ဘုန်းကြီးကျောင်းသားဘဝ
အမှတ်တရများ(၁)
ကျွန်တော်တို့ ကလေးဘဝက ရွာတွင် အစိုးရမူလတန်းကျောင်း
မရှိပါ။ ရွာသူရွာသားများ ပညာရေး အတွက် တစ်ခုတည်းသော အားကိုးမှီခိုရာမှာ ရွားဦးဘုန်းတော်ကြီးကျောင်းပင်ဖြစ်ပါသည်။
ကျွန်တော်တို့ ပညာရှာမှီးရာ မြကျွန်းညိုပင်။
မူကြိုအရွယ်က အစ လူပျို အပျိုပေါက်အရွယ်အထိ ကျောင်းတော်သူ ကျောင်းတော်သား နှစ်ရာကျော်ရှိသည်။
အခြေခံပညာ မြန်မာသင်ပုန်းကြီးက အစ လောကနီတိ အဆုံး သင်ရိုး သတ်မှတ်ထားပြီး သင်ရသည်။
ပညာသင်ကြားပေးသူမှာ တစ်ပါးတည်းသော ကျောင်းထိုင်
ဘုန်းတော်ကြီး ဖြစ်သည်။
ဘုန်းကြီးကျောင်းသားဘဝ တွေ့ကြုံဖြတ်သန်းခဲ့ရသော လွမ်းမောတသဖွယ် ရယ်စရာလေးများကို
ပြန်ပြောင်းပြောပြချင်ပါသည်။
အီးပြဿနာ
နေ့လည်
၁၁ နာရီလောက်တွင် ဘုန်းတော်ကြီး ဆွမ်းဘုန်းပေးချိန်ဖြစ်သည်။
နှစ်ရာလောက်ရှိသော ကျောင်းတော်သူ ကျောင်းတော်သားများမှာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်စွာ
စနစ်တကျ တန်းစီ ထိုင်နေကြရသည်။ ကျောင်းဝင်းအတွင်းမှ ကျီးကန်းအော်သံ ငှက်မည်သံတို့သာ တအအ နှင့်ကြားနေရသည်။ ဘုန်းတော်ကြီးသည်
ရိုက်ရာတွင် အတော်လက်သံပြောင်သည်ဖြစ်ရကား ကျောင်းသားများ မီးသေနေသည်။ ထိုအချိန်မျိုးမှာမှ ဒုတိယကမ္ဘာစစ်မှ ကျွဲနှစ်ကောင်ဗုံးကျဲလေယဉ်လာသဖြင့်
အချက်ပေး ဥသြ သံဆွဲလိုက်သကဲ့သို့ ``ပီ-------
``ဟူသော ရှည်လျားသည့် မအောင့်နိုင်သည့်ကြားမှ
ဇွတ်မရမက တိုးထွက်လာ သော လေချွန်သံသည် ဘယ်သကောင့်သားဖင်က ထွက်လာသည် မသိရ။
ဘုန်းတော်ကြီးသည် ဘုန်းပေးလက်စ ဆွမ်းလုပ်ကို ပါးစပ်နားရောက်ကာနီးမှ ခဏတန့်သွားသည်။ အီးသံကြားရာဘက်ကို လှမ်းကြည့်သည်။
ဘယ်သူမှ အသံမထွက်ရဲ တခိခိနှင့် ကျိတ်ရယ်ကြသည်။ ဘုန်တော်ကြီး ကဘာမှမပြောဘဲ ဆွမ်းဆက်ဘုန်းပေးကာ
ဆွမ်းဘုန်းပေးခြင်းကို အပြီးသတ်လိုက်သည်။
ဆွမ်းဘုန်းပေးပြီးနောက် အချိုပွဲဆက်ကပ်ကြကာ ထိုအချိန်တွင်
လက်သုံးတော် ထန်းပလက်တုတ်ကို ပြည်သူ့တရားရှင် ပေါင်ချိန် တရားရေးစားပွဲပေါ်ငြိမ်စေရန်
``ဒုန်း``ကနဲ ရိုက်လိုက်သကဲ့သို့ ကျောင်းကြမ်းပြင်အား ``ဗြုံးကနဲ`` ရိုက်လိုက်လေ၏။
ဘုန်းတော်ကြီးက--
``ဟဲ့--- ခုဏ ဘယ်သူအီးပေါက်တာလဲ``
တစ်ယောက်မှ တုတ်တုတ်မလှုပ်ရဲ
``ဟဲ့
ငါမေးနေတာ တစ်ယောက်မှ မကြားဘူးလား --
ကျန်လကွိ``
ဘုန်းတော်ကြီးက ခြုံမေးလျှင် တစ်ယောက်မှ မဖြေမည်ကို သိသဖြင့် တိုက်စစ်ဗြူဟာ
ချက်ချင်းပြောင်းကာ ဖော်ကောင် ဘညွန့်(ဝါ) ကျန်လကွိအား ဆွဲထုတ်လေ၏။ ကျန်လကွိ ၏ အမည်ရင်းမှာ
သန်းဝင်းဖြစ်ပါသည်။ သို့ရာတွင် ဥာဏ်သိပ်မကောင်းသဖြင့် အတန်းတိုင်းတွင် ကျကျန်ခဲ့ပြီး သူနှင့် အသက်တူ များ
ရှေ့တတ်သွားသော်လည်း အမြဲကျန်ရစ်သဖြင့် ကျန်ရစ် ဟုခေါ်ရာမှ နောင်အခါ ကျန်လကွိဟု အမည်တွင်လေသည်။
ကျန်လကွိသည် မတတ်သာသည့်အဆုံး မတ်တပ်ရပ်ရလေ၏။
``ဟဲ့
ကျန်လကွိ ခုဏ အီးပေါက်တာ ဘယ်သူလဲ```
``ဘိုသန်ထွန်ပါ ဘုရား--``
ကျန်လကွိသည် လုံးဝတုန့်ဆိုင်းနေခြင်းမရှိဘဲ သူနှင့်မတည့်သော အမြဲရန်ဖြစ်ဘက် အချစ်ဆုံးသူငယ်ချင်း အား အခွင့်ရေးရခိုက် ချောက်တွန်း၏။
သွားနည်းနည်းခေါသဖြင့် ဘိုသန်ထွန် ဟုခေါ်ခြင်း ဖြစ်သည်။ အမည်ရင်း သန်းထွန်းဖြစ်၏။ ကျန်လကွိနဲ့လည်း
ဆွေမျိုးနီးစပ်တော်၏ ။ သို့သော် ဘယ်တော့မှ မတည့် ။ မတည့်ပေမယ့် အမြဲတတွဲတွဲလည်းနေတတ်၏
မတည့်အတူနေဆိုတာ သူတို့ပင်ဖြစ်သည်။
``ဘိုသန်ထွန်ပါ လို့ ဘာကြောင့်ပြောနိုင်ရတာလဲ``
``တပည့်တော် ကိုယ်စောင့်နတ်က တပည့်တော်နား ကပ်ပြီး ဘိုသန်ထွန်အီးပေါက်တယ် ဘိုသန်ထွန်အီးပေါက်တယ် -- လို့ပြောတယ်ဘုရား--``
``ဟေ--``
ဘုန်းကြီးသည် ပြုံး၏။ သူတို့မတည့်တာကို ဘုန်းကြီးရော
တစ်ကျောင်းလုံးကရော သိသည်။ ကျောင်းသူ ကျောင်းသားများလည်း တခိခိနှင့် ကျိတ်ရယ်ကြ၏။
``ဟဲ့
ဘိုသန်ထွန် နင်ပေါက်တာ ဟုတ်လား ``
ဘိုသန်ထွန်သည် လက်ပိုက်၍ မတ်တပ်ရပ်၏။
တရှုးရှုးနှင့် မြွေဟောက်တစ်ကောင်ကဲ့သို့ ဒေါသများထွက်နေကာ ကျန်လကွိအား
ခတ်တော့မည့် ကျွဲကဲ့သို့ စောင်ကြည့်နေ၏
``ဟဲ့
ငါမေးတာ ကြားလား ``
``တပည့်တော် မဟုတ်ဘူး
ဘုရား``
``ဒါဖြင့် ဘယ်သူလဲ
``
``ကျန်လကွိ ပေါက်တာ ဘုရား``
``မင်းကရော ဘာဖြစ်လို့
ပြောနိုင်ရတာလဲ``
``တပည့်တော်နားထဲမှာ တပည့်တော် ကိုယ်စောင့်နတ်က ``ကျန်လကွိ အီးပေါက်တယ်`` ``ကျန်လကွိ အီးပေါက်တယ်`` လို့ လာပြောတယ်ဘုရား``
ကျောင်းသူကျောင်းသားများ မထိမ်းနိုင်ဘဲ ဝါးကနဲ ရယ်ကြလေသည်။
ဘုန်းတော်ကြီ်လည်းပြုံးသည်။
ထိုနေ့က မည်သူ့ကို မျှ မပြစ်မပေးသော်လည်း တရားခံအစစ်
ဘိုဇော်မှာ (ခေါ်) ဖိုးအိပ်ကြီး မှာ နောက်ထပ်နာမည်ပြောင်တစ်ခု ရရှိသွားလေသည်။ ထိုအမည်ကား ``အီးအိုးကွဲ`` ဟူသတည်း။
No comments:
Post a Comment