ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, January 12, 2013

မညီးတွားတဲ့ နေ့ရက်ဆီသို့

 

 

မညည်းတွားတဲ့ နေ့ရက်ဆီသို့


ဒီလိုအတွေ့အကြုံမျိုးကို လူတွေခံစားဖူးကြမယ် ထင်ပါတယ်။

သူငယ်ချင်းတွေနဲ့ ကော်ဖီဆိုင်တစ်ဆိုင်မှာ တွေ့ဆုံကြတယ်။ သာယာငြိမ့်ညောင်းတဲ့တေးသံတွေကို ခံစားရင်း ကော်ဖီကို အရသာခံသောက်နေတုန်း ဘေးခုံက တပျစ်တောက်တောက်ညည်းတွားသံတချို့က သင်တို့ရဲ့ပျော်ရွှင်ခြင်းတွေကို ဖျက်ဆီးလိုက်တယ်။ ဒါပေမဲ့ ဒီလိုအခြေအနေကို ဘာမှမလုပ်နိုင်ခဲ့ဘူး။ တကယ်တော့ မကျေမနပ်ညည်းတွားတဲ့အပြုအမူက သူတစ်ပါးရဲ့စိတ်ခံစားချက်ကို သက်ရောက်စေနိုင်သလို သူတစ်ပါးရဲ့အသိအမြင်၊ စိတ်နေစိတ်ထားကိုလည်း သက်ရောက်စေနိုင်ပါတယ်။ ဒါကြောင့် ညည်းတွားတတ်တဲ့အကျင့်ရှိခဲ့ရင် ခြေလှမ်းတွေကိုရပ်တန့်ပြီး ကိုယ်ဟာ ညည်းတွားတဲ့စက်ဝိုင်းထဲမှာ တဝဲဝဲလည်နေပြီလားဆိုတာ ကိုယ့်ကိုယ် ဆန်းစစ်စေချင်ပါတယ်။

နိုင်ငံခြားမှာပညာသင်ယူစဉ်က နီနီလို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက် ကျွန်မမှာရှိခဲ့တယ်။ နီနီဟာ မကျေမနပ်ညည်းတွားတာကို ဘဝရဲ့တစ်စိတ်တစ်ပိုင်းလို့ ခံယူထားသူဖြစ်တယ်။ ဒါဟာလည်း သူ့ကို သူငယ်ချင်း၊ အပေါင်းအသင်းနည်းစေတဲ့ အချက်ဖြစ်ခဲ့တယ်။ သူနဲ့ကျွန်မက သူငယ်ချင်း နောက်ပြီး သူ့သူငယ်ချင်းထဲမှာ ကျွန်မအပါအဝင် သူငယ်ချင်းနည်းနည်းပဲ ကျန်ခဲ့တော့မယ်ဆိုတာကို သတိထားမိတဲ့အချိန် သူ့ကို နေ့တိုင်း ညည်းတွားမနေစေသင့်တော့ဘူးလို့ ကျွန်မထင်လိုက်တယ်။

တစ်နေ့ညနေကျောင်းဆင်းတော့ သူငယ်ချင်းတချို့နဲ့ ကျောင်းစားသောက်ဆိုင်ကို ကျွန်မတို့ရောက်လာခဲ့တယ်။ သူငယ်ချင်းအားလုံး ထမင်းအတူထိုင်စားချိန်မှာ နီနီဟာ သူ့သဘာဝ စပြီး ညည်းတွားပါတော့တယ်။

"လီဇာကို နင်တို့သိလား? ဘေးခန်းက ကျောင်းသူလေ" နီနီရုတ်တရက် ပြောလိုက်ပါတယ်။

"သိတယ်... ကျောင်းမှာ နာမည်ကြီးစာရင်းဝင်တစ်ယောက်ပဲ" တခြားလူကိုချီးမွမ်းဖို့ သူနားလည်သွားပြီလို့ ကျွန်မထင်လိုက်တယ်။

"ဟုတ်လို့လား? သူနာမည်ကြီးတယ်လို့ ငါတော့မထင်မိဘူး! သူဟန်ဆောင်ပန်ဆောင်လုပ်လွန်းတယ်လို့ နင်မထင်ဘူးလား? စကားပြောရင် ပညာသားပါပါ ယဉ်ယဉ်ကျေးကျေးနဲ့ အဆင့်အတန်းမြင့်တဲ့ မိသားစုကပဲ မွေးလာသလိုလို မြင်ရသူကို အံ့အားသင့်စေတယ်။ ပြီးတော့ ရှိသေးတယ်... လူကိုတွေ့ရင် သူကစပြီး နှုတ်မဆက်တတ်ဘူး။ သူ့ကိုယ်သူ အထင်ကြီးလွန်းနေတာလား? သူ့မျက်လုံးက ငယ်ထိပ်ပေါ် တက်ပေါက်နေတာလား?" နီနီရဲ့အမူအရာက ပြောင်လှောင်သလိုနဲ့ လီဇာရဲ့မဟုတ်သတင်းကို အားရပါးရပြောနေပါတယ်။

"သူ့မှာ တကယ်အစွမ်းအစရှိလို့ပါ။ ကျောင်းစာမှာ အမှတ်ကောင်းတယ်၊ အားကစားမှာတော်တယ်၊ သီချင်းဆိုပြိုင်ပွဲမှာလည်း အဆင့်ချိတ်သေးတယ်" အဖြစ်တွေကို ကျွန်မညင်ညင်သာသာ ပြောတော့....

"ဘာ အထင်ကြီးစရာရှိလို့လဲ? သူ့ကိုငါ ကြည့်လို့ကို မရဘူး...."

နီနီက သူ့အထင်အမြင်ကို ၅မိနစ်တိတိ ထုတ်ဖော်ပြောနေချိန်မှာ သူငယ်ချင်းအသီးသီး ထထွက်သွားကုန်ကြတယ်။ ဒီလိုအဖြစ်မျိုး တစ်ခေါက်ပြီးတစ်ခေါက် ဖြစ်ပျက်ခဲ့ပါတယ်။ စစချင်းမှာ တခြားလူတွေထက် နီနီပိုညည်းတွားတတ်ရုံပဲလို့ ကျွန်မထင်ခဲ့တယ်။ ဒါပေမဲ့ အတန်းဖော်တွေ တဖြေးဖြေး သူ့ဆီကနေခွာသွားတော့ ဒီကိစ္စဟာ ပေါ့တန်တန်ကိစ္စမဟုတ်ဘူးဆိုတာကို ကျွန်မတအံ့တသြ သတိထားလိုက်မိတယ်။

"နီနီ... ငါက နင့်သူငယ်ချင်းလား?" သူ့စကားကို ကျွန်မရုတ်တရက်ဖြတ်ပြီး မေးလိုက်တယ်။

"ဟုတ်တယ်လေ.. ဘာဖြစ်လို့လဲ?"

"သူငယ်ချင်းတစ်ယောက်အနေနဲ့ နင့်ကိုငါ အကြံတစ်ခုပေးချင်တယ်။ အချိန်တော်တော်များများမှာ မကျေမနပ်နဲ့ နင်ညည်းတွားနေတယ်ဆိုတာကို နင်သတိပြုခဲ့မိလား? ဒါကြောင့် အတန်းဖော်တော်တော်များများက နင့်ရဲ့စကားတွေကို မနှစ်သက်ခဲ့ဘူး။ ဘဝမှာ ညည်းတွားတာတွေ မကျေမနပ်တာတွေများရင် နင့်လဲ မပျော်ရွှင်သလို တခြားလူတွေကိုလည်း သက်ရောက်စေတယ်။ ဒါကြောင့် နောက်တစ်ခါ နင်ညည်းတွားရင် ငါးမိနစ်မကျော်စေနဲ့လို့ ငါတို့ဂတိပြုမယ်၊ ဖြစ်လား?"

အညည်းအတွား ကြိုက်နှစ်သက်သူကို မညည်းတွားဖို့ပြောတာဟာ အင်မတန်ခက်ခဲကြောင်း ကျွန်မသိပါတယ်။ ဒါပေမဲ့ သူ့ကို ဒီအကျင့်ဆိုးတွေ ဖျောက်စေချင်ခဲ့ပါတယ်။

နီနီခေါင်းညိတ်ပြီး တိတ်ဆိတ်သွားခဲ့တယ်။

ကျွန်မရဲ့စကားတွေက နားကလော်ဖို့ကောင်းပေမယ့် သူ့ဘဝကို ညည်းတွားတာတွေနဲ့ ထပ်ရစ်နှောင်မထားဖို့ ကျွန်မတကယ်မျှော်လင့်ပါတယ်။

နီနီဟာ သူ့မှာ သူငယ်ချင်းတွေ တဖြေးဖြေးနည်းသွားတာကို သူ့ကိုယ်သူပဲ သတိထားခဲ့မိတယ်ထင်ပါရဲ့ ညည်းတွားတတ်တဲ့ သူ့အကျင့်ကို သူတဖြေးဖြေး စပြောင်းလဲပစ်ခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ နီနီမှာ သူငယ်ချင်းတွေ ပြန်တိုးလာခဲ့ပါတယ်။

ကျောင်းပိတ်လို့ ထိုင်ဝမ်ပြန်မယ့် ရှေ့တစ်ညမှာ နီနီက ကျွန်မဆီလာပြီး "မကျေမနပ် မညည်းတွားတော့ ဘဝဟာလည်း ပိုပျော်ရွှင်လာတယ်။ နင့်ရဲ့အကြံကို ကျေးဇူးတင်ပါတယ်" လို့ ဆိုပါတယ်။

ညည်းတွားတယ်ဆိုတာ စိတ်ရဲ့ထွက်ပေါက်တစ်ခုပါ။
ညည်းတွားတယ်ဆိုတာ အမှန်တကယ်ရှိတာကို ကွေ့ရှောင်တဲ့ ထင်မြင်ချက်တစ်ခုပါ။
ညည်းတွားလို့ ရပါတယ်.. ဒါပေမဲ့ ဘဝတစ်သက်ကို ညည်းတွားတာနဲ့ အဆုံးမသတ်လိုက်ပါနဲ့။

တကယ်လို့ တစ်နေ့တာရဲ့ အချိန်တော်တော်များများကို ညည်းတွားတာ၊ မကျေနပ်တာတွေနဲ့ပဲ သင်ကုန်ဆုံးစေနေတယ်ဆိုရင် သင့်ခံစားချက်ကို သင်ထိန်းညှိဖို့ လိုနေပါပြီ။ ဒါဟာ သင် မသိမသာလုပ်မိနေတဲ့ အပြုအမူဖြစ်ရင်လည်းဖြစ်မယ်။ ဒါမှမဟုတ် သင်ကျင့်သားရသွားတဲ့ အပြုအမူလည်း ဖြစ်နိုင်ပါတယ်။


မူရင်း--- ထိုင်ဝမ်စာရေးဆရာမ Sunny doll (晴天娃娃)ရေးတဲ့ "အနာဂတ်အတွက် မျှော်လင့်ချက်(၄ဝ)"ဆိုတဲ့ စာအုပ်ထဲက ကောက်နှုတ်ထားတာ ဖြစ်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

No comments:

Post a Comment