ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Friday, November 2, 2012

The Lest Leaf



ကျွန်တော်တို့ အထက်တန်း ကျောင်းသားဘ၀က သင်ခဲ့ရသော ၀တ္ထုတိုတစ်ပုဒ်ထဲကဖြစ်သည်။ ဆူးနှင့်ဂျွန်စီဆိုသော ပန်းချီဆရာမလေး နှစ်ယောက်၊ ပန်းချီဆရာအိုကြီး တစ်ယောက်တို့ပါသော ဂန္တ၀င်ဝတ္ထုတို တစ်ပုဒ်ဖြစ် သည်။ မှတ်မိကြဦးမည် ထင်ပါသည်။ သေဆုံးသွားတော့မည်ဟု ထင်သော မျှော်လင့်ချက်တို့ ပြန်များ ရှင်သန်လာလေမလား၊ ပုံမှန်အတိုင်း တမြေ့မြေ့ တရွေ့ရွေ့ သေဆုံးသွားတော့မလား ဆိုတာကို တွေးနေမိရင်း ဒီဝတ္ထုတိုကို ပြန်အမှတ်ရမိခြင်း ဖြစ်သည်။
နယူးယောက်က ပန်းချီဆရာတို့ စုဝေးရာ ဂရင်းဝစ်ခ်ျအရပ်မှာ ဖြစ်သည်။ ဆူးနှင့်ဂျွန်စီဆိုသော ပန်းချီဆရာမပေါက်စနှစ်ယောက် အခန်းတစ်ခန်းကို အတူငှားနေကြသည်။ တစ်ခုသောနိုဝင်ဘာမှာတော့ ဂျွန်စီတစ်ယောက် နမိုးနီးယား အဆုတ်ရောင်ရောဂါဖြစ်သည်။ တစ်မြို့လုံး အကြီးအကျယ်ဖြစ်ကြသည့် ရာသီဖျားမှာ ဂျွန်စီပါ ပါသွားခြင်းဖြစ်သည်။ အဖျားက ပြင်းလှသည်။ အသက်ရှင်ဖို့က ဆယ်ရေးတစ်ရေးသာရှိသည်ဟု ဆရာဝန်ကိုယ်တိုင် ၀န်ခံရသည်(၁၉ ရာစုက၀တ္ထု ဖြစ်သည်)။ တစ်ခါတစ်ရံကျတော့လည်း ကျွန်တော်တို့အများစုသည် အိုဟင်နရီ၏ ဂျွန်စီလိုခံစားချက်မျိုး ရှိတတ်ကြပါသည်။ မျော်လင့်ချက်အတွက် ကိုယ့်အားကိုယ်ကိုးဖို့ မစွမ်းသလို ခံစားနေရချိန်၊ စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေရချိန်မျိုးတွေမှာဖြစ်သည်။ သို့ပေမဲ့ ထင်မထားတာတွေ ဖြစ်လာခဲ့သည်။ နောက်ဆုံးသစ်ရွက်သည် ကြွေကျမသွားခဲ့ဟု ဂျွန်စီထင်သွားစေမည့် တစ်စုံတရာသည် ပန်းချီ ဆရာအိုကြီးကြောင့် ဖြစ်လာခဲ့သည်။
ပန်းချီကားလည်း ဖြစ်ဖြစ်မြောက်မြောက် မဆွဲနိုင်သော ပန်းချီဆရာအိုကြီးသည် သူ့ဝမ်းစာအတွက် ပန်းချီဆရာငယ်များပုံတူ လေ့ကျင့်ရာမှာ ကိုယ်ဟန်ပြထိုင်ပေးရသည်။ သူ့အမည်က ဘီရ်မင်။ သို့ပေမဲ့ သူ့အကောင်းဆုံး လက်ရာကို ရေးသွားဦးမည်ဟု တဖွဖွပြောလေ့ရှိသူ။ ဆူးလို ပန်းချီဆရာမ ပေါက်စတွေက ကိုယ်ဟန်ပြမောင်တွေ၊ မယ်တွေမငှားနိုင်၊ ဒီပန်းချီဆရာအိုကြီးကိုပဲ ငွေစကြေးစား အနည်းငယ်ပေးပြီး အကူအညီတောင်းရသည်။ ဂျွန်စီကို ပေါက်ကရမတွေးဖို့၊ နေကောင်းအောင် အားမွေးဖို့ ချော့ပြီးတော့ ပန်းချီဆရာအိုကြီးထံ ဆူးလာခဲ့သည်။ ပန်းချီအတွက် သရုပ်ပြပေးဖို့ပြောရင်းက ဂျွန်စီ၏ ကျန်းမာရေးနှင့် တိုက်ကပ်နွယ်ပင်အကြောင်း ပြောဖြစ်ကြ သည်။ ပန်းချီဆရာအိုကြီးကို သူတို့နောက်တစ်နေ့ မနက်ရောက်တော့ ဂျွန်စီက ဆူးကိုပြတင်းပေါက်အတင်း ဖွင့်ခိုင်းသည်။ နောက်ဆုံးကျန်သော တစ်ရွက်ကို တွေ့လိုက်ရသည်။ ''ဒါနောက်ဆုံးတစ်ရွက်ပဲ။ ဒီညတော့ ကြွေကျမှာသေချာတယ်။ ငါလေတိုးသံတွေတောင် ကြားနေရတယ်။ ဒီနေ့ကြွေမှာပဲ။ ငါလည်း ဒီအချိန်ပဲသေမှာပဲ'' ဟု ဂျွန်ဆီကပြောသည်။

ဆူးက ပြေရာပြေကြောင်းပြောပေမဲ့ ဂျွန်ဆီတစ်ယောက် ပြန်မဖြေတော့။ ညမှောင်လာသည်။ ဒီ တစ်ရွက်ကတော့ ကျန်နေဆဲ။ မြောက်လေက ညနှင့်အတူ ရောက်လာသည်။ မိုးသီးမိုးပေါက်တို့က ပိတ်လိုက်ပြီဖြစ်သော ပြတင်းပေါက်ကို လာရိုက်နေသည်။
နောက်တစ်နေ့ ကူးပြန်ပြီ။ ပြတင်းပေါက်ကို ဖွင့်ခိုင်းပြန်သည်။ သစ်ရွက်ကလေးကတော့ ရှိနေဆဲ။ ဂျွန်စီဒီသစ်ရွက်ကို အကြာကြီးစိုက်ကြည့်အပြီးမှာ မျော်လင့်ချက်တို့ ပြန်လည်နိုးကြားလာသည်။တစ်နေ့မှာ နေပယ်လ် ပင်လယ်အော်ပုံ ပန်းချီဆွဲဦးမှာဖြစ်ကြောင်း စကားပြန်ပြော ပြီ။ အစားပြန်စားချင်စိတ်ပြန်ပေါ် လာပြီ။ ဒီသစ်ရွက်ကလေးတောင် ရာသီဥတုဒဏ်ကို ကျော်ဖြတ်နိုင်ခဲ့ရင် သူလည်းဘာလို့ ဒီဝေဒနာကို မကျော်လွှားနိုင်ရမှာ လဲဆိုသော အတွေး။ နရာတိုက်ခန်းဆီကို ခေါ်လာတော့ ဂျွန်စီတစ်ယောက် အိပ်မောကျနေပြီ။ အပြင်မှာ နှင်းမိုးတွေရွာနေသည်။ ရာသီဥတုက ဆိုးလှသည်။ ပြတင်းပေါက်က မြင်နေရသော တိုက်ကပ်နွယ်ပင်တွေကို ချောက်ချောက်ချားချား လှမ်းကြည့်မိကြသည်။ အထီးကျန်သတ္ထုတွင်း လုပ်သားအိုကြီးပုံအတွက် ကိုယ်ဟန်ပြအပြီးတွင်တော့ ပန်းချီဆရာအိုကြီး ပြန်သွားသည်။ တကယ်တမ်းက နောက်ဆုံး သစ်ရွက်သည်မရှိတော့။ နောက်ဆုံး သစ်ရွက်နှင့်ထပ်တူနီးပါးတူသော ပန်းချီလက်ရာတစ်ခုကသာ တိုက်ကပ်နွယ်ပင်ကပ်ရာ တိုက်နံရံမှာ ရှိနေခဲ့ခြင်းဖြစ်သည်။ ပန်းချီဆရာအိုကြီး၏ အကောင်းဆုံးလက်ရာ။ ရာသီဥတုဆိုးနေစဉ် ညကြီး မင်းကြီးမှာ လှေကားထောင်ပြီး သူဆွဲသွားခဲ့တာဖြစ်သည်။ ဂျွန်စီနေပြန် ကောင်းတော့ ဒါတွေသိလာရသည်။ ပန်းချီဆရာအိုကြီးကတော့ ကွယ်လွန်သွားခဲ့ပြီ။ သို့ပေမဲ့ သူအမျော်လင့်ဆုံး သူ့၏အကောင်းဆုံးလက်ရာကို တော့ ဆွဲသွားနိုင်ခဲ့ပါသည်။


နောက်ဆုံးမျှော်လင့်ချက်ကို ရှင်သန်စေရန် စွမ်းနိုင်သူများသာ အကောင်းဆုံးလက်ရာကို ရေးနိုင်ခဲ့လျှင်၊ ကျွန်တော်တို့ထင်ထားသလို သစ်ရွက်အစစ်မဟုတ်လျှင်ပင် အစစ်နှင့်မခြားသည့် သစ်ရွက်ကလေး ဆက်ရှိနေမည်ဆိုလျှင်ဖြင့် . . .


ဒီဇာတ်လမ်းလေးကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ကြပါသည်။ ကျွန်တော်တွေးမိတာကတော့ တစ်မျိုးတစ်ဘာသာ ဖြစ်ကောင်းဖြစ်နေမည်။ ကျွန်တော်တို့အများစုရင်ထဲမှာ ဂျွန်စီလို ခံစားချက်မျိုးရှိတတ်သည်ဟု ထင်သည်။ မောပန်းမွန်းကျပ်နေသော အခါမျိုးမှာ၊ ကိုယ်ကိုယ်တိုင် မစွမ်းနိုင်ဟု ခံစားမိသောအခါမျိုးမှာ တစ်စုံတစ်ရာကိုပဲ စောင့်ကြည့်မှိုင်တွေ မိကြသည်။
ကျွန်တော်တို့ရင်ထဲမှာ ရှိတတ်ပါသော ဂျွန်စီလိုခံစားချက်များနှင့် ကျွန်တော်တို့ရင်ထဲက ဂျွန်စီ၊ ဒီခံစားချက်ကြောင့်ဖြစ်လာသော  ရှင်သန်မှု ပြယုဂ်၏ နောက်ဆုံးလက်ကျန် သစ်ရွက်တစ်ရွက်။ ဒီသစ်ရွက် ကြွေကျသွားခဲ့ လျှင်တော့ ကျွန်တော်တို့ရင်ထဲက ဂျွန်စီသည်လည်း သေဆုံးသွားတော့မည်ဟု တွေးမိပါသည်။ အမှန်တကယ်တော့ ဒီသစ်ရွက်သည် သဘာဝအတိုင်းဆိုလျှင်တော့ ကြွေကျသွားတော့မည်သာ ဖြစ်ပါသည်။ သို့ပေမဲ့ အစစ်နှင့်မခြားသော သစ်ရွက်တစ်ရွက်ကို ရေးပေးနိုင်မည့် ပန်းချီ ဆရာအိုကြီးမျိုး ကျွန်တော်တို့၏ ဂျွန်စီမှာလည်း ရှိလျှင်ကောင်းမည်ဟု ထင်ပါသည်။

ဂျွန်စီ၏ ခံစားချက်သည်  ဖြစ်မလာနိုင်တော့ဟု စိတ်ဒုံးဒုံးချကာ နောက်ဆုံးအချိန်ကို စိတ်ပျက်လက်ပျက်စောင့်ကြည့်နေသော ကျွန်တော်တို့ရင်ထဲက ခံစားချက်မျိုးကို ကိုယ်စားပြုသည်ဟု ထင်မိသည်။ နောက်ဆုံး သစ်ရွက်သည် နောက်ဆုံးမျှော် လင့်ချက်၏ နိမိတ်ပုံဖြစ်သည်။ ပန်းချီဆရာအိုကြီးသည် ဒီနောက်ဆုံးမျှော်လင့်ချက်ကို ရှင်သန်စေရန် စွမ်းနိုင်သူများကို ကိုယ်စားပြုသည်ဟု ထင်မိသည်။ ထောင့်ပေါင်းစုံက စွမ်းနိုင်သူများကို ကိုယ်စားပြုသည်ဟု ထင်နေမိပါသည်။ နောက်ဆုံးမျော်လင့်ချက်ကို ရှင်သန်စေရန် စွမ်းနိုင်သူများသာ အကောင်းဆုံးလက်ရာကို ရေးနိုင်ခဲ့လျှင်၊ ကျွန်တော်တို့ထင်ထားသလို သစ်ရွက်အစစ်မဟုတ်လျှင်ပင် အစစ်နှင့် မခြားသည့် သစ်ရွက်ကလေး ဆက်ရှိနေမည်ဆိုလျင်ဖြင့် နွေဦး ပေါက်ပြီး ရွက်သစ်တွေဝေမည့် တိုက်ကပ်နွယ်ပင်ကြီးကို ပြန်မြင်ရ ဦးမည်ဟု ထင်နေမိသည်။

အကယ်၍များသာ နောက်ဆုံးသစ်ရွက်ကလေး ဆက်ရှိနေဦးမည်ဆိုလျှင် ဂျွန်စီနည်းတူ ကျွန်တော်တို့လည်း ကျွန်တော်တို့၏ နေပယ်လ် ပင်လယ်ကွေ့ပန်းချီကားများကို ရေးဆွဲခွင့်ရဦးမည်လားဟု တွေးမိသည်။
တစ်ဖက်မှာလည်း ဒီနောက်ဆုံးသစ်ရွက်သာ ကြွေကျသွားခဲ့လျှင်၊ ဒီနောက်ဆုံးသစ်ရွက်ကို ပြန်ရေးပေးမည့် ပန်းချီဆရာအိုကြီးသာ မရှိခဲ့လျှင်ဆိုသည်ကလည်း စဉ်းစားစရာ ဖြစ်လာခဲ့ပါသည်။ ဒီလိုဆိုရင်ဖြင့်တော့ အိုဟင်နရီ၏ ဂျွန်စီသည် သေဆုံးသွားပါလိမ့်မည်။ ထို့အတူသာပဲ ကျွန်တော်တို့ရင်ထဲက ဂျွန်စီတွေသည်လည်း သေဆုံးသွားပါလိမ့်မည်။ မျှော်လင့်စောင့်စားမှုဆိုသည်မှာ သေဆုံးသွားပါလိမ့်မည်။ သံသရာလည်သည့် သဘောအရ ဂျွန်စီတစ်နေရာရာမှာ (ရေခြားမြေခြားတောင် ဖြစ်နိုင်ပါသည်) ပြန်လည်မွေးဖွားလာခဲ့မလားမသိ။ ကျွန်တော်တို့ရင်ထဲက ဂျွန်စီလိုခံစားချက်မျိုးတွေလည်း ရေခြားမြေခြားမှာ သွားမွေးဖွားတာမျိုး ဖြစ်သွားနိုင်ပါ သည်။ သို့တည်းမဟုတ်လျှင်လည်း ဂျွန်စီလိုခံစားချက်၊ မျော်လင့်ချက်မျိုး လုံးဝပျောက်ဆုံးသွားတာလည်း ဖြစ်နိုင်ပါသည်။ ဒီအတိုင်းဆိုလျင် မျှော်လင့်ချက်မရှိသော အသက်မရှိသော ရှင်သန်မှု(သို့တည်းမဟုတ်) မျှော်လင့်စရာမရှိသော ပေါက်ကွဲမှုဆီသို့ ဦးတည်သွားနိုင်ပါသည်။ ဒီလိုမျိုး တော့ဖြစ်မလာနိုင်ဟု ကျွန်တော် အကောင်းဘက်က တွေးပါသည်။ အိုဟင်နရီရှိသေးလျှင်လည်း သူ့ဂျွန်စီလေးကို သေစေချင်မည်မဟုတ်ပါ။

ဝမ်းနည်းစရာတွေ၊ ကြေကွဲ စရာတွေကို ထပ်ကြုံရမည်ကိုမလို ချင်တော့သည်ကတော့အမှန်ပင် ဖြစ် ပါသည်။ အိုဟင်နရီ၏၀တ္ထုတို က လေးသည် တွေးစရာတွေကို ပေးနိုင် လိမ့်မည်ဟုလည်း မျော်လင့်ပါသည်။ အိပ်ရေးတွေပျက်ပြီးတွေးမိတွေးရာ ရေးမိရေးရာရေးထားသော စာတစ် ပုဒ်လည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါ သည်။ ကျွန်တော်ကတော့ မနက်အိပ်ရာနိုးတိုင်း နောက်ဆုံးသစ်ရွက်ကလေး ကျန်သေးသည်လားဆိုသည်ကို ပြတင်းပေါက်ဖွင့်ပြီး  ဂျွန်စီလိုပဲ နှစ်ရက်သုံးရက် ထကြည့်ပါဦးမည်။ အချိန်အကြာကြီး စောင့်ခဲ့ပြီးမှတော့ ခဏတော့ ဆက်စောင့်ကြည့်ပါဦးမည်။ ၀တ္ထုတိုထဲကလို ပြောရလျင်တော့ နှစ်ရက်သုံးရက်ပဲ စောင့်နိုင်တော့ မည်ထင်ပါသည်။ အပြင်လောက အချိန်နာရီအတိုင်းဆိုလျှင်တော့ နှစ်နှစ်၊ သုံးနှစ် အလွန်ဆုံးစောင့်ပါမည်။
နွေဦးပေါက်လျင်  တိုက်ကပ်နွယ်ပင်ကြီး ပြန်လည်ဝေစည်လာမည်ကို မြင်တွေ့ခွင့်ရဦးမည် ထင်ပါသည်။
ဒီသစ်ရွက်ကလေး ကြွေကျသွားလျင်ဖြင့် ကျွန်တော်တို့ရင်ထဲက ဂျွန်စီလိုခံစားချက်မျိုး အမှန်တကယ် သေဆုံးသွားပါလိမ့်မည်။။

No comments:

Post a Comment