ဝမ်းတီးရှယ်-----
လက်ဖက်ရည်ဆိုင်တွေရဲ့
ယဉ်ကျေးမှု ဟာ ဘယ်ခောတ်ကတည်းက မြန်မာပြည်ကိုရောက်လာတာလဲ တော့မသိပါဘူး။ ကျွန်တော့အထင်တော့
သူ့ကျွန်ခောတ် အင်္ဂလိပ်နယ်ချဲ့လက်အောက်မှာ အိန္ဒိယနိုင်ငံက တစ်ဆင့် မြန်မာပြည်ကို ရောက်ရှိခဲ့တာလို့ထင်တယ်။
အရင်ကတော့ ကာကာဆိုင် လို့ခေါ်မယ်ထင်တယ်။ ကျွန်တော်ပြောချင်တာက
လက်ဖက်ရည်ဆိုင်သမိုင်းမဟုတ်ပါဘူး။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက သူငယ်ချင်းတွေ လက်ဖက်ရည်ဆိုင်မှာ
ချိန်းပြီး စားကြသောက်ကြ လေဖောကြနဲ့ ဆုံရပ်တစ်ခု အဖြစ် သုံးခဲ့ကြ ပါတယ်။
ကျွန်တော်တို့ငယ်ငယ်က လက်ဖက်ရည်ဆိုင်ထိုင်ရင်
အချိုသိပ်ကြိုက်တဲ့သူက လက်ဖက်ရည် အချိုဂိတ်ဆုံးမှာတဲ့အခါ စားပွဲထိုးက ``ဝမ်းတီး ကျောက်ပန်းတောင်း``လို့
အော်မှာတယ်။ ကျောက်ပန်းတောင်းက ထန်းလျှက်ထွက်တော့ အချိုများများ ဆိုတာ ဖျော်ဆရာသိတယ်။
ကိုချစ်ကောင်းရဲ့ ကော်ဖီခါးခါး အခွေပေါက်တုန်းကလည်း လက်ဖက်ရည်ဆိုင်တွေမှာ ``ချစ်ကောင်း``ဆိုရင်
ကော်ဖီခါးခါးမှာမှန်း သိကြတယ်။ နောက် ကျွန်တော်တို့ငယ်ငယ်က ရှိသေးတယ်။ ကော်ဖီနဲ့လက်ဖက်ရည်
ရောဖျော်တာ ။ အဲဒါကို လက်ဖက်ရည်ဆိုင်အခေါ် ``စင်္ကာပူ``တဲ့။ ခုတော့ မသုံးကြတော့ဘူးထင်ရဲ့။
လက်ဖက်ရည်ဆိုင်လည်း မထိုင်ဖြစ်တော့တာ ကြာပြီလေ။ ကျွန်တော်က ကော်ဖီသမား ဖြစ်နေပြီ။ တစ်နေ့
သုံးခွက်မှ မသောက်ရရင် စိတ်မရွှင်တော့ဘူး။ ဒီတော့ အိမ်ရှင်မက မနက်တစ်ခွက် နေ့လည်တစ်ခွက်
ညနေတစ်ခွက် ဖျော်ပေးနေကြ ။
လက်ဖက်ရည်ဆိုင်နဲ့ပါတ်သတ်လို့ ဟာသလေးတစ်ပုဒ်
သတိရတုန်းပြောချင်သေးတယ်။ တော်တော် များများတော့ သိမှာပါ။ မသိသေးသူတွေအတွက်ပေါ့။ ရခိုင်လူမျိုးတွေဟာ
တစ်၊ နှစ်၊ သုံး ကိုရေတွက်တဲ့အခါ တိုက် ၊ နှိုက် ၊ သုံး လို့ရေတယ်ဆိုပဲ။ တစ်နေ့တော့
တက္ကသိုလ်က ကင်တင်းတစ်ခုမှာ တက္ကသိုလ်ကျောင်းသူ လေးသုံးယောက် ရောက်လာတယ်။ စားပွဲထိုးလေးက
ရခိုင်လေး။ အမ ဘာသောက်မလဲပေါ့။ တစ်ယောက်က ငါတော့
လက်ဖက်ရည်ပဲ သောက်မယ် နင်တို့ရောဆိုတော့ နောက်တစ်ယောက်က ဒီဆိုင်က နွားနို့ကောင်းတယ်
ငါအတွက် နို့တစ်ခွက်ပေးလို့ပြောတယ်။ နောက်တစ်ယောက်ကလည်း ငါလည်း နွားနို့သောက်မယ်ပေါ့
။ ဒီတော့ လက်ဖက်ရည်က တစ်ခွက် နွားနို့က နှစ်ခွက် မှာလိုက်တယ်။ ဆိုင်မှာ လူကလည်းများ
တော့ ရခိုင်စားပွဲထိုးလေးက ဖျော်ဆရာဘက်ကို လှည်ြ့ပီး အကျယ်ကြီး အော်မှာလိုက်တာ ပြဿနာတတ်ပါရောလား။
သူကရခိုင်လို မှာလိုက်တယ်---
``ဟေ့
ဒီမှာ အမ သုံးယောက် လက်ဖက်ရည်တိုက် နို့နှိုက်``
တဲ့---
ကောင်မလေးသုံးယောက်က အထင်လွဲပြီး ပြဿနာရှာလို့
အတော်ကိုရှင်းလိုက်ရဆိုပဲ။ လူကြားထဲမှာ ငါတို့ကို လက်ဖက်ရည်တိုက် နို့နှိုက် ရအောင်
အပေါစားများမှတ်နေလားပေါ့။ အထင်လွဲတာလေ။ အင်း--- ကျွန်တော်လည်း ဒီနှစ်သင်္ကြန် မန္တလေး
၊ ပြင်ဦးလွင် ၊ ပုဂံ ၊ ပုပ္ပါး ၊ ရွှေစက်တော် ၊ ကျောင်းတော်ရာ ၊ ပြည် ၊ မကွေး အဲဒီဘက်ကို
ဘုရားဖူးထွက်ဖြစ်တယ်။
အဲဒီလို ဘုရားဖူးထွက်ရင်း လက်ဖက်ရည်ဆိုင်မထိုင်တာ
နှစ်ပေါင်းကြာပြီဖြစ်တဲ့ကျွန်တော်ဟာ တစ်နေ့မှာ လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်တယ်။ အပေါင်းသင်း
ဘော်ဒါတွေနဲ့ အတူတူသွားကြတာဖြစ်ပေမယ့် အဲဒီနေ့က တစ်ယောက်တည်း လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး
ဆိုင်ဖီလင်ယူမယ်ပေါ့။ အဲဒီညနေက ညအိပ်မှာမို့ အေးဆေးအချိန်ကလည်းရတယ်။
စားပွဲထိုးကောင်လေးရောက်လာတယ်
``အကို
ဘာသောက်မလဲခင်ဗျ``
``လက်ဖက်ရည် ပုံမှန်ကွာ``
``ရိုးရိုးလား ရှယ်လားအကို``
ရိုးရိုးဆိုတာ ချက်နို့ဆီနဲ့ဖျော်တာ ရှယ်ဆိုတာ ဗူးနို့ဆီနဲ့ဖျော်တာ ။ ဒီလောက်တော့်
သိပါသေးတယ်။ အရင်တုန်းက ရှယ်ဆိုရင် ``ဇွန်းတပ်မယ်ဆရာရေ``လို့ အော်တတ်တယ်လို့လဲ ကြားမိဘူးတယ်။
ဒီတော့ကျွန်တော်က--
``အေး
ရှယ်လုပ်ကွာ ဒါပေမယ့် ဇွန်းမတပ်နဲ့
အကို့ကို တစ်ခါတည်း ဖျော်ပေး ဟုတ်လား ``
ကျွန်တော်က ညနေလေပြေအေးအေးလေးနဲ့ အညာရှု့ခင်းတွေကိုကြည့်ပြီး
ဖျော်ဆရာ အသင့်ဖျော်ပေးတဲ့ လက်ဖက်ရည်လေးနဲ့ ဆိုင်ထဲကဖွင့်ထားတဲ့စိုင်းဆိုင်မော့ဝ်ရဲ့
တေးသီချင်းလေးကို ငြိမ့်ရင်း ဖီလင်ယူမယ်လို့
စိတ်ကူးလေးနဲ့ ငြိမ့်နေတုန်း စားပွဲထိုးကောင်လေး ဖျော်ဆရာဆီကို အော်ပြီး မှာလိုက်တဲ့
အသံကျယ်ကြီးကြောင့် အောင့်သီးအောင့်သက်နဲ့ ဖီလင်ညနေလေး ပျက်စီးသွားတယ်ဗျာ။ မှာလိုက်တာကလည်း ကြည့်ပါအုံး----
``အကိုရေ----- ဝမ်းတီးရှယ် ----- ပိုင်သက်ကျော် `` တဲ့။ ။
(အောင်မငေး
-------- ဒီလိုအော်မယ်မှန်းတိရင် ကိုယ့်ဖာသာ မွှေပါတယ်ဂျာ------)
ကိုစိုးနိုင်
No comments:
Post a Comment