စိုက်သောအပင်၏ အသီးကို
ကျွန်တော်အလယ်တန်းကျောင်းသား ဘဝတုန်းက ရှစ်တန်းမှာ
ဗိုလ်ကျနေသည့် ကောင်တစ်ကောင်က ဗိုက်ကို လက်သီးနဲ့ထိုးသည် ။အထိုးခံရသဖြင့် နာသည်။ ဒေါသလည်းထွက်သည်။
သည့်ထက်အခံရခက်သည်က သူတစ်ပါးအစော်ကားတာ ခံရလေခြင်းဟု တနုံ့နုံ့တွေး ကာ အရှက်ကြီး ရှက်နေမိခြင်း
ဖြစ်သည်။ သည်ကောင့် ကိုလည်း ကလဲ့စားချေလိုစိတ်တွေ အလွန်အမင်း ပြင်းထန်ထကြွနေသည်။ မနက်ဖြန်
စက်ဘီးတွေထားသည့် နေရာနားမှာ သည်ကောင့်ကိုစောင့်မည်။ပြီးလျှင် အကြောင်းသိစေမည်ဟု ကျွန်တော်ကြံစည်သည်။
သို့သော်
ဘာ့ကြောင်းမှန်းမသိ သည်အကြံအစည်ကို အဘွား ``နာနာ``အား ကျွန်တော်ဖွင့်ပြောမိသည်။ ဧရာမ
အမှားပင်။ ထုံးစံအတိုင်း တစ်နာရီလောက်ကြာ အောင် သြဝါဒစကား မြွက်ကြားတော့သည်။ အဘွားက
တစ်ကယ်ပင် စကားကြောရှည်လှသည့် အမျိုးသမီးကြီးတစ်ယောက် ဖြစ်သည်။ သူ့သြဝါဒမှာ စိတ်ညစ်စရာကောင်းလောက်အောင်
ရှည်လျားလှသည်။ သူပြောသည့်အထဲမှာ သည်ကောင့်အကြောင်းကို စိတ်ထဲသည်လောက်ထည့်ထားရန်မလိုကြောင်း
အချက်တစ်ခုပါလာတာတော့ ကျွန်တော်သတိထားမိသည်။``ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးခံစားရမယ်``ဟု
သူကဆိုသည်။အဘွားမှာ အမြဲသည်စကားပဲ ပြောသည့်အကြောင်းကျွန်တော်ပြန်ပြောမိသည်။ သို့သော်
တတ်နိုင်သမျှ ယဉ်ယဉ်ကျေးကျေး ပြောခြင်းဖြစ်သည်။ ကျွန်တော် အမြဲတန်းကောင်းတာတွေချည်း
လုပ်သည့်အကြောင်း သို့သော် ဖြစ်လာတာတွေက အလကား ဖွတ်ကျား တွေချည်း ဖြစ်သည့်အကြောင်း
ပြောလိုက်သည်။ ``ကျွန်တော် တကယ်ပြောသည့်အချိန်တုန်းက အလကားဖွတ်ကျား ဆိုသော စကားကို
မသုံးပါ``
ကျွန်တော်
ဘာပြောပြော အဘွားသဘောထားက ပြောင်းလဲမသွား။ ``မင်းလုပ်တဲ့ကောင်းမှု တိုင်းဟာ တစ်နေ့မှာ
မင်းဆီကို ကောင်းတဲ့အကျိုးသယ်ဆောင်လာလိမ့်မယ်။ လုပ်သမျှ မကောင်းမှုဟာလည်း မကောင်းတဲ့အကျိုး
မင်းဆီ ပြန်သယ်လာမှာပဲ`` ဟု သူကဆိုသည်။ ဒီစကားလုံးတွေ၏ အဓိပ္ပာယ် အနှစ်သာရကို ကျွန်တော်
ပီပီပြင်ပြင် သိမြင်ဘို့ နှစ်ပေါင်း ၃၀ မျှ အချိန်ယူခဲ့ရသည်။ သည်အချိန် နာနာက ကယ်လီဖိုးနီးယားပြည်နယ်
လာဇူးနာဟေးလ် ရှိ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာမှာရောက်နေသည်။ အင်္ဂါနေ့တိုင်း
ကျွန်တော် သူ့ဆီသွားကာ အပြင်ခေါ်ပြီး ညစာကျွေးသည် ။ ကျွန်တော်သွားလျှင် နာနာ့ကို ရှေ့ဘက်တံခါးဝက
ကုလားထိုင်တစ်လုံးမှာ သပ်သပ်ရပ်ရပ် ဝတ်စာပြီး အသင့်ထိုင်နေတာ တွေ့ရမြဲဖြစ်သည်။
အဘွားကို
လူအိုဆေးရုံသို့ မပို့ရသေးမီ နောက်ဆုံးအခေါက် ညစာစားထွက်စဉ်က အတွေ့အကြုံကို ကျွန်တော်
ကောင်းစွာအမှတ်ရနေသည်။ အဲသည်နေ့က ကျွန်တော်တို့သွားကြသည်မှာ ဂေဟာနှင့် မဝေးလှသည့် မိသားစု
စားသောက်ဆိုင်ကလေး တစ်ခုဖြစ်သည်။ နာနာ့အတွက် အသားပြုတ်ကျော်နှင့် ကျွန်တော့အတွက် ဟန်ဘာဂါတစ်ခုမှာလိုက်သည်။
ဟင်းပွဲတွေရောက်လာ၍ ကျွန်တော် နည်းနည်းပါးပါးစားပြီး နာနာ့ကိုကြည့်လိုက်တော့ သူ ဘာမှမစားသေးတာကို
သတိပြုလိုက်မိသည်။
ပန်းကန်ထဲမှ
စားစရာတွေကို သူငေး၍ကြည့်နေသည်။ ကျွန်တော် ကိုယ့်ပန်းကန်ကို ဘေးရွှေ့လိုက်ပြီး နာနာ့
ပန်းကန်ကို လှမ်းယူလိုက်သည်။ အသားတုံးကို သေးသေးလေးတွေဖဲ့ပေးလိုက်ပြီးနောက် ပန်းကန်ကို
သူ့ရှေ့ ပြန်ချပေးသည်။ အသားတုံးလေးတွေကို ခက်ရင်းဖြင့် တုံတုံရီရီထိုးပြီး ပါးစပ်ထဲ
ခက်ခက်ခဲခဲ ထည့်နေသော အဘွားကိုကြည့်ရင်း ဟိုး
အတိတ်က ဖြစ်ရပ်တစ်ခုကို ကျွန်တော်သတိရကာ မျက်ရည်လယ်လာသည်။
လွန်ခဲ့သော
နှစ်ပေါင်း လေးဆယ်။
အဲသည်တုန်းက
ကျွန်တော် စားပွဲမှာထိုင်တတ်စအရွယ်ကလေး။ ထမင်းစားတိုင်း အဘွားက ကျွန်တော့်ပန်းကန်ကိုယူကာ
အသားကို ကျွန်တော်စားနိုင်လောက်သည့် အတုံးသေးသေးကလေးတွေ ဖြစ်အောင်ဖျင်ပေး ဖဲ့ပေးခဲ့သည်။
အဲသည်တုန်းက
လုပ်ပေးခဲ့သည့် အဘွား ၏ သူတစ်ပါးအပေါ် ကောင်းခဲ့သည့်အမှုက နှစ်ပေါင်း လေးဆယ်အကြာ မှာ
တူညီစွာတုန့်ပြန်လာခဲ့ပါပြီ။ နာနာပြောတာအမှန်ပင်။ စိုက်သောအပင်၏ အသီး ကိုသာ ကျွန်တော်တို့
ရိပ်သိမ်း ခူးဆွတ်ရစမြဲဖြစ်သည်။
သင်ပြုသည့်
ကောင်းသောအမှုတိုင်းသည် ကောင်းသောအကျိုးရလဒ်များအဖြစ် တစ်နေ့ သင့်ထံပြန်လာပါလိမ့်မည်။
ရှစ်တန်းတုန်းက ဗိုလ်ကျခဲ့သူရော ဘာဖြစ်သွားသနည်း။ ကိုးတန်းမှာ ဗိုလ်ကျနေသူနှင့် တွေ့သွားခဲ့ပါသည်။
Mike Buetelle ၏ As a Man Soweth
ဖေမြင့် -- နှလုံးသားအာဟာရ(ရသစာများ)
မြန်မာ့အရုဏ်သစ်ပရဟိတ လူမှုကူညီရေးအသင်းနှင့်ဆက်သွယ်လိုပါက---
No comments:
Post a Comment