ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Friday, March 23, 2012

ဗိုလ်ချုပ်အကြောင်း(၁၉)




မမေ့နိုင်သော ဇူလိုင်  ၁၉  ရက်

တက္ကသိုလ် နေဝင်း

          ၆- နှစ်မျှ ဝေးကွာ ကျန်ရစ်ခဲ့ပြီဖြစ်သော  အတိတ်-------
          ၆- နှစ်ဟူသော အချိန်ကာလမှာ  အရေအတွက်အားဖြင့်  များစွာမကြာမြင့်သေးဟု ဆိုနိုင်စေကာမူ လွန်ခဲ့သော  ၆-နှစ်ခန့်က  တွေ့ကြုံဖြစ်ပျက်ခဲ့သည့် အကြောင်းအရာ အားလုံးကို ပြန်လည်သတိရမိပါသေး၏ လောဟု မိမိကိုယ်ကိုယ် ပြန်၍ မေးခွန်းထုတ်ကြည့်လျှင် မှတ်မိတာထက် မမှတ်မိတာက ပိုများနေကြောင်း မုချ တွေ့ရပေလိမ့်မည်။
          ဤကား  အတိတ်ကို  မေ့ပျောက်လွယ်တတ်သော  လူ့ဘဝစရိုက် Human nature ၏ သဘောတစ်ရပ် ပင် ဖြစ်၍ ``ဖြစ်ပြီးတာတွေ ပြီးပါစေတော့ ဘာလုပ်ဖို့ ပြန်တွေးနေဦးမှာလဲ``ဟူ၍ အထူးသဖြင့် အတိတ်ကာလမှ စိတ်မချမ်းမြေ့စရာ  အဖြစ်အပျက်မှန်သမျှ  ဦးဏှောက်ထဲမှ  မေ့ပျောက်ခြင်း သည်သာလျှင် အကောင်းဆုံးဖြစ်ကြောင်းကို  တို့ဗမာ လူမျိုးကတော့ မမှိတ်မသုံယုံကြည်လေ့ ရှိကြသည်။
          ``သေသောသူ ကြာလျှင်မေ့``ဆိုသော မြန်မာစကားမှာလည်း အထက်ပါ အတွေးအခေါ်မှ စတင်ဖြစ် ပေါ်လာခဲ့ဟန်တူပေသည်။
          ဤသို့လျှင်  မေ့ပျောက်လွယ်တတ်သော  လူ့သဘာဝစရိုက်တစ်ခုသည် အခိုင်အမာ ရှိထားလင့်ကစား တစ်ချက်တစ်ချက် ဦးဏှောက်ထဲ၌  စွဲလမ်းပြီး အချိန်ကာလ ရွေ့လျော ကြာမြင့်လာသည့် တိုင်အောင် မမေ့နိုင်လောက်သော အကြောင်းအရာ အဖြစ်အပျက်များကို  တစ်ခါတရံကြုံရတတ်လေသည်။
          ကျွန်ုပ်အဖို့ကား တစ်သက်တာတွင်  ဘယ်လိုနည်းနှင့်မျှ မေ့ပျောက်၍ ရနိုင်မည်မဟုတ်သော (ဝါ) မေ့နိုင်ဖွယ်ရာမရှိသော အဖြစ်အပျက်တစ်ရပ်ကို လွန်ခဲ့သော  ၆- နှစ်တိတိ အချိန်က တွေ့ကြုံရလေသည်။
``၁၉၄၇ -ခု ဇူလိုင်လ  ၁၉ -ရက်  စနေနေ့``
          မိုးဥတု ကျရောက်နေပြီဖြစ်၍  ထိုနေ့နံနက် ပိုင်းက ရန်ကုန်မြို့ပတ်ဝန်းကျင် ၌ ကောင်းကင်သည် အုံ့မှိုင်း ညိုမှုံကာ တစ်ချက်တချက် တဖွဲဖွဲနေလိုက် တဖြိုင်ဖြိုင်ရွာချလိုက်နှင့် မိုးလုံးလုံးစဲသည် မရှိဘဲ စွေ၍ နေပေသည်။
          ထိုသို့ ကောင်းကင်သည် ကြည်လင်ခြင်းမရှိဘဲ သမုဒ္ဒရာပြင်ကြီးလို  ဝိုးတိုးဝါးတားနေသော  ၁၉၄၇ ခု ဇူလိုင်လ  ၁၉ ရက်နေ့ စနေနေ့နံနက်က  ကျွန်ူပ်တွေ့ကြုံခဲ့ကြရသည့် အဖြစ်အပျက်မှာ လျှက်တပျက် မြင်လိုက်ရသော အိမ်မက်တစ်ခုကဲ့သို့ပင်တည်း။
         
          မမျှောင့်လင့်နိုင်လောက်အောင် လျှင်မြန်လွန်းလှသောကြောင့်၎င်း၊ အိမ်မက်မဟုတ် တကယ့်အဖြစ် ဖြစ်ကြောင်းကို ရက်အတန်ကြာသည့်တိုင်အောင် ကျွန်ုပ်၏ စိတ်ထဲတွင် ယုံကြည်ရန် အတော်ခဲယဉ်းစွာ ကြိုးစားနေ ခဲ့ရလေသည်။
          ဘန်ကောက်လုံခြည် သနပ်ခါးရောင် ၊ မန္တလေး ပိုးတိုက်ပုံအင်္ကျီ ၊ သဲကြိုးအဖြူရောင် လေယဉ်ပျံဖိနပ် တို့ဖြင့် ဝတ်ဆင်ကာ ( ခါတိုင်းသူဝတ်နေကျ ကာကီယူနီဖောင်း မဟုတ်သဖြင့်)လှပ စမတ်ကျနေသော ဗိုလ်ချုပ် အောင်ဆန်းသည် ထိုနေ့ နံနက် အိမ်မှ အထွက် ပြုံးပြုံးရွှင်ရွှင်နှင့် သမီးထွေးကလေး မမစုကိုပင် ယုယစွာ နမ်းရှုပ် နှုတ်ဆက်ခဲ့ပြီးကာမှ  အတွင်းဝန်ရုံးသို့ရောက်ပြီး  မျက်စိတစ်မှိတ် လျှက်တစ်ပျက်အတွင်း တဒိုင်းဒိုင်း ထွက်ပေါ်လာသော စက်သေနတ်သံများနှင့်အတူ ရေတိမ်နစ်ခဲ့ရပုံမှာ ကျွန်ုပ်၏ မျက်စိတွင် လျှင်မြန်စွာပြသွား သော ရုပ်ရှင်ကားတစ်ခုကို ကြည့်လိုက်ရသည်နှင့် တူလှပေသည်။
          စစ်ပြီးခေတ် (လွတ်လပ်ရေးမတိုင်မီ) ဗြိတိသျှ ဘုရင်ခံ ဗမာပြည်တွင် အုပ်စိုးနေစဉ်အတွင်း ကပ်ဗိနပ်ခေါ် ဝန်ကြီးများအဖွဲ့ကို (Governor’s Executive Council) ဘုရင်ခံ၏ အမှုဆောင်ဟု ခေါ်တွင်လျှက် ဝန်ကြီးအစည်းအဝေးများကိုလည်း ၎င်းအဖွဲ့သဘာပတိဖြစ်သော ဘုရင်ခံနေထိုင်ရာ အစိုးရအိမ်တော် ယခု သမ္မတ အိမ်တော်၌ ကျင်းပလေ့ ရှိ၏။
          သို့သော် ဗိုလ်ချုပ်အောင်ဆန်းတို့ ဘိလပ်သို့ သွားအေ၇းဆို၍ အောင်ဆန်း အက်တလီ စာချုပ် ချုပ်ဆိုပြီးချိန် ၁၉၄၇ ခု ဇန်နဝါရီလမှ စ၍ ဝန်ကြီးများ အစည်းအဝေးကို အတွင်းဝန်ရုံးသို့ ပြောင်းရွှေ့စည်းဝေးကာ ၎င်းဝန်ကြီးအစည်းအဝေးတွင်လည်း ဘုရင်ခံ လာမတတ်တော့ဘဲ ဒုတိယ သဘာပတိဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းကပင် သဘာပတိအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့လေသည်။
          အဓိပ္ပါယ်ကား ဗမာနိုင်ငံကို  လွတ်လပ်ရေး ပေးရတော့မည်မှာ သေချာသွားပြီဖြစ်၍ တိုင်းပြည်ရေးရာ ကိစ္စများတွင် ဗြိတိသျှအစိုးရ ကိုယ်စားလှယ်ဖြစ်သော ဘုရင်ခံက ဝင်ရောက်စွက်ဖက်ခြင်း မပြုတော့ပါဟူသော အထိမ်းအမှတ်ကို ဗြိတိသျှတို့ က စတင် ပြသသည့်သဘောပင်ဖြစ်သည်။
          ဝန်ကြီးများ အစည်းအဝေးသို့ ရသတ္တတစ်ပါတ်လျှင်  တစ်ကြိမ်ကျ သာမာန်အားဖြင့် ကျင်းပလေ့ရှိရာ များသောအားဖြင့် ဗုဒ္ဓဟူးနေ့နံနက် ၁၀ နာရီအချိန်တွင် အတွင်းဝန်ရုံး ဗိုလ်ချုပ်၏ ရုံးခန်း၌ပင် ကျင်းပလေ့ ရှိလေသည်။ ဇူလိုင်လ  ၁၆ ရက် ဗုဒ္ဓဟူးနေ့ နံနက်  ၁၀နာရီတွင် ဝန်ကြီးများအဖွဲ့ အပါတ်စဉ် အစည်းအဝေးကို အတွင်းဝန်ရုံး၌ ကျင်းပရန် စီစဉ်ကျေငြာထားပြီး ဖြစ်လေသည်။ ကျွန်ုပ်၏ တာဝန် ဝတ္တရားတစ်ခုမှာ များပြားလှစွာ သော ဗိုလ်ချုပ်၏ အလုပ်တာဝန် ချိန်းဆိုချက် ၊ အစည်းအဝေးစသည်တို့ကို  တစ်ခုပြီးတစ်ခု အစီအစဉ် မလွဲချော်ရအောင် စီမံဖန်တီးပေးရခြင်းဖြစ်လေရာ  အင်္ဂါနေ့ နံနက် ကျသောအခါ ကျွန်ုပ်က --
          ``ဗိုလ်ချုပ်  မနက်ဖန် ဝန်ကြီးအစည်းအဝေးလုပ်ဖို့ ချိန်းထားတယ် လွှတ်တော်ကော်မတီ အစည်းအဝေးကလည်း နက်ဖန် ၁၀ နာရီဘဲ ဖြစ်နေတယ်။ ဘယ့်နှယ့် လုပ်မလဲ``ဟုမေးရာ သူက--
          ``ဟေ---   ဟုတ်လား   ဒါဖြင့်  လွှတ်တော်ကော်မတီကိုပဲ တတ်မယ်  -- အီးစီကို စနေနေ့ မနက် ပြောင်းလိုက်ကွာ --``ဟု  ဆုံးဖြတ်ချက်ချလိုက်ရာမှ  ပစ္စလက္ခ ကာလ ဗမာပြည်နိုင်ငံရေးသမိုင်းတွင်  အရုပ်ဆိုး ဆုံးသော ဇူလိုင်လ  ၁၉ ရက် လူသတ်အရေးတော်ပုံကြီး၏ ကံကြမ္မာ စတင်ခဲ့လေသည်။
          ၁၉၄၇  ခု   ဇူလိုင်လ  ၁၉  ရက် ၊ စနေနေ့  နံနက်  ၁၀ နာရီ ထိုးလတ်သော်  အတွင်းဝန်များရုံး အပေါ်ဘက် စပါတ်လမ်းဘက်  ကာကွယ်ရေးဝန်ကြီး၏ ရုံးခန်းမကြီး၌  ဗိုလ်ချုပ်မှ တပါး အားလုံးသောဝန်ကြီး များသည် စုံစုံညီညီ ရောက်ရှိနေကြလေပြီ။
          ဝန်ကြီးများ ကောင်စီအဖွဲ့၏  အတွင်းဝန် ဦးရွှေဘော်    လက်ထောက်အတွင်းဝန်  ဦးရွှေအုန်း ၊ ရုံးအုပ်ကြီး  ဦးခတို့မှာ  အစည်းအဝေးဆိုင်ရာ မှတ်တမ်းစာရွက် စာတမ်း ဖိုင်တွဲ စသည်များကို ပြင်ဆင်ရှာဖွေ ရင်း အလုပ်ရှုပ်လျှက် ရှိကြလေသည်။ ၁၁ နာရီ ၁၀ မိနစ်အချိန်တိတိတွင်  အမှတ် RC . 2874  အနက်ရောင် ဝူစလီ ကားတစ်စီးသည် အတွင်းဝန်ရုံး ဗဟိုလ် လှေကားကြီး၏ ခြေရင်းသို့ ဆိုက်ရောက်လာလေသည်။
          မော်တော်ကား ပေါ်မှ  ဆင်းပြီးနောက် ထုံးစံအတိုင်း ကျွန်ုပ်ရှေ့ဆုံးမှ တတ်ပြီး ဗိုလ်ချုပ်မှာ ကျွန်ပ်၏ နောက်နားမှ ကပ်လျှက်ပါလာလေသည်။ ဤနေရာ၌ ထုံးစံအတိုင်းဟု ကျွန်ုပ် သုံးလိုက်ရခြင်း၏ အကြောင်းကို အနည်းငယ်ရှင်းပြလိုပါသေးသည်။
          ကျွန်ုပ်မှာ  ဗိုလ်ချုပ်အောင်ဆန်းနှင့်  တစ်ချိန်လုံး သွားအတူ  လာအတူ ပူးတွဲ ပါရှိနေလေရာ အလုပ်ဝတ္တရားဆိုင်ရာ ကိစ္စတို့၌သာမက  ထမင်းစားပွဲ ဧည့်ခံပွဲများသို့  သွားခြင်းမှအစ တခါတရံ ရုပ်ရှင် ပြဇာတ်ကြည့်ခြင်း ၊ ညနေပိုင်း အလည်အပတ်သွားခြင်းတို့မှာပင် တကောက်ကောက်နောက်က ပါခဲ့လေသည်။
ထိုသို့ ပါနေရာ၌ ကျွန်ုပ်မှာ ဗိုလ်ချုပ်အတွက် အမြဲတစေ သတိမလစ်စေဘဲ အစစအရာရာ အလစ်ဟင်းအောင် ဂရုစိုက်ခဲ့ရ၏။ ဗမာပြည်အနှံ့အပြားသို့ နယ်လှည့်ခရီးထွက်ရသည့်အခါ၌ လေယဉ်ပျံပေါ်တတ်လျှင် ကျွန်ုပ်က ဗိုလ်ချုပ်အရင်တတ်၍ သဘောင်္ပေါ်မှဆင်းလျှင်လည်း ဗိုလ်ချုပ်မဆင်းမီ ကျွန်ုပ်က ရှေ့မှ  ဆင်းလေ့ရှိခဲ့သည်။ အကြောင်းတစ်စုံတရာ ရှိခဲ့သော် ဘာကိုဘဲဖြစ်ဖြစ် ကျွန်ုပ်က ဗိုလ်ချုပ်အရင်  တွေ့ကြုံစေ၇မည်ဟု ရည်ရွယ်ချက် ရှိသောကြောင့်ပင်တည်း။
          ယခု ဇူလိုင်လ ဆန်းကာလဲထဲက ကျွန်ုပ်တို့သည်  အထူးသတိပြုဂရုစိုက်နေကြသည့် အကြောင်းတစ်ရပ်မှာ ဘီအိုစီ စစ်တပ်မှ ဘရင်းဂန်းသေနတ် ၂၀၀ ကျော် ပျောက်သွားခြင်းဖြင့် ပါတ်သတ် ၍ ၎င်းကိစ္စ သွေးရိုးသားရိုး မဟုတ်နိုင်ဟု သံသယဖြစ်မိကြသောကြောင့်ပင် ဖြစ်လေသည်။
          ဗိုလ်ချုပ် ကိုယ်တိုင်ကား သူ့ကို ဘယ်သူမှ မကြံတန်ရာဟု သူ့ကိုချစ်သောလူထုကြီးကို သူကလည်း တစ်ထစ်ချ ယုံကြည်အားကိုးခဲ့လေသည်။ သို့သော် အချင်းမဖြစ်ပွားမီ တစ်ရက် သောကြာနေ့တွင်  သူ့စိတ်ထဲ၌ ဘယ်လိုဖြစ်သည်မသိ ကျွန်ုပ်အား--
          ``ဟေ့--  ငါတို့အိမ်လဲ လိုလိုမယ်မယ်  လက်နက်ကလေး ဘာကလေးယူထားဦး မှဘဲ ၊ စတင်းဂန်း တစ်လက်ဖြစ်ဖြစ် အိမ်ယူထားလိုက်စမ်းပါကွာ---`` ဟုပြောသဖြင့် ကျွန်ုပ်လည်း သောင်းကျန်းမှု လုံခြုံရေးတပ် မှ စတင်းဂန်းတစ်လက် ခေတ္တယူထားလိုက်ရ လေသည်။
          သို့နှင့်ပင်  ဇူလိုင်လ  ၁၉  ရက် နံနက်တွင် အတွင်းဝန်ရုံးအပေါ်ထပ်သို့  တတ်ပြီး အစည်းအဝေးခန်းမ ကြီးအတွင်းသို့ ဝင်သည်အထိ ကျွန်ုပ်ပင်လျှင်  ဗိုလ်ချုပ်၏ ရှေ့မှ လျှောက်ခဲ့ရလေသည်။ ထိုနေ့ အစည်းအဝေး ဆိုင်ရာ မှတ်တမ်း ဖိုင်တွဲများကို နေရာချထားပြီးနောက် သဘာပတိ ကုလားထိုင်ကြီးကို နောက်သို့ ဆွဲ၍ပင် သူဝင်လာအောင် ကျွန်ုပ်က လုပ်ပေးပြီးမှ ဗိုလ်ချုပ်အောင်ဆန်းသည် သူနောက်ဆုံးအကြိမ် သဘာပတိအဖြစ် ဆောင်ရွက်ရမည်ဖြစ်သော အမှုဆောင်ဝန်ကြီးများ အစည်းအဝေးကို စတင်ရန်ပြင်ဆင်  ရှာလေသတည်း။
          ၁၀  နာရီ  ၁၅  မိနစ်အချိန်တွင်  ချင်းရေးရာ အတိုင်ပင်ခံ ဝန်ကြီး ဦးဝမ်ကိုဟော်သည် ကျွန်ုပ်၏ အခန်းသို့ ဗိုလ်ချုပ်ထံ စာတစ်စောင်ပေးရန် လာရောက်ရင်း ကျွန်ုပ်နှင့် အလ္လာပ  သလ္လာပ စကားများ ပြောနေသေးသည်။ သူရှိစဉ်က ကျွန်ုပ်သည်  သုံးကြိမ်တိုင်တိုင် အစည်းအဝေးခန်းမသို့ ဝင်၍ ဗိုလ်ချုပ်လိုအပ် သော စာရွက်စာတမ်းများ ဝင်ပေးခဲ့ရသေး၏။
          ချင်းဝန်ကြီး ဦးဝမ်ကိုဟော်သည်  ငါးမိနစ် ခန့်အကြာတွင် ပြန်ထွက်သွားလေသည်။ သူရှိတုန်းပင် အလုပ်သမား သမဂ္ဂမှ သခင်ဗတင်ကြီးသည် ကျွန်ုပ်ထံသို့ လာ၍ နံနက်ပိုင်းက ဗိုလ်ချုပ်နှင့်တွေ့ရန် စောင့်သော်လည်း မတွေ့ရသဖြင့် တဖြစ်တောက်တောက် ညည်းနေရာမှ တော်တော်ကြာ အစည်းအဝေးပြီးမှ ဘဲ တွေ့မယ်ဟု ဆိုကာ သူ၏ ဦးထုပ်နှင့် မိုးကာအကျီ င်္များကို ကျွန်ုပ်၏ အခန်းတွင်း ချထားကာ ခေတ္တ အပြင်ဘက်သို့ ထွက်သွားလေသည်။
          ထူးဆန်းပုံကား  ခါတိုင်းဆိုလျှင်  ဧည့်သည်တွေ ၊ သတင်းထောက်တွေ ၊ ရဲဘော်တွေ ၊ အခြားမိတ်ဆွေ တွေ  ဒင်းကြမ်းပြည့်ကျပ်နေလေ့ရှိသော ကျွန်ုပ်၏ ရုံးခန်းမှာ ထိုနေ့က  အလွန်လူရှင်းလျှက် ကျွန်ုပ်အပြင် ဗြိတိသျှ ဗိုလ်ချုပ် ဂျင်နရယ်သောမတ်စ်၏ ကိုယ်ရံတော် ကပ္ပတိန် သန်းဝင်းတစ်ဦးသာ ရှိပြီး တစ်ခန်းလုံး တိတ်ဆိတ်ခြောက်ကပ်၍  နေလေသည်။
          ထိုစဉ်က ကျွန်ုပ် အစာမကျေ ရောဂါဖြစ်လျှက်ရှိရာ  ဆရာဝန်၏ ညွှန်ကြားချက်အရ  အပြင်အစား အစာ မစားဘဲ diet သဘောအိမ်သို့ပင်  နံနက် ၁၀ နာရီခွဲ သာသာလောက်တွင် နေ့စဉ်ပြန် ထမင်းစားလေ့ရှိသည်။ ထိုနေ့ ဇူလိုင်လ  ၁၉ ရက်နေ့ က လူသူရှင်းလျှက်ရှိသော ကျွန်ုပ်၏ ရုံးခန်းကို ကြည့်ရင်း စိတ်ထဲမှ အပြင်မသွား ချင်သလိုလို ထူးဆန်းစွာဖြစ်ပေါ်လာသောကြောင့် ``ဒီနေ့တော့ အိမ်ပြန်ထမင်းမစားတော့ပါဘူး ``  ဟု ဆုံးဖြတ် လိုက်ကာ ရုံးခန်းစောင့် ရဲဘော်လှမောင်အား ကျွန်ုပ်နှင့်  ဗိုလ်သန်းဝင်းအတွက် နှစ်ယောက်စာ ထမင်း ကို တရုတ်ဆိုင်မှ အဝယ်ခိုင်းလို်က်ပြီး နောက်  ကျွန်ုပ်၏ လက်ပတ်နာရီကို ကြည့်လိုက်သောအခါ  အချိန်မှာ ၁၀ နာရီ  ၃၅ မိနစ်တိတိ ရှိနေလေပြီ။
          ထိုခဏ၌ ဗိုလ်ချုပ်တို့အခန်းဆီမှ  ဒိုင်းဒိုင်းဟူသော ပေါက်ကွဲသံကြီး ကျယ်လောင်စွာ ရုတ်တရက် ထွက်ပေါ်လာသည် နှင့်တပြိုင်နက်  ကျွန်ုပ်နှင့် ဗိုလ်သန်းဝင်းတို့သည် ဝမ်းလျားထိုးမှောက်ကာ အကာကွယ် ယူနေမိသည်။ စောစောက မြည်ဟိန်းထွက်ပေါ်လာသော ပေါက်ကွဲသံမှာ စက္ကန့်ပိုင်းလောက်မျှသာ ရှိသေးစဉ် ဒက်--ဒက် -- ဒက်-- ဒက်  ဟူသော အော်တိုမစ်တစ် စက်သေနတ်ပြစ်သံ အဆက်မပြတ်ကြားလိုက်ရ ပြီးနောက် ကျွန်ုပ်တို့တွင် ``ဟာ  ဝန်ကြီးတွေကို ဝင်ပြစ်ကုန်ပြီ``  ဟူသော အသိဥာဏ်ဖြစ်ပေါ်လာလျှက် ချက်ချင်းပင် ကျွန်ုပ်က ဗိုလ်ချုပ်တို့၏ အစည်းအဝေးခန်းမဆီသို့ ၎င်း၊ ဗိုလ်သန်းဝင်းက ကျွန်ုပ်၏ အခန်း အပြင်သို့ ၎င်း။ အသီးသီးပြေးကြလေတော့သည်။
          ဗိုလ်ချုပ်အောင်ဆန်းနှင့်  ကျွန်ုပ်အခန်း  ဆက်လျှက်ရှိသော ဘေးတံခါးရွက်ကို  ကျွန်ုပ်က တွန်း၍ ဝင်ကြည့်လိုက်သောအခါ မြင်လိုက်ရသော ရှု့ခင်းအချင်းအရာများမှာ ကျွန်ုပ်တို့အဖို့ တစ်သက်တာတွင် မေ့ပျောက်နိုင်စရာမရှိအောင် စိတ်နှလုံးနောက်ကျိ ဘွယ်ရာပင်တည်း။
          အခန်းတစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက် နေလျှက် ယမ်းငွေ့ ၊ ယမ်းနံ့တွေလည်း  ညှော်စော် နံနေလေ ရာ စောစောကပင် စိတ်အားထက်သန်စွာ ဗမာပြည်၏ နောင်ရေး ကိစ္စများကို ဆွေးနွေးတိုင်ပင်နေခဲ့ကြသော ဝန်ကြီးများသည်  အတုံးအရုံး လဲနေကြသည်ကို စိတ်မချမ်းမြေ့ဘွယ်ရာ မြင်ရလေသည်။ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမှာလည်း  သူထိုင်သော စားပွဲထိပ်မှ  ကုလားထိုင်ကြီးနှင့်အတူ ပက်လက်လှန် လဲကျနေ ရှာလေသည်။
          အရွယ်  ၄၅ နှင့် ၃၈ အမျိုးအစား သေနတ်ကျည်ဆံခွန်များသည်  ကြမ်းပြင်တွင် ပျံ့ကျဲလျှက် ရှိလေသည်။ လူသတ်သမားများနှုင့် မျက်နှာချင်းဆိုင်ထိုင်မိပြီး စတင်ပြစ်ပြစ်ခြင်း မထိသဖြင့် ဝမ်းလျားထိုး ဝတ်လိုက်သောကြောင့် သေဘေးမှ သီသီကလေး လွတ်သွားသူ ဝန်ကြီး ဦးဘဂျမ်း ၊ ပျော်ဘွယ်ဦးမြ ၊ ဦးအောင်ဇံဝေ နှင့် အတွင်းဝန် ဦးရွှေဘော်တို့ကား  ကမန်းကတန်း အခန်းချင်းကပ်နေသော ဦးရွှေဘော်၏ အခန်းအတွင်းသို့ ကူးပြေးကြလေသည်။
          ထိုအချိန်၌ပင်  ကျွန်ုပ်၏ အခန်းအတွင်းမှ အပြင်ဘက်သို့ ပြေးထွက်သွားသော ရဲဘော်ဗိုလ်သန်းဝင်း  မှာ လှေကားမှ ဆင်းပြေးမည့်ဆဲဆဲ  လူသတ်သမားများနှင့် ရင်ဆိုင်တိုးလျှက်ရှိလေသည်။
          ဗိုလ်သန်းဝင်းကို မြင်မြင်ချင်း လူသတ်သမားများသည် ``ဟေ့   မဆိုင်သူ မကပ်နဲ့ကွ``ဟု ညာသံပေး ချိန်းခြောက်ကာ တော်မီဂန်း  စတင်းဂန်းတို့နှင့်  ချိန်တော့လေရာ ဗိုလ်သန်းဝင်းမှာ  ၎င်းတို့ဝတ်ဆင်ထားသော အစိမ်းရောင် စစ်ယူနီဖောင်းအပြည့်အစုံကို ကြည့်ရင်း ရုတ်တရက်သော် တရားခံများကို လိုက်ဖမ်းသော စစ်ပုလိပ် များဟု ထင်မှတ်ကာ ခေတ္တငိုင်နေစဉ်  လူသတ်သမားတို့လည်း ရှေ့သို့တိုးသွားပြီး လှေကားထိပ် အခန်းမှ  ပြေးထွက်ကြည့်သူ ဆရာကြီး ဦးရာဇာတ် (ပညာရေးဝန်ကြီး) ၏ သက်တော်စောင့် ကိုထွေး အား စတင်းဂန်းဖြင့် တစ်ချက်မျှ ဆွဲလိုက်ခြင်းဖြင့် သူ၏ ထွက်ပြေးရာလမ်းရှိ အတားအဆီး ဟူသမျှကို အပြီးတိုင် ရှင်းလင်းလိုက်ကြလေသည်။
          ထိုအခါမှပင်  ဗိုလ်သန်းဝင်းလည်း  လူသတ်သမားများဖြစ်ကြောင်း သိရလေတော့သည်။ တစ်မိနစ်အတွင်း အောက်ထပ် လှေကားရင်းတွင် အဆင်သင့်စက်နှိုးပြီး ဆိုက်ထားသော ဂျစ်ကား ပေါ်သို့ ပြေးတတ်ကာ လူသတ်သမားတို့သည် လက်လွတ်ထွက်ပြေးကြလေသည်။
          ကျွန်ုပ် ယခုစာရေးပြနေရသည်မှာ  အချိန်ကြာသည် ထင်ရသော်လည်း စင်စစ် ဇူလိုင်လ  ၁၉ ရက်နေ့က  ဖြစ်ပျက်ပုံ  အလုံးစုံကား လျှက်တစ်ပြတ် ကဲ့သို့ လျှင်မြန်လှပေသည်။ ရုံးအပေါ်ထပ် အစည်းအဝေး ခန်းမကြီးသည်ကား တောင်တန်းဒေသ ဆိုင်ရာ အတိုင်ပင်ခံဝန်ကြီး မိုင်းပွန် စော်ဘွားကြီး သည် မျက်နှာတွင် သွေးလိမ်းကျံနေသော ဒဏ်ရာတို့ဖြင့် ကျွန်ုပ်ရှိရာသို့ ထလျှောက်နေသေးရာ ကျွန်ုပ်ကပင် ဇွတ်အတင်း ထိုင်ခိုင်းရသေးသည်။
          ကျွန်ုပ်အဖို့ အေ၇းကြီးဆုံးခေါင်းဆောင်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း လဲကျနေရာသို့ ပြေးကြည့်လိုက် သောအခါ လက်ဝဲဘက်ရင်အုံတွင်  သွေးများစို့လျှက် သေနတ်ဒဏ်ရာ နှစ်ချက် ၊ သုံးချက် သတိထားမိသဖြင့် (စင်စစ် ဗိုလ်ချုပ်တစ်ဦးတည်း သေနတ်ဒဏ်ရာ ၁၄ ချက်တိတိ ထိမှန်ကြောင်း နောက်တော့ ဆေးရုံကျမှ သိရသည်) ကမန်းကတန်း ကိုယ်ကို စမ်းကြည့်လိုက်ရာ သွေးတိုးခြင်း လုံးဝမရှိဘဲ အသက်လည်းမရှုတော့ကြောင်း  တွေ့ရလေသည်။
          ကျွန်ုပ်သည် ထိုအချိန်၌ အံ့အားသင့် တုံလှုပ်ခြင်း  ဝမ်းနဲကြေကွဲခြင်းစသော စိတ်လှုပ်ရှားမှုတွေကို ခေတ္တကြိုးစား ဖျောက်ထားကာ အရေးကြီးဆုံးလုပ်စရာတွေကို  လုပ်မှ ဖြစ်မည်ဟု တွေးလျှက် ချက်ခြင်း တယ်လီဖုန်းကို ကောက်ကိုင်ပြီး မီးသတ် ၊ သူနာပြု ၊ ဆေးရုံကြီး ၊ ပုလိပ်ရုံး ၊ ဘုရင်ခံအိမ် နှင့် ဗမာပြည်စစ်ဋ္ဌာန ချုပ်များသို့ တစ်ခုပြီးတစ်ခု ဖုန်းဆက် အကြောင်းကြားလိုက်လေသည်။
          စာဘတ်သူများတော့ မှတ်မိအုံးမည်လား မပြောတတ်ပါ။ ထိုအချိန် (၁၉၄၇-ဇူလိုင်လ)က ရန်ကုန်မြို့တွင် ဘီအိုဒီ မှ ဘရင်းဂန်းတွေ ပျောက်ခြင်းကိစ္စ ၊ စာရေးသမဂ္ဂ နှင့် အစိုးရအမှုထမ်းများ ကိစ္စ ၊ အောင်ဆန်း အတ်တလီ စာချုပ်ကို ဗမာပြည် ကွန်မြူနစ်ပါတီက အပြင်းအထန် ဝေဖန်ခြင်းကိစ္စ တို့နှင့် ဆက်စပ်၍ ဗမာနိုင်ငံရေး အခြေအနေမှာ အနည်းငယ် တင်းမာလျှက်ရှိရာ အချင်းဖြစ်ပွားချိန်က စက်သေနတ်သံ တွေ အဆက်မပြတ် ကြားလိုက်ရသောကြောင့် အတွင်းဝန်ရုံးကို ဝင်စီးကုန်ကြပြီ ဟု ထင်ကြ၍ ဘဲလား မသိ တစ်ရုံးလုံးမင်သက်နေကြပြီး ငိုင်နေသည်မှာ မိနစ် ၂၀ ခန့်ကြာသည်ဟု ထင်မိသည်။
          နောက်မှ လူများ ဟိုမှ သည်မှ  ပြေးလာကြတော့သည်။ တုန်လှုပ်ချောက်ချားခြင်း ၊ စိတ်လှုပ်ရှားမှုကြောင့် ခြေမကိုင်မိ လက်မကိုင်မိ မဖြစ်စေရန် အထူးသတိထား ဆင်ခြင်ပြီးနောက် ကျွန်ုပ် ရှေးဦး စွာ သတိရသောအရာကား ဗိုလ်ချုပ်ကျဆုံးခြင်းကို ချက်ခြင်း လူမသိစေရန်ပင်ဖြစ်သည်။ ထို့ကြောင့်ပင် ပထမဆုံးေ၇ာက်လာသော သူနာပြုမော်တော်ကားမှ လူတစ်ယောက်က ဖြစ်ပွားပုံကိုကြည့်ပြီး--
          ``အမယ်လေးဗျာ-------- ဒုက္ခပါဘဲ--၊ ကုန်ပါပြီ  ၊ ကုန်ပါပြီ `` စသဖြင့် ဂယောက်ချောက်ခြား ဟစ်အော် မြည်တမ်းနေသည်ကို ပင် ကျွန်ုပ်က ဇွတ်အတင်း ငေါက်ငမ်း အမိန့်ပေးလျှက်  ဗိုလ်ချုပ်အား အဆင်သင့် ရှိနေသော ဗိုလ်သန်းဝင်း၏ မိုးကာ အကျီ င်္ဖြင့် လုံအောင် ထွေးလျှက် ဆေးရုံကြီးဆီသို့ အမြန်ပို့ လိုက်ရလေသည်။
          ထိုအချိန်က ကျွန်ုပ်တွေးသည်ကား အကယ်၍သာ ကျွန်ုပ်ကိုယ်တိုင်က ``ဗိုလ်ချုပ်သေနတ် မှန်လို့ ကျဆုံးပြီ အခြားဝန်ကြီးတွေလဲ ထိကုန်ပြီ``ဟု တုန်လှုပ်ခြောက်ခြားစွာ ဟစ်အော်နေပါက အဆိုပါသတင်း၏ မကောင်းသော ဂယက်မှာ တမဟုတ်ခြင်း ပြင်းထန်ရိုက်ခတ်ပြီး တစ်မြို့လုံးအုပ်မနိုင် ထိမ်းမရအောင် ဖြစ်သွား စရာအကြောင်းရှိသည်ဟု ယူဆမိခဲ့ပေသည်။
          ထို့ကြောင့်ပင်`` ဗိုလ်ချုပ် ကိစ္စ မရှိပါဘူး  ၊ ညာဘက်ပုခုံးမှာ သေနတ်မှန်တာပဲ ၊ ခု ဆေးရုံမှာ ချက်ခြင်း ဆေးကုဘို့ ယူသွားပြီ`` ဟု ဗိုလ်ချုပ်အကြောင်းကို စိတ်အားထက်သန်စွာ လာရောက်မေးမြန်းသူ မှန်သမျှ အနည်းငယ် နှစ်သိမ့်ဖွယ်ကြားရသော သတင်းမှာ ကျွန်ုပ်ထွင်၍ ပြောခြင်းများသာ ဖြစ်လေသည်။
          ဤနည်းဖြင့် ကျွန်တော်က စတင်ဖုံးဖိ လျှို့ဝှက်ခဲ့ခြင်းကြောင့် ဗိုလ်ချုပ်ကျဆုံးသည်ကို ချက်ခြင်း လူမသိဘဲ ညနေထုတ် သတင်းစာများ ထွက်မှသာ ဆေးရုံ၌ ဆုံးသည်ဟု လူအများက သိကြခြင်းဖြစ်လေသည်။ စင်စစ်ကား မိုင်းပွန်စော်ဘွားကြီးနှင့် ဝန်ကြီး ဦးဘချိုတို့မှတပါး ကျန်သေနတ်မှန်သူ အားလုံးမှာ ဖြစ်ပွားရာ နေရာမှာပင် ပွဲချင်းပြီး ကိစ္စတုံးခဲ့ကြရရှာလေသည်။
          အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ဗိုလ်ချုပ်အောင်ဆန်းသည် သူ့ကို ချစ်သော ပြည်သူလူထုကြီးကို အလွန်ယုံကြည်အားကိုးလျှက် သူ့ကိုတော့ မည်သူမျှ  မကြံတန်ရာဟု တစ်ထစ်ချ တွက်ထားခဲ့လေသည်။ အတွင်းဝန်ရုံး သူ၏ အခန်း၌ အစောင့်အရှောက်ထားသည် လည်း ဗိုလ်ချုပ်က မကြိုက် ၊ ကျွန်ုပ်တို့အား မာန်မဲ ကြိမ်းမောစင်း၍ ပြန်လွှတ်စေတတ်၏။ သူမဆုံးမီ နှစ်ရက်ခန့်ကပင် ကာကွယ်ရေးဝန်ကြီးဋ္ဌာနသို့ ကိစ္စတစ်ခုဖြင့် စစ်တပ်မှ ကားကြီး နှစ်စီးလာပြီး တိုင်းပြည်ပြုလွှတ်တော်အနီး ၌ ဆိုက်ထားသည်ကို မြင်၍ ဗိုလ်ချုပ်က---
          ``ဟေ့  ဟိုကားတွေက  ပုလိပ်ကား တွေလားကွ ၊ ဦးမြကိုမေးပြီး  မလိုရင်လဲ မစောင့်ပါစေနဲ့ကွာ ``ဟု  ကျွန်ုပ်အား အမိန့်ပေးခဲ့လေသည်။
          ဦးမြမှာ ယခုပြည်သူ့လွှတ်တော် နာယက ပျော်ဘွယ်ဦးမြဖြစ်၍  ထိုအချိန်က ခေတ္တပြည်ထဲရေးဝန်ကြီး အဖြစ် ဆောင်ရွက်လျှက်ရှိသည်။ သို့သော် ဗိုလ်ချုပ်က ထိုကဲ့သို့ အစောင့်အရှောက် မကြိုက်ဟု ဆိုကာမျှဖြင့် ဗမာနိုင်ငံအစိုးရ၏ ဗဟိုလ် ချက်မ အတွင်းဝန်ရုံးကြီးအတွင်းသို့ လက်နက်ကိုင် လူသတ်သမားများ ဗြောင်ဝင်ပြီး တိုင်ခိုင်ပြစ်ခတ်သွားနိုင်လောက်အောင်  အစောင့်ပုလိပ်ကင်း (Plain Clothes Men) ခေါ် သာမာန် အရပ်ဝတ်အရပ်ဝတ် အရပ်စားဖြင့် လျှို့ဝှက်ကင်း စသည်တို့ တစ်ယောက်တစ်လေမှ မထားဘဲ ဗလာကျင်းနေ ခဲ့ခြင်းမှာ သင့်တော် မတော် ယခုပြန်လည် စဉ်းစားစရာလည်း ဖြစ်နေလေသည်။
          မည်သို့ပင်ဖြစ်စေ ဗမာ့လွတ်လပ်ရေး သမိုင်းတစ်လျှောက် အပြောင်မြောက်ဆုံးသော တကယ့်လူထု ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း --။
          ပြည်ထောင်စု တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှု၏ အမှတ်အသား (Symbol of Unity) လက္ခဏာတစ်ရပ် ဟု ဆိုလောက်သော ဗိုလ်ချုပ်----။
          သောင်းသောင်းဖျဖျ သူ့ကို ဝိုင်းဝန်းချစ်ခင်ကြည်ညိုသော ပြည်သူလူထုကြီးအား ချွင်းချက်လုံးဝ မထားဘဲ ယုံကြည်စိတ်ချကာ သူ့အတွက်ကား မဟုတ် ၊ အိမ်ရှိ သူ၏ သားသမီး ချစ်ရင်သွေး ကလေးများ အတွက် အနည်းငယ် စိုးရိမ်ပြီး လက်နက်ကလေး ဘာကလေး အိမ်ယူထားပါအုံးကွာ  -- ဟု ပြောခဲ့သော ဗိုလ်ချုပ်---။
          ``ကွာ----လွတ်လပ်ရေးရပြီးရင်တော့  ငါတို့လဲ နိုင်ငံရေးက  အနားယူပြီး စာကလေး ဘာကလေး အေးအေး ထိုင်ရေးဦးမှဘဲကွာ--``ဟု ၁၉၄၇ ခု ဧပြီလက မေမြို့တွင် ကျွန်တော်တို့အား ပြောခဲ့ဘူးသော ဗိုလ်ချုပ်---။
          ယခု အားလုံးဝိုင်းပြီး မြိန်မြိန်ကြီး  အရသာခံစားနေကြသော လွတ်လပ်ရေးအဆောက်အအုံကို တည်ဆောက်ရာ၌ သူမတူအောင် ရွတ်ချွံပြောင်မြောက်စွာ ကြိုးပမ်းစွမ်းဆောင်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း သည် သူ့ခမျာ ခပ်လှမ်းလှမ်းတွင် မြင်နေရပြီဖြစ်သော ဗမာ့လွတ်လပ်ရေး မီးရူးပန်းတိုင်ကြီးကို ရောက်ကာနီး မှပင် လမ်းခုလတ်၌ ရေတိမ်နစ်ကျဆုံးခဲ့ရခြင်းမှာ အတိုင်းမသိ ဝမ်းနည်းကျေကွဲဘွယ်ရာ ကောင်းလှပေသည်။
          ဤသို့လျှင်  ၁၉၃၆ ခုနှစ် တက္ကသိုလ်ကျောင်းသား သပိတ်မှ စတင်မွေးဖွားလိုက်သော ``အောင်ဆန်း``အမည်ရှိ တကယ့်လူထုခေါင်းဆောင် တစ်ယောက်၏ ဗမာ့နိုင်ငံရေး ဇာတ်ခုံပေါ်တွင် ကပြခဏ်းသည် တိုတောင်းလှသော အချိန်ကာလအတွင်း ဇာတ်လမ်းပင် မဆုံးသေးမီ  ပြည်ဖုံးကား ချခဲ့ရသည့် အဖြစ်သို့ ရောက်သွားတော့သည်။
          အချိန်ကာလ ခြောက်နှစ်တိတိကြာသွားလေပြီ--။ သို့သော် ကျွန်တော်တို့အဘို့ကား ခြောက်ရက် မျှပင် မကြာသေးဟု ထင်ရလျှက်  ဦးဏှောက်ထဲ၌ ထင်ထင်ရှားရှားကြီး မြင်နေရသေးသော ဖြစ်ပျက်ပုံ အရုပ်ကား Image မှာ ယနေ့တိုင်အောင် စိတ်နှလုံးထဲတွင် ပြင်းစွာသော နာကျင်ဝေဒနာကို ခံစားရလျှက်ပင် ရှိပါသတည်း။
          ဗိုလ်ချုပ်အား လှိုက်လှဲစွာ အလေးပြုလျှက်---------


တက္ကသိုလ်နေဝင်း
(ဗိုလ်ချုပ်၏ စိတ်ဓါတ်ကို  အစဉ်လေးစားသောအားဖြင့် -- ကိုစိုးနိုင် )

2 comments:

  1. ၀င်ဖတ်သွားပါတယ်အစ်ကို ..ခုလိုဆိုတော့ တစ်စုတစ်စည်းတည်း ဖတ်ရတာပေါ့ဗျာ ..
    ကျေးဇူးတင်ပါတယ်

    လေးစားစွာဖြင့်

    အောင်သူရအေး

    ReplyDelete
  2. မှော်ဆရာမေးလ်ဂရုမှာကတည်းက ဗိုလ်ချုပ်အကြောင်းကိုဖတ်လာတာပါ...
    အခုလိုတကူးတက.. ပြန်တင်ပေး..မျှဝေပေးတဲ့အတွက်ကျေးဇူးပါ...
    :))))

    ReplyDelete