော့ကို ကယ်တင်ရာကျမည်။ ထို့ကြောင့်.....
"ချက်ကော့ရေ...ဟေ့ ချက်ကြီး"ဟု လှမ်းအော်လိုက်၏။ သူကချက်ကော့ကို 'ချက်ကြီး'ဟုချစ်စနိုးခေါ်လေ့ရှိ၏။ "တော်တော်လား၊ လာပြီဟေ့၊ လာပြီ"
ချက်ကော့သည် အသံပြန်ပေးရင်း ချက်ချင်းလိုပြေးထွက်လာသည်။ အိမ်က အမြန်လစ်ထွက်ချင်နေမှန်း
သိပ်သိသာ၏။ ရှပ်အင်္ကျီကိုတောင် လက်ကဆွဲ၍ထွက်လာပြီး အပြင်ရောက်မှ ကိုယ်ပေါ်ဝတ်သည်။
လမ်းလျှောက်ရင်း ကြယ်သီးတပ်သည်။
"မင်းရောက်လာတာ ဘုရားသခင်ရောက်လာသလိုပါပဲကွာ"ဟု ပြောသည်။ တော်စတွိုင်းက...
"မင်းက ဘုရားသခင်ကို ယုံလို့လား"

"မယုံလို့ရမလားကွ၊ ဒီမိန်းမကို ဘုရားသခင်ကပဲ ဖန်တီးခဲ့တာပဲဟာ၊ တကယ်တော့ ဒီဒုက္ခတွေဟာ အာဒမ်ကြောင့် ဖြစ်ရတာကွ၊ သူကတစ်ယောက်တည်းနေရတာ ပျင်းလှချည်ရဲ့ဆိုပြီး ပါးစပ်ဆော့မိလို့ ဘုရားသခင်က သူ့နံရိုးတစ်ချောင်းကို ထုတ်ပြီး
ဧဝကိုဖန်ဆင်းပေးခဲ့ရတာမဟုတ်လား" တော်စတွိုင်းက ပြုံးလိုက်ပြီး...
"မင်း အခုလိုပြောမှ ဟာသလေးတစ်ခုကို သွားသတိရတယ်၊ လောကကြီးမှာ ကံအကောင်းဆုံးလူဟာ အာဒမ်ပဲတဲ့၊ ဘာကြောင့်လဲဆိုတော့ သူ့မှာ ယောက္ခမမရှိလို့တဲ့"
"အေးကွာ၊ သူ့မှာ ခယ်မမရှိတာတော့ ကံဆိုးတာပဲ၊ အင်း....တကယ်တော့ သူ့ကိုချည်း အပြစ်ပြောလို့မရဘူးကွ၊ ဘုရားသခင်သတိလစ်သွားတာလည်းပါတယ်"

"ဩော်....ဧဝကို ဖန်ဆင်းရာမှာ ပါးစပ်ထည့်ပေးလိုက်တဲ့ကိစ္စပေါ့၊ ဒါကြောင့်လည်း ဧဝအနွယ်ဝင်တွေ နားပူနားဆာလုပ်တာကို ခုထိ ငါတို့ယောက်ျားတွေ ခံနေရတာပေါ့"
"အမယ် ဧဝတို့ အုပ်စုတွေ ပူညံပူညံလုပ်တာလည်း အပြစ်မပြောနဲ့လေကွာ၊ ငါတို့ အာဒမ်ကြီးကလည်း ခပ်ကဲကဲပဲမဟုတ်လားကွ၊ ဘုရားသခင်က အချင်းအာဒမ်၊ သင်၏ နံရိုးတစ်ချောင်းကိုထုတ်ယူ၍ သင့်အတွက် မိန်းမတစ်ယောက်ကို ငါဖန်ဆင်းပေးအံ့ လို့ပြောတဲ့အခါမှာ အာဒမ်က အို...အဖဘုရားသခင်၊ နံရိုးတစ်ချောင်းတည်းတော့ မလုပ်ပါနဲ့၊ နှစ်ချောင်းထုတ်ယူတော်မူပါလို့ ပြန်ပြောလိုက်တယ်တဲ့လေကွာ"

ချက်ကော့က ရယ်သည်။ "အေးကွာ၊ မင်းနဲ့ တွေ့မှပဲ ခုလိုပေါ့ပေါ့ပါးပါးရယ်နိုင်တော့တယ်" တော်စတွိုင်းကလည်း ချက်ကော့ ပျော်သွားအောင် တမင်ရယ်စရာတွေပြောနေခြင်းဖြစ်၏။ "ဒါနဲ့....ဒီနေ့ မင်းစာမူခ ရစရာရှိတယ်ဆို"
တော်စတွိုင်းက မေးသည်။ "မသေချာပါဘူး၊ ဆောက်ဖြစ်မှ ကန်ထရိုက်ပါ"ဟု ချက်ကော့က ပြန်ပြောသည်။
ဆောက်ဖြစ်မှ ကျောင်းဒကာဆိုသော ရှေးစကားပုံကို ခေတ်အမြင်နှင့် ပြောင်းပြောလိုက်သဖြင့် တော်စတွိုင်း
သဘောကျပြီးပြုံးလိုက်သည်။ ဒါကြောင့်လည်း ချက်ကော့ရဲ့ဝတ္ထုတွေဖတ်လို့ကောင်းတာပဲ ဟူ၍လည်း တွေးမိ၏။

"စာမူခမရရင်ကော...ညနေကျတော့ ဘယ်လိုလုပ်မလဲ"
"မင်းအိမ်မှာ မင်းတစ်ယောက်တည်းရှိတာပဲဟာ၊ ငါလာအိပ်မယ်ဆိုရင် မင်းတောင်စကားပြောဖော်
ရသေးတာပဲ"
တော်စတွိုင်းက သဘောတူသည့် သဘောခေါင်းဆတ်လိုက်သည်။ လျှောက်လာကြရင်း မြေနီလမ်းဆုံးပြီး
ကတ္တရာလမ်းမကြီးပေါ်ရောက်လာသည်။ မြို့ထဲဘက်သွားရမည့် ဘတ်စ်ကားမှတ်တိုင်ကို လှမ်းကြည့်တော့
ကားစောင့်နေသူတွေ တော်တော်များနေပြီ။ ခေတ်ဟောင်းပုံစံ ဘတ်စ်ကားအိုကြီးတစ်စီးသည် ပင်စင်စား
အဘိုးကြီးတစ်ယောက်လို လှုပ်လီလှုပ်လဲ့ မောင်းလာနေ၏။

* * * * *

ရိုက်ကွင်းပေါ်မှာ မင်းသားမင်းသမီးမှလွဲ၍ လူစုံနေပြီ။ စက်အဖွဲ့သားတွေက ဒါရိုက်တာ ညွှန်ပြထားသည့် ဒီနေ့ရိုက်ကူးမည့်နေရာမှာ ကင်မရာချ၊ မီးတွေဆင်၊ အသံဖမ်းစက် နေရာချထားပြီးပြီ။ ကင်မရာမင်းနှင့် လက်ထောက်က ကင်မရာကိုစစ်ဆေးနေသည်။ အသံဖမ်းဆရာက မနေ့ကရိုက်ခဲ့သော အခန်းများမှ အသံများကို ပြန်ဖွင့်နားထောင်နေသည်။
မီးထိုးမှန်ထိုးသမားတွေကတော့ တစ်နေရာရာမှာ စုထိုင်ပြီး ဟိုတစ်ခေါက်နယ်ထွက်ကားရိုက်တုန်းက ဟင်းကောင်းကောင်း မစားရသည့်အကြောင်း ပြန်ပြောနေကြသည်။

သူတို့သည် ရုပ်ရှင်နယ်က အခြေခံလူတန်းစားများဟုပြောနိုင်သည်။ သူတို့က ဂျူတီစား(နေ့စား)များသာဖြစ်ကြ၏။ တစ်ဂျူတီကိုဘယ်လောက်ဆိုပြီး ပုံသေလုပ်ခကိုသာ ရရှိသူများဖြစ်ကြ၏။ ဇာတ်ကားကောင်းလို့လည်း အကယ်ဒမီတွေ ဘာတွေရမှာမဟုတ်။
ဘယ်သူကမှလည်း ချီးကျူးမှာမဟုတ်။ သူတို့အတွက် မျှော်လင့်စရာက မင်းသားမင်းသမီးတွေက သိတတ်လို့ ပေးလျှင် ဘောက်ဆူးသဒ္ဓါကြေးလေး ရဖို့ရယ်၊ ရှုတင်ထမင်းကျွေးရာမှာ ဟင်းကောင်းကောင်းလေး စားရဖို့ရယ်သာဖြစ်၏။

"ဒီစက်စုတ်က ဖောက်ပြန်ပြီ"
ဟု အသံဖမ်းဆရာက ပြောရင်း ရီကော်ဒါကို တဘုန်းဘုန်း ပုတ်နေသည်။ အသံဖမ်းစက်က အတော်အိုနေပြီဖြစ်၏။
စက်အသစ်တစ်လုံးပြောင်းသုံးဖို့ဆိုတာကလည်း မလွယ်လှ။ ရုပ်ရှင်ရိုက်သည့် အသံဖမ်းစက်များသည် တခြားစက်တွေနှင့်မတူ။ ကင်မရာလည်ပတ်သည့်နှုန်းနှင့်ကိုက်ညီအောင် အထူးညှိနှိုင်းထားရသည်။ ဒါမှအရုပ်နှင့်အသံတစ်ထပ်တည်းကျမည်။
မိုဒယ်ဟောင်းတွေဖြစ်သောကြောင့် အပိုပစ္စည်းလည်းမရှိတော့။ ကျန်သမျှလေးနှင့် ရိုရိုသေသေဂရုတစိုက်သုံးနေရသည်။ ဒီတော့
တစ်ခါတစ်ခါစက်က ထွေတတ်သည်။ ကြိုးတစ်စ လွတ်နေတာတို့၊ မီးလုံးအထိုင်ချောင်နေတာတို့ဖြစ်လျှင် ခုလိုပဲ စက်ကို ဟိုပုတ်ဒီပုတ်လုပ်လိုက်သောအခါ ပြန်ကောင်းချင်ကောင်းသွားတတ်၏။

အသံဖမ်းဆရာဆီက တဘုန်းဘုန်းအသံကိုကြားသောအခါ ကင်မရာမင်းက.... "ဟေ့ကောင်... အရမ်းမလုပ်ပါနဲ့ကွ၊ အဲဒီစက်က မင်းထက်အသက်ကြီးတယ်နော်" ဟု လှမ်းနောက်သည်။ ပြောသာပြောရတယ်။ သူကိုင်နေတဲ့ကင်မရာကလည်း
သူ့ထက်အသက်ကြီးတာပါပဲ။ စက်တွေက အကြမ်းခံလို့တော်သေးသည်။ နို့မို့ဆို သူတို့ကို 'ကလိ'နေရတာနဲ့ပဲ အလုပ်ဖြစ်မှာမဟုတ်တော့။ ဘာပဲဖြစ်ဖြစ် မင်းသားလေးတွေ မင်းသမီးလေးတွေအနေဖြင့် ဒါရိုက်တာကို မလေးစားလျှင်တောင် သူတို့
အဖေအရွယ်လောက်ရှိတဲ့ ဒီစက်ကြီးတွေကိုတော့ အားနာဖို့၊ မျက်နှာထောက်ဖို့ကောင်းတယ်ဟု ကင်မရာမင်းက ဆက်တွေးလိုက်၏။

ဇာတ်ပို့ဇာတ်ရန်တွေကတော့ မင်းသားမင်းသမီး မလာသေးလည်း ပြဿနာမရှိ။ သူတို့အလုပ် သူတို့လုပ်နေကြသည်။ ဇာတ်ပို့ဇာတ်ရန်ဆိုတော့ ရိုက်စရာအခန်းများလေ့မရှိ။ တစ်ခါတစ်လေ တစ်နေ့လုံးမှ တစ်ကတ် နှစ်ကတ်လောက်ရိုက်ရတာမျိုးရှိသည်။ တစ်နေကုန်
ထိုင်နေရပြီး ညနေစောင်းမှ အသံတိတ်သရုပ်ဆောင်ရတာလေး ခဏတဖြုတ်လောက် ဝင်ပါရတာမျိုးတောင် ရှိသည်။
ဒီတော့ သူတို့မှာက အချိန်တွေ ပိုနေသည်။ တစ်နေရာမှာ စုပြီး ရုပ်ရှင်လောက၊ တခြားလောကတွေထဲက ကြုံသမျှ ကြားရမျှသတင်းတွေပြောချင်ပြော၊ ဒါမှမဟုတ် ပိုကာဝိုင်းဖွဲ့ကြရုံရှိတာပေါ့။

ရှုတင်မန်နေဂျာကတော့ ယောက်ယက်ခတ်နေပြီ။ မင်းသား၊ မင်းသမီးတွေ မရောက်သေးသဖြင့် ဟိုဖုန်းဆက် ဒီဖုန်းဆက် လုပ်နေ၏။ ရိုက်ကွင်းပေါ်မှာ ရှုတင်မန်နေဂျာက အရေးကြီးသည်။ သူစီစဉ်ပုံကောင်းမှ ဇာတ်ကားရိုက်ရတာအဆင်ပြေသည်။ သူ့တာဝန်တွေကလည်း
အတော်များသား။ သရုပ်ဆောင်တွေချိန်းဖို့၊ စက်အဖွဲ့သားတွေကြိုဖို့၊ ရိုက်ကွင်းပေါ်မှာ လိုအပ်သော ပစ္စည်းတွေ စုံအောင်ရဖို့၊ ထမင်းဟင်းကိစ္စ၊ လက်ဖက်ရည်ကိစ္စ စီစဉ်ဖို့၊ မင်းသားကြိုက်တတ်တာ၊ မင်းသမီးကြိုက်တတ်တာ အလိုက်သိဖို့၊ မကုန်သင့်တာ မကုန်ရအောင်
စိစိစစ်စစ်သုံးတတ်ဖို့ စသည်ဖြင့်...။

ရိုက်ကွင်းပေါ်မှာ အဆင်မပြေတာ ရှိလျှင်၊ ပြဿနာတစ်ခုခုဖြစ်လျှင်သူ့ခေါင်းပေါ်ပဲ ပုံကျတတ်သည်။ သူသည် ကုမ္ပဏီပိုင်ရှင်၊ ဒါရိုက်တာ၊ သရုပ်ဆောင်များနှင့် စက်အဖွဲ့သားများကြားမှာ ညပ်ပြီး အမြဲဗျာများနေရသူဖြစ်လေ၏။ ဒါရိုက်တာ အော်လီဗာစတုန်းသည်
သစ်ပင်ရိပ်အောက်မှာထိုင်ရင်းဇာတ်ညွှန်းကို ပြန်ဖတ်နေသည်။ ခုရိုက်မည့် ဇာတ်ကားက အမ်မီလီဘရွန်တီ၏ 'ရာဇဝတ်အိုးထဲမှာ မောင့်ကိုထားရစ်ခဲ့'ဆိုသော နာမည်ကျော်ဝတ္ထုကို အခြေခံထားခြင်းဖြစ်၏။ မင်းသားလီယိုနာဒို ဒီကာပရီယိုက ဝရမ်းပြေး။ မင်းသမီး
ကိတ်ဝင်းစလက်က ဆရာဝန်မလေးဖြစ်၏။ လီယိုနာဒို ဒဏ်ရာနှင့် ပြေးလာပြီး မင်းသမီးအိမ်ရှေ့မှာလဲကျနေတာကို တွေ့မိရာမှ ဇာတ်လမ်းကောင်းတစ်ခု စတင်ဖြစ်ပေါ်လာသည်။

မင်းသမီးမှာ ဆရာဝန်တစ်ယောက်အနေနှင့် လူနာကို ဆေးကုဖို့တာဝန်က တစ်ဖက်၊ ရာဇဝတ်သားတစ်ယောက်ဖြစ်နေသောကြောင့် သက်ဆိုင်ရာကို အသိပေးတိုင်ကြားဖို့ဝတ္တရားရှိတာကတစ်ဖက်၊ ဒီကြားထဲ ဝရမ်းပြေးကို သံယောဇဉ်တွယ်မိပြန်တော့ အခက်တွေ့နေ
ရသည်။ နောက်ဆုံးတော့ ဝရမ်းပြေးက ဆရာဝန်မလေးကို ငဲ့ပြီး အသက်စွန့်သွားသည့်ဇာတ်လမ်း။ အကြောင်းအရာက သိပ်ထူးထူးဆန်းဆန်းမဟုတ်သော်လည်း တင်ပြပုံက အလွန်ကောင်းသည်။ သူတို့နှစ်ယောက် သံယောဇဉ် ငြိသွားပုံကို တစ်ဆင့်ချင်း ဆွဲတင်သွားတာ အရမ်းလှသည်။ ပြီးတော့ ဆရာဝန်ရှုထောင့်၊ ဝရမ်းပြေးရှုထောင့်၊ တရားဥပဒေရှုထောင့်တွေကနေ အပြန်အလှန်
ပြောကြသည့် စကားလုံးတွေကလည်း ထိထိမိမိရှိလှသည်။

သူသည်ဝတ္ထုကိုလည်း အကြိမ်ကြိမ်ဖတ်ပြီးပြီ။ ဇာတ်ညွှန်းကိုလည်း စေ့စေ့စပ်စပ်လေ့လာထားပြီးပြီ။ ဘယ်နေရာမှာ ဘယ်လိုရိုက်မယ်ဆိုတာတောင် အကွက်ချထားပြီးပြီ။ ဒီနေ့ရိုက်မည့် အခန်းများကို ဆန်းသစ်သော ကင်မရာရှုထောင့်များ သုံးဖို့ကိုလည်း စိတ်ကူးထားပြီးပြီ။
သူက ရိုက်ချက်ဆန်းဆန်းကလေးများဖြင့် တင်ပြတဲ့နေရာမှာနာမည်ကြီးသည်။ ဒါကြောင့်လည်း ဇာတ်ကားကြော်ငြာရာမှာ 'အော်လီဗာစတုန်းရဲ့ ရိုက်ချက်'ဆိုသော စကားလုံးကို အမြဲထည့်လေ့ရှိခြင်းဖြစ်၏။

ခုချိန်မှာ ဟိုအရင်ခေတ်ကလို 'ဒါရိုက်တာအော်ဆန်ဝဲလ်'၊'သရုပ်ပြအမွှန်းတင် ဂျွန်ဖို့ဒ်'ဆိုတာမျိုး ခပ်ရိုးရိုး စာတန်းထိုးတာမျိုး သိပ်မလုပ်ကြတော့။
'ဖရန်စစ်ကော်ပိုလာ၏ ရင်တွင်းဖြစ်'၊ 'ဂျိမ်းကင်မရွန်းခံစားတင်ပြသည်'၊ 'ဂျိုးကိုအင်၏ အတွေးပုံရိပ်'၊ 'တင်မ်ဘာတန် ပုံဖော်သည်'စသည်ဖြင့်
စကားလုံးလှလှလေးများ တီထွင်အသုံးပြုလာကြသည်။ စတုန်းသည် နာရီကိုကြည့်လိုက်သည်။ ဆယ့်တစ်နာရီထိုးပြီ။ မင်းသား မင်းသမီး
ကတော့ရောက်မလာသေး။ ရိုက်ကွင်းတာဝန်ခံခပ်သုတ်သုတ် လျှောက်လာပြီး ရှေ့မှာရပ်သည်။

"မင်းသားနဲ့တော့ အဆက်အသွယ်ရပြီ အာစရိ"
"ဘာတဲ့လဲ၊ ဘာကြောင့် မလာနိုင်သေးတာတဲ့လဲ"
"မနေ့က ရိုက်တဲ့လိပ်ခေါင်းပျောက်ဆေးကြော်ငြာက တစ်ကတ်နှစ်ကတ်ကျန်နေတာလေး ဖြတ်ပေးနေရလို့တဲ့၊ ခဏနေရင် ထွက်လာမယ်
ပြောတယ်"
"ဟ၊ ဘာဆိုင်လဲကွ၊ သူ့ရိုက်ရက်နဲ့ သူရိုက်ပေါ့ကွ၊ ကားရိုက်ရက်ထဲကနေ ကြော်ငြာအတွက်ဖဲ့ပေးလို့ ဘယ်ရမလဲ၊ ဒါနဲ့မင်းသမီးကော"
"အဆက်အသွယ်မရသေးဘူး အာစရိ"
"သူ့ဟန်းဖုန်းကို မဆက်ဘူးလား"
"ဆက်လို့မရဘူး၊ ဖုန်းပိတ်ထားတယ်ထင်တယ်"
"ခက်တာပဲ၊ ဒီလိုလုပ်လို့ရမလားကွ၊ ဒီအချိန်မှ စမရိုက်ရရင် ဘယ်အချိန်သွားရိုက်မလဲ၊ တော်ကြာ ထမင်းစားချိန်ရောက်တော့မယ်၊
ပြီးတော့ ညနေကျတော့ ဧည့်ခံပွဲသွားစရာရှိလို့ဆိုပြီး စောစောပြန်ချင်သေးတယ်၊ တောက်"

သူကဒေါသတကြီးရေရွတ်ပြီး ဇာတ်ညွှန်းစာအုပ်ကို စားပွဲပုလေးပေါ် ဝုန်းခနဲ ဆောင့်ချလိုက်သည်။ ရိုက်ကွင်းတာဝန်ခံလည်း ခပ်ကုပ်ကုပ်ကလေး လှည့်ထွက်သွား၏။
"ဟင်း..ကွယ်ရာမှာသာ ဟောက်လိုက် ဟိန်းလိုက်နဲ့၊ မင်းသားမင်းသမီးရှေ့ကျတော့ လေသံမာမာတောင် ပြောရဲတာ မဟုတ်ဘဲနဲ့"
ဟု တစ်ကိုယ်တည်း ခပ်တိုးတိုးရေရွတ်သွားသည်။
သူပြောတာလည်း အထိုက်အလျောက်တော့ မှန်သည်။ ခုချိန်မှာ ဒါရိုက်တာဆိုတာ ဆရာကြီး အလီယာကာဇန်တို့ခေတ်ကလိုရိုက်ကွင်းရဲ့ ဘုရင်တစ်ပါးမဟုတ်တော့။ ခုဟာက မင်းသားမင်းသမီးခေတ်။ အထူးသဖြင့် မင်းသားကြီးစိုးသော ခေတ်။

အရာရာ မင်းသားအပေါ်မှာမူတည်သည်။ ဈေးကွက်ကို မင်းသားကချုပ်ကိုင်ထားသည်။ ရိုက်ကူးမည့် ဇာတ်လမ်းသည် မင်းသားအကြိုက်ဖြစ်ရမည်။ မင်းသားနှင့်အဆင်ပြေသော ဒါရိုက်တာသာလျှင် အလုပ်ဖြစ်သည်။ အားလုံး ဒီအတိုင်းချည်းဖြစ်နေတာတော့ မဟုတ်။ ဒါရိုက်တာ စတီဗင် စပီးလ်ဘတ်လိုလူမျိုးကျတော့ နာမည်ကြီး သရုပ်ဆောင်တွေကို သိပ်အားမကိုး။
ဇာတ်လမ်းကောင်းကောင်းနှင့် သူ၏ အတတ်ပညာကိုသာ အဓိကထားပြီး ဝင်ငွေကောင်း အောင်မြင်သောဇာတ်ကားများ ရိုက်ကူးလေ့ရှိ၏။ မင်းသားမင်းသမီးတွေကလည်း ဘယ်သူ့မှ လူမထင်ဆိုပြီး စိတ်ထင်တိုင်းကြဲနေကြသူများ၊
အောက်ခြေလွတ်နေသူများတော့လည်း မဟုတ်ကြ။ သူတို့ခေတ်နဲ့ သူတို့အောင်မြင်ကျော်ကြားနေသူများ ထုံးစံအတိုင်းနည်းနည်းတော့ အခွင့်အရေးပိုယူချင်ရှာကြပေမပေါ့။

တချို့က ပါးရည်နပ်ရည်ရှိကြသည်။ စာနယ်ဇင်းသမားတွေနဲ့တည့်အောင် ပေါင်းသည်။ ပရိသတ်အပေါ် တလေးတစား ဆက်ဆံပြီး ချစ်ခင်မှုကို ရအောင် ကြိုးစားသည်။ ပြီးတော့.... လေးစားလောက်သော ဝါရင့် ရုပ်ရှင်ပညာရှင်ကြီးများကိုတော့ ရိုရိုသေသေအောက်ကျို့ဆက်ဆံတတ်သည်။ ပညာကိုရအောင်ယူတတ်သည်။

ဥပမာ...ဒါရိုက်တာကြီး တဲရင့်မာလစ်လို ပုဂ္ဂိုလ်မျိုး။ သူကသုံးလေးနှစ်နေမှ ရုပ်ရှင်တစ်ကားလောက်ရိုက်လေ့ရှိသူ။ တစ်ကားဆို ဆိုသလောက်လည်း အကောင်းဆုံးဖြစ်အောင် ရိုက်နိုင်သူ။ သရုပ်ဆောင်များအနေနှင့်လည်း သူနှင့်ရိုက်ခွင့်ရလျှင်
အကယ်ဒမီမှန်းနိုင်သည်။ ထို့ကြောင့် သူကိုင်လိုက်လျှင် ရွှေဖြစ်သည်ဟု ပြောစမှတ်ရှိ၏။

မာလစ်ကလည်း မင်းသားမင်းသမီး ဘယ်လောက်နာမည်ကြီးကြီး၊ ဇာတ်ရုပ်နှင့် မလိုက်လျှင် ခေါ်သုံးချင်မှ သုံးသည်။ သူသဘောကျလျှင် မထင်မရှား ဇာတ်ပို့ဇာတ်ရန်တစ်ယောက်ကို ခေါင်းဆောင်တင်ရိုက်ချင်ရိုက်သည်။တစ်ခါက ညှို့မင်းသမီး နာမည်ကြီးတစ်ယောက်က....
"ဆရာ၊ ကျွန်မကိုလည်း တစ်ကားလောက်ခေါ်သုံးပါဦး"
ဟု ငေါ့သလို ရိသလို လေသံဖြင့် ပြောရာ မာလစ်က...
"ငါ့ပညာနဲ့ နင်နဲ့တန်လို့လား"
ဟု ဘုပြောလွှတ်သည်။ ထိပ်တန်းအဆင့်ရှိ နာမည်ကျော်မင်းသားတစ်ယောက်က မာလစ်ရိုက်မည့်ဇာတ်ကားမှာ ပါခွင့်ရလျှင်
သရုပ်ဆောင်ကြေးတစ်ပြားမှမယူပါဟု ကမ်းလှမ်းခဲ့ဖူးသည်။ ဒါရိုက်တာမာလစ်က ဇာတ်ရုပ်နှင့် မလိုက်ဖက်ဘဲ မသုံးနိုင်ဆိုပြီး ငြင်းပယ်လိုက်သည်။

ပြီးတော့ ရုပ်ခပ်ဆိုးဆိုးဖြစ်သော ရော်ဘင်ဝီလျံကို ခေါ်သုံးသည်။ ထိုဇာတ်ကားအတွက် ရော်ဘင်ဝီလျံသည် ခေါင်းတုံးလည်း
တုံးရသည်။ မာလစ်က မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးရှည်ရှည် တကယ့်အစစ်မှလိုချင်သည်ဆိုသဖြင့် ခြောက်လလောက်ကြာအောင် မရိတ်ဘဲစောင့်နေရသည်။ ဒီကြားထဲမှာလည်း တခြားဘာဇာတ်ကားမှ မရိုက်ဘဲနေသည်။ ဇာတ်လမ်းထဲက ဇာတ်ကောင်နှင့်
တစ်သားတည်းကျအောင်ဆိုပြီး ဆိုက်ကားနင်းကျင့်သည်။ ညဘက်တွေမှာ ဝါးဖတ်ဦးထုပ်ကြီးဆောင်း၍ ရုပ်ဖျက်ပြီး တကယ်ပင်ဆိုက်ကားလျှောက်ဆွဲသည်။

တစ်ခါကလည်း ဒါရိုက်တာမာလစ်သည် ဂျူလီယာရောဘတ်ကို မနက်ရှစ်နာရီအရောက် ရိုက်ကွင်းကိုလာဖို့ခေါ်သည်။ မင်းသမီးကလည်း အချိန်အတိအကျရောက်အောင်လာသည်။ သို့ရာတွင်မာလစ်က တစ်ခန်းမှမရိုက်ဘဲတစ်နေကုန်ပစ်ထားသည်။ မင်းသမီးကလည်း ဘာမှမပြောဘဲထိုင်စောင့်နေသည်။ ညနေစောင်းတော့မှ တစ်ခန်းတည်း
တစ်ကတ်တည်းရိုက်သည်။ တစ်ကတ်ဆို ဆိုသလောက်ပင် သေလုအောင်ကြိုးစားရသည်။ ထိုတစ်ကတ်တည်းကို ငါးမိနစ်လောက်ကြာအောင် ဆက်တိုက်ရိုက်ခြင်းဖြစ်၏။ များသောအားဖြင့် ဒီလိုအခန်းမျိုးကို ကတ်အတိုကလေးတွေ အများကြီး ရိုက်ပြီး ပြန်ဆက်ပြတတ်သည်။ မာလစ်ကတော့ တစ်ကတ်မှမခွဲဘဲ ဆက်တိုက်ရိုက်သည်။

မင်းသမီးမှာ စကားလုံးတွေကိုလည်း တစ်လုံးမှမမှားအောင် ပြောရသည်။ အမူအရာကိုလည်း တစ်ဆင့်ချင်းတင်သွားရသည်။ အတော်ခက်ခဲသော သရုပ်ဆောင်မှုဖြစ်၏။ ဒါရိုက်တာကလည်း ဇာတ်ဝင်စကားတွေကို တစ်လုံးမှ အလွဲမခံ။ စကားမှားတာ၊ ကျန်တာ၊ အမူအရာလျော့သွားတာ စသည်ဖြင့် မကြိုက်မချင်း ရိုက်သဖြင့်ဆယ်ကြိမ်လောက်ပြန်ုလုပ်ယူရသည်။ ထိုအခန်း
ရိုက်ပြီးသွားသောအခါ ပင်ပန်းလွန်းသဖြင့် အရုပ်ကြိုးပြတ်ပုံလဲကျသွားရှာသည်။

--------------------
မင်းလူ
--------------------

No comments:

Post a Comment