ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Tuesday, December 4, 2012

ထရပ်ခဲ့တဲ့ သမ္မတ



၂ဝရာစုခေတ် နှစ်(၃ဝ)အစောပိုင်း တစ်ခုသောနွေဦးရာသီအစမှာ ရုရှားနိုင်ငံမှာရှိတဲ့ သာမန်လယ်သမား မိသားစုတစ်စုဆီကနေ သားယောက်ျားတစ်ဦး ဖွားမြင်ခဲ့တယ်။ ဆင်းရဲတဲ့လယ်သမား မိသားစုဖြစ်တဲ့အတွက် ကလေးငယ်ရဲ့ဘဝဟာ မွေးလာတာနဲ့ ဆင်းရဲတဲ့ဒဏ်ကို စခံခဲ့ရတယ်။ သူဟာ မိသားစုဝင်(၆)ဦးနဲ့အတူ အိမ်စုတ်လေးတစ်လုံးထဲမှာ ကြပ်ကြပ်ညှပ်ညှပ်နေခဲ့ရတယ်။ သူတို့အိမ်မှာ နို့စားနွားမတစ်ကောင်ကလွဲလို့ တခြားအဖိုးတန်ပစ္စည်း ဘာမှမရှိခဲ့ပါဘူး။

ကျောင်းစတက်တဲ့အရွယ်မှာ ကလေးငယ်ဟာ ကျောင်းစာတွေကို ကြိုးစားသင်ယူခဲ့တယ်။ ကျောင်းစာမှာ ထူးချွန်ထက်မြက်တဲ့သူ့ကို အတန်းသားအားလုံးက ချစ်ခင်နှစ်သက်ကြတယ်။ အတန်းသားတွေကြားမှာ သူနာမည်ကောင်းရခဲ့တယ်။ ဒါပေမယ့် ဆရာတချို့က သူ့ကို မနှစ်သက်ခဲ့ဘူး။ သူ့ကို ကျောင်းသားဆိုးတစ်ယောက်လို့ သဘောထားခဲ့ကြတယ်။ ဆရာတချို့က သူ့ကိုကျောင်းထုတ်လိုက်ဖို့ ကျောင်းအုပ်ကြီးဆီ အကြိမ်ကြိမ်တင်ပြကြတယ်။ ကျောင်းထုတ်ရတဲ့အကြောင်းရင်းက အတန်းထဲမှာ သူဟာ တခြားလူတွေ ထင်မှတ်မထားတဲ့ ထူးဆန်းတဲ့အကြံဉာဏ်တွေကို ထုတ်တတ်လို့ဖြစ်တယ်။

ဆရာတွေကို ပိုဦးနှောက်ခြောက်စေတာက အတန်းထဲမှာ ကျောင်းသားတချို့ မတရားခံရတဲ့အခါ ဒါမှမဟုတ် သူကိုယ်တိုင် မတရားခံရတဲ့အခါ သူဟာ သတ္တိရှိရှိထရပ်ပြီး ရင်ဆိုင်ဖြေရှင်းတတ်တယ်။ သူ့ရဲ့ယုတ္တိရှိတဲ့၊ မှန်ကန်တဲ့စကားတွေက ဆရာတွေကို နှုတ်ဆိတ်သွားစေတယ်။ ကြောင်အသွားစေတယ်။

အဲဒီနှစ်ရဲ့ အထက်တန်းစာမေးပွဲကို သူကောင်းကောင်း ဖြေဆိုနိုင်ခဲ့တယ်။ ဘာသာရပ်တိုင်း အမှတ်ပြည့်နီးနီး သူဖြေဆိုနိုင်ခဲ့တယ်။ အထက်တန်းကို သူလျောလျောရှူရှူ အောင်မြင်နိုင်မယ်လို့ သူယုံကြည်ခဲ့တယ်။ အောင်စာရင်းပေးပွဲ ကျင်းပတဲ့နေ့မှာ အတန်းသားအားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်ဆုံခဲ့ကြတယ်။ တစ်ယောက်တစ်လှည့်စီ စင်မြင့်ပေါ်တက်ပြီး ဆရာလက်ထဲကနေ ကိုယ်ပိုင်အောင်စာရင်းစာရွက်ကို တလေးတစား လက်ခံခဲ့ကြတယ်။ သူ့အလှည့်ရောက်တော့ စတိတ်စင်ပေါ်တက်ပြီး သူ့မှာ ပြောစရာစကားရှိတယ်၊ သူ့ကိုစကားပြောခွင့်ပေးဖို့ ပွဲကျင်းပတဲ့ဆရာမဆီ သူခွင့်တောင်းလိုက်တယ်။ သူပြောမယ့်စကားကို စိတ်ဝင်စားတဲ့ဆရာမက သူ့ကိုခွင့်ပြုလိုက်ပါတယ်။ စင်အောက်က အတန်းသားတွေလည်း လက်ခုပ်လက်ဝါးတီးပြီး သူ့ကိုအားပေးခဲ့ကြတယ်။

စစချင်းမှာ သူဟာ သူတို့ကိုပညာသင်ကြားပေးတဲ့၊ ဂရုစိုက် ကူညီစောင့်ရှောက်ခဲ့တဲ့ ဆရာတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်။ စင်ပေါ်စင်အောက် လူအများက သူ့ကို လက်ခုပ်တီး အားပေးခဲ့တယ်။ ဆက်ပြီး သူတို့အတန်းပိုင်ဆရာကို သူစဝေဖန်ပါတယ်။ အတန်းပိုင်ဆရာရဲ့ စာသင်ချိန်အတွင်းမှာ ပြုလုပ်ခဲ့တဲ့ အမှား၊ ဆိုးကျိုးတွေကို ဝေဖန်ထောက်ပြခဲ့တယ်။ အတန်းသားအပေါ် အတန်းပိုင်ဆရာရဲ့ တန်းတူညီမျှ မဆက်ဆံမှုတွေ၊ သင်ပြပုံ စနစ်မကျမှုတွေကို ပြောဆိုခဲ့တယ်။ သူ့ဝေဖန်ချက်တွေကြောင့် စင်ပေါ်ထိုင်နေတဲ့ အတန်းပိုင်ဆရာ ဒေါသထွက် အရှက်ရသွားခဲ့တယ်။

အဲဒီအောင်စာရင်းပေးပွဲပြီးနောက် သူဟာ သူ့အောင်စာရင်းကို သွားယူခဲ့တယ်။ ဒါပေမယ့် ကျောင်းက သူ့ကိုအောင်စာရင်းစာရွက် ထုတ်မပေးခဲ့ဘူး။ ဒီအတွက် သူ မကျေမနပ်ဖြစ်ခဲ့တယ်။ စာမေးပွဲကို သူအောင်အောင်မြင်မြင် ဖြေဆိုနိုင်ခဲ့တယ်။ အောင်မြင်ကြောင်းလည်း ကြေညာခဲ့တယ်။ ဒါကြောင့် အောင်စာရင်းစာရွက်ကို ရနိုင်တဲ့အရည်အချင်း သူ့မှာရှိတယ်လို့ သူထင်ခဲ့တယ်။ သူ့ကို အောင်စာရင်းစာရွက်ထုတ်ပေးဖို့ ကျောင်းကငြင်းဆန်ခဲ့တာဟာ မတရားဘူး။ ဒါဟာ သူ့အခွင့်အရေးကို ပိတ်ပင်တာဖြစ်တယ်လို့ သူထင်ပြီး ကျောင်းနဲ့ သက်ဆိုင်ရာပညာရေးရုံးမှာ သူတိုင်ကြားခဲ့တယ်။ သူရနိုင်တဲ့ မှန်ကန်တဲ့ အခွင့်အရေးအတွက် သူအသံထွက်ခဲ့တယ်။

သူ့ရဲ့ကြိုးစားမှုကြောင့် အထက်သက်ဆိုင်ရာလူကြီးတွေက သူ့အတန်းပိုင်ဆရာရဲ့ အပြုအမှုကို စောင့်ကြည့်ဖို့ အဖွဲ့တစ်ဖွဲ့ ဖွဲ့ခဲ့တယ်။ နောက်ဆုံးမှာ အမှားတွေ၊ မတရားမှုတွေနဲ့ ကျောင်းသားတွေအပေါ် မျှမျှတတမဆက်ဆံခဲ့တဲ့ အတန်းပိုင်ဆရာဟာ အရေးယူခံခဲ့ရတယ်။ သူ့ရဲ့မတွန့်မကြောက် အမှန်ကိုအမှန်အတိုင်း ထရပ်ပြောဆိုခဲ့တဲ့ သတ္တိကြောင့် နောက်ဆုံးမှာ သူရထိုက်တဲ့ သူ့ကိုယ်ပိုင် အောင်စာရင်းစာရွက်ကို ရခဲ့တယ်။

သူဟာ ဆင်းရဲလို့ဆိုပြီး မသိမ်ငယ်ခဲ့ဘူး၊ အထင်မသေးခဲ့ဘူး။ ကိုယ့်ကိုယ်ကိုလေးစားမှု သူ့မှာရှိခဲ့တယ်။ သူတစ်ပါးအတွက် အကျိုးရှိတဲ့၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးအတွက် စကားပြောဆိုခွင့်ကြုံလာတိုင်း သူသတ္တိရှိရှိထွက်ရပ်ပြီး ပြောခဲ့တယ်။ တရားမျှတမှုနဲ့ မှန်ကန်မှုအတွက် သူသတ္တိရှိရှိ ရင်ဆိုင်ခဲ့တယ်။

သူဟာ တခြားသူမဟုတ်ခဲ့ပါဘူး... ရုရှားနိုင်ငံရဲ့ ပထမဆုံးသောသမ္မတ Boris Yeltsinပဲဖြစ်တယ်။ သူ့ရဲ့ စကားပြောသင့်ချိန်မှာ သတ္တိရှိရှိထွက်ရပ်ပြီး ပြောရဲတဲ့အပြုအမှုကြောင့် သူ့ဘဝလမ်းတစ်လျှောက်မှာ လူအများရဲ့ ဂရုစိုက်မှု၊ လေးစားမှုနဲ့ အောင်မြင်ကျော်ကြားမှုတွေ ရခဲ့တယ်။

No comments:

Post a Comment