ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, July 28, 2012

ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရများ



(ပရဟိတ  ဆိုတာ   ကိုယ်ကျိုးမမျှော်လင့်ပဲ စာနာသနားတတ်တဲ့စိတ်ရှိဘို့ပဲလိုတယ်)
မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေးအသင်း

(ယမန်နေ့မှအဆက်--)

နေ့တိုင်း ဘုရားပွဲတွင် ဇာတ်ပွဲသွားကြည့်ကြသဖြင့် ကျွန်တော်တို့သည် ငွေကြေး သုံးစွဲနိုင်လို့လား ဟုမေးစရာရှိလာသည်။ မရှိပါ။ ကျွန်တော်တို့သည် အခပေးကြည့်ရသော ဇာတ်ပွဲကို ပိုက်ဆံမရှိလျှင် အခပေးမကြည့်ပဲ ဆင်ကြံကြံကာ ဝင်ကြည့်နိုင်အောင် အမျိုးမျိုးကြံကြလေသည်။ ထိုနည်းပေါင်းများစွာထဲမှ မှတ်မိသမျှကို တင်ပြပါမည်။ အညာမြို့လေး၏ ဘုရားပွဲတွင် နာမည်ကြီးဇာတ်များကို ရုံသွင်းပြတိုင်း ရဟန်းပျိုများ ကို၇င်လေးများကို အခမဲ့ ဝင်ခွင့်ရှိသည်။ ထိုအခါ ကျွန်တော်တို့ဘုန်းကြီးကျောင်းသားများက ကိုရင်ဟန်ဆောင်ပြီး အပေါ်က သင်္ကန်းကို ခေါင်းလုံအောင်ခြုံပြီးလျှင် ဇာတ်ရုံထဲဝင်သည်။အထဲရောက်မှ ခြုံထားသော သင်္ကန်းကို ခေါက်ပြီး ကိုင်သည်။ အညာ တန်ဆောင်မုန်းလဆိုသည်မှာ အလွန်ချမ်းအေးလှသဖြင့် အမှန်တကယ် ကိုရင်းဦးဇင်းများလည်း သင်္ကန်းကို ခေါင်းလုံအောင် ခြုံတတ်ကြသဖြင့် ထိုအချက်ကို ခုတုန်းလုပ်ကြသည်။ နောက်တော့ သိသွားပြီး ဇာတ်ရုံထဲတွင် ကိုရင် ဦးဇင်းဝင်တိုင်း သေချာ ကြည့်တော့ အတုသမား ကျွန်တော်တို့ လုပ်လို့မရတော့ပေ။

          နောက်တစ်နည်းမှာ ဇာတ်ရုံခါးပမ်း အောက်သို့ မြေကြီးအား လူဝင်သာရုံတူးဝင်ခြင်း။ ဇာတ်ရုံတွင်း ဝင်ပြီးသူ တစ်ယောက် ပြန်ထွက်လျှင် လူကြီးများကို ထွက်လက်မှတ်ပေးသော်လည်း ကလေးများကိုမူကား တံဆိပ်တုံးဖြင့်လက်မောင်းကို ရိုက်နှိပ်ပေးလိုက်တတ်သည်။ ထိုအခါ အကွက်ချောင်းနေသော ကျွန်တော်တို့က ထွက်လက်မှတ် တံဆိပ်ရိုက်ထားသူထံမှ မင်စိုနေတုန်း လက်ချင်းထိကာ ကော်ပီကူးပြီးဝင်လေသည် ။ တစ်ယောက် ဝင်ေ၇ာက်ပြီးလျှင် အပြင်က သူငယ်ချင်းတွေကို အလွယ်ပင် သွင်းယူနိုင်ပြီတည်း။ ကလေးဘဝက မိဘနဲ့ဝေးကာ ဆိုးခဲ့တေခဲ့ကြသော်လည်း ယုတ်မာသော စိတ်ဓါတ်မျိုးတော့ဖြင့် မဟုတ်ပါ။ အချို့ဆိုလျှင် ယခုအခါ အရာရှိကြီးများ ပညာတတ်ကြီးများပင်ဖြစ်နေကြပေပြီ

          မှတ်မှတ်ရရဖြစ်နေသေးသော အလွဲလွဲအချော်ချော်အချို့ကိုလည်း ပြောလိုသေးသည်။ ကျွန်တော်တို့ကျောင်းတွင် ပဉ္စမတန်းမှ ဒဿမတန်းအထိ ကျောင်းသားပေါင်း တော်တော်များများရှိသည်။ အဆောင်သဘောမျိုးနှင့် မခြားပါ။ ထိုကျောင်းသားများသည် ညဘက် တွင် ဘုရားရှိခိုးရသည်။ စုပေါင်း ဘုရားရှိခိုးရခြင်းဖြစ်သည်။ အချိန်ကျလျှင် တန်းစီပြီး ဆောင့်ကြောင့်လက်အုပ်ချီကာ ရှေ့ ဘုရားဝတ်ပြုစာ ရသော ကျောင်းသားကတိုင်ပေးရပြီး ကျန်သူများက နောက်က လိုက်ဆိုရသည်။ ဘုရားဝတ်ပြုစာသည် တော်တော်ရှည်လျှားရသည့်ကြားထဲ တိုင်ပေးသူနှင့် လိုက်ဆိုရသူတို့ကြောင့် နှစ်ဆ အချိန်ပိုကြာသွားစေသည်။ ထိုအထဲတွင် လူမှန်းသိစကတည်းက ဘုန်းကြီးကျောင်းတွင် ဘာသာရေးစာပေးများ သင်အံလေ့ကျက်ခဲ့ရသော ကျွန်တော်က ငါးတန်းကျောင်းသားပင်ဖြစ်သော်လည်း ဘုရားရှိခိုးစာကို အလွတ်နောကျေအောင် ရထားသူဖြစ်သဖြင့် ကျွန်တော်က ရှေ့က တိုင်ပေးရသည်။ ကျန်ကျောင်းသားကြီးများက နောက်က လိုက်ဆိုရသည်။ ငယ်ငယ်ရွယ်ရွယ်ဖြင့် ဘုန်းကြီးစာတွေအများကြီးရသဖြင့် ကျောင်းထိုင်ဆရာတော်ကြီးကလည်း ကျွန်တော့်ကိုချစ်သည်။

          ထိုသို့ဘုရားရှိခိုးတိုင်း  ဘုန်းတော်ကြီးလစ်လျှင် ကျန်ကျောင်းသားအကိုကြီးများက ရှေ့ကတိုင်ပေးသော ကျွန်တော့ကို အစအဆုံး မတိုင်စေပဲ ကျော်ခိုင်းကြသည်။ ခြေထောက်နဲ့ လှမ်းတို့ပြီး တစ်ဖုံ  မျက်လုံးပြုးပြ သွားဖြဲပြပြီးတစ်နည်း အမျိုးမျိုး ကျွန်တော့်ကိုဖိအားပေးသည်။ သူတို့ ဘယ်လိုလုပ်လုပ် ဘုန်းတော်ကြီး ကျောင်းဆောင်အတွင်းရှိပါက ကျွန်တော်လည်း မကျော်ရဲပဲ အစအဆုံးတိုင်ပေးရလေသည်။ ဘုရားဝတ်ပြုချိန်ကြာသောကြောင့် ကျောင်းသားကြီးများက မကြိုက်။ သို့သော်လည်း ဘယ်သူမှတော့ မပြောရဲပါ။ နေ့တိုင်းမို့လို့လည်း ငြီးငွေ့ကြခြင်းဖြစ်ပေမည်။

          ဒါကို ဘုန်းတော်ကြီး သိလို့ ရိပ်မိလို့လားတော့မသိ။ တစ်နေ့တွင် ဘုန်းတော်ကြီးသည် ဘုရားရှိခိုးနေစဉ် ကျောင်းဆောင်အတွင်းမှထွက်ပြီး ကျောင်းဆောင်ရှေ့ ပန်းခြံနားမှ ကပ်ပြီး နားစွင့်နေသည်။ ဒါကို ကျွန်တော်တို့က မသိပါ။ ကျောင်းသားကြီးများက ဘုန်းကြီးကို မမြင်တော့ ထုံးစံအတိုင်း ကျွန်တော့်ကို ဖိအားပေးတော့သည်။ ကျွန်တော်လည်း နီးရာဓါးကြောက်ရသည့်သူဖြစ်သဖြင့် ဘုန်းတော်ကြီးကို ရှာကြည့်ရာ မတွေ့သည့်အဆုံး ကျော်သင့်တာကျော်  ဖြတ်သင့်တာဖြတ် ဖျောက်သင့်တာဖျောက် တစ်ထိုင်တည်း လက်တန်း အယ်ဒီတာလုပ်ကာ ဘုရားဝတ်ပြုစာကို အတိုဆုံးအကျဉ်းချုံး လိုက်ရလေတော့သည်။

          ဘုရားဝတ်ပြုပြီးသွားသဖြင့် ကျောင်းသားကြီးများ ပုဆိန်ပေါက် ရှိခိုးကာ ဘေးဘီကို ကျီးကြည့် ကြောင်ကြည့် ကြည့်ပြီး ဘုန်းတော်ကြီးကို မမြင်တော့ ရာမမင်းသား တင်သောလေးမှ လွှတ်လိုက်သော မျှား၏ အဟုန်ဖြင့် အလျှိုလျှို ထွက်သွားကြပေတော့သည်။

          ရုတ်တရက် ကျောင်းသားများ အလျှိုအလျှို ထွက်လာသောအခါ စောစောက စောင့်ပြီး နားထောင်နေသော ဘုန်းတော်ကြီးမှာ သူစောင့်ကြည့်နားထောင်နေတာကို မသိစေချင်သဖြင့် ရုတ်တရက် ကြံရာမရဘဲ ပန်းခြံထဲမှ ရွက်လှပင်ကြီးနားတွင် ရုတ်တရက် အယောင်ယောင်အမှားမှား ထိုင်ချလိုက်လေတော့သည်။ အဲဒါကို  မည်သူမျှ မမြင်လိုက်ပါ။ နောက်ဆုံးမှထွက်လာသော ကျွန်တော်မှာ ကလေးမျက်လုံးပီပီ လရောင်အောက်တွင် ရွက်လှပန်းပင်ခြုံကြီးအနီး ထိုင်နေသော ဘုန်းတော်ကြီးကို မြင်လေသည်။ သို့သော် ဘုန်းတော်ကြီး အဖြစ်မြင်သည်မဟုတ် ။ ကိုရင်လေးတစ်ပါး တစ်ခုခုကြောင့် ပုန်းနေသည်ဟုသာစိတ်က တစ်ထစ်ချ ထင်နေသည်။(မှတ်ချက် ။  ကျောင်းထိုင်ဆရာတော်ကြီး၏ အရပ်အမောင်းမှာ ပုပု သေးသေးဖြစ်ပါသည်။ ထိုအရပ်ကြောင့်လည်း ဒုတိယံပိ အလွဲလွဲအချော်ချော် ဖြစ်ရသေးသည်)
          ထိုသို့ထင်သောကြောင့်လည်း ကျွန်တော်သည် ထိုအနားသို့ လွှားကနဲပြေးကာ ကိုရင်လေး၏ နားရွက်ကို ဆွဲပြီး  ``ဦးဇင်းရေ---  ဦးဇင်းရေ--- ဒီမှာကိုရင်လေး ဘာလုပ်နေလဲမသိဘူး---`` ဟုအော်ကြီးဟစ်ကျယ်လုပ်ကာ စိတ်ပုတ်ဖြင့် အခမဲ့ စည်းကမ်းထိမ်းသိမ်းေ၇းဝင်လုပ်လေသည်။ ဦးဇင်းမှာ လက်ထောက် ဆ၇ာတော် ဦးဝိဝေက (ယခု ကျောင်းထိုင်ဆရာတော်) ဖြစ်သည်။ ကျွန်တော်က ကိုရင်လေးမှတ်ပြီး နားရွက်ဆွဲကာ ခေါ်လာသော်လည်း ဘုန်းတော်ကြီးက ဘာမှမပြောပဲ နားရွက်ဆွဲထားသော ကျွန်တော့လက်ကိုသာ ကိုင်ထားပြီးကျွန်တော်ခေါ်ရာ လိုက်လာသည်။ ကျွန်တော်က မျက်နှာကို လုံးဝမကြည့်မိပါ။ ကျွန်တော့်အော်သံကြောင့် ကျောင်းအောက်ဆင်းလာသော လက်ထောက်ဆရာတော်က ကျွန်တော်တို့ အဖြစ်ကို လရောင်အောက်တွင် မြင်လေလျှင် ရုတ်တရက် ကမ္ဘာပျက်သည့်အသံဖြင့် `` ဟေ့ကောင်    လွှတ်လိုက်----- ဟေ့ကောင်   လွှတ်လိုက်  ``ဟု  ငယ်သံပါအောင် အော်လေတော့သတည်း။  ထိုအခါမှ ကျွန်တော်လည်း ဘယ်ကိုရင်မို့လို့  ဦးဇင်းက ဒီလောက်အော်ရတာလဲဟု  စေ့စေ့ကြည့်မိမှ----
          ``အားးး  ပါးးးး  ပါးးးး``
          ကမ္ဘာကြီးတစ်ခုလုံး  ဇောက်ထိုးဖြစ်သွားသည့်အလား---
          ``မသိလို့ပါဘုရား    ---  မသိလို့ပါဘုရား``  ဟု လက်အုပ်ချီ  နောက်ဆုတ်  နောက်ဆုတ်လုပ်ကာ တစ်ချိုးတည်း  ထွက်ပြေးရပါလေတော့သတည်း။
          (ဘုန်းတော်ကြီးမှာ  နားရွက်ကလေးပွတ်ပြီး  ကျန်ခဲ့လေသည်)
          နောက်နေ့တွင်  ကျွန်တော်သည်  ဘုန်းတော်ကြီးကို မျက်နှာမဖူးဝန့်အောင် ကြောက်နေသော်လည်း ဘုန်းတော်ကြီးမှာ ဘာမှမဖြစ်ခဲ့သည့်အလား  ပြုံးပြုံးရွှင်ရွှင်ဖြင့် မေးထူးခေါ်ပြော အလိုလိုက်သဖြင့်သာ ကျွန်တော် စိတ်သက်သာရာ ရရလေသည်။
          နောက်တစ်ကြိမ်ဖြစ်တာကတော့ ကျွန်တော်နှင့်မဟုတ်ပါ။ ၈ တန်းကျောင်းသား ခင်မောင်မြင့်ဖြစ်သည်။
ခင်မောင်မြင့်အကြောင်းကိုလည်း နည်းနည်းလောက် ဖော်ကောင်လုပ်ပါဦးမည်။ သူ ပြည်ခိုင်ဖြိုး သင်တန်းတတ်တော့ အဲဒီသင်တန်းကို လာရောက် မိန့်ခွန်းပြောသော အရာရှိကြီးတစ်ဦးမှာ ကျွန်တော်တို့ရွာသားဖြစ်သည်။ သင်တန်းမှုးက ထိုအရာရှိကြီးအား  `` ဗိုလ်ချုပ်--  ဗိုလ်ချုပ်တို့ ရွာက ကလေးတွေလည်း သင်တန်းမှာပါတယ်``ဟု သတင်းပေးသဖြင့် ထိုအရာရှိကြီး ခင်မောင်မြင့်နဲ့ အခြားကျွန်တော် တို့ရွာသားတစ်ဦး သူတို့နှစ်ယောက်ကို ခေါ်တွေ့လေသည်။ အလာပ  သလာပ မေးမြန်းပြော ဆိုပြီး  မင်းတို့ဘာတွေလုပ်ချင်လဲ ဟုမေးလေရာ  ခင်မောင်မြင့်မဟုတ်သော ကျွန်တော်တို့ရွာမှသူ က အခွင့်ကောင်းရပြီဟု အားတတ်ကာ ကိုယ်ကျိုးအတွက် နိုင်ငံခြားသွားချင်ကြောင်း ပြောသည်။ အရာရှိကြီးအများစုမှာ နိုင်ငံခြားမုန်းသောသူများဖြစ်သဖြင့် ထိုအရာရှိကြီး နိုင်ငံခြားမသွားရန်ပြော သည်။ မောင်ခင်မောင်မြင့်ကို မေးလေရာ စမုံတံတားကြီး တော်တော်ပျက်စီးပြီး အိုနေကြောင်း အန္တရာယ်အလွန် ရှိကြောင်း ပြင်ချင်ကြောင်းပြောလေရာ  များစွာ သဘောကျပြီး အဲဒီနောက်မကြာမီ စမုံ မြစ်ကူးတံတားရော ပန်းလောင်မြစ်ကူးတံတားရော ပြင်ဆင်ရန် အသစ်ဆောက်ရန် စီမံကိန်းပေါ်လာရာ မောင်ခင်မောင်မြင့်၏ ကျေးဇူးမကင်းဟု ကျွန်တော်တော့ထင်ပါသည်။

          အနှီခင်မောင်မြင့် ၈ တန်းကျောင်းသားဘဝကဖြစ်သည်။ တနင်္ဂနွေ နေ့တစ်နေ့တွင် ကျောင်းပိတ် သဖြင့် ကျောင်းသားများ အားနေသလို ထိုနေ့တွင် ကျောင်းထိုင်ဘုန်းတော်ကြီးမှာ အခြားမြို့တစ်မြို့သို့ အလုပ်ကိစ္စတစ်ခုဖြင့် ခရီးထွက်ရလေသည်။ကြောင်မရှိလျှင် ကြွက်သောင်းကျန်းသည် ဆိုသော စကားမှာ ကျွန်တော်တို့ဘုန်းကြီးကျောင်းသားများကို ပြောလိုသည်လားမသိ။ ဘုန်းတော်ကြီး ကျောင်းမှ ထွက်သွားသော ကားသံ မှ ကြားလို့မဆုံးသေး ကမြင်းကြောထပြီး ဆော့ကြလေတော့သည်။

          လက်ထောက်ဆရာတော် ဦးဇင်းမှာ အလွန်အနေအေးလှသဖြင့် ကျောင်းသားများ ကစားနေလျှင် တော်ရာလွတ်ကင်းရာသွားပြီး စာကျက်နေတတ်သည်။ ကစားနည်းမှာ မျက်နှာကို မမြင်အောင်အဝတ်ဖြင့်စည်းကာ ရိုက်လို့ရအောင်လုပ်ထားသော အဝတ်ထုတ်ဖြင့် မမြင်ရသူက လိုက်ရိုက်ရသည်။ ကျန်သူများက အသံအမျိုးမျိုးပေးကြ  ပြောင်ကြ  လှောင်ကြ  မထိတထိ တို့ထိစဉ် ရမ်းသမ်းရိုက်လိုက်သော ရိုက်ချက်ကို ရှောင်ကြရသည်။ အသံမပေးလျှင်  အဝတ်စည်းထားသူက အသံပေးအောင် အမျိုးမျိုး ပြောရသည်။ ပုဆိုးဝတ်ထားလျှင် ပုဆိုးကို အသံတိတ်ကပ်ပြီးချွတ်သည် ။ ကျွတ်သွားရင် ပြန်မဝတ်ရ။ ဒါက စည်းကမ်း။

          ဒီလိုနဲ့ကစားရှိန်မြင့်လာသည်။ မောင်ခင်မောင်မြင့်မှာ ပုဆိုးမရှိတော့ ။ တစ်ယောက်က အသံတိတ်ကပ်ပြီးချွတ်လိုက်သည်။ သူရိုက်တော့ မထိအောင်ရှောင်နိုင်သည်။ ထိလျှင် လူလဲရမည်။ ထိသူအလှည့်။ အဲဒီအချိန်မှာ ဘုန်းတော်ကြီးက ပစ္စည်းတစ်ခုကျန်ခဲ့လို့ ရောက်တဲ့နေရာက ပြန်လှည့်လာပြီး ယူသည်။ ကျောင်းသားတွေက ဘုန်းတော်ကြီး ပြန်လာတာ သိသိခြင်း အလျှိုလျှို ပျောက်သွားသည်။ မျက်စိပိတ်ထားသော မောင်ခင်မောင်မြင့်သာ အသံတိတ်နေသဖြင့် အမျိုးမျိုးအော်ကြီးဟစ်ကျယ် အသံထွက်လာအောင် မခံချင်အောင် လျှောက်ပြောနေသည်။

          ဘုန်းတော်ကြီးမှာ  အရပ်ကြီးကလန်ကလား အဝတ်မပါဘဲ ပေါက်တတ်ကရတွေ အော်နေသော  မောင်ခင်မောင်မြင့်ကို မြင်တော့ စိတ်တိုပြီး ကျောင်းပေါ်က တံမြက်စီး(မြတံမြက်စီး) ဖြင့် ရိုက်လေသည်။ မောင်ခင်မောင်မြင့်က ကစားဘက်ထင်ပြီး လက်ထဲက အဝတ်ထုတ်ဖြင့် ပြန်ထုသည်။ ဘုန်းကြီးကရိုက် သူက ပြန်ထုနဲ့  ``ဟေ့  ကောင်ထိပြီ  ဟေ့ကောင်ထိပြီ``ဟု သေချာအောင် လုပ်ပြီးမှ သူနိုင်ပြီဟု ဟေးကနဲအော်ကာ မျက်နှာမှ အဝတ်ကိုချွတ်ပြီး သူ့ကို အဆက်မပြတ်ရိုက်နေသော ဘုန်းကြီးကို ကိုရင်လေး ထင်ကာ ဂျိုင်းမှ ကိုင်မျှောက်ပြီး လေထဲတွင် ဝှေ့ရမ်းကာ ကျီဆယ်လေသည်။

          သတင်းကြားကြားခြင်း ဦးဇင်းမှာအမှီလိုက်လာသော်လည်း သူရောက်တော့ ဘုန်းကြီးမှာ ခင်မောင်မြင့် လက်ထဲဝယ် ရဟတ်စီးနေရသည်။

          ``ဟေ့ကောင်  ချ----  ချ   ၊ ဟေ့ကောင်   ချ``

          ဦးဇင်းက ငယ်သံပါအောင်အော်တော့ မှ ခင်မောင်မြင့်မှာ ကြမ်းပြင်တွင် အသာချလိုက်စဉ် တရုတ်ကား ထဲမှ အမူးသမားသိုင်းကွက်နင်းသလို  ဘုန်းတော်ကြီးမှာ ယိုင်ထိုးနေသည်။ ခင်မောင်မြင့်လည်း ဘုန်းကြီးမှန်းသိတာနဲ့---

          ``အောင်မလေးးးး   မသိလို့ပါဘုရားးး   မသိလို့ပါဘုရားးးး  `` လက်အုပ်ချီ ရှိခိုးကာ ကျောင်း ပြူတင်းပေါက်မှ ခုန်ချ ထွက်ပြေးပါလေတော့သတည်း။

ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)
  http://www.facebook.com/groups/Myanma.ArunThit.Org/

No comments:

Post a Comment