တွင်းဟောင်း
ရေတွင်းပျက်ထဲက -
`` ဖား ``တစ်ကောင်ဆိုပါတော့
လောကအမြင် မကျယ်ပေမယ့်
ကိုယ့်ပါတ်ဝန်းကျင်နဲ့
ကိုယ့်ဟာကို သဟဇာတဖြစ်
စိတ်ညစ်တယ်ဆိုတာမရှိ
ခံစားမှုပီတိကို ရင်မှာပွေ့ဖက်
ဘဝကို --
အဲသလိုဖြတ်ခဲ့တယ် ----------
`` မမြင်ဘူး - မူး မြစ်ထင် `` လို့အပြောခံရတာကြောင့်
ကျယ်ပြန့်တဲ့ ပတ်ဝန်းကျင်ကိုလေ့လာမယ်ဆိုပြီး
ရေတွင်းပျက်ဘောင်ပေါ်ကို ခုန်တတ် --
(ငါ) ခရီးထွက်ခဲ့တယ် ------
အလို --ဘုရား -- ဘုရား--
ပထမဆုံးတွေ့တာကတော့
ပျားရည်တွေသုတ်လိမ်းထားတဲ့ အဆိပ်ထုတ်ကို
ရမ္မက်တွေဖုံးအုပ်နေတဲ့ လူသားများ
ဝိုင်းအုံတွယ်ပြီး စားနေလိုက်ကြတာ
သေတဲ့လူကသေ -- ကန်းတဲ့လူက ကန်း
ပရမ်းမတာ ပကတိ
ဘာလို့သူတို့ မသိကြတာလဲ ----
အလို -- ဘုရား -- ဘုရား --
ဒုတိယတွေ့တာကတော့
``ငါ့စကား နွားရ ``ဆိုသလို
မုသားကိုရေလိုသုံး
တစ်ပါးသူရဲ့ နှလုံးသားကို
မာယာကွန်ယက်တွေနဲ့ ချုပ်နှောင်ဘို့
သမိုင်းတွေကို အရောင်တင်
ကိုယ်လိုချင်သလို ပြုပြင်
ထောင်ချောက်ဆင်မှိုင်းတိုက်
နိုင်ငံရေးသမားမိုက် တွေရဲ့စကား
သူတို့ ဘာလို့မဖယ်ရှားနိုင်ရတာလဲ --
အလို -- ဘုရား -ဘုရား --
တတိယတွေ့ရတာကတော့
စာနာမှုကိုယ်ချင်းစာတရား ဆိုတာ
ကြားတောင်ကြားဘူးရဲ့လားမသိ
သတ် - ဖြတ် - လုယက် - နိုင့်ထက်စီးနင်း
အားနွဲ့သူ ဆိုပြီးတော့လည်း ညှာတာမှုအလျှင်းမရှိ
ငွေအား - လူအား - လက်နက်အား - အာဏာအား
အဲဒီအားတွေ မတရားသုံးပြီး
လောကကြီးကို အကျည်းတန်စေတာ
သူတို့ ဘာလို့မသိကြတာလဲ ---
အလို -- ဘုရား -- ဘုရား
မာနတွေခေါင်ခိုက် ရှုးမိုက်ကြတဲ့သူတွေ
ဒေါသတွေရင်မှာစီး လောင်မီးတိုက်နေကြသူတွေ
သူတော်ကောင်းလို ဟန်ဆောင် --
ကြောင်တောင်နှိုက်တဲ့ ငမိုက်သားတွေ
ဘာသာရေးကိုခုတုန်းလုပ် စိတ်ယုတ်ရှိတဲ့သူတွေ--
ဘုရား -ရေ
ကောင်းတာတွေတွေ့ချင်လို့
လေ့လာမယ်ဆိုပြီး ထွက်လာကာမှ
`` အဆိုးမြင်ဝါဒ ``သမားဆိုပြီး
ဖမ်းဆီးပြီး သုတ်သင်မခံရခင်
အချိန်မီ ပြန်ညောင်း
ငါ့ရဲ့ တွင်းဟောင်း ကိုဘဲ
ပြန်အောင်းနေလိုက်ရတယ် ။။ ။။
written by ko soe naing
( ရွှင်လန်းချမ်းမြေ့ကြပါစေ ---------------
No comments:
Post a Comment