ဆရာတော် ဦးဇောတိက -------
Action
/Reaction/Response
ခွဲပြီးပြောရရင် Action /Reaction/Response ဆိုပြီး သုံးမျိုးခွဲပြီးပြောလို့ရတယ်။ Action ဆိုတာကတော့
ဘယ်သူမှခိုင်းလို့လဲ မဟုတ်ဘူး။ ကိုယ့်ဟာကို တစ်ခုခု လုပ်ချင်တဲ့အခါ သေသေချာချာစဉ်းစားပြီးတော့ လုပ်သင့်တယ်လို့ယူဆပြီး ဆုံးဖြတ်ပြီးတော့ ကိုယ့်သဘောနဲ့ကိုယ် လုပ်လိုက်တာ
ဒါကိုယ့်ရဲ့ action ပဲနော်။
Reaction ဆိုတာက သူများတစ်ခုခုလုပ်လို့ ကိုယ်က တစ်ခုခု ပြန်လုပ်လိုက် တာပဲ။ သူ့ကိုတုန့်ပြန်တာ။ reaction က သတိမပါဘဲ ဥာဏ်မပါဘဲ တုန့်ပြန်နေတာဖြစ်လို့
မကောင်းဘူး။
Response ဆိုတာကတော့ ဖြစ်နေတဲ့အခြေအနေကိုသိတယ်။
သိပြီးမှ အခြေအနေနဲ့ ကိုက်အောင် အကောင်းဆုံးဖြစ်အောင်
ဥာဏ်နဲ့လုပ်လိုက်တာပဲ။
ကိုယ်တစ်နေ့တာ သွားတာ လာတာမှာ စိတ်ကသတိမပါလို့ အလိုအလျှောက်တုန့်ပြန်နေတာ react လုပ်နေတာတွေ ဘယ်လောက်များသလဲ။ သတိမထားမိရင် အင်မတန်များပါတယ်။ ဒေါသစရိုက်ရှိတဲ့သူဆိုရင် မြင်တာ ကြားတာတွေနဲ့ပတ်သတ်ပြီးတော့ ဒေါသဖြစ်တာ ပိုများတယ်။
လောဘ စရိုက်ရှိတဲ့သူဆိုရင် သူကြိုက်တတ်တာတွေကိုကြည့်ရှု
နားထောင်ပြီး လောဘဖြစ်တာ ပိုများနေမယ်။ မနာလို စိတ်အားကြီးတဲ့သူဆိုရင် လည်း အများအဆင်ပြေနေတာတွေ
ကိုမြင်ရကြားရရင် မနာလိုစိတ်ဖြစ်မယ်။
လောဘနဲ့ တုန့်ပြန်တာ ဒေါသနဲ့တုန့်ပြန်တာ များလို့ရှိရင် တော်တော်ပင်ပန်းတယ်။ တော်တော်ဆင်းရဲတယ်။ အထူးသဖြင့် ဒေါသက ပိုပင်ပန်းတယ်။ စိတ်က အင်မတန်မြန်တယ်။ သတိမထားရင် မြင်တိုင်း ကြားတိုင်းစိတ်က
တုန့်ပြန်နေတယ်။ မြင်ရင်မြင်ကာမျှ ကြားရင်ကြားကာမျှ နေတတ်အောင် အလေ့အကျင့် တော်တော်လုပ်ထားမှ တော်ရုံကျတယ်။
သူများကိုတုန့်ပြန်တာများရင်
ကိုယ့်ဘဝလမ်း ကောက်ကွေ့သွားတယ်။
မနက်က ဒကာကြီးတစ်ယောက်က ပြောတယ်။ သူ အခုတရား
အားထုတ်လာလို့ တော်တော်တန်တန် ကိစ္စတွေကို သူ့စိတ်က
ဘာမှပြန် react မလုပ်တော့ပါဘူးတဲ့။ အရင်တုန်းက သူ့အလုပ်ရှင်က သူမကြိုက်တဲ့စကား တစ်ခွန်းပြောတာနဲ့ မျက်နှာပျက်သွားပြီးတော့ တစ်ကိုယ်လုံး ထူပူလာပြီးတော့ လုပ်တာကိုင်တာတွေ လွဲကုန်ရော
မှားကုန်ရောတဲ့။
သူ့အလုပ်ရှင်ကလည်း အပြောဆိုးတယ်လို့
ထင်တယ်။ သူကလည်း နဂို ဒေါသကြီးတတ်တဲ့သူ အပြောမခံချင်တဲ့သူ။ ဒါပေမယ့်အခုတော့ သူတရားစာပေလဲ ဖတ်တယ် ။တရားလည်းအားထုတ်တော့ ပြောပေမယ့်လည်း သူ့စိတ်ထဲမှာ ဘယ်လိုမှ မတုန့်ပြန်တော့ဘူး။ react မလုပ်တော့ဘူးတဲ့။ သူ့အလုပ်ရှင် ကပြောတဲ့အခါ ဒါသူပြောရိုးပြောစဉ်အတိုင်းပဲ သူပြောရမယ့်ထုံးစံရှိလို့ ပြောလိုက်တာပဲဆိုပြီး ဘယ်လိုမှ သဘောမထားတော့လို့ စိတ်ပင်ပန်းမှု အင်မတန်သက်သာသွားတယ်တဲ့။
သူ့အလုပ်ရှင်ကလည်း သူ့ရဲ့ အေးဆေးတည်ငြိမ်တဲ့ အနေအထိုင် အပြောအဆိုကို သတိထားမိလာလို့ သူနဲ့ပြောတဲ့ဆိုတဲ့အခါမှာ အရင်ကထက်သူ့ကို ပိုပြီးလေးလေးစားစားပြောတယ်တဲ့။
ပြင်ပက အကြောင်းအရာ ပြင်ပက လူတွေက
ကိုယ့်ဘဝမှာ အဓိကလွှမ်းမိုးနေတဲ့ အကြောင်းတရား
မဖြင့်သင့်ဘူး။ နည်းနည်းတော့ လွှမ်းမိုးမှာပဲနော်။
ဒါပေမယ့် အဓိကနေရာမှာ မထားပါနဲ့။ အရေးကြီးတဲ့ကိစ္စတစ်ခုခုကို ဆုံးဖြစ်ရတော့မယ်ဆိုရင် သူများကြောင့်ဆုံးဖြတ်တာ ဘယ်တော့မှ မလုပ်ပါနဲ့။ ကိုယ့်ဥာဏ်နဲ့ကိုယ်ပဲ ဆုံးဖြတ်ပါ။
မြင်တာ ကြားတာတွေကို အလိုအလျှောက်တုန့်ပြန်တာ နဲအောင် ကိုယ့်စိတ်ကို ကိုယ်သတိနဲ့ သိနေပါ။ ဒါမှ
လွတ်လပ်မှုပိုရှိမယ်။ ဒါမှ ကိုယ်လုပ်တာတွေဟာ ကိုယ့်စိတ်နဲ့ကိုယ်လုပ်တာ ဖြစ်မယ်။ အဲဒီလို နေမှ ကိုယ့်ဘဝလမ်းဟာဖြောင့်မယ်။ သူများကိုတုန့်ပြန်တာများရင် ကိုယ့်ဘဝလမ်းကောက်ကွေ့ သွားတယ်။
တစ်နေ့တစ်နေ့ သူများအကြောင်းတွေးတာ
ဘယ်လောက်များလဲ ဆိုတာသတိထားကြည့်ရင် ကိုယ့်ဘဝကို
ကိုယ့်စိတ်ကို သူများဘယ်လောက် လွှမ်းမိုးထားလဲဆိုတာ တွေ့လိမ့်မယ်။ အံ့သြသွားလိမ့်မယ်။ သူများဝတ်လို့
လိုက်ဝတ်တာ သူများစားလို့လိုက်စားတာ သူများကြည့်လို့လိုက်ကြည့်တာတွေ ဘယ်လောက်များနေသလဲ။ သူများအထင်ကြီးအောင်လုပ်ပြရတာ နေပြရတာ ဘယ်လောက်များသလဲ။
No comments:
Post a Comment