စာရေးဆရာတိုင်းလိုလို စာမူခကို မြတ်နိုးကြလေသည်။ ဒါဖြင့် စာပေကိုတော့
မမြတ်နိုးဘူးလားလို့ မေးစရာရှိ၏။ ဒါကတော့ ပြောစရာတောင်မလို။
စာပေမြတ်နိုးလို့ပဲ စာရေးဆရာလုပ်နေတာပေါ့။ စာရေးဆရာများသည် ငွေကြေးကို
စီးပွားရေးသမားတွေလောက် မက်မက်မောမောမရှိသည့်တိုင် စာမူခကိုတော့
ကိုယ်ဖန်တီးလိုက်သည့် အနုပညာ၏အသီးအပွင့်အဖြစ် ခံစားလိုကြတာ အမှန်ပါပဲ။
စာမူခ ဆိုရာမှာ နှစ်မျိုးရှိ၏။ လုံးချင်းစာအုပ်က ရတာမျိုးနှင့်
စာနယ်ဇင်းတွေကရတာ။ လုံးချင်းစာအုပ်ကရသောငွေက မက်မက်စက်စက်ရှိ၏။
သောင်းဂဏန်းကနေ (အရောင်းသွက်စာရေးဆရာဆိုလျှင်) သိန်းဂဏန်းအထိရှိ၏။
စာနယ်ဇင်းတွေကရသည့် စာမူခကတော့ ဘယ်လိုမှမယှဉ်နိုင်လောက်အောင် နည်းလှသည်။
သို့ရာတွင် စာရေးဆရာအတော်များများသည် လုံးချင်းဝတ္ထုမှရသောငွေထက်
စာနယ်ဇင်းတွေမှာ ၀တ္ထုတို၊ ဆောင်းပါး၊ အက်ဆေး၊ ကဗျာတို့မှရသောငွေကို
ပို၍အမြတ်တနိုး တန်ဖိုးထားတတ်ကြတာ အမှန်ပဲဖြစ်၏။ ဘာကြောင့် ခုလို
ထူးထူးဆန်းဆန်း ဖြစ်ရသလဲတော့ မပြောတတ်။
ကျွန်တော်ကိုယ်တိုင်လည်း ဒီအတိုင်းပင်ဖြစ်၏။ ကျွန်တော်သည်
လုံးချင်းဝတ္ထုများ၊ ရုပ်ရှင်ဗွီဒီယိုဇာတ်ညွှန်းများ၊ စာနယ်ဇင်းတွေမှာ
ဝတ္ထုတိုရှည်၊ ဆောင်းပါး၊ အက်ဆေး၊ ကဗျာစုံအောင် ရေးသူဖြစ်၏။
စာပေအမျိုးအစားအားလုံးကို အနုပညာစိတ်ဖြင့် ရေးတာမှန်သော်လည်း
ရရှိလာသည့်အကျိုးအမြတ်(စာမူခ)အေ ပါ် တန်ဖိုးထားတာချင်းတော့ မတူပါ။
လုံးချင်းဝတ္ထုမှရသည့်စာမူခသည် ကြိုးစားသလောက်
(ကိုယ့်အတိုင်းအတာနှင့်ကိုယ်) အတော်အသင့် တူတူတန်တန် ရသည်ဟု ဆိုနိုင်၏။
ဝတ္ထုတို၊ ဆောင်းပါး၊ အက်ဆေး၊ ကဗျာတွေကျတော့ အဆင်မသင့်လျှင် တစ်ပတ်ဆယ်ရက်မက
တစ်ခါတစ်ရံ လနှင့်ချီကြာအောင် ပင်ပင်ပန်းပန်းရေးရသော်လည်း ရတဲ့စာမူခကျတော့
မဖြစ်စလောက်သာဖြစ်၏။ ဒါလေးကိုပင် ထူးထူးခြားခြား တပ်မက်စိတ်ဖြစ်မိ၏။
(ဦးပုည၏ ပြဇာတ်ထဲမှ ရေသည်ယောက်ျားက သူ၏ချွေးနဲစာလေး ရွေးသောအသပြာကို
မက်မောတွယ်တာသလိုမျိုးပင်ဖြစ် မည်ထင်၏)
တချို့စာရေးဆရာတွေက ငွေကြေးတတ်နိုင်သည်။ တိုက်နှင့်ကားနှင့်နေနိုင်သည်။
သူတို့သည် ၀တ္ထု၊ ဆောင်းပါးလေးတွေ ရေးပြီးသောအခါ မဂ္ဂဇင်းတိုက်သို့
ကိုယ်ပိုင်ကားနှင့်သွားပို့သည်။ မဂ္ဂဇင်းထွက်တော့လည်း စာအုပ်နှင့်စာမူခကို
ကိုယ်ပိုင်ကားနှင့် တကူးတကသွားယူသည်။ ရတဲ့စာမူခက မော်တော်ကား
အသွားအပြန်နှစ်ခေါက်စာဓာတ်ဆီဖိုးတောင်ရှိရဲ့လားမသိ။
ဒီကြားထဲ ရတဲ့စာမူခနဲ့ အပေါင်းအသင်းတွေ၊ စာရေးဆရာတွေကို
လက်ဖက်ရည်တိုက်ရလျှင် ဘာမှကျန်မည်မဟုတ်။ အဲ ညနေ ယမကာဝိုင်းထဲ
ဆက်သွားလို့ကတော့ စာမူခထက် အဆပိုစွာ အိတ်ထဲက စိုက်ရပေဦးမည်။
စီးပွားရေးသမားတွေသာ ဒီအကြောင်းသိလျှင် "ငကြောင်တွေ"ဆိုပြီး ဟားတိုက်ကောင်း တိုက်လိမ့်မည်။
* * *
တစ်ခုတော့ရှိ၏။ ချောင်ချောင်လည်လည်ရှိသောစာရေး ဆရာတွေတောင်
ဒီစာမူခကို မက်မက်မောမောရှိလျှင် စားဝတ်နေရေးအတွက် မဂ္ဂဇင်းစာမူခကို
တစ်ဖက်တစ်လမ်းက အားကိုးနေရသော စာရေးဆရာတွေအဖို့ ဘယ်လောက်
တန်ဖိုးထားမလဲဆိုတာ သိသာလှ၏။
ကောင်းပြီ။ စာနယ်ဇင်းတွေကရသော စာမူခကကော စားဝတ်နေရေးအတွက် ဘယ်လောက်အထိ အထောက်အကူပြုပါ သလဲ။
ဒီအကြောင်းပြောလျှင် နောက်ကြောင်းကိုတော့ နည်းနည်းပြန်မှဖြစ်မည်။
စာရေးဆရာတို့၏ရွှေခေတ်ဟု ဆိုနိုင်သော ၁၉၅၀ပြည့်နှစ်များကို ပြန်ကြည့်လျှင်-
ဟိုတုန်းက နာမည်ကြီးစာရေးဆရာတစ်ယောက် ၀တ္ထုတိုတစ်ပုဒ်အတွက် စာမူခ
နှစ်ရာလောက်ရသည်။ ထိပ်ဆုံးတန်း ရောက်နေသူများဆိုလျှင် သုံးရာရသည်။
အလယ်အလတ်အဆင့်ဆိုလျှင် တစ်ရာ။
ထိုစဉ်က ကုန်ဈေးနှုန်းမှာ လက်ဖက်ရည်တစ်ခွက် နှစ်ဆယ့်ငါးပြား၊ ဆီတစ်ပိဿာ
သုံးကျပ်၊ ကြက်သားတစ်ပိဿာ လေးငါးကျပ်ပဲရှိသတဲ့။
ခုခေတ်ကုန်ဈေးနှုန်းနှင့်နှိုင်း စာကြည့်လျှင် ၀တ္ထုတိုတစ်ပုဒ်အတွက် စာမူခ သောင်းနှင့်ချီရသည့်သဘောဖြစ်၏။ ခုချိန်ပြန်စဉ်းစားကြည့်တော့ မယုံနိုင်အောင်အံ့ဘွယ်ဖြစ်လေ၏။
စာရေးဆရာတစ်ယောက် စာမူခထုတ်ပြီးလျှင် ရေးဖော်ရေးဖက်စာရေးဆရာတွေ
တစ်ပြုံတစ်မကြီးခေါ်ပြီး တာဝါဘား၊ ၀င်းဘား၊ မွန်းလိုက်
စသောစားသောက်ဆိုင်ကြီးများမှာ တပျော်တပါးစားကြ၊ သောက်ကြသည်။ ဘီယာတစ်ပုလင်း
တစ်ကျပ် နှစ်ဆယ့်ငါးပြား၊ ရမ်တစ်လုံး ခုနစ်ကျပ်၊ ဘဲကင်တစ်ကောင်မှ
သုံးလေးကျပ်ဖြစ်သဖြင့် နှစ်ဆယ်၊ အစိတ်လောက်ကုန်လျှင် တစ်ဝကြီး
မူးနိုင်တယ်ဆိုပဲ။
အရက်ဝိုင်းက ပိုတဲ့ငွေမှ မိန်းမလက်ထဲရောက်သည်။ ဒါတောင်
ချွေချွေတာတာသုံးတတ်လျှင် တစ်လစာ ဈေးဖိုးတော့ ကာမိလောက်သည်ဟု ဆို၏။
အသောက်အစားကင်းသည့် စာရေးဆရာ၏ဇနီးမျိုးဆိုလျှင် ၀တ္ထုတိုမှရသည့်ငွေဖြင့်
ရွှေလေးဘာလေးတောင် ၀ယ်စုနိုင်သေးသည်ဟု ပုံပြင်သဖွယ် ကြားဖူးပါသည်။
ဘယ်လောက်ရေးပျော်သောအချိန်အခါ လဲ။ ဆရာကတော်များအနေနှင့်လည်း စာရေးဆရာကို ဘယ်လောက် ယူပျော်သော ကာလများပါလဲ။ စဉ်းစားသာကြည့်။
* * *
ကျွန်တော်၏ပထမဆုံးဝတ္ထုတိုအတွက် စာမူခနှစ်ဆယ်ရသည်။ ဒီငွေနှစ်ဆယ်ဖြင့် မဂ္ဂဇင်းအယ်ဒီတာတစ်ယောက်၊ သူငယ်ချင်းပန်းချီဆရာတစ်ယောက်တို့ကို လက်ဖက်ရည်တိုက်၊ အပြန်ကျတော့ အမေ့အတွက် ခေါက်ဆွဲကြော်တစ်ထုပ် ၀ယ်သွားတာတောင် ငွေက ပိုနေသေးသည်။ ထိုစဉ်က ၁၉၇၆။
ဒုတိယမြောက်စာမူကျတော့ မဂ္ဂဇင်းကြီးဖြစ်သဖြင့် စာမူခ ငါးဆယ်ရသည်။
တက္ကသိုလ်စာမေးပွဲတွေ ဖြေကာနီးဖြစ်သဖြင့် ထိုငွေငါးဆယ်ကို အိတ်ထဲထည့်ပြီး
အဆောင်ကသူငယ်ချင်းအခန်းမှာသွားေ နရင်း စာမေးပွဲဖြေသည်။ အဆောင်ထမင်းကို
ကပ်စားသဖြင့် ထမင်းဖိုးတော့မကုန်။ လက်ဖက်ရည်ဖိုး၊ မုန့်ဖိုး၊
ဆေးလိပ်ဖိုးကို ငွေငါးဆယ်ထဲက သုံးသည်။ သူငယ်ချင်းတွေကို လက်ဖက်ရည်
တိုက်နိုင်ရုံမက ရည်းစားကိုတောင် နေ့စဉ်နန်းကြီးသုပ်ကျွေး၊
အအေးတိုက်နိုင်သေးသည်။
စာရေးသက်ကလေးနည်းနည်းရလာတော့ စာမူခ ခြောက်ဆယ်၊ ခုနစ်ဆယ့်ငါးကျပ်
တဖြည်းဖြည်းတိုးလာ၏။ နာမည်ကလေး ရလာတော့ တစ်ရာဖြစ်လာသည်။ ၈၀ခုနှစ်များမှာ
တစ်ရာ့ငါးဆယ်မှ နှစ်ရာအထိ ရလာ၏။ အဖေတို့ခေတ်တုန်းကလို တစ်လစာ
ဖူလုံမှုမရှိတော့သော်လည်း သူငယ်ချင်းကဗျာသမား၊ စာပေသမားတွေကို ၄၂လမ်းမှာ
ဘီအီး အ၀တိုက်နိုင်လောက်အောင်တော့ လုံလောက်သေးသည်ဟု ဆိုရပေမည်။
* * *
စက္ကူဈေး၊ ဖလင်ဈေး၊ ပုံနှိပ်ခတွေတက်လာသည်။ စာအုပ်ထုတ်ဝေရေး၊ မဂ္ဂဇင်းထုတ်ဝေရေးတွေနှင့်ပတ်သက် သမျှ
စရိတ်စက အားလုံး မြင့်တက်လာသည်။ စာအုပ်ဈေး၊ မဂ္ဂဇင်းဈေးတွေလည်း
ကြီးလာသည်။ စာမူခကတော့ အချိုးညီညီ လိုက်တိုးလာခြင်းမရှိ။
လုံးချင်းဝတ္ထုတွေမှာ စာအုပ်တန်ဖိုးနှင့်စာမူခကို
အုပ်ရေရာခိုင်နှုန်းတို့ဖြင့်ချိ တ်ဆက်ထားလေ့ရှိသဖြင့် နည်းနည်းတော်သည်။ ၀တ္ထုတိုစာမူခကတော့ ဒီလိုမဟုတ်။ ပုံမှန်သတ်မှတ်ထားသည့်အတိုင်းသာ ဖြစ်၏။
အဖေတို့ခေတ်က မဂ္ဂဇင်းတစ်အုပ် နှစ်ကျပ်ဖြစ်၏။ ခုအခါမှာ
မဂ္ဂဇင်းရောင်းဈေးက အဆငါးဆယ်မက တက်လာသည်။ ၀တ္ထုတို၊ ကဗျာ၊
ဆောင်းပါးစာမူခကတော့ ငါးဆမှ ဆယ်ဆအတွင်းလောက်သာ တက်ခဲ့သည်။
တခြားရွှေဈေးတို့၊ စားသောက်ကုန်ဈေးနှုန်းတို့ကို ဖယ်ထား၊
မဂ္ဂဇင်းရောင်းဈေးနှင့် ယှဉ်တွဲမည်ဆိုလျှင်တောင် ၁၉၅၀ ပြည့်လွန်နှစ်များက
ဝတ္ထုတိုတစ်ပုဒ်အတွက် စာမူခတစ်ရာပေးလျှင် အခုအနည်းဆုံးငါးထောင်ဖြစ်သင့် သည်။ နှစ်ရာဆိုလျှင် တစ်သောင်း၊ ထိပ်သီးစာရေးဆရာတစ်ယောက်၏စာမူ ခမှာ အနည်းဆုံးတစ်သောင်းခွဲဖြစ်သင့် သည်ဟု ဆိုရမည်။
မဂ္ဂဇင်းတွေဘက်ကကြည့်တော့လည်း ခုအတိုင်းတောင် ခပ်လှုပ်လှုပ်ဖြစ်ပြီး
ယဲ့ယဲ့ကလေးရှင်သန်နေရတာ။ ခုနပြောသလိုသာ စာမူခတွေတိုးပေးရမည်ဆိုလျှင်
ဘဏ်တိုက်ပိုင်ရှင်တွေမှသာ မဂ္ဂဇင်းထုတ်နိုင်ပါလိမ့်မည်။
စာရေးဆရာတွေအနေနှင့်လည်း ဟိုအရင်လို ၀တ္ထုတိုတစ်ပုဒ်စာမူခနှင့်
တစ်လစားသောက်ဖို့နေနေသာသာ အပေါင်းအသင်းကို အရက်တိုက်ဖို့တောင် မလွယ်တော့။
လက်ဖက်ရည်ဝိုင်းဖွဲ့လျှင်တောင် မုန့်မကိုင်ပါစေနဲ့၊ စီးကရက်မမှာကြပါစေနဲ့
ဟု ကြိတ်ပြီး ဆုတောင်းရသည့်အခြေအနေ။
ဒါကို ဘယ်လိုဖြေရှင်းကြမလဲ။ အဖြေရှာဖို့ကောင်းသည်။ လောလောဆယ်မှာတော့
စာရေးဆရာအများစုမှာ ရတဲ့စာမူခနဲ့ ကုန်ဈေးနှုန်းကို အမီလိုက်ရတာ
လေးဘီးကားနှင့်ပါဂျဲရိုပြိုင် ရသလို နောက်မှာ အပြတ်အသတ်ကျန်နေဆဲပါပဲ။
----------------
မင်းလူ
ရွှေကျွန်းသာ
(၁၉၉၉)
No comments:
Post a Comment