ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, January 26, 2013

ဂန္ဒဝင်အိပ်မက်(၂)


ဘာပဲဖြစ်ဖြစ် ပင်ပန်းရကျိုးတော့နပ်သည်။ ထိုအခန်းကြောင့်ပင် ဂျူလီယာရောဘတ် အကယ်ဒမီရခဲ့လေသည်။
ထို့ကြောင့် မာလစ်နှင့်ဆိုလျှင် ရိုက်ချင်ကြသည်။ မင်းသားမင်းသမီးတွေက သူ့ကိုလေးလည်းလေးစားသည်။ ဖိန့်ဖိန့်တုန်အောင်လည်း ကြောက်ကြသည်။

တစ်နေ့နေ့ မာလစ်လိုဖြစ်အောင်ကြိုးစားရမည်ဟု အော်လီဗာစတုန်း တွေးနေတုန်း.....
လင်ကွန်းကွန်တီနင်တယ် ကားကြီးတစ်စင်း ရိုက်ကွင်းတည်ထားရာ ခြံဝင်းထဲဝင်လာသည်။ ရှုတင်မန်နေဂျာသည် မလိုအပ်ဘဲ မင်းသမီး၏ ကားနောက်မှပြေးလိုက်လာ၏။ မင်းသမီးကိတ်ဝင်းစလက် ရောက်လာပြီ။ မင်းသမီးသည်
ကားပေါ်မှာ ဆင်းပြီးစတုန်းဆီသို့ လျှောက်လာသည်။ အင်္ကျီလက်ပြတ်ဝတ်ထားသောကြောင့် လက်မောင်းကိုကောင်းစွာ မြင်နိုင်သည်။ သူ့ကိုယ်သူ လက်မောင်းလှကြောင်း သိထားသောကြောင့် လက်ပြတ်အင်္ကျီကို အမြဲလို ဝတ်လေ့ရှိခြင်းဖြစ်၏။ ပြီးတော့ ပေါင်တံကို တင်းခနဲ တင်းခနဲနေအောင် တစ်ဖြောင့်တည်းထား၍လျှောက်လာနေသည်။ စတုန်းတောင် ရင်ခုန်ချင်သလိုဖြစ်သွား၏။

"ပိုလီယို မရောက်သေးဘူး မဟုတ်လား"
ဟုမေးရင်း အနားမှာ လာရပ်သည်။ ပိုလီယိုဆိုသည်မှာ လီယိုနာဒိုကို နာမည်ပြောင်ဖြင့်ခေါ်ခြင်းဖြစ်၏။ သူ
နောက်ကျသည့်အပြစ်ကို ဖုံးကွယ်ရန် လီယိုနာဒိုကို အကာအကွယ်ယူလိုက်ခြင်းလည်းဖြစ်၏။ စတုန်းက ခေါင်းသာ ဆတ်ပြလိုက်သည်။
ကိတ်ဝင်းစလက်က...
"ကိတ်ကိတ်လည်း အစောကြီးကတည်းက ထွက်လာမလို့ပါပဲ၊ ပွဲစားတစ်ယောက် ရောက်လာပြီး စိန်လက်စွပ်တစ်ကွင်းလာပြလို့ ဈေးစကားပြောနေရတာနဲ့ အချိန်လင့်သွားတာ၊ ဝယ်တော့ဝယ်ဖြစ်သွားပါတယ်၊ ဒီမှာလေ...မလှဘူးလား"
ဆိုပြီး လက်ကို စတုန်း၏မျက်နှာနား ကပ်ပြသည်။
စိန်လက်စွပ်က ခဲသားရောင် ဖျပ်ဖျပ်လက်နေသည်။ စိန်လက်စွပ်ထက် ကိတ်ကိတ်ခေါ်
ကိတ်ဝင်းစလက်၏ကော့ပျံနေသော လက်ချောင်းကလေးတွေက ပိုတောင်လှသေးသည်ဟု ထင်မိ၏။

* * * * *

သွေးတွေက အင်္ကျီပေါ်ကို တောက်ခနဲ တောက်ခနဲကျနေသည်။ သွေးစွန်းသောကြောင့် အင်္ကျီပေကျံကုန်ပြီဟု
ပြောရမှာတော့ ခပ်ခက်ခက်ပဲ။ နဂိုကတည်းက အင်္ကျီပေါ်မှာ ဆေးရောင်မျိုးစုံစွန်းပေနှင့်ပြီးသားရှိနေသောကြောင့်
ဖြစ်သည်။ သွေးစက်များကြောင့် အနီရောင်တစ်မျိုး ထပ်တိုးလာသည်ဟု ပြောလျှင် ပိုသင့်တော်မည်ထင်သည်။
အင်္ကျီကလည်း မလျှော်မဖွပ်ဘဲဝတ်နေတာ ဘယ်လောက် ကြာပြီလဲမသိ။ ညစ်ထပ်ထပ်ဖြစ်ပြီး နဂိုကဘာအရောင်
ဆိုတာတောင် မသိနိုင်တော့။ ရေလည်း မှန်မှန်မချိုးဘူး ထင်ရဲ့။ သူ့ကိုယ်က ချဉ်စုတ်စုတ်အနံ့တွေ ထွက်နေ၏။
မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးတွေကလည်း ထူလပျစ်နဲ့။

ဘာပဲဖြစ်ဖြစ် ဒဏ်ရာကို အရင်ဆုံး ဆေးကြောသန့်စင်ပေးရမည်။ ဒီလောက် ညစ်ပေတဲ့လူတော်ရုံတန်ရုံသန့်ရှင်းလို့
မဖြစ်ဘူးဆိုပြီး ဂွမ်းခပ်ကြီးကြီးယူ၊ အရက်ပြန် ခပ်ရွှဲရွှဲဆွတ်ပြီး ဒဏ်ရာကို သုတ်သင်လိုက်သည်။
ဘယ်လောက်သတ္တိကောင်းတဲ့လူဖြစ်ဖြစ် အနာကို အရက်ပြန်ထိလျှင် အနည်းဆုံး တွန့်ခနဲတော့ ဖြစ်သွားတတ်ကြသည်။
ဒီပုဂ္ဂိုလ်ကတော့ ဒီလိုမဟုတ်။ သူ့ကို ရေမွှေးဆွတ်ပေးနေတယ်များ အောက်မေ့နေသလားမသိ။ ဒါတွင်မကသေး။
အရက်ပြန်နံ့ကိုရသောအခါ လျှာကိုသပ်ပြီး တံတွေးတောင်မျိုချလိုက်သေးသည်။
သူကားနာမည်ကျော် ပန်းချီဆရာကြီး ဗင်ဂိုးပင်ဖြစ်လေ၏။

သူက အရက်ကြိုက်တတ်သည်။ မူးလျှင်လည်း အတော်သွေးဆိုးသည်။ အသောက်လွန်သွားလျှင် အရူးတစ်ယောက်လို
ဖြစ်သွားပြီး လုပ်ချင်ရာလုပ်တတ်သည်ဟု နာမည်ထွက်သည်။
ထို့ကြောင့် ဆေးရုံဆေးခန်းတွေက သူ့ဆိုလျှင်လန့်ကြသည်။ တစ်ခါက ဘာမှမစားဘဲအရက်ချည်းလှိမ့်သောက်နေသဖြင့်
အစာအိမ်ထိခိုက်ပြီး ဆေးရုံတက်ရသည်။ နည်းနည်းသက်သာလို့ ထနိုင်ရုံရှိသေး၊ အလစ်ခိုးထွက်ပြီး သွားသွားသောက်သည်။
ဆရာဝန်ကြီးက ရိပ်မိသဖြင့် ဗင်ဂိုးကို အပြင်ထွက်ခွင့်လုံးဝမပေးရန် ဆေးရုံစောင့်ကို မှာထားသည်။

ဒီအခါကျပြန်တော့ တစ်မျိုးကြံသည်။ သူ့အရင်းနှီးဆုံးသူငယ်ချင်း ဂေါ်ဂင်က ညနေဘက်ထမင်းလာပို့သလိုလုပ်ရင်း
အရက်ဝယ်လာပေးသည်။ ဗင်ဂိုးက ဒါကိုဝှက်ထားပြီး ညကျမှ ခိုးသောက်သည်။ နောက်တော့ ဆေးရုံက ပေးတဲ့ဆေးတွေနဲ့
အရက်နဲ့ ဓာတ်မတည့်ဖြစ်ပြီး သတိလစ်သွားသဖြင့် ဆရာဝန်တွေမှာ အတော်ကြိုးစားပြီးကုရသည်။ ကံကောင်းလို့
မသေခဲ့ခြင်းဖြစ်၏။

ခုတစ်ခါတော့ နားရွက်မှာ ဒဏ်ရာရလာသောကြောင့် အေ-ဂျေခရိုနင်၏ဆေးခန်းကို ရောက်လာခြင်းဖြစ်၏။ ခရိုနင်သည်
ဆရာဝန်လည်းဖြစ်၊ စာရေးဆရာလည်း ဖြစ်သဖြင့် အနုပညာသမားတွေအပေါ်နားလည်မှုရှိသည်။ ဗင်ဂိုး၏ ပန်းချီအနုပညာ
ကိုလည်း အထင်ကြီးလေးစားသည်။
ခရိုနင်ခမျာ သိပ်တော့မစားသာလှပါ။ စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာ၊ ကာတွန်းဆရာ၊ အတော်များများ၏ ကျန်းမာရေးကိစ္စကို တာဝန်ယူကူညီဆောင်ရွက်ပေးနေရ၏။ ဒီလူတွေကလည်း သိတဲ့အတိုင်းပဲခပ်မွဲမွဲတွေသာများသဖြင့်
ဆေးကုခရဖို့နေနေသာသာ ဆေးဖိုးတွေတောင် သူကစိုက်ရသေးသည်။ သူ့ဝင်ငွေတစ်ဝက်လောက်က ဒီစရိတ်တွေနှင့်ပဲ ကုန်ရတတ်သည်။
ညနေကျလျှင် ချားလ်ဒစ်ကင်းကို ဆေးရုံလိုက်ပို့ရဦးမည်။ ဒစ်ကင်းက အသည်းနည်းနည်း ရောင်ချင်သလိုဖြစ်နေသဖြင့်
အာထရာဆောင်း ရိုက်ကြည့်ရမည်။ ဗင်ဂိုး၏နားရွက်က ဒဏ်ရာကိုဆေးကြောပြီး စစ်ဆေးကြည့်တော့ အဖျားပိုင်း
စုတ်ပြတ်သွားကြောင်းတွေ့ရ၏။ ဒဏ်ရာကိုချုပ်နေစဉ်မှာတောင် ဗင်ဂိုးက နားဖာချေးကလော်ခံသလို မှိန်းနေတာ
တွေ့ရသည်။
"မင်းတော်တော်ခက်တာပဲကွာ၊ နည်းနည်းလျှော့သောက်ပါလို့ပြောထားတာလည်းနားမထောင်ဘူး၊ မူးရင်လည်း သွေးဆိုးပြီး
ရန်ဖြစ်ချင်သေးတယ်၊ ဟိုတစ်ခါလဲ ဒါလီရဲ့ခေါင်းကို အရက်ပုလင်းနဲ့ရိုက်လို့ ကွဲသွားတာ ငါပဲချုပ်ပေးလိုက်ရတယ်၊ ကဲ...
အခုကော ဘယ်သူနဲ့ ဘာဖြစ်လာပြန်သလဲ"ဟု ခရိုနင်က ကရုဏာဒေါသော လေသံဖြင့် မေးလိုက်၏။

ဗင်ဂိုးနားရွက်ပြတ်သွားသည့် ကိစ္စနှင့်ပက်သက်ပြီး ကောလဟာလတွေ ထွက်ခဲ့သေးသည်။ ဗင်ဂိုးသည် လမ်းထိပ်
ကွမ်းယာဆိုင်က ကောင်မလေးကိုကြိုက်နေသည်။ ထို့ကြောင့် နေ့စဉ်ကွမ်းယာ သွားဝယ်စားသည်။ ကောင်မလေးက
သူ့ကိုမကြိုက်။ ဝယ်သူမို့ လိုက်လိုက်လျောလျော ဆက်ဆံနေရခြင်းသာဖြစ်၏။ ဗင်ဂိုးကိုနာမည်ကျော် ပန်းချီဆရာအဖြစ်
အထင်ကြီးသော်လည်း ပေပေတေတေနေတတ်ခြင်း၊ မူးလျှင်ရစ်တတ်ခြင်းတို့ကြောင့် သဘောမကျခြင်းဖြစ်၏။

ဗင်ဂိုးကတော့ နေ့စဉ် သွားမြဲသွားနေသည်။ တစ်ရက်မှာတော့ ဗင်ဂိုးက ခပ်ထွေထွေနှင့်.... "မင်းကသာလက်ခံမယ်ဆိုရင်
ငါ့ရင်ကိုခွဲ၊ နှလုံးသားကိုထုတ်ယူပြီး လက်ဆောင်ပေးလိုက်ချင်တယ်"ဟု ပြောသည်။ ကောင်မလေးက ရယ်သွမ်းသွေးပြီး....
"အမယ်လေး၊ ဒီလောက်ကြီးမလိုပါဘူး၊ နားရွက်ကလေး တစ်ဖက်လောက်ရရင်တော်ပါပြီ"ဟုနောက်လိုက်မိ၏။ ထိုအခါ
ဗင်ဂိုးက 'တကယ်လား'ဆိုပြီး သူ့နားရွက်တစ်ဖက်ကိုဖြတ်ပေးလိုက်ခြင်းဖြစ်သတဲ့။

နောက်မူကွဲတစ်မျိုးကတော့.....
ဗင်ဂိုးကြိုက်နေသော ကောင်မလေးမှာ ကွမ်းယာဆိုင်က မဟုတ်။ ဝက်ခေါင်းသုပ်ရောင်းသော ကောင်မလေးသာဖြစ်၏။
ဗင်ဂိုးက အရက်နဲ့မြည်းဖို့ ဝက်ခေါင်းသုပ်သွားသွားဝယ်ရင်း စိတ်ဝင်စားမိတာ။ တစ်ရက်မှာတော့ ဗင်ဂိုးရောက်လာပြီး....
"ဝက်ခေါင်းသုပ်တစ်ပွဲ ပါဆယ်လုပ်ပေးဟေ့၊ နားရွက်များများ ထည့်နော်"ဟုပြောသည်။
ကောင်မလေးက....
"နားရွက်ကုန်နေပြီ"
"ဟာ....ဝက်ခေါင်းသုပ်ထဲမှာ နားရွက်က အဓိကပဲဟာ၊ အရိုးနုလေးတွေက ထုတ်ထုတ် ထုတ်ထုတ်နဲ့သိပ်စားလို့
ကောင်းတာဟ၊ နားရွက်မပါတော့ အလကားပဲပေါ့"
"ဒီလောက်တောင် နားရွက်ကြိုက်ရင်လဲ ကိုယ့်နားရွက်ပဲ ကိုယ်ဖြတ်ထည့်လိုက်တော့"

နေ့တိုင်းလိုလို လာပြီး လူကို စူးစူးရဲရဲ ကြည့်တတ်သောကြောင့် ကောင်မလေးက မကျေနပ်တာကြာပြီ။ ထို့ကြောင့်
ခပ်ကောကောလေး ပြောလိုက်ခြင်းဖြစ်၏။
ဗင်ဂိုးက "အင်း...ကောင်းသားပဲ"ဟု ခပ်အေးအေးပြောရင်း ဝက်ခေါင်းလှီးသည့် ဓားကိုယူပြီး သူ့နားရွက်ကို
ဖြတ်ပေးလိုက်ခြင်းဖြစ်သည်ဟုဆို၏
ဒါတွေက ကောလဟာလတွေသာဖြစ်၏။

တကယ့်အဖြစ်မှန်ကတော့.....
ဗင်ဂိုးသည် သူ့အချစ်ဆုံးသူငယ်ချင်းဖြစ်သော ပန်းချီဆရာ ပေါလ်ဂေါ်ဂင်နှင့် အတူနေသည်။ သူတို့နှစ်ယောက်က
စရိုက်ချင်းတူသည်။ ယမကာကြိုက်နှစ်သက်ပုံချင်း၊ သောက်လုံးကြီးပုံချင်းလဲ တူသည်။ သောက်ပြီးလျှင်လည်း
ငြင်းကြခုံကြရင်း မကြာခဏထသတ်ကြလေ့ရှိသည်။
အထူးသဖြင့် ပန်းချီအနုပညာအကြောင်း ငြင်းခုံကြခြင်းဖြစ်၏။ ဒီတစ်ခါတော့ ဗန်ဂိုး၏တချို့ပန်းချီကားများမှ
သုံးထားသော အရောင်အတွဲအစပ်များသည် ကာလာသီအိုရီနှင့် မကိုက်ညီဟု ဂေါ်ဂင်က ဝေဖန်ရာမှ ပြဿနာ
ဖြစ်ကြခြင်းဖြစ်၏။

"ဘာ၊ ကာလာသီအိုရီဟုတ်လား၊ အဲဒီသီအိုရီကို ဘယ်သူကထုတ်တာလဲ၊ ဘယ်သူကပြဋ္ဌာန်းတာလဲ၊ ငါပြဋ္ဌာန်းတာမှ
မဟုတ်တာ၊ သူများထုတ်တဲ့ သီအိုရီကို ငါကဘာကြောင့် လိုက်နာရမှာလဲ၊ ငါဆွဲတဲ့ပန်းချီကားဟာ ငါ့သီအိုရီပဲ"ဟု ဗန်ဂိုးက
ခွတိုက်သည်။
ဒီလိုနဲ့ ငြင်းကြခုံကြရင်း ဗန်ဂိုးက လက်ဝှေ့ယှဉ်ထိုးဖို့စိန်ခေါ်သည်။ ဂေါ်ဂင်ကလည်း လက်ခံပြီး ထိုးသတ်ကြသည်။ ဗင်ဂိုးက
အသတ်အပုတ်လည်းကျင်လည်သဖြင့် ဂေါ်ဂင်ချည်းပဲခံရသည်။ ဒီတော့ ဂေါ်ဂင်သည်ကြံမိကြံရာလုပ်သည်။
ဗင်ဂိုးကိုအတင်းဝင်လုံးပြီး နားရွက်ကို ကိုက်ဖြတ်လိုက်သောကြောင့် ဗင်ဂိုး၏ နားရွက်ထိပ်ဖျားစုတ်ပြတ်သွားခြင်း
ဖြစ်လေ၏။

တကယ်တော့ သူတို့နှစ်ယောက်သည် ပေပေတေတေနေတတ်သော်လည်း ပန်းချီလက်ရာတွေကတော့
အံ့ဩလောက်အောင် ပြောင်မြောက်သူများဖြစ်ကြ၏။ ဗင်ဂိုး၏ အာလူးစားသူများ ပန်းချီကားဆိုလျှင် အလွန်
နာမည်ကြီးသည်။ အထူးသဖြင့် ဆာလောင်မွတ်သိပ်နေသော မျက်လုံးများကို ဆွဲထားတာပီပြင်လွန်းသဖြင့်
ကြည့်မိသူတိုင်း လက်ဖျားခါရလေသည်။

* * * * *

တော်စတွိုင်းနှင့် ချက်ကော့တို့ မဂ္ဂဇင်းတိုက်ထဲဝင်သွားချိန်တွင် တာဝန်ခံအယ်ဒီတာက တယ်လီဖုန်းပြောနေသည်။
ထို့ကြောင့် သူတို့လည်း အလိုက်သိစွာပင် အပေါက်ဝနားက ခုံတန်းလျားမှာ ထိုင်စောင့်နေလိုက်သည်။ တယ်လီဖုန်းလိုင်းကပဲ
မကောင်းလို့လား၊ နဂိုကပင် အသံကျယ်ကျယ် ပြောတတ်လို့လားမသိ။ တာဝန်ခံအယ်ဒီတာဖုန်းပြောနေသံကို
ကောင်းကောင်းကြားနေရ၏။

"ဟုတ်ကဲ့ဆရာမ၊ ဩော်...ဟုတ်လား၊ ဟာ...ဘာပြောကောင်းမလဲ ဆရာမရယ်၊ ဆရာမရဲ့ ဝတ္ထုရှည် ဒီလပါမယ်လို့လဲ
ကြေညာလိုက်ရော ကိုယ်စားလှယ်တွေက မဂ္ဂဇင်းစောင်ရေတိုးပြီးမှာကြလို့ ဒီလနှစ်ထောင်လောက်ပိုရိုက်ရတယ်လေ၊
ဩော်...ဒါလား၊ ဟဲ ဟဲ ဆရာမလည်း သိသားနဲ့၊ တစ်လတည်း အပြတ်ထည့်လို့တော့ ရတာပေါ့၊ ဒါပေမယ့်
ပရိသတ်တွေ ပိုစိတ်ဝင်စားအောင် ကောင်းခန်းလေးမှာ ဖြတ်ထားပြီး ရှေ့လဆက်ဖတ်ပါလုပ်လိုက်ရတာပါ၊
ဆရာမအတွက်လည်း ပိုတောင်ကောင်းသွားသေးတယ်၊ စာမူခ နှစ်လစာ ရမှာလေ"

တာဝန်ခံအယ်ဒီတာက ဖုန်းပြောနေရင်းက တော်စတွိုင်းနှင့် ချက်ကော့တို့ကိုမြင်ပြီး လက်လှမ်းပြ၍နှုတ်ဆက်သည်။
ထို့နောက် ဖုန်းဆက်ပြောသည်။ အသံတော့နည်းနည်းတိုးသွား၏။
"ခင်ဗျာ၊ ဟာ...မနည်းပါဘူးဆရာမရယ်၊ ဘယ်သူ့ကိုမှ မပေးသေးတဲ့ စာမူခနှုန်းနဲ့ပေးတာပါ၊ ဗျာ.. ဟုတ်ကဲ့ ဟုတ်ကဲ့၊
အယ်ဒီတာချုပ်ကို ပြောပေးပါ့မယ်၊ အဆင်ပြေမှာပါ၊ ဒီလိုလုပ်ပါလား၊ အခန်းဆက်ဝတ္ထုရှည်တစ်ပုဒ် ရေးပေးလေ၊
ခြောက်လစာလောက်ပေါ့၊ ဒါဆို ကျွန်တော်တို့အတွက်လည်း အဆင်ပြေတယ်၊ ဆရာမလည်း လုံးချင်းဝတ္ထုတစ်ပုဒ်
ရေးပြီးသားဖြစ်သွားတာပေါ့၊ စာမူခကိုလည်း ဆရာမပြောတဲ့အတိုင်း ဖြစ်အောင်စီစဉ်ပေးပါ့မယ်၊ ဩော်...ဒါနဲ့
ကျွန်တော်ထည့်ပေးလိုက်တဲ့ ဒူးရင်းယိုရလား၊ ဆရာမကြိုက်တတ်တယ်ဆိုလို့၊ အယ်ဒီတာချုပ်က ဘန်ကောက်ထိ
တကူးတက လှမ်းမှာပေးတာလေ၊ ဟုတ်ကဲ့....ဟိုကိစ္စလေးလည်း စဉ်းစားပေးပါဦး၊ ဒါပဲနော်"

တာဝန်ခံအယ်ဒီတာက ဖုန်းကိုချလိုက်သည်။ သူသည် အထက်အရာရှိကို အရေးကြီးသောကိစ္စအစီရင်ခံလိုက်ရသူ
တစ်ယောက်လို မောဟိုက်သွားဟန်တူသည်။ 'ဟူး'ခနဲ သက်ပြင်းမှုတ်ထုတ်လိုက်၏။ ပြီးမှ...."လာလေဆရာတို့"ဟု
လှမ်းပြီး ဖိတ်မန္တကပြု၏။
ချက်ကော့နှင့်တော်စတွိုင်းတို့လည်း သူ့စားပွဲရှေ့က ကုလားထိုင်တွေ ဆွဲယူပြီး ထိုင်လိုက်၏။ ခုအတိုင်းဆိုလျှင်
ဒီလထုတ်မဂ္ဂဇင်းထဲမှာ ချက်ကော့ဝတ္ထုမပါတာ သေချာနေပြီ။ စောစောက ဖုန်းဖြင့်ပြောဆိုနေပုံအရ နောက်လမှာလည်း
မာရီကော်ရယ်လီ၏ ဝတ္ထုရှည် ဒုတိယပိုင်းကိုသာ ဆက်ထည့်ဖို့ စီစဉ်ထားကြောင်း သိရပြီ။ စာမူခရဖို့
မျှော်လင့်ချက်လည်းမရှိတော့။ သို့ရာတွင် အကျိုးအကြောင်း သိလိုသေးသဖြင့်..."ကျွန်တော့်
ဝတ္ထုရှည် အခြေအနေ ဘယ်လိုလဲ"ဟုချက်ကော့က မေးသည်။

တာဝန်ခံအယ်ဒီတာက အားနာပါးနာလေသံဖြင့်..."ကျွန်တော်ကတော့ သိပ်ကြိုက်တာပဲဆရာ၊ ခုချိန်မှာ
ဘဝသရုပ်ဖော်ဝတ္ထုကောင်းကောင်းက ရှားနေပြီ မဟုတ်လား၊ အဲဒါ အယ်ဒီတာချုပ်ဆီ တင်ပြလိုက်တော့
ဆရာ့ဝတ္ထုကရှည်လွန်းနေတယ်တဲ့၊ တစ်လတည်းအပြတ်ထည့်ဖို့စာမျက်နှာ အခက်အခဲရှိတယ်တဲ့"
ချက်ကော့က လှောင်သလိုလို ပြုံးလိုက်သည်။ သူ့ဝတ္ထုကျတော့ ရှည်နေလို့တဲ့။ မာရီကော်ရယ်လီရဲ့
ဝတ္ထုကိုတော့ တစ်လတည်း အပြတ်ထည့်လို့ရလျက်နှင့် နှစ်လခွဲထည့်သည်။ သူ့အပြုံးကို
တာဝန်ခံအယ်ဒီတာကလည်း ရိပ်မိသည်။ ထို့ကြောင့်....

"သူ့ခေတ်နဲ့ သူကိုးဆရာရဲ့၊ ဘက်စ်ဆဲလားဆိုတော့လဲ ဦးစားပေးရတာပေါ့၊ ဆရာသိတဲ့အတိုင်းပဲ၊ ခုချိန်မှာက
အပြင်းစား အချစ်ဝတ္ထု၊ ဒါမှမဟုတ် ဟာသဝတ္ထုမှ လူကြိုက်များတာကိုး၊ ဆရာ့အနေနဲ့ နည်းနည်းလောက်သည်းခံပြီး
စောင့်လိုက်ပါဆရာရယ်၊ အဆင်ပြေတဲ့လမှာ ကျွန်တော်တို့ သုံးဖြစ်အောင်သုံးပါ့မယ်၊ မဂ္ဂဇင်းဂုဏ်သိက္ခာရှိဖို့
အတွက်က ဆရာတို့ရဲ့ဝတ္ထုတွေ ထည့်သင့်တယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်"

တော်စတွိုင်းသည် အယ်ဒီတာကိုတောင် ပြန်သနားမိသလိုဖြစ်သွား၏။ ချက်ကော့ကတော့ အယ်ဒီတာတစ်ယောက်၏
လက်ရှိအနေအထားကို သဘောပေါက်သဖြင့် ခေါင်းကိုသာဆတ်ပြလိုက်သည်။ ထိုစဉ်တွင် အယ်ဒီတာ၏ လက်ထောက်
လူငယ်က လက်ဆွဲအိတ်တစ်လုံးထဲကို ကင်မရာနှင့် အသံဖမ်းစက်ထည့်ပြီး စားပွဲပေါ်လာတင်သည်။ အပြင်သွားဖို့
အချိန်ကျပြီဖြစ်ကြောင်း သတိပေးလိုက်ခြင်းဖြစ်၏။ ချက်ကော့တို့ကို ယဉ်ယဉ်ကျေးကျေးနှင်လိုက်သည်
သဘောလည်းဖြစ်၏။

အယ်ဒီတာက လက်ပတ်နာရီကိုကြည့်သည်။ ချက်ကော့ကလည်း အလိုက်သိစွာဖြင့်.....
"အပြင်သွားစရာရှိတယ်ထင်တယ်၊ ကျွန်တော်တို့လည်း သွားဦးမှ"ပြောပြီး ထရပ်သည်။
အယ်ဒီတာက...
"ဟုတ်တယ်၊ ဒီညနေ နစ်ကိုးကစ်မင်းရဲ့ မွေးနေ့ပွဲရှိတယ်လေ၊ မသွားလို့မဖြစ်ဘူးဆရာရဲ့၊ တခြားမဂ္ဂဇင်းတွေမှာ
အဲဒီသတင်းပါလာပြီး ကျွန်တော်တို့ဆီမှာ မပါရင် အယ်ဒီတာချုပ်က ကျွန်တော့်ကို ထုလိမ့်မယ်၊ ဒီသတင်းက
ပရိသတ်သည်းခြေကြိုက် သတင်းမျိုးကိုး၊ ကျွန်တော်တို့မှာလည်း မဂ္ဂဇင်းတွေဂျာနယ်တွေက များတော့ ဒီလိုပဲ
အပြိုင်အဆိုင်လုပ်နေကြရတာပဲ"

မဂ္ဂဇင်းအယ်ဒီတာချုပ် ဆိုသူမှာ စာပေဝါရင့်သူတစ်ယောက်တော့မဟုတ်။ စာပေကိုသိပ်ချစ်မြတ်နိုးသော
အနုပညာသမားစစ်စစ်လည်း မဟုတ်။ သို့ရာတွင် သူက ဒီမဂ္ဂဇင်းအတွက် ငွေထုတ်ပေးသူ ပိုင်ရှင်ဆိုတော့....
တာဝန်ခံအယ်ဒီတာသည် လွယ်အိတ်ကို လွယ်လိုက်သည်။ ထို့နောက် လေသံပျော့ပျော့ခပ်တိုးတိုးပြောသည်။
"ကျွန်တော်တို့ အယ်ဒီတာတွေဆိုတာ အနုပညာသမားနဲ့ စီးပွားရေးသမားကြားမှာ မလူးသာမလွန့်သာ
ညပ်နေတဲ့သတ္တဝါတွေပါပဲဆရာတို့ရယ်"

ချက်ကော့က ပခုံးတွန့်ပြလိုက်သည်။ တော်စတွိုင်းကတော့ ဂျက်လန်ဒန်၏ ဝတ္ထုထဲမှ 'ကျွန်တော်ကကော၊
ဘာများကော တတ်နိုင်ပါဦးမည်နည်း'ဆိုသော စကားလုံးလေးကိုသာ သတိရနေမိလေသည်။
မဂ္ဂဇင်းတိုက်ထဲက ထွက်လာကြပြီးနောက် ချက်ကော့က...."ဝမ်းသာတယ်ကွာ"ဟု ရုတ်တရက်ပြောလိုက်သဖြင့်
တော်စတွိုင်း ကြောင်သွား၏။
"ဘာလဲကွ၊ မင်းဟာက... မဂ္ဂဇင်းထဲ ဝတ္ထုမပါလို့ စာမူခမရတာ ဝမ်းသာစရာလား"
"မင်းမေ့သွားပြီလား၊ မိန်းမက ဆန်မပါရင် ပြန်မလာနဲ့လို့ မှာလိုက်တယ်မဟုတ်လား၊ ဒီတော့ အိမ်ပြန်လို့မဖြစ်ဘူးလေ၊
မင်းအိမ်မှာလိုက်အိပ်ရတော့မှာ၊ တစ်ညတစ်လေ နားအေးပါးအေး နေရပြီပေါ့၊ ပြီးတော့ မင်းနဲ့ငါ တစ်ညလုံး
သောက်ရင်းစကားပြောခွင့်လည်းရမယ်လေ"
"ငါ့မှာလည်း ပိုက်ဆံသိပ်ရှိတာမဟုတ်ဘူးကွ၊ ဘီအီးတောင် တိုက်နိုင်မယ်မထင်ဘူး၊ ချက်အရက်နဲ့ ပဲကြီးလှော်လောက်ပဲ
ရမယ်နော်"
"ဟေ့ကောင်ရ...နာမည်ကိုကချက်ကြီးပါကွ၊ ချက်အရက်မကလို့ မက်သနောကို ဆားခပ်တိုက်လည်း ရတယ်"
သူတို့နှစ်ယောက်ပြိုင်တူရယ်လိုက်ကြသည်။ ပြီးတော့ ဆက်လျှောက်လာကြ၏။
ထိုစဉ် နောက်ဘက်မှ လှမ်းအော်သံကြားရသည်။
"ဟေ့...ဒဂုံတော်စတွိုင်း"
လှည့်ကြည့်လိုက်တော့ မိုပါဆွန်းကိုတွေ့ရသည်။ တော်စတွိုင်း မြို့သစ်ကို ပြောင်းသွားပြီးကတည်းက မိုပါဆွန်းက
ဒဂုံတော်စတွိုင်းဟု နောက်ပြောင်၍ခေါ်လေ့ရှိ၏။
သူတို့က ရပ်စောင့်နေသည်။ မိုပါဆွန်းသည် အဝတ်အစားဖရိုဖရဲ ဆံပင်စုတ်ဖွားနှင့် ဖြစ်၏။ လူက အနားမရောက်ခင်
ယမကာနံ့က အရင်ရောက်လာသည်။
"အစောကြီးရှိသေးတယ်၊ ပြဲနေပြီလားကွ"ဟုတော်စတွိုင်းက မေးသည်။
မိုပါဆွန်းက
"နေ့လည်ဆယ့်နှစ်နာရီကျော်ရင် ညနေပိုင်းထဲဝင်ပြီလေကွာ၊ ဒါစောတယ်လို့ ဘယ်ပြောလို့ရမလဲ"
"နည်းနည်းပါးပါးလည်း လျှော့သောက်စမ်းပါဦး ကိုဆွန်းရာ"ဟု ချက်ကော့က ဝင်ပြောသည်။ မိုပါဆွန်းက
"လျှော့ပါတယ်ကွ၊ ခုနောက်ပိုင်း ရေသိပ်မရောတော့ဘူးလေ၊ ဒါလျှော့သောက်တဲ့သဘောပေါ့ဟ"
မိုပါဆွန်းက ဒီအတိုင်းပဲ။ အလွန်တေတတ်ပေတတ်သည်။ ယမကာကိုလည်း ခုံမင်သည်။ အခါများစွာတို့တွင်
အိမ်မပြန်တော့ဘဲ လမ်းဘေး အရက်ဆိုင်ခုံပေါ်တွင် ခွေခွေလေးအိပ်နေတာတွေ့ရတတ်သည်။ တစ်ခါတစ်လေ
ဆိုက်ကားသမားတွေနှင့် တစ်ညလုံးထိုင်ပြီး စစ်တုရင်ထိုးချင် ထိုးနေတတ်သည်။ တစ်ခါတစ်လေကျတော့လည်း
သူ့စာဖတ်ပရိတ်သတ်တစ်ယောက်က ဒကာခံပြုစုသဖြင့် ဟိုတယ်ဘားခန်းထဲမှာ ဝီစကီကို အကျအနသောက်နေတာ
မြင်ရတတ်ပြန်သည်။

သူ့မိတ်ဆွေအပေါင်းအသင်းတွေက လူစုံဖြစ်၏။ အလွှာအမျိုးမျိုးလူတန်းစားအမျိုးမျိုး ပါဝင်သည်။ အရာရှိကြီးတွေ၊
သူဌေးတွေ၊ လက်လုပ်လက်စားတွေ၊ တေလေကြမ်းပိုးတွေ၊ ခါးပိုက်နှိုက်တွေ စသည်ဖြင့် များပြားစုံလင်လှသည်။
ထို့ကြောင့်လည်း သူ၏ဝတ္ထုတွေထဲက ဇာတ်ကောင်များမှာ စရိုက်သဘာဝပီပြင်ပြီး သရုပ်မှန်လွန်းလှ၏။
အထက်တန်းလွှာတွေနှင့် ပေါင်းနေသော်လည်း သူတို့အကြိုက်ကို လိုက်မရေး။ ကန့်လန့်ကာနောက်ကွယ်မှ
သူတို့၏ ကောက်ကျစ်မှုများ၊ ဖောက်ပြန်မှုများကို အတွင်းကျကျသိနေသဖြင့် ဒါတွေကို ကွက်ကွက်ကွင်းကွင်း
ဖွင့်ချရေးသားသည်။

သူက စာရေးအလွန်ကောင်းသည်။ သူ၏ သရော်လှောင်ပြောင်ချက်များက ထိမိလှသည်။ ထို့ကြောင့်
အရေးခံရသူတွေ ကိုယ်တိုင်တောင်မဖတ်ဘဲ မနေနိုင်အောင် စွဲလမ်းကြရ၏။ သူ့စာအုပ်တွေ
ရောင်းကောင်းသည်။ သို့ရာတွင် သူကတော့ ပြောင်ပြောင်ရောင်ရောင်မရှိ။ ရသမျှ စာမူခကို
သူငယ်ချင်းအပေါင်းအသင်းတွေနဲ့အတူ အရက်သောက်ပစ်သည်။ ငွေကြေးချို့တဲ့သော စာရေးဆရာ၊
ကဗျာဆရာတွေကို ထောက်ပံ့သည်။ တစ်ခါတစ်လေကျတော့လည်း သူ့မိတ်ဆွေထောင်ကျနေသော လူမိုက်တစ်ယောက်၏ မိသားစုကို အိတ်ထဲပါသမျှငွေ အကုန်ထုတ်ပေးခဲ့တာမျိုးရှိသည်။

"မင်းတို့က ဘယ်ကလာတာလဲ"
ဟု သူကမေးသည်။ ချက်ကော့က မဂ္ဂဇင်းတိုက်မှာ စာမူခလေးများ ရမလားလို့သွားတာ ဝတ္ထုမပါသဖြင့်
မရခဲ့ကြောင်း ပြောပြသည်။
"မင်းတို့က လေပျော့လေးတွေနဲ့ သွားတာကိုးကွ၊ ငါ့လိုလုပ်ရတယ်၊ ငါဆိုရင် မဂ္ဂဇင်းတိုက်ကို မသွားခင်
နှစ်ပက်လောက် အရင်ဝင်မော့သွားတယ်၊ အဝတ်အစားတွေပေါ်မှာလည်း အနံ့လေး အောင် ဆွတ်သွားလိုက်သေးတယ်၊ ဟိုရောက်တော့ သိပ်မူးနေတဲ့ပုံစံနဲ့
အမျိုးမျိုးရစ်တာပဲ၊ အဲဒီဒဏ်ကိုမခံနိုင်တာနဲ့ပဲ နားအေးရင်ပြီးရော ဆိုပြီး စာမူခထုတ်ပေးလိုက်ကြတာပဲကွ...ဟား ဟား"

"ငါတို့က မင်းလောက်တော့ မလုပ်ရဲဘူးကွ"
ဟု တော်စတွိုင်းက ဝန်ခံသည်။ သူကအားနာတတ်သူဖြစ်၏။ မဂ္ဂဇင်းတွေဘက်မှာလည်း စက္ကူဈေး၊ ဖလင်ဈေး၊ ပုံနှိပ်ခ၊ တခြားစရိတ်စကတွေက တက်လာ၊ အပြိုင်အဆိုင်တွေ
များလို့ရောင်းအားကကျ၊ မဂ္ဂဇင်းဆက်ထွက်နိုင်ဖို့တောင် အနိုင်နိုင် ကြိုးစားနေရရှာသော ဖုတ်လှိုက်ဖုတ်လှိုက်
အခြေအနေကို နားလည်စာနာမိသည်။
"လက်ဖက်ရည်တိုက်မယ့်လူ ရှိရင်ကောင်းမယ်ကွ"
လေထန်ကုန်း လက်ဖက်ရည်ဆိုင်ရှေ့ရောက်တော့ ချက်ကော့က တောင့်တသည်။
"တစ်ယောက်မဟုတ်တစ်ယောက်တော့ တွေ့မှာပါ"
တော်စတွိုင်းက ပြောပြီး မိုပါဆွန်းဘက် လှည့်၍
'မင်းကောလိုက်ထိုင်ဦးမလား'ဟု တစ်ဆက်တည်း မေးလိုက်၏။ မိုပါဆွန်းက....
"ရန်စကားပြောတာလားကွ၊ ခုမှ ဝမ်းကုတ်လောက်ပဲ အရောင်တင်ရသေးတာ၊ ပြီးတော့ ဂေါ်ကီနဲ့ လေးဆယ့်နှစ်လမ်းက ဆိုင်မှာ ချိန်းထားတယ်၊ ကဲ...သွားဦးမယ်"
ဆိုပြီး ငိုက်စိုက်ငိုက်စိုက် လျှောက်ထွက်သွား၏။ ချက်ကော့က
'ရန်လည်းဖြစ်မနေကြနဲ့ဦးနော်'ဟု လှမ်းအော်ပြောလိုက်၏။

ဂေါ်ကီနှင့်မိုပါဆွန်းတို့က အတော်ထူးဆန်းသည်။ တစ်ယောက်နှင့်တစ်ယောက် ဆုံမိလျှင်စာပေအကြောင်း
ငြင်းကြခုံကြရင်း မကြာခဏ ရန်ထဖြစ်ကြသည်။ သို့ရာတွင် မတွေ့ဘဲလည်း မနေနိုင်ကြ။
ဂေါ်ကီက ဒေါသကြီးတတ်သည်။ စိတ်ဓာတ်ရော၊ အယူအဆပါ ပြင်းထန်သည်။ ဒါကိုသိသော
မိုပါဆွန်းက ထေ့လုံးငေါ့လုံးတွေနှင့် ဂေါ်ကီစိတ်ဆိုးအောင် ဆွပေးတတ်သည်။ ထိုအခါ ဂေါ်ကီက
စားပွဲကိုလက်သီးနှင့် ထု၊ ဖန်ခွက်တွေ ပေါက်ခွဲ၊ အော်ကြီးဟစ်ကျယ် ထလုပ်တတ်သည်။
ဒီလိုဖြစ်အောင်ကို မိုပါဆွန်းက တမင်စခြင်းဖြစ်၏။ 'ဂေါ်ကီဒေါသဖြစ်ပြီး ပေါက်ကွဲတာ
သိပ်ချစ်စရာကောင်းတာပဲ'ဟု သူကဆိုသေးသည်။

လေထန်ကုန်း လက်ဖက်ရည်ဆိုင်ထဲသို့ဝင်သွားသောအခါတွင် စားပွဲတစ်လုံးမှာ ထိုင်နေသော
ဘိုင်ရွန်က လက်ယပ်ခေါ်သည်။ ဘေးမှာ ရှယ်လီထိုင်နေ၏။
"လာကြဟေ့၊ လက်ဖက်ရည်လား၊ ကော်ဖီမစ်လား"
ဟု ဘိုင်ရွန်ကမေးသည်။
"မင်းတိုက်မှာမို့လို့လား"
"ဒကာရှိတယ်လေကွာ"
ဆိုပြီး ဘေးမှာ ထိုင်နေသော ရှယ်လီကို လက်မနှင့်ညွှန်ပြသည်။

"ဟေ့ကောင်၊ မင်းပိုက်ဆံမထုတ်ရတိုင်း စေတနာတွေ ပိုနေတယ်"
ရှယ်လီက ဘိုင်ရွန်ကို ငေါက်သလိုပြောလိုက်သော်လည်း သူ့လေသံက ကျေနပ်နေပုံရသည်။ မျက်နှာကလည်း
ပြုံးရွှင်နေ၏။ ချက်ကော့တို့ဘက် လှည့်ပြီး..
"မှာကြလေကွာ၊ ငါတိုက်မှာပါ၊ ဟေ့...လန်ဒန်တစ်ပွဲပေးကွာ"
ဟု စားပွဲထိုးကလေးကို တစ်ဆက်တည်း လှမ်းမှာသည်။ လန်ဒန်စီးကရက် လာချပေးသော စားပွဲထိုးကို
လက်ဖက်ရည် ကျဆိမ့်နှစ်ခွက်မှာလိုက်၏။
"ဘာတွေအဆင်ပြေနေလို့လဲကွ"
ဟု တော်စတွိုင်းက မေးသည်။ ရှယ်လီမဖြေခင် ဘိုင်ရွန်ကပင်ပြောရေးဆိုခွင့်ရှိသူတစ်ယောက်လို
ဝင်၍အဖြေပေးသည်။

"ဒီနေ့ သူ့ကဗျာစာအုပ်ထွက်တယ်လေကွာ၊ စာမူခလည်းရလို့ အပေါင်းအသင်းတွေကို ပြုစုနေတာပေါ့"
"ဒီလိုမှန်းသိရင် မိုပါဆွန်းကိုပါ ဆွဲခေါ်ခဲ့ပါတယ်ကွာ၊ ဒါမှ ဘီအီးတစ်လုံးစာလောက် ထပ်ထွက်သွားမှာ"
"မပူပါနဲ့၊ ကဗျာစာအုပ်ထွက်တယ်သတင်းကြားရင် အိမ်အထိလိုက်လာပြီး တိုက်ခိုင်းမှာပါ"
ချက်ကော့သည် စိတ်ထဲမှာချီတုံချတုံဖြစ်နေ၏။ လောလောဆယ်တွင် ရှယ်လီ၏လက်ထဲမှာ
ငွေစကြေးစလေးရှိနေသည်။ ငွေငါးရာလောက်ချေးရကောင်းမလား။ ဒါဆိုလျှင် ဆန်ဝယ်ပြီး
အိမ်ပြန်နိုင်မည်။ သို့ရာတွင် သူက ဒါမျိုးကိစ္စတွေမှာ နှုတ်နှေးသည်။ အားနာတတ်သည်။
တော်စတွိုင်းကလည်း ဒီအကြောင်းကိုပင် တွေးနေသည်။
ကာယကံရှင်ကိုယ်တိုင်က ပါးစပ်မဟတော့လည်း ခက်သည်။ ရုတ်တရက် အကြံတစ်ခုရသွားသည်။
ချက်ကော့စာမူခမရခဲ့ကြောင်း ပြောရင်း စကားလမ်းကြောင်းပေးမည်။ ဒါဆိုချက်ကော့က လိုက်နင်းပြီး
ပြောရုံပဲ။ ထို့ကြောင့်....
"ဒီနေ့တော့ မင်းနဲ့တွေ့တာ ချက်ကော့ကံကောင်းတာပဲ၊ ဘာကြောင့်လဲဆိုတော့ မဂ္ဂဇင်းတိုက်က...."
သူ့စကားမဆုံးခင်မှာ ဂျွန်ကိရောက်လာပြီး...
"ဟေ့ကောင် ရှယ်လီ၊ မင်းထောနေတယ်ဆို၊ ဟိုတလောက လမ်းမှာဖိနပ်ပြတ်သွားလို့ ပြန်ဝယ်မလို့ဆိုပြီး
ငါ့ဆီက ငွေသုံးရာချေးထားတာ မှတ်မိသေးလား၊ အခု ငါ့မိန်းမ နေမကောင်းဘူးကွ၊ ညနေဆေးခန်း
သွားပြဖို့ ငွေမရှိလို့၊ အဲဒါပြန်ပေးနိုင်ရင်ပေးကွာ"
"အေးပါ၊ ငါသတိရပါတယ်၊ မင်းနဲ့မဆုံရင်တောင် နီရူဒါနဲ့ တစ်ဆင့် ပေးခိုင်းမလို့ကွ"
ဆိုပြီး ရှယ်လီက ငွေသုံးရာ ထုတ်ပေးသည်။ တော်စတွိုင်းက ချက်ကော့ကို လှမ်းကြည့်သည်။ ချက်ကော့က
မပြောပါနဲ့တော့ကွာ ဆိုသောသဘော ခေါင်းကို မသိမသာခါပြလိုက်၏။

"ကဗျာစာအုပ်လည်း လက်ဆောင်ပေးဦးလေ"
"ဟာ...ပေးမှာပေါ့၊ ပေးချင်လွန်းလို့ကို စောင့်နေတာ၊ ပေးဦးမှာ၊ ပေးဦးမှာ"
ရှယ်လီမှာ ကဗျာစာအုပ်ထွက်ဖြစ်သွားသောကြောင့် အတော်ပျော်နေပုံရသည်။ လေသံကိုက မြူးကြွသွက်လက်နေ၏။
သူက ရှေ့မှာချထားသော ကြွပ်ကြွပ်အိတ်ထဲမှ ကဗျာစာအုပ်သုံးအုပ်ကို ထုတ်သည်။ ဂျွန်ကိ၊ တော်စတွိုင်းနှင့်
ချက်ကော့တို့၏ နာမည်များကို ရေးပြီးလက်မှတ်ထိုးသည်။ တစ်ယောက်တစ်အုပ်စီပေးသည်။

ကဗျာစာအုပ်ကလေးမှာ အတော်သပ်သပ်ရပ်ရပ် လှလှပပပြင်ဆင်ထားသည်။ မျက်နှာဖုံးပန်းချီကို ဒါလီက
ရေးဆွဲပေးထားသည်။ ဒါလီသည် စာနယ်ဇင်းသရုပ်ဖော်ပုံများ ဆွဲလေ့မရှိ။ ပန်းချီကားကိုသာ အထူးပြုရေးတတ်သူ။
ဒီပုံကတော့ ရှယ်လီ့ကို ခင်လွန်းသောကြောင့် ရေးဆွဲပေးခဲ့ခြင်းဖြစ်၏။
စဥ့်အိုးပေါ်မှာ ဖားပျံကလေးတစ်ကောင် ကပ်နေပုံ။
ကဗျာစာအုပ်နာမည်က
'စဥ့်အိုးလေးကို နမ်းတဲ့ည'။

--------
မင်းလူ
--------

No comments:

Post a Comment