ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Tuesday, October 23, 2012

ဘယ်အရာတွေက ဘဝမှာ အရေးကြီးဆုံးလဲ

          

                  ဘယ်လောက်ပဲတိုတို လူ့ဘ၀ဆိုတာ တရားသဘောအရ လုပ်ပိုင်ခွင့်နဲ့ ခံစားခွင့် အပြည့်အ၀ ရတာမို့ တန်ဖိုးဖြတ်မရတဲ့ ဘ၀ပဒေသာပင်တစ်ခုပါ။ မြတ်ဗုဒ္ဓဒေသနာတော်မှာဆိုရင် "ရတောင့်ရခဲ ဘ၀၊ ဘုရားဆုပန်နိုင်တဲ့ဘ၀၊ ဘုရားဖြစ်နိုင်တဲ့ဘ၀"လို့ လူဘ၀ကို ကြီးမြတ်တဲ့ ပုံရိပ်အဖြစ် တွေ့မြင် နိုင်ပါတယ်။ ဒါကြောင့် လူ့ဘ၀တန်ဘိုး၊ လူ့အဖြစ်ရဲ့ အကျိုးအမြတ်ကို ရယူနိုင်ဖို့အတွက် ဒီလို တို တောင်းလှတဲ့ဘ၀၊ ကြီးမြတ်လှတဲ့ဘ၀မှာ အဓိပ္ပါယ်ပြည့်ပြည့်၀၀ မှန်မှန်ကန်ကန် ရှင်သန်နေထိုင်ဖို့က လွန်စွာအရေး ကြီးလှပါတယ်။
ဘ၀ရဲ့ အဓိပ္ပါယ်နဲ့ လူ့တာဝန်ကို ဖွင့်ဆိုရှင်းလင်းပြတဲ့နေရာမှာ "၀ယဓမ္မာ သင်္ခါရာ၊(သင်္ခါရ တရားတွေဟာ ပြိုကွဲပျက်စီး တတ်တယ်)" ဆိုတာဟာ ဘ၀ရဲ့ အဓိပ္ပါယ်ပါ။ "အပ္ပမာဒေန သမ္ပာဒေထ (မမေ့မလျော့ခြင်းနဲ့ ပြည့်စုံကြ)" လူ့တာဝန်ပါ။ ဒီအဓိပ္ပါယ်ကို ရှာဖွေတွေ့ရှိသူနဲ့ ဒီတာဝန်ကို ကိုယ် တိုင်ကျေပွန်သူတွေဟာ သတ္တလောကထဲမှာတော့ အထက်တန်းကျ မြင့်မြတ် လှတာမို့ "လူထက် လူ"တွေပဲဖြစ်ပါတယ်။ ပိဋကတ်စာပေမှာတော့ သူတို့ကို "အရိယာပုဂ္ဂိုလ်" တွေလို့ သတ်မှတ် ခေါ်ဆို ပါတယ်။
ဒီအကြောင်းနဲ့ဆက်စပ်ပြီး " လူ့ဘ၀မှာ ဘာအရေးကြီးဆုံးလဲ"ဆိုတာ ရှာဖွေစူးစမ်းတဲ့ ဘုရင်ကြီးတစ်ပါးရဲ့ အကြောင်း ဖော်ပြတဲ့ ပုံပြင်ကလေးတစ်ပုဒ်ကို သတိရမိပါတယ်။ အဲဒီပုံပြင်ကို ငယ်စဉ်က အင်္ဂလိပ်စာအုပ်တစ်အုပ်ထဲမှာ ဖတ်ခဲ့ဖူးတာပါ။
******************************************
ရှေးရှေးတုန်းက တိုင်းပြည်တစ်ခုမှာ အသိပညာကို မြတ်နိုးတဲ့ ဘုရင်းကြီးတစ်ပါး အုပ်စိုးနေ သတဲ့။ ဘုရင်ကြီးဟာ စာပေ ဗဟုသုတကို အင်မတ် လေ့လာလိုက်စားပြီး နန်းတော်ထဲမှာလည်း ပညာရှိအမတ်ကြီးတွေကို စုဝေးကာ တစ်ပတ်တစ်ခါ ညီလာခံ ကျင်းပတတ်တယ်။ ပညာရှိ အမတ်ကြီး တွေရဲ့ ညီလာခံမှ ဘုရင်ကြီးက သူသိလိုတဲ့ ပုစ္ဆာပြဿနာကို တင်ပြဆွေးနွေး လေ့ရှိတယ်။
တစ်ခါတော့ ဘုရင်ကြီးက"လူဘ၀အသက်တာဟာ အင်မတန်တိုတောင်းလှတယ်၊ တိုတောင်း လှတဲ့ အသက်တာမှာ လုပ်စရာတွေကလည်း များလိုက်တာ၊ အဲဒီအများထဲက အရေးကြီးတာကိုပဲ ရွေးချယ်လုပ်မှဖြစ်မယ်"လို့ တွေးမိသတဲ့။

အဲဒါနဲ့ ဘုရင်ကြီဟာ နောက်တစ်ပတ် ပညာရှိအမတ်ကြီးတွေ ညီလာခံမှာ--

(၁) လောကမှာ ဘယ်အချိန်ဟာ အရေးကြီးဆုံးလဲ၊

(၂) လောကမှာ ဘယ်ကိစ္စဟာ အရေးကြီးဆုံးလဲ၊

(၃) လောကမှာ ဘယ်သူဟာ အရေးကြီးဆုံးလဲ

ဆိုတဲ့ ပြဿနာ ပုစ္ဆာ(၃)ခုကို အမတ်ကြီးတွေထံ တင်ပြမေးမြန်းပါတယ်။ ဖြေဆိုဖို့ အချိန်ကို လည်း(၇) ရက် သတ်မှတ်ပေး လိုက်ပါတယ်။

နောက်တစ်ပတ် ညီလာခံမှာ ပညာရှိအမတ်ကြီးတွေဟာ ပြဿနာ(၃)ခုရဲ့ အဖြေကို သူတို့ ဉာဏ်မီသလောက် အသီးသီး ဖြေဆိုကြပါတယ်။ ဒါပေမယ့် ဘုရင်မင်းမြတ် စိတ်တိုင်းကျ အဖြေကို မရနိုင်ဘူးဖြစ်နေတယ်။ ဘုရင်မင်းမြတ်ဟာ ဒီပြဿနာ(၃)ခုရဲ့ အဖြေကို စိတ်တိုင်းကျ မသိရတာ ကြောင့် မစားနိုင် မအိပ်နိုင်ဖြစ်လာတယ်။

နောက်ဆုံးတော့ ဘုရင်မင်းမြတ်ဟာ ဒီပြဿနာရဲ့အဖြေကို သိရအောင် တောအုပ်ထဲမှာ ရှိတဲ့ ရသေ့ကြီးတစ်ပါးထံ သွားပြီးမေးမြန်းဖို့ ဆုံးဖြတ်လိုက်တယ်။ နန်းတော်ထဲက မြင်းစီးပြီး ထွက်လာခဲ့တဲ့ ဘုရင်မင်းမြတ်ဟာ ရသေ့ကြီးရဲ့ မလှမ်းမကမ်း ရောက်တဲ့အခါ တောအုပ်ထဲမှာ သက်တော်စောင့် ရဲ မတ်တွေနဲ့ မြင်းကိုထားပြီး တစ်ကိုယ်တည်း ခြေကျင်လျှောက်ပြီး ရသေ့ကြီး ကျောင်းကို လာခဲ့ပါတယ်။
အဲဒီအချိန်မှာ ရသေ့ကြီးက လက်တစ်ဖက်နဲ့ သစ်စေ့ထုပ်ကလေးကို ကိုင်ပြီး လက်တစ် ဖက်က တူးရွင်းကိုကိုင်ကာ ကျောင်း ထဲက အပြင်ကိုထွက်လာသတဲ့။ ဘုရင်မင်းမြတ်ကလည်း ရသေ့သူမြတ်ကို အရိုအသေပေးပြီး သူသိလိုတဲ့ ပြဿနာ(၃)ခုရဲ့ အဖြေကို မေးပါတယ်။ ရသေ့ကြီးဟာ ခဏ လောက်ရပ်ပြီး စဉ်းစားနေရင်းက ဘာစကားမျှမပြောဘဲ ရှေ့ဆက်သွား တယ်။ ကျောင်းဝန်းကျင် တစ်နေရာ ရောက်တဲ့အခါ ဆောင့်ကြောင့်ထိုင်ပြီး တွင်းငယ်တစ်ခု တူးနေသတဲ့။

ဘုရင်မင်းမြတ်ကလည်း မနေနိုင်တာနဲ့ ရသေ့ကြီးကို ကူညီပြီး တွင်းတူးပေးပါတယ်။ ရသေ့ ကြီး ကလည်း တစ်တွင်းပြီး တစ်တွင်း တူးခိုင်းပြီး သစ်စေ့တွေကို စိုက်ပျိုးလိုက်တာ နောက်ဆုံးတစ်စေ့ပဲ ကျန်တော့တယ်။ နေကလည်း အတော်စောင်း သွားပြီမို့ ဘုရင် မင်းမြတ်ကလည်း ဒီတစ်တွင်း တူးပြီးရင်တော့ နန်းတော်ကို ပြန်တော့မယ်လို့ တွေးနေသတဲ့။

အဲဒီအချိန်မှာ ရင်ဝမှာ မြှားတန်းလန်းနဲ့ ဒဏ်ရာတွေရထားတဲ့ လူတစ်ယောက်ဟာ ရသေ့ကြီး ရဲ့ ကျောင်းဝန်းအတွင်းပြေးဝင်လာပြီး လဲကျသွားသတဲ့။ အဲဒီအခါ ဘုရင်မင်းမြတ်ဟာ တူးလက်စ တူရွင်းကို လက်ကချလိုက်ပြီး ဒဏ်ရာတွေကို သက်သာရာရ အောင် ဆေးကုသပေးပါတယ်။ ဒဏ်ရာ ရထားတဲ့သူကို ဆေးကုသပြုစုပေးနေရတာနဲ့ ဘုရင်မြင်း မြတ်ဟာ မောလည်းမော၊ နန်းတော် ပြန်ဖို့ အချိန်လည်း မရှိတော့တာမို့ ရသေ့ကြီးရဲ့ ကျောင်းမှာပဲ ညအိပ်လိုက်ရတော့သတဲ့။

မနက်မိုးလင်းတဲ့အခါ ဘုရင်မင်းမြတ်ဟာ နန်းတော်ကိုပြန်ဖို့ ပြင်ပါတယ်။ အဲဒီအခါ မနေ့ညက ဒဏ်ရာရလာတဲ့သူက ဘုရင်မင်းမြတ်ကို ဒူးထောက်တောင်းပန်ရင်း အပြစ်က ခွင့်လွှတ်ဖို့ ပြောပါတယ်။ ဘုရင်မင်းမြတ်က "သင့်ကို ကျွန်ုပ် မသိပါလား"ဆိုတော့ ဒဏ်ရာရ လူနာက "ဘုရင်မင်းမြတ်က ကျွနိုပ်ကို မသိပေမယ့် ကျွနိုပ်ကတော့ ဘုရင်မင်းမြတ်ကို ကောင်း ကောင်းသိပါတယ်။ ကျွနိုပ်ဟာ ဘုရင်မင်းမြတ်ရဲ့ လက်ချက်နဲ့ သေဆုံးသွားတဲ့ တောပုန်း ဓားပြကြီးရဲ့ သားပါ။ ဖခင်အတွက် လက်စား ချေဖို့ ဘုရင်မင်းမြတ်ကို တောအုပ်အတွင်းက စောင့်ဆိုင်းနေတုန်း ဘုရင်မင်းမြတ်ရဲ့ ကိုယ်ရံတော် စစ်သည်တွေနဲ့တိုးပြီး တိုက်ပွဲဖြစ်ရာက ဒဏ်ရာတွေရလာခဲတာပါ။ အခုတော့ ဘုရင်မင်းမြတ်ရဲ့ ကုသ ပေးမှုကြောင့် ကျွန်တော်မျိုး အသက်ရှင်ရတာပါ။ ဘုရင်မင်းမြတ်ဟာ ကျွန်တော်မျိုးရဲ့ အသက်သခင် ပါ။ ဘုရင်မင်းမြတ်ရဲ့ ကျေးဇူးတော်ကြောင့် ဘုရင်မင်းမြတ်အပေါ်ထားခဲ့တဲ့ ရန်ငြိုးဟာလည်း ကွယ် ပျောက်သွားခဲ့ပါပြီ။ ဒီအတွက် ကျွန်တော်မျိုးကို အပြစ်မှ ခွင့်လွှတ်တော်မူပါရန် တောင်းပန်ပါတယ်။" လို့ အရှည်ကြီး ရှင်းပြပါတယ်။

ဒီအခါ ဘုရင်မင်းမြတ်ဟာ သူ့အပေါ်မှာနေတဲ့ ရန်ငြိုးတစ်ခု မထင်မှတ်ဘဲပြေပျောက် သွားတာ သိရတဲ့အတွက် အလွန်တရာ ၀မ်းမြောက်ဝမ်းသာ ဖြစ်တော်မူပါတယ်။ ဒဏ်ရာရ လူငယ်ကိုလည်း အပြစ်မှ ခွင့်လွှတ်ကြောင်း ပြောဆိုပြီး ရသေ့ကြီးကို နှုတ်ဆက် ကန်တော့ရန် ကျောင်းပေါ်က ဆင်းလာ ခဲ့ပါတယ်။ ဒီအချိန်မှာ ရသေ့ကြီဟာ မနေ့က တွင်းတူးစိုက်ပျိုးခဲ့တဲ့ သစ်စေ့တွေကို ရေလောင်းပေးနေ ပါတယ်။
ဘုရင်မင်းမြတ်ဟာ ရသေ့ကြီးကို ဦးချအရိုအသေပေးပြီး နန်းတော်ပြန်တော့မယ့် အကြောင်းနဲ့ မနေ့က မေးခဲ့တဲ့ ပြဿနာ(၃)ခုရဲ့ အဖြေကို သိလိုပါကြောင်း ထပ်မံလျှောက်ထား
ပြန်ပါတယ်။ အဲဒီအခါ ရသေ့ကြီးက ပြုံးလိုက်ပြီး " ဒီပြဿနာရဲ့အဖြေ ခုထိ မရသေးဘူးလား၊ မနေ့က အဖြေပေးပြီး ပြီ"လို့ ပြောပါတယ်။

ဘုရင်မင်းမြတ်က "ဘယ်လို အဖြေလဲဘုရား၊ တပည့်တော် နားမလည်သေးပါဘုရား"လို့ လျှောက်ထားတဲ့အခါ ရသေ့ကြီးက "ဘုရင်မင်းမြတ် မနေ့တုန်းက အဖြစ်အပျက်တွေကို ပြန်စဉ်း စားပါ။ ဘယ်အချိန်ဟာ အရေးကြီးဆုံးလဲဆိုတာ ဘုရင်မင်းမြတ် ကျွနိုပ်ကျောင်းကို ရောက်လာ တော့ ကျွန်ုပ်က တွင်းတူးနေတယ်။ အဲဒီအချိန်ဟာ အရေးအကြီးဆုံးပဲ။ အဲဒါကို ဘုရင်မင်းမြတ်က ဂရုမစိုက် ဘဲ နန်းတော်ပြန်သွားခဲ့မယ်ဆိုရင် ဘုရင်မင်းမြတ်ဟာ တောအုပ်ထဲ မှာ အလုပ်ကြံခံရမယ်။ အခုတော့ ဘုရင်မင်းမြတ်ဟာ အရေးအကြီးဆုံးအချိန်မှာ အရေးကြီး တဲ့အလုပ်ကို လုပ်ခဲ့တဲ့အတွက် ဒီအဖြစ်ဆိုး က လွတ်သွားပြီး။

အရေးကြီးဆုံးအလုပ်ဆိုတာ ဘာလဲ၊ ထပ်ပြီးစဉ်းစားပါဦး၊ မနေ့က ကျွန်ုပ်တွင်းတူးနေစဉ် ဘုရင် မင်းမြတ်ရောက်လာတယ်။ အဲဒီ တွင်းတူနေတဲ့အလုပ်က အရေးကြီးတဲ့ အလုပ်ပေါ့။ ဒီအလုပ်ကို ဘုရင်မင်းမြတ် မျက်ကွယ်ပြုခဲ့မယ်ဆိုရင် ဒီနေ့ ဒီအခြေအနေမျိုး ဘုရင်မင်းမြတ် ဘယ်မြင်ရတော့မလဲ၊ တစ်မျိုးတစ်ဖုံ ပြောင်းနေလောက်ပြီပေါ့။

နောက်ပြီး ဘယ်သူဟာ အရေးအကြီးဆုံးလဲတဲံ။ ကိုယ်နဲ့အတူ ရှိနေတဲ့သူဟာ အရေးကြီး ဆုံးပဲ။ ဘုရင်မင်းမြတ်ဟာ မနေ့က ကျွန်ုပ်နဲ့ အတူရှိစဉ် ကျွနိုပ်ကို အရေးထားခဲ့တယ်။ ဒါမှန်တာပဲ၊ နောက်ပြီး ဒဏ်ရာရတဲ့သူ ရောက်လာတဲ့အခါ သူ့ကိုလည်း အရေးထား ဂရုစိုက်ခဲ့တယ်။ ဒီအတွက် ဘုရင်မင်း မြတ်ဟာ ရန်သူတစ်ယောက်အစား မိတ်ဆွေတစ်ယောက်ရခဲ့တယ်။

ကဲ--- လိုရင်းပြောရရင် လောကမှာ……

(၁) ကိုယ်ရော်ကနေဆဲ ပစ္စပ္ပန် အချိန်ဟာ အရေးကြီးဆုံးအချိန်ပဲ။

(၂) ကိုယ်လုပ်နေတဲ့ ပစ္စုပ္ပန်အလုပ်ဟာ အရေးကြီးဆုံး ကိစ္စပဲ။

(၃) ကိုယ်နဲ့အတူရှိနေတဲ့သူဟာ ကိုယ့်အတွက်အရေးကြီးဆုံးလူပဲ
ဆိုတာ မှတ်လိုက်ပါလို့ အသေအချာရှင်းပြပါတယ်။

အဲဒီအခါ ဘုရင်မင်းမြတ်ဟာ ရသေ့ကြီးရဲ့ အဖြေကို စိတ်တိုင်းကျ အားရနှစ်ခြိုက်ပြီး သာဓု (၃) ကြိမ်ခေါ်လိုက်ပါသတဲ့။
ဒီပုံပြင်ကလေးကပေးတဲ့ ဒဿနဟာ တော်တော်ပဲလှပါတယ်။ ဘ၀မှာ အလေးအမြတ် ထားသင့်တဲ့ တန်ဖိုးတွေကို ထည့်တွက်တဲ့အခါ လူများစုဟာ အဝေးကစပြီး ရေတွက် မိတတ်ပါတယ်။ တကယ်တော့ အဝေးဆုံးခရီးတွေရဲ့အစဟာ ကိုယ့်ရဲ့ အနီးဆုံးခြေလှမ်း ကလေးက စရတာပါ။
ကောင်းချင်တယ်ဆိုရင် အခုအချိန်ကစပြီး ကောင်းလိုက်ပါ။ အတိက်တွေ၊ အနာဂါတ်တွေ ဆိုတာ တကယ်အလုပ်လုပ် လို့ရတာ မဟုတ်ပါဘူး။ ဘ၀ရဲ့ အစစ်အမှန်ဟာ ပစ္စပ္ပန်တည့် တည့်ပါပဲ။ ပစ္စပ္ပန်တိုင်း ကောင်းနေရင် အနာဂါတ်ဆိုတာ ပူပန်စရာ မလိုတော့ပါ။ မေတ္တာတရားနဲ့ ပတ်သက်ရင် လည်း လူရွေးနေဖို့ မလိုပါဘူး။ ကိုယ်အနီးအနားမှာရှိနေတဲ့ လူတစ်ယောက်ကို အရင်ဆုံး ရိုးသားစွာနဲ့ ကြင်နာလိုက်ပါ။ ဒါဟာ လူသားအားလုံးကို ချစ်ကြင်နာတတ်ဖို့ ပထမဆုံးခြေလှမ်းပဲဖြစ်ပါတယ်။
"အပ္ပမာဒေန သမ္ပာဒေထ"ဆိုတဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမ သြ၀ါဒဟာ ပုံပြင်ထဲမှာပါတဲ့ ဘ၀ဒဿနထက် ပိုပြီးလှပပါတယ်။ သတိနဲ့ မေတ္တာဟာ လူဘ၀ရဲ့ အကောင်းဆုံးအဆောင် လက်ဖွဲ့ပါ။ သတိနဲ့ မေတ္တာ ပါရင် လူ့ဘ၀ရဲ့ ကိစ္စခပ်သိမ်းဟာ အေးငြိမ်းသာယာပါတယ်။ သတိဟာ မိမိ ကိုယ်ကို မိမိ လုံခြုံအောင်ထိန်းသိမ်းရင်း လောကကိုပါ လုံခြုံစိတ် ချရအောင် စောင့်ရှောက်ပြီးသား ဖြစ်ပါတယ်။ မေတ္တာကတော့ သူတစ်ပါးချမ်းသာအောင် ဆောင်ရွက်ရင်း မိမိပါ ချမ်းမြေ့ရတာဖြစ်ပါ တယ်။

ဒါကြောင့် ဒီပုံပြင်ကလေးနဲ့စပ်ပြီး ဗုဒ္ဓမြတ်စွာအလိုတော်ကျပေးလိုတဲ့ ဘ၀လမ်းညွှန်လက် ဆောင်မွန်ကတော့ "သတိနဲ့ မေတ္တာ"ပဲ ဖြစ်ပါတယ်။
တော်ဝင်နွယ်

No comments:

Post a Comment