ဗိုလ်ချုပ်ဒေါသ ထွက်သောနေ့
ဗိုလ်တာရာ
ကြီးမားတင့်တယ်လျှက် အေးမြသည့်အရိပ်ဆာယာတို့ကို ပေးအပ်သော တစ်ပင်တည်းသော သစ်ပင်ကြီး၏ သတင်းကား ခိုကိုးရာမဲ့ပူပြင်းလှသော
အရိပ်အာဝါသ ကင်းသည့် ဒေသနှင့် အချိန်အခါ အဖို့တွင် များစွာ သတိရတောင့်တ အမှတ်ရစေ၏။
ငြိမ့်ငြောင်းသာယာ သလောက် ပဲ့တင်ခတ်စေသည့်
မင်္ဂလာစည်တော်သံ၏ သာယာမှုသည် ဝေးကွာသော ဒေသမှ နားထောင်မှသာ စည်တော်သံ၏ သာယာကြည်နူးမှု
အရသာကို ခံစားနားသောတ ဆင်နိုင်မှုကို တန်ဆာဆင်အပ်စေ၏။
လူကြီးမိဘ ဆရာသမား အစရှိသည့် ပုဂ္ဂိုလ်ထူး
ပုဂ္ဂိုလ်မြတ်တို့၏ မေတ္တာစေတနာကား အရိပ်အာဝါသ ကောင်းလှသည့် သစ်ပင်ကြီးများထက် အဆပေါင်းများစွာ
အေးချမ်းသာယာမှုကို ပေးစေနိုင်၏။
ခေါင်းဆောင်ကောင်း မျိုးချစ်ပုဂ္ဂိုလ် လွတ်လပ်ရေး
ဗိသုကာကြီးများ၏ ပြောဆိုဆုံးမ သြဝါဒစကားများ ကား မင်္ဂလာစည်တော်သံကဲ့သို့ပင် ဝေးလန်ကြာမြင့်သော
ကာလတို့၌ ပဲ့တင်ထပ်ကာ ဥဒါန်းစကားများအဖြစ် မှတ်တမ်းတင်ခဲ့စေ၏။ သူတို့၏ ပြောဆိုဆုံးမ
သြဝါဒ စကားများသည်လည်း ကမ္ဘာကျေသော် လည်း သူတို့၏ စကားလုံးများ ၊ မိန့်ခွန်းများ ၊ သြဝါဒ
များကားဥဒါန်း မကြေနိုင်တော့ပါတကား။
ဗိုလ်ချုပ်အောင်ဆန်း (ဝါ) သခင်အောင်ဆန်း
၊ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း၏ စကား များ သြဝါဒ များကား မြန်မာ့သမိုင်းဝယ် ကမ္ဘာတည်သ၍
တွင်ရစ်ပေဦးတော့မည်တကား။
ကိုအောင်ဆန်းသည် ကျောင်းသားလောက ဝယ် အမြင်တစ်မျိုးဖြင့်
မြင်ခဲ့ကြ၏။ ကြည်ခဲ့ကြ၏။ ဝေဖန်ခဲ့ကြ၏။ ဝေဖန်စရာလည်း ကိုအောင်ဆန်း၏ နေပုံ ထိုင်ပုံတွေကို
ဖန်တီးပေါ်ပေါက်စေခဲ့၏။
သူသည်တစ်စုံတရာ ပြဿနာကို အကြောင်းပြု၍ သူ့ခေါင်းထဲဝယ်
စဉ်းစားမိခဲ့လျှင် သူ့အဖို့ မတုန်မလှုပ်သော ကျောက်ရုပ်ကြီးကဲ့သို့ ဘယ်သူခေါ်ခေါ် ထူးချင်မှ
ထူးသည်။ ဘယ်သူက စကားလာပြောပြော သူက အဖက်ပြန်လုပ်ကာ စကားမပြောခဲ့ချေ။ ထိုင်လျှက် ငိုင်လျှက်
အိပ်လျှက် သူ့ခေါင်း ထဲမှ ပြဿနာကို ကျေညက်အောင် သုံးသပ်စဉ်းစားခြင်းဖြစ်သာ အချိန်ကုန်စေခဲ့၏။
အကြောင်းသင့်၍ သူက စကားပြန်ပြောလျှင်လည်း
ပြေပြေပြစ်ပြစ် တယ်မရှိလှချေ။ သူ၏ စကားပြော သံများကတိုတိုတောင်းတောင်း ပြတ်ပြတ်သားသားနှင့်
စူးစူးဝါးဝါးပြောလေ့ ရှိပြန်သည်။
ကြာသောအခါတွင် ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းကို
သူ၏လုပ်ဖော်ကိုင်ဖက်များနှင့် ကျောင်းသားများက ``ဂွစာ`` ``အရူး``စသည်ဖြင့် နင့်နင့်သီးသီး
ခေါ်ဝေါ်လာကြသည်။
အာသဝေါ မကုန်ခမ်းသေးသည့် ပုထုဇဉ် မှန်သမျှ
အရှုးချည်းသာတည်း။ သို့ရာတွင် ကိုအောင်ဆန်း၏ အရူးကား အင်မတန်ဆန်းကြယ်မွန်မြတ် လှပါပေ၏။
သူ့ခေါင်းထဲ၌ ထပ်တလဲလဲ ပေါ်ပေါက် ရေရွတ်နေစေသည်။ ``ဗမာ့လွတ်လပ်ရေး -----ဗမာ့လွတ်လပ်ရေး``
စသည့်စကားလုံးများ ဆောင်ပုဒ်များကို မှောက်လျှက် ပက်လက် ထိုင်ရင်း ကျောင်းသားခေါင်းဆောင်
ကိုအောင်ဆန်းသည် စဉ်းစားရင်း သူ့ကိုဘေးက ဝိုင်း၍ သမုတ်ခဲ့ကြသည့် အရူး ဘွဲ့ထူးတွင် လွတ်လပ်ရေး
အရူးကြီးအဖြစ် ကိုအောင်ဆန်းက ဖန်ဆင်းခဲ့ရှာ သည်။
``ရူးမှ မြတ်မည် ၊ ထူးမှတတ်မည်``ဟူသော စကားပုံသည်
ကိုအောင်ဆန်း (သို့မဟုတ်) လူ့ဂွစာ (ဝါ) လွတ်လပ်ရေး အရူးအတွက် တမင်ကလာ တည်ထွင် ပေါ်ပေါက်ခဲ့သလော
ဟူ၍ ဤအကြောင်းအရာကို ရေးရင်းပင် ကျွန်တော့ခေါင်းထဲ ၌ သံသယတွေ ဝင်ခဲ့တော့၏။
ကျောင်းသားဘဝမှ သခင်ဘဝသို့တဆင့် ဗိုလ်ချုပ်ဘဝအထိ
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည်
မျက်နှာထား တည်ကြည်စွာ နေထိုင်ခဲ့မှုသာ များခဲ့ပြီး ရယ်ရယ်မောမော အခြေအနေ ကို
များစွာမတွေ့၇ချေ။ သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဒေါသထွက်နေသည့် အချိန်များကို လည်း
တွေ့ကြုံရန် အင်မတန်ရှားပါးခဲ့ပေသည်။ သူဒေါသထွက်နေသည့် အခါ၌လည်း အခြားနိုင်ငံရေး ခေါင်းဆောင်တွေလို
မုသားပရိယာယ်လုပ်ကာ အပြုံးရှေ့တင်ပြီး နောက်ပိုင်းက ကောက်နေအောင် ချိတ်နေအောင် ဒေါပွ
ဟန်ဆောင်လေ့မရှိခဲ့။ ပြောင်ပြောင်တင်းတင်းပင် ဒေါသထွက်စရာရှိလျှင် ဟန်ပန်ပရိယာယ် မလုပ်တန်း
ရူးရူးဒိုင်းဒိုင်း ဒေါသထွက်ခဲ့ကြောင်း တွေ့ရပေသည်။ အတွင်းသဘောဖြူစင် သော အမျိုးသားခေါင်းဆောင်ကြီးများ၏
ပွင့်လင်းရိုးသားသော အပြုအမူမျိုးသာ ဖြစ်ပေ၏။
စာေ၇းသူအနေဖြင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို
အနှစ်သက်ဆုံး အမြတ်နိုးဆုံး အချက်များအနက်
အချက်တစ်ချက်မှာ ရဲဘော်ရဲဘက် စိတ်ထားတတ်ခြင်းဖြစ်ပေသည်။ ရာထူး အဆင့်အတန်းအနေဖြင့် အခြားပုဂ္ဂိုလ်များထက်
သာလွန်ကြီးမားခဲ့သော်လည်း အခွင့်အရေးကို ပိုမယူခြင်း။ သူရရှိ ခံစားစေခဲ့သလို ရဲဘော်ရဲဘက်များအတွက်လည်း ပထမ စဉ်းစားဆောင်ရွက်စေပြီးမှ
တန်းတူညီမျှ ဖြစ်စေသည့် စိတ်ဓါတ်ပင်ဖြစ်ပါသည်။ သူသည် တိုင်းပြည်နှင့် လူထုပေါ် ချစ်မြတ်နိုးနေသလို
သစ္စာရှိနေသလို သူ၏ေ၇ာင်းရင်း ရဲဘော်တိုင်းကို
သူ့အဓိဋ္ဌာန် ယုံကြည်ချက်နှင့် ထပ်တူ လိုက်နာ ကျင့်သုံးစေ၏။ သူကိုယ်တိုင် ၎င်း ၊
သူ၏ ရဲဘော်နောက်လိုက်စစ်သည်များကို သူချစ်မြတ်နိုးနေသည့် တိုင်းသူ ပြည်သားတို့နှင့်အတူ
အခွင့်အရေးရယူရာ၌ ညီညီမျှမျှ တန်းတူ အခွင့်အရေးကို ရယူစေခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်းသည်
တပ်မတော် ရဲဘော်နှင့် ပြည်သူပြည်သားများကို ရေနှင့်ငါး ဥပမာအတိုင်း ကျင့်သုံးစေခဲ့၏။
အနာဂတ်ကာလ ဗမာ့တပ်မတော်ကြီးအတွက် ဦးစီးပဲ့ကိုင် မဏ္ဍိုင်အဖြစ် စစ်သည်တော်ကျင့်ဝတ် အခြေခံစည်းမျဉ်းများကို
ရေးဆွဲသတ်မှတ်ခဲ့၏။
တိုင်းပြည်ငတ်နေသည့်အခါ၌ တပ်မတော်သည် ဘဝတူ
ငတ်နေရမည်။ တိုင်းပြည်ချမ်းသာ လျှင် တပ်မတော်သားများသည် တိုင်းပြည်၏ သားကောင်းများပီပီ
ဝဖြိုး သာယာမှုကိုခံရမည် စသည့်သဘောတရား များကို
မကြာခဏ သြဝါဒ ပေးခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ အမုန်းဆုံးအချက်ကား
တပ်မတော်သားများသည် တိုင်းပြည်၏ အခြေအနေကို မကိုက်ညီစေဘဲ ပိုမိုအခွင့်အရေးခံခြင်း ရယူစေခဲ့ခြင်း
တောင့်တခြင်းစသည့် ပြစ်မှုများပင် ဖြစ်ပေ၏။
ထိုအထက်ဖော်ပြပါ ကိစ္စနှင့် ပတ်သတ်၍ စာရေးသူသည် ဗိုလ်ချုပ်အောင်ဆန်း၏အကြီးအကျယ်
ဒေါသ ထွက်ခဲ့ခြင်းကို အမှတ်မထင် ကြုံကြိုက်သဖြင့် တွေ့ရှိမှတ်သားမိသလို ဇာတ်ကြောင်းပြန်ကာ
မှတ်တမ်းတင်၍ အစီရင်ခံရတော့သည်။
---------------------
ရှင်းရှင်းရေးရလျှင် ဗမာ့လွတ်လပ်ရေး တပ်မတော်မှ ဗမာ့ကာကွယ်ရေးတပ်မတော်
(ဘီရုမာ ဘိုးဟေးဂွန်) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ကျွန်တော်မှစ၍ ဗိုလ် ၊ အကြပ်
၊ တပ်သား အားလုံးလိုလိုပင် စိတ်ထိခိုက်ကာ စိတ်ဓါတ်ကျဆင်းနေခိုက်ဖြစ်ပါသည် ။
စိတ်ထိခိုက်ခြင်း စိတ်ဓါတ်ကျဆင်းခဲ့ရခြင်း
အကြောင်းရင်းကား ကျွန်တော်တို့၏ အင်အား သုံးသောင်း မှ ငါးသောင်းအထိ စုစည်းမိခဲ့ တိုက်ပွဲဝင်ခဲ့ကြသည့် ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးကို
ကိုရွှေဂျပန် အာဏာပိုင်တို့က ဗမာ့ကာကွယ်ရေးတပ်မတော်အဖြစ် အင်အားစု သုံးသောင်းအတွင်း၌ သာရှိစေသဖြင့် လက်တစ်ဆုပ်စာခန့်သာ
ရှိတော့သည့် အခြေအနေ သို့ရောက်ရှိသွားအောင် ဖန်တီးအကွက်ရိုက်ခဲ့ရခြင်း ကြောင့် ဖြစ်ပေ၏။
သေဘော်သေဘက် အပေါင်းအသင်းရဲဘော်အချင်းချင်း
ရုတ်တရက် ကွဲကွာခဲ့ခြင်း ၊ ဂျပန်တပ်များ၏ အခါအခွင့်ရတိုင်း စော်ကားခံခဲ့ရခြင်းတို့ကြောင့်
ရဲဘော်ရဲဘက်တွေ စိတ်ဓါတ်ကျဆင်းခြင်းလည်း ပါဝင်ခဲ့သည်။ ကျွန်တော်တို့ တပ်ရင်းသုံးရင်းလည်း
ပျဉ်းမနားစခန်းကို ပြောင်းရွှေ့စုစည်းရောက်ရှိ ခဲ့ရသော်လည်း တကယ် အမြဲတန်းစစ်တပ်
(Regular Army) အနေနှင့် တန်းစီခြင်း စစ်ရေးပြခြင်း တပ်ဝင်းရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ရ သော်လည်း အမြဲတန်းစစ်တပ်အသွင် အဖြစ်ဖြင့်
နေလိုနေခဲ့သည်။ ချွတ်ယွင်းချက်ကား စစ်ဝတ်စုံများ မရှိခဲ့ခြင်း ဖြစ်ပေ၏။
ရဲဘော်အားလုံးကပင် ဗမာ့ကာကွယ်ရေးတပ်မတော်၏ ဂုဏ်သိက္ခာနှင့် ထိုက်သင့်သော
စစ်ဝတ်စုံ ရာထူးတံဆိပ်တွေကို မျှော်လင့်တောင့်တခဲ့ကြသည်။ စစ်ဋ္ဌာနချုပ်မှာလည်း စစ်ဝတ်စုံရရှိရေးအတွက်
အပြင်းအထန် ကြိုးစားစီစဉ်နေကြောင်း သတင်းပြန့်ကြားခဲ့သည်။
ထိုနေ့က ကျွန်တော်သည် တပ်ရင်း တာဝန်မှုးကြီးတာဝန်ကို ဗိုလ်ကြီးဇင်ယော်ထံမှလွှဲအပ် ယူငင်ခဲ့ ပြီး စာရင်းအင်းများကို
ပြန်လည်စစ်ဆေးကြည့်လိုက်မိသည်။ လူသူ လက်နက်စာရင်းမှစ၍ စာရင်းအချို့မှားနေကြောင်းကို
တွေ့လျှင်တွေ့ရခြင်း တပ်ရင်းမှုး ဗိုလ်မှုးဇေယျဆီသို့ အရေးတကြီး သတင်း ပို့လိုက်ရပေ၏။ ဗိုလ်မှုးဇေယျ အနေနှင့်
အကြောင်းကိစ္စတစ်ရပ် ရှိ၍ အပြင် ထွက်နေသည်ကြောင့် တပ်ရင်းရုံး တွင် ထိုင်စောင့်နေခဲ့ရာ
ညနေ လေးနာရီ ထိုးမှ ဗိုလ်မှုးဇေယျ ပြန်ရောက်လာလေတော့သည်။ အခြေအနေ ကိုအစီရင် ခံလိုက်ရာ
ယခင်ရုံးမှ ခေတ္တ ရုံးအုပ်လုပ်နေသူများ၏ ချွတ်ယွင်းချက်များက အစပြု၍ စာရင်းတွေ မှားကြောင်းတွေ့ရသဖြင့်
ကျွန်တော့်အား တာဝန်ပေးကာ စစ်ဋ္ဌာနချုပ်၏ စစ်ရေးချုပ်၏ ရုံးအုပ်နှင့် သွားရောက်တွေ့ဆုံစေခိုင်းလိုက်ြ ပန်ပါသည်။
ထို့ကြောင့် လက်ပတ်နာရီကို ငုံ့ကြည့်လိုက်ရာ
စစ်ဋ္ဌာနချုပ် ရုံးဆင်းချိန် ဖြစ်နေသည်ကြောင့်
မှီလိုမှီငြား ဝီရိယကို အားကိုးပြု၍ တွဲဘက်တာဝန်မှုး အရာခံ ဗိုလ်ဗဟန်ကို ခေါ်ယူပြီး စစ်ဋ္ဌာနချုပ်တည်ရာ
ယခု ပျဉ်းမနား သစ်တောရုံး ဆီသို့ တချိုးတည်း ချေလျှင်လစ်ခဲ့ရပေသည်။ ထိုအချိန်အခါက ကျွန်တော်တို့
တပ်မှုးများ ဗိုလ်ကြီးများအတွက် အရေးရှိက စီးနင်းအသုံးပြုရန် ကိုယ်ပိုင် မြင်းတစ်ကောင်မှလွဲ၍
မည်သည့်ဆလွန်းကားမည်သည့် ယဉ်ရထားမှ မရှိခဲ့။ မြင်းနှင့် ခရီးနှင်ရန်မှာလည်း မြင်းကိုပြင်ဆင်ရာတွင်
အချိန် ဖင့်နွဲ့မည် စိုးရိမ်မိသောကြောင့်တည်း။ စစ်ဋ္ဌာနချုပ်သို့ အရောက်တွင် တချို့တာဝန်ခံများ
ရုံးဆင်းသွားခဲ့ကြ ပေပြီ။ စာေ၇းများနှင့် ရုံးစောင့်တာဝန်ခံရဲဘော်များ
ကင်းမှုးများသာ လှုပ်လှုပ်ရှားရှားအနေနှင့် တွေ့ခဲ့ရပေ၏။
ကျွန်တော်သည် စစ်ရေးချုပ်ဋ္ဌာနမှ ရုံးအုပ်ကို အရေးတကြီးမေးကြည့်လိုက်ရာ အပြင်ခဏသွားနေ ကြောင်း ၊ ရုံးမဆင်းသေးကြောင်း သိရသဖြင့်
စိတ်အေးသွားပြီး စစ်ဋ္ဌာနချုပ်ရုံးတဝိုက်ကို လှည့်၍ ကြည့်ရှုခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏
ရုံးခန်း (ထိုအချိန်အခါက ဗိုလ်ချုပ်အောင်ဆန်း၏ ရာထူးမှာ ဗိုလ်မှုးကြီး အဆင့်အတန်း၌ပင်
ဗမာ့ကာကွယ်ရေးတပ်မတော်ကို စတင်တာဝန်ယူ ဦးစီးခဲ့ရပေသည်) ဆီသို့ မယောင်မလည် နှင့် လှမ်း၍ကြည့်လိုက်ရာ
ဗိုလ်ချုပ်အောင်ဆန်းကို မတွေ့ရသဖြင့် ရုံးဆင်းချိန်လွန်ခဲ့ပြီ ဟူ၍ ရုံးဆင်းသွားပြီဟု
သိလိုက်ရသည်။
ထို့ကြောင့် အိနြေ္ဒရရ ခေတ္တအနားယူရင်း ရုံးအုပ်ကို အသင့်စောင့်နေရန်အတွက် ဗိုလ်ချုပ် ရုံးခန်းနှင့်
ကပ်လျှက်ရှိသည့် ကိုယ်ရံတော် ဗိုလ်ကြီး၏ အခန်းဝယ် ကုလားထိုင် တစ်လုံးစီ ဆွဲယူကာ ကျွန်တော်နှင့်
ဗိုလ် ဗဟန်တို့က အနားယူရင်း ရုံးအုပ်တာဝန်ခံကို
စောင့်မျှော်နေမိသည်။
ရုံးဆင်းချိန်ကျမှပင် ကတ်ကတ်သက်သက် ပစ္စည်းသတ္တာအပြည့်နှင့် ထရပ်ကားကြီးများ
ရောက်ရှိလာ ပြီး စစ်ဋ္ဌာနချုပ်စောင့် ရဲဘော်များ၏ အကူအညီဖြင့် ကားပေါ်မှ ပစ္စည်းများကို
သယ်ချနေကြသည်။ ကျွန်တော်နှင့် ဗိုလ်ဗဟန်တို့လည်း တပ်မတော်၏ ရှေ့ရေး နောက်ရေးများကို
ပြောကြားကာ အချိန်ဖြုံးနေမိသည်။
အခြားရုံးခန်းမှ ရုံးစာရေးများ
တာဝန်ခံများကလည်း သေတ္တာဖွင့်သူကဖွင့် ပစ္စည်းများကို လက်ခံ စစ်ဆေးသူက စစ်ဆေး နှုင့်အတော်ကလေး အလုပ်ရှုပ်နေကြပေသည်။
နာရီဝက်ခန့်အကြာတွင် ကျွန်တော့်အား ဗိုလ်ဗဟန်က လက်ကုပ်၍ အရေးတကြီး အချက်ပေးလိုက်သည်ကြောင့် သူမေးငေါ့ရာသို့
စောင်းငဲ့၍ကြည့်လိုက်ရာ ရုံးခန်းအတွင်းသို့ ဘယ်အချိန်က ဝင်ရောက်၍ ဟန်ရပန်ရ အလုပ်လုပ်နေသည် မသိသော
ဗိုလ်ချုပ်အောင်ဆန်းကို တွေ့လိုက်ရပေ၏။ သူသည် ဘယ်ကိုမျှ မကြည့်ဘဲ စားပွဲပေါ်ဝယ် စာရွက်တွေ
တထွေးကြီးခင်းကာ စာကုန်း၍ရေးနေကြောင်း တွေ့လိုက်ရပေ၏။
သူ၏အဝတ်အစားမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်
တူညီသော စစ်ဝတ်စုံ ကျကျနန မဟုတ်ချေ။ အစိမ်းရင့်ရောင် ရှပ်လက်တိုကို ဝတ်ဆင်ကာ မြင်းစီးဘောင်းဘီရှည်တွင် စစ်ဘိနပ်ရှည် တစ်ရံကို စီးနင်းထားလျှက် ခါးတွင် ဂျပန်ခါးပတ်ပြားကြီးကို ပတ်ထားသည်။
စားပွဲ ထောင့်တစ်နေရာတွင် သူ ဗမာ့လွတ်လပ်ရေး တပ်မတော်ခေတ် တလျှောက်လုံး ဆောင်းလာခဲ့သည်
့ ဂျပန်စစ်တပ်အရာရှိများ ဆောင်းလေ့ရှိသည့် ပုံမျိုး စစ်ဦးထုပ် အဟောင်းတစ်လုံးကို တွေ့ရ
ပြီး အခန်းထောင့်တွင်မူကား သူ၏ ဂျပန်ဓါးရှည်တစ်လက်ကို တွေ့မြင်ရပြန်ပါသည်။ သူ၏ဆံပင်မှာ
ဆီနှင့်ဝေးကွာခြင်း ပြုပြင်ခြင်းမရှိခဲ့ခြင်း အထိမ်းအမှတ်အဖြစ်ဖြင့် ရှည်ပြီး ဇောင်းမွှေးတွေထိအောင်
ဖရိုဖရဲ နိုင်လှပေသည်။
သူ၏ စစ်ဝတ်စုံ များမှာ ရာသီဥတုဒဏ် သင့်ထားသည့်အတွက်
အဖြူရောင်တွေ ရောနှောကာ အဟောင်း အနွမ်းအခြေသို့ ညွှန်ပြနေပေတော့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် စိတ်ပါလက်ပါ စာတွေရေးနေသဖြင့် အနှောင့်အယှက် မပေးလို၍
ကျွန်တော်တို့နှစ်ယောက်က ခပ်ကျယ်ကျယ် ပြောဆိုနေမှုကို ချက်ချင်းရပ်တန့်လိုက်ရပေ၏။
သို့ရာတွင် အပြင်က ပစ္စည်းသယ်ချနေသော ရုံးတာဝန်ခံ
ပစ္စည်းထိမ်းဋ္ဌာန အရာရှိများ အကြပ်တပ်သား များ အဖို့မှာမူကား
စည်းလွတ်ဝါးလွတ် ပြောချင်ရာစကားတွေကို ကျယ်ကျယ်လောင်လောင် ပြောဆိုနေကြသည်။ သူတို့လူစုလည်း
ဗိုလ်ချုပ်ရုံးပြန်တတ်ပြီး သူ့အခန်းထဲ၌ ရောက်ရှိနေသည်ကို လုံးဝသိကြ ပုံမရချေ။ သတိပြုမိပုံမရချေ။
အမှတ်တမဲ့ နှစ်ခန်းသုံးခန်းကျော်က သူတို့လူစု အရေးတကြီးဝေဖန်နေကြသည့်
ပြောဆိုနေကြသည့် အကြောင်းအရာများကို ကျွန်တော်က ရုတ်တရက် နားစွင့်၍ထောင်လိုက်မိသည်။
``ဒီလောက် ကြမ်းတမ်းတဲ့ အဝတ်အထည်တွေ ဝတ်ရမှာ ကျောယားလိုက်ပါဘိကွာ-- အိမ်တုန်းက တစ်ခါမှ စိတ်မကူးခဲ့တဲ့
ယူနီဖောင်းတွေ လက်တောင်မသုတ်ခဲ့တဲ့ အဝတ်ကြမ်းတွေကွာ---``
ကျယ်လောင် ကျယ်လောင်နဲ့ ရဲဘော်တစ်ယောက်က ရယ်မောကာ ပြောလိုက်သည်။
ဗိုလ်ချုပ်သည် ရေးလက်စ စာရေးခြင်းကို
တန့်ကနဲ ရပ်လိုက်ပြီး မျက်တောင်မခတ်တမ်း တဖက်ခန်းမှ
တပ်မတော်ဝတ်စုံ အကြောင်း ဝေဖန်ချက်ကို နားစိုက်ကာထောင်နေတော့သည်။
``ချီး မှဘဲ---- ဒို့မျှော်လင့်ခဲ့သလို စမတ်ကျကျမဟုတ်ဘဲ လူရယ်စရာ အဝတ်ကြမ်း ဖျင်ကြမ်းကြီး တွေနဲ့လာတိုးနေပြီ ကောင်းတယ်ကွာ သိပ်ကောင်းတယ် ၊ ကူလီတွေဝတ်တဲ့ အဝတ်မျိုးတွေကွ``
တစ်ယောက်က ဝင်၍ ပြောလိုက်ပြန်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏
မျက်နှာသည် ရုတ်တရက် တင်းမာခက်ထန်သွားတော့သည်။ သူ့မျက်လုံးနှစ်လုံးကလည်း အရောင်တွေ ဝင်းဝင်းတောက် ထွက်ခမန်း ဒေါသ ထွက်နေကြောင်းတွေ့ရပေ၏။
တဖက်ခန်းမှ အသံများကလည်း မလျှော့ တမ်း
ဟာသစွက်ကာ ပြက်လုံးထုတ်လိုက်ပြန်သေး၏။
``ဟေ့ကောင်တွေ-- ခုထုတ်ပေးတဲ့ စစ်ဝတ်စုံဝတ်ပြီး
မြို့ထဲသွားရင် ဂျပန်တပ်က ခိုင်းတဲ့ ဟေးဟိုး
တပ်သားတွေထင်ပြီး ဂျပန်တွေက တန်းခိုင်းမှာ သေချာတယ်။ မင်းတို့ ကြည့်သာပြောကြပေတော့ ၊ ဘယ်လို အဝတ်အစားတွေမှန်း
မသိပါဘူးကွာ`` ညည်းညည်း ငြူငြူနှင့် နိဂုံးချုပ်လိုက်ပြန်သည်။
ဗိုလ်ချုပ်သည် တွေဝေ၍ မျက်လုံးစုံမှိတ်ကာ
စဉ်းစားနေ၏.။ ဒေါသဖြစ်နေရာမှ ဗြုံးကနဲ ဖောင်တိန်ကို
စားပွဲပေါ်သို့ ပစ်ချလိုက်သည်။ တချိန်လုံးက ကျွန်တော်တို့နှစ်ယောက် သူ့တစ်ခန်းကျော်တွင် ရောက်နေသည် မရောက်နေသည်ကို
အသိအမှတ် လုံးဝမပြုခဲ့သော ဗိုလ်ချုပ်အောင်ဆန်းသည် ဗြုံးကနဲ လှမ်း၍
``ဟေ့ တာရာ ဟိုဘက်က
စကားပြောနေကြတဲ့ အကောင်တွေအကုန်လုံး ငါ့ဆီအမြန်ဆုံး
ခေါ်ခဲ့စမ်း သွားစမ်း မြန်မြန်ကွ---``
အော်ငေါက်ကာ ကျွန်တော့ဘက်သို့ လှမ်း၍ အမိန့်ပေးလိုက်၏။ ပါးစပ်သရမ်းနေကြသော ဘသားချောများသည်
သူတို့ခေါင်း မီးလောင်တော့မည့် အခြေအနေကို
လုံးဝမရိပ်မိကြဘဲ ဆက်ပြီူး စစ်ဝတ်စုံများ
အခြေအနေကို ဝေဖန်ရင်း ပျက်လုံးထုတ်ကာ တဟားဟား တဝါးဝါး ပွဲကျနေတုန်း အချိန်ပင်။
ကျွန်တော့အဖို့ တချိုးတည်း သွားရောက်ကာ ထိုအခန်းကြီးအတွင်းဝယ် သေတ္တာကြီးများကို ဖွင့်ကာ
စစ်ဝတ်စုံများကို ကိုင်တွယ်စာရင်းယူနေကြသည့်
ဗိုလ် အကြပ်တပ်သား စသည့် ဘသားချောအားလုံးကို
ဗိုလ်ချုပ်၏ အမိန့်အရ တစုတရုံးတည်း အရေးတကြီး
ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းသို့ခေါ်ယူခဲ့ရပေသည်။
ဗိုလ်ချုပ်အခန်းထဲခေါ်ယူခဲ့ပြီး ကျွန်တော်က စစ်ထုံးစံအတိုင်း အလေးပြုကာ----
``အမိန့်အတိုင်း ခေါ်ဆောင်ပြီးပါကြောင်း `` သတင်းပို့ကာ အလေးပြုလိုက်ပြီး မဆုံးမီပင်---
``မင်းတို့ ဘာကောင်တွေတုန်းကွ --ဟင်
ဟေ့ ငါမေးနေတာ မကြားဘူးလား``
စူးစူးဝါးဝါး မေးမြန်းလိုက်သည့် ဗိုလ်ချုပ်၏အသံသည် စစ်ဋ္ဌာနချုပ် တစ်ရုံးလုံးကို လွှမ်းမိုးသွားပါတော့သည်။ သူတို့သည် ကြောင်၍နေကြပြီး မှင်သက်နေသူများပမာ တစုံတရာအဖြေကို မပေးဝံ့ကြချေ။
သတိအနေနှင့် ငြိမ်သက်စွာ ရပ်နေကြပါသည်။
``ပြောကြစမ်း----မင်းတို့ဘာကော င်တွေတုန်း၊
ငါမေးနေတာ မင်းတို့မကြားဘူးလား၊ ခုတင်က မင်းတို့ ရယ်လားမောလား ပြောနေကြတာတွေလေ``
ဒုတိယအကြိမ် စူးစူးဝါးဝါးအော်ဟစ်ကာ
ဗိုလ်ချုပ်ကာ မေးမြန်းလိုက်ပြန်ပါသည်။
အမေးခံရသူအားလုံးသည် မျက်နှာသေကလေးတွေနှင့်
ကုနြေ္ဒပျက်ကာ အနည်းငယ်တုန်နေကြသည် ကို သတိရမိ၊ မြင်မိပါသည်။
``ကျွန်တော်တို့ စစ်ဝတ်စုံတွေ ညံ့တာနဲ့
ဝေဘန်မိပါတယ် ဗိုလ်ချုပ်``
ဗိုလ်ချုပ်ကို ``ဗိုလ်``အဆင့်ရှိသူတာဝန်ခံတစ် ဦးက
အရဲစွန့်ကာ ဖြေကြားသတင်းပို့လိုက်ပါသည်။
``ဘာကွ၊ စစ်ဝတ်တွေညံ့တယ်၊ ကြမ်းတယ်၊
လက်တောင်မသုတ်ချင်ဘူး ဟုတ်လား၊ ငါအကုန်ကြား တယ် မင်းတို့ဝေဘန်နေကြတာတွေ``
ကျယ်လောင်စွာပြောလိုက်ပြီး ဗိုလ်ချုပ်အောင်ဆန်းသည်
ကုလားထိုင်မှ ဗြုန်းကနဲထလိုက်ရင်း တန်းစီး ထားသူများရှေ့သို့ မတ်ခနဲတက်လာရင်း----
``မင်းတို့ ငါအုပ်ချုပ်နေတဲ့ တပ်ထဲကထွက်၊
ခုထွက်ကြ အလကားအကောင်တွေ၊ မင်းတို့ကို ငါနဲနဲမှ အထင်မကြီးတော့ဘူး။ နွားတွေ၊ ဒို့ရဲဘော်တွေ
ယိုးဒယားက ဒီအထိ ရန်သူတွေကို ရင်ဆိုင်တိုက်ခိုက်လာခဲ့တာ မှတ်မှတ်ရရ ဘယ်စစ်ဝတ်စုံတွေဝတ်ပြီး
တိုက်ပွဲဝင်ခဲ့သလဲဟင်၊ ပြောကြစမ်း`` စိတ်လိုက်မာန်ပါ လက်သီး လက်မောင်းဆန့်တန်းကာ မေးလိုက်ပြန်ပါသည်။
``မင်းတို့ အခုမှ ယူနီဖောင်းလေး ဘာလေး
စစ်ဝတ်စုံလေးနဲ့ ကြီးကြီးကျယ်ကျယ်လုပ်လို့ကွာ၊ ဟေ့ တိုင်းပြည်နဲ့ လူထုအတွက်ဆိုရင် စစ်ဝတ်စုံမပါလို့
ခါးတောင်းကျိုက်ပြီးတိုက်ရရော- ဘာဖြစ်သေးသလဲကွာ၊ ဟေ့ တိုင်းပြည်နဲ့ လွတ်လပ်ရေးအတွက်
ကိုယ်တုံးလုံးချွတ်လိုက်ရရော ဘာဖြစ်သလဲပြောကြစမ်း၊ စစ်တိုက်နိုင်ဘို့သာ အဓိကကွ။ ခုတော့
မင်းတို့က ကြီးကြိးကျယ်ကျယ် စကားတွေပြောလို့``
အရမ်းစကားပြောမိကြသည့် အမှုထမ်းတစုကို
တယောက်ချင်းမျက်နှာကိုလိုက်ရ်ျ ဗိုလ်ချုပ်က အော်ရင်း ဝေဘန်လိုက်ရင်း----
``ခုတော့ တိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ရဲဘော်ရဲဘက်အချင်း ချင်းတောင်
မင်းတို့ပြောပုံ၊ သဘောထားတွေ က သစ္စာဖောက်နေတဲ့အကောင်တွေ၊ မင်းတို့ကို ငါ့တပ်ထဲက ထုတ်ပစ်မယ်၊
ထုတ်ရမယ်မဖြစ်ဘူး၊
အချောင်သမားတွေ``
ကြိမ်းဝါးလိုက်ပြန်ပါသည်။
အကြိမ်းခံရသူအမှုထမ်းများမှာ မျက်ရည်များကျသူကျ၊
ဒူးချင်းရိုက်ခတ်သူ ရိုက်ခတ် အတော်စိတ် ထိခိုက်နေကြောင်း ထင်ရှားနေပါပြီ။ သို့ရာတွင်
ကျွန်တော့်အနေဖြင့် ထိုကိစ္စမျိုး။ ပြဿနာမျိုးနှင့် ထိုအချိန်အခါ မျိုးတွင် မည်သို့မျှပင်
ဝင်ရောက်စွက်ဖက်ရန်မ၀ံ့တော့ပါ။ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ဓာတ်ကိုလည်း ရိပ်မိခဲ့သူ ပီပီ
ဥပေက္ခကာထားကာ အသာရပ်ရ်ျ စောင့်ကြည့်နေရပါသည်။
ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက် ရင်း တချက်တချက်
ပါးစပ်သရမ်းသူတွေကို ခေါင်းငဲ့ကာစိတ်ဆိုး မာန်ဆိုးနှင့် ကြည့်လိုက်လုပ်နေသော ဗိုလ်ချုပ်အောင်ဆန်းသည်
``ဘာလဲကွ၊ မင်းတို့ဂျပန်တွေ ကားစီးပြီး အ၀တ်ကောင်းဝတ်တာတွေ
အားကျလို့လား----ဟေ၊ မင်းတို့ မှတ်ထား၊ ငါတို့တပ်မတော်ဟာ ပြည်သူလူထုရဲ့ သားသမီးတွေဆိုတာ
ကြည့်လိုက်စမ်း၊ တို့ပြည်သူလူထုတွေ ဟာ စစ်ဘေး၊ စစ်ဒဏ်သင့်ပြီး တဖက်ကငပုတွေက တွေ့ကရာဆွဲယူအနိုင်ကျင့်ချင်တို င်း
အကျင့်ခံနေရတဲ့ဘ၀ မှာ မင်းတို့လိုကောင်တွေက ဇိမ်ခံချင်တယ်၊ ကားသစ်ကြီးတွေ စီးချင်တယ်၊
ဒုက္ခရောက်နေတဲ့ ပြည်သူလူထု ထက် အခွင့်အရေးပိုယူချင်ကြတယ်၊
အစားကောင်းတွေ ဖိစားချင်ကြတယ်၊ လူထုက ၀တ်စရာပုဆိုး၊ အင်္ကျီမရှိ တဲ့ ဘ၀မှာ မင်းတို့လို အလိုက်ကန်းဆိုးမသိတဲ့
အကောင်မိုက်တွေက စစ်ဝတ်စုံအကောင်းတွေ ၀တ်ချင်ကြ တယ်၊ မှတ်ထား ဒီလိုစိတ်မျိုး၊ အမြင်မျိုး၊
အကျင့်မျိုးတွေရှိသမျှ ငါမျှော်မှန်းလာတဲ့ ပြည်သူ့တပ်မတော်နဲ့တော့ ဝေးပါသေးတယ်ကွာ၊
ရှက်စရာသိပ်ကောင်းတယ်၊ မင်းတို့ပြည်သူလူထုအတွက် စစ်တိုက်နေတယ်ဆိုတာ အလကား၊ လုံးဝအဓိပ္ပါယ်မရှိတော့ဘူး``
ပြောလိုက်၊ ဟောလိုက်၊ ကြိမ်းလိုက်ပြန်ပါသည်။
ဆက်လက်ရ်ျ ``မင်းတို့ နားလည်ရဲ့လား၊ စဉ်းစားမိရဲ့လား၊
မင်းတို့ဘာသာ ဗိုလ်တွေ၊ စစ်သားတွေ၊ ရဲဘော်တွေဆိုပြီး တကယ်စစ်တိုက်ရမယ့်အခါမှာ စစ်ပညာကောင်းကောင်းတတ်နေပြီလား၊
ဘာတစ်ခုမှ မတတ် သေးဘူး၊ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးပြီး ဘဝင်မြင့်နေတဲ့အကောင်စားတွေ
၊ မင်းတို့ ဒီလိုပြည်သူလူထုနဲ့ ကြပ်ကြပ် သွေးခွဲစကားတွေထားကြ ငပုတွေက မင်းတို့ကိုဆော်ဖို့
အမြဲတန်းအသင့်ရှိနေတယ်ဆိုတာ မင်းတို့ မြင်ရဲ့လားခွေးကောင်တွေ ဘာမှအသုံးမကျတဲ့ မင်းတို့ကို
ငါ့တပ်ထဲက ထုတ်ရမယ်။
ဒေါနဲ့မောနဲ့ ကြိမ်းဝါးလိုက်ပြန်သည်။
``မှားပါပြီ ဗိုလ်ချုပ်----- ကျွန်တော်တို့ နောင်တရပါပြီ
ဗိုလ်ချုပ်``
ငိုသံများဖြင့် အရာရှိနှစ်ဦးက ကတုံကရင်သံများဖြင့် တောင်းပန်တိုးရှိုးလိုက်ပါသည်။
``ငါ
ဘယ်လိုဝတ်ထားသလဲ ကြည့်လိုက်စမ်း ၊ မင်းတို့နဲ့ ဘာခြားလို့လဲ ၊ မင်းတို့က ကြီးကြီးကျယ်ကျယ်လုပ်လို့ကွာ--- --``
ဗိုလ်ချုပ်အောင်ဆန်းသည် သူ၏ စစ်ဝတ်စုံအနွမ်းကို
ပုတ်၍ုပြသပြန်ပါသည်။
``ကျွန်တော်တို့ မှားပါပြီဗိုလ်ချုပ် တောင်းပန်ပါတယ်-- ကျွန်တော်တို့အမှားကို ဝန်ချတောင်းပန်ပါ
ရစေ--``မျက်ရည်ဖြိုင်ဖြိုင်ဖြင့်  ဝိုင်း၍တောင်းပန်ကာ အသနားခံလိုက်ကြပြန်သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် သိမ်းကြုံး၍ ဒေါသထွက်နေသော မျက်လုံးကြီးများဖြင့် တောင်းပန်နေသူများကို ဝင့်၍
ကြည့်လိုက်ပြီး ----
``မှတ်ထား ငါ့တပ်ထဲမှာ
အခွင့်အရေးယူချင်တဲ့ အကောင်တစ်ယောက်မှ မရှိရဘူး။ မပါစေရဘူးကွ။ လူထုငတ်ရင် ဒို့အားလုံးငတ်ရမယ်။
လူထုဆင်းရဲရင် ဒို့အားလုံး ဆင်းရဲရမယ် ။ ငါလဲ ဆင်းရဲရမယ်။ ငါတို့တတွေ တည်ဆောက်ခဲ့တဲ့
တပ်မတော်ကြီးဟာ ဒီဝါဒ ဒီလိုအမိန့်နဲ့ ချီတတ်ဖို့အရေးကြီးတယ် ခုတော့
မင်းတို့အကောင်တွေကွာ --ငါထပြီး ကန်လိုက်ရရင်ကွာ---``ကြိမ်းဝါး လိုက်ပြန်ပါသည်။
သူ့ရှေ့၌ ရပ်နေကြသူများမှာ သူပြုသမျှကို
သူပေးသမျှ အပြစ်ကို ၊ အပြစ်ဒဏ်တွေကို မသွေတမ်း ခံယူကြမည့် ရဲဘော်များသာ ဖြစ်နေပါပြီ။
အခိုက်အတန့်အတွင်း အပြောမှား အဆိုမှားခဲ့ရာ ယခုအခါ၌ ဗိုလ်ချုပ်၏ သြဝါဒ ဆုံးမချက်အရ
အမြင်မှန် မြင်လာခဲ့သည်။ လိမ္မာလာကြပါပြီ။
``သွားကြစမ်း မြန်မြန်ထွက်သွားကြစမ်း အကောင်ရှုတ်တွေ
ကြာကြာနေရင် မင်းတို့ကို ငါဆော်ထည့် မိလိမ့်မယ်``ဗိုလ်ချုပ်က ကြိမ်းဝါးကာ မောင်းနှင်ထုတ်လိုက်သည်။
ပါးစပ် သရမ်းကြသူများမှာ အရေးတကြီး ဗိုလ်ချုပ်ကို အလေးပြုကာ သုတ်သီး သုတ်ပျာနှင့် ကြောက်ကြောက်ရွံ့ရွံ့
မျက်နှာများဖြင့် ကွက်ခွာသွားကြပါသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ``ဟူး``ကနဲ သက်ပြင်းမှုတ်ထုတ်လိုက်ပြီး ခေါက်တုန့်ခေါက်ပြန် လက်ကို နောက်ပြစ်၍ လမ်းလျှောက်နေပြန်ပါသည်။ တချီတချီခေါင်းကို
မော့ကာ လေးလေးနက်နက် စဉ်းစား နေပြန်ပါသည်။
ထို့နောက် ဗြုံးကနဲလှည့်ကာ သူ့ဓါးနဲ့ ဦးထုပ်ကို လှမ်းဆွဲကာ ဦးထုပ်ကို ဆောင်း၍ ဓါးကို ခါးပတ်ပြား တွင် ချိတ်လိုက်ပြီး
ရုံးခန်းတွင်းမှ ထွက်ခွာသွားရန်ပြင်လိုက်ရာ ကျွန်တော်သည်လည်း ညာလက်ကိုမျှောက် ၍ ဦးထုပ်နှုတ်ခမ်းတွင်
ခပ်တင်းတင်းပစ်၍ ကပ်ကာ ခါတိုင်း စစ်ထုံးစံအရ အလေးပြုခြင်းတို့ထက် အဆပေါင်းများ စွာ သာလွန်၍ သူ၏ ခေါင်းဆောင်ပီသမှု
ပြည်သူလူထုအပေါ် ညှာတာမှု ၊ ရဲဘော်ရဲဘက် စိတ်ဓါတ်ရှိမှု အတွက် ရောင်ပြန်ဟပ်လာသော ရိုသေလေးစားမှု
အပြည့်ဖြင့် တကယ့်ခေါင်းဆောင်ကောင်း စစ်သေနာပတိကောင်း
ပီသလှသည့် ဗိုလ်ချုပ်အောင်ဆန်းကို နှုတ်ဆက်အလေးပြုလိုက်ရပေတော့သတည်း။
ဗိုလ်တာရာ။။။
ရွှင်လန်းချမ်းမြေ့ပါစေ---
ကိုစိုးနိုင်
No comments:
Post a Comment