ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Thursday, December 13, 2012

ဗိုလ်ချုပ်ကို ချစ်သူများ

 
 
ကျွန်တော်၏ " ဂျပန်ခေတ် စစ်ပညာတော်သင်တစ်ဦး " စာအုပ်တွင်ဖော်ပြခဲ့သည့်အတိုင်း
ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ကျွန်တော်သည် စစ်ပညာသင် ပထမအပတ်ဟု ခေါ်တွင်သည့် လူပေါင်း ၃၀ တွင် တစ်ယောက်အပါအ၀င်အဖြစ် ဂျပန်ပြည် " ဇာမ " ရွာကလေးတွင်ရှိ ဂျပန်ဘုရင့်စစ်တက္ကသိုလ်သို့
၁၉၄၃ ခုနှစ်မှ ၁၉၄၅ ခုနှစ်လယ် အထိ ဗိုလ်လောင်းအဖြစ် တက်ရောက်ခဲ့ရသည်။

စစ်ကြီးအပြီး ၁၉၄၅ ခု စက်တင်ဘာလတွင် ဂျပန်ပြည်မှ ပြန်ခဲ့ကြသည်။ ဗမာပြည်သို့ ပြန်ရောက်ပြီးနောက်
ရက်များမကြာမီမှာ ဂျပန်ပြည်သို့ သွားရောက်ပြီး စစ်ပညာသင်ရကောင်းလား ဟူသော စွဲချက်ဖြင့် ကျွန်တော်တို့ စစ်ပညာညာတော်သင်တွေသည် ဗြိတိသျှစစ်တပ်၏ ဖမ်းဆီးချုပ်နှောင်ခြင်း ခံလိုက်ကြရသည်။ 
ထိုအကျဉ်းစခန်းတွင် တစ်လခန့် နေခဲ့ကြရပြီး စစ်ဆေးခံရင်း တန်းလန်းမှပင် လွတ်လာခဲ့ကြသည်။
အဲဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြပါမည်လဲ။ အများအားဖြင့်တော့ မျိုးချစ်ဗမာ့တပ်မတော်ဌာနချုပ်ရှိရာ
လောင်းဝစ်စခန်းသို့ သွားရောက်နေထိုင်ကြသည်။ အဲဒီမှာက ထမင်းနပ်မှန် စားရပါသည်။
  
သို့ရာတွင် ကြာကြာမနေလိုက်ကြရပါ။ တနေ့တွင် ဂျပန်ပြည် စစ်ပညာတော်သင်တွေအားလုံး
စုဝေးကြ ဆိုသည့် အမိန့်ကို ရုတ်တရက် ရလိုက်ကြပြီး တစ်ယောက်ပြီးတစ်ယောက် ရုံးခန်းတစ်ခုအတွင်းသို့
ခေါ်ယူမေးမြန်း စစ်ဆေးခြင်း ခံလိုက်ကြရသည်။ အကြောင်းကတော့ ပြန်လည်ဖွဲ့စည်းမည့် စစ်တပ်တွင်
ခန့်ထားရန် ဖြစ်ပါသည်-တဲ့။
  
အလှည့်ကျလို့ ကျွန်တော်ဝင်သွားတော့-
ဗိုလ်မှုးကြီး လက်ျာ ၊ ဗိုလ်မှုးကြီး စောကြာဒိုးနှင့် အင်္ဂလိပ်စစ်ဗိုလ်ရာထူးကြီးကြီး ၊ မျက်နှာနီနီကြီးတို့ ထိုင်နေကြသည်။
 " ထိုင်ပါ "
 ကျွန်တော်က မျက်နှာချင်းဆိုင် ကုလားထိုင်လွတ်တွင် မ၀ံ့မရဲဖြင့် ချိတ်မိသည်ဆိုရုံ ထိုင်လိုက်သည်။
ဘယ်နှစ်တန်းအထိ စာသင်ခဲ့ဖူးသလဲ - မေးသည်။ ဂျပန်စစ်တက္ကသိုလ်တွင် ဘာတွေသင်ခဲ့ရသလဲ - မေးမြန်းသည်။
ထို့နောက် တနေရာသို့ သွား၍ ဆေးစစ်ခံရသည်။ ပြီးတော့ ၁၉၄၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှ အစပြု၍
ဘုရင့်ကြည်းတပ်မတော် (ဂျော့ဘုရင်) တွင် ပြန်တမ်းဝင်အရာရှိ အဖြစ် ခန့်အပ်လိုက်သည်တဲ့။
ထို ခန့်အပ်လွှာ အမိန့်စာကို ရလိုက်ပါသည်။
  
ထို့ကြောင့် ကျွန်တော်သည် ရန်ကုန်မြို့ အလုံရပ်ကွက်မီးလောင်ပြင်တစ်ခုတွင် ဖွင့်လှစ်၍ တပ်သားများအား
လက်ခံစုဆောင်းနေသော အမှတ် (၃) ဘားမားရိုင်ဖယ်၏ ယာယီတပ်စခန်းသို့ သွားရောက် သတင်းပို့ခဲ့ရသည်။
  
မြန်မာအရာရှိတွေ ထိုစခန်းသို့ ရောက်ရှိလာကြသော်လည်း ကျွန်တော်တို့သည် ရဲဘော်-တပ်သားတွေနှင့်နီးကပ်မှုမရှိကြသေး။ အုပ်ချုပ်သူများမှာ မြန်မာအရာရှိများ မဟုတ်ကြသေး။ ကျွန်တော်တို့သည် ယောင်ခြောက်ဆယ် အလုပ်သင်များသာဖြစ်ကြပါသည်။ တကယ်အုပ်ချုပ်နေသူတို့ကတော့ မေဂျာ ကာပင်တာ ၊ မေဂျာ ဒေါင်း အစရှိသော ဗြိတိသျှစစ်တပ်နှင့် ပါလာကြသော အရာရှိတို့သာဖြစ်ကြသည်။
 ထို့နောက် ကျွန်တော်တို့သည် သံလျှင်မြို့သို့ ပြောင်းရွှေ့ခဲ့ကြသည်။ သံလျှင်မြို့၌ ကျောက်တန်းဘက်သို့ထွက်သည့် မြို့အပြင်ကွင်းပြင်ကြီးတစ်ခုတွင် ရွက်ဖျင်တဲတို့ဖြင့် နေကြရသည်။
  
ကျွန်တော်တို့၏ တပ်ရင်းမှုးသည် "အိုင်းရစ်" လူမျိုး ၊ လက်ဖတင်နင်ကာနယ် သန်းဒါး ဆိုသူဖြစ်သည်။
အရပ် ငါးပေ ခြောက်လက်မခန့် ၊ ခပ်တုတ်တုတ် ၊ သွက်လက်ဖြတ်လတ်၍ သဘောကောင်းသူဖြစ်သည်။
ဗိုလ်မှုးချုပ်ကျော်ဇော ( ရဲဘော်သုံးကျိပ် ၊ ယခုပြည်ပ ) ကတော့ ထိုစဉ်က ဒု - တပ်ရင်းမှုး (ဗိုလ်မှုး) ဖြစ်သည်။
  
တပ်ခွဲမှုးတို့ကမူ ဗြိတိသျှ စစ်တပ်နှင့် ပါလာကြသည့် မျက်နှာဖြူများ ၊ ကပြားများဖြစ်ကြ၍
ကျွန်တော်တို့ မြန်မာအရာရှိတို့မှာ အလုပ်သင်ရင်း - ဒရိမ်းပြရင်း ၊ ကိုယ်တိုင် လေ့ကျင့်ရေးဆင်းရင်း ၊
ဒု-တပ်ခွဲမှုး ၊ တပ်စုမှုးများအဖြစ် ထမ်းဆောင်ကြရသည်။ ထိုစဉ်က အားလုံး ကပ္ပတိန် ခေါ် ဗိုလ်ကြီးရာထူး။
  
ကျွန်တော်တို့သည် နံနက်ပိုင်းတွင် စစ်ရေးပြ လေ့ကျင့်ရေး ဆင်းကြရသည်။ ပြီးလျှင် တပ်ခွဲရုံး အသီးသီးသို့
သွားရောက်၍ ရုံးထိုင်ကြရသည်။ ထိုအခါ အချိန်အားဖြင့် ဆယ်နာရီခန့်ရှိပါပြီ။ အဲဒီတော့မှ ကျွန်တော်တို့၏
တပ်ခွဲမှုးများဖြစ်ကြသော အာစရိယတို့သည် ရောက်ရှိလာတတ်ကြသည်။ ကျွန်တော်သည်
" ဘီ-ကုမ္ပဏီ-တပ်ခွဲ (၂)  " ၊ ကျွန်တော်၏ တပ်ခွဲမှုးမှာ မေဂျာ "ကလပ်" ဆိုသူဖြစ်သည်။
 ညနေပိုင်းတွေမှာတော့ ကျွန်တော်တို့ မြန်မာအရာရှိတွေသည် အများအားဖြင့် သံလျင်-ကျောက်တန်းကားလမ်းဘေးရှိ ညောင်ပင်အိုကြီး၏ အောက်တွင် သင်တန်းဆက်ကြရသည်။
တခါတရံ စတင်း ၊ ဘရင်း စသောလက်နက်များ ကိုင်တွယ်ပုံ - ကိုင်တွယ်နည်း ၊ ဖြုတ်နည်း - တပ်နည်းတို့ကို လေ့ကျင့်ကြရသည်။ တခါတရံ၌မူ တပ်အုပ်ချုပ်မှုနှင့် စစ်တပ်ဥပဒေတို့ကို မှတ်သားကြရသည်။
  
တနေ့သော် ဆန္ဒပြ ချီတက်လာသော လူအုပ်ကို ဖြိုခွဲနည်း ဖြိုခွဲပုံ လေ့လာကြရသည်။ ထိုအချိန်က
ပြင်ပနိုင်ငံရေးလောကတွင် ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကြီးသည် လွတ်လပ်ရေးအတွက် ပိုမိုလှုပ်ရှားလာနေပြီဖြစ်သည်။
  
လူစု - လူဝေးကို ဖြိုခွဲခြင်းတွင် ရဲတို့ဖြင့်သာ မပြီးသောအခါ၌ နယ်ဘက်အုပ်ချုပ်ရေး အရာရှိများဖြစ်ကြသည့်ခရိုင်ဝန် ၊ ၀န်ထောက် ၊ မြို့ပိုင် အစရှိသူတို့သည် စစ်တပ်ကို အကူအညီတောင်းကြသည်။ ထိုအခါ စစ်တပ်သည် လိုအပ်ရုံမျှသော အင်အားဖြင့် ထိုလူစု - လူဝေးကို ရင်ဆိုင်ရသည်။ ထိုတပ်ကို အုပ်ချုပ်လာသည့် စစ်ဗိုလ်သည် တရားသူကြီးတစ်ဦးအား သူ၏အပါးတွင် ခေါ်၍ထားရမည်။ ထိုတရားသူကြီးထံမှ လိုအပ်ပါက ပစ်ခတ်နှိမ်နင်းရန်
ပစ်ခတ်ခွင့် အမိန့်စာကို ရယူထားရသည်။ ထို့နောက် ထိုလူစု-လူဝေးရှေ့တွင် မျဉ်းသားလိုက်၍
ထိုမျဉ်းကို ကျော်မလာရန် အကြိမ်ကြိမ် သတိပေးရမည်။ မရသောအခါ သို့မဟုတ် ထိုလူစု-လူဝေးသည်
ထိုမျဉ်းကိုကျော်လွန်၍ လာသောအခါ၌ ထိုအခါကျမှ စစ်ဗိုလ်သည် ထိုဆန္ဒပြသူတို့၏ ခေါင်းဆောင်ဟုယူဆရသူ ၊ အလံကိုကိုင်ဆောင်လာသူ ၊ ကြွေးကြော်သံတို့ကိုတိုင်၍ပေးသူအစ သူတို့ကို တိတိကျကျ လက်ညှိုးထိုး ညွှန်ပြ၍ တပ်သားတို့အား ရိုင်ဖယ်သေနတ်ဖြင့် ဘယ်နှစ်တောင့်ပစ်ဟူ၍ အမိန့်ပေးရမည်ဖြစ်သည်။ ဤသည်မှာ လုပ်နည်း-လုပ်ဟန် အကြမ်းဖျင်းဖြစ်သည်။ 
ထိုနေ့-နေ့လယ်က ကျွန်တော်တို့အား သင်ကြားပို့ချနေသူ မေဂျာသည် သင်ကြားရင်းပင်
လွန်စွာ စိတ်ပါဝင်စားလာဟန်ရှိရှာသည်။ 
" ဟောဟို လမ်းမကြီးပေါ်မှာ လူထုကြီး အလံတွေကိုင်လို့ ပါးစပ်ကလဲ အစိုးရကို
ဆန့်ကျင်တဲ့စကားတွေအော်လို့-ဟစ်လို့ ချီတက်လာနေကြတယ် ၊ ခင်ဗျားတို့ ဘာလုပ်မလဲ ... " 
သူက မေးသည်။ 
" ရှေ့ကို တက်မလာနဲ့လို့ သတိပေးမယ် ... "  ကျွန်တော်တို့ကဖြေသည်။  " ဟုတ်ပြီ "  သူသည် အင်မတန်
သဘောကျသွားသည်။ သို့ရာတွင် ထိုမျှနှင့် မရပ်သေးပါ။  " ကဲဗျာ ... ၊ တားလို့မရတော့ဘူး
ရှေ့ဆက်တက်လာကြပီဆိုပါတော့ ခင်ဗျားတို့ဘာလုပ်မလဲ ... " 
အဲဒီမှာ ကျွန်တော်တို့သည် တွေဝေသွားကြပါသည်။ ကျွန်တော်တို့ မျက်လုံးတွေထဲမှာ မြင်နေကြရသည်က
ကျွန်တော်တို့၏ ရဲဘော်များဖြစ်ကြသည့် ဖ-ဆ-ပ-လ အဖွဲ့ဝင်တို့သည် " လွတ်လပ်ရေး - ချက်ချင်းပေး "  - 
" သူပုန် - သူပုန် ထ ထ "  ကြွေးကြော်သံတို့ကို ဟစ်အော်ကာ အနီခံကြယ်ဖြူတပွင့် အလံကြီးကို ၀င့်၍ ချီတက်လာနေကြသည့် မြင်ကွင်းကျယ်ကြီးပင် ဖြစ်ပါသည်။ 
ထိုစဉ်တွင် သင်တန်းဆရာက အားမလို-အားမရဖြစ်လာသည်။ ထို့ကြောင့် ပိုမို၍ ပြတ်သားစွာ
တဆင့်တက်၍ ထပ်ခါကွန့်လိုက်သည်။ 
" ကဲဗျာ ... ၊ ရှေ့ဆုံးကချီတက်လာတာက ဦးအောင်ဆန်း တဲ့ (ဗိုလ်ချုပ်အောင်ဆန်း)  သတိပေးလို့လဲ မရတော့ဘူး ၊ ဆက်ပီးချီတက်လာပီ ၊ ခင်ဗျားတို့ မပစ်ဖူးလား ... "
  
အဲဒီကျတော့ ကျွန်တော်တို့ နှုတ်တို့မှ တညီတညွတ်-တပြိုင်နက် အသံကုန် အော်ဟစ် ဖြေဆိုလိုက်ကြပါသည်။ 
" မပစ်ဖူး " 
သင်တန်းဆရာ၏ မဲနက်သော မျက်နှာသည် ပြာ၍သွားသည်။ ထို့နောက်တော့
ဆက်လက် မသင်ကြားတော့ ၊ အတန်းဖြုတ်လိုက်သည်။ ထိုညနေကပင် ကာနယ် သန်းဒါးအား
ထိုအဖြစ်အပျက်ကိုတိုင်ကြားသည်ဟု ကြားရသည်။ သို့ရာတွင် ဗိုလ်မှုးချုပ် ကျော်ဇောနှင့် ကာနယ်သန်းဒါးတို့ မည်သို့ဆွေးနွေးပြေလည်လိုက်ကြသည်မသိ ၊ကျွန်တော်တို့သည် အရေးယူခြင်းမခံကြရ။  
ဗိုလ်မှုးကြီးဟောင်း တင်မောင်
တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန် စာအုပ်မှ

No comments:

Post a Comment