ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, December 1, 2012

အငှားဘောလ်ပင်(မင်းလူ)

    စာရေးနေချိန် အိမ်အောက်ကနေ ကျွန်တော့်နာမည်ကို တကြော်ကြော်ခေါ်နေသံ ကြားရသဖြင့် ပြတင်းပေါက်မှ ထွက်ကြည့်လိုက်တော့ နန်းကြင်ကိုတွေ့လိုက်ရသည်။ သူက...
    "ဘာလုပ်နေတာလဲကွ" မေးသည်။ ကျွန်တော်က
    "စာရေးနေတာ"


    "အော် အေး အေး ရေးလေကွာ၊ ပြီးမှ ဆင်းလာခဲ့ ငါလက်ဖက်ရည်ဆိုင်က စောင့်နေမယ်"
    ကဲ ဒီကောင်လုပ်ပုံကြည့်ဦး၊ သူ့မျက်နှာကြီး မြင်ပြီးမှတော့ ဘယ်လိုလုပ် စာဆက်ရေးလို့ရတော့မှာလဲ။ ထို့ကြောင့် သူရှိရာ လက်ဖက်ရည်ဆိုင်သို့ ဆင်းလာခဲ့ရ၏။
    "စာရေးနေတာဆို ဘာဖြစ်လို့ ချက်ချင်းဆင်းလာရတာလဲ၊ ရပါတယ်ကွ၊ ငါစောင့်မှာပါ"
    သူကဆီးပြောသဖြင့်...
    "စာရေးတယ်ဆိုတာ စိတ်ဖြောင့်ဖြောင့်ရေးမှ ဖြစ်တာကွ၊ မင်းကပြီးရင် ဆင်းခဲ့စောင့်နေမယ်ဆိုတော့ ဘယ်ရေးလို့ရတော့မလဲ စာရေးတာကွ၊ အိမ်သာတက်တာမဟုတ်ဘူး" သူကရယ်ပြီး...
    "ကဲပါကွာ၊ မင်းငါနဲ့တွေ့တာ အလဟဿ မဖြစ်စေရပါဘူး၊ စာရေးလို့ကောင်းတဲ့ အကြောင်းကလေးတွေ ပြောပြပါ့မယ်"
    "ဗီစီဒီကားတွေ မပြောနဲ့နော်"
    သူကဗွီဒီယိုကြည့်တာ အလွန်ဝါသနာပါသူဖြစ်၏။ သူကြည့်ဖူးသမျှ နိုင်ငံခြားကားတွေအကြောင်းကိုလည်း လုံးစေ့ပတ်စေ့ ပြန်ပြောတတ်သည်။ ထို့ကြောင့် ကျွန်တော်ကဟန့်လိုက်ခြင်းဖြစ်၏။
    "အေးပါ...ဗွီဒီယိုအကြောင်းမဟုတ်ပါဘူး၊ ငါကားမောင်းရင်းကြုံတဲ့ကိစ္စပြောမလို့ပါ"
    " ဒါကရိုးနေပါပြီကွာ၊ သော့ကိုကားထဲမှာထားခဲ့ပြီး လော့(က်)ချမိတာတို့၊ 
ပိုက်ဆံအိတ်ခါးကြားထိုးထားတာကိုမေ့ပြီး ခရီးသည်ကို သူခိုးစွပ်စွဲပြီးမှ ပြန်တောင်းပန်ရတာတို့၊ ဒါတွေပဲမဟုတ်လား"
    "မဟုတ်ပါဘူးကွာ၊ ခုဟာကတစ်မျိုးပါ"
    သူ့မှာ တက္ကစီကားတစ်စီးရှိ၏။ သူကိုယ်တိုင် မောင်းလေ့ရှိပြီးတစ်ခါတစ်လေ သူနားချင်တဲ့ အခါကျလျှင် တခြားဒရိုင်ဘာတစ်ယောက်ကို အငှားချပြီး အုံနာခယူတတ်သည်။
    သူကလူလည်ကျသော ခရီးသည်တစ်ယောက်အကြောင်းပြောပြသည်။
 
    "အဲဒီလူကြီးက ငါတို့ဂိတ်ထိုးတဲ့ နေရာကိုလာပြီး ကားငှားတတ်တယ်၊ သူ့အလုပ်ကငွေတိုးချေးတာတို့၊ အပေါင်ခံတာတို့ပေါ့ကွာ၊ သူကကားငှားရင် အင်မတန်ဈေးဆစ်တတ်တယ်ကွ၊ ကပ်လဲကပ်သတ်တယ်၊ တစ်ခါတစ်လေ နှစ်ဆယ်အစိတ်လောက်တောင် ကုပ်ကပ်ဆစ်တတ်တာ၊ ဒါကြောင့် သူလာငှားရင် တခြားလူတွေက မလိုက်ချင်ကြဘူး"
    နန်းကြင်ကတော့ တစ်ရပ်ကွက်တည်းနေသူ ဖြစ်နေသဖြင့် မျက်နှာနာပြီး လိုက်ရလေ့ရှိ၏။
    တစ်ရက်မှာ ဒီလူကြီးရောက်လာပြီး "မင်္ဂလာဈေးကိုသွားချင်တယ် ဘယ်လောက်လဲ"ဟုမေးသည်။ 
နန်းကြင်က ပုံမှန်တောင်းနေကျ အတိုင်းပင် တစ်ထောင်တောင်းတော့...
    "ဟာ များလိုက်တာ၊ အဲ ဒီလိုလုပ်ကွာ၊ အသွားအပြန်ငှားရင် ဘယ်လောက်ပေးရမလဲ"
    "အသွားအပြန်ဆိုရင်တော့ ထောင့်ရှစ်ရာပဲ ပေးပါ"
    "ဟာကွာ ထောင့်ငါးရာပဲ ထားပါ"
    နန်းကြင်က ထောင့်ခြောက်ရာ တောင်းကြည့်သေးသည်။
    "ငါကအကြွေးသွားတောင်းမှာကွ ရမယ်မရဘူး မသေချာသေးဘူး၊ မရရင် ကားခရှုံးဦးမှာ"
    သူမရှုံးအောင်နန်းကြင်ကပဲ လျှော့ပေးစေလိုသည့် သဘော၊ နန်းကြင်လည်း ကိုယ့်ကားကိုယ်မောင်းသူဆိုတော့ ဈေးဦးပေါက်လိုက်သွားတာပိုကောင်းပါတယ်၊ ရသလောက်ပေါ့ဟု တွက်ပြီး လက်ခံလိုက်သည်။
    "ခုမှသတိရတယ်၊ ငါက တခြားကိစ္စတစ်ခုရှိသေးတယ်၊ ကြာမယ်ထင်တယ်ကွ၊ ဒါကြောင့် ငါပြန်မလိုက်တော့ဘူး"ဟုပြောပြီး ကားခ ခုနှစ်ရာ့ငါးဆယ်ပေးပြီး ဆင်းသွား၏။
    "သူ့လုပ်ပေါက်ကို ကြည့်ဦးကွာ၊ အသွားအပြန်စီးမယ်ဆိုလို့ ငါက ထောင့်ငါးရာတည်းနဲ့လိုက်လာတာ၊ ဟိုရောက်မှ ပြန်မလိုက်တော့ဘူးဆိုပြီး ကားခကိုတစ်ခြမ်းအတွက် နှစ်နဲ့စားပြီး ခုနှစ်ရာ့ငါးဆယ်ပဲ ပေးသွားတယ်၊ သက်သက်လူလည်ကျတာကွ"
    " မင်းခံလိုက်ရတာပေါ့၊ ကောင်းတယ်၊ ကိုယ့်ကားကိုယ်မောင်းနေရက်သားနဲ့ အုံနာခကနင့်နေအောင်ပေးရတပါ၊ ဘာညာနဲ့ ပတ်ချွဲနပ်ချွဲလုပ်တတ်တဲ့ကောင်၊ ထိပြီမဟုတ်လား"
    "ဒီလောက်နဲ့ မပြီးသေးဘူးကွ"
    နန်းကြင်လည်း မင်္ဂလာဈေးရောက်နေမှတော့ မထူးဘူး၊ အော်ဒါလေးဘာလေးရလိုရငြားဆိုပြီး ဈေးရှေ့မှာ ကားရပ်စောင့်နေလိုက်သည်။ ခရီးသည်က ပါးနေတဲ့အပြင် တခြားကားတွေလည်း ရှိနေသဖြင့် နာရီဝက်လောက်ကြာတဲ့အထိ လူမရဘဲဖြစ်နေ၏။
    "ဒါနဲ့ငါလည်းပျင်းလာတော့ ဂိတ်ကိုပဲ ပြန်တော့မယ်၊ လမ်းမှာ လူရလည်း တင်မယ်ဆိုပြီး ကားပြန်အထွက်မှာ ဟိုလူကြီးဈေးထဲက သုတ်သီးသုတ်ပျာထွက်လာပြီး လှမ်းတားတယ်ကွ၊ မင်းဘယ်သွားမှာလဲမေးတော့ ငါကလည်း ဂိတ်ကိုပြန်မယ် ပြောတာပေါ့၊ အတော်ပဲကွာ၊ ငါလည်းပြန်လိုက်မယ်ပြောပြီး ကားပေါ်တက်လိုက်တယ်၊ ဂိတ်ကိုလည်းပြန်ရောက်ရော ပုဂ္ဂိုလ်ကြီးကကျေးဇူးပဲကွာဆိုပြီး ကားပေါ်ကဆင်းမယ်အလုပ်မှာ ငါက ဦးလေး အပြန်အတွက် ကားခပေးဦးလေလို့ သတိပေးတော့ ဘာပြောတယ်မှတ်သလဲ၊ "မင်း ဂိတ်ကို ပြန်မယ်ဆိုလို့ ငါက လမ်းကြုံလိုက်လာတာပဲကွ၊ မင်းကားကို ငှားစီးတာမှမဟုတ်ပဲ"လို့ပြောပြီး တစ်ပြားမှမပေးပဲလစ်သွားရောဟေ့"
    " ဟားဟား ရယ်ရသားပဲ"
    "အဲဒါပြောပြချင်လို့ မင်းဆီဝင်လာတာ၊ သွားဦးမယ်ကွာ"
    "မင်းကဘယ်သွားမှာလဲ"
    "အိမ်ပြန်ပြီး ခဏနားဦးမယ်၊ ဘာလဲ မင်းကကော လမ်းကြုံလိုက်ချင်လို့လား၊ လိုက်ခဲ့လေကွာ၊ အိမ်မှာအခွေကောင်းကောင်းရှိတယ်ကွ၊ ကြည့်မလား"
    "မကြည့်နိုင်သေးပါဘူးကွာ၊ နက်ဖြန်မနက် ဂျာနယ်တစ်စောင်  အတွက် စာမူပေးစရာရှိတယ်၊ ရေးလို့ရသလောက် ရေးကြည့်လိုက်ဦးမယ်"
    "မင်းကလဲကွာ၊ နားနားနေနေ အခွေလေး ဘာလေးကြည့်ဖို့တောင် အချိန်မပေးနိုင်ဘူးလား"
    "ငါကမင်းလိုနေလို့ မရဘူးလေ၊ မင်းကအနားယူချင်လို့ရှိရင် မင်းကားကို သူများပေးမောင်းပြီး အုံနာခယူလို့ ရသေးတယ်၊ ငါတို့စာရေးဆရာဆိုတာက ကိုယ့်ဘောလ်ပင်ကို သူများကို ငှားစားလို့ ရတာမဟုတ်ဘူး၊ ကိုယ်တိုင်ရေးမှရတာ"
    သူကခေါင်းတညိတ်ညိတ် နားထောင်နေရာမှ ကျွန်တော့်ကို ပြုံးစေ့စေ့လုပ်၍ ကြည့်လိုက်ပြီး..
    "အိမ်က မိန်းမလိုပေါ့ကွာ၊ နော"
    ဟုပြောပြီး ဆိုင်ထဲက ပြေးထွက်သွားသည်။ ကျွန်တော်လှမ်းဆဲဖို့တောင် အချိန်မရလိုက်။
--------------------------------------------
မင်းလူ
ရွှေမြင်သာဂျာနယ်
၂၂၊၁၀၊၂၀၀၂။

No comments:

Post a Comment