ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, December 15, 2012

Rear Earth Matals

 
ရေးသူ - ဒေါက်တာ ခင်မောင်ညို
  
ယနေ့ အင်မတန်အရေးပါလာတဲ့ မြေရှားဒြပ်စင်များလို့ခေါ်တဲ့ Rare Earth Metals အကြောင်းတင်ပြသွား ပါ့မယ်။ မြေရှားဒြပ်စင်များ Rare Earth Metals  ၁၇ ခုရှိတယ်။ သူတို့ဟာ အလှည့်မှန်ဇယား ( Periodic Table ) ရဲ့ အောက်ဆုံးပိုင်းမှာရှိတဲ့ လင်သနိုဒ်အုပ်စုက ဒြပ်စင် ၁၅ ခုအပြင် စကင်ဒီယမ် ( Yttrium ) တို့လည်းပါဝင်တယ်။
လူသိများခြင်းမရှိသေးတဲ့ အဲဒီဒြပ်စင် ၁၇ ခုဟာ ခေတ်မှီတိုးတက်တဲ့ လူနေမှုစနစ်ကြီး မှာ အင်မတန် အရေးပါလျက်ရှိပါတယ်။
ကွန်ပြူတာတွေကို အရွယ်အစားသေးငယ်သွားအောင် ၊ နားကျပ် ( Headphone ) တွေ
မိုက္ကရိုဖုန်း ( microphone ) တွေကို အင်အားကောင်းပြီးသေးငယ်သွားအောင်
ဒီ Rare Earth Metals တွေက ပြုလုပ်ပေးနိုင်တယ်။ မျိုးစပ် Hybrid ကားတွေရဲ့
ဘက်ထရီပါဝါတွေရအောင် ၊ ဟန်းဖုန်းတွေ smart ဖုန်းတွေ ၊ ကျောက်သင်ပုန်းကွန်ပျူတာတွေ
Tablets တွေအတွက် ဓာတ်ခဲကအစ လိုအပ်တာတွေကို ဒီ Rare Earth Metals တွေကိုသုံးကာ
ပြုလုပ်ရတယ်။ လေယာဉ် အစိတ်အပိုင်းတွေ မျက်မှန်တွေ တီဗွီ X - ray တွေအားလုံးမှာ
Rare Earth Metals တွေဟာပါဝင်နေတယ်။
ဆိုလိုတာက ယနေ့ ကမ္ဘာကြီးခေတ်မှီတိုးတက်နေစေဖို့ ဒီမြေရှားဒြပ်စင် Rare Earth Metals ဟာ
မရှိမဖြစ် အရေးပါတယ်။
Rare Earth Metals ဒြပ်စင်များ အင်မတန် အသုံးဝင်တာကြောင့် အနာဂတ်မှာ ပြဿနာဖြစ်ဖို့
အလားအလာ အများဆုံးသော ဒြပ်စင်များပဲလို့ ဆိုကြပါတယ်။ ၁၉၆၈ ခုနှစ်ကတည်းက
တရုတ်ခေါင်းဆောင် တိန့်ရှောင်ပင်းက " အရှေ့အလယ်ပိုင်းမှာ ရေနံရှိတယ်။
တို့ဆီမှာလည်း Rare Earth Metals တွေရှိတယ် " လို့ ပါတီ ကွန်ဂရက်မှာ ပြောကြားခဲ့ဖူးပါတယ်။
တိန့်ရှောင်ပင်းဟာ Rare Earth Metals တွေဟာ ရေနံလို လိုအပ်ချက်တစ်ရပ်ဖြစ်လာမှကို
အစောကြီးကတည်းက တွေ့မြင်ခဲ့ပါတယ်။ ယနေ့ကမ္ဘာမှာလိုအပ်တဲ့ Rare Earth Metals ပမာဏရဲ့
၉၂%ကို တရုတ်က ထုတ်လုပ်တင်ပို့ရောင်းချနေပါတယ်။ ဒီတော့တရုတ်ဟာ Rare Earth Metals ကို
သူရောင်းချင်တဲ့သူမှ ရောင်းလို့ရတယ်။ ရောင်းချင်တဲ့ဈေးနဲ့ရောင်းနေတယ်။
ဝယ်လိုအားများနေတဲ့အတွက်လည်း ကြိုက်သလိုဈေးနှုန်းမြှင့်တင်ရောင်းချနိုင်တယ်။
ဒါကြောင့် Rare Earth Metals သတ္တုတွေဟာ ရွှေလို တန်ဖိုးကြီးမားလာတော့တာပါပဲ။
ဒီအတွက် ပြီးခဲ့တဲ့အပတ်က အမေရိကန်ပြည်ထောင်စု ၊ အီးယူနဲ့ ဂျပန်တို့က တရုတ်ရဲ့
ကုန်သွယ်ရေးမညီမျှမှုနဲ့ပတ်သက်ပြီး သုံးသပ်စေဖို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ထံ
တိုင်ကြားထားပါတယ်။ အမှန်မှာ Rare Earth Metals ကို ကမ္ဘာတစ်ဝှန်းလုံး နေရာအနှံ့မှာ
တွေ့နိုင်ပါတယ်။ Rare Earth အများဆုံးရှိတာ အမေရိကန်ပြည်ထောင်စုမှာပါပဲ။
ဒါပေမယ့် အမေရိကန်ပြည်ထောင်စုက ထုတ်လုပ်စရိတ် တွက်ခြေမကိုက်လို့ မထုတ်လုပ်ဖြစ်တော့ဘဲ
ဝယ်ယူသုံးစွဲနေတာဖြစ်တယ်။ ယနေ့မှာ အမေရိကန်ကုမ္ပဏီတွေဟာ ကာလီဖိုးနီးယားက Mountain Pass မှာ
ပြန်လည် ထုတ်လုပ်ဖို့ စိုင်းပြင်းနေပါတယ်။ ဒါပေမယ့် စက်ကိရိယာတပ်ဆင်ပြီး
အမြတ်ရအောင် ထုတ်လုပ်နိုင်ဖို့ ၂ နှစ်လောက်တော့ ကြာဦးမှာဖြစ်ပါတယ်။ 
တရုတ်ကတော့ Rare Earth ကို သံထုတ်လုပ်ရာက ဘေးထွက်ပစ္စည်းအနေနဲ့ ထုတ်တာမို့
အဆင်ပြေ တွက်ခြေကိုက်လှပါတယ်။
 Rare Earth တွေဟာ မြေကြီးထဲမှာ သတ္တုအောက်ဆိုဒ်အနေနဲ့သာတည်နေကြပြီး
သတ္တုအဖြစ် ခွဲထုတ်ဖို့တော့ခက်ခဲပါတယ်။ ပထမဦးဆုံး သတ္တုအောက်ဆိုဒ်ကနေ
သတ္တုအဖြစ်ခွဲထုတ်ယူနိုင်ခဲ့တဲ့ သတ္တုကတော့ လင်သနမ်ပါပဲ။ လင်သနမ်ကို
၁၈၉၃ ခုနှစ်ကတည်းက တွေ့ရှိခဲ့တယ်။ Lanthanum ဆိုရင် ငွေထက်လည်းပေါတယ်။
ခဲသတ္တုထက်လည်း ပေါတာပါပဲ။ ဒါပေမဲ့ အဲဒီအချိန်က သူ့ကိုဘယ်လိုသုံးရမယ်ဆိုတာ
မသိကြပါဘူး။ ယနေ့မှာတော့ သူ့အသုံးကို တွေ့သွားပါပြီ။ယနေ့လူကြိုက်များတဲ့
Toyota Pirus မျိုးစပ် Hybrid ကားမှာ လင်သနမ် ၁၀ ပေါင် သို့မဟုတ် သုံးပိဿာခန့်
ပါဝင်နေတယ်။ ဒါပေမဲ့ ပိုင်ရှင်တွေကတော့ ဒါကိုမသိဘူး။  ဘာကြောင့်ဆိုတော့
ကားဘတ္ထရီကို နီကယ်သတ္တုစပ်လို့ပဲ ရေးထားတာကိုး။ အဲဒီစပ်ထားတဲ့ သတ္တုဆိုတာဟာ
လင်သနမ်ပါပဲ။ လင်သနမ်ဘတ္ထရီဟာ ယနေ့ကားတွေမှာသုံးတဲ့ ခဲဘတ္ထရီတွေထက်
နှစ်ဆလောက်ပိုပြီး အစွမ်းထက်ပါတယ်။ ဒီတော့ ပေါ့ပေါ့ပါးပါး သယ်ယူနိုင်တဲ့အစွမ်းထက်
လင်သနမ်ဘက္ထရီဟာအရေးပါတော့တာပဲပေါ့။ ဒါကြောင့် လင်သနမ်ကို
အမြောက်အမြား လိုအပ်ပါတယ်။ 
 
Toyota Pirus Hybrid Car
Toyota Pirus Hybrid Engine
Toyota Pirus Hybrid Battery
တကယ်တမ်း ယနေ့ထွက်တဲ့ လင်သနမ်ပမာဏဟာ မျိုးစပ်ကားတွေရဲ့ ဘက္ထရီတွေသုံးဖို့အတွက်
အလုံအလောက်မပေးနိုင်သေးတာကို တွေ့ရတယ်။ iPhone မှာသုံးတဲ့ ဘက္ထရီလည်း ဒီပုံစံပါပဲ။
  
iPhone Battery
Rare Earth သတ္တု ၁၇ လုံးရဲ့ တစ်မျိုးစီမှာ ထူခြားတဲ့အစွမ်းတွေရှိတယ်။
ပေါင်းစပ်ပြီးတော့လည်း သူတို့ဆီမှာရှိတာတွေထက် ထူးခြားတဲ့ သတ္တိကို တွေ့ရပြန်တယ်။
သူတို့ရဲ့အသုံးဝင်ပုံအချို့ကို တင်ပြလိုပါတယ်။
တွင်းထွက်ပစ္စည်းတွေဖြစ်တဲ့ Rare Earth တွေဟာ ကွန်ပြူတာ Hard Disc Drive တွေကအစ
ယနေ့သုံးနေတဲ့Smart Phone တွေမှာ မရှိမဖြစ်ပစ္စည်းတွေပါပဲ။
အီလက်ထရွန်နစ် လုပ်ငန်းတစ်ခုလုံးမှာ Rare Earth တွေပါဝင်တယ်။ LED တွေအတွက်လည်း
သုံးရတယ်။ အရင်က ပတ္တမြားက အနီရောင်လေဆာကို ထုတ်ပေးနိုင်ပေမယ့်
Rare Earth တစ်ခုဖြစ်တဲ့ Europium ဆိုရင် အနီရောင် တောက်တောက်ပပကို
ထုတ်ပေးနိုင်တဲ့ သတ္တုဖြစ်နေပါတယ်။ ဒါကြောင့်သူ့ကို တီဗွီ တွေမှာသုံးတယ်။
အနီရောင်မီးသီး red LED နေရာမှာ သုံးတာပါပဲ။
ယနေ့မှာ မလေးရှားနိုင်ငံသား ထောင်ပေါင်းများစွာဟာ လင်းနပ်စ် ( Lynas ) ရဲ့
Rare Earth ထုတ်လုပ်ရေးစက်ရုံကို ဆန့်ကျင်ဆန္ဒပြနေကြတယ်။
မလေးနိုင်ငံသားတွေဟာ မလေးအစိုးရနဲ့ သြစတြေလျားအစိုးရတို့ရဲ့
Rare Earth ထုတ်လုပ်ဖို့ သဘောတူညီစာချုပ်ကို ဖျက်သိမ်းဖို့ ဆန္ဒပြတာပါပဲ။
အဓိက ကတော့ ဒီ Rare Earth ထုတ်လုပ်မှုဟာ သဘာဝပတ်ဝန်းကျင်ကို
ထိခိုက်စေတဲ့အချက်ကြောင့်ပါပဲတဲ့။
Rare Earth တွေကို ထုတ်လုပ်တဲ့အခါ အက်ဆစ်တွေ အယ်ကာလီတွေ
အများကြီးသုံးရတယ်။ ကျောက်မီးသွေးတွေလည်း သုံးရပါတယ်။ ဒါ့အပြင်
ကြွင်းကျန်တဲ့ စွန့်ပစ်ပစ္စည်းတွေမှာ အဏုမြူသတ္တိကြွနေတာကို တွေ့ရတတ်တယ်။
ဘာကြောင့်လဲဆိုတော့ Rare Earth တွေနဲ့အတူThorium လို
အဏုမြူသတ္တိကြွပစ္စည်းတွေပါလာတတ်လို့ပါပဲ။
အဏုမြူသတ္တိကြွသော Thorium သတ္တု
၁၉၉၂ ခုနှစ်က ဂျပန်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ မစ်ဆူဘီရှိ ဆေးကုမ္ပဏီဟာ
မလေးရှားမှာ အပိတ်ခံလိုက်ရတယ်။ အကြောင်းကတော့ စက်ရုံတစ်ဝိုက်
ဒေသမှာနေထိုင်တဲ့ ကိုယ်ဝန်ဆောင်များဟာ သန္ဓေသား ပျက်စီးခြင်း ၊
မသန်မစွမ်းကလေးများ မွေးဖွားလာခြင်းတွေဖြစ်ပွားပြီး လူအများဟာ
လူကီးမီးယားလို့ခေါ်တဲ့ သွေးကင်ဆာဖြစ်မှုနှုန်း များလာခြင်းတို့ကြောင့်ပဲလို့ဆိုတယ်။
Lynas ကတော့ သူတို့ကုမ္ပဏီက ဒီလိုမဖြစ်နိုင်ဘူးလို့ဆိုတယ်။
သူတို့ဟာ တရုတ်ရဲ့ Rare Earth တွေဈေးကြီးကြီးနဲ့ ရောင်းနေတာကို
ယှဉ်ပြိုင်ရောင်းချဈေးချပစ်ဖို့ဆောင်ရွက်နေတယ်လို့ဆိုတယ်။
ဒါပေမယ့် တစ်ဖက်က သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ဆိုးကျိုးတွေကိုလည်း
သတိပြုသင့်ပါတယ်။ Rare Earth ပြဿနာမှာ နိုင်ငံရေးတွေ အများကြီး ပါဝင်နေတယ်။
တိုးတက်မှုနဲ့ ပက်သက်ပြီး ပေးဆပ်ရတာတွေ အများကြီး ရှိတတ်ပါတယ်။
ဒါကို ပြည်သူများနှင့်တကွ အစိုးရတွေကလည်း သတိပြုဖို့လိုအပ်ပါတယ်။ 
ဒေါက်တာခင်မောင်ညို
ကလျာမဂ္ဂဇင်း ၊ ဇွန် ၊ ၂၀၁၂
( စာမျက်နှာ ၈၉ ၊ ၉၀ ၊ ၉၁ )

No comments:

Post a Comment