ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Wednesday, March 21, 2012

ဗိုလ်ချုပ်အကြောင်း (၁၂)

                                                                               

၁၉၄၆ ခုနှစ်၊ နိုင်ဝင်ဘာလ ၂၈ ရက် နံနက် စောစောပိုင်းမြစ်ကြီးနားမြို့တွ
င်ကား နှင်းများကျလျက် ခိုက်ခိုက်တုန်အောင် ချမ်းအေးလျက်ရှိသည်။ နံနက်စောစောဝေလီဝေလင်းနှင်းမှုန်တွေ တဖွဲဖွဲ ကျနေသည့်ကြားထဲတွင် မြစ်ကြီးနားမြို့တစ်မြို့လုံး လှုပ်လှုပ်ရှားရှားဖြစ်နေသည်။ မြို့လူထုကြီးသည် မြောက်ဘက်စူးစူးဆီသို့ စီတန်း၍ ခပ်မှန်မှန် ချီတက်သွားနေကြသည်။ ချီတက်သွားနေသောလူထုကြီးကို ကြည့်လိုက်သည့်အခါ ဂျိန်းဖော(ကချင်) အမျိုးသားများ၊ အခြား တိုင်းရင်းသားများ၊ ဗမာများ၊ ကုလား၊ တရုတ်များနှင့် ပြည်သူ့ရဲတပ်ဖွဲ့များ စသည်ဖြင့် ပါဝင်နေကြသည်။


အောက်မြန်မာနိုင်ငံတွင် တိုင်းပြည်နှင့် လူမျိုးအတွက်ကိုယ်ကျိုးစွန့် အနစ်နာခံကာ လှုပ်ရှား ဆောင်ရွက်နေသော ဗိုလ်ချုပ်အောင်ဆန်း အကြောင်းသည် မြန်မာပြည် မြောက်ဖျား တိုင်အောင် ကျော်ကြား လာနေသည်။ ယခုလည်း ဗိုလ်ချုပ်အောင်ဆန်းသည် ပထမဆုံး အကြိမ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရန်ကုန်မှနေ၍ ရောက်လာတော့မည် ဖြစ်သဖြင့် မြစ်ကြီးနားရှိ လူမျိုးပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံမှ သောင်းသောင်းဖြဖြ ကြိုဆိုရန် မြို့မြောက်ဘက် လေယာဉ်ကွင်းဆီသို့ ချီတက်သွားနေကြခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဘုရင်ခံ အတိုင်ပင်ခံ အစိုးရအဖွဲ့တွင် ကာကွယ်ရေး ဝန်ကြီးအဖြစ် ကချင် သေနတ်ကိုင် တပ်ရင်းကို လာရောက် စစ်ဆေးခြင်းဖြစ်သည်။ ထိုနေ့ညနေ ၃ နာရီခွဲတွင် မြစ်ကြီးနားမြို့ ကုန်သည်ကြီးများအသင်းကဗိုလ်ချုပ်အောင်ဆန်းအား လက်ဖက်ရည်ပွဲဖြင့် ဧည့်ခံကြသည်။ ကုန်သည်ကြီးများအသင်းမှ ဆိုသော်လည်း ထိုလက်ဖက်ရည်ပွဲသို့ အဖွဲ့ပေါင်းစုံ လူထုပေါင်းစုံ တက်ရောက် လာကြလေသည်။

နိုင်ဝင်ဘာ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် အမှတ် ၂ ကချင်ရိုင်ဖယ်တပ်ကို သွားရောက် စစ်ဆေးကြည့်ရှု့သည်။ ဗိုလ်ချုပ်အောင်ဆန်းက သြဝါဒစကားပြောကြားခဲ့သည်။ ထိုသို့ပြောကြားရာတွင် ကချင်ဗမာ ချစ်ကြည်ရေးအကြောင်း။ လွတ်လပ်လာမည့် မြန်မာနိုင်ငံတွင်တိုင်းရင်းသား လက်နက်ကိုင်တပ်များ လိုအပ်မည့် အကြောင်းနှင့် ယခု တပ်တွင်းရှိ ရဲဘော်များ၏ ပြဿနာများကိုလည်းမကြာမီ ဖြေရှင်းပေးသွားမည်ဟု ပြောကြားခဲ့သည်။

ကချင်စစ်တပ်မှ ရဲဘော်များနှင့် အရာရှိများသည် နာမည်သာ ကြားဖူးသည့် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ စကားပြောသံကို ကြားရသည့်အခါ အလွန်တရာမှ စိတ်တက်ကြွ နှစ်ထောင်းအားရ ဖြစ်သွားကြသည်။

``ဗိုလ်ချုပ် အခုလို ကျွန်တော်တို့ တပ်ကို လာပြီး ကြည့်ရှု စစ်ဆေးတာကို ကျွန်တော်တို့ဖြင့် အင်မတန်ပဲ ဝမ်းသာ အားရ ဖြစ်ပါတယ်။`` ဟု ဂျိန်းဖောကချင် အမျိုးသားအရာရှိ ဗေဂျာလဇွန်ဟ်တန်က ပြောပြသည်။



နိုင်ဝင်ဘာ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မြစ်ကြီးနားမြို့ရာဇဝင်တွင် အကြီးများဆုံး လူထု အစည်းအဝေးပွဲကြီး ကျင်းပ လေသည်။ ထိုအစည်းအဝေးပွဲကြီးသို့ မြစ်ကြီးနားမြို့ အနီးအနား ပတ်ဝန်းကျင်က သာမက မိုးကောင်း၊ ဟိုပင် စသည်တို့မှလည်းကောင်း၊ ဗန်းမော်၊ ကသာတို့မှ လည်းကောင်း လူထုကြီးများ စုရုံးရောက်ရှိလာကြည်သည်။ ထိုဒေသများမှ ဖဆပလ ခေါင်းဆောင်များလည်း တက်ရောက်ကြသည်။ ဂျိန်းဖောကချင် ဒူဝါကြီးများနှင့် ခေါင်းဆောင်များကိုလည်း စုံစုံလင်လင် တွေ့ရလေသည်။ အစည်းအဝေး မစတင်မီ ဂေါ်ရခါး အမျိုးသမီးတစ်ဦးက ဗိုလ်ချုပ်အောင်ဆန်းအား ပန်းကုံးစွပ် လေသည်။ ဂေါ်ရခါးလူမျိုးတို့၏ ထုံးစံမှာ ဤသို့ ပန်းကုံးစွပ်ခြင်းသည် အမှန်တကယ် ကြည်ညို လေးစား၍ ခင်မင် ရင်းနှီးသည့် အထိမ်းအမှတ် ဖြစ်သည်ဟု ဆိုသည်။


ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းက စကားဟောပြောလေသည်။ ဗိုလ်ချုပ်က ခက်ခဲ၍ အဓိပ္ပာယ် ရှုပ်လှသော နိုင်ငံရေး၊ စကားလုံးများကို မသုံး၊ မပြောဘဲ တကယ့် ဆင်းရဲသား လူထုကြီးနားလည်နိုင်သည့် စကားတို့ဖြင့် လက်ရှိ ဗမာပြည် အခြေအနေ၊ ဖဆပလအဖွဲ့ကြီး အကြောင်းနှင့် ဂျိန်းဖော ဗမာ ချစ်ကြည်ရေးအကြောင်းကို ခပ်ရှင်းရှင်း ဟောပြောလေသည်။ ဗိုလ်ချုပ် ဟောပြောပြီးသည့်အခါ မိုးကောင်းနယ်မှ ဂျိန်းဖောဒူဝါ တစ်ဦးဖြစ်သော ဆမားဒူဝါ ဆင်ဝါနောင်က ဗိုလ်ချုပ်ပြောသွားသည်များကို ကချင်ဘာသာဖြင့် ပြန်ပြောပြလေရာ ကချင် လူထုကြီးမှာ များစွာ သဘောကျ နှစ်သက်ကြလေသည်။

လူထုအစည်းအဝေးကြီး အပြီးတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျိန်းဖောကချင် အမျိုးသား ခေါင်းဆောင်များ၊ ဒူဝါများနှင့် သီးသန့် တွေ့ဆုံပြီး ရင်းနှီးပွင့်လင်းစွာ တိုင်ပင် ဆွေးနွေးလေသည်။

နိုင်ဝင်ဘာလ ၃၀ ရက်နေ့တွင် မြစ်ကြီးနား မြောက်ဘက် ၅ မိုင်ကွာ ကန်ခရင်ခေါ် ကချင်ရွာကလေး၌ ဗိုလ်ချုပ်အား ကချင်လူမျိုးတို့၏ ထုံးစံအတိုငး နံနက် ထမင်းတည်ခင်း ကျွေးမွေး လေသည်။

ရွာအလယ်ရှိ စာသင်ကျောင်းဝင်းအတွင်း၌ ဝါးမဏ္ဍပ် တစ်လုံးထိုး၍ တစ်ရွာလုံးက ဖော်ရွေစွာ ခရီးဦးကြိုပြုလျက် ကချင် ဓလေ့ ထမင်းပွဲကို တည်ခင်း ဧည့်ခံခဲ့သည်။ ဆရာဇော်လွန်း ကိုယ်တိုင် သွားရောက် ငှဲ့ယူပေးသော ကချင် အရက်တစ်ခွက်ကို ဗိုလ်ချုပ်က သောက်ရပြီး လာရောက် ချပေးသော ကချင်ထမင်းထုပ်ကို ဖြည်၍ စားရလေသည်။ ဖက်ခွက်ထိုး၍ ထည့်ထားသော ဟင်းချို သောက်နည်းကိုပင် ကချင်တို့က ဗိုလ်ချုပ်ကို ပြသ ပေးလေသည်။

ဂျိန်းဖော အမျိုးသမီး တစ်ဦးက ရှေ့ထွက်လာပြီး ကချင် ဓားတစ်လက်နှင့် လွယ်အိတ် တစ်လုံးကို ဗိုလ်ချုပ် အောင်ဆန်းအား လက်ဆောင်ပေးလေသည်။ ပေးရင်းနှင့် ထိုအမျိုးသမီးက အောက်ပါအတိုင်း ပြောလေသည်။

``ဒီဓားနဲ့ လွယ်အိတ်ဟာ တန်ဖိုး အားဖြင့်တော့ သိပ်အဖိုးမတန်လှပါဘူး။ ဒါပေမဲ့ ကျွန်မတို့အဖို့မှာတော့ အင်မတန် ရင်းနှီးတဲ့ ဆွေမျိုးသားချင်း မောင်နှမ အရင်းလို လူကိုသာ ပေးလေ့ရှိပါသည်။ ပစ္စည်းက အဖိုးမတန်ပေမယ့် တကယ် အဖိုးတန်တဲ့ စေတနာနှင့် ပေးတာပါရှင်``

ထမင်းစားပွဲတွင်လည်း ဗိုလ်ချုပ်အောင်ဆန်းသည် ကချင်ခေါင်းဆောင်များနှင့် ရင်းနှီးစွာ ဆွေးနွေးခဲ့ကြလေသည်။ ကချင် ဗမာ သွေးစည်းရေး မိတ်ဆက်ပွဲ ဖြစ်သဖြင့် နောင်တွင်လည်း အမှတ်တရ ဖြစ်စေခြင်းငှာ ဓာတ်ပုံရိုက် မှတ်တမ်းတင်လေသည်။

ဓာတ်ပုံထဲတွင် ပါသော ဗိုလ်ချုပ်အောင်ဆန်း၏ လွယ်အိတ်နှင့် ဓားမှာ ကချင် အမျိုးသမီးလေး တစ်ဦစး၏ လက်ဆောင်ဖြစ်သည်။. ခေါင်းတွင် ဆောင်းထားသော ခေါင်းပေါင်းမှာ ကချင် လူငယ် ခေါင်းဆောင် ဦးဇော်ရစ် ၏ ခေါင်းပေါင်း ဖြစ်သည်။

နောက်တစ်နေ့ နံနက်စောစောတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကချင်ပြည်နယ် မြစ်ကြီးနားမှ ရန်ကုန်သို့ ပြန်ခဲ့လေသည်။

ဗိုလ်ချုပ်အောင်ဆန်း သည် မြစ်ကြီးနားမြို့သို့ ရောက်လာပြီး ကချင်လူမျိုးတို့ မေတ္တာနှင့် စေတနာကို သယ်ဆောင်ခဲ့ပြီး ကချင်ဗမာ သွေးစည်းရေး ညီညွတ်ရေး အုတ်မြစ်ကို ချမှတ်ခဲ့လေတော့သည်။

ရည်ညွှန်း- ``ဂျိန်းဖော ကချင်များကြား ရောက်ခဲ့သော ဗိုလ်ချုပ်`` ပြည်သူ့ရဲဘော် ဂျာနယ်၊ အတွဲ ၁ အမှတ် ၃၂ ( ၁၈၊ဒီဇင်ဘာ၊ ၁၉၄၆) ထုတ်မှ ပြန်လည် ဖော်ပြသည်။)


**တင်ဆွေမိုး **
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၂၊ အမှတ် ၈၄၊ မတ်လ ၁ ရက် ၂၀၁၂)

No comments:

Post a Comment