``ဘဝသံသရာ
------ မနေမနား - ရှည်လျား ၊ထွေပြား
----- တစ်သွားတည်းသွားရတာ-------- တွေ့ဆုံကြုံကွဲ------ ဝမ်းနည်း
ဝမ်းသာ-------------``
ညနေမှောင်ရီပျိုးတာနဲ့ လမ်းထိပ်က အသံကျယ်ကြီဖြင့် လေးလေးပင်ပင် ဆွဲဆွဲငင်ငင် ဖြင့် ဆိုသော သီချင်းသံကို
နေ့တိုင်း အချိန်မှန် ကြားရပြီဆိုလျှင်ဖြင့်
``ဘဝသံသရာ``ကြီး အိပ်တန်းဝင်လာပြီဖြစ်ကြောင်း တစ်ရပ်ကွက်လုံးက သိထားပြီးဖြစ်လေသည်။
ထို``ဘဝသံသရာကြီး``ဟု ရပ်ကွက်က ချစ်စနိုး အမည် သမုတ်ထားသူကား အခြားသူမဟုတ် ကျွန်တော်၏
ဦးလေး ၊ တိတိကျကျ ဆိုရပါမူ ကျွန်တော့ အမဝမ်းကွဲ ၏ ယောင်္ကျား ကိုအုန်းမောင် ဖြစ်သည်။
ကျွန်တော် ၇ တန်းရောက်တော့ လူကောင်ကသာ ကလေးလိုဖြစ်နေပြီး
လူပျိုပေါက်လို မထွားသော်လည်း စိတ်ကတော့ဖြင့် လူပျိုစိတ်ပေါက်လာကာ ရှက်တတ်လာသည်။ ရွယ်တူ ချောချောလှလှ မိန်းကလေးတွေ၏
အလှကို ခံစားတတ်လာသည်။ ချစ်တတ်လာသည်။ သို့သော် ဘုန်းတော်ကြီးက ကျွန်တော့်ကို ကလေးလိုပဲသတ်မှတ်ကာ
ဆွမ်းခံထွက်ရတဲ့ရာထူးကို မရုတ်သိမ်းချေ။ ဆွမ်းခံထွက်ရတာလဲ ကြည့်ဦး တစ်ယောက်ချင်း သပိတ်ပိုက်ကာ
ဆွမ်းလောင်းတတ်သည့်အိမ်များတွင် လိုက်လံပြီးဆွမ်းခံရသည်။ အညာမြို့ကလေးမို့ ဆွမ်းလောင်းမည့်အိမ်များမှာ
ခြံရှေ့တွင် ဆွမ်းအုပ်ကြီးကိုခုံဖြင့်ချထား သည်။ လာသည့် ကိုရင်ကျောင်းသား မည်သည့်ကျောင်းကမဆို
လောင်းလှုသည်။ ဆွမ်းဟင်းကိုမူ တစ်ကျောင်း ကိုတစ်ခွက်နှုံး လှုသည့်သူရှိသလို ဆွမ်းဟင်းရှိသလောက်
လာသည့်သူတိုင်းလှုသူလည်းရှိသည်။
ငယ်ငယ်တုန်းကတော့ ဟိုစိတ်ဒီစိတ်မရှိလို့ ရှက်တယ်ဆိုတဲ့စိတ်ခံစားချက်မရှိ သော်လည်း ၇ တန်းရောက်လာတော့
ရှက်တတ်လာသည်။ ဆွမ်းလောင်းတဲ့ကောင်မလေးက ကိုယ်ကြိတ်ကြိုက်နေတဲ့ သူဆို ပိုဆိုးသေး။ သူတို့က
ပြုံးပြနှုတ်ဆက်သော်လည်း ကိုယ့်မှာ ပြောင်လှောင်သည်ဟု ထင်နေတတ်သည်။ အားငယ်သလို ရှက်သလိုခံစားရသည်။
ဘုန်းကြီးကို ဆွမ်းခံမထွက်ချင်တော့ကြောင်းလျှောက်သော်လည်း ဘုန်းကြီးက ကိုယ့်ကို ကလေးလိုမြင်ကာ
ခွင့်မပြု။
ဒါနဲ့
၇ တန်းအောင်တော့ မိဘကို အရေးဆိုတော့သည်။ ဘုန်းကြီးကျောင်းက ကျောင်းမတတ်ချင်တော့။
အမျိုးအိမ်ကနေ ကျောင်းတတ်မည်။ ဘုန်းကြီးကျောင်းမှာဆက်ထားရင် ကျောင်းထွက်တော့မည်။ ဘာညာ
အကျပ်ကိုင်တော့ အဖေ့ရဲ့တူမ ဝမ်းကွဲ (ကျွန်တော်တို့အခေါ် မမမြညွန့်) အိမ်သို့ ဘုံဗိမ္မာန်ပြောင်းလေတော့သည်။
အနှီ ကိုအုန်းမောင်မှာ မမမြညွန့်၏ ခင်ပွန်းဖြစ်သည်။
ကိုအုန်းမောင် နှင့် မမမြညွန့်တို့က ကားဆိပ်တွင်
ကွမ်းယာဆိုင်ရှိသည်။ အညာမြို့ကလေးမို့ ကွမ်းယာဆိုင်လေးက မိသားစုကို ချောင်ချောင်လည်လည်
ထားနိုင်နေနိုင်သည်။ ကိုအုန်းမောင်က ဆိုင်တွင်လိုအပ်သော ပစ္စည်းပစ္စယ တို့ကိုဝယ်တင်ပေးပြီးပါက
သူ့မိန်းမ မမမြညွန့်က ရောင်းသည်။အဝယ်တာဝန် အရောင်းတာဝန်ခွဲထားပြီး ကိုအုန်းမောင်က သူဝယ်စရာကိစ္စအားလုံးပြီးလျှင်
တစ်မြို့လုံး ရှိ သာရေး နာရေး လူမှုရေးတို့ကို လိုက်လုပ်တတ်သည်။ မီးဖိုချောင် ထမင်းဟင်းချက်တာကို
ဝါသနာပါသလို ဟင်းချက်လည်းအလွန်ကောင်းသည် ။ လူမှုရေး လုပ်၍ မိတ်ဆွေလည်းပေါသည်။ သောက်တတ်စားတတ်သော်လည်း အရင်က သိပ်ပြီး အရက်အလွန်အကျွံ သောက်သည်မဟုတ်။ အခုတော့အရက်ကို
စံချိန်လွန် သောက်တတ်လာသည်။ ဘာဖြစ်လို့ အဲလို အရက်တွေအများကြီးသောက်တာလဲ ဟု ကျွန်တော်က
မမမြညွန့်အား တစ်ခါက အလိုက်မသိမေးလေရာ မဲ့ကာရွဲ့ကာဖြင့်
အောက်ပါတိုင်း ပြောပါလေတော့သည်။
``အမလေးဟယ် မပြောချင်ပါဘူး သူ့ငယ်ရည်းစား အနာကြီးရောဂါဖြစ်လို့တဲ့ ဟေ့---``
ဟု ပြောပါလေသည်။ ကျွန်တော်အစက နားမလည်ပါ။ နောက်တော့မှ သူတို့ငယ်စဉ်က သုံးပင်လိမ် ချစ်ဇာတ်လမ်းကို
သိရသည်။ ကိုအုန်းမောင်က ငယ်စဉ်ကတည်းက ချစ်သူခင်သူပေါသည်။ သူနဲ့ ကျွန်တော့်အမနဲ့ အိမ်ထောက်မကျခင်တွင်
ကိုအုန်းမောင်မှာ ရွေးရခက်နေသော ရည်းစားနှစ်ယောက်ရှိသတဲ့။ နောက်တော့ မမမြညွန့်ကို ရွေးလိုက်တယ်ဆိုပါတော့။
အဲဒီအထိ ကိစ္စမရှိ ။ သူ့နောက်တစ်ယောက်၇ည်းစား ကလည်း အချိန်တန်တော့ အိမ်ထောင်ကျသွားသည်။
သို့သော် ထိုအမျိုးသမီးကံဆိုးသည်မှာ သူနှင့် အိမ်ထောင်ကျသောသူက မျိုးရိုးလိုက်သည့်
အနာကြီးရောဂါရပြီး တစ်ဆင့်ကူးသည်တဲ့။ အနာကြီးရောဂါဆိုသည်မှာ ယဉ်ကျေးအောင်ပြောခြင်းပင်။
အနူရောဂါကိုဆိုလိုသည်။ အဲသည်သတင်းကြားပြီး ကတည်းက ကိုအုန်းမောင်မှာ ချစ်ခဲ့ဘူးသူ ငယ်ချစ်အတွက်
သောကရောက်ရသည်။ သူသာ ရွေးချယ်လိုက်ပါက ဒီလို ဘဝဆိုးမျိုးမရောက်ဟု စိတ်က သူ့ကိုယ်သူ
အပြစ်တင်နေလေသည်တဲ့။ သြော် အချစ် အချစ် ။
အချစ်ဆိုတာ မီးပါလားကွယ်။
ကိုအုန်းမောင်က မိတ်ဆွေများတာကြောင့် ကျွန်တော့်မှာ
ဘုန်းကြီးကျေင်းတုန်းကလို အလေလိုက်လို့မရတော့ပေ။
ဘယ်နေရာသွားသွား အိမ်ရောက်လျှင် သတင်းက ရောက်နှင့်နေသည်။ ကျွန်တော့်မှာ မမမြညွန့်ကိုမကြောက်ရ
သူ့ကိုကြောက်နေရသည်။ ကြောက်သည်ဆိုတာက သူက စေတနာနှင့် ဆိုဆုံးမခြင်းကိုသိ၍ဖြစ်သည်။ တစ်ခါက
ညနေခင်း သူဇရက်မင်းစည်းစိမ်ခံသည့်အချိန် အိမ်ကို သူ့ဧည့်သည်ရောက်လာသည်။ မမမြညွန့်က
ကျွန်တော့ကို စက်ဘီးဖြင့် အရက်ဆိုင်ကိုလိုက်ခေါ်ခိုင်းသည်။ ကျွန်တော်သွားခေါ်တော့ အရက်သောက်နေရင်း ``သွားနှင့် သွားနှင့် ငါအခု လိုက်ခဲ့မယ်``ဟု အတင်းနှင်လွှတ်သည်။
အိမ်ရောက်တော့ သူတို့လင်မယား ရန်ဖြစ်ပါလေတော့သည်။ ကလေးတွေကို အရက်ဆိုင်လွှတ်လို့တဲ့။
ကျွန်တော်တို့ခောတ်တုန်းက ရှစ်တန်းတွင် လူရည်ချွန်ဖြေရသည်။
ကျွန်တော်လည်း တိုင်းအဆင့်ထိ ပါသည်။ ကျွန်တော်သည် ကိုယ့်ကိုယ်ဖော် မသူတော်မလုပ်လိုပါ။
ကျွန်တော်ငယ်စဉ်က အလွန်ဥာဏ်ထက်သည်။ ကြိုးစားမှုမရှိ ၊ အလေလိုက်၊ ဆိုးတေနေသည့်ကြားက အတန်းထဲမှာ
အမြဲ တစ်၊ နှစ်၊ သုံး ချိတ်သည်။ ကျွန်တော်ငါးတန်းတုန်းက မှတ်မိသည်။ အတန်းထဲတွင် ကျွန်တော့်ကို
ဘယ်သူမှ အသိအမှတ်မပြုပါ။ ကျွန်တော်ကလည်း အသိအမှတ်ပြုချင်စရာမဟုတ်။ စုတ်စုတ်ပြတ်ပြတ်
ပေပေတေတေ နှင့် တစ်ခါတစ်လေ ကြည့်မရသော မြို့သားဆိုသူတွေကို ရန်ဖြစ်ဖို့ချိန်းတတ်သေးသည်။
ပထမအစမ်း စာမေးပွဲဖြေတော့ သူတို့ထင်ထားသူတွေထဲက အဆင့် နှစ် ၊ အဆင့်သုံးရပြီး အဆင့်
တစ် ပျောက်နေသည်။ စုံစမ်းသော်လည်း ဘယ်သူမှန်းမသိ။ တစ်ရက်နှစ်ရက်နေမှသိသည်။ သူတို့တော်တော်အံ့သြသွားပုံပင်။
ကိုအုန်းမောင်သည် ကျွန်တော်လူရည်ချွန်ပါတာကို တော်တော်ဂုဏ်ယူသည်။ သူရောက်လေရာ ကြွားတတ်သည်။
ကျွန်တော်တိုင်းအဆင့်ထိရွေးချယ် ခံရသော်လည်း ဘာလို့ရွေးမှန်းမသိပါ။ လူတွေ့ နှုတ်မေး နှုတ်ဖြေ
ဖြေစဉ်က မေးခွန်းတစ်ခု မေးတာ မှတ်မိသည်။ မေးသည့်ဆရာက ``မင်း ဟင်နရီဒူးနန့်
ကိုသိလား`` တဲ့ ။ ကျွန်တော် ချက်ချင်းမဆိုင်းမတွဖြေလိုက်ပါ သည်။ ``မသိဘူး`` ဟူ၍။ ဒါတောင် အရွေးခံရတာ အံ့သြသည်။
``သေချာစဉ်းစားပါဦး``ဟု ဆရာက ကွန့်သေးသည်။ ကျွန်တော်က ခေါင်းခါပြီး ``ကျွန်တော့ အသိထဲမှာ
ဟင်နရီဒူးနန့်ဆိုတာမရှိဘူး``ဟု တုံးတိပြောရာ ဆရာကပြုံးလေသည်။
ကျွန်တော်သည်ငယ်ငယ်ကတည်းက စိတ်ဆိုးနေလျှင်
မည်သူ့ကိုမျှမကြောက်ပါ။ အဲဒီတုန်းက ကျွန်တော် စိတ်ဆိုးနေသည်။ မနက်ကတည်းက နှုတ်မေးနှုတ်ဖြေ
ဖြေဖို့ တစ်မြို့နယ်လုံးက ကျောင်းသားတွေ စုထားသည်။ မေးမယ့်ဆရာက ညနေ လေးနာရီလောက်မှလာသည်။
ကျွန်တော်တို့ကို ဘယ်ကိုမှ မသွားရ ။ ဗိုက်ဆာသည်။ အဲဒီတော့ စိတ်တိုနေတာပေါ့။
အခုခောတ်မှာ သူငယ်တန်းကတည်းက ကျူရှင်ဆိုတာရှိနေသည်။
ကျွန်တော်တို့တုန်းကတော့ ကျူရှင်ဆိုတာ စာမလိုက်နိုင်သော လူညံ့တွေအတွက်သာဖြစ်သည်။ ကျူရှင်တတ်ရတာကို
ရှက်သည်။ သို့သော်ရှစ်တန်းရောက်လာတော့ အစိုးရစစ် ဝိဇ္ဇာ တွဲ သိပ္ပံတွဲကို ရှစ်တန်းမှာခွဲသဖြင့်
အေ၇းကြီး၍ ကျူရှင်တတ်သည့်သူများ များလာသည်။ ကျွန်တော်လည်း ကျူရှင်တတ်သည်။ သင်သည့်ကျူရှင်ဆရာက
ဦးညွန့်မောင်၊ ကျွန်တော့ အဖေနာမည်ကလည်း ဦးညွန့်မောင်၊ ကျွန်တော်နဲ့ ငယ်သူငယ်ချင်း
ဝင်းမိုးသန့်(ရည်းစားလုဘက်)winm oethant175@gmail.com ၏ အဖေကလည်း ဦးညွန့်မောင်၊
အဲဒီတုန်းက ဆရာပြောတဲ့ စကားကို အခုထိမှတ်မိသေးသည်။
ကျွန်တော်က အတန်းထဲမှာရော ကျူရှင်မှာရော မျက်နှာပြောင်သည်။ ဆရာတစ်ခုခုပြောလိုက်တိုင်း
အကွက်ဝင်သွားပါက ကျွန်တော်က ဟာသ ပျက်လုံးဝင်ထုတ်တတ်သည်။ မွေးရာပါရောဂါဖြစ်သည်။ ခုထိမပျောက်သေးပါ။
ကျောင်းသားများက ကျူရှင်တွင် ကျွန်တော်ရှိ၍ ပျော်သည်။ ဆရာကတော့ဘယ်လိုခံစားသတ်မှတ်သည် မသိပါ။
တစ်နေ့တော့ ဆရာကပြောသည်။ အတန်းထဲမှာ ကျွန်တော့လို
ပျက်လုံးထုတ်သူ ဝင်ပြီးနောက်ပြောင်သူတွေကို တစ်ခါက ပညာရှင်များက သုတေသနလုပ်ကြောင်း။
အဲဒီကျောင်းသားတွေ ဘာဖြစ်လို့ အဲသလိုလုပ်သလဲဆိုတော့ သူတို့ဟာ စာပညာမှာမတော်တော့ လူသိထင်ရှားအောင်
လုပ်တာဖြစ်တယ် လို့အဖြေတွေ့ကြောင်း ဆရာက ကျွန်တော့်ကို ပညာရှိနည်းနဲ့ နှိပ်ကွတ်လေသည်။
ကျွန်တော်ပညာမာနကိုထိတော့ နည်းနည်းတင်းသွားသည်။ အရင်က သင်္ချာ တွက်ခိုင်းတိုင်း ကျွန်တော်ပြီးလျှင်
အခြားသူငယ်ချင်းတွေကို ရှင်းပြ အားလုံးပြီးမှ ကျွန်တော့်အရင် သူတို့ကိုသွားပြစေကာ ကျွန်တော်ဘယ်တော့မှ
လူအထင်ကြီးအောင်မနေခဲ့ပါ။
ဆရာပြောပြီးတော့ ကျွန်တော်က ကျွန်တော့သူငယ်ချင်းများကို
တောင်းပန်ကာ ဆရာ သချာင်္ပုစ္ဆာပေးတိုင်း အရင်အမြန်ပြီးအောင်တွက်ကာ သွားပြသည်။ နောက်သူငယ်ချင်းများကို
ဆရာပြတာ နားမလည်ပါက ကျွန်တော်က ထပ်ရှင်းမပြပဲ ဆရာ့ရဲ့အရည်အချင်းကို ဖော်ထုတ်တော့သည်။
တစ်ရက်တွင် ဆရာက ကျွန်တော့်ကို အကြောင်းရှာပြီးရိုက်သည်။ ကျွန်တော်က အရိုက်မခံပဲရှောင်လိုက်ရာ
စိတ်ဆိုးပြီး ဆုံးမသည့်ပုံစံမဟုတ်တော့ပဲ ရန်သူရိုက်နည်းရိုက်လေသည်။ ထိုနေ့မှစ၍ ကျွန်တော်
ကျူရှင်မတတ်တော့။
အော်--- ကျွန်တော့်ဦးလေး ကိုအုန်းမောင်အကြောင်း တွေးမိရာမှ
ဘယ်ရောက်လို့ဘယ်ပေါက်ကုန်မှန်း မသိ။ goodluckzaw@gmail.com လည်း ကိုအုန်းမောင်ကို သိသည်။ သူငယ်ငယ်က
ကျောင်းကို လိုက်ပို့တတ်သည်တဲ့။ အခုတော့ ``ဘဝသံသရာကြီး`` သံသရာကြီးထဲမှာ ဘယ်ဘဝရောက်နေပြီလဲမသိတော့။ ဘာရယ်တော့မဟုတ် ငယ်ငယ်တုန်းကအကြောင်းတွေပြန်တွေးမိတိုင်း လွမ်းပါသည်။
ငယ်သူငယ်ချင်းတွေကိုလွမ်းသည်။ ငယ်ရည်းစားလေးတွေကိုလွမ်းသည်။ ငယ်ငယ်က ကျောင်းတော်ကြီးကိုလွမ်းသည်။
-------- အားလုံးကိုလွမ်းပါသည်။
(ဖတ်ချင်သူရှိရင်တော့
အရည်မရ အဖတ်မရ ငယ်ဘဝတို့ကို စမြုံ့ပြန်ချင်သေးပါရဲ့×××)
ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)
No comments:
Post a Comment